Sunday, March 18, 2012

ပြည်သူ့အသံ ဂရုစိုက်နားထောင်ပါ (လူထုစိန်ဝင်း)

နိုင်ငံရေးစနစ် ပြောင်းလဲခြင်းနဲ့အတူ ပညာရေးစနစ်ပါ ပြုပြင်ပြောင်းလဲရေးအတွက် လွှတ်တော်တွင်း လွှတ်တော်ပ ပြောဆို ဆွေးနွေးမှုတွေ အခုတလော အဆက်မပြတ် ကြားနေရတယ်။ ဝမ်းသာ အားတက်စရာပါပဲ။

သန်ရာသန်ရာ အကြံပေးကြ

ပြည်သူလူထုထဲက စိတ်ဝင်စားသူတွေသာမက သားသမီး ပညာရေးအတွက် စိတ်ဝင်စားတဲ့ မိဘများကလည်း ဂျာနယ်တွေကတစ်ဆင့် ဝင်ရောက်ဆွေးနွေး အကြံပေးကြတာတွေ ဖတ်ရတယ်။ တချို့ကတော့ တစ်ခုလုံးခြုံပြီး ဝေဖန်အကြံပြုတာမျိုးမဟုတ်ဘဲ ကိုယ်သန်ရာသန်ရာ အကြောင်းအရာတစ်ခုကို ထည့်သွင်း သင်ကြားပေးစေချင်ကြောင်း အကြံပြုကြတယ်။


ဥပမာတချို့က စိုက်ပျိုးရေးပညာ သင်ပေးပါလို့ အကြံပြုပြီး တချို့က စက်မှုနည်းပညာ အခြေခံနဲ့ အိုင်တီပညာအခြေခံ သင်ပေးပါလို့ အကြံပြုတယ်။ ဒီလိုပဲ AIDS တားဆီး ကာကွယ်ရေးကိစ္စ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စ၊ လူ့အခွင့်အရေးတို့ ပြည်သူ့နီတိတို့လို လူမှုရေး ပညာရပ်ကိစ္စတွေလည်း မဖြစ်မနေ ပါဝင်သင့်တယ်လို့ အကြံပြုသူတွေလည်း ရှိကြတယ်။ စည်းကမ်းတကျ လမ်းဖြတ်ကူးရေးကို မူလတန်းအရွယ်ကတည်းက သင်ကြားပေးသင့်တယ်လို့ အကြံပြုသူလည်း ရှိတယ်။

ဂီတနဲ့ပန်းချီ သင်ပေးပါ

ကလေးတွေ စိတ်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်စေဖို့ ငယ်စဉ်ကတည်းက ဂီတနဲ့ ပန်းချီ သင်ပေးပါ၊ နိုင်ငံတကာက ကျောင်းတွေမှာလည်း သင်ပေးတယ်။ ရှေးခေတ်က မြန်မာစာသင်ကျောင်းတွေမှာလည်း ပန်းချီဆရာတွေခန့်ပြီး သင်ကြားပေးပါတယ်လို့ တိုက်တွန်း နှိုးဆော်သူတွေလည်း ရှိတယ်။ အကြံပေးချက်တွေ အားလုံးဟာ အဖိုးတန်တဲ့ အကြံပေးချက်တွေချည်း ဖြစ်တယ်။ ဒါပေမယ့် သင်ရိုးညွှန်းတမ်းထဲမှာ အားလုံးပါအောင် ထည့်ဖို့ဆိုတာတော့ ဖြစ်နိုင်ဖွယ် မရှိဘူးလို့ ထင်ပါတယ်။ ကျောင်းသုံးစာအုပ် ပြုစုရေးသားတဲ့အခါမှာ ပညာပေးတဲ့ အကြောင်းအရာတွေချည်း တန်းစီပြီး ထည့်သွားလို့ မဖြစ်ပါဘူး။ စာသင်ရတာ ပျော်စရာဖြစ်အောင် ပေါ့ပါးတဲ့ အကြောင်းအရာလေးတွေလည်း ညှပ်ပြီး ထည့်ပေးရပါတယ်။

ကျွမ်းကျင်သူနဲ့ တိုင်ပင်

ဘယ်အရွယ် ကလေးအတွက် ဘယ်လိုရေးပြီး ဘယ်လိုပေးရမယ်ဆိုတာကို သင်ရိုးညွှန်းတမ်းရေးဆွဲတဲ့ ပညာရှင်များသာ သိနိုင်ပါတယ်။ လူတိုင်း ဝင်ရေးလို့ မရပါဘူး။ မူလတန်း ကလေးတွေအတွက် ပြဋ္ဌာန်းစာအုပ် ပြုစုရေးသားမယ်ဆိုရင် သင်ကြားရေး၊ စိတ်ပညာ ကျွမ်းကျင်သူတွေ၊ ကလေး စိတ်ပညာပါရဂူတွေ၊ မူလတန်းဆရာ၊ ဆရာမတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီးမှ သင်ရိုးညွှန်းတမ်း ပညာရှင်တွေက ရေးဆွဲကြရမှာဖြစ်တယ်။ ဘယ်အရွယ်ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက ဘယ်လောက်ရှိတယ်ဆိုတာကို ကလေးစိတ်ပညာ ပါရဂူတွေမှ သိပါတယ်။ သူတို့နဲ့ ညှိနှိုင်းခြင်းမပြုဘဲ လုံးဝ မရေးသင့်ပါဘူး။

စမ်းသပ်ခဲ့တဲ့ အကြိမ်တွေ

သင်ရိုးညွှန်းတမ်း ရေးဆွဲပြုစုရာမှာ ကလေး အသက်အရွယ်အလိုက် ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး သင်ရိုးညွှန်းတမ်း ရေးဆွဲရေး ပညာရှင်များကသာ ရေးဆွဲရမယ်ဆိုတဲ့မူကို အခိုင်အမာချမှတ်ပြီး ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ဟိုကပြော၊ ဒီကပြောနဲ့ ပြောသမျှတွေနောက်လိုက်နေရင် ငါးပွက်ရာ ငါးစာချသလို အချိန်သာကုန်ပြီး ငါးရဖွယ်မရှိ ဖြစ်တတ်တယ်။ ပညာရေးနဲ့ပတ်သက်ပြီး စနစ်သစ်ဆို စမ်းသပ်ခဲ့တဲ့ အကြိမ်တွေ မနည်းတော့ဘူး။ ကြားထဲက ကျောင်းသူ ကျောင်းသားတွေပဲ ဒုက္ခရောက်ကြရတယ်။

မပါမဖြစ် ပါရမယ့်သူတွေ

ဒီတစ်ကြိမ်တော့ သေသေချာချာ အချိန်ယူပြီး ဆောင်ရွက်သင့်တယ်။ တတ်သိနားလည်တဲ့ ပညာရှင်မှန်သမျှဆီက အကြံပြုချက်တွေရအောင် ယူသင့်တယ်။ လက်တွေ့ သင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေရဲ့ အသံတွေကိုပါ နားထောင်ဖို့ လိုပါတယ်။ ကာယကံရှင်တွေရဲ့ ဆွေးနွေး ဝေဖန်ချက်တွေကို ထည့်သွင်းမစဉ်းစားဘဲနဲ့ မှန်ကန်တဲ့ စီမံကိန်းတစ်ရပ် ပေါ်ထွက်မလာနိုင်ဘူး ဆိုတဲ့အချက်ကို မမေ့သင့်ကြဘူး။ ပညာရေးမှာ ကာယကံရှင်က ကျောင်းသားရယ်၊ ဆရာရယ်၊ မိဘရယ် ဖြစ်တယ်။ ဒီသုံးဦးဟာ ပညာရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးညှိနှိုင်းပွဲ မှန်သမျှကို မပါမဖြစ် ပါဝင်ရမယ့်သူတွေဖြစ်တယ်လို့ ဆိုချင်တယ်။

ဂရုမစိုက်ခဲ့ကြလို့

မှားမှားမှန်မှန် ခိုင်းရင်ခိုင်းတဲ့ အတိုင်းလုပ်ဆိုတဲ့ တစ်ပါတီ အာဏာရှင်စနစ်အောက်မှာ ဘာတစ်ခုမှ ထိရောက် အောင်မြင်အောင် မလုပ်နိုင်ခဲ့ကြတာဟာ ပါဝင်ပတ်သက်နေတဲ့ ကာယကံရှင်တွေရဲ့အသံတွေကို လုံးဝ ဂရုမစိုက်ခဲ့ကြလို့ ဖြစ်တယ်။ ရှေးရှေးက ဝန်ကြီးတစ်ပါး နောက်တော်ပါတွေနဲ့ တိုင်းခန်းလှည့်လည်ရာမှာ အညာဒေသရောက်တော့ ဒီနှစ် မိုးလေမမှန်လို့ ထန်းအထွက်နည်းတဲ့အတွက် ထန်းသမားများ ထန်းလျက်ကုန်သည်များ စားဝတ်နေရေးခက်ခဲကြောင်း ဒေသခံတွေက တင်ပြကြတယ်။ အဲဒီတော့ ဝန်ကြီးက ထန်းသမားတွေကို မျိုးကောင်းမျိုးသန့်တွေ ထုတ်ပေးလိုက်၊ မြစ်ရေတင်စီမံကိန်းကို ဒီဒေသအရောက် တိုးချဲ့လိုက်ဖို့ အမိန့်တော်ချမှတ်လိုက်သတဲ့။

လူမှန် နေရာမှန်

ဒီမိုကရေစီခေတ်ကို မဖြစ်ဖြစ်အောင် ထူထောင်မယ်ဆိုရင်တော့ ထန်းမျိုးစေ့ကောင်း ထုတ်ပေးလိုက်ဆိုသူတွေနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘယ်နေရာ ဘယ်ဌာန ဘယ်စီမံကိန်းမျိုးမှာမဆို တကယ်တတ်သိနားလည်တဲ့ ပညာရှင်တွေနဲ့ လူမှန်နေရာမှန်ဖြစ်ဖို့ လိုတယ်။ စီမံကိန်းတွေ ရေးဆွဲချမှတ်ရာမှာလည်း ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ပတ်သက်နေကြတဲ့ ကာယကံရှင် ပြည်သူလူထုဆီက အကြံပေးချက်၊ တင်ပြချက်တွေကို ဂရုစိုက် နားထောင်ကြဖို့ လိုပါတယ်။

၁၉၅၃ ခုနှစ်က စာအုပ်

ရှေးခေတ် ပထမတန်း ဖတ်စာအုပ်ထဲမှာ ပါတာလေးတွေကို နမူနာအဖြစ် ရေးပြလိုက်ပါတယ်။ မြန်မာဖတ်စာသစ်လို့ ခေါ်ပါတယ်။ အဖုံးမှာ ဒေါင်းတံဆိပ်ကြီးပါလို့ ဒေါင်းဖတ်စာလို့ ခေါ်ကြတယ်။ စာမျက်နှာ ၁၀၂ မျက်နှာပါပြီး တန်ဖိုး K 1-50 (တစ်ကျပ် ငါးဆယ်ပြား) ဖြစ်တယ်။ Approved by Text Book Committe, Rangoon လို့ဖော်ပြပြီး British Burma Press. Rangoon Gazette Limited က ၁၉၅၃ ရိုက်နှိပ်ထားတာ ဖြစ်တယ်။ ပထမ နှစ်မျက်နှာက ဗျည်းနဲ့သရတွေကို သင်ထားတာဖြစ်ပြီး သင်ခန်းစာ တစ်က လေ့ကျင့်ခန်း လုပ်ခိုင်းပါတယ်။ က ကာ ကား၊ ကိ ကီ ကီး ခြောက်လုံးနဲ့ ဝါကျတွေ ရေးထားပါတယ်။

ဤပုဝါနီ၏။
မီးရထားစီးပါ။
မရီငါးမစားရ။
မနီသတိထားပါ။
အနာမထိရ။
ထီးပါသလား။

သူငယ်များနှင့် ဖားတို့အကြောင်း

သင်ခန်းစာ ၂ ကျတော့ ကု ကူ ကူး၊ ကေ ကေ့ ကေးတို့ သင်ပါတယ်။ လေ့ကျင့်ခန်းက -

ဘဦးရေကူးနေသည်။
ဆေးကု၍မရပါ။
မနေ့က လေလာ၏။
အသီးနုနု မခူးရ။
ဥတုရာသီအေး၏။ တို့ဖြစ်တယ်။

သင်ခန်းစာ ၇ ကစပြီး ဝါကျ တိုလေးတွေစသင်ပါတယ်။ ‘သူငယ်များနှင့် ဖားတို့အကြောင်း’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ -

၁။ သူငယ်များသည် ရေကန်တစ်ကန်အနီး၌ ကစားကာနေကြ၏။
၂။ ထိုကန်ထဲက ဖားအများနေကြသတည်း။
၃။ ထိုအခါ ဖားကြီးက မောင်တို့သည် သူတစ်ပါးနာအောင်၊ သေအောင် မကစားရာ။ ဆင်ကျီစားရာ ဆိတ်မခံသာပါဟုဆို၍ ရေထဲသို့ ငုပ်သွားလေ၏။

တန်ခူး ရက်မစုံ ၂၉

သင်ခန်းစာ ၉ ကျတော့ တြိချိုး သဖြန်ဆိုတဲ့ ခေါင်းစဉ်နဲ့ - ‘ရွှေလမှာ ယုန်ဝပ်လို့၊ ဆန်ဖွပ်သည့်အဖိုးအို၊ ဟောကြည့်ပဆို၊ ဆိုသာဆို ပိုမိုသည့် စကား၊ ကလေးအငိုတိတ်အောင်၊ အရိပ်အယောင်ပြတယ် ဖိုးလနတ်သား’ ကဗျာကို စ မိတ်ဆက်ပေးတယ်။ သင်ခန်းစာ ၁၂ က ‘ပျိုလေးတို့အိမ် ဦး၊ ဆပ်သွားဖူးတဲ့ တစ်ရုံနှစ်ရုံ၊ ကျေးတွေက အုံ’ ဆိုတဲ့ကဗျာပါ။ သင်ခန်းစာ ၁၆ က ‘အတတ်ပညာ၊ ကြိုးစားကာ သင်ပါမေ့သားလှ’ အစချီတဲ့ ပညာအကြောင်း သံပေါက်ပါ။ သင်ခန်းစာ ၂၀ က ယုန်နှင့်လိပ်တို့အကြောင်း ပုံပြင်ပါ။ သင်ခန်းစာ ၂၆ ကျတော့ ‘သန့်ရှင်းသော အဝတ်ကို ဝတ်ခြင်းအကြောင်း’ ခေါင်းစဉ်နဲ့ ဝါကျတိုလေး ရှစ်ခု ရေးထားတယ်။ ၃၇ မှာတော့ ‘ဥဒေါင်းယောင်ဆောင်သော ကျီးအကြောင်း’ ပုံပြင်ဖြစ်တယ်။ ၄၁ က ‘ဝံပုလွေနှင့် သိုးငယ်အကြောင်း’ ပုံပြင် ပါ။ ၅၁ က ‘ကျီးနှင့် မြေခွေးအကြောင်း’ ပုံပြင်ပါ။ ၅၆ ကျတော့ ‘တန်ခူးရက် မစုံ ၂၉၊ ကဆုန် ရက်စုံ ၃၀’ ဆိုတဲ့ မြန်မာလများအကြောင်း ဖြစ်ပါတယ်။

အတုယူနိုင်ကြပါစေ

သင်ခန်းစာ ၆၀ ကနေအကြောင်း၊ ၆၂ က လနှင့်ကြယ်များအကြောင်း၊ နောက်ဆုံး သင်ခန်းစာ ၆၄ ကတော့ ညီက အစ်ကိုထံ ပေးစာဆိုတဲ့ ပေးစာရေးနည်း ဖြစ်ပါတယ်။ အဲဒီနောက်တော့ ဆရာများ သတိပြုရန် အမှာစာဆိုပြီး သင်ခန်းစာများ သင်ကြားနည်းကို ရှင်းလင်းပြောထားတာ ဖြစ်ပါတယ်။ ဒီဖတ်စာလေး ကြည့်လိုက်ရုံနဲ့တင် သင်ရိုးညွှန်းတမ်းတို့ ဖတ်စာတို့ ရေးဆွဲပြဋ္ဌာန်းရာမှာ သက်တမ်းအလိုက် ဘယ်လိုအဆင့်ဆင့် ပေးသွားရမယ်ဆိုတာ သိသာထင်ရှားပါတယ်။ ကောင်းတာတွေ အတုယူနိုင်ကြပါစေလို့ သတိပေး နှိုးဆော်လိုက်ရပါတယ်။


 Eleven Media Group မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။ 



No comments: