Thursday, May 28, 2009

အခြေအနေကတောင်းဆိုနေတဲ့ မြေအောက်လှုပ်ရှားမှု

ရဲဘော် ဖိုးသံချောင်း


“ခလုတ်ထိမှ အမိ တ,တယ်” ဆိုတာ လူတိုင်းပါ။ သူမှ ဒီလိုဖြစ်တယ်၊ ကိုယ်မှ ဒီလိုဖြစ်တယ် ဆိုတာမျိုး မဟုတ်ပါဘူး။ လူ့ဘဝမှာ ဖြစ်နိုင်ခြေအားလုံးအတွက် ပြင်ဆင်ပြီးသားဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် စဉ်းစားရသရွေ့ကိုတော့ စဉ်းစားပြင်ဆင်ထားရပါမယ်။


ဒေါ်အောင်ဆန်းစုကြည်ကို မတရားရုံးတင် အကျဉ်းချဖို့ နအဖက ကြိုးစားလာတော့ တချို့က အင်းစိန်ထောင်ကို ချီတက်ကြပြီး တချို့ကတော့ အလစ်အငိုက် ပိုစတာကပ်တာတွေ၊ စာရွက်ကြဲတာတွေလုပ်ကြတာ တွေ့ရပါတယ်။ တိုက်ပွဲသဏ္ဍာန် အမျိုးအမည်များတာမို့ ဝမ်းသာရပါတယ်။


ဒါပေမယ့် တဆက်တည်းတွေ့လာရတာက ဒါလောက်နဲ့ မလုံလောက်၊ လုံးဝ မလုံလောက်ဆိုတာပဲဖြစ်ပါတယ်။ ဒါဖြင့်ရင် တိုက်ပွဲအမျိုးမျိုး ပေါ်ပေါက်အောင်သဏ္ဍာန်ကို ဘယ်လိုဖော်ထုတ်မလဲ။


ကိုယ့်အတွက် အထိအခိုက်အနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ရေရှည်သယ်ဆောင်သွားဖို့ ဘာနဲ့လုပ်မလဲ။ လက်တွေ့လုပ်မယ့်လူဟာ လက်တွေ့စဉ်းစားရပါမယ်။


ဒီလိုနဲ့ အခုတော့ မြေအောက်လုပ်ငန်းအဆောက်အအုံတွေ၊ ကွန်ယက်တွေလိုအပ်ကြောင်း သဘောပေါက် နားလည်လာတဲ့သူတွေ များသတက် များလာပါတယ်။ ဒါပေမယ့် တည်ဆောက်ကြ၊ လုပ်ကိုင်ကြတာတွေ တော်တော်များများဟာ စစ်ရောက်မှမြှားချွန် ဆိုတာမျိုးဖြစ်နေပါတယ်။


တချို့ကတော့လည်း မြေအောက်ဆိုတာ ဘယ်လိုလုပ်ရသလဲလို့ အခုမှ စူးစမ်း၊ မေးမြန်း၊ လေ့လာတာတွေ လုပ်ကြပါတယ်။ ဘာပဲပြောပြော မလုပ်တာနဲ့စာရင် နောက်ကျတာကတော်သေးတယ်လို့ပဲ ဆိုကြပါစို့။ ဘာဖြစ်လို့မြေအောက်လုပ်ကြတာလဲဆိုတာကို သဘောမပေါက်ကြလို့ နောက်ကျကြတာလို့ ဆိုချင်ပါတယ်။


မြေအောက်လုပ်တယ်ဆိုတာ လွယ်လွယ်ပြောရရင် မြေပေါ်မှာလုပ်မရလို့ပဲဖြစ်ပါတယ်။


မတရားဖိနှိပ်မှုပြင်းထန်လှတဲ့ အုပ်စိုးသူတွေရဲ့လက်အောက်မှာနေရတဲ့ အဖိနှိပ်ခံတို့က မိမိတို့ရဲ့ ထွက်ရပ်လမ်း ကိုရှာကြရာမှာ မြေအောက်လုပ်ငန်းဟာ မဖြစ်မနေလုပ်ရတဲ့ လုပ်ငန်းတခုဖြစ်လာပါတယ်။


ပြည်သူတရပ်လုံး ဒီမိုကရေစီအခွင့်အရေးတွေ အပြည့်အဝခံစားခွင့်ရရင် ဘယ်သူမှမြေအောက်လုပ်မနေပါဘူး။

လုပ်မယ်ဆိုရင်လည်း ပတ်ဝန်းကျင်က ခွင့်မပြုပါဘူး။ ပေါ်ပေါ်ထင်ထင်၊ လွတ်လွတ်လပ်လပ်လုပ်လို့ရတဲ့ ကိစ္စတရပ်ကိုဘယ်သူကမှ အသက်အန္တရာယ်စွန့်စားပြီး လျှို့ဝှက်သဲဖို လုပ်မနေပါဘူး။


ဒီတော့သမိုင်းမှာ မြေအောက်လုပ်ငန်းကို ဖက်ဆစ်နာဇီတွေလက်အောက်၊ ကိုလိုနီအုပ်စိုးသူတွေ လက်အောက် မှာလုပ်ကြတာရှိသလို နအဖလိုဖိနှိပ်တဲ့ အာဏာရှင်တွေအောက်မှာလည်း လုပ်ကြပါတယ်။


ဒီနေရာမှာ မြေအောက်လုပ်ငန်းဆိုတာ မတရားဖိနှိပ်တဲ့ အစိုးရတရပ်ကို ဆန့်ကျင့်ဖို့အတွက် အဲဒီ အစိုးရ မသိအောင် ဖွဲ့စည်းလှုပ်ရှားတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။


ဒါဟာ မူးယစ်ဆေးဝါးလုပ်ငန်းလို၊ မာဖီးယားဂိုဏ်းလို၊ မှောင်ခိုစီးပွားရေးလုပ်ငန်းတွေလိုဟာတွေကို ဆိုလိုတာ မဟုတ်ဘူးဆိုတာကို ဦးစွာ ရှင်းအောင်ပြောထားဖို့လိုပါတယ်။


အခုပြောနေတဲ့မြေအောက်လုပ်ငန်းဆိုတာဟာ နိုင်ငံရေးပြဿနာကအစပြုပြီး နိုင်ငံရေး ဦးတည်ချက်တခုအတွက် လှုပ်ရှားတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အစိုးရခွင့်မပြုတဲ့လုပ်ငန်းတိုင်းကို မဆိုလိုပါဘူး။


မြေအောက်လုပ်ငန်းဆိုတာ သူ့ချည်းလှုပ်ရှားရတာ၊ လက်နက်ကိုင်တိုက်ပွဲနဲ့ တွဲဖက်လှုပ်ရှားရတာ၊ လူထုအုံကြွမှု နဲ့တွဲဖက်ရတာ စသဖြင့် အနေအထားကိုလိုက်လို့ သူ့ရဲ့အခန်းကဏ္ဍတွေက ကွဲပြားပါတယ်။


ဒါကိုတနည်းပြန်ပြောရရင် မြေအောက်လုပ်ငန်းဟာ တိုက်ပွဲသဏ္ဍာန်ပေါင်းစုံကို အထောက်အကူပေးနိုင်တယ် ဆိုတာဖြစ်ပါတယ်။


ဒါပေမယ့် မြေအောက်လုပ်ငန်းအားလုံးဟာ လူထုကိုအခြေခံပြီး လူထုရဲ့ထောက်ခံအားပေးမှုကို အားပြုလုပ်ကိုင်ရတာဖြစ်ပါတယ်။ နောက်ပြီး မြေအောက်လုပ်ငန်းဟာ တိုင်းပြည်ရဲ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ တခါတလေမှာ အရံအခန်း၊ တခါတလေမှာ အဓိကအခန်းရယ်လို့လည်း အခြေအနေအရ ကွဲပြားပါသေးတယ်။


အထက်မှာပြောခဲ့သလိုပဲ မြေအောက်လုပ်ငန်းလုပ်တယ်ဆိုတာ အဖိနှိပ်ခံပြည်သူတွေက မိမိတို့ရဲ့ရည်မှန်းချက်ကို လွတ်လပ်စွာအကောင်အထည်ဖော်ခွင့်မရတဲ့အတွက် သယ်ဆောင်တဲ့နည်းနာတခုဖြစ်ပါတယ်။


ဒါနဲ့ပြောင်းပြန် အုပ်စိုးသူ၊ အာဏာရနေသူတွေက မြေအောက်လိုလုပ်တယ်ဆိုရင်တော့ ဒါဟာ ခိုးကြောင်ခိုးဝှက်၊ ကလိမ်ကကျစ်လုပ်တာသာဖြစ်တယ်ဆိုတာ ပြောထားဖို့လိုပါတယ်။ သူများနိုင်ငံအပေါ်သူလျှိုလုပ်တာ၊ ထောက်လှမ်းရေးလုပ်တာကိုလည်း မြေအောက်လုပ်ငန်းလို့ မဆိုနိုင်ပါဘူး။


တကယ်တော့ ဗမာပြည် ပြည်သူတွေဟာမြေအောက်လုပ်ငန်းအတွေ့အကြုံ အင်မတန်ကြွယ်ဝတယ်လို့ ပြောရင်ရပါတယ်။


တနိုင်ငံလုံး သူ့ကျွန်ဘဝရောက်တယ်ဆိုတာနဲ့ အင်္ဂလိပ်ကိုလိုနီတွေကို ပြန်ချဖို့ပြင်ဆင်ကြတဲ့ မင်းညီမင်းသား များနဲ့ လူထုတွေ၊ ဆရာတော်သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေက စတွက်လိုက်ရင် ဗမာပြည်ရဲ့ မြေအောက်လုပ်ငန်းသမိုင်းဟာ နှစ်ပေါင်း ၁၂ဝ ကျော်ပါပြီ။


ဒီလိုမြေအောက်လှုပ်ရှားမှုတွေကနေ ဗမာ့ထွက်ရပ်ဂိုဏ်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ရဲဘော်သုံးကျိပ် စတာတွေ ပေါ်ထွက်လာပြီး လွတ်လပ်ရေးတိုက်ပွဲကိုသယ်ဆောင်ခဲ့ကြပါတယ်။ ထောင်ထဲကနေ မြေအောက်လုပ်ငန်းလုပ်သူတွေကတဆင့် လွတ်လပ်ရေး တိုက်ပွဲကိုခေါင်းဆောင်ကြပါတယ်။


လွတ်လပ်ရေးနောက်ပိုင်းမှာလည်း မြေအောက်လှုပ်ရှားမှုတွေတောက်လျှောက် တည်ရှိခဲ့ပြီး မြို့ပေါ်လူထုအုံကြွမှုကြီးတွေ အမြောက်အမြားကို ဖော်ထုတ်ခဲ့ကြပါတယ်။


တခြားနိုင်ငံတွေမှာလည်း အလားတူသာဓကတွေ အများကြီးရှိပါတယ်။ ပြောမကုန်ပါ။

ဒါကြောင့် ဗမာပြည်ရဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်း အုပ်စိုးသူလူတန်းစား၊ အထူးသဖြင့်ဆိုရှယ်လစ်ပါတီနဲ့ သူတို့နဲ့နွှယ်နေတဲ့ စစ်အုပ်စုဟာ မြေအောက်လုပ်ငန်းကို အကြီးအကျယ် ကြောက်ရွံ့ရွံ့မုန်းကြပါတယ်။


ဒီလိုနဲ့ပဲ သူတို့ဟာ ပြည်သူတွေကိုဖိနှိပ်ဖို့၊ ခြောက်လှန့်ဖို့၊ အထူးသဖြင့် မြေအောက်လုပ်ငန်းတွေကို ရှာဖွေ ဖျက်ဆီးဖို့အတွက် ပြည်တွင်းပြည်ပမှာ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ ထောက်လှမ်းရေးယန္တရားကြီးတခုကို တည်ဆောက်ထိန်းသိမ်းခဲ့ကြပါတယ်။


ဒါပေမယ့် အခုတော့ အဲဒီထောက်လှမ်းရေးဆိုတာကြီးပဲ အစိပ်စိပ်အမြွာမြွာပြိုကွဲဖျက်သိမ်းခံခဲ့ရပြီး မြေအောက်လုပ်ငန်းတွေကတော့ ဆက်လက်တည်ရှိနေ၊ ထပ်မံပေါက်ဖွားနေပါတယ်။


ဒါက ဖော်ပြနေတာက စစ်အုပ်စုရဲ့ထောက်လှမ်းရေးယန္တရားဟာ တပွဲချင်းမှာ ပြည်သူ့အင်အားစုတွေအပေါ်မှာ အနိုင်ရတာတွေရှိပေမယ့် တရားတခုလုံးအနေနဲ့တော့ အဆုံးမှာ သူတို့ပဲ အရှုံးနဲ့ဇာတ်သိမ်းရတယ်ဆိုတာ ဖြစ်ပါတယ်။


ဒါပေမယ့် အုပ်စိုးသူအာဏာရှင်များဟာ မြေအောက်လုပ်ငန်းတွေတည်ရှိနေသရွေ့သူတို့အတွက် အန္တရာယ်ကြီး လှတာမို့ ဖြိုခွဲဖို့အတွက် ထောက်လှမ်းရေးလို အဖွဲ့အစည်းတွေ ဆက်ထူထောင်နေဦးမှာပဲဖြစ်ပါတယ်။ တိုးချဲ့နေ၊ အားဖြည့်နေဦးမှာလည်း ဖြစ်ပါတယ်။


နအဖအစိုးရဟာ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ရုံးတင်လိုက်ခြင်းအားဖြင့် သူတို့ရှေ့ဆက်လျှောက်မယ့်လမ်း၊ ရှေ့ဆက်ကျင့်သုံးမယ့်လမ်းစဉ်တို့ကို ဖော်ပြလိုက်တာဖြစ်တယ်ဆိုရင် မမှားပါဘူး။


အဓိပ္ပာယ်က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတွေရဲ့ နောက်မှာလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဓိက ဦးတည်ရန်သူအဖြစ် သဘောထား၊ ၁၉၉ဝ ခုနှစ်က လက်ကျန် အင်အားစုတွေကို မသေမရှင်ထား၊ တက်ကြွသူတွေကို ထောင်ထဲ၊ ဒါမှမဟုတ် ပြည်ပ၊ ဒါမှမဟုတ် တောထဲကို မောင်းပို့ ဆိုတဲ့ ပေါ်လစီကို ဆက်လက်ကျင့်သုံးသွားမယ်ဆိုတာပါပဲ။


ဗမာပြည်ရဲ့ ရှေ့အလားအလာဟာ အလင်းရောင် မမြင်ရတာမဟုတ်ပါဘူး။


ဒါပေမယ့် စိတ်ကူးယဉ်လို့မရတာတော့ အမှန်ပါပဲ။ လူသားစားကျားကို တဖြည်းဖြည်းချင်းနဲ့ ဟင်းသီးဟင်းရွက်ပဲ စားလာအောင် လေ့ကျင့်ပေးသွားမယ်ဆိုတာမျိုး မတွေးသင့်ပါဘူး။


ရေရှည်တိုက်ပွဲအတွက် စနစ်တကျ ပြင်ဆင်ရပါမယ်။ အဲဒီလိုပြင်ဆင်ရာမှာ အချို့သောတက်ကြွသူတွေက မြေအောက်လုပ်ငန်းအတွက် သီးသန့်ပြင်ဆင်တာကိုလည်း အာရုံထားလုပ်ရပါမယ်။


အပျော်တမ်းဆံမှု၊ တပွဲတိုးဆံမှုတွေကိုဆန့်ကျင်ပြီး ရေရှည်အတွက် အမြင့်ဆုံးစွန့်လွှတ်မှုကိုပါ ပိုင်းဖြတ်ပြီး စနစ်တကျ လုပ်ရပါမယ်။ ယူဂျီလုပ်တယ်ဆိုတာ အချိန်အားရှိလို့ အပျော်ကစားတာ မဟုတ်ပါဘူး။

သဘောတရားတခုကို လက်တည့်စမ်းတာ မဟုတ်ပါဘူး။ ဖြစ်ကတတ်ဆန်း၊ တော်ရိလျော်ရိလုပ်လို့ မဖြစ်ပါဘူး။ စစ်တိုက်သလိုပဲ အသက်ပေါင်း၊ ဘဝပေါင်းများစွာကို အရင်းအနှီးပြုပြီး လုပ်ကိုင်ရတာဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့ဟာ အလွန်အရေးကြီးပါတယ်။


နေရာတကာ၊ အလွှာပေါင်းစုံ၊ လူတန်းစားပေါင်းစုံ၊ လုပ်ငန်းပေါင်းစုံထဲမှာ မြေအောက်ကွန်ယက်တွေဖြန့်ကျက် တည်ဆောက်ရပါမယ်။ ဒီလိုနဲ့ နအဖ စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ ဘယ်လိုလှုပ်ရှားမှုမျိုးကိုမဆို နည်းမျိုးပေါင်းစုံနဲ့ တွဲဖက်ပေါင်းစပ်ကာ အောင်ပွဲဆီ အတူတက်လှမ်းနိုင်ပါမယ်။


Wednesday, May 27, 2009

ရဲရဲလုပ်ကြပါစို့

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ


သုတေသနနှင့်လေ့လာရေးဌာန


ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၆/၂၀၀၉)


ရဲရဲလုပ်ကြပါစို့


(၂၀၀၉ ခုနှစ်၊ မေလ ၂၇ ရက် )


ပုဒ်မ ၁၀(က)၊ ပုဒ်မ ၁၀(ခ) တို့နှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း မဟုတ်။


ပုဒ်မ ၁၀(က) ကို ပုဒ်မ ၁၀(ခ) သို့၊ ပုဒ်မ ၁၀(ခ) ကို ပုဒ်မ ၁၀(က)သို့ လိုသလို ကုလားဖန်ထိုးနိုင် ကြောင်းနှင့် မထင်ရင်မထင်သလို [ပုဒ်မ ၁၀(က) အရ] ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားနိုင်သလို [ပုဒ်မ ၁၀(ခ)] အရလည်း ဆက်လက်၍ တားဆီးထားနိုင်ကြောင်း(နအဖ) စစ်အစိုးရက သတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်သိန်း ကို သုံးပြီး ခြိမ်းခြောက်လိုက်ခြင်းသာဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် (၆) လ ဆက်လက်ဖမ်းဆီးထားနိုင်သေးသလို၊ နောက်ထပ်(၅) နှစ်သက်တမ်း (တည်ဆဲဥပဒေအရ) ထပ်တိုးနိုင်ကြောင်းပြောလိုက်ခြင်းဖြစ်သည်။


ထို့အပြင် “ယက်တော” ခိုးဝင်လာမှုဖြင့် ဆက်စပ်ခြိမ်းခြောက်ထား သေးသည်။


(နအဖ)စစ်အစိုးရ၏ တည်ဆဲဥပဒေဆိုသည်မှာ မတရားဖိနှိပ်အနိုင်ကျင့်ထားသည့် အမိန့်ဥပဒေများသာ ဖြစ်သည်။


သို့အတွက် အင်းစိန်ထောင်တရားရုံးအတွင်း ရင်ဆိုင်နေသည့်နည်းလမ်းမျှဖြင့် မလုံလောက်နိုင်ပါ။


ပြည်သူလူထု၏စာနာထောက်ခံမှုအင်အားဖြင့်ဝန်းရံဖေးကူလာနိုင်မှသာလျှင် (နအဖ)စစ်အစိုးရ၏ မတရား အနိုင်ကျင့်ဖိနှိပ်မှုကို ရင်ဆိုင်နိုင်ပါလိမ့်မည်။


သို့ပါ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူလူထုထံ တချိန်တခါကတင်ပြခဲ့ဖူးသည့် “မတရားသည့် အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ”ဟူသည့် လမ်းအတိုင်းလိုက်မှဖြစ်တော့မည်။


ယင်းသို့မဟုတ်လျှင် စင့်နှီးတုန်းပေါ် လည်စင်းပေးရသည့် သိုးငယ်များပမာဖြစ်လိမ့်မည်။


ဒေါ်အောင်ဆန်းစုကြည်က ရဲရဲလုပ်ဖို့ပြောထားပြီးဖြစ်သည်။


သို့အတွက် အင်အားစု အားလုံးက ရဲရဲလုပ်ကြရမည်။


ပြည်သူလူထုပါဝင်လာအောင် စည်းရုံးကြရမည်။


Friday, May 15, 2009

နိုင်ငံရေးသမားနှင့် စာရေးဆရာ

(၁)


နိုင်ငံရေးသမားနှင့် စာရေးဆရာကို မနှိုင်းယှဉ်မီ နိုင်ငံရေးသမားဆိုတာဘာလဲ၊ စာရေးဆရာဆိုတာ ဘာလဲကို ရှင်းပြဖို့ လိုပေလိမ့်မည်။


နိုင်ငံရေးဆိုတာဘာလဲ။


နိုင်ငံရေးဆိုသည်မှာ စီးပွားရေးတောင်းဆိုချက်ကို လူထုအင်အားဖြင့် လှုပ်ရှားမှုပြုခြင်းပင် ဖြစ်သည်။


စာပေဆိုတာဘာလဲ။


စာပေဆိုသည်မှာ လူ့ဘ၀အကြောင်းအရာကို စာဖတ်သူ ရသပေါ်အောင် ဖွဲ့နွဲ့ထားသော အရေးအသားဖြစ်သည်။


နိုင်ငံရေးဆောင်ရွက်သူသည် နိုင်ငံရေးသမားဖြစ်သည်။ စာပေရေးသားသူသည် စာရေးဆရာ ဖြစ်သည်။ ဤသို့ အကြမ်းဖျင်းသိရသည်။ သည့်ထက် တင်းပြည့်ကျပ်ပြည့် အဓိပ္ပာယ်ဖြင့်ဆိုရလျှင် နိုင်ငံရေးကို မိမိဘ၀၌ မြှုပ်နှံကာ နိုင်ငံရေးတစ်ခုတည်းကိုသာ ဆောင်ရွက်သူကို နိုင်ငံရေးသမားဟု ခေါ်သင့်ပေသည်။ စာပေကို မိမိဘ၀၌ မြှုပ်နှံကာ စာပေတစ်ခုတည်းကိုသာ ရေးသားသူကို စာရေး ဆရာဟု ခေါ်သင့်ပေသည်။


ယင်းအဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်း အတိအကျ သတ်မှတ်ရန်မဟုတ်ပေ။ နိုင်ငံရေး သက်သက်၊ စာပေသက်သက် ဆောင်ရွက်သူများရှိသလို ရောနှောဆောင်ရွက်ကြသူများလည်း ရှိပေ သည်။ လောက၌ သတ်သတ်ဟူ၍ မရှိနိုင်ပေ။ သို့သော် ယင်းအင်အား အများဆုံးရှိသူကို တိုင်းတာ၍ ခေါ်ဝေါ်မှတ်ယူကြခြင်းသာလျှင် ဖြစ်ပေသည်။


ဤနေရာ၌ နိုင်ငံရေးသမားသက်သက်၊ စာရေးဆရာသက်သက်ဟူ၍ နှိုင်းယှဉ်လိုခြင်း မဟုတ်ဘဲ နိုင်ငံရေးသမားနှင့် စာရေးဆရာလုပ်ငန်း နှစ်ရပ်ကိုသာ နှိုင်းယှဉ်လိုခြင်းဖြစ်၍ ရှေ့ဆက် ကြပေအံ့။


(၂)


နိုင်ငံရေးနှင့် စာပေ မည်သည့်နေရာ၌ တူကြသလဲ။


နိုင်ငံရေးသည် စီးပွားရေးတောင်းဆိုချက်နှင့် သက်ဆိုင်သလို စာပေသည် လူ့ဘ၀နှင့် သက်ဆိုင်သည်။ ဟော...တူကြပေပြီ။


စီးပွားရေးဆိုသည်မှာ စားဝတ်နေရေးပင် မဟုတ်လော။ လူ့ဘ၀ဆိုသည်မှာလည်း စားဝတ် နေရေးပင်မဟုတ်လော။


နိုင်ငံရေးဝေါဟာရအားဖြင့် သိပ္ပံကျကျ စီးပွားရေးဟုခေါ်ကြသည်။ စာအုပ် သံပါပါ၊ တက္ကသိုလ်ဟန်ပါပါဖြင့် ခေါ်လျှင် ဘောဂဗေဒဟုလည်း တနည်းခေါ်နိုင်သေးသည်။ လူ့ဘ၀ဟု စာဆန်ဆန်ခေါ်လျှင်လည်း ရသည်။ ကဗျာဆရာတို့က ဘ၀ဟု လှလှကလေး ခေါ်ကြပေသည်။


စီးပွားရေးနှင့် လူ့ဘ၀ အနှစ်သာရချင်း အတူတူပင် မဟုတ်ပေလော။


စီးပွားရေးအကြောင်းပြောလျှင် လူ့ဘ၀ပါရမည်။ လူ့ဘ၀အကြောင်းပြောလျှင် လူတွေ၏ စီးပွားရေး ပါရမည်။ မပါ၍မဖြစ်။ လူ့ဘ၀သည် စီးပွားရေးတောင်းဆိုချက်ဖြင့် လှုပ်ရှားနေသော ဘ၀ ဖြစ်သည်။ ငြိမ်သက်နေသော ဘ၀မဟုတ်ပေ။ လူ့ဘ၀၏ အသက်သည်ပင်လျှင် စီးပွားရေးတောင်းဆို ချက် ဖြစ်ပေသည်။ စီးပွားရေးတောင်းဆိုချက်မရှိလျှင် လူ့ဘ၀သည် သေနေခြင်းပင်။


လူ့ဘ၀သည် မည်သို့ရှိသလဲ။ လူ့ဘ၀သည် လူတန်းစားများဖြင့် ပိုင်းခြားစိတ်ဖြာလျက် ရှိပေသည်။ စီးပွားရေးတောင်းဆိုချက်သည် လူတန်းစားက တောင်းဆိုသော စီးပွားရေးတောင်းဆိုချက် သာလျှင် ဖြစ်ပေသည်။ နိုင်ငံရေးသည်ပင်လျှင် လူတန်းစားနိုင်ငံရေး ဖြစ်ပေသည်။ လူတန်းစားမှ ကင်းသော နိုင်ငံရေးဟူသည် မရှိနိုင်ပေ။


(၃)


နိုင်ငံရေးသည် စီးပွားရေးတောင်းဆိုချက်၊ စာပေသည် လူ့ဘ၀ကိုရေးသားခြင်း။


စီးပွားရေးကို မည်သို့တောင်းဆိုသလဲ၊ လူထုအင်အားဖြင့် လှုပ်ရှားကာတောင်းဆိုသည်။ ဟော... နိုင်ငံရေး၌ လူထုအင်အားကို တွေ့ရှိရပေပြီ။


လူ့ဘ၀ကို မည်သို့ရေးသားသလဲ၊ စာဖတ်သူရသပေါ်အောင် ဖွဲ့နွဲ့သည်။ ဟော... စာပေ၌ စာဖတ်သူကို တွေ့ ရှိရပေပြီ။

နိုင်ငံရေး၌ လူထုအင်အား၊ စာပေ၌ စာဖတ်သူ အတူတူပင်ဖြစ်သည်။ စကားလုံးအခေါ် ကွဲ သော်လည်း အနှစ်သာရအားဖြင့် အတူတူပင်ဖြစ်ပေသည်။ စာဖတ်သူ၊ စာဖတ်ပရိသတ်သည် လူထု ဖြစ်သည်။ တနည်း အသေးစိတ် အတိအကျဆိုရလျှင် စာဖတ်သူသည် လူထုအစိတ်အပိုင်းတစ်ရပ် ဖြစ်ပေသည်။


နိုင်ငံရေးသမားသည် လူထုမပါဘဲ မရပ်တည်နိုင်၊ စာရေးဆရာသည် စာဖတ်သူမပါဘဲ မရပ် တည်နိုင်။ နိုင်ငံရေးသမားနှင့် စာရေးနှစ်ဦးစလုံး လူထု၌ အမြစ်တွယ်လျှက်ရှိသည်။


လူထု၌ အခြေမစိုက်သော နိုင်ငံရေးသည် ကျဆုံးမည်ဖြစ်၍ စာဖတ်သူလူထု၌ အခြေမစိုက် သော စာပေသည်လည်း တိမ်ကောရမည်သာ ဖြစ်ပေသည်မဟုတ်လော။


(၄)


စာရေးဆရာ၏လုပ်ငန်း အဘယ်နည်း။


စာရေးဆရာသည် အနုပညာလုပ်ငန်းကို ဆောင်ရွက်သည်။ သူသည် လူ့ဘ၀ကို ထိတွေ့ ခံစား ရှုမြင်သုံးသပ်၍ အလှပညာဖြင့် ဖွဲ့နွဲ့သည်။ သူ၏ အတတ်ပညာသည်ကား သူ၏ စာဖတ် ပရိသတ် (၀ါ) လူထုစိတ်၌ စွဲလမ်းကပ်ငြိအောင်၊ နှစ်သက်ယုံကြည်အောင်၊ ရသခံစားအောင် ရေးသားရသော အတတ်ပညာဖြစ်သည်။ စာဖတ်ပရိသတ်က သူ၏စာပေကို နှစ်သက်ခံစားခြင်း ရှိသလောက် သူ၏ စာပေအင်အားသည် ကြီးမားလာပေသည်။ သူ၏အနုပညာသည် အောင်မြင် သည်ဟု ဆိုရပေမည်။


နိုင်ငံရေးသမား၏ လုပ်ငန်းကား အဘယ်နည်း။


နိုင်ငံရေးသမားသည် လူထုလှုပ်ရှားမှုလုပ်ငန်းကို ဆောင်ရွက်သည်။ သူသည် လူတန်းစား တို့ဖြင့် ပြွမ်းသော လူ့ဘ၀ကို တိုးဝှေ့လေ့လာဝေဖန်ကာ နိုင်ငံရေး ဘောဂဗေဒပညာ၊ နိုင်ငံရေး အဘိဓမ္မာတို့ဖြင့် ဆောင်ရွက်သည်။ နိုင်ငံရေးအာဏာရအောင် အားထုတ်သည်။ သူ၏တစ်နည်းဆိုရ သော သူ့ပါတီ၏ နိုင်ငံရေးဝါဒ၊ လမ်းစဉ်များကို လူထုက လက်ခံနှစ်သက်၊ ယုံကြည်တက်ကြွလာ အောင် ပြောဟောလှုပ်ရှား ဆောင်ရွက်ရသည်။ သူ၏အတတ်ပညာကား သူ့နိုင်ငံရေးပါတီ၏ ၀ါဒ၊ လမ်းစဉ်ကို လူထုက နှစ်သက်လက်ခံ၊ ယုံကြည်တက်ကြွလာအောင် ပြုလုပ်သော အတတ်ပညာ ဖြစ်သည်။ လူထုက ယင်းနိုင်ငံရေးဝါဒ၊ လမ်းစဉ်ကို နှစ်သက်လက်ခံခြင်းရှိသလောက် သူ၏ နိုင်ငံရေး အင်အားသည် ကြီးမားလာပေသည်။ သူ၏နောက်ပါ၌ လူထုရှိမှ အောင်မြင်သည်ဟု ဆိုရပေမည်။


နိုင်ငံရေးသမားသည် လူထုနှင့်ညှိနှိုင်း၍ နိုင်ငံရေးလှုပ်ရှားမှုကို ဆောင်ရွက်ရသည်။ စာရေး ဆရာသည်လည်း စာဖတ်ပရိသတ်(လူထုအစိတ်ပိုင်းတစ်ရပ်)နှင့် ညှိနှိုင်း၍ ရေးသားရသည်။ လူထု၏ ဆန္ဒနှင့် ညှိ၍ မဆောင်ရွက်လျှင် ယင်းနိုင်ငံရေးသမားသည် ကျဆုံးသလို စာဖတ်ပရိသတ်၏ ဆန္ဒနှင့် ညှိ၍မရေးသားသော စာရေးဆရာသည်လည်း ကျဆုံးရမည်ဖြစ်ပေသည်။


နိုင်ငံရေးသမားတို့မည်သည် လူထု၏ရှေ့မှ ကျော်တက်နေ၍လည်းမရ၊ နောက်ကျန်ရစ်နေ ၍လည်းမရ၊ လူထုနှင့်တစ်သားတည်း တစ်ပြေးတည်း နေရပေမည်။ လူထု၏ဆန္ဒအရသာလျှင် နိုင်ငံရေးသမားက လူထုကိုယ်စား စေပါးဆောင်ရွက်ခြင်းဖြစ်ပေသည်။ နိုင်ငံရေးသမားက သက်သက်၊ လူထုကသက်သက် မဟုတ်ရပေ။ စာရေးဆရာသည်လည်း ထို့အတူပင်ဖြစ်သည်။ စာရေးဆရာသည် လူထု၏ခံစားမှုကို ထင်ဟပ်ဖော်ပြရပေမည်။ သူ၏စာပေသည် လူထုခံစားမှု ဝေဒနာကို ထင်ဟပ်ရပေမည်။ စာရေးသူ၏ခံစားမှုနှင့် စာဖတ်ပရိသတ်၏ ခံစားမှုသည် ကိုက်ညီရပေ မည်။ စာရေးဆရာသည် ရောမမြို့ကြီး မီးလောင်နေစဉ် တယောထိုးပြရန် မဟုတ်ပေ။


နိုင်ငံရေးသမားသည် လူထုကိုချဉ်းကပ်ရာ၌ လမ်းမှန်ကမ်းမှန်ဖြင့်သာ ဖြောင့်မတ် တည်ကြည်စွာ ချဉ်းကပ်ရပေမည်။ လူထုအား လိမ်လည်လှည့်ဖျား၍ မချဉ်းကပ်ရပေ။ စာရေးဆရာ သည်လည်း ထို့အတူပင်။ စာရေးဆရာသည် စာဖတ်ပရိသတ်၏ အကြိုက်ကို အလိုလိုက်ကာ စိတ်ကူးယဉ်စာပေ၊ ဘ၀ထွက်ပြေးမှုစာပေတို့ဖြင့် မှိန်းယစ်အောင် ရေးသားရမည်မဟုတ်ပေ။


နိုင်ငံရေးသမားသည် အခြေအနေမှန်ကို လူထုအား တင်ပြရပေမည်။ စာရေးဆရာသည် လည်း တကယ်ဖြစ်ပျက်နေသောခေတ်ကို သရုပ်ဖော်ရပေမည်။


နိုင်ငံရေးသမားအား အဆုံးဖြတ်ပေးရာသည်လည်းကောင်း၊ စာရေးဆရာအား အဆုံးအဖြတ်ပေးရာသည်လည်းကောင်း လူထုပင်ဖြစ်သည်။


(၅)


ပြည်သူ့အကျိုးဆောင် နိုင်ငံရေးသမား၏ ရည်မှန်းချက်သည် ထာဝစဉ် ငြိမ်းချမ်းရေးပင် ဖြစ်သည်။ ငြိမ်းချမ်းမှ ပျော်ရွှင်မည်၊ တိုးတက်မည်၊ သာယာမည်။ ပြည်သူ့အကျိုးဆောင် စာရေးဆရာ ၏ ရည်မှန်းချက်သည်လည်း ငြိမ်းချမ်းရေးပင်ဖြစ်သည်။ အနုပညာသည် ငြိမ်ချမ်းမှ အစွမ်းကုန် အလှဆုံး ပွင့်ဖူးနိုင်ပေမည်။


နိုင်ငံရေးသမားသည် နိုင်ငံရေးလုပ်စားလျှင် (၀ါ) ကိုယ်ကျိုးရှာလာလျှင် ပျက်စီးလေတော့ သည်။ စာရေးဆရာသည်လည်း ငွေကြေးအတွက်လိုက်ကာ စာရေးလာလျှင် မှိန်လာတော့သည်။


နိုင်ငံရေးသမားသည် အာဏာရယူရေးအတွက် နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်သူဖြစ်ရာ သေလျှင်မြေကြီး၊ ရှင်လျှင်ရွှေထီး လုပ်တတ်သည်။ ရက်စက်သည်။ စာရေးဆရာက နူးညံ့သိမ်မွေ့ သည်။ ဝေဒနာခံစားမှု၌ ထက်မြက်သည်။ ဆွတ်ပျံ့သည်။ တစ်စုံတရာကို စိစစ်ဝေဖန်တွေးခေါ်ပြီးမှ လက်ခံတတ်သည်။ နိုင်ငံရေးသမားသည် မှားလျှင်ပြင်မည်ဟူသော သဘောထားနှင့် တိုးလုပ်တတ် သည်။ စာရေးဆရာကား အမှားနည်းရန် ကြိုးစားသည်။ သစ္စာတရားကို ရှာဖွေသည်။ အဖြူပေါ် အမည်းတင်၍ ကမ္ပည်းထိုးရသူဖြစ်ရာ သတိကြီးစွာထားသည်။


ထို့ကြောင့် တစ်ခါတရံ နိုင်ငံရေးသမားနှင့် စာရေးဆရာသည် မသင့်မတင့် ဖြစ်တတ်သည်။ ပဋိပက္ခဖြစ်တတ်သည်။


သို့ဖြစ်ရာ နိုင်ငံရေးသမားနှင့် စာရေးဆရာသည် တူသည်။ မတူ။


xxxxx

ဒဂုန်တာရာ

စာပြီးနှစ် ၁၉၆၈
“စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါကားလိပ်” မှ
အတွေးအမြင် အမှတ် (၂၀၆)၊ ၂၀၀၉ မေလ

သိမ်ဖျဉ်းသေးနုတ်ပြီး ဆိုးညစ်သော လုပ်ဆောင်မှု

(၂၀၀၉ ခုနှစ်၊ မေလ ၁၅ ရက်)


အခြေအနေကား အိမ်ချုပ်ချထားသည့် အနေအထားမှ အင်းစိန်ထောင်သို့ပို့ပြီး ထောင်ချပစ်မည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပါပြီ။ ထို့အပြင် (နအဖ) စစ်အစိုးရ၏ အကြမ်းဖက်ဖိနှိပ်မှုနှင့် ဆိုးညစ်မှု များမှာ ကမ်းကုန်အောင် ပွင့်ကျခဲ့ပြီလည်းဖြစ်ပါသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွန်ခဲ့သည့် ဧပြီလ (၂၈/၂၉) ရက်များတွင် အစည်းအဝေး ပြုလုပ်ခဲ့သည်။


ယင်းအစည်းဝေးပွဲကို (နအဖ) စစ်အစိုးရဘက်က နှောင့်ယှက်မှုမရှိ ခဲ့။ ယင်းသို့ နှောင့်ယှက်မှုမရှိခြင်းမှာ (နအဖ) စစ်အစိုးရက သဘောထားကြီးလွန်းလှ၍မဟုတ်။ ဒီတစ်ခါ အစည်းဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂ ခြမ်းကွဲလိမ့်မည် ဟူသော အပိုင်တွက် ကိန်းနှင့် လွှတ်ပေးလိုက်ခြင်းသာဖြစ်သည်။ စေတနာဆိုးဖြင့် “ဟ” ပေးလိုက်ခြင်းသာဖြစ်သည်။


သို့သော်လည်း ထိုအစည်းဝေးတွင် (နအဖ) စစ်အစိုးရဆင်ထားသည့် အကွက်၊ တွက်ထား သည့် တွက်ကိန်းအတိုင်း ဖြစ်မလာခဲ့။ (နအဖ) စစ်အစိုးရ ဆင်ထား/တွက်ထားသလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကွဲပြဲမသွားဘဲ ပျော့ပြောင်း၍ အမြော်အမြင်ရှိသော “ရွှေဂုံတိုင်ကြေညာချက်” ထွက်လာခဲ့ပါသည်။


မေလနှောင်းပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်ချထားရာမှ လွှတ်ပေးရတော့ မည်။ လွှတ်မပေး၍မရတော့။ (နအဖ) စစ်အစိုးရက လွှတ်မပေးချင်။ တိုင်းပြည်နှင့် ပြည်သူ့အကျိုးကို ရှေ့ရှုထားသည့် ရွှေဂုံတိုင်ကြေညာချက်ကလည်း ထွက်လာပြီ။ မကြာခင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပြန်လွတ်လာတော့မည်။ သို့ဖြင့် ၂၀၀၉ ခုနှစ်၊ မေလသည် ထိုသို့သော မျှော်လင့်ချက်များဖြင့် ဝင်းပနေတော့သည်။


“ရွှေဂုံတိုင်ကြေညာချက်” ကို စွဲကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်က လူထုကို စည်းရုံး လှုပ်ရှားလာခဲ့သော် (နအဖ) စစ်အစိုးရ၏ ဖွဲစည်းပုံအခြေခံဥပဒေ (၂၀၀၈) သည်လည်းကောင်း၊ (၂၀၁၀) ရွေးကောက်ပွဲ အိပ်မက်သည်လည်းကောင်း ကြီးမားသော စိန်ခေါ်မှုနှင့်ရင်ဆိုင်ရတော့မည်။ ယင်းအချက်သည် (နအဖ)စစ်အစိုးရအတွက် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကိစ္စကြီးဖြစ်သည်။


ယင်းသို့သော အခြေအနေတွင် ခိုးကြောင်ခိုးဝှက် ရေကူးဝင်လာသည့် “ယက်တော” သည် ရေနစ်တော့မည့် (နအဖ) စစ်အစိုးရအတွက် “ကောက်ရိုးတမျှင်” ဖြစ်ခဲ့ပုံရသည် သို့တည်းမဟုတ် “ယက်တော” နှင့် (နအဖ) စစ်အစိုးရတို့ လက်ဝါးချင်းရိုက် အကွက်ဆင်ခဲ့ပုံလည်း ဖြစ်နိုင်စရာ ရှိသည်။


တကယ်တော့ (နအဖ) စစ်အစိုးရ အကြောက်ရွံ့ဆုံးကိစ္စမှာ “ရွှေဂုံတိုင်ကြေညာချက်” နှင့် လွတ်မြောက်လာမည့် ဒေါ်အောင်ဆန်းစုကြည်တို့ ပေါင်းစပ်သွားပြီး ပြည်သူလူထုကြီး နိုးကြားထကြွ လာကာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့် (၂၀၁၀) ရွေးကောက်ပွဲ ထိပါးခံရမည့် ကိစ္စသာဖြစ် သည်။ ဗိုလ်သန်းရွှေက အထိပါးမခံနိုင်ဟု မတ်လ (၂၇) ရက်နေ့က ဗြောင်ပြောထားပြီးလည်း ဖြစ် သည်။


သို့အတွက် ယခုကဲ့သို့ မတရားသဖြင့် (ပုဒ်မ ၂၂ အရ) စွဲချက်တင်လိုက်ခြင်းဖြစ်သည်။


ထိုသို့ မတရားသဖြင့် စွဲချက်တင်လိုက်သဖြင့် အခြေအနေက ပိုပြီးတင်းမာရှုပ်ထွေးလာ သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းပြည်နှင့်လူထုအကျိုး ရှေ့ရှုပြီး သင့်မြတ်ပြေလည်ရေး လက်ကို ကမ်းလှမ်းခဲ့သည်။ သို့သော်လည်း (နအဖ) စစ်အစိုးရက အာဏာကိုဖက်တွယ်ပြီး အညှိုး အာဃာတဖြင့် ကျောခိုင်းပစ်ပယ်ခဲ့ပြန်ပြီ။


သို့ပါ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ထားရှိသည့် ပြည်သူလူထု၏ ထောက်ခံမှု၊ စာနာထောက်ထားမှုများကို ခိုင်မာညီညွတ်သော အင်အားအဖြစ် ပြောင်းပြီး (နအဖ) စစ်အစိုးရ၏ ဖိနှိပ်မှုမှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြရန်မှတပါး အခြားနည်းလမ်းမရှိတော့ပါ။



Thursday, May 14, 2009

သူပြီးရင် နင့်အလှည့်


သူပြီးရင် နင့်အလှည့် (ကာတွန်းစောငို)

Tuesday, May 12, 2009

ညီမလေးဖတ်ဖို့ စာ

* ညီမလေးရေ

မြကန်သာမှာ

ကြာမျိုးစုံပွင့်သတဲ့။


* ညီမလေးရဲ့

ဘဝရဂုံသာကား

မြပုဏ္ဏမာ ငွေလဝန်း

ထွန်းတဲ့စမ်းရေအိုင်။


* လမသာ ရေမစီး

လွင်တီးကုန်း ကန္တာမြေ

နတ်တို့ပင် ဖွေသော်လည်း

ရွှေကြာတို့ မပေါက်ရောက်ရာ။


* တောကြီးမာယာ

မဟာဂနိုင်ကား

သူယောင်တို့ ပြုစားရာ။


* မြို့ကြီးမာယာ

ဝင်္ကန္တာကား

အသူတရာတည့်။


* မိစ္ဆာစိုးမိုး

ခိုးသူတို့နေရာ

အမိမြန်မာကား

ကာလဒုက္ခတည့်။


* ညီမလေးရေ

ကသစ်ပန်းဆိုတာ

နတ်တို့ရဲ့စခန်းမှာသာ

ပွင့်လန်းရမြဲ ဓမ္မတာပါ။


* သူပုန်မည်သည်

ရဂုံပြည်မှာ တင့်တယ်သလို

အနုပညာသည်ရဲ့အလှ

ဘဝ သဏ္ဍာန် သမုဒယ

သုခုမ လမ်းမှာသာ

အစွမ်းတန်ခိုး ပီဘိ

အဓိပ္ပာယ်ရှိတဲ့အဖြစ်

ထုဆစ် သည်ပိုးရသည်ကော။


* ငါကား

အနုပညာကို မြတ်နိုး

အနုပညာ အမျိုးနွယ်ကို

အနုပညာ နယ်ပယ်မှာသာ

တင့်တယ်စေလိုသူတည်း။


* ညီမလေးရေ

ပရိယေသန သက်သက်မဟုတ်ပါ

တရားပျက်

အမှားဖက်

အမိုက်တွင်းနက်

ယွင်းပျက်တဲ့ ခေတ်ကာလ

ဖြစ်လာရတဲ့ လူ့တဘဝ

သုခုမ ပညာသည်ခရီး

မီးအိမ်လေးတလုံး။


* အမိုက်ကို

တိုက်ခိုက် အံတုမှုသည်ပင်

အကြင်အဖိုးဖြတ်မရသည့်

ဘဝ၏ အနှစ်သာရပေပ။


* တိုက်ပွဲထဲမှာ

အမိုက်ကို ရဲရဲအာခံ

မြန်မာပြည် တော်လှန်ရေး

သွေးတွေစီးဆင်းဆဲ

အကျဉ်းနရသိန်လည်း

သူရဲကောင်းတို့အိမ်ဖြစ်ဆဲ

ဘဝကို စွန့်မြဲစွန့်ခဲ့ရ

ကျဆုံးသွားသူအပေါင်း

အထောင်အသောင်းလည်း

မောင်းမောင်းချီတက်ကြဆဲကို။


* ရှစ်လေးလုံးသစ္စာ

အသက်နဲ့ခန္ဓာ …

ကမ္ဘာမကြေဘူး …

အထူးထူးသော အရိပ်တွင်

ရှင်သန်သည်မှ

ဘဝ၏ ကုံလုံဖွယ်

အဘယ်မည်သော

လောဘ၊ ဒေါသ၊ မောဟများဖြင့်

ပွားစည်းကုန်ဆုံးစေပါအံ့။


* ညီမလေးရဲ့

အနုပညာနှင့် ဘဝ

ထပ်တူထပ်မျှ

အသက်ရှိသမျှ

လောကအကျိုးကို ဆောင်

အောင်မြင်ခြင်းလမ်းမှာ

မားမားမတ်မတ်

ရပ်တည် ရှင်သန်နေပါဘိ။


* ငြိမ်းချမ်းခြင်း ဆည်းလည်းသံ

ညင်းညင်းညံတဲ့အခါ

ပညာ ဓမ္မနဲ့

လောကကို ဆောင်တဲ့အခါ

ဗြဟ္မစိုရ်တရား

ထင်ရှားတည်တံ့တဲ့အခါ

လွတ်လပ်ရေး စည်ကြီး

မြည်ဟည်းတဲ့အခါ

လူငယ်တို့ဘုန်း

မိုးသို့ချုန်းတဲ့အခါ

ငါတို့ရဲ့ ကသစ်ပန်း

ငါတို့အစွမ်းအစနဲ့

တူးဆွစိုက်ပျိုး

မညှိုးမနွမ်း ထာဝစဉ်

နန္ဒဝန် ဥယျာဉ်

တီထွင်ရမှာပ။


* ညီမလေးရဲ့

ဘဝရဂုံသာကား

မြပုဏ္ဏမာ ငွေစန်း

အေးချမ်းတဲ့ အလင်းကိုလှုံ

ဖူးငုံရာက လျှမ်းလျှမ်း

စပယ်ပွင့်ဆန်း၍ လန်း၍။ ။



စောငို

ဇန်နဝါရီ ၂၄၊ ၂ဝဝ၉

ဒင်းဗား

Wednesday, May 6, 2009

အညံ့ခံလာသူတွေ ရွှေနေပြည်ကို အခစားဝင်စေ (ကာတွန်းစောငို)

အညံ့ခံလာသူတွေ ရွှေနေပြည်ကို အခစားဝင်စေ (ကာတွန်းစောငို)



ကာတွန်းစောငိုရဲ့ လက်ရာဟောင်းများကို ပြန်လည်ဆန်းသစ်ခြင်း အစီအစဉ်နဲ့ မကြာခင် ပြန်လည်ဖော်ပြပေးဖို့ စီစဉ်နေကြောင်းလည်း သတင်းကောင်းပါးအပ်ပါတယ်။