Monday, March 28, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၅)

"ကိုဌေးအောင်ရဲ့ ကဗျာတွေလိုပေါ့ဗျာ၊ ‘ဒီနေရာမှာ ငါတို့ ဆန္ဒပြခဲ့ကြတယ်၊ ဒီနေရာမှာငါတို့ စီတန်း လှည့်လည်ခဲ့ကြတယ်’။ ဟုတ်တယ် ဗိုလ်အောင်ကျော်တမ်းချင်း ကဗျာလိုပဲ ဒီနေရာမှာပဲ ကျနော်တို့ မတရားမှုကို ကျနော်တို့ ဆန့်ကျင်ခဲ့ကြတယ် တဲ့၊ ကျောင်းသားတွေ အရင်းအနှီး အများကြီး ပေးခဲ့ရတယ်၊ ဘဝတွေ၊ အသက်တွေ အများကြီး ပေးခဲ့ရတယ်” 

“မြန်မာနိုင်ငံကနေပြီးတော့ မတ်လ ၁၃ ရက်နေ့က စခဲ့တဲ့ အရေးအခင်းဟာ အရှေ့တောင်အာရှမှ ကျနော်တို့ ပထမဆုံးပဲ။ နောက်ပိုင်းမှာ အရှေ့ဥရောပ၊ နောက်ပိုင်းမှာ တရုတ် ‘တီဟီယန်ရင်ပြင်’ အရေးအခင်းပေါ့ဗျ။ စသဖြင့် ဒီမိုကရေစီအရေး လှုပ်ရှားတောင်းဆိုမှုတွေဟာ ဒီမိုကရေစီ တိမ်းညွှတ်မှုဘက်ကို ကမ္ဘာကြီး တခုလုံး ပြောင်းလဲသွားတယ်။

အခြား အရှေ့တောင်အာရှနိုင်ငံတွေအားလုံးမှာ မရှိခဲ့ဘူးတဲ့ သမိုင်းကြောင်းအရ ဖိနှိပ်သူ လူထုမှာ ရွေးချယ်ခွင့်မရှိတဲ့ လူထုရဲ့အခွင့်အရေး၊ လူတဦးချင်းဆီရဲ့အရေး၊ တိုင်းရင်းသားတွေရဲ့အရေး ဆိုတဲ့ဟာကို ဘာမှ ပြဌာန်းပိုင်ခွင့်မရှိတဲ့ နိုင်ငံတခုမှာ လူထုကနေပြီးတော့ ဦးဆောင်ပြီးတော့ အပြောင်းအလဲတခုကို စတင်ပြီး တောင်းဆိုတယ်။ အဲဒီဟာက မြန်မာနိုင်ငံကနေပြီးတော့ ကျနော်တို့ ၁၉၈၈ ခုနှစ်ကစခဲ့တာ”


သောတရှင်များခင်ဗျာ။ တံတားနီ အရေးအခင်း ဖြစ်ပျက်ခဲ့တာ ၁၇ နှစ်ရှိခဲ့ပါပြီ။ အဲဒီအတိတ် ၁၇ နှစ်ကာလမှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ထောင်ထဲမှာ ၁၆ နှစ် နေခဲ့ရပါတယ်။ တခြား ကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုဇော်မင်း၊ ကိုဌေးကြွယ်နဲ့ ကိုပြုံးချိုတို့ဆိုရင်လည်း ၁၄ နှစ် ၁၅ နှစ်နီးပါး ထောင်ထဲမှာပဲ သူတို့ရဲ့အချိန်တွေကို ပေးဆပ် ဖြတ်သန်းခဲ့ရသူတွေပါ။

သူတို့တတွေ ထောင်ကပြန်လွတ်လာပြီးချိန်မှာ တံတားနီ တမ်းချင်း တပုဒ်ရေးစပ်ဖို့ အင်းလျားကန်ဘောင်ဘက်ကိုများ သွားဖြစ်ခဲ့ကြပါသလားလို့ မေးကြည့်ခဲ့ပါတယ်။

ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်နဲ့ ကိုပြုံးချိုတို့ရဲ့ ရင်ခုန်သံကို ကျနော်တို့နားဆင်ကြည့်ကြရအောင်လားခင်ဗျာ။ (သီချင်းသံ)

“အမ် ကျနော် တခေါက်သွားကြည့်ပါတယ်၊ အဲဒီမှာ ဘာတွေ့ရသလဲဆိုတော့ အဲဒီ ဖြစ်ရပ်တွေကို ပြည်ဖုံးကား ချလိုက်ချင်တဲ့သဘောနဲ့ တူပါတယ်ဗျာ။ အဲဒီအပေါ်မှာ ထီးရောင်စုံတွေနဲ့ ချစ်သူစုံတွဲကိုပဲ ကျနော်တို့ တွေ့ရပါတယ်။ ပြီးတော့ ဟို အရင်တုန်းက ကျနော်တို့ ရင်ဆိုင်ခဲ့ရတဲ့ အခင်းအကျင်းမျိုး မဟုတ်တော့ဘူးပေါ့ဗျာ။

ဒီအရာဟာ အင်မတန် သာယာကြည်နူးစရာကောင်းတယ်ဆိုတဲ့ ဒီကနေ့ လက်တွေ့ အနေအထားတခုကို ဖန်တီးထားတာ တွေ့ရပါတယ်။ ဒီနေရာမှာ အင်မတန် ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ ဖြစ်ရပ်မှန်တခု ရှိခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ဖုံးကွယ်ထားတဲ့သဘော ရှိပါတယ်။ ဒါပေမယ့် တကယ့်ကို ကြေကွဲစရာ ကောင်းတဲ့ ဇာတ်လမ်းဟာ အဲဒီမှာ အမှန်တကယ် ဖြစ်ခဲ့ပါတယ်”

“၁၇ နှစ်ဆိုပေမယ့်လို့ အခုအချိန် ပြန်တွေးလို့ရှိရင်လည်း တကယ့်ကို မြင်နေ ကြားနေရသလိုပါပဲ။ အင်းလျားကန်ဘက် ဖြတ်လျောက်သွားရင်ဗျ၊ ဟိုးတုန်းကလို ကုက္ကိုပင်ညိုညိုတွေ မရှိတော့ဘူး၊ ဟိုးတုန်းကလို မြက်ခင်းစိမ်းလေးတွေ မရှိတော့ဘူး၊ ဟိုးတုန်းကလို ဗေဒါအုပ်တွေ မရှိတော့ဘူး”

“ရောက်သွားတဲ့အချိန်မှာ အရင်တုန်းကပုံစံတွေအတိုင်းပဲ ကျနော့်ရင်ထဲမှာ ပြန်ပျော်လာတာပေါ့။ အားလုံးဟာ ကျနော်တို့ ပထမဆုံး ကျောင်းသားဘဝမှာ ကြုံတွေ့ခဲ့ရတာဖြစ်ခဲ့တာဆိုတော့ ဘယ်လိုမှ ဒီဟာတွေဟာ ပြောက်သွားမှာလဲမဟုတ်၊ မေ့သွားမှာလဲမဟုတ် အမြဲတမ်းရှိနေမှာပဲလေ ဘယ်လောက်ပဲ ပြင်ထား ပြင်ထားတယ် ဆိုပေမယ့် အရင်တုန်းက ပုံရိပ်တွေဟာ စွဲနေပြီးသားပဲ။

နောက်တော့ ကျနော်တို့ ကျောင်းသားဘဝမှာ ပထမဆုံး ကြုံတွေ့ခဲ့ရတဲ့ အဲဒီပွဲက ပထမဆုံး ပွဲပဲဖြစ်တယ်။ ကိုဌေးအောင်ရဲ့ ကဗျာတွေလိုပေါ့ဗျာ။

‘ဒီနေရာမှာ ငါတို့ ဆန္ဒပြခဲ့ကြတယ်၊ ဒီနေရာမှာငါတို့ စီတန်း လှည့်လည်ခဲ့ကြတယ်’ ဟုတ်တယ် ဗိုလ်အောင်ကျော် တမ်းချင်း ကဗျာလိုပဲ ဒီနေရာမှာပဲ ကျနော်တို့ မတရားမှုကို ကျနော်တို့ ဆန့်ကျင်ခဲ့ကြတယ် တဲ့၊ ကျောင်းသားတွေ အရင်းအနှီး အများကြီးပေးခဲ့ရတယ်၊ ဘဝတွေ၊ အသက်တွေ အများကြီး ပေးခဲ့ရတယ်”

ဆက်လက်ဖော်ပြပါမယ်။


No comments: