Sunday, November 22, 2009

ဝေဖန်ရေးသမားဆိုတာ (အုပ်စိုးနိုင်)

ဝေဖန်ရေးဟာ တိုးတက်ရေးအတွက် အထောက်အပံ့ တစုံတရာဖြစ်စေတာ အမှန်ပါပဲ။ လုပ်ရပ်တခုခု၊ ဖြစ်ရပ်တခုခု ဒါမှမဟုတ် အရှိတရားတခုခုအပေါ် သုံးသပ်တင်ပြတာဟာ ဝေဖန်ရေးပါပဲ။ ဝေဖန်ရေးဆိုတာ ရှိပြီး၊ ဖြစ်ပြီးတဲ့အပေါ်မှာသာ တာဝန်ခံရတာ ဖြစ်ပါတယ်။ မဖြစ်သေးတာကို ကြိုတင် ကောက်ချက်ဆွဲတာမျိုးကတော့ ဝေဖန်ရေး မဟုတ်ပါဘူး။ ခန့်မှန်း ဖော်ပြချက် ဒါမှမဟုတ် ဟောကိန်း စသဖြင့် တခုခုဖြစ်နိုင်ပါတယ်။

ဘယ်လူ့အဖွဲ့အစည်းမှ ဝေဖန်ရေးနဲ့ ကင်းကွာခဲ့မှာမဟုတ်တာ သေချာပါတယ်။ ခေတ်အဆက်ဆက် မှားတာကိုပဲဖြစ်ဖြစ်၊ မှန်တာကိုပဲဖြစ်ဖြစ် ထောက်ပြထုတ်ဖော်ခဲ့ကြမှာပါ။ အချို့အခြေအနေတွေမှာ ဝေဖန်ရေးဟာ ကျန်းမာသန်စွမ်းဖွံ့ဖြိုးပြီး အချို့အခြေအနေတွေမှာ ဝေဖန်ရေးဟာ သိုသိုသိပ်သိပ်နဲ့သာ ရှိနေနိုင်ပါတယ်။ ဒါဟာ လောကဓမ္မတာပါ။

ဝေဖန်ရေးဟာ စံနစ်တကျအသုံးပြုတတ်မယ်ဆိုရင် ဆေးဝါးသဖွယ် အကျိုးကိုဖြစ်စေနိုင်ပါတယ်။ ဝေဖန်ရေးကို ပရမ်းပတာ အသုံးပြုမယ်ဆိုရင်တော့ ဒါဟာ လက်နက်တစင်းလို ထိခိုက်ရှနာစေကြမှာပါ။ ဝေဖန်တာဟာ ကောင်းပါတယ်လို့ မူအရ ဆိုကြစေကာမူ ဝေဖန်ရေးဟာ နှစ်ဖက်ဓားသွားလို သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင် ဘေး ဖြစ်နေဆဲပါပဲ။

ဝေဖန်ရေးဟာ လိုအပ်တယ်လို့ပဲ ဆိုကြပါစို့ရဲ့။ သူ့မှာ တာဝန်နှစ်ခုတော့ ရှိသင့်ပါတယ်။ တခုက မှားတယ်၊ ဒါမှမဟုတ် မှန်တယ်ဆိုတာကို ခိုင်ခိုင်လုံလုံ ထောက်ပြနိုင်ဖို့နဲ့ ဒုတိယအချက်အနေနဲ့ အပြုသဘောဆောင်စေဖို့ ဖြစ်ပါတယ်။ အဲဒီ တာဝန်နှစ်ခုကိုမှ အနည်းဆုံး မကျေပွန်နိုင်ခဲ့ဘူးဆိုရင် အဲဒီဝေဖန်ရေးဟာ အနည်းနဲ့အများတော့ အပြစ်အနာအဆာ ရှိနေ မှာ သေချာလှပါတယ်။ ထောက်ပြတဲ့လူကို အခြားလူတွေက ထပ်ပြီး ထောက်ပြစရာတွေရှိနေဦးမယ်ဆိုရင် ဒါဟာ စိတ်မသက်မသာဖြစ်စရာပါ။ ဒါပေမယ့် လူဟာအမှားတော့ ကင်းနိုင်မှာမဟုတ်ပါ။

ဝေဖန်ရေးစစ်စစ်ဆိုရင် ဝေဖန်သူဟာ ကိုယ်ပြောချင်တဲ့ ပြောနေတဲ့အကြောင်းအရာကို ကိုယ်ကိုယ်တိုင် သေသေချာချာ သိဖို့လိုပါတယ်။ လေကိုဖမ်းပြီး ဝါးရမ်းချည်တာမျိုး မဖြစ်စေရပါဘူး။ ပြောရရင်ပြီးရောဆိုတဲ့ မည်ကာမတ္တစိတ်မျိုး မမွေးကြရပါဘူး။ စေတနာမပါတဲ့ ဝေဖန်ရေးဟာ ဆားမပါတဲ့ဟင်းလိုပဲ အမြဲပေါ့ပျက်ပျက်ဖြစ်နေကြမှာပါ။

အချို့က ဝေဖန်ရေးသမားတယောက်မှာ မှားတာ မှန်တာကိုပဲပြောပြဖို့ တာဝန်ရှိတယ်။ ပြုပြင်တာ မပြုပြင်တာဟာ သူ့တို့ တာဝန်မဟုတ်ဘူးလို့ ယူဆကြသူတွေလည်း ရှိပါတယ်။ ဆိုလိုတာက ပြောချင်တာ ပြောပြီးပြီ၊ ဒါပဲ။ ပြောလိုက်လို့ သိသွား ကုန်ကြပြီ၊ ဒါဟာ လုံလောက်ပါတယ်လို့ ယူဆကြသူတွေဖြစ်ပါတယ်။

အချို့ကတော့ အမှားကိုပြုပြင်စေချင်တဲ့ အမှန်ကိုအသိအမှတ်ပြုစေချင်တဲ့ စေတနာမျိုးမှမရှိဘူးဆိုရင် ဝေဖန်ရေးဆိုတဲ့ စကားကို မသုံးသင့်ဘူး။ ဝေဖန်ရေးဟာ အနည်းဆုံး တစုံတယောက် ဒါမှမဟုတ် လူ့အဖွဲ့အစည်းကို အကျိုးဖြစ်စေတဲ့ အပြုသဘော ဖော်ပြချက်တခုခုသာ ဖြစ်သင့်တယ်လို့ ဆိုကြပါတယ်။

ဝေဖန်သူနဲ့ အဝေဖန်ခံရသူကြားမှာ အပြုသဘောချဉ်းကပ်မှု တစုံတရာမရှိခဲ့ဘူးဆိုရင် ဝေဖန်ရေးဟာ ဘယ်လောက်ပဲ မှန်မှန် တခါတရံမှာ အကျိုးမပြုဘဲ အချည်းအနှီးဖြစ် တတ်ပါတယ်။ အချို့သူတွေဟာ ဝေဖန်ရေးကို ပြုပြင်စေလိုတဲ့ ရည်ရွယ်ချက်ထက် …

၁။ ပုဂ္ဂိုလ်ရေး နစ်နာစေလိုခြင်း

၂။ အုပ်စု၊ ဂိုဏ်းဂဏကိုပါ သွယ်ဝိုက်ထိခိုက်စေလိုခြင်း

၃။ မိမိ အခန်းကဏ္ဍကို မသိမသာ သို့မဟုတ် သိသိသာသာ ထူထောင်လိုခြင်းစတဲ့ အချက်တွေကို ပေါ်လွင်လိုတဲ့အတွက် ဆောင်ရွက်နေကြတာတွေကိုလည်း တွေ့နေရပါတယ်။

စေတနာမှန်တဲ့ ဝေဖန်သူများဟာ လုပ်ရပ်တခုခု ဖြစ်ရပ်တခုခု ဒါမှမဟုတ် အရှိတရားတခုခုကို ထောက်ပြတဲ့နေရာမှာ ထောက်ပြတဲ့အချက် မှန်ကန်ကြောင်းကို ခိုင်လုံအောင် ကြိုးစားကြပါတယ်။ မှားယွင်းနေတာတွေကို မှန်ကန်အောင် ပြုပြင် စေလိုတဲ့စေတနာ ပေါ်လွင်အောင် ပြောပြ၊ ရေးပြကြပါတယ်။ အပြုသဘောဆောင်တဲ့ စကားလုံးတွေကို တတ်အားသမျှ ရွေးချယ်သုံးနှုန်းပြီး အဝေဖန်ခံရတဲ့သူ နားဝင်လာအောင် စည်းရုံးကြပါတယ်။ အဝေဖန်ခံရတဲ့သူကို ချောင်မှာပိတ်ပြီး ဖမ်းဖို့ထက် ထွက်ပေါက်ပိတ်နေရင်တောင် ကူညီဖွင့်ပေးနိုင်အောင်လမ်းပြဖို့ ကြိုးစားပေးကြပါတယ်။ ဒါဟာ လေးစား ကြည်နူးစရာကောင်းတဲ့ ဝေဖန်ရေးမျိုးပါ။

အတင်းအဖျင်းနဲ့ စကားတင်းဆိုခြင်းသက်သက်မှာ မွေ့လျော်နေကြသူများဟာ မိမိကိုယ်ကိုမိမိ ဝေဖန်ရေးကောင်းသူများလို့ မယူဆထိုက်ကြပါဘူး။ သိက္ခာရှိရှိ တည်တည်တံ့တံ့နဲ့ အပြုသဘော ရေးသားပြောဆိုမှုတွေကတော့ အများရဲ့လေးစားမှု အသိအမှတ်ပြုမှုတွေကို ရကြမှာမလွဲပါ။

ဝေဖန်မှုတိုင်းကို လူတိုင်းက သဘောတူချင်မှတူကြမှာပါ။ ဒါပေမယ့် ဝေဖန်သူဟာ ရိုးသားမှုရှိကြောင်း ဖော်ပြနိုင်တယ် ဆိုရင် အဝေဖန်ခံရသူနဲ့ သူ့ရဲ့ပရိသတ်ထံကပင် နားလည်လေးစားမှုကို ရရှိနိုင်ပါတယ်။

ငယ်ကျိုးငယ်နာဖော်ပြီး ပွဲဆူအောင်လုပ်ကြတဲ့ ဝေဖန်ရေးမျိုးကတော့ ရေပွက်ပမာ ခဏတာတော့ အုတ်အော်သောင်းနင်း ဖြစ်ကောင်းဖြစ်မှာပါ။ နားလည် ချင့်ချိန်တတ်ကြသူတွေရဲ့ရင်ထဲမှာတော့ သူတို့အတွက် နေရာမရှိတတ်ကြပါဘူး။ အချို့က ပွင့်ပွင့်လင်းလင်း ဝေဖန်ရတာကို ကြိုဆိုရမယ်လို့ ဆိုကြပါတယ်။

ပွင့်လင်းရမယ်ဆိုတာကို ခေတ်ပေါ်ယဉ်ကျေးမှုတခုလို လူတော်တော်များများက ယူဆနေကြပေမယ့် အရာခပ်သိမ်း ပွင့်လင်းရလောက်အောင် ခေတ်ကာလကြီးက တကယ်ကော အခြေအနေပေးနေရဲ့လားဆိုတာလည်း စဉ်းစားကြစရာပါ။ အငိုလွယ်ပြီး အရှိုက်ခက်လှတဲ့ ဒီလောကကြီးမှာ ဝေဖန်ချင်တိုင်း ဝေဖန်လို့မရလောက်အောင် သိမ်မွေ့တဲ့ကိစ္စတွေက မရေမတွက်နိုင်အောင် ရှိနေကြတာပါ။

သီးကြ၊ ပွင့်ကြတာဟာ မင်္ဂလာဖြစ်ပေမယ့် အချိန်မတိုင်မီ သီးကြ၊ ပွင့်ကြတိုင်း ရသမြောက် မမြောက်ကတော့ စောင့်ကြည့် နေကြရဆဲပါ။ ခေတ်မီဆက်သွယ်ရေးကရိယာတွေကို လူတိုင်းအသုံးပြုနိုင်ကြတဲ့ခေတ်ကြီးမှာ အခြားသော စစ်မျက်နှာ အသီးသီးနဲ့အတူ ဝေဖန်ရေးဖွံ့ဖြိုးလာမှုဟာ ကြိုဆိုချင်စရာကောင်းလှသလို ‘လွတ်လပ်စွာဖော်ပြခွင့်’ ကို ‘လွပ်လပ်စွာ စော်ကားခွင့်’ နဲ့ မှားယွင်းနားလည်သူတွေနဲ့ ကြုံရရင်လည်း သက်ပြင်းချနေကြရရုံပါပဲ။ အချို့ကလည်း ဒါကိုပင် ‘ဒီမိုကရေစီ’ ရယ်လို့ လွဲမှားစွာ ဘာသာပြန်နေကြပြန်ပါသေးတယ်။

ဗုဒ္ဓယဉ်ကျေးမှုနယ်ပယ်မှာတော့ ‘မှန်သော်လည်း အကျိုးမရှိလျှင် မပြောအပ်’ ဆိုတဲ့ ဗုဒ္ဓရဲ့အဆုံးအမအချို့ကို လိုက်နာနိုင် အောင် ကြိုးစားကြသူတွေလည်း ရှိပါတယ်။ အမှန်တရားမှာ မျက်နှာနှစ်ခုမရှိရဘူးဆိုပြီး ငါ့စကားနွားရ ရေရွတ်တတ်ကြသူ တွေကိုလည်း တွေ့ဖူးခဲ့ကြပါပြီ။

ဘာပဲဖြစ်ဖြစ် စစ်မှန်တဲ့ဝေဖန်ရေးနဲ့ အပြုသဘောဆောင်တဲ့ ဖြစ်ထွန်းမှုတွေပေါ်လာဖို့ကတော့ အားလုံး ဝိုင်းဝန်းကြိုးစား ကြရမှာပါ။ နောက်ပြီး အပြုသဘောဆောင်တဲ့ ဝေဖန်မှုဟာ တိုးတက်ရေးအတွက် အားဆေးတခွက်ဆိုတာကိုလည်း မမှိတ်မသုန် ယုံကြည်ကြရအောင်ပါ။

အုပ်စိုးနိုင်

No comments: