Monday, February 27, 2012

လက်တွေ့လုပ်ပြတာပဲ မြင်တွေ့ချင်ကြတယ် (လူထုစိန်ဝင်း)

“ပြုပြင်ပြောင်းလဲရေးဆိုတာ ပါးစပ်နဲ့တင် ပြောင်းနေလို့မရဘူး။ စာရွက်ထဲမှာ ရေးထားရုံနဲ့လည်း မရဘူး။ “Actions Speak louder than words” ဆိုတဲ့စကားလို လက်တွေ့ပြဖို့ လိုတယ်။ မြန်မာ့ဆိုရှယ်လစ် အစိုးရခေတ်တုန်းကလည်း အပြောတွေကတော့ ချိုနေတာပဲ။ ရှေးက ကျောမွဲတွေ ငဘတွေ လို့ခေါ်နေတဲ့ လယ်သမားဆင်းရဲသားတွေကို “ဦးကြီး ဦးကြီး” နဲ့ ရွှန်းရွှန်းကို ဝေနေတာပဲ။ 
အလုပ်သမားတွေကိုလည်း “လုပ်သားပြည်သူ” တွေလို့ ခေါ်ခဲ့တယ်။ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာထဲမှာလည်း နိုင်ငံတော်စီမံကိန်းတွေ အကြီးအကျယ် အောင်မြင်နေကြတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ …”

အခုတလောစာရေးရတာ ပျော်တယ်လို့ ခံစားမိလာသလိုလို ရှိတယ်။ စာတွေကို စက်နဲ့လှည့်ထုတ်သလို နှစ်ပေါင်းများစွာ ရေးနေပေမယ့်၊ တာဝန်ဝတ္တရားတစ်ခုအနေနဲ့သာ ရေးလာခဲ့တာဖြစ်တယ်။ စာရေးရတာ ပျော်တယ်လို့ မခံစားရတာ ကြာလှပြီ။ နှစ်ပေါင်း ၅၀ တောင် ရှိခဲ့ပြီ။

လူမပြောင်း စနစ်ပြောင်း

ပြီးခဲ့တဲ့နှစ်ကစပြီး အစိုးရပုံသဏ္ဌာန်အပြောင်းအလဲ လုပ်လိုက်တယ်။ အရင်ကလည်း ဒီလူတွေ၊ အခုလည်း ဒီလူတွေဖြစ်နေပေမယ့် ‘လူမပြောင်း စနစ်ပြောင်း’ ဆိုသလို၊ တစ်သွေးတစ်သံတစ်မိန့် အာဏာရှင်ပုံစံကနေပြီး ရွေးကောက်ပွဲတို့၊ လွှတ်တော်တို့ ပုံစံကို ပြောင်းလဲကျင့်သုံးလိုက်တယ်။ 

အစိုးရအဖွဲ့သစ်ရဲ့ သမ္မတကြီးက လွှတ်တော်မှာ ပထမဆုံးမိန့်ခွန်းပြောကြားတော့ အစိုးရအဖွဲ့နဲ့တကွ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးဟာ မဲဆန္ဒရှင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသူများဖြစ်တာကြောင့် ပြည်သူ့ဆန္ဒကို အမြဲတမ်းဦးထိပ်ထား လေးစားလိုက်နာကြရမှာဖြစ်ကြောင်း၊ ဘယ်ကိစ္စမဆို ပြည်သူတွေစိတ်ချမ်းသာအောင် လုပ်ဆောင်ကြရမှာဖြစ်ကြောင်း၊ သဘောထား အယူအဆ မတူကွဲပြားသူများနှင့်လည်း လက်တွဲဆောင်ရွက်နိုင်အောင် နည်းလမ်းများ ရှာကြံကြရမှာဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးကိုလည်း မဖြစ်မနေ လုပ်ဆောင်ပြီး သတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေး စတုတ္ထမဏ္ဍိုင်ခိုင်မြဲစေရေးကိုလည်း အလေးထားဆောင်ရွက်သွားရမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့တယ်။

ယုံရခက်ကြီးပါ

ဒီမိန့်ခွန်းကို ကြားရသူတိုင်း တအံ့တသြ ဖြစ်ကြတယ်။ နှစ်ပေါင်းငါးဆယ်လုံးလုံး မကြားခဲ့ဖူးတဲ့ ပြည်သူ့ဆန္ဒကို ဦးထိပ်ထားရမယ်တို့ အယူအဆမတူသူတွေ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်သေးသူတွေနဲ့တောင် မတူတာတွေအသာထားပြီး တူတာတွေ လက်တွဲလုပ်ဆောင်သွားမယ်ဆိုတာတို့ကိုလည်း မယုံရခက်၊ ယုံရခက်နဲ့ ‘ယုံရခက်ကြီးပါ’ဆိုတဲ့ သီချင်းလိုဖြစ်နေကြတယ်။ ယုံရခက်နေသူတွေကိုလည်း အပြစ်ပြောလို့ မဖြစ်ဘူးလေ။ သူတို့မှာလည်း အတွေ့အကြုံတွေက မနည်းတော့ဘူးကိုး။ ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ဖူး၊ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ဖူးဆိုသလိုဖြစ်နေကြလေတော့ ပြောတိုင်း မယုံတတ်ကြတော့ဘူး။

မရဲတရဲ သွေးတိုးစမ်း

သမ္မတကြီးမိန့်ခွန်းပြောပြီး မကြာခင်မှာပဲ သိသာထင်ရှားတဲ့အပြောင်းအလဲကို အရင်ဦးဆုံးပြလိုက်တာကတော့ စာပေစိစစ်ရေး ဖြစ်တယ်။ ချုပ်ကိုင်တင်းကျပ်မှုတွေ အတော်များများကို လျော့ပေးလိုက်တယ်။ အရင်က လုံးဝ ရေးလို့မရတာတွေ ရေးလို့ရလာတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးဝင်းတင်တို့နာမည်တွေကို ရေးလို့ရလာရုံတင်မက သူတို့ကိုယ်တိုင်ရေးတဲ့စာတွေပါ ထည့်သွင်းဖော်ပြခွင့်ပြုလာတယ်။ နောက်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတွေ စာစောင်မှန်သမျှမှာ နေ့စဉ်မလွတ်တမ်း မြင်တွေ့လာရတယ်။ ဂျာနယ်သမားတွေကလည်း ဖြည်းဖြည်းချင်း မရဲတရဲနဲ့ သွေးတိုးစမ်းသလို ဟိုဟာလေး နည်းနည်းရေးလိုက် ဒီဟာလေး နည်းနည်းတို့ကြည်လိုက်နဲ့ စာပေစိစစ်ရေးကို အကဲစမ်းကြည့်နေကြတယ်။

အရဲကိုးပြီး မေးကြည့် ပြောကြည့်

ပြည်သူလူထုဘက်ကလည်း အလားတူပဲ။ စစချင်းတော့ ကြောက်ကြောက်နဲ့ ဆယ်အိမ်ခေါင်းလောက်ကို ပြန်ပြောကြည့်တယ်။ ပြောလို့ရတော့ အရဲကိုးပြီး ရပ်ကွက်လူကြီးကို ပြန်လှန်မေးခွန်းထုတ်ကြည့်၊ ဖြစ်ချင်တာ ပြောကြည့်တယ်။ ရမှန်းသိတော့ မြို့နယ်အဆင့် ရုံးတွေ၊ ဌာနဆိုင်ရာတွေအထိ ပြောစရာရှိတာပြော၊ မေးစရာရှိတာမေး လုပ်ဝံ့လာကြတယ်။ ပြည်သူတွေက အဲဒီလိုမေးကြပြောကြတာတွေကို သတင်းမီဒီယာတွေကလည်း အမှန်အတိုင်း ရေးသားဖော်ပြလာကြတယ်။ အခုတစ်နှစ်နီးပါးရှိလာတော့ စာနယ်ဇင်းဆိုတာ ပြည်သူလူထု အားကိုးအားထားပြုစရာ နေရာတစ်ခုပါလားလို့ ပြည်သူတွေက လက်ခံယုံကြည်လာကြတယ်။ သူတို့ ရင်ဖွင့်စရာရှိတာတွေကို ဖွင့်ဟတိုင်တည်ကြတယ်။ သူတို့ကိုယ်စား ပြောပေး ရေးပေးဖို့ တောင်းဆိုကြတယ်။

ပြည်သူကို သစ္စာရှိရတယ်

စာနယ်ဇင်းသမားဆိုတာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသူများမဟုတ်ပေမယ့် ပြည်သူတွေ ဝယ်ယူအားပေးကြတဲ့ ပိုက်ဆံကို စားနေကြရတာဖြစ်လေတော့ ပြည်သူတွေရဲ့ တောင်းဆိုချက်တွေ၊ လိုအင်ဆန္ဒတွေကို အမြဲတမ်းဦးထိပ်ထားပြီး ဖြည့်ဆည်းပေးကြရတယ်။ ပြည်သူ့အပေါ်မှာ အမြဲတမ်းသစ္စာရှိရမယ်။ ပြည်သူ့မျက်နှာကို အမြဲတမ်း ထောက်ထားရတယ်။ ပြည်သူကလွဲပြီး ဘယ်သူ့မျက်နှာကိုမှ မကြည့်ရဘူး။ အစိုးရကို မျက်နှာချိုသွေးပြီး အခွင့်အရေး မယူရ၊ မတောင်းရသလို နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေကို မြှောက်ပင့်ပြီး ‘သာပေါင်း ညာစား’လည်း မလုပ်ရဘူး။ အခုအချိန်မှာ အားကိုးအားထားပြုလောက်တဲ့ စိတ်ချယုံကြည်နိုင်တဲ့ စာနယ်ဇင်းက အရေအတွက်အားဖြင့် နည်းနေသေးပေမယ့် စာနယ်ဇင်းသမားရဲ့ ဂုဏ်သိက္ခာနဲ့ စည်းကမ်းကျင့်ဝတ်တွေကို လေးလေးနက်နက် လိုက်နာစောင့်ထိန်းတဲ့ လူငယ်စာနယ်ဇင်းသမားလေးတွေရဲ့ အရေအတွက်ကတော့ တော်တော်လေး အားရစရာကောင်းတာ တွေ့ရတယ်။

လစာတိုးပေးရေးကိစ္စ

ပြည်သူတွေရဲ့ဆန္ဒကို ဦးထိပ်ထားရမယ့် ဝတ္တရားရှိတာနဲ့အညီ အခုလည်း ပြည်သူတွေရေးစေချင်တဲ့ အကြောင်းတချို့ကို ရေးလိုက်ရပါတယ်။ ရေးလို့ ဖြစ် မဖြစ်၊ ရေးဖို့ သင့် မသင့် ချီတုံ ချတုံဖြစ်နေတာကြောင့် နည်းနည်းတောင် နောက်ကျသွားတယ်။ အခုတော့ နယ်ပယ်ပေါင်းစုံက ပြည်သူတွေရဲ့ ရင်ဖွင့်သံတွေက နားမဆံ့အောင် ကြားနေရတာကြောင့် ဘယ်ကိစ္စမဆို ပြည်သူတွေစိတ်ချမ်းသာအောင် ဆောင်ရွက်ရမယ်ဆိုတဲ့ သမ္မတကြီးရဲ့စကားကို လက်ကိုင်ပြုပြီး ရေးသင့် ရေးအပ်တာကို ရေးလိုက်တာဖြစ်တယ်။ ပထမဆုံး ပြည်သူတွေပြောစေ ရေးစေချင်တာက နိုင်ငံ့ဝန်ထမ်းအား လုံးလစာတိုးပေးရေးကိစ္စ ဖြစ်တယ်။ ဒီကိစ္စကို ပြည်သူတွေကစပြီး တောင်းဆိုခဲ့တာမဟုတ်ဘူး။ တောင်းတိုင်းရတာမဟုတ်လို့ မတောင်းဘဲ ငြိမ်နေခဲ့ကြတာကြာပါပြီ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာ ဖြစ်တယ်။

လိုက်လျောညီထွေမှု မရှိ

သူရဦးရွှေမန်းက အဆိုတင်သွင်းရာမှာ “ယနေ့တာဝန်ထမ်းဆောင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းရဲ့ လက်ရှိရရှိနေသော လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများမှာ ယနေ့ခေတ်ကာလနဲ့ လိုက်လျောညီထွေမှု မရှိပါ။ အဲဒါကြောင့် ယနေ့ဝန်ထမ်းများ၏ လုပ်ခ လစာစရိတ်နှင့် ချီးမြှင့်ငွေများအား ထိုက်သင့်သလို အလျင်အမြန် တိုးပေးရန်လိုသည်ဆိုတဲ့အချက်ကို ထောက်ပြခြင်း ဖြစ်ပါတယ်။ အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်သလို အူမတောင့်ပြီး သီလမစောင့်ရင်တော့ သူ့တာဝန်ပဲဖြစ်ပြီး သူတို့တရားကို သူတို့စီရင်မှာ ဖြစ်ပါတယ်” လို့ ပြောသွားခဲ့တယ်။ အဲဒီအဆိုကို အစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနဝန်ကြီး ဦးလှထွန်းက ပြန်လည်ဖြေကြားရာမှာ ဘဏ္ဍာရေးရှုထောင့်အမျိုးမျိုးက ရှုမြင်တွက်ချက်ပြီး အဆိုတင်သွင်းသလို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာမဖြစ်နိုင်ဘဲ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာမှ ဖြစ်နိုင်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသွားတယ်။

အနိမ့်ဆုံးလစာ တစ်သိန်းပေးသင့် 

သူရဦးရွှေမန်းကတော့ ငွေကုန်ကြေးကျများပြီး အကျိုးမရှိတဲ့ စီမံကိန်းများကို ရပ်ပစ်လိုက်ပြီး နိုင်ငံတော်ဘဏ္ဍာထဲ လာသင့်ပေမယ့် ဝင်မလာတဲ့ ယိုပေါက်၊ ထွက်ပေါက်တွေကို ပိတ်ပစ်လိုက်ရင် တိုးပေးနိုင်ပါတယ်လို့ ထပ်မံ ဆွေးနွေး တင်ပြတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့စွဲနဲ့ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌဆီကိုပေးပို့တဲ့ သဝဏ်လွှာမှာလည်း သူရဦးရွှေမန်းက ပြည်သူ့ဝန်ထမ်းများအတွက် လုပ်ခလစာများအား အနိမ့်ဆုံး ကျပ်တစ်သိန်းဖြစ်သင့်ကြောင်း ဖော်ပြထားပါတယ်။ ဒီအဆိုကိုကြားလိုက်ရတော့ ပြည်သူလူထုတစ်ရပ်လုံး ဝမ်းသာအားရ ဖြစ်သွားကြတယ်။ ရုံးမှာ အရာရှိကြီးဖြစ်နေ၊ တက္ကသိုလ်မှာ ဆရာမကြီးဖြစ်နေပေမယ့် ပြင်ပက ပန်းရန်ဆရာတစ်ယောက် လက်သမားဆရာတစ်ယောက်၊ တက္ကစီမောင်းသူတစ်ယောက်လောက်မှ မရတဲ့လစာရိက္ခာလေးနဲ့ ထီးဖြူ ဖိနပ်ပါး ဖြစ်နေကြရသူတွေအဖို့တော့ လစာတိုးမယ်ဆိုတဲ့စကားလောက် ဘယ်စကားမှ နားဝင်မချိုပါဘူး။

ကူကြပါ၊ ကယ်ကြပါ

ဒါပေမယ့် ဝန်ကြီးဦးလှထွန်းက လစာတိုးပေးလိုက်ရင် တိုးလာမယ့်ကုန်ကျစရိတ်တွေကို သေသေချာချာ တွက်ပြပြီး၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ မဖြစ်နိုင်ကြောင်းပြောလိုက်တော့ အမြင့်ဆုံးရောက်သွားတဲ့ စိတ်ဓာတ်တွေ အောက်ဆုံးထိအောင် ‘ဖုတ်ခနဲ’ ပြုတ်ကျသွားတော့တယ်။ လက်လှမ်းမီရာ သတင်းမီဒီယာသမားတွေဆီ လှမ်းပြီ ကူကြပါဦး၊ ကယ်ကြပါဦး၊ ရေးပေးကြပါဦးနဲ့ ပူဆာကြတယ်။ ဒီတော့လည်း တာဝန်ကျေဖို့ မကြိုးစားဘဲ နေလို့မဖြစ်တော့ဘဲ ရေးရ ပြောရတော့တယ်။ ဘဏ္ဍာရေးဝန်ကြီးတွက်ချက်ပြတဲ့ ကုန်ကျစရိတ်တွေ သိပ်ပြီး မြင့်တက်လာမယ်ဆိုတာ မှန်ပါတယ်။ ငွေကြေးဖောင်းပွမှုလည်း မလွှဲမရှောင်သာ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါပေမယ့် ဝန်ကြီးက ကုန်ကျမယ့်ဘက်တစ်ခုကိုပဲ ပြောသွားပြီး ရလာဖို့ရှိတဲ့ဘက်တွေကိုတော့ ပြောမသွားခဲ့ပါဘူး။

ဝင်နေတာတွေ ရှိပါတယ်

ကျွန်တော်တို့မှာ နှစ်စဉ်ဒေါ်လာ သန်းနဲ့ချီဝင်နေတဲ့ မုတ္တမကမ်းလွန်က ဓာတ်ငွေ့ဝင်ငွေတွေရှိနေပြီး တခြားနေရာတွေကထွက်နေတဲ့ ဓာတ်ငွေ့တွေကလည်း ဝင်လာဦးမှာပါ။ နှစ်စဉ် နှစ်ကြိမ် သုံးကြိမ် ကျင်းပနေတဲ့ ကျောက်စိမ်းနဲ့ တခြားရတနာကျောက်မျက်တွေ ပုလဲတွေက ဝင်ငွေတွေ ရှိပါတယ်။ လောလောဆယ် ပြင်ပပေါက်ဈေး ကျပ်သိန်းထောင်နဲ့ချီ တန်ဖိုးရှိတဲ့ နိုင်ငံပိုင် ရုံးအဆောက်အဦတွေနဲ့ စက်ရုံကြီးငယ်တွေ ထုတ်ရောင်းနေတာလည်း ရာနဲ့ချီရှိနေပါပြီ။ အဲဒီကငွေတွေလည်း နည်းမှာ မဟုတ်ပါဘူး။ ဒါ့အပြင် လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းပြောခဲ့တဲ့ မလိုအပ်တဲ့ စီမံကိန်းကြီးတွေ ပယ်ဖျက်တာတွေ၊ လျော့ချတာတွေလုပ်ခဲ့ရင် ထွက်လာမယ့် ငွေကြေး အလုံးအရင်းတွေလည်း အများကြီးပါ။ အရင်အစိုးရတွေလက်ထက်မှာလုပ်ခဲ့တဲ့ တချို့စီမံကိန်းများဆိုရင် နိုင်ငံတော် ဘဏ္ဍာအဖြစ်ရလိုက်တာ နည်းနည်း၊ ပြင်ပစီးပွားရေးသမားနဲ့ ဌာနဆိုင်ရာ လုပ်ပိုင်ခွင့်ရှိသူ လက်ဝါးချင်းရိုက်ပြီး သူတို့အိတ်တွေထဲ ရောက်သွားတာက များများ ဖြစ်နေတာတွေ ရှိပါတယ်။ ဒါတွေကို ဥပဒေအတိုင်း တိတိကျကျ စစ်ဆေးလိုက်ရင် နိုင်ငံတော်ဘဏ္ဍာအများကြီး တိုးသွားစရာရှိပါတယ်။

အခွန်ရှောင်တာ၊ လိမ်တာ

တစ်ဖက်ကလည်း အခွန်ရှောင်တာ လုံးဝမဆောင်တာတွေကို သေသေချာချာ စိစစ်ဖော်ထုတ်လုပ်သင့်ပါတယ်။ မနှစ်က Weekly Eleven ဂျာနယ်မှာ နှစ်စဉ် အခွန် အများဆုံးပေးဆောင်နေတဲ့ လုပ်ငန်းရှင် ၁၀ ဦးဆိုတဲ့ စာရင်းတစ်ခု ဖော်ပြခဲ့တယ်။ ကြည့်လိုက်တော့ နိုင်ငံတော်သူဌေးကြီးအဖြစ် စာရင်းဝင်ခဲ့တဲ့ လုပ်ငန်းရှင်ကြီးတွေထဲက တစ်ဦးမှပါတာ မတွေ့ရပါဘူး။ တစ်ခုခုတော့ မှားနေပြီဆိုတာ ဒီမှာတင် ထင်ရှားနေပါပြီ။ ဒါပေမယ့် ဘယ်သူကမှ ပြုပြင်ဖို့ စိတ်ကူးမရှိခဲ့ကြပါဘူး။ ဒီလို အခွန်ရှောင်တာ၊ လိမ်တာ လုံးဝမသွင်းဘဲနေတာတွေကိုသာ အသေအချာ ကြပ်မတ်လိုက်ရင် ဝန်ထမ်းအနိမ့်ဆုံးလစာကို တစ်သိန်း မဟုတ်ဘူး။ သုံးသိန်းလောက်တောင် ပေးနိုင်လိမ့်မယ်လို့ တွေးလိုက်မိပါတယ်။

ဖုန်းအမျိုးမျိုးကိစ္စ

ဖျက်သိမ်းပစ်သင့်တဲ့ စီမံကိန်းတွေထဲမှာ ဈေးအမျိုးမျိုးပြောင်းပြီး ရောင်းနေတဲ့ ဖုန်းစီမံကိန်းတွေလည်း ထိပ်ဆုံးက ပါသင့်တယ်။ ၁၅ သိန်းတန်၊ ၁၀ သိန်းတန်၊ ငါးသိန်းတန် အခု နှစ်သိန်းတန်ဆိုပြီး ရောင်းနေတဲ့ ဖုန်းတွေကိစ္စ အရင်က သာမန်ပြည်သူတွေ ဘာမှမသိကြဘူး။ တလောက ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က ပိုက်ဆံ ၅၀၀၀ ရှိရုံနဲ့ လူတိုင်း ဖုန်းကိုင်နိုင်မယ့် စီမံကိန်းကို သမ္မတကြီးဆီ တင်ပြထားတယ်။ ခွင့်ပြုချက်ရတာနဲ့ ချက်ချင်း အကောင်အထည်ပေါ်လာမယ်လို့ ပြောလိုက်တော့မှ တစ်နိုင်ငံလုံး အုံးအုံးကျွက်ကျွက် ဖြစ်သွားတယ်။ ဆက်သွယ်ရေးက သတင်းစာရှင်းလင်းပွဲလုပ်ပြီး နည်းပညာအရရော၊ ဥပဒေအရပါ လုံးဝ မဖြစ်နိုင်ဘူးလို့ ငြင်းတယ်။

ပုတ်သင်ဥပေါ်သလို

ညောင်မြစ်တူးရင်း ပုတ်သင်ဥပေါ်သလို ဖြစ်ကုန်တယ်။ ၅၀၀၀ နဲ့ ရောင်းမယ်ဆိုတဲ့ ကုမ္ပဏီဘက်ကလည်း နည်းပညာတွေ ဘယ်လောက်မြင့်မြင့် ဖြစ်အောင်လုပ်နိုင်တယ်လို့ထပ်ပြီး စာနယ်ဇင်းရှင်းလင်းပွဲလုပ်ပြီး ပြောတယ်။ အဲဒီလို အပြန်အလှန် ရှင်းကြတော့မှ အရင်က ဖုန်းဈေးတွေ ၁၅ သိန်း၊ သိန်း ၂၀ ထိ ဘာကြောင့် ဖြစ်ခဲ့တာလဲဆိုတာ လူတွေက သိကုန်ကြတယ်။ ပွစိပွစိနဲ့ ပြောကုန်ကြတယ်။ ပြည်သူတွေ စိတ်ချမ်းသာအောင်၊ ဆောင်ရွက်ကြရမယ်လို့ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် မကြာခဏ ပြောကြားနေတာတောင် ဒီလိုအဖြစ်မျိုးတွေ ဆက်ပြီး ရှိနေဆဲပါလားလို့ ညည်းတွားမိကြတယ်။

လက်တွေ့လုပ်ပြဖို့ လို

ပြုပြင်ပြောင်းလဲရေးဆိုတာ ပါးစပ်နဲ့တင် ပြောင်းနေလို့မရဘူး။ စာရွက်ထဲမှာ ရေးထားရုံနဲ့လည်း မရဘူး။ “Actions Speak louder than words” ဆိုတဲ့စကားလို လက်တွေ့ပြဖို့ လိုတယ်။ မြန်မာ့ဆိုရှယ်လစ် အစိုးရခေတ်တုန်းကလည်း အပြောတွေကတော့ ချိုနေတာပဲ။ ရှေးက ကျောမွဲတွေ ငဘတွေ လို့ခေါ်နေတဲ့ လယ်သမားဆင်းရဲသားတွေကို “ဦးကြီး ဦးကြီး” နဲ့ ရွှန်းရွှန်းကို ဝေနေတာပဲ။ အလုပ်သမားတွေကိုလည်း “လုပ်သားပြည်သူ” တွေလို့ ခေါ်ခဲ့တယ်။ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာထဲမှာလည်း နိုင်ငံတော်စီမံကိန်းတွေ အကြီးအကျယ် အောင်မြင်နေကြတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ပေါင်မုန့်တစ်လုံး ဝယ်ရဖို့တောင် ပြည်သူမုန့်တိုက်ရှေ့ မနက်အစောကြီး သွားတန်းစီရတယ်။ မစီနိုင်ရင် ဗီဗီအိုင်ပီ (VVIP) တွေရထားတဲ့ ပါမစ်ကို ဝယ်ထားရတယ်။ ပေါင်မုန့်ပါမစ်ကိုတောင် အလွတ်မပေးဘဲ ယူသူတွေလည်း အများကြီးပဲ။

တရုတ်စာ ဖတ်သလို

အဲဒီတော့ ဌာနဆိုင်ရာတွေက ပြောတဲ့စကားတွေကို ပြည်သူတွေက အယုံအကြည် မရှိတော့ဘူး။ လုပ်သားပြည်သူ့နေ့စဉ်လို အစိုးရသတင်းစာထဲပါတာတွေကိုလည်း မယုံကြည်တော့လို့ ဘယ်သူမှ မဖတ်တော့ဘူး။ သတင်းစာဖတ်တဲ့အခါ တရုတ်စာအုပ်တွေ ဖတ်သလို နောက်ဆုံးကစပြီးလှန်တဲ့ အလေ့အကျင့်ဟာ လုပ်သားပြည်သူ့ နေ့စဉ်ခေတ်က စလိုက်တာဖြစ်တယ်။ အခုအထိ လူတိုင်း ဒီအကျင့်ကြီးစွဲနေတုန်းပဲ။ သတင်းစာရောက်တာနဲ့ နောက်ဆုံးစာမျက်နှာကို အရင်လှန် ကြည့်လိုက်ကြတယ်။ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ ပူးပေါင်းပါဝင်မှု မရနိုင်ရင် ဘယ်လုပ်ငန်းမှ မအောင်မြင်နိုင်ဘူး။ အထူးသဖြင့် အခုလို ဆန့်ကျင်ဘက်တစ်ခုကနေ တခြားဆန့်ကျင်ဘက်တစ်ခုကို ခုန်ပြီးကူးပြောင်းတဲ့ အပြောင်းအလဲမျိုးမှာ ပြည်သူလူထုရဲ့ ယုံကြည်မှုဟာ အခရာအကျဆုံးဖြစ်တယ်။ အပြောတွေ၊ ကိန်းဂဏန်းတွေ၊ စာရင်းဇယားတွေကို မြန်မာ့ဆိုရှယ်လစ်ခေတ်မှာကတည်းက ငြီးငွေ့လှပါပြီ။ အခုတော့ လက်တွေ့ လုပ်ပြတာပဲ မြင်တွေ့ချင်ကြပြီဆိုတဲ့အကြောင်း ပြည်သူများက ပြောစေချင်တဲ့အတိုင်း ပြောလိုက်ရပါတယ်ဗျာ။

 Eleven Media Group မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။ 


 

No comments: