Sunday, February 19, 2012

သုံးဖန်လှ တောင်သမန်ရဟတ် ဘယ်သူတွေ ရပ်ပစ်သလဲ (လူထုစိန်ဝင်း)

“ဝါးဘလောက်သောက်တို့ ပန်းလှိုင်တို့လို မကယ်နိုင်တော့ဘူး။ အင်းလေးကန်ကြီးလည်း ကယ်လို့ရပါဦးတော့မလား။ ဧရာဝတီတို့၊ ချင်းတွင်းတို့တောင် အန္တရာယ်ရှိနေပြီဆိုတော့ အင်းလေးအတွက် ရင်လေးနေမိတယ်။ စီးပွားရေးနယ်ပယ် ချဲ့ထွင်မှုတွေနဲ့ မြို့ပြဖြစ်ထွန်းမှုတွေကြောင့် မြို့နေလူတန်းစားတွေအတွက် လေရှုဖို့တောင် အခက်အခဲ ရှိလာတယ်။ မြို့ထဲမှာက ဓာတ်ဆီနံ့၊ ဒီဇယ်နံ့တွေ အညှော်ပေါင်းစုံ အနံ့တွေနဲ့ လေကောင်းလေသန့် မရှုရဘူး။ ညစ်ညမ်းတဲ့ပတ်ဝန်းကျင်မှာ မိုးလင်းကမိုးချုပ် တကုပ်ကုပ်နဲ့ ကုန်းရုန်းပြီး အလုပ်လုပ်ကြရလေတော့ …”

နိုင်ငံခြားသားဧည့်သည်တစ်ယောက် သူ့ကိုယ်သူမိတ်ဆက်ပြီး ရောက်လာပါတယ်။ သူက စာရေးဆရာတစ်ယောက်ပါ။ အင်္ဂလိပ်စာရေးဆရာကြီး ဂျော့အော်ဝဲလ်အကြောင်း စာတစ်အုပ်ရေးဖို့ ရောက်လာတာလို့ သိရတယ်။

မြန်မာလူမျိုးများရဲ့ အပြုံး

အတော်ကြာအောင်နေပြီး သူသိချင်တာတွေ မေး၊ ဓာတ်ပုံတွေရိုက် လုပ်ပါတယ်။ သူက ညနေကားနဲ့ မန္တလေးသွားမှာပါ။ ပြီးရင် ဂျော့အော်ဝဲလ်ရောက်ခဲ့တဲ့ ကသာဘက်ထိသွားမယ်လို့ ပြောသွားတယ်။ နှစ်ပတ်လောက်ကြာတော့ သူပြန်လာပြီး နက်ဖြန်ပြန်တော့မယ်လို့ နှုတ်ဆက်တယ်။ ကသာထိရောက်အောင် သင်္ဘောစီးသွားခဲ့ရတဲ့ခရီးစဉ်ကို တော်တော် ကျေနပ်နေပုံရတယ်။ ပတ်ဝန်းကျင်က သိပ်လှတာပဲလို့ ထပ်ခါတလဲလဲပြောရင်း တွေ့သမျှ မြန်မာလူမျိုးတိုင်းက ပြုံးနေကြတာကိုလည်း သိပ်သဘောကျတယ်။ မယုံနိုင်လောက်အောင် အံ့သြရတယ်လို့လည်း ပြောပြတယ်။ ဒါပေမယ့် သူ့စိတ်ထဲမှာ တော်တော်လေး မကျေမနပ်ဖြစ်နေတာတစ်ခုလည်း တွေ့ခဲ့ရတဲ့အကြောင်း ပြန်ခါနီးမှာ ဖွင့်ဟသွားတယ်။

ဖုန်တလုံးလုံးနဲ့ လှည်းတစ်စီး

ဘာကိုမကျေနပ်တာလဲလို့ မေးလိုက်တော့ သူ့ကျောပိုးအိတ်ကြီးထဲက ခရီးသွားလမ်းညွှန်စာအုပ်ကိုထုတ်ပြီး ဓာတ်ပုံတစ်ပုံကိုပြတယ်။ ဦးပိန်တံတားကြီးရဲ့အောက်က ဖုန်တလုံးလုံးကြားမှာ လှည်းတစ်စီးမောင်းသွားတဲ့ပုံ ဖြစ်နေတယ်။ မဲနယ်လိုပြာနေတဲ့ အပြာရောင်ကောင်းကင်ကြီးအောက်မှာ တလိပ်လိပ်တက်နေတဲ့ ဖုန်လုံးကြီးတွေနဲ့ အသော့နှင်နေတဲ့ နွားလှည်းလေးဟာ ဓာတ်ပုံထဲမှာတော့ လှချင်တိုင်းလှနေတယ်။ ဝါဂွမ်းလိုဖွေးနေတဲ့ အဖြူရောင်တိမ်လိပ်တွေနဲ့ မြေပြင်ကတက်သွားတဲ့ ဖုန်လုံးကြီးတွေ ထိစပ်နေပုံကိုကြည့်ပြီး ‘မိုးထိအောင် လှေခါးထောင်’ဆိုတဲ့ စကားစလေးကို သတိရလိုက်မိတယ်။

လိမ်ညာပြီး ကြော်ငြာသလို

ဓာတ်ပုံထဲကရှုခင်းကိုကြည့်ချင်လို့ ဓာတ်ပုံနဲ့ဗီဒီယိုတွေ အများကြီး ရိုက်ယူသွားချင်လို့သွားခဲ့တာ ရေတွေပြည့်နေတဲ့ တောင်သမန်ကန်ကြီးကိုပဲတွေ့ခဲ့ရလို့ သွားရကျိုးမနပ်တဲ့အကြောင်း ဗြစ်တောက်ဗြစ်တောက်နဲ့ သူပြောလို့ မပြီးနိုင်ဖြစ်နေပါတော့တယ်။ ဒါဟာ လိမ်ညာပြီးကြော်ငြာသလို ဖြစ်မနေဘူးလားလို့လည်း မေးခွန်းထုတ်လိုက်သေးတယ်။ သူပြတဲ့ ‘လမ်းညွှန်’ စာအုပ်ထဲကဓာတ်ပုံဟာ နှစ်အတော်ကြာကြာက ရိုက်ယူထားတဲ့ပုံဖြစ်တဲ့အကြောင်း အခုအခါ တောင်သမန်အင်းဟာ တစ်နှစ်ပတ်လုံး ရေတွေရှိနေတဲ့ကန်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်တာဖြစ်ကြောင်း သူ့ကို ရှင်းပြလိုက်တယ်။

ကယ်ကြပါဦး တဲ့

သူနဲ့ တောင်သမန်အကြောင်းပြောပြီး နောက်တစ်နေ့မှာ ကလျာမဂ္ဂဇင်းက ဆရာမဒေါ်ကလျာက စာလေးတစ်စောင် ရေးပို့လိုက်လို့ ဖတ်ကြည့်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် တောင်သမန်အကြောင်းပဲဖြစ်နေတာ တွေ့လိုက်ရတယ်။ ဆရာမကစာထဲမှာ မတ်လထုတ် ကလျာကဆရာမရဲ့ ‘ကယ်ကြပါဦး’ ဆိုတဲ့ခေါင်းစဉ်နဲ့ရေးထားတဲ့ ဆောင်းပါးကို ဖတ်ကြည့်ပြီးတောင် သမန်ကိုဝိုင်းပြီးကယ်ကြပါဦးလို့ တပ်ကူတောင်းထားပါတယ်။ ဆရာမဆီက စာရောက်မလာခင်ကတည်းက ဆောင်းပါးကို ဖတ်ပြီးပါပြီ။ ဖတ်ပြီး တော်တော်စိတ်မချမ်းမသာ ဖြစ်ခဲ့ရတယ်။ တောင်သမန်ဆိုတာ ကိုယ်သံယောဇဉ်ရှိတဲ့နေရာမို့ မဟုတ်ပါဘူး။ နေရာတကာ စီးပွားရေးအဓိကလုပ်နေကြတဲ့ လူသားများရဲ့ မိုက်မဲစွာလောဘဇောတိုက်မှုတွေကြောင့် တိုင်းပြည်ရဲ့ ရေမြေတောတောင် သဘာဝတွေ မြစ်ချောင်းအင်းအိုင်တွေ ပျက်စီးချင်တိုင်း ပျက်စီးတာတွေကို တွေးမိလို့ပါ။

ဝါးဘလောက်သောက်မြစ် သေဆုံးခြင်း

အမျိုးသားတွေအမွေအနှစ်ဖြစ်တဲ့ အင်းလေးကန်ကြီး တစ်နှစ်ထက် တစ်နှစ်ပိုပြီး ‘ကော’ လာနေတဲ့အတွက် အင်းလေးကန်ကယ်တင်ရေးကို အပူတပြင်း လုပ်ဆောင်နေကြရတဲ့ သတင်းတွေလည်း ကြားနေရတယ်။ နိုင်ငံတကာကတောင် ဝိုင်းပြီးကူညီနေရတဲ့ အခြေအနေဖြစ်နေပြီ။ ဒုဋ္ဌဝတီ၊ ဇော်ဂျီ၊ ပန်းလောင်ဆိုတဲ့ သီချင်းစာသားလေးထဲက ဇော်ဂျီမြစ်၊ ပန်းလောင်မြစ်တို့ဆိုရင် ဒီခေတ်မန္တလေးကလူငယ်တွေ ဘယ်နေရာမှာရှိမှန်းတောင် မသိကြတော့ဘူး။ စမုန်မြစ်၊ စမာမြစ်တို့ဆို ကြားတောင်မကြားဖူးကြတော့ဘူး။ အောက်ပြည်အောက်ရွာမှာလည်း အတူတူပါပဲ။ မနှစ်လောက်က ဆဲဗင်းဒေးဂျာနယ်မှာ စာရေးဆရာ မောင်သာချိုရေးခဲ့တဲ့ ‘ဝါးဘလောက်သောက်မြစ် သေဆုံးခြင်း’ ဆိုတဲ့သတင်းဆောင်းပါးလေးကို ရင်နာစွာနဲ့ ကောင်းကောင်းမှတ်မိနေတယ်။

မဆိုင်သလိုနေခဲ့ကြ

မောင်သာချိုတို့ငယ်စဉ်က မြို့ကိုလာတဲ့အခါ ဝါးဘလောက်သောက်မြစ်ကို လှေနဲ့ဖြတ်ကူးရတယ်။ အခုတော့ လှည်းနဲ့ ဖြတ်ကူးနေရပြီလို့ ရေးထားတယ်။ နောက်သိပ်မကြာဘူး ဂျာနယ်တွေထဲမှာ ပန်းလှိုင်မြစ်လည်း ကောနေပြီ။ နွေအခါဆို လှည်းနဲ့ဖြတ်မောင်းလို့ရနေပြီလို့ ဓာတ်ပုံနဲ့တကွ ဖော်ပြထားတာတွေ့ရပြန်တယ်။ မနေ့က ဂျာနယ်ထဲမှာလည်း သောင်တွေကြောင့် စစ်ကိုင်းနဲ့ ရွှေကြက်ယက်ဘက်မှာ သင်္ဘောတွေ သတိထား ခုတ်မောင်းနေရတယ်လို့ ဖတ်လိုက်မိသေးတယ်။ လွန်ခဲ့တဲ့ ဆယ့်လေး၊ ငါးနှစ်၊ အနှစ်နှစ်ဆယ်လောက်ကတည်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းတွေက သတိပေးနှိုးဆော်မှုတွေ အမျိုးမျိုးလုပ်နေကြပေမယ့် လူတွေက ကိုယ့်ဆီမှာ သိသိသာသာ မထိခိုက်သေးတော့ ကိုယ်နဲ့မဆိုင်သလို ပေါ့ပေါ့ပဲ သဘောထားခဲ့ကြတယ်။

အများကြီးနောက်ကျသွား

သတိထားရကောင်းမှန်းသိတဲ့ အချိန်ရောက်တော့ အများကြီးနောက်ကျသွားပြီ။ ဝါးဘလောက်သောက်တို့ ပန်းလှိုင်တို့လို မကယ်နိုင်တော့ဘူး။ အင်းလေးကန်ကြီးလည်း ကယ်လို့ရပါဦးတော့မလား။ ဧရာဝတီတို့၊ ချင်းတွင်းတို့တောင် အန္တရာယ်ရှိနေပြီဆိုတော့ အင်းလေးအတွက် ရင်လေးနေမိတယ်။ စီးပွားရေးနယ်ပယ် ချဲ့ထွင်မှုတွေနဲ့ မြို့ပြဖြစ်ထွန်းမှုတွေကြောင့် မြို့နေလူတန်းစားတွေအတွက် လေရှုဖို့တောင် အခက်အခဲ ရှိလာတယ်။ မြို့ထဲမှာက ဓာတ်ဆီနံ့၊ ဒီဇယ်နံ့တွေ အညှော်ပေါင်းစုံ အနံ့တွေနဲ့ လေကောင်းလေသန့် မရှုရဘူး။ ညစ်ညမ်းတဲ့ပတ်ဝန်းကျင်မှာ မိုးလင်းကမိုးချုပ် တကုပ်ကုပ်နဲ့ ကုန်းရုန်းပြီး အလုပ်လုပ်ကြရလေတော့ တစ်ခါတစ်ခါ စိတ်ရောကိုယ်ပါ အနားယူ အပန်းဖြေဖို့ မလုပ်မဖြစ် လုပ်ဖို့လိုအပ်တယ်။

တောပန်းတောင်ပန်းတွေ ခူးရတာ

ရှေးက မန္တလေးမှာဆိုရင် အပန်းဖြေစရာနေရာတွေ အများကြီးရှိတယ်။ ရန်ကင်းတောင်၊ ရေတံခွန်တောင်၊ သမခင်မတောင်တို့ဘက်သွားရင်လည်း တောင်တန်းတွေတောအုပ်တွေနဲ့ တောပန်းတောင်ပန်းတွေ လိုက်ခူးရတာကိုက ပျော်စရာ။ ဆည်တော်ကြီးတို့၊ ဆည်တော်လေးတို့ဘက် ပျော်ပွဲစားထွက်ရင်း ရေချိုးရတာလည်း နွေအခါဆို သိပ်အရသာရှိတယ်။ ရွှေစာရံဘက်ဆိုရင်တော့ ပြောမနေနဲ့ တောကြီးမျက်မည်းထဲသွားရသလို သရက်ပင်အုပ်တွေက နေပျောက်မထိုးဘူး။ သားကောင်တွေ တွေ့တတ်လို့ လူအုပ်တောင့်မှ သွားရဲတယ်။ နားဋောင်းကျချောင်းရေကလည်း တောင်ပေါ်က စီးဆင်းလာတာဆိုတော့ အေးစိမ့်နေတာ။

အေးလည်းအေး သန့်လည်းသန့်

တောင်သမန်ကတော့ သွားရေးလာရေး အလွယ်ကူဆုံးမို့ လူသူအရောက်အပေါက် အများဆုံးဖြစ်တယ်။ ဥပုသ်နေ့တွေဆို မိသားစုပျော်ပွဲစားထွက်သူတွေနဲ့ နွေ မိုး ဆောင်း ပြတ်တယ်မရှိဘူး။ တောင်သမန်က သုံးရာသီလုံး ပျော်စရာကောင်းတယ်။ နွေမှာလည်း နွေမို့ ပျော်စရာကောင်းတယ်။ ကိုင်းခင်း၊ ယာခင်းတွေထဲဆင်းပြီး ပြောင်းဖူးချိုးကြ၊ ကြံချိုးကြ၊ သခွားသီးဆွတ်ကြနဲ့ နေရာတိုင်း လူတွေတရုန်းရုန်းပဲ။ ခုခေတ်လိုစားသောက်ဆိုင်တွေ မရှိတော့ ကိုင်းထဲယာထဲကပဲ ရှာဖွေစားသောက်ကြရတယ်။ ပူတယ်လေ ဆယ်နေကဲ လို့ဆိုရတဲ့ အညာနွေဖြစ်ပေမယ့် မယ်ဇယ်ပင်တွေကြား ဖြတ်တိုက်လာတဲ့လေကတော့ အေးလည်း အေးတယ်။ သန့်လည်း သန့်တယ်။ အမောပြေသွားစေတယ်။

ကောက်ညှင်းပေါင်းနဲ့ ဘယာကြော်

မိုးကျတော့ရေအပြည့်နဲ့ အင်းပြင်ကြီးကို ဖြတ်တိုက်လာတဲ့လေဆိုတော့ ရင်ထဲအထိကို အေးမြသွားရတယ်။ အင်းထဲမှာ လှေစီးပြီး မြူးကြတယ်။ ငါးဖမ်းရောင်းသူတွေဆီက ငါးဝယ်ပြီး လတ်လတ်ဆတ်ဆတ် ကင်စားရတဲ့ အရသာကလည်း ဘာနဲ့မှမလဲနိုင်အောင် ကောင်းတာ။ ဆောင်းရောက်တော့လည်း ကန်ရေပြင်ထက်က မြူနှင်းပြယ်စမြင်ကွင်းက ကြည့်မဝအောင်ကို လှတာဖြစ်တယ်။ နေထွက်ပြူစ တံတားပေါ်လမ်းလျှောက်ရင်း ရောင်းဖို့ထွက်လာတဲ့ ကောက်ညှင်းပေါင်းသည်ဆီက အငွေ့တထောင်းထောင်း ကောက်ညှင်းပေါင်းနဲ့ အကြော်သည်ဆီက ဘယာကြော်တို့ကလည်း မမေ့နိုင်စရာဖြစ်တယ်။ ကိုယ့်ငါးချဉ်မို့ ကိုယ်ချဉ်တာမဟုတ်ပါဘူး။ မြစ်ဝကျွန်းပေါ်သား ဆရာဒေါက်တာသန်းထွန်းတို့၊ ဆရာမဒေါ်ကလျာတို့ဆိုရင် တောင်သမန်ကို ချစ်ကြလွန်းလို့ ညအိပ်ညနေ ရက်ပေါင်းများစွာနေပြီးကို စာတွေရေးကြတယ်။

သုံးဖန်လှ မဟုတ်တော့

အခုတော့ တောင်သမန်လည်း နဂိုရည်ပျက်ယွင်းခဲ့ပြီ။ ကဗျာဆရာ မောင်မြတ်မှိုင်းရေးခဲ့သလို ‘သုံးဖန်လှ’ မဟုတ်တော့ဘူး။ လူသားများရဲ့ အသိဉာဏ်ကင်းမဲ့မှုကြောင့် အရုပ်ဆိုး အကျည်းတန်သွားပြီ။ ဆရာမဒေါ်ကလျာ မချိတင်ကဲ ရေးထားတာကို ဖတ်ကြည့်စေချင်တယ်။ ‘ယခုအချိန်မှာဖြင့် တောင်သမန်သည် သစ္စာမဲ့ခဲ့ပြီ။ တောင်သမန် ရေတိုးခြင်း၊ ဧရာဝတီဆီအထိ ရေဆင်းခြင်း စသော လည်ပတ်မှုများ လုံးဝမရှိတော့ပါ။ ငါးမွေးမြူရေးလုပ်ရန်အတွက် ရေဝင်ရေထွက်ခြင်းများကို လုံးဝ ပိတ်ဆို့ကာရန်ထားလိုက်ကြခြင်းကြောင့် ရေသေကန်ကြီး ဖြစ်သွားခဲ့ရပါပြီ။ ရေမစီးနိုင်တော့ခြင်းကြောင့် ရှိသမျှ အမှိုက်များအားလုံး ဤရေထဲမှာဝင်နေခြင်းကြောင့် ရေညစ်ညမ်းမှုကြီးက ဆိုးသွမ်းလွန်းလှပါဘိ။’

ခြင်တွေ ဝိုင်းဝိုင်းလည်

‘ရေသေဖြစ်သွားသည့်အတွက် ဘယ်တုန်းကမှ ခြင်ထောင်ထောင်၍ မအိပ်ရသော တောင်သမန်အနီးမှ အဆောက်အအုံ အားလုံးတွင် ခြင်တွေက သပ်ချလို့ရအောင် ဝိုင်းဝိုင်းလည်ပြီး လူတစ်ကိုယ်လုံးလည်း ရစရာမရှိအောင် ခြင်ကိုက်ဖုများနှင့် နပမ်းလုံးခဲ့ရပါသည်’ ဆရာမဒေါ်ကလျာရေးသလိုရေ သေဖြစ်သွားတော့ ရေသိုးနံ့ ညှီစို့စို့ကြီးက အော်ဂလီဆန်စရာ ကောင်းလှပါတယ်။ ဆရာမဒေါ်ကလျာက နောက်ဆုံးမှာ တစ်နိုင်ငံလုံးကပြည်သူတွေ ဧရာဝတီကို ဝိုင်းပြီး ကယ်တင်ခဲ့ကြသလို တောင်သမန်ကိုလည်း ကယ်ကြပါဦးလို့ ရင်ကွဲနာနဲ့ သံကုန်ဟစ်ထားရှာပါတယ်။

သေသူကို ရှင်သူတရ
တောင်သမန်သားတို့ရင်ထဲက
သုံးဖန်လှရဟတ်
ဘယ်သူတွေ ရပ်ပစ်နိုင်မတုန်း။

ကဗျာဆရာ မောင်မြတ်မှိုင်းတစ်ယောက် သူ မြတ်နိုးလှတဲ့ သုံးဖန်လှ တောင်သမန်ကို အခုအချိန်မှာ မြင်တွေ့မသွားရတဲ့အတွက် ကံကောင်းသွားတယ်လို့တောင် ဆိုရမလိုပဲ။ ဒါမျိုးတွေကြောင့်ပဲ သေသူကို ရှင်သူက တရတယ် ဆိုတဲ့စကား ဖြစ်ပေါ်လာရတာ ထင်ပါရဲ့။ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ ကြောင်ဖြူ ကြောင်မည်း စီးပွားရေးသမားတွေက လောဘဇောတိုက်ပြီး တောင်သမန်ရဲ့ သုံးဖန်လှရဟတ်ကို ဇွတ်အတင်းကြီး ရပ်ပစ်လိုက်ကြပြီလေ။


Eleven Media Group မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။ 


 

No comments: