Tuesday, March 22, 2011

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂုဏ်ပြုအစီအစဉ် (ရဲဘော်ဖိုးသံချောင်း) - ၁


"တောထဲက လူတွေကို ပြန်ခိုင်း၊ နောက်ကနေ ထိုးစစ်တွေ လိုက်ဆင်၊ မြို့ပေါ်မှာကျတော့ အကုန်လုံး လိုက်ဖမ်း၊ တောထဲကို မောင်းပို့၊ အဲဒီလိုနဲ့ ကျောင်းသားခေါင်းဆောင်တွေလည်း အဖမ်းခံသူ ခံရ၊ ပြေးသူပြေးရ ဖြစ်ကုန်ပါတယ် ..."

သူရဲ့သက်တမ်းနဲ့အမျှ ကျင်လည်ရတဲ့ ခရီးကြမ်းကြီးတလျောက်မှာ သူနဲ့ လုပ်ဖော်ကိုင်ဖက် အမြောက်အများမှာ သူလို့ အတွေးအခေါ် မပြောင်းလဲနိုင်တဲ့အတွက် ပြတ်ကျန်ခဲ့တာတွေ၊ ခွဲထွက်သွားတာတွေ၊ အများကြီး ကြုံခဲ့ရပါတယ်။ ဒါပေမယ့် ဆရာကြီးကတော့ သမိုင်းက ပြဋ္ဌာန်းလာတဲ့ အရေးတော်ပုံသစ်တွေ၊ တိုက်ပွဲသစ်တွေအတွက် အယူအဆသစ်တွေကို လက်ခံပြီး လူငယ်တွေ၊ အင်အားအသစ်တွေနဲ့ လက်တွဲပါတယ်။

ဆရာကြီးက အသစ်ကို ဘယ်လောက်အထိ လက်ခံနိုင်စွမ်းရှိသလဲဆိုလိုရှိရင် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲမှာ သူအရင်တုန်းက တွဲခဲ့တဲ့ ဒိုင်အာခီ စေ့စပ်တွဲခဲ့တဲ့ လူကြီးတွေနဲ့ခွဲပြီးတော့ အမျိုးသားကျောင်း ထောင်ခဲ့တာရယ်၊ အမျိုးသားကျောင်းမှာ ဝင်ပြီးလုပ်ခဲ့တာ၊ လူငယ်တွေနဲ့ တွဲခဲ့တာ၊ တို့ဗမာအစည်းအရုံးမှာလည်း ဗိုလ်ချုပ်အောင်ဆန်းတို့လို ပုဂ္ဂိုလ်တွေနဲ့ တွဲခဲ့တာ၊ နောက်ဆုံး လွတ်လပ်ရေး ဒီဘက်ခေတ်မှာကိုပဲ အဲဒီခေတ်က တိုးတက်တဲ့လူငယ်တွေဖြစ်တဲ့ ဗန်းမော်တင်အောင် တို့၊ ဒဂုန်တာရာတို့လို လူငယ်တွေနဲ့ တွဲတာ၊ နောက်ပြီး ဗိုလ်မှူးချုပ်ကျော်ဇောတို့၊ ဝတ်လုံထွန်းတင်တို့လို ပုဂ္ဂိုလ်တွေနဲ့တွဲတာ ဒါ ဆရာကြီးရဲ့ အသစ်အင်အားစုကို လက်ခံနိုင်စွမ်းရှိမှု၊ အမှားအမှန် ခွဲနိုင်စွမ်းရှိမှုကိုပြသတဲ့ သာဓကတွေဖြစ်ပါတယ်။


ဆရာကြီး တသက်လုံး လက်တွဲသွားတဲ့ အင်အားစုတွေအကြောင်းပြောရင် ချန်ထားလို့မဖြစ်တဲ့ အင်အားစုတခု ရှိပါတယ်။ အဲ့ဒါကတော့ ကျောင်းသားတွေပါ။ ဗမာပြည်မှာ ကျောင်းသားတွေရဲ့ ပထမဆုံး နိုင်ငံရေးလှုပ်ရှားမှုလို့ ဆိုရမယ့် ၁၉၂ဝ ခုနှစ် က ယူနီဗာစီတီ သပိတ်ကြီးကစလို့ နောက်ဆုံးအချိန်အထိ ဖဆပလ အစိုးရလက်ထက်၊ ကြားဖြတ် စစ်အစိုးရလက်ထက်အထိ သူဟာ ကျောင်းသားတွေနဲ့ လက်မြဲမြဲတွဲခဲ့ပါတယ်။

သူဟာ ဦးဘဖေတို့လို ဒိုင်ယာခီသမားတွေနဲ့ လက်တွဲဖြုတ်ပြီး ကျောင်းသားတွေဘက်က ပြတ်ပြတ်ရပ်၊ ကလောင်ထမ်းပြီး တိုက်ပွဲဝင်ခဲ့တယ်။ မျောက်ဋိကာ၊ ဘွိုင်းကောက်ဋိကာတို့ဟာ အဲဒီတုန်းက ဆရာကြီးရဲ့ရပ်တည်ချက်ကို ထင်ဟပ်နေပါတယ်။

ကျောင်းသားတွေက ‘ထီမထင်ကျောင်းတော်သားတွေရဲ့ အမည်အစဉ် ခေါင်းပေါ်ဖျားမှာလ မင်းတို့ဆရာကို စာရင်းတို့ကာသာ ထားလိုက်ပေတော့’ ဆိုပြီး ကတိပြုထားတဲ့ ဆရာကြီးကို သူတို့ရဲ့ ဦးထိပ်မှာ အမြဲထားပြီး ဆိုးတိုင်ပင် ကောင်းတိုင်ပင် တိုင်ပင်ခဲ့ကြပါတယ်။


ရန်ကုန် တက္ကသိုလ်သမဂ္ဂ အဆောက်အဦမှာ အခါအားလျော်စွာပဲ ဆရာကြီးကို ဖိတ်ပြီး တရားနာကြတယ်။ အရေးကြီးတဲ့ အခန်းအနားတွေမှာ ဆရာကြီးကို ဖိတ်ကြားခဲ့တယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက ဆရာကြီး ကွယ်လွန်တဲ့ အချိန်မှာကျတော့ အဲဒီ သူ့တပည့်အရင်းတွေ ဂါဝရ လာမပြုနိုင်ကြတော့ပါဘူး။

ဆရာကြီးရဲ့ဈာပနကို ကြီးကြီးကျယ်ကျယ် ကျင်းပတာ အမှန်ပါပဲ။ တို့ဗမာအစည်းအရုံး အပါအဝင် လုပ်ဖော်ကိုင်ဖက်ဟောင်းကြီးတွေ၊ စာပေလောက ကလူတွေ အမြောက်အများလည်း တက်ရောက်ကြပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ကျောင်းသားသမဂ္ဂတွေ တက်လို့ မရတော့ဘူး။

ဆရာကြီးရဲ့ ဈာပနမှာပေးပို့လာတဲ့ ပန်းခွေတွေဟာ ရာဂဏန်းလောက် ရှိပါလိမ့်မယ်၊ ဒါပေမယ့် အဲဒီအထဲမှာ ကျောင်းသား သမဂ္ဂတွေရဲ့ ပန်းခွေတွေ မတွေ့ရတော့ပါဘူး။ ဆရာကြီးရဲ့ ဈာပနကျင်းပတဲ့ မဏ္ဍပ်ကြီးမှာ ပန်းခွေတွေ၊ အလံတွေရှိပေမယ့် အဲဒီ ပန်းခွေတွေ၊ အလံတွေ အရေအတွက်ထက် ထောက်လှမ်းရေး အရေအတွက်က ပိုများနေတယ်လို့ ထင်ရပါတယ်။

အဲဒီအချိန်မှာ ဗိုလ်နေဝင်းဟာ ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးတယ်ဆိုတဲ့ မျက်လှည့်ပွဲကို တန်သင့်ပြီလို့ ဆုံးဖြတ်ပြီး ဖျက်သိမ်းလိုက်ပါပြီ။ ဖျက်သိမ်းပြီးတာနဲ့ တပြိုင်နက် တောထဲက လူတွေကို ပြန်ခိုင်း၊ နောက်ကနေ ထိုးစစ်တွေ လိုက်ဆင်၊ မြို့ပေါ်မှာကျတော့ အကုန်လုံး လိုက်ဖမ်း၊ တောထဲကို မောင်းပို့၊ အဲဒီလိုနဲ့ ကျောင်းသားခေါင်းဆောင်တွေလည်း အဖမ်းခံသူ ခံရ၊ ပြေးသူပြေးရ ဖြစ်ကုန်ပါတယ်။

ဦးနုတို့တတွေကလည်း ထောင်ထဲမှာပါ၊ အဲဒီလို ဗမာပြည်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေပျက်တာနဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်တာဟာ ဘာမှမကွာဘူး။ ဒီဖြစ်ရပ် ၂ ခု တိုက်တိုက်ဆိုင်ဆိုင် လာပြီးဆုံနေတာ အင်မတန်မှ အံ့သြစရာကောင်းပါတယ်။

ဆရာ မသေခင် ငြိမ်းချမ်းရေးရတာ မြင်သွားချင်တယ်ဆိုတာ ဆရာကြီး ပါးစပ်က တဖွဖွပြောတဲ့စကားပါ၊ ဒါပေမယ့် သူ မကွယ်လွန်မီ ပြည်တွင်း ငြိမ်းချမ်းရေး မတည်ဆောက်လိုက်နိုင်တာဟာ ကျနော်တို့နိုင်ငံအတွက် ကြမ္မာငင်တာ ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမယ်။


No comments: