Tuesday, March 20, 2012

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၃၀)

သူများ ဆဲလည်း နားမလည်

အဖိုးတို့ တပ်ခွဲနေတဲ့ရွာက ဇရပ်ကွင်းရွာ။ ရိုးလေးတချောင်း ရှိတယ်။ အဖိုးတို့က ရိုးတဖက်မှာ။ အခြားတဖက်မှာ ရန်သူ ရှိတယ်။

အဖိုးတို့နဲ့အတူရှိတာက ဗိုလ်မှူးမြမောင်။ သူက ဒုရင်းမှူး။ ဗိုလ်ဘသန်းက အဲဒီတုန်းက တပ်ရင်းမှူး။ တွံတေးဘက်က တယောက်ရှိသေးတယ်။ ဗိုလ်မှူးမြချိုဆိုတာ သူကလည်း တွံတေးဘက်က ဆုတ်လာတာ။

“ဟေ့ ကျော်သောင်း အခု ငပေါ်ငကြာ ခုတ်ခွာတို့ဘက်မှာ ရန်သူစစ်တပ်က အားတော်တော် များတယ်ကွ။ မင်း နိုင်အောင် ပြန်ချနိုင်ပါ့မလား” ဗိုလ်မှူးမြမောင်က မေးတယ်။

“များများပေါ့ ဗိုလ်မှူး။ ကျနော်တို့ ကမ်းနားကို တယောက်မှ မရောက်စေရဘူး။ ချမယ် ဒီကောင်တွေကို”

အဖိုးလူတွေကလည်း ရှိတာကိုး။ ဟိုကောင်တွေက ဘာပြောလဲဆိုတော့ …

“သေချင်ရင် စိန်မစားနဲ့။ ဗိုလ်ကျော်သောင်း တပ်စုကို သွား” တဲ့။

ဒီကောင်တွေက စကားဆိုနဲ့ ။ ဒါနဲ့ တယောက်က ထပြောတယ်။

“လိုက်လာရင် ဗိုက်ဆာမှာပေါ့ကွာ” တဲ့။

“ဗိုလ်မှူးမယုံရင် စောင့်ကြည့်” လို့ အဖိုးပြောတော့ ဗိုလ်မှူးမြမောင်က ပြုံးပြုံးနဲ့ လှည့်ထွက်သွားတယ်။ သူ ဗိုလ်စလွယ်ကိုပြောတာ အဖိုး ကြားတယ်။

“ခင်ဗျားဗိုလ်တွေ တပ်စုမှူးတွေက တကယ့်ထိပ်သီးတွေချည်းပဲ” တဲ့။

နောက်မကြာဘူး။ အဖိုးတို့နားမှာ တိုက်ပွဲဖြစ်တာပဲ။ ၃ နာရီလောက် ကြာတယ်။ ပစ်လိုက်ရပ်လိုက် ပစ်လိုက်ရပ်လိုက်နဲ့။ ရေထဲမှာ ဗေဒါလေးတွေ ရှိတာကိုး။

ရေကလည်း ငြိမ်နေတယ်။ သူတို့ ဆင်းလာမလို့ လုပ်လိုက်။ အဖိုးတို့က ပစ်လိုက်။ သူတို့ ရေစပ်ကိုတောင် မဆင်းရဲဘူး။ နည်းနည်းဆင်းလာမလို့ လုပ်လိုက်။ အဖိုးတို့က စုပြီးတော့ ပစ်လိုက်။ ကြာတော့ ဒီကောင်တွေ ရေထဲတောင် မဆင်းရဲဘူး။

နောက်တော့ ဒီကောင်တွေ ကုန်းပေါ်ကနေပြီး အဖိုးတို့ကို အော်ပြီး ဆဲတော့တာပဲ။

မအေတွေရော နှမတွေရော စုံလို့။

အဖိုးတို့ထဲက ကရင်တချို့က ဗမာစကားမှ မတတ်ဘဲ။ ဆဲလည်း မဆဲတတ်ဘူး။

တယောက်ကတော့ ပြန်ဆဲတယ်။ သူက ဗမာလို မတတ်တတတ်နဲ့ ဆဲတာ။

ကျန်တဲ့ကောင်တွေက “မင်း ဘာပြောတာလဲ” ဆိုပြီး သူ့ကို ထိုးမယ်ကြိတ်မယ် လုပ်ကြသေးတယ်။

ဒါနဲ့ နားလည်တဲ့လူတွေက ဟိုဘက်ကမ်းက ကောင်တွေ၊ မင်းတို့ကို မအေနဲ့ နှမနဲ့ ဆဲနေတာလို့ ဘာသာပြန်ပေးတော့မှ အဖိုးကောင်တွေ ရှူးရှူးရှဲရှဲ ထဖြစ်တော့တာပဲ။ ဒေါတွေပွပြီး “ဒီကောင်တွေ ငါ သွားချမယ်” နဲ့ တကဲကဲလုပ်နေလို့ မနည်းဆွဲထားရတယ်။

ဟိုဘက်ကမ်းက ကောင်တွေလည်း ဝအောင်ဆဲပြီး ပြန်ဆုတ်သွားကြတယ်။

အဖိုးတို့အဖွဲ့ ထမင်းလည်း မစားရသေးဘူး။ ဆာလည်း ဆာနေကြပြီ။ ရဲဘော်တချို့ကတော့ ရွာထဲကိုသွားပြီး ထမင်းသွားတောင်းစားကြတာပေါ့။

အဖိုးက စိတ်မချလို့ ကျန်ရစ်ခဲ့တယ်။ ရန်သူတွေ တပ်များလာမလားလို့ စောင့်နေတယ်။ သူတို့ ပြန်လာတော့ အဖိုးအတွက် ထမင်းယူလာတယ်။ ဘာဟင်းမှတော့ မပါဘူး။ ငါးပိရည်နဲ့ပဲ။ စားလို့ကောင်းတယ်။ ဆာနေတာကိုး။

စားပြီးတော့ အဖိုးက ဆက်စောင့်နေတာပဲ။ အဖိုး ရဲဘော်တယောက်က ပြောတယ်။

“သူများတွေ ပြန်ကုန်ပြီလေ။ မပြန်သေးဘူးလား”

“ဟေ့ကောင် ပြန်လာဖို့အမိန့်မှ မကျသေးပဲ။ မင်း ဘယ်လိုလုပ်ပြန်မလဲ။ စစ်သားဆိုတာ စစ်မိန့်ကို နာခံရတယ်”

ဒီတော့မှ သူက …

“ဒါဆိုရင် ဒီမှာပဲ ခါးဆန့်ပြီးတော့ အိပ်မယ်ကွာ” လို့ပြောပြီး သူရော၊ အဖိုးရော ခါးဆန့်ပြီးတော့ မှေးနေကြတယ်။ နောက်ထပ် ၂ နာရီ၊ ၃ နာရီလောက်မှ ဗိုလ်မှူးမြမောင်က ပြန်ခေါ်ခိုင်းလို့ အဖိုးတို့ ပြန်လာတယ်။

ပြန်ရောက်တော့ ညနေ ၄ နာရီကျော်လောက် ရှိမယ်။ အဖိုးက ရောက်ကြောင်း သတင်းသွားပို့တာပေါ့။

“မင်း ပြန်ရောက်လာပြီလား။ ဘာဖြစ်လို့ အခုမှ ပြန်လာတာလဲ”

“ပြန်မခေါ်သေးလို့”

ဒီတော့ ဗိုလ်မှူးမြမောင်က စစ်သားဆိုတာ ဒီလိုမှပေါ့။

“ဟိုကောင်တွေက ဘာမှမပြောဘဲ ပြန်လာကြတယ်။ တော်တော်ဟုတ်တဲ့ကောင်တွေ။

မင်းတို့ ထမင်းစားပြီး နားလိုက်ဦး” လို့ပြောပြီး ပြန်ထွက်သွားတယ်။


မိန်းမ ပိုးရင် ကောင်းကောင်းပိုး

အဲဒီညနေက ဇရပ်ကွင်းရွာထဲမှာ ဝက်သားနဲ့ ဝက်ရိုးပြုတ်၊ ငါးပိ၊ တို့စရာနဲ့ အဖိုးတို့ ထမင်းစားကြတယ်။ ထမင်း၊ ဟင်းလာထည့်ပေးတာကလည်း အပျိုလေးတွေ။ ငါ့အကောင်တွေက ပြောတယ်။

“ဒီရွာက အပျိုတွေ တော်တော်ချောတယ်ကွ”

“အေးကွ။ ဟိုတယောက်လည်း ချောတာပဲ”

အဖိုးက ဘာမှမပြောသေးဘူး။

နောက် အပျိုမတယောက်လာတော့ …

“ဟာ ဒီတယောက်က ပိုချောတယ်ကွ”

အပျိုမတွေက ထမင်းဟင်းလာထည့်လိုက် ပြန်လိုက်လုပ်တာကို ရဲဘော်တွေက အနောက်ကနေ ပြောနေကြတာ။

နောက်တော့ အဖိုးက ထပြောရော။

“ဟေ့ကောင်တွေ မင်းတို့ပါးစပ် တော်တော်သရမ်းတယ်။ မင်းတို့ ပိုးချင်ရင် ပိုး။ ဟိုဟာ ချောတယ်၊ ဒီဟာ ချောတယ် ပြောမနေကြနဲ့။ ကြားသွားရင် မကောင်းဘူး။ တို့ရဲ့စည်းကမ်းချက်မှာ သူများသမီးပျို၊ တခုလတ်၊ မုဆိုးမကို မဖျက်ဆီးရဘူး။ မစော်ကားရဘူး။ မနှောင့်ယှက်ရဘူး။ နောက် မင်းတို့ မအေတွေ၊ နှမတွေလည်း ရှိတယ်။ ကိုယ်ချင်းစာကြည့်ဦးပေါ့။ ဘေးကလူ ကြားသွားရင် ဘယ်လိုနေမလဲ”

အဖိုး အကောင်တွေက ငြိမ်နေတယ်။ အကောင်တကောင်က ထပြောတယ်။

“ကျနော်တို့လည်း အဲဒီလောက်ထိ မသိဘူး။ နောက် မပြောတော့ဘူး။ စိတ်ထဲမှာပဲ ပြောမယ်”

“အေး မင်းတို့စိတ်ထဲမှာ ထားတော့ထားပေါ့ကွာ။ ပေါ်လာရင်တော့ မင်းတို့ နားရင်းအုပ်ခံရမယ်” လို့။

ထမင်းစားပြီးတော့ ည ၇ နာရီကျတော့ လာခေါ်တာပဲ။ ထူးချောင်းဆိုတဲ့ ကရင်ရွာတရွာကိုသွားရတယ်။ ဘာကြောင့် သွားရလဲဆိုတော့ ဟိုရောက်မှသိတယ်။

သွားဆိုသွား၊ လာဆိုလာပဲ ဘာမှ မသိရဘူး။ 

ဟိုရောက်တော့ ဒုစုမှူးကိုရောက်ကြောင်း သတင်းသွားပို့ခိုင်းတယ်။

သတင်းသွားပို့တော့ တပ်ရင်းမှူးရော၊ ဒုရင်းမှူးရော ရှိတယ်။

“မင်းတို့ရောက်လာပြီးလား။ မင်းတို့ဝအောင် အိပ်ထားကြ။ ၄ နာရီထိုးရင် ခေါ်နိုးမယ်။ တို့ တိုက်ပွဲရှိတယ်”
ဒါပဲ ပြောတယ်။

ဆက်လက်ဖော်ပြပါမယ်။



 

No comments: