Sunday, May 13, 2012

လူငယ်တွေအတွက် မရှိမဖြစ် အရာနှစ်မျိုး (လူထုစိန်ဝင်း)

"ပညာတတ်လောကမှာ ရေပန်းစားတဲ့ Win-Win ဆိုတာ တကယ့်ပြိုင်ပွဲတွေမှာ မရှိနိုင်ဘူး။ ပြိုင်ပွဲဆိုကတည်းက အရှုံးအနိုင် သိဖို့လုပ်တာ မဟုတ်ဘူးလား။ သရေဆိုတာက ပွဲမပြီးသေးဘူး။ နောက်ထပ် ပြိုင်စရာ ရှိသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ် ..."

လူငယ်တွေ ရောက်လာ စကားပြောကြတဲ့အခါတိုင်း ကျွန်တော်တို့ ဘာလိုနေလဲ။ ဘာတွေကြိုးစားရမလဲ ဆိုတဲ့မေးခွန်းကို မေးလေ့ရှိကြတယ်။ သူတို့ကို ဝေဖန်ပါ၊ ထောက်ပြပါလို့ ပြောတဲ့သဘောဆောင်တဲ့အတွက် ဝမ်းသာရပါတယ်။

ချီးကျူးရမယ့်စိတ် 

တစ်ဆက်တည်းပဲ လူငယ်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့အရာများကိုလည်း ပြောပြပေးပါလို့ တောင်းဆိုတတ်ကြတယ်။ ဝေဖန်ရေးကို လိုလိုလားလား တောင်းခံတဲ့စိတ်မျိုးရှိတာ လူငယ်တွေကို ချီးကျူးရမယ်။ ရင့်ကျက်တဲ့အရွယ် လူကြီးတွေတောင် ဝေဖန်ရေးကို လက်ခံတတ်ကြတာ မဟုတ်ဘူး။ ဝေဖန်သူကို ‘ကက်ကက်လန်’ ပြန်ပြီး ရန်တွေ့တတ်ကြတယ်။ ကိုယ့်မှာ ဖြည့်ဆည်းဖို့ လိုအပ်နေတာတွေကို သိချင်စိတ်ရှိတာလည်း ကောင်းတာပဲ။ တစ်ပါးသူကို ထောက်ပြပေးပါလို့ တောင်းဆိုတာက ပိုပြီး နှစ်လိုဖွယ်ကောင်းတယ်။ ပလွှားစိတ် မရှိတာကို ညွှန်ပြတယ်။ ဒီအချက်တွေကြောင့်လည်း လူငယ်တွေနဲ့ ‘ပလဲနံပသင့်’တာ ဖြစ်တယ်။ လူကြီးတွေ(အထူးသဖြင့်) မြို့သားပညာတတ် လူကြီးတွေက အများအားဖြင့် ဟန်များတယ်။ (ခုခေတ်စကားနဲ့ဆို ပဲများတယ်ပေါ့)။ တကယ်သိတာ မဟုတ်ဘဲနဲ့ သိချင်တတ်ချင်ယောင် သိပ်လုပ်တတ်ကြတယ်။

သရေဆိုတာ ပွဲမပြီးတာ

ဟန်မလုပ်တတ်တာဟာ လူငယ်တွေရဲ့ နှစ်လိုဖွယ် အကောင်းဆုံးအချက် ဖြစ်တယ်။ သိရင် သိတယ်။ မသိရင် မသိဘူး။ ကြိုက်ရင် ကြိုက်တယ်။ မကြိုက်ရင် မကြိုက်ဘူး ပွင့်ပွင့်လင်းလင်း ပြောတယ်။ ကြိုးဝိုင်းထဲမှာ ပရိသတ်ကိုညာပြီး သရေထိုးသွားတဲ့ လုပ်ပွဲမျိုးဆိုရင် သည်းခံမနေဘူး။ ဝိုင်းပြီး အော်ကြဟစ်ကြ ဆူကြတာပဲ။ လက်ဝှေ့ထိုးတယ်ဆိုတာ အရှုံးအနိုင်သိဖို့ ဖြစ်တယ်။ အရှုံးအနိုင် အဖြေမထွက်ရင် ပွဲပြီးတယ်လို့ မယူဆဘူး။ ပညာတတ်လောကမှာ ရေပန်းစားတဲ့ Win-Win ဆိုတာ တကယ့်ပြိုင်ပွဲတွေမှာ မရှိနိုင်ဘူး။ ပြိုင်ပွဲဆိုကတည်းက အရှုံးအနိုင် သိဖို့လုပ်တာ မဟုတ်ဘူးလား။ သရေဆိုတာက ပွဲမပြီးသေးဘူး။ နောက်ထပ် ပြိုင်စရာ ရှိသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ဘောလုံးပွဲမှာ ပူးတွဲ ပထမ ဆိုတာ မရှိဘူး။ ရာသီကုန်မှာ အမှတ်တူ၊ ဂိုးကွာခြားမှုတူ ဖြစ်နေရင် အဲဒီနှစ်သင်း ထပ်ကန်ရတယ်။ သရေဖြစ်နေရင် အချိန်ပို ကစားရတယ်။ အချိန်ပိုထိ သရေဖြစ်နေသေးတယ်ဆိုရင် အရှုံးအနိုင် မပေါ်မချင်း ပယ်နယ်တီကန်ပြီး ဆုံးဖြတ်ရတယ်။

ပိုပြီး ရင်းရင်းနှီးနှီး 

ဟန်မဆောင်တတ်တာ၊ ပွင့်လင်းတာကြောင့် လူငယ်တွေနဲ့ပိုပြီး ရင်းရင်းနှီးနှီး နေဖြစ်တယ်။ သူတို့စိတ်ထဲရှိတဲ့အတိုင်း ပြောတာကို ကိုယ်က နားထောင်ပေးသလို၊ ကိုယ်ပြောတာတွေကိုလည်း သူတို့က စေတနာမှန်နဲ့ ပြောတာပဲဆိုပြီး လက်ခံတယ်။ လူကြီးနဲ့လူငယ် သဟဇာတဖြစ်ဖို့ အရေးကြီးဆုံးက စေတနာမှန်ဖို့ပဲ။ လူငယ်တွေက သူတို့လိုအပ်တာတွေ ထောက်ပြပါဆိုရင် ကိုယ်မြင်တွေ့တဲ့အတိုင်း ပြောလိုက်တယ်။ ကိုယ်ရေးတဲ့စာတွေထဲက သူတို့မကြိုက်တာတွေကို ပြောရင်လည်း လက်ခံသင့်တာကို လက်ခံပြီး ရှင်းပြဖို့လိုအပ်တာကို ရှင်းပြလိုက်တယ်။ ဟန်လုပ်ပြီး တစ်ယောက်ကို တစ်ယောက် ‘ဗုံနဲ့မြှောက်’ နေတာမျိုးတွေ မရှိဘူး။ လူကြီးရော လူငယ်ပါ စိတ်လွတ်လပ် ပေါ့ပါးတယ်။ စကားပြောရတာ နှစ်ဦးစလုံးအတွက် အကျိုးရှိတယ်။

မရှိမဖြစ် နှစ်မျိုး 

အဲဒီလို လူငယ်တွေက သူတို့ လူငယ်များအတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဘာလဲလို့ မေးကြတာကိုလည်း ကိုယ့်ခံယူချက်အတိုင်း ဖြေလိုက်ပါတယ်။ မျှော်လင့်ချက် နဲ့ စံပြုပုဂ္ဂိုလ် (Role Model) ဆိုတဲ့ အရာနှစ်မျိုးဟာ လူငယ်တိုင်းအတွက် အလိုအပ်ဆုံးအရာ ဖြစ်တယ်။ ဒီနှစ်ခု ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသားရှိမှ လူ့လောကမှာ လူတစ်လုံး သူတစ်လုံး (Somebody) ဖြစ်နိုင်ပါတယ်။ ဒီနှစ်ခု မရှိရင် ပဲ့မပါတဲ့လှေလို ဟိုဘက် မျောလိုက်၊ ဒီဘက်မျောလိုက်နဲ့ ဘယ်သောင်ဘယ်ကမ်းမှ ဆိုက်မှာ မဟုတ်ဘူး။ ဟိုလိုလို ဒီလိုလိုနဲ့ လူရာမဝင်တဲ့ (Nobody) ယောင်ခြောက်ဆယ်အဖြစ်နဲ့ နိဂုံးချုပ်ရမှာ သေချာတယ်။

ရှင်လျက် သေနေသူ 

 လူ့ဘဝဆိုတာ မျှော်လင့်ချက်ကြောင့် အဓိပ္ပာယ်ရှိနေတာဖြစ်တယ်။ မျှော်လင့်ချက် ကင်းမဲ့တဲ့ဘဝဟာ အသက်ရှင်လျက် သေနေတဲ့ဘဝ ဖြစ်တယ်။ ဘာအနှစ်သာရမှ မရှိဘူး။ အချည်းအနှီးပဲ။ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ တစ်နေ့မှာ ဆင်းရဲတဲ့ဘဝက လွတ်မြောက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိရင် ဆင်းရဲပေမယ့် ပျော်ရွှင်နိုင်တယ်။ ဆင်းရဲလို့ စိတ်မချမ်းသာတာ မပျော်နိုင်တာ မဟုတ်ဘူး။ မျှော်လင့်ချက် မရှိလို့ စိတ်မချမ်းသာတာ၊ မပျော်နိုင်တာ။ မျှော်လင့်ချက်နဲ့ စိတ်ကူးယဉ်မှုဆိုတာ ဆိတ်သုဉ်းသွားရင် အဲဒီလူဟာ ရှင်လျက် သေနေတဲ့သူပဲ။ ဘာမှ သုံးစားလို့ မရတော့ဘူး။ လူမှန်ရင် မျှော်လင့်ချက် ရှိရမယ်။ စိတ်ကူးယဉ်တတ်ရမယ်။

အိပ်မက် မက်တတ်ရမယ် 

အထူးသဖြင့် လူငယ်မှန်ရင် စိတ်ကူးယဉ်အိပ်မက်တွေ အမြဲမက်နေရမယ်။ အိပ်မက် မမက်တတ်ရင် လူငယ် မဟုတ်ဘူး။ “ဖြစ်တော့ ဖြစ်ချင်တာပေါ့၊ ဒါပေမယ့်...” ဆိုတာ အရှုံးသမားရဲ့ လက်သုံးစကား ဖြစ်တယ်။ လူငယ်မှာ ဒါပေမယ့် (but) ဆိုတာ လုံးဝ မရှိရဘူး။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်တစ်ခုတည်းသာ ရှိရမယ်။ လောကမှာ မဖြစ်နိုင်တဲ့အရာ ဘာမှမရှိဘူး။ မလုပ်ရသေးလို့ မဖြစ်သေးတာသာ ဖြစ်တယ်။ လုပ်ရင် ဖြစ်တယ်။ သွားရင် ရောက်တယ်။ ယူရင် ရတယ်။ မဉ္ဇူသက နတ်ပန်းကိုမှ ဆွတ်ချင်သလား။ မရမချင်း ဆွတ်မယ်ဆိုတဲ့ ဇွဲသတ္တိရှိရင် မရဘဲ မနေဘူး။ ရမှာသေချာတယ်။ ဇွဲနဲ့သတ္တိ မရှိဘဲ ရတာကိုပဲ ယူလိုက်ပါတော့မယ်ဆိုရင်တော့ မဉ္ဇူသကနတ်ပန်းကို မရဘဲ ခေါင်ရမ်းပန်းကိုပဲ ရလိမ့်မယ်။ ခေါင်ရမ်းပန်းကို ခေါင်းမှာပန်တဲ့ လူဆိုရင် ရွာသူရွာသားတွေက ရွာထဲလုံးဝ အဝင်ခံမှာ မဟုတ်ဘူး။ ရွာနာတယ်ဆိုပြီး မောင်းထုတ်ကြမှာ သေချာတယ်။

အားကျအတုယူစရာ 

လူငယ်တိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ နောက်တစ်မျိုးက စံပြုပုဂ္ဂိုလ် (Role Model) ဖြစ်တယ်။ ကလေး ဘဝကတည်းက အားကျအတုယူစရာ စံပြုပုဂ္ဂိုလ်တစ်ဦးဦး ရှိနေသင့်တယ်။ စံပြုပုဂ္ဂိုလ်ကို အားကျအတုယူပြီး ကြိုးစားအားထုတ်မှုဟာ လူတိုင်းအတွက် အရေးပါတယ်။ ရှေးခေတ်က ကိုအောင်ဆန်းတို့၊ ကိုဗဟိန်းတို့တစ်တွေဟာ အိုင်ယာလန်သူပုန်ကြီး မိုက်ကယ်ကောလင်းကို အားကျအတုယူပြီး အင်္ဂလိပ်နယ်ချဲ့တွေကို မောင်းထုတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဂျူးလိယက်ဖူးချစ်တို့၊ ဟိုဆေးရီဇော် တို့ကို ချီးကျူးခဲ့ကြတယ်။ နောက်ခေတ် လူငယ်တွေကျတော့ မော်စီတုန်းနဲ့ ဟိုချီမင်း၊ ကက်စထရိုနဲ့ ချီဂွေဗာရား၊ ငုယင်ဗန်ထရွိုင်း စတဲ့ တော်လှန်ရေးသမားကြီးတွေကို စံပြုပုဂ္ဂိုလ်အဖြစ် အားကျ အတုယူခဲ့ကြတယ်။

ဧဝရတ်ကို အောင်နိုင်တဲ့ မျက်မမြင် 

ကျွန်တော်တို့ ကလေးဘဝကဆိုရင် အင်္ဂလိပ် ဖတ်စာအုပ်ထဲမှာပါတဲ့ ရော်ဘင်ဟုဒ်လို၊ အိုင်ဗင်ဟိုလို မတရားမင်းတွေကို ဆန့်ကျင်ခြားနားပြီး ဆင်းရဲသားတွေကိုကူညီတဲ့ လူစွမ်းကောင်းတွေကို သိပ်အားကျခဲ့ရတယ်။ ကစားရင်တောင် ရော်ဘင်ဟုဒ် လုပ်တမ်းမှ ကစားချင်တယ်။ ထောင်အကြိမ်ကြိမ်ကျခဲ့ရတဲ့ သတင်းသမားတစ်ယောက် ဖြစ်ခဲ့ရတာ ငယ်စဉ်က ရော်ဘင်ဟုဒ်တို့၊ အိုင်ဗင်ဟို တို့ကို အားကျအတုယူခဲ့လို့ ထင်ပါရဲ့။ အခုခေတ် ကလေးတွေနဲ့ လူငယ်တွေမှာ အဲဒီလို စံပြုပုဂ္ဂိုလ်မျိုး တော်တော်ရှားပါးတာ တွေ့ရတယ်။ ကျောင်းသင်ဖတ်စာတွေထဲမှာ မတွေ့ရသလို အပြင် ဖတ်စရာတွေထဲမှာလည်း မတွေ့နိုင်ဘူး။ ဒီခေတ်မှာ ရော်ဘင်ဟုဒ်လို လူစွမ်းကောင်းတွေ မတွေ့နိုင်တော့ပေမယ့် မျက်စိနှစ်ဖက်စလုံး မမြင်ရတဲ့သူနဲ့ ခြေနှစ်ဖက်စလုံး ပြတ်နေသူတွေက ဧဝရက်တောင်ထိပ်ကို ရောက်အောင် တက်နိုင်ခဲ့ကြတဲ့အဖြစ်တွေ၊ ၁၃ နှစ်သမီးလေး တစ်ယောက်တည်း ရွက်လှေတစ်စင်းနဲ့ ကမ္ဘာတစ်ပတ်ပတ်ခဲ့တဲ့ သတင်းတွေ နေ့စဉ် တွေ့မြင်ဖတ်ရှုနေရတယ် မဟုတ်လား။ ဒါတွေဟာ ကလေးတွေနဲ့ လူငယ်တွေအတွက် စံပြုပုဂ္ဂိုလ်တွေ ဖြစ်နိုင်တာပေါ့။

သူတော်ကောင်းမကြီး 

ဒီလို သတင်းအဖြစ်အပျက်တွေကို ကျောင်းဖတ်စာတွေထဲရောက်အောင် ပို့သင့်ကြပါတယ်။ လူစွမ်းကောင်းတွေ အကြောင်းမှ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံက ကူသူကယ်သူမဲ့ ဖြစ်နေကြတဲ့ ဆင်းရဲသားတွေနဲ့ ရောဂါသည် ဒုက္ခိတတွေကို ကယ်တင်ရေး အတွက် သူ့ဘဝတစ်ခုလုံးမြှုပ်နှံပြီး ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့တဲ့ လူဖြူခရစ်ယာန် သီလရှင် သူတော်ကောင်းမကြီး မာသာထရီဇာရဲ့အကြောင်းနဲ့ သူ့လုပ်ရပ်တွေ အကြောင်းလည်း ကမ္ဘာတစ်ခုလုံးက စာသင်ခန်းတွေထဲမှာ ကလေးတွေ ဖတ်ရှုသင်ကြားနေနိုင်အောင် ဆောင်ရွက်သင့်ကြပါတယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ တစ်နေ့တခြား တိုးပွားများပြားလာပြီး လူသားတွေ ရိုင်းသထက် ရိုင်းလာနေတဲ့အတွက် ကမ္ဘာကြီးတစ်ခုလုံး ပစ္စန္တရစ်အရပ်သဖွယ် ဖြစ်နေတဲ့ ခေတ်ကာလကြီးမှာ မာသာထရီဇာဆိုတဲ့ မေတ္တာရှင် သူတော်စင်ကြီးဟာ အကောင်းဆုံးသော စံပြုပုဂ္ဂိုလ် မဟုတ်ပါလားခင်ဗျာ။

[Weekly ELEVEN News ဂျာနယ်၊ အတွဲ- ၆၊ အမှတ်- ၂ မှ] 


No comments: