Friday, March 25, 2011

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၃)

"နောက်ဆုံးကျတော့ဗျာ ကျနော်တို့ အိမ်တအိမ်ထဲကိုဝင်ပြီးတော့ အဲဒီအိမ်က လူတွေက ဝိုင်းဆွဲထားပြီးတော့ အိမ်တံခါးပိတ်ပြီး ဖွက်ပေးထားတာပေါ့ဗျ။ အဲဒီမှာ ဘုန်းကြီးတပါးကနေပြီးတော့လည်း အာဂန္တုအနေနဲ့ သူက အလည်ရောက်နေတဲ့အချိန် သူတို့ မျက်စိအရှေ့တင် မြင်ရတာပေါ့ဗျ၊ ကျနော်တို့ကို ဖြိုခွင်းခံရတာ မြင်တဲ့အခါတော့ သူက စကားတခွန်း ပြောခဲ့တာရှိတယ် ..."

မတ်လ ၁၃ ရက်နေ့ ကိုဖုန်းမော် ကျဆုံးခဲ့ရတာကို မကျေနပ်တဲ့အတွက် မတ်လ ၁၆ ရက်နေ့မှာ ကျောင်းသူ ကျောင်းသားတွေက ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြတာပါ။

ဒီအပေါ်ကို အာဏာပိုင်တွေဘက်က တဖက်သက် အကြမ်းဖက် ချေမှုန်းခဲ့တဲ့အခါမှာတော့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းတဲ့ ‘တံတားနီ အရေးအခင်းကြီး’ ဖြစ်ပျက်ခဲ့ရပါတယ်။

ဒီဖြစ်ရက်ဟာ လွန်ခဲ့တဲ့ ၁၇ နှစ်က ဖြစ်ပျက်ခဲ့တယ်ဆိုပေမယ့် ငြိမ်းချမ်းစွာ ပါဝင်ဆန္ဒပြခဲ့တဲ့သူတွေ အကြမ်းဖက်ချေမှုန်း တိုက်ခိုက်ခံခဲ့ရသူတွေအနေနဲ့ကတော့ ဘယ်လိုမှ မေ့လို့ပျောက်လို့ရမှာ မဟုတ်ပါဘူး။ ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျာနဲ့ ကိုဌေးကြွယ်တို့ရဲ့ ပြန်ပြောင်း သုံးသပ်ချက်ကို ကျနော်တို့ အရင် နားဆင်ကြည့်ရအောင်လား ခင်ဗျာ။


“ကျနော်တို့ကျောင်းသားတွေကို မတရား ညှဉ်းဆဲသတ်ဖြတ်တယ်ဗျာ။ ဒါဆိုတော့ မခံနိုင်ဘူးဗျာ။ ဒါကို မခံနိုင်ကြောင်း ဆန္ဒကို ဖော်ထုတ်တယ်ဗျာ။ ဒါဟာ Main Key ပဲ။ ဖုန်းမော်ကို ပစ်သတ်လိုက်တယ်ဗျာ။ ဖုန်းမော် သေသွားတယ်ဗျာ။ ကျနော်တို့ ကျောင်းသားနှစ်ယောက် အသတ်ခံလိုက်ရတယ်။

ဒါကို ဒီကောင်တွေက ဖုံးထားတယ်။ မဟုတ်ဘူးဆိုပြီး လိမ်တယ်ဗျာ။ ဒါကိုတော့ ကျနော်တို့ လက်မခံနိုင်ဘူး။ အဲဒါကို ကျနော်တို့ ဆန့်ကျင်တာ။ ဟုတ်တယ် ၁၆ နှစ်က ဖြစ်ရတဲ့ အဓိက အရေးအခင်းက အဓိကအချက်က ကျောင်းသား အသတ်ခံရလို့ ဒါဟာ ကျနော့်အမြင်ပေါ့နော်”

“ဒီဟာဖြစ်ရခြင်း အကြောင်းအရင်းက ကျောင်းသားတွေရဲ့ အခွင့်အရေးကို ဖိနှိပ်လို့ဆိုတာထက် မတရားမှု၊ ဒီ မတရားမှုကို ကျနော်တို့မှာ ပြောဆိုပိုင်ခွင့်ရှိတဲ့ ကျောင်းသားအဖွဲ့အစည်းလည်း မရှိဘူး။ မတရားမှုကို ကျနော်တို့ လွတ်လွတ်လပ်လပ် ထုတ်ပြနိုင်တဲ့ မြန်မာနိုင်ငံမှာ တရားမျှတမှု ကြီးစိုးစေချင်ရင် လူထုကိုတိုင်ကနေပြီးတော့ မတရားမှုကို လက်မခံဘူးဆိုတဲ့ အသိမျိုးကို ဖော်ထုတ်ပြနိုင်တဲ့ ပြသပိုင်ခွင့် အခွင့်အရေးတွေကို မရှိခဲ့ဘူး။

အဲဒီကြားထဲကနေပြီးတော့ ကျနော်တို့ ကျောင်းသားတွေ ပေါင်းစည်းသွားကြတယ်။ ရန်ကုန် တက္ကသိုလ်တင် မဟုတ်ပါဘူး။ ဆေးတက္ကသိုလ် ပါတယ်၊ စက်မှုတက္ကသိုလ် ပါတယ်။ ပေါင်းစုံက ပါလာကြပါတယ်။ အဲဒီ တက္ကသိုလ်ပေါင်းစုံက ပါလာတဲ့ ချီတက် ဆန္ဒပြမှုဟာ ငြိမ်းချမ်းစွာဆန္ဒပြမှုလို့ ဘယ်လိုပဲပြောပြော အကြမ်းဖက်ချေမှုန်းခြင်းကို ကျနော်တို့ ခံခဲ့ရပါတယ်”

ကိုမိုးအေး ။ ။ ဟုက်ကဲ့ခင်ဗျ၊ ဒီလိုအကြမ်းဖက်ချေမှုန်းခံခဲ့ရတဲ့အပေါ်ကို ကိုမင်းကိုနိုင်အနေနဲ့ရော ဘယ်လိုပြန်ပြောင်း သုံးသပ်ထားတာရှိသလဲ ခင်ဗျ။

အဲဒါကတော့ဗျ၊ ကျနော်တို့အရင်ကို ကျနော်တို့ကြည့်လိုက်လေ။ အဲဒီမတိုင်ခင်က ဖြစ်ရပ်တွေကို ကြည့်မယ်ဆိုရင် ကျနော်တို့ဟာ အဆုံးသတ်ကျတော့ အကြမ်းဖက် ဖြိုခွင်းခံရတာကြီးပါပဲ။
ဆိုလိုတာက အဲဒီ အချိန်မှာ ကျနော်တို့ရှေ့က ကန်ဘောင်ရိုးရဲ့ထိပ်မှာ သံဆူးကြိုးနဲ့ ပိတ်ထားလိုက်ပြီလေ။

ပြီးတော့ ကျနော်တို့ကို သေနတ်တွေနဲ့ ပြောင်းရှည်တွေနဲ့ ချိန်ထားတယ်။ ချိန်ထားတယ်ဆိုတော့ ကျနော်တို့ ရှေ့ဆက်သွားလို့ မရတော့ဘူး။ မရတဲ့အချိန်မှာ ကျနော်တို့က နောက် မဆုတ်နိုင်ဘူး။ နောက်မဆုတ်နိုင်တဲ့အတွက် ကျနော်တို့ အဲဒီ အချိန်မှာ ကျနော်တို့ဟာ ဘာလုပ်သလဲဆိုတော့ ဘာ အဖျက်အစီး မြက်တပင်တောင် ကျနော်တို့ မနှုတ်ခဲ့ပါဘူးဗျ။

ကျနော်တို့က ဘာလုပ်သလဲဆိုတော့ သံဆူးကြိုးရှေ့မှာပဲ ကျနော်တို့ ရပ်ပြီးတော့ ကျနော်တို့ ဒေါင်းအလံထူထားပြီးတော့ ကျနော်တို့ ‘ကမ္ဘာမကြေ’ သီချင်းကို ဆိုတယ်ဗျ။ အဲဒီအချိန်မှာ အနောက်ကနေပြီးတော့ လုံထိန်း တပ်ဖွဲ့တွေရောက်လာပြီးတော့ ဒိုင်းတွေနဲ့ ပိတ်လိုက်ပြီးတော့ ကျနော်တို့ကို ရိုက်နှက်ပြီးတော့ ဖြိုခွဲလိုက်တာပဲ။

အဲဒါ ဖမ်းတဲ့လူတွေ လက်လှမ်းမီတဲ့သူတွေကို ဆွဲတင်ပြီးတော့ခေါ်သွားတာပဲ။ အတွေ့အကြုံတခုကို ပြောပြမယ်။ အဲဒီမှာ ကန်ဘောင်ရိုးမှာ ကျနော်တို့တတွေ အရိုက်အနှက်ခံရပြီးတော့ နောက် ဟိုဘက် ရပ်ကွက်ထဲ လူနေရပ်ကွက်တွေထဲ ရောက်အောင် ကျနော်တို့ ပြေးသွားတာပေါ့။

နောက်ဆုံးကျတော့ဗျာ ကျနော်တို့ အိမ်တအိမ်ထဲကိုဝင်ပြီးတော့ အဲဒီအိမ်က လူတွေက ဝိုင်းဆွဲထားပြီးတော့ အိမ်တံခါးပိတ်ပြီး ဖွက်ပေးထားတာပေါ့ဗျ။ အဲဒီမှာ ဘုန်းကြီးတပါးကနေပြီးတော့လည်း အာဂန္တုအနေနဲ့ သူက အလည်ရောက်နေတဲ့အချိန် သူတို့ မျက်စိအရှေ့တင် မြင်ရတာပေါ့ဗျ၊ ကျနော်တို့ကို ဖြိုခွင်းခံရတာ မြင်တဲ့အခါတော့ သူက စကားတခွန်း ပြောခဲ့တာရှိတယ်။

ဖြစ်လာလို့ရှိရင် မင်းတို့က ခံဘက်ကချည်းပဲ ဆိုတဲ့စကားပေါ့ဗျာ။ အဲဒါ လွန်ခဲ့တဲ့ ၁၇ နှစ်က ပြည်သူထဲက ပြည်သူတဦးအနေနဲ့ မှတ်ချက်ချလိုက်တာပဲဗျ”

ဆက်လက်ဖော်ပြပါမယ်။

No comments: