Saturday, March 26, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၄)

https://lh5.googleusercontent.com/-1QEXxnWInBk/TYwLWjzm9xI/AAAAAAAAIhU/gePDKExDRqQ/s1600/march+88a.jpg 
“နိုင်ငံရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုကို ကျောင်းသားတွေ လုပ်ကြပြီဆိုလို့ရှိရင် ဘာမှ ဆုလာဘ်ဆိုတာ မရှိဘူးဗျ။ ကျနော်တို့က တုတ်ပဲရမယ်၊ ဘယ်တော့မှ ဆုရမယ်ဆိုတာမျိုးက မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ လုပ်ခဲ့ကြတာပဲ"

ကိုမိုးအေး ။ ။ ဟုတ်ကဲ့၊ အခု ကိုမင်းကိုနိုင် ကြုံခဲ့သလို မဖြစ်လိုက်နဲ့ ဖြစ်လိုက်ရင် မင်းတို့က ခံဘက်ကချည်းပဲ ဆိုတဲ့ လွန်ခဲ့တဲ့ ၁၇ နှစ်က ပြောခဲ့တဲ့ အဲဒီ မှတ်ချက်ပေါ့လေ အဲဒီအပေါ် ကိုမင်းကိုနိုင်အခု ဘယ်လို ပြန်သုံးသပ်မိသလဲ ခင်ဗျ။

“ဆိုလိုတာကတော့ ကျနော်တို့အတွက် အဲဒီအချိန်မှာ ကျောင်းသားဆိုရင်လည်း ကျောင်းသား အခွင့်အရေးအတွက် အကာအကွယ်ပေးမယ့် ခိုင်ခိုင်မာမာ ဥပဒေလည်း မရှိဘူးပေါ့။ နောက်တခုက ကျနော်တို့ ဆန္ဒတွေ သဘောထားတွေကို ဖော်ထုတ်ပြနိုင်ဖို့ ဘာအခွင့်အရေးမှလည်း မရှိဘူး။ အဲဒီတော့ ပြဿနာ ဆိုတာတော့ဗျာ အကြောင်းရင်းတွေ စုံလို့ရှိရင်တော့ ပေါ်တတ်တာပေါ့ဗျ။

ပေါ်လာတယ်ဆိုရင် အာဏာပိုင်တွေဘက်က ဖြေရှင်းတဲ့နည်းလမ်းကလည်း အကြမ်းဖက်တာပဲ ရှိခဲ့တယ်။


အဲဒါတွေကြောင့်ပဲဗျာ ဘယ်လိုဖြစ်ခဲ့သလဲဆိုတော့ မိဘပြည်သူတွေက မျှော်လင့်ချက် အပြည့်အဝနဲ့ အရင်းအနှီးတွေ စိုက်ပြီးတော့ ပညာသင်ပေးခဲ့တဲ့ ကျောင်းသူ ကျောင်းသားတွေက ကျောင်းထုတ်ခံရတယ်၊ ထောင်ကျရတယ်၊ နောက် အသက်တွေ စွန့်ရတယ်။ အဲဒီလို အမျိုးမျိုးနစ်နာရတယ်ပေါ့ဗျ။

အဲဒါကတော့ လွန်ခဲ့တဲ့ ၁၇ နှစ်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် ကျနော်တို့မီတဲ့ ကျနော်တို့ခေတ်မှာ စပြီးတော့ ကြုံရတဲ့ မြင်ကွင်းပဲဗျ။ အဲဒီတော့ ကျနော်တို့ကတော့ ဒါဟာ ဒီလိုခါးသီးတဲ့ အတွေ့ အကြုံမျိုးနဲ့ ရမယ်ဆိုတာတော့ ကျနော်တို့ကတော့ နားလည်ထားပြီးသားပါ။

နားလည်ထားပေမယ့် ကျနော်တို့မှာက ကိုယ်လိုချင်တဲ့ အခွင့်အရေးကို တောင်းဆို ဖော်ထုတ်ပြသဖို့က ဒီနည်းပဲ ရှိတာကိုးဗျ။ ကျနော်တို့က ဒီနည်းကိုပဲ ဒါကြောင့် ဖြစ်နိုင်တယ်ဆိုတာ ဒီလိုကြုံနိုင်တယ်ဆိုတာ သိပါလျှက်နဲ့ ရွေးခဲ့ကြတာပါ”

ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်တွေနဲ့ ကြုံနိုင်မှန်းသိလျက်နဲ့ လုပ်ခဲ့ကြ ဆန္ဒပြခဲ့ကြတယ်ဆိုတော့ ကျောင်းသား ခေါင်းဆောင်တွေရဲ့ ပကတိ ရင်ထဲကဆန္ဒတွေ ဘာတွေဖြစ်မလဲ။ ကိုမင်းကိုနိုင်နဲ့ ကိုဌေးကြွယ်တို့ရဲ့ လွန်ခဲ့တဲ့ ၁၇ နှစ်က သူတို့ရဲ့ ပကတိ ရင်တွင်းဆန္ဒတွေကို လေ့လာကြည့်ရအောင်လား ခင်ဗျ။

“နိုင်ငံရေးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုကို ကျောင်းသားတွေ လုပ်ကြပြီဆိုလို့ရှိရင် ဘာမှ ဆုလာဘ်ဆိုတာ မရှိဘူးဗျ။ ကျနော်တို့က တုတ်ပဲရမယ်၊ ဘယ်တော့မှ ဆုရမယ်ဆိုတာမျိုးက မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ လုပ်ခဲ့ကြတာပဲ။

ဆိုလိုတာကတော့ လူငယ်စိတ်နဲ့ ကျောင်းသားစိတ်နဲ့ ကျနော်တို့က ခံစရာရှိရင် ကျနော်တို့က ရင်ဆိုင်လိုက်မယ်ပေါ့။ ရမယ့် အကျိုးအမြတ်ဟာ တိုင်းသူပြည်သားတွေ အားလုံးအတွက် ကျနော်တို့ရဲ့ နိုင်ငံအတွက် ကောင်းတယ်ဆိုရင် ကျနော်တို့ ရင်းသင့်တာကို အကုန်လုံးရင်းပြီးတော့ လုပ်မယ်လို့ ကျနော်တို့ ဒီလို အခြေခံစိတ်နဲ့လုပ်တာပါ”

“ကိုယ့်ရဲ့ အကျိုးအမြတ်အတွက် တခုမှမရှိဘဲနဲ့ အားလုံးဟာ မတရားမှုကို လက်မခံဘူးဆိုတဲ့ နိုင်ငံသားကောင်း ပီသစွာ ကျနော်တို့ ရွေးခဲ့ကြတာပါ။ အခုအချိန်အထိ ကျနော်တို့ မျှော်မှန်းသလောက် တိုင်းပြည်မှာ ဒီ လောကပါလ တရားတွေဖြစ်တဲ့ တရားမျှတရေး လွတ်လပ်ရေးတွေ တကယ် မထွန်းကားသေးဘူး ဆိုတဲ့ဟာကိုတော့ ခံစားမိတယ်ပေါ့”

သောတရှင်များခင်ဗျ၊ လွန်ခဲ့တဲ့ ၁၇ နှစ်က ကျောင်းသားခေါင်းဆောင်တွေ မျှော်မှန်းခဲ့သလို လောကပါလ တရားတွေ မြန်မာနိုင်ငံမှာ မထွန်းကားသေးဘူးဆိုပေမယ့် မတရားမှုကို ခေါင်းငုံ့မခံတတ်ဘူးဆိုတဲ့ မြန်မာကျောင်းသားတွေရဲ့ စိတ်ဓာတ်၊ ခွပ်ဒေါင်း စိတ်ဓာတ်ကိုတော့ အာဏာကိုနည်းမျိုးစုံနဲ့ လက်ပြောင်းလက်လွဲ ရယူထားသူတွေ ကောင်းကောင်းသိခဲ့ပါတယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

ကိုဌေးကြွယ်ကတော့ ကိုမင်းကိုနိုင်ရဲ့ ပြောပြချက်ကို အခုလို ဖြည့်စွက် ပြောပြထားပါသေးတယ်ခင်ဗျ။

ဆက်လက်ဖော်ပြပါမယ်။

No comments: