Sunday, March 20, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၁)

"မနက်ပိုင်းကျတော့ ကျောင်းသားတွေ ပြေးလွှားပြီး ကျန်ခဲ့တဲ့ ဖိနပ်တွေ ကျနော့်ဖိနပ်ပါ ပါသေးတယ်၊ မြမာလာ အဲဒါမျိုးတွေကိုပေါ့။ အားလုံးကို ကျနော်တို့ စုပြီးတော့မှ အုတ်ဂူထဲမှာ ထည့်တယ်။ နောက် ကျနော်တို့ကို ပစ်ထားတဲ့ မျက်ရည်ယို ဗုံးအခွံတို့ ဝင်ဘယ်လ်တန် ၁၂ လုံးဗို့ ကျည်အခွံတို့ကို ကောက်ပြီး အုတ်ဂူအပေါ်မှာ တင်ထားကြတယ်"

အဲဒီနေ့ ၁၃ ရက်နေ့ ညပိုင်းနဲ့ နောက်ရက် ၁၄ ရက်နေ့တွေက အခြေအနေတွေကိုလည်း ကိုကျော်ထင်က အခုလို ပြောပြထားပါသေးတယ်။

“ကြမ်းပြင်ပေါ်မှာ ကြယ်ပုံလေးတပုံက ရှိပြီးသားဗျ။ အဲဒီအပေါ်မှာ ကျနော်တို့ ကြယ်ပုံ အုတ်ဂူလေးတခု ကျနော်တို့ လုပ်လိုက်ကြတယ်။ လုပ်လိုက်ကြတော့ ကျနော်တို့မှာ ဘာတခု ကျန်ခဲ့သလဲဆိုတော့ ကိုဖုန်းမော်ရဲ့ တိုက်တိုက်ဆိုင်ဆိုင်ပေါ့ဗျာ။ 

အဲဒီအချိန်တုန်းက ကိုဖုန်းမော်ရဲ့ ဒီ ကယ်မီကယ် တံဆိပ်ပါတဲ့ ဋ္ဌာနတံဆိပ်ပါတဲ့ အင်္ကျီလေး ဝတ်ထားတယ်ဗျ။ ကြည့်လိုက်တော့ အဲဒီအင်္ကျီလေးမှာ သွေးတွေစွန်းသွားတာကိုး။ အဲဒီ ကိုဖုန်းမော်ရဲ့ ဒီ ကယ်မီကယ်ဋ္ဌာန တံဆိပ်ပါ တီရှပ်လေးကို ကျနော်တို့ ယူခင်းလိုက်နိုင်တယ်။ အဲဒီဟာကို အုတ်ဂူလေးထဲမှာ ကျနော်တို့ ထည့်ထားနိုင်တာပေါ့ဗျာ။ 


မနက်ပိုင်းကျတော့ ကျောင်းသားတွေ ပြေးလွှားပြီး ကျန်ခဲ့တဲ့ ဖိနပ်တွေ ကျနော့်ဖိနပ်ပါ ပါသေးတယ်၊ မြမာလာ အဲဒါမျိုးတွေကိုပေါ့။ အားလုံးကို ကျနော်တို့ စုပြီးတော့မှ အုတ်ဂူထဲမှာ ထည့်တယ်။ နောက် ကျနော်တို့ကို ပစ်ထားတဲ့ မျက်ရည်ယို ဗုံးအခွံတို့ ဝင်ဘယ်လ်တန် ၁၂ လုံးဗို့ ကျည်အခွံတို့ကို ကောက်ပြီး အုတ်ဂူအပေါ်မှာ တင်ထားကြတယ်။ 

အဲဒီညအချိန်မှာ ကျနော်တို့ ပန်းခွေတွေ လုပ်တယ်။ အဲဒီနေ့ ၁၄ ရက် မနက်အစောကြီးအချိန် ၅ နာရီ လောက်ရှိပြီ။ ကျနော်တို့ သစ္စာဆိုကြတာပေါ့ဗျာ။ အဲဒီ အုတ်ဂူအရှေ့မှာပဲ။ ၁၄ ရက် မနက်မှာ ကျနော်တို့ ပန်းခွေတွေ ကိုင်ပြီးတော့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြကြတာပေါ့”

စက်မှုတက္ကသိုလ် ကျောင်းသားတွေက အဲဒီလို ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့အချိန်မှာ လုံထိန်းနဲ့ စစ်တပ်တွေက ကျောင်းဝင်းကို အပြင်ကနေ ပိတ်ဆို့ဝန်းရံထားတယ်လို့ ကိုကျော်ထင်က ပြောပါတယ်။ ကိုဖုန်းမော် ကျဆုံးခဲ့သလို လုံထိန်းနဲ့ စစ်တပ်တွေက အဲဒီလို စက်မှုတက္ကသိုလ် ကျောင်းဝင်းကို ဝန်းရံပိတ်ဆို့ထားတယ် ဆိုတဲ့သတင်းဟာ အခြားတက္ကသိုလ် ကောလိပ်တွေ ကျောင်းဆောင်တွေကိုလည်း ပြန့်နှံ့သွားခဲ့ပါတယ်။

“သမိုင်းဝင်းထဲမှာရှိတဲ့ ကျောင်းသားတွေက စာရွက်တွေ ဖြန့်တယ်။ ကိုဖုန်းမော် ကျဆုံးတဲ့နေ့က ပါဝင်ခဲ့တဲ့ ကျောင်းသားတွေက အဖြစ်အပျက်တွေရေးပြီးတော့ စာရွက်တွေ ဖြန့်တာရှိတယ်။ အဲဒီကနေတဆင့် ကျနော်တို့က RC (2) ခေါ်တာပေါ့ RC(2) က ကျောင်းသားတွေကို ရှင်းပြတယ်။

သမိုင်းဝင်းမှာရှိတဲ့ ဇီဝက တို့၊ အင်းလေး တို့၊ ဒူးဝါး တို့၊ စဥ့်ကူ အစရှိတဲ့ အဆောင်တွေက ကျောင်းသားတွေ စုစည်းပြီး ကျနော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်ထဲမှာ အဝိုင်းခံရတဲ့ ကာလပေါ့ဗျာ။ အဲဒီအချိန်မှာ ကျနော်တို့ကနေပြီးတော့ အင်အားဖြည့်ပြီး ချီတက်ကြတာတွေ ရှိတယ်။ သို့သော်လည်းပဲ ကျနော်တို့ နောက်ဆုံး ရှေ့ဆက်ပြီး ချီတက်လို့မရနိုင်အောင် လုံထိန်းရယ် စစ်တပ်ရယ် မီးသတ်ရယ် အဝိုင်းခံထားရတယ်။ 

အဓိက ကတော့ ပြင်ပက အဆောင်တွေကလာတဲ့ ကျောင်းသားတွေနဲ့ ရန်ကုန်စက်မှု တက္ကသိုလ်ထဲမှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေ ပူးပေါင်းသွားမှာကို စိုးတဲ့အတွက် ရန်ကုန်စက်မှု တက္ကသိုလ်ကိုလည်း ဝိုင်းထားတယ်။ နောက်ပြီးတော့ ချီတက်လာတဲ့ ကျောင်းသားတွေကိုလည်း လပ်(က)စ် ရေခဲမုန့် အရှေ့မှာပဲ ပိတ်ဆို့ပြီးဝိုင်းထားတယ်”

မတ်လ ၁၄ ရက်၊ ၁၅ ရက်နေ့တွေက သမိုင်းဝင်းအဆောင်နေ ကျောင်းသူ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုသံဒုတ် ပြောပြခဲ့တာပါ။ အဲဒီအချိန်မှာ ရန်ကုန်တက္ကသိုလ် ပင်မက ကျောင်းသူကျောင်းသားတွေကရော ဘယ်လိုလှုပ်ရှားမှုတွေ ရှိခဲ့ပါသလဲ။

“ဒီ ကျောင်းတတ်တဲ့နေ့ ၁၄ ရက်နေ့ကျတော့ ကျောင်းဝင်းအနေအထားက တော်တော်လေးကို ပွစိပွစိ စ ဖြစ်လာပြီပေါ့ဗျ။ နောက်ပြီးတော့ ကျနော်တို့ အုပ်စုကကျတော့ ငွေစက္ကူကိစ္စ ဘာညာ အဲဒီကတည်းက တောက်လျှောက်က စပြီးလှုပ်ရှား မှုတွေ လုပ်နေကြတဲ့သူတွေဖြစ်နေတဲ့အခါကျတော့ ဘာလုပ်သလဲဆိုတော့ စာတွေရေးတယ်။ 

ရေးပြီးတော့ RC အရှေ့က နံရံတွေမှာ ကျနော်တို့ လိုက်ကပ်တယ်။ အဓိက က အဲဒီအချိန်မှာ ကျောင်းသား အားလုံးရဲ့ ပစ်ကွင်းက RC ပဲဗျ။ မိန်း ထဲမှာကတော့။ အဲဒီတုန်းက RC ကဲန်တင်း(န်)ရှိနေသေးတာကိုး။ 
အဲဒီလို လိုက်ကပ်ပေမယ့် ဆရာတွေက လာခွာတာပဲ။ နောက် ၁၅ ရက်နေ့ ဆက်တိုက် ဆက်ကပ်တယ်”

ဒါကတော့ ရန်ကုန် တက္ကသိုလ် ပင်မကျောင်းသားတွေရဲ့လှုပ်ရှားမှု အကြောင်းကို ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး အခုအခါမှာ ထိုင်းမြန်မာ နယ်စပ်ကိုရောက်ရှိနေတဲ့ ကိုသက်ထွန်း ပြောပြခဲ့တာပါ။

မတ်လ ၁၅ ရက်နေ့ နေ့လည်ပိုင်းမှာတော့ ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းဝင်းထဲကို မဆလ လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် ဝင်ရောက်စီးနင်းပါတော့တယ်။

“နှစ်နာရီခွဲ သုံးနာရီလောက်မှာ ဝင်စီးတာပဲ။ အဲဒီမှာ အုတ်ဂူတွေလည်း ပြန်ဖျက်လိုက်တယ်။ အားလုံး ၆၉ ယောက် ဖမ်းသွားတာပေါ့”

ဆက်လက်ဖော်ပြပါမယ်။

No comments: