Monday, February 27, 2012

သက်သတ်လွတ်စားတဲ့ကျား ရှိသလား (လူထုစိန်ဝင်း)

“မေတ္တာတရားကို ယုံတယ်။ ဒါပေမယ့် ကျားက သက်သတ်လွတ်စားတယ်ဆိုတာတော့ မယုံပါဘူး။ ဒါကြောင့် ကျားရှေ့မှာ ဒူးတုပ်ထိုင်ပြီး မေတ္တာပို့တာမျိုးတော့ မလုပ်နိုင်ပါဘူး။ ပုထုစဉ်ဆိုတော့ ပုထုစဉ်လိုပဲ စဉ်းစားပြီး ပုထုစဉ်လိုပဲ တုံ့ပြန်ရမှာပဲ။ ကိုယ်ကတော့ သက်သက်မဲ့ ကျားနားရွက်သွားပြီး တံတွေး မဆွတ်ပါဘူး။ သူ့စည်း ကိုယ့်စည်းဆိုတာ နားလည်ပါတယ်။ ကျားက ကျားနေရာနေ၊ လူက လူ့နေရာနေရင် ပြီးတာပဲ။ ကျားက လူသားစားချင်လို့ စည်းဖောက်ပြီး လူ့ရပ်လူ့ရွာထဲ ကျူးကျော်ဝင်ရောက်လာရင်တော့ …”

ဒီနှစ် မရမ်းသီးပေါ်တာ နောက်ကျတယ်။ ဇန်နဝါရီ တစ်ဝက်ကျိုးမှ စပေါ်တယ်။ ခါတိုင်းနှစ်တွေဆို ဒီဇင်ဘာ မကုန်ခင်စပေါ်တာ။ စပေါ်တဲ့နေ့မှာ ဈေးကတစ်ဆယ်သား ၂၅၀၀ တဲ့။ မနှစ်ကထက် ၅၀၀ ပိုများတယ်။ တရရနဲ့ တစ်မေးတည်းမေးနေတာကြောင့် စတွေ့တဲ့နေ့မှာပဲ ကလေးတွေဝယ်လာကြတယ်။ ဈေးထဲမှာ ရှိသေးသလားမေးတော့ ရှိတော့ ရှိသေးတယ်။ သိပ်များများတော့ မဟုတ်ဘူးတဲ့။

ပေါ်ဦးပေါ်ဖျား

အဲဒါကြောင့် ပြေးစမ်းပါဦးဟဲ့ ဆိုပြီး ချက်ချင်းသွားဝယ်ခိုင်းရတယ်။ ရခဲ့လို့ တော်ပါသေးတယ်။ ဒါတောင် ငါးဆယ်သားရဖို့ သုံးဆိုင်ခွဲဝယ်ခဲ့ရတာတဲ့။ ပေါ်ဦးပေါ်ဖျားဆိုတော့ ရှားတယ်လေ။ ပေါ်ဦးပေါ်ဖျားဆိုတာက အိမ်နားက ဘိုကလေးဈေးနဲ့ ၃၈ လမ်းဈေး တစ်ခုခုမှာ စရောင်းတဲ့နေ့ကို ပြောတာပါ။ တခြားနေရာများတော့ မသိနိုင်ပါဘူး။ မရမ်းသီးပဲ ပေါ်ပေါ်၊ သရက်ကင်းလေးတွေပဲ စတွေ့တွေ့၊ ဦးဦးဖျားဖျား မန္တလေးက ဒေါ်ဒေါ် လူထုဒေါ်အမာဆီ ပို့မြဲဖြစ်လေတော့ ဒီဝတ္တရားကို မပျက်ကွက်ချင်ဘူး။ ဒေါ်ဒေါ်ရှိစဉ်က မန္တလေးမှာ တမာရွက်ပဲပေါ်ပေါ်၊ ပုရစ်ပဲပေါ်ပေါ် ပေါ်ဦးပေါ်ဖျား ဒေါ်ဒေါ်က နှစ်တိုင်း မပျက်မကွက် ပို့ခိုင်းတတ်တာ ဖြစ်တယ်။ အောင်ဒင်သရက်သီးဆိုလည်း နှစ်စဉ်ပျက်တယ် မရှိရပါဘူး။ ဒေါ်ဒေါ် မရှိတော့လည်း သမီးတွေက ဝတ္တရား မပျက်ရှာကြဘူး။ သမီးကြီးက ပို့လိုက်၊ သမီးငယ် နှစ်ယောက်က ပို့လိုက်နဲ့ တစ်လ နှစ်ကြိမ်လောက်ကတော့ အနည်းဆုံး အောင်ဆန်းကွင်းကားဂိတ်ကို သွားယူနေရတာ။ ကိုယ့်ဘက်ကတော့ သရက်ကင်းလေး၊ မရမ်းသီးလေး ပေါ်ဦးပေါ်ဖျား တစ်နှစ်တစ်ခါလောက် ပို့ရတာ။ မန္တလေးက တော်တော်လေး နောက်ကျမှ ပေါ်တာလေ။

တုံ့လှယ်မေတ္တာ

ဒီကြားထဲ လူကြုံကောင်းလို့ ထည့်ပေးလိုက်တာမျိုးတွေကလည်း ပြတ်တယ်မရှိဘူး။ နှမတွေဆီပို့ရင်းနဲ့ တစ်လက်စတည်း ယုန်သားကင်ပို့ပေးတဲ့ မိတ်ဆွေအတွက်ပါ ထည့်ပေးလိုက်ရသေးတယ်။ တုံ့လှယ်မေတ္တာဆိုတဲ့ သဘောရှိတယ် မဟုတ်လား။ မြန်မာပီပီ မေတ္တာတန်ခိုးတော့ ကောင်းကောင်း ယုံတယ်။ ကိုယ်က သူတစ်ပါးအပေါ် စစ်မှန်တဲ့ မေတ္တာထားရင် ကိုယ့်အပေါ် စစ်မှန်တဲ့မေတ္တာထားသူတွေလည်း ရှိလာမြဲဖြစ်တယ်။ အခု ဒီစာရေးရင်းတောင် မန္တလေး VEC ကျောင်းက ဆရာမကြီး ဒေါ်ဝင်းဝင်းမေပို့လိုက်တဲ့ ငချိတ်ထမနဲစားရင်း ကော်ဖီသောက်နေတာ။ အဲဒီ ဆရာမကြီးကလည်း လူကြုံရှိတိုင်း စားသောက်ဖွယ်ရာလေးတွေပို့နေကျ။ သူတို့တင်မကပါဘူး။ တစ်ခါမှ မမြင်ဘူး မတွေ့ဘူးတဲ့ စာဖတ်ပရိသတ်များဆီကလည်း သူတို့ဒေသထွက် စားကောင်းသောက်ဖွယ်တွေ မကြာခဏ ရောက်လာတတ်ပါတယ်။ အညာဒေသ ကျောက်ပန်းတောင်းက ရောက်လာလိုက်၊ မကွေးက ရောက်လာလိုက်၊ ရှမ်းပြည်တောင်ကြီးက ရောက်လာလိုက်၊ ပြင်ဦးလွင်နဲ့သီပေါ၊ ကျောက်မဲကရောက်လာလိုက်နဲ့ သိပ်မပြတ်လှပါဘူး။

မေတ္တာတွေ အနန္တကြောင့်

“မေတ္တာကို ကိုက်စားလို့မရဘူး။ ပိုက်ဆံရှိမှ ဝမ်းဝတာ” လို့ တချို့ပြောတတ်ကြတယ်။ ပိုက်ဆံရှိလို့ ဗိုက်ဝပေမယ့် အသက်ရှည်အောင်တော့ လုပ်မပေးနိုင်ဘူး။ မေတ္တာနဲ့ထမင်းမဝပေမယ့် အသက်ရှည်ပြီး စိတ်ချမ်းသာအောင်တော့ တတ်နိုင်တယ်လို့ ပြောချင်တယ်။ ကိုယ်တွေ့ပါ။ ကိုယ်တိုင်က သုံးကြိမ်သုံးခါ သေရွာပြန်ပါ။ အပယ်ကဖြစ်တာတွေကတော့ မရေတွက်နိုင်တော့ဘူး ပြောရမှာပါ။ တစ်သက်လုံး သတင်းစာ အလုပ်ထဲ စွဲမြဲနေတာကြောင့် ဘာရာထူးအာဏာမျိုးမှလည်း မရှိခဲ့ဖူးပါဘူး။ လူတိုင်းသေမယ်လို့ ထင်ခဲ့ကြတဲ့ အကြိမ်တွေလည်း မနည်းပါဘူး။ ဒါပေမယ့် အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ တစ်နေ့ ဆေးအမျိုးပေါင်း ၁၇ မျိုးသောက်ပြီးနေလာခဲ့တာ အခုအသက် ၇၀ ထဲရောက်ပါပြီ။ မှန်တာပြောရရင် ဆေးတွေကြောင့် အသက်ရှင်နေတာလို့ ကိုယ့်ဘာကိုယ်တော့ မထင်ဘူး။ မေတ္တာ၊ မေတ္တာတွေ အနန္တကြောင့် ခုထိအောင် အသက်ရှည်နေတာလို့ ထင်ပါတယ်။

ကဲ ဘာလိုသေးလဲ

ကြည့်လေ။ အထူးကုသမားတော် ဆရာဝန်မလေးက ပင်ပန်းမှာစိုးလို့ဆိုပြီး သူအနားယူတဲ့ တနင်္ဂနွေနေ့တိုင်း အိမ်အရောက်လာပြီး ကြည့်ပေးတာ။ ခွဲဖို့စိတ်ဖို့ ကိစ္စပေါ်လာတော့လည်း ခွဲစိတ်ဆရာဝန်ကြီးက တစ်ပြားတစ်ချပ်မှမယူဘဲ မေတ္တာနဲ့ ခွဲကုပေးတာ။ သွေးစစ်၊ သလိပ်စစ် စတဲ့ စစ်ဆေးမှုတွေလုပ်ဖို့လိုတော့လည်း စာရေးဆရာ မောင်ညိုပြာက လူလွှတ်ယူခိုင်းပြီး အားလုံးလုပ်ကိုင်ပြီးမှ အိမ်တိုင်ရာရောက် လာပို့သေးတယ်။ ဓာတ်မှန်ရိုက်ဖို့လိုတော့လည်း ဖုန်းဆက်လိုက်တာနဲ့ အိမ်အရောက်လာရိုက်ပေးသူက အသင့်၊ ဒီကြားထဲ ဆင်းရဲသားများရဲ့ မိတ်ဆွေ၊ စာရေးဆရာများရဲ့ ဇီဝက ဆရာလေး တင်စံဦးကလည်း ပြတ်တယ်လို့မရှိ။ ကဲ ဘာလိုသေးလဲ။ အနယ်နယ် အရပ်ရပ်က စာဖတ်ပရိသတ်များကလည်း ဖုန်းနဲ့တစ်မျိုး၊ စာနဲ့တစ်ဖုံ မေတ္တာ စေတနာတွေ အလျှံပယ်ပို့ပေးနေကြတာ ကြည်နူးပီတိဖြစ်စရာတွေချည်းပါပဲ။

ရွှေနဲ့စက်ဝယ်လို့ မရဘူး

ဒီလိုကြည်နူးပီတိမျိုးတွေကို ပိုက်ဆံနဲ့ ဝယ်လို့ရနိုင်သလား။ ရာထူးအာဏာအရှိန်အဝါနဲ့ ဖန်တီးယူလို့ ရနိုင်သလား။ ဈေးကွက်စီးပွားရေးခေတ်မှာ ဘာမဆို ပိုက်ဆံနဲ့ ဝယ်လို့ရနိုင်ပေမယ့် မေတ္တာစေတနာကိုတော့ ရွှေနဲ့စက်ဝယ်လို့လည်း မရပါဘူး။ အတင်းအဓမ္မပေးခိုင်းလို့လည်း မရပါဘူး။ မေတ္တာကို မေတ္တာနဲ့သာ ဖလှယ်လို့ရပါတယ်။ စေတနာကို စေတနာနဲ့သာ တုံ့ပြန်ရိုးဖြစ်ပါတယ်။ ဒီလိုပြောလို့ မေတ္တာဝါဒီကြီး၊ သူတော်စင်ကြီးလို့တော့ မထင်ပါနဲ့။ မေတ္တာရဲ့ တန်ခိုးစွမ်းအားကို ယုံကြည်ပေမယ့် လူ့လောကမှာ မေတ္တာဆိုတာ ဘာမှန်းမသိ၊ စေတနာဆိုတာ နားမလည်၊ ကရုဏာဆိုတာ မကြားဖူးတဲ့ မေတ္တာနဲ့ မထိုက်တန်သူမျိုးတွေလည်းရှိတယ်ဆိုတာ ယုံကြည်လက်ခံထားသူ ဖြစ်ပါတယ်။

ကြောက်ရမ်း ရှက်ရမ်း

စာသင်ကျောင်းတွေပေါ် ဗုံးမကြဲဖို့ အီရတ်နဲ့ အာဖဂန်နစတန်က မိခင်တွေက အသနားခံ တောင်းပန်နေကြပေမယ့် အချည်းနှီးပဲ မဟုတ်လား။ မူလတန်း ကျောင်းသူကျောင်းသားငယ်လေးတွေ နေ့စဉ်နဲ့အမျှ သေဆုံးနေကြဆဲပါပဲ။ လူမပါတဲ့ လေယာဉ်တွေနဲ့တော့ ကြောက်ရမ်းရှက်ရမ်း ရမ်းပြီး ဗုံးမကြဲပါနဲ့လို့ မဟာမိတ် အာဖဂန်သမ္မတကိုယ်တိုင်က တောင်းပန်ပေမယ့်လည်း ဂရုမစိုက်ပါဘူး။ “မကောင်းသူထိပ် ကောင်းသူထိပ်” ဆိုတဲ့ သဘောနဲ့ မောင်းသူမဲ့ လေယာဉ်တွေပေါ်ကနေပြီး ဗုံးတွေ ဒလကြမ်းကြဲချနေကြဆဲပါပဲ။ သေနတ်ပြောင်းဝကထွက်တဲ့ ဘာသာစကားကလွဲပြီး ဘယ်လိုဘာသာစကားမျိုးကိုမှ နားမလည်တဲ့ အဲဒီလို အရိုင်းအစိုင်း ကောင်းဘွိုင် လူစားမျိုးကိုတော့ သွားပြီး မေတ္တာပို့နေလို့ မရပါဘူး။ လောကမှာ သက်သတ်လွတ်စားတဲ့ ကျားမရှိပါဘူး။ အလားတူပါပဲ လူကြီးလူကောင်းစကား နားလည်တဲ့ ကောင်းဘွိုင်သေနတ်သမားမျိုး ဘယ်တုန်းကမှ မရှိပါဘူး။ နောင်လည်း ဘယ်တော့မှ ရှိလာမှာမဟုတ်ပါဘူး။

သူ့နေရာသူနေ၊ ကိုယ့်နေရာကိုယ်နေ

မေတ္တာတရားကို ယုံတယ်။ ဒါပေမယ့် ကျားက သက်သတ်လွတ်စားတယ်ဆိုတာတော့ မယုံပါဘူး။ ဒါကြောင့် ကျားရှေ့မှာ ဒူးတုပ်ထိုင်ပြီး မေတ္တာပို့တာမျိုးတော့ မလုပ်နိုင်ပါဘူး။ ပုထုစဉ်ဆိုတော့ ပုထုစဉ်လိုပဲ စဉ်းစားပြီး ပုထုစဉ်လိုပဲ တုံ့ပြန်ရမှာပဲ။ ကိုယ်ကတော့ သက်သက်မဲ့ ကျားနားရွက်သွားပြီး တံတွေး မဆွတ်ပါဘူး။ သူ့စည်း ကိုယ့်စည်းဆိုတာ နားလည်ပါတယ်။ ကျားက ကျားနေရာနေ၊ လူက လူ့နေရာနေရင် ပြီးတာပဲ။ ကျားက လူသားစားချင်လို့ စည်းဖောက်ပြီး လူ့ရပ်လူ့ရွာထဲ ကျူးကျော်ဝင်ရောက်လာရင်တော့ ဘယ်သည်းခံနိုင်မှာလဲ။ ဓားဆွဲတန်ဆွဲ၊ တုတ်ဆွဲတန်ဆွဲ လုပ်သင့်တာတော့ လုပ်ရမှာပဲ။ သက်သတ်လွတ်စားတဲ့ ကျားရှိပါတယ်လို့တော့ မပြောနဲ့၊ ဘယ်တော့မှ ယုံမှာမဟုတ်ဘူး။ မေတ္တာတရားကိုတော့ ယုံတယ်။ ဒါပေမယ့် ကျားကိုတော့ မယုံဘူး။

၂၈. ၀၂. ၂၀၁၂ ထုတ် News Watch Journal မှာပါတဲ့ ဆောင်းပါး ဖြစ်ပါတယ်။


 

No comments: