Friday, March 16, 2012

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၂၉)

တိုက်ကြတာ ၂ နာရီ၊ ၃ နာရီလောက် ကြာမယ်။

သူတိုက် ကိုယ်တိုက်ပဲ “ဝေါ ဝေါ” နဲ့ ။ ကိုယ့်ဘက်ကလည်း ကျ၊ သူတို့ဘက်ကလည်းကျ သင်္ဘောပေါ်မှာဆိုတော့ ဘယ်လောက်ကျလို့ ကျမှန်းတော့ မသိဘူး။

အဖိုးတို့က ကုန်းပေါ်မှာနေပြီးတော့ သူတို့တက်လာရင် ပစ်တာကိုး။

အဖိုးတို့ကို သူတို့ပစ်တာလည်း ကတုတ်ကျင်းကြီး ပြိုကျသွားတယ်။

အဖိုးတို့ခေါင်းတွေမှာ ရွှံ့တွေနဲ့ လူးနေတာပဲ။

သူတို့က သင်္ဘောပေါ်က ပစ်တာ။ အဖိုးတို့က ကမ်းပေါ်က ပစ်ပေါ့။

ပထမ တချီပစ်တော့ သူတို့က အဆန်မှာ မပစ်ဘူး။ အစုန်မှာ ပစ်တာ။ နောက်တချီက အစုန်မှာ ပစ်ပြန်ရော။ သူတို့ သင်္ဘောကြီးတွေ။ ရေယာဉ်တွေနဲ့ဆိုတော့ ရေစုန်ရေဆန် တိုက်တာပေါ့။

အဖိုးတို့ကတော့ ကုန်းပေါ်ကပဲ။ ဖူးတာအယ်တို့က ရေထဲက သင်္ဘောနဲ့တိုက်တယ်။ လက်နက်ကြီးတွေနဲ့ဆိုတော့ တော်တော်တော့ လှမ်းတယ်။ ကြာတော့ တို့လူတွေ ပြန်ဆုတ်သွားတယ်။

တချို့လည်း ဒဏ်ရာရလို့ပြန်ဆုတ်တာ။ အဖိုးကတော့ မသိဘူး။ ပစ်တုန်းပဲ။ နောက် ဖူးတာအယ်က အကြောင်းကြားတယ်။ သူများတွေ ဆုတ်လာပြီကိုး။

“တို့လူတွေ ဆုတ်တာ ကုန်ပြီလား”

“ဘယ်ကုန်မလဲ။ ဗိုလ်ကျားနဲ့ ဗိုလ်ကျော်သောင်းတို့အဖွဲ့ ကျန်ရစ်ခဲ့တယ်”

“ဟ မင်းတို့ မပြောဘူးလား”

“ဆုတ်ပစ် ပစ်ကြတာကိုး”

“သွား သွား မြန်မြန်သွားခေါ်”

ဗိုလ်ကျားနဲ့ အဖိုးတို့အဖွဲ့ ကျန်ရစ်ခဲ့လို့ သူ ပြန်လာခေါ်ခိုင်းတာ။ အဖိုးတို့ကလည်း ခံပစ် ပစ်တာ အဖိုးတို့တကွက်ပဲ ကျန်တော့တယ်။ ဒီတော့ ရန်သူကလည်း အဖိုးတို့ဘက်ကိုပဲ မဲတော့တာပေါ့။

နောက်တော့ အဖိုးက ဗိုလ်ကျားကို ပြောတယ်။

“သေနတ်ဖြုတ်ပြီးတော့ မင်း သွားတော့။ ကျန်ရစ်ခဲ့ရင် ရန်သူတွေ ရသွားမယ်”

‘အေး’ ဆိုပြီးတော့ သူကလည်း ဖြုတ်တာပဲ။ အဖိုးက ခံပစ်ပေးတယ်။ ဒါနဲ့ သူ လွှတ်သွားတယ်။

အဖိုးလူတွေကိုလည်း အဖိုးပြောတယ်။

“ကဲ ၄-၅ ယောက်ပဲ ချန်ခဲ့။ ကျန်တဲ့လူတွေ အကုန်လုံးသွားတော့”

အဲဒီမှာ နင်းကန်ပစ်တော့တာပဲ။ ပွဲကြီးပွဲကောင်းပဲ။ အဖိုးတို့ကလည်း နဖူးနဲ့ မြေကြီးနဲ့ ကပ်နေတာပဲ။ မခွာရဲဘူး။ ပြန်ပေါ်ရင် ပြန်ပစ်တာပဲ။

အဖိုးက အမိန့်ပေးရတော့တာပေါ့။

“ဒီလိုနေရင် သေကုန်မယ်။ ကိုယ့်သေနတ် ကိုယ်ဖက်ပြီးတော့ လိမ့်သွားကြ။ ငါလည်း လိမ့်လာမယ်”

ဒီလိုနဲ့ အဖိုးတို့ တာရိုးရှိတဲ့နေရာကို လိမ့်လိမ့်ပြီး သွားကြတာပေါ့။

နားလိုက်လိမ့်လိုက် နားလိုက်လိမ့်လိုက်နဲ့။ မောတာကိုး။ နားရင်းနဲ့ ပစ်တာပဲ။ ကျည်တွေကလည်း အနားမှာကျတာ တဖောက်ဖောက်ပဲ။ တကိုယ်လုံးလည်း ရွှံ့တွေနဲ့ လူးနေတာပဲ။

“ကဲ ဆက်လိမ့်ကြစို့။ ဒီလို လူးနိုင် လိမ့်နိုင်မှကွ။ မဟုတ်ရင် သေကုန်မယ်”

လေးငါးဆယ်ခါလိမ့်မှ တာရိုးနားကို ရောက်တော့တယ်။ တာရှေ့ရောက်တော့ ဟောဟဲ ဟောဟဲ မောနေကြတယ်။ အဲဒီမှာ တို့နားကြတယ်။ သူတို့ကတော့ ပစ်နေတုန်းပဲ။

အမောပြေတော့ တာရိုးပေါ်ကို ဝမ်းလျားမှောက်ပြီး တက်ကြတယ်။ တာဘောင်ပေါ်ကျော်ပြီး ဟိုဘက်ရောက်တော့မှ အသက်ရှူလို့ ရတော့တယ်။

ရောက်သွားတော့ အဖိုးက ဗိုလ်တင်ဦးဆီကို အကြောင်းသွားကြားတယ်။

အဖိုး သူ့ဆီရောက်တော့ သူက ပြောတယ်။

“ခင်ဗျားအခုမှ ပြန်ရောက်လား”

“ဟုတ်တယ် ကျနော် အခုမှ ပြန်ရောက်တယ်။ ပစ်လိုက်တာ အလူးအလိမ့်ပဲ။ မသေလို့ကျန်တာ”

“ငါ ကြားတယ်။ ဟိုကောင်တွေကို ငါ ခေါ်ခိုင်းတာ မင်းတို့ ပါမလာဘူး။ သူတို့ဟာသူတို့ ပြန်ဆုတ်လာတယ်”

သူ တော်တော် ဒေါပွတယ်။ အဲဒါနဲ့ အဖိုးနေတဲ့နေရာကို သူလိုက်လာတယ်။

သူက မေးတယ်။ “မင်းဘယ်တော့ ပြန်မလဲ”

“ဗိုလ်ကြီးပြန်လွှတ်မှ ပြန်လို့ရမှာပေါ့။ မလိုတော့ဘူးဆိုမှ ကျနော် ပြန်မှာပေါ့”

“အေးကွာ နားနားနေနေ နေကြဦးကွာ။ ဒီကောင်တွေကို အကဲခတ်ကြည့်လိုက်ဦးမယ်”

၂-၃ ရက်ကြာတော့ ရန်သူက မတက်လာတော့ဘူး။ ပြန်ဆုတ်သွားပြီ။

အဲဒီတော့မှ သူက “မင်းတို့ ပြန်ရင် ပြန်လို့ရပြီ။ ကျေးဇူးတင်တယ်ကွာ။ မင်းတို့တပ်စုလေးက တိုက်ရည်ခိုက်ရည် တော်တော်ကောင်းတယ်”

ဒါနဲ့ပဲ အဖိုး ပြန်လာတယ်။ အဖိုးတပ်ခွဲမှူး ဗိုလ်ကြီးစလွယ်ဆီရောက်တော့ …

“ဘယ့်နှယ့်လဲကွ။ ဗိုလ်ကျော်သောင်း”

“ဟာ မသေလို့ ပြန်လာတယ်”

“ငါ သိပါတယ်ကွာ”

“တပ်ခွဲမှူး ငါ့ကို စာရေးလိုက်တယ်။ ခင်ဗျားတပ်စု သိပ်တော်တာပဲ။ သတ္တိကောင်းတယ်လို့ ပြောတယ်”

အဲဒီလိုနဲ့ တပ်ခွဲကို ပြန်ရောက်သွားတယ်။

ဆက်လက်ဖော်ပြပါမယ်။ 


 

No comments: