Saturday, February 25, 2012

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၂၄)


ကွမ်းပုံလည်း စမ်းပြန်ပြီ

နောက်တခါ အဖိုး ကွမ်းပုံရှူကြည့်သေးတယ်။ သူများရှူတာကို အဖိုးတွေ့ဖူးတာကိုး။ ကွမ်းပုံဆိုတာက ကွမ်းရွက်စိမ်းပဲ ကွမ်းရွက်ကို ရေကျကျနနဆေး အရိုးဖြတ်ပြီးလိပ် ပါးပါးလှီးပြီးတော့ မီးလေး နည်းနည်းပြတယ်။ ကင်တယ်။ ကင်ပြီးတော့ ဘိန်းအရည် ဖျန်းတာကိုး။ ဖျန်းပြီး ကင်တာပေါ့။ ကင်ပြီးတော့ သူတို့ အပူတိုက်တာ။

အဲဒါပြီးတော့ နောက်တဖက် လှန်လိုက်။ လှန်ပြီးတော့ ဘိန်းရေဖျန်းပြီးတော့ သူတို့ ဒီလိုလုပ်တာပဲ။ နောက်တော့ ပုတုံးရောင်လည်း ပေါက်လာရင် သူတို့ ချလိုက်ရော။ တခါတည်း အရောင်လက်လက်နဲ့။

ဒါကို ဝါးလုံးတလုံးကို အပေါက်လေးဖောက်ပြီး အဲဒါကို ထည့်ပြီးရှူတာ။

သူတို့ရှူတာ အဖိုး ကြည့်နေတယ်။ ဒီကောင်တွေ ရှူတာ မီးခိုးလည်း မထွက်ပါလား။

သူတို့ ရှူပြီးတော့ အဖိုးအလှည့် ...

“ကဲ မင်း စောင်းပြီး အိပ်” တဲ့။

အဖိုးကလည်း အိပ်တာပေါ့။

စောင်းအိပ်ပြီးတော့ ရှူရတယ်။ အဲဒီ အခိုးတွေကို မျိုချရတယ်။ တခါထဲ အဖိုး ရှူလိုက်တာ နှာရည်တွေပါ ထွက်ကျလာတယ်။

“ဟာ ကုန်ပါပြီ။ မင်းဟာ အသုံးမကျဘူး။ တော် တော်”

“ဟာ လုပ်ပါဦးကွာ။ ပြပါဦး။ မင်းတို့ဟာ ဘယ်လိုရှူရလဲ မသိသေးဘူး”

နောက်တော့ သူတို့ပြတာပေါ့။ ထပ်လုပ်ပေးတယ်။ အလုပ်မလုပ်ချင် မကိုင်ချင် အိပ်ပဲအိပ်ချင်တယ်။ မူးကလည်း မူးသေး။

ဒါနဲ့ ...

“တော်ပြီ။ တော်ပြီ။ မင်းတို့ဟာ”

ဆေးလိပ်သောက်တာကတောင် ဟုတ်ဦးမယ်။ လက်ဖက်ရည်နဲ့ ငါးရံ့ခြောက်ဖုတ်သော်ကမှ ဇိမ်ကျဦးမယ်ဆိုပြီး အဖိုးက ပစ်ထားလိုက်တယ်။


တပ်စိပ်မှူး ဖြစ်ပြီ

အင်းစိန်ရောက်ရော အဲဒီမှာ အဖိုးထက် အရင်ရောက်နေတဲ့ ပန်းတနော်သားတွေနဲ့ တွေ့တာပေါ့။ အဖိုးလည်း ကိုယ့်နယ်သားတွေနဲ့တွေ့တော့ ဝမ်းသာတာပေါ့။

သူတို့ကလည်း အဖိုးကို ကေအဲန်ယူရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြောပြ။ စာတွေပေးဖတ်ပေါ့။ အဲဒီအချိန်တုန်းက အဖိုးတို့က နိုင်ငံရေးကို ဘာမှ နားမလည်သေးဘူး။ နောက်တော့ စာတွေဖတ်၊ လေ့လာပြီးတော့ နည်းနည်းပါးပါး နားလည်လာတယ်။

ကေအဲန်ယူ ချမှတ်ထားတဲ့ မူတွေ၊ သဘောထားတွေကို အဖိုး သဘောကျတော့ အဖိုးအဖွဲ့ဝင်အဖြစ် လက်မှတ်ထိုးတာပေါ့။ အဖိုးရောက်ပြီး သိပ်မကြာဘူး။ ကေအဲန်ဒီအိုကို စဖွဲ့တာပဲ။ ကေအဲန်ဒီအို ဖွဲ့တာနဲ့ အဖိုးလည်း ဝင်တာပဲ။ သဘောကျတာကိုး။ ကေအဲန်ဒီအိုမှာလည်း အဖွဲ့ဝင်တော့ လက်မှတ်ထိုးရတာပဲ။

အဲဒီမှာ အဖိုးတို့ကို သင်တန်းပေးသေးတယ်။ အဲဒီမှာ ဗိုလ်ကြီးစကောလေးခို ရှိတယ်။ ကဆောဝါးရဲ့ အဖေပေါ့။ ကေအဲန်ဒီအို ကပဲ။ သူတို့က ပညာတတ်တွေပဲ။ ဗိုလ်ကြီးပေါ့။

သူတို့က တို့ကို နိုင်ငံရေး သင်တန်းပေးတာ။ တပတ်လောက် ကြာတယ်။

ကိုလိုနီအင်္ဂလိပ်နယ်ချဲ့ခေတ်က အခြေအနေ

ဖက်ဆစ်ဂျပန်ခေတ်ကာလနဲ့ လွတ်လပ်ရေးရဖို့ ကြိုးပမ်းချက်တွေနဲ့ ကရင်လူမျိုးတွေရဲ့အခြေအနေတွေကို အဲဒီသင်တန်းမှာ သေသေချာချာ သိရတာပေါ့။ ကရင်တွေ ဘာကြောင့် တော်လှန်ရေး လုပ်ရတာလဲ။

စောဘဦးကြီးတို့ ခေါင်းဆောင်ပြီးတော့ ကရင်တော်လှန်ရေး ဘာကြောင့် စရသလဲဆိုတာကို အသေးစိတ်ရှင်းပြတယ်။

တို့ကရင်တွေမှာ ဘာအခွင့်အရေးမှ မရှိဘူး။ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီဆိုတာလည်း ဘာမှမရှိဘူး။ ဒါကြောင့် ကေအဲန်ယူ ဥပဒေဘောင်ထဲကနေ တောင်းနေရတယ်ဆိုတာကို အဖိုး ပိုပြီးသဘောပေါက်လာတယ်။

အဖိုး တပ်စိပ်မှူး ဖြစ်လာတာက အင်းစိန်တိုက်ပွဲစတော့ တို့ဘက်ကလည်း အကျအဆုံးတွေ ရှိတယ်။ ဒီတော့ တပ်တွေ ပြန်ဖွဲ့ရတာပေါ့။ အဲဒီမှာ သူတို့က အဖိုးကို တပ်စိပ်မှူးအဖြစ် ရွေးလိုက်တာ။

လူကိုရွေးတော့ လူကို သူတို့ အကဲခတ်တာကိုး။ အဲဒီမှာ အဖိုးကို သူတို့က တပ်ကြပ်ပေးတယ်။ နှစ်ရစ်။ အဖိုးကလည်း တပ်စိတ်မှူးသာ ဖြစ်တယ်။ ဘာမှ နားမလည်ဘူး။ သူငယ်ချင်းတွေကို အဖိုး မေးတယ်။

“ဟေ့ကောင် တပ်ကြပ်ဆိုတာ ဘာလဲ”

“တပ်ကြပ်ဆိုတာ နှစ်ရစ်ပေါ့” တဲ့။ သူငယ်ချင်းတွေက ပြောတယ်။

“မင်းက တော်တော်ကံထူးတဲ့ကောင်ပဲ”

“ဘာဖြစ်လို့လဲ”

“မင်းက တို့နောက်မှ ရောက်လာတာ။ အခု မင်း တို့အရှေ့ရောက်သွားပြီ”

“တို့ ကျေနပ်တယ်ကွာ” တဲ့။

တယောက် ထပြောတယ်။ 
 
“မင်းက သတ္တိကောင်းလို့ ရောက်တာပေါ့”

အဖိုး တပ်စုမှူးဖြစ်တော့ ထူးထူးလေးအဖေ စကောမောလေးနဲ့ပဲ နေရတယ်။

သူက ကေအဲန်ဒီအိုရဲ့ လေ့ကျင့်ရေးမှူး။

ကေအဲန်ဒီအိုမှာ အဖိုးကို တပ်စိပ်မှူးရွေးတော့ အဖိုးက ပြောတယ်။

“အင်္ဂလိပ် စစ်ပြန်တွေအများကြီး ရှိပါတယ်။ သူတို့က စစ်ရေးအတွေ့အကြုံ ရှိတယ်။ ပိုနားလည်တယ်။ ကျနော်က ဘာမှ နားမလည်ဘူး။ သူတို့ကို ရွေးပါ”

စစ်ပြန်တွေက ထ ပြောတယ်။ 

“ခင်ဗျားက ကျနော်တို့ထက် သိတယ်။ နားလည်းလည်ပါတယ်။ လုပ်ပါဗျာ။ ဖြစ်ပါတယ်။ လုပ်ရင်း သင်ရင်း၊ သင်ရင်း လုပ်ရင်းပေါ့” 

အဲဒီတုန်းက ကေအဲန်ဒီအို စစ်ဦးစီးချုပ်က မန်းဘဇန်ပေါ့။ စစ်သင်တန်း အတွေ့အကြုံမရှိတော့ အဖိုးက သိပ်လက်မခံချင်ဘူး။ ဒါပေမယ့် တယောက်နဲ့ အများဖြစ်နေတော့ ငြိမ်နေလိုက်ရတယ်။ နောက်တော့ တပ်စိပ်မှူးတာဝန်ပေးတယ်ဆိုပြီး စာကျလာတယ်။

အဖိုး လက်အောက်မှာ တပ်သား ၁၁ ယောက်ရှိတယ်။

ဆက်လက်ဖော်ပြပါမယ်။ 


 

No comments: