Friday, May 15, 2009

သိမ်ဖျဉ်းသေးနုတ်ပြီး ဆိုးညစ်သော လုပ်ဆောင်မှု

(၂၀၀၉ ခုနှစ်၊ မေလ ၁၅ ရက်)


အခြေအနေကား အိမ်ချုပ်ချထားသည့် အနေအထားမှ အင်းစိန်ထောင်သို့ပို့ပြီး ထောင်ချပစ်မည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပါပြီ။ ထို့အပြင် (နအဖ) စစ်အစိုးရ၏ အကြမ်းဖက်ဖိနှိပ်မှုနှင့် ဆိုးညစ်မှု များမှာ ကမ်းကုန်အောင် ပွင့်ကျခဲ့ပြီလည်းဖြစ်ပါသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွန်ခဲ့သည့် ဧပြီလ (၂၈/၂၉) ရက်များတွင် အစည်းအဝေး ပြုလုပ်ခဲ့သည်။


ယင်းအစည်းဝေးပွဲကို (နအဖ) စစ်အစိုးရဘက်က နှောင့်ယှက်မှုမရှိ ခဲ့။ ယင်းသို့ နှောင့်ယှက်မှုမရှိခြင်းမှာ (နအဖ) စစ်အစိုးရက သဘောထားကြီးလွန်းလှ၍မဟုတ်။ ဒီတစ်ခါ အစည်းဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂ ခြမ်းကွဲလိမ့်မည် ဟူသော အပိုင်တွက် ကိန်းနှင့် လွှတ်ပေးလိုက်ခြင်းသာဖြစ်သည်။ စေတနာဆိုးဖြင့် “ဟ” ပေးလိုက်ခြင်းသာဖြစ်သည်။


သို့သော်လည်း ထိုအစည်းဝေးတွင် (နအဖ) စစ်အစိုးရဆင်ထားသည့် အကွက်၊ တွက်ထား သည့် တွက်ကိန်းအတိုင်း ဖြစ်မလာခဲ့။ (နအဖ) စစ်အစိုးရ ဆင်ထား/တွက်ထားသလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကွဲပြဲမသွားဘဲ ပျော့ပြောင်း၍ အမြော်အမြင်ရှိသော “ရွှေဂုံတိုင်ကြေညာချက်” ထွက်လာခဲ့ပါသည်။


မေလနှောင်းပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်ချထားရာမှ လွှတ်ပေးရတော့ မည်။ လွှတ်မပေး၍မရတော့။ (နအဖ) စစ်အစိုးရက လွှတ်မပေးချင်။ တိုင်းပြည်နှင့် ပြည်သူ့အကျိုးကို ရှေ့ရှုထားသည့် ရွှေဂုံတိုင်ကြေညာချက်ကလည်း ထွက်လာပြီ။ မကြာခင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပြန်လွတ်လာတော့မည်။ သို့ဖြင့် ၂၀၀၉ ခုနှစ်၊ မေလသည် ထိုသို့သော မျှော်လင့်ချက်များဖြင့် ဝင်းပနေတော့သည်။


“ရွှေဂုံတိုင်ကြေညာချက်” ကို စွဲကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်က လူထုကို စည်းရုံး လှုပ်ရှားလာခဲ့သော် (နအဖ) စစ်အစိုးရ၏ ဖွဲစည်းပုံအခြေခံဥပဒေ (၂၀၀၈) သည်လည်းကောင်း၊ (၂၀၁၀) ရွေးကောက်ပွဲ အိပ်မက်သည်လည်းကောင်း ကြီးမားသော စိန်ခေါ်မှုနှင့်ရင်ဆိုင်ရတော့မည်။ ယင်းအချက်သည် (နအဖ)စစ်အစိုးရအတွက် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကိစ္စကြီးဖြစ်သည်။


ယင်းသို့သော အခြေအနေတွင် ခိုးကြောင်ခိုးဝှက် ရေကူးဝင်လာသည့် “ယက်တော” သည် ရေနစ်တော့မည့် (နအဖ) စစ်အစိုးရအတွက် “ကောက်ရိုးတမျှင်” ဖြစ်ခဲ့ပုံရသည် သို့တည်းမဟုတ် “ယက်တော” နှင့် (နအဖ) စစ်အစိုးရတို့ လက်ဝါးချင်းရိုက် အကွက်ဆင်ခဲ့ပုံလည်း ဖြစ်နိုင်စရာ ရှိသည်။


တကယ်တော့ (နအဖ) စစ်အစိုးရ အကြောက်ရွံ့ဆုံးကိစ္စမှာ “ရွှေဂုံတိုင်ကြေညာချက်” နှင့် လွတ်မြောက်လာမည့် ဒေါ်အောင်ဆန်းစုကြည်တို့ ပေါင်းစပ်သွားပြီး ပြည်သူလူထုကြီး နိုးကြားထကြွ လာကာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့် (၂၀၁၀) ရွေးကောက်ပွဲ ထိပါးခံရမည့် ကိစ္စသာဖြစ် သည်။ ဗိုလ်သန်းရွှေက အထိပါးမခံနိုင်ဟု မတ်လ (၂၇) ရက်နေ့က ဗြောင်ပြောထားပြီးလည်း ဖြစ် သည်။


သို့အတွက် ယခုကဲ့သို့ မတရားသဖြင့် (ပုဒ်မ ၂၂ အရ) စွဲချက်တင်လိုက်ခြင်းဖြစ်သည်။


ထိုသို့ မတရားသဖြင့် စွဲချက်တင်လိုက်သဖြင့် အခြေအနေက ပိုပြီးတင်းမာရှုပ်ထွေးလာ သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းပြည်နှင့်လူထုအကျိုး ရှေ့ရှုပြီး သင့်မြတ်ပြေလည်ရေး လက်ကို ကမ်းလှမ်းခဲ့သည်။ သို့သော်လည်း (နအဖ) စစ်အစိုးရက အာဏာကိုဖက်တွယ်ပြီး အညှိုး အာဃာတဖြင့် ကျောခိုင်းပစ်ပယ်ခဲ့ပြန်ပြီ။


သို့ပါ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ထားရှိသည့် ပြည်သူလူထု၏ ထောက်ခံမှု၊ စာနာထောက်ထားမှုများကို ခိုင်မာညီညွတ်သော အင်အားအဖြစ် ပြောင်းပြီး (နအဖ) စစ်အစိုးရ၏ ဖိနှိပ်မှုမှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြရန်မှတပါး အခြားနည်းလမ်းမရှိတော့ပါ။



2 comments:

Unknown said...

ကိုဦးရဲ့ ရွှေဂုံတိုင်ကြေငြာချက်နဲ့ အမေစုရဲ့ခေါင်းဆောင်မှူကို စပ်ဆက်ပြီး စဉ်းစားပြမှ ဖက်ဆစ်အာဏာရူးတွေ ဘာကြောင့်ဒီလောက်အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲချက်လေးကို ဆုပ်ကိုင်ပြီး ၊ နိုင်ငံတစ်ကာမှာ အရှက်အကွဲခံပြီး အမေစုအပေါ်ကို တရားစွဲထောင်ချဖို့ အသည်းအသန်လုပ်နေရတယ်ဆိုတာ သိတော့တယ် ။
ကိုဦး တင်ထားပေးတဲ့ လူ့ဘောင်သစ်ဂျာနယ်မှ ဒီပဲယင်းက ညွှန်ပြသောလမ်း ၊ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဝေဖန်သုံးသပ်ချက် ( ၆/၂၀၀၉ ) ရဲရဲလုပ်ကြပါစို့ ကြေငြာချက်တွေနဲ့ ကိုဦးရဲ့ဆောင်းပါးကိုကြိုက်တယ် လက်ခံတယ်အကို ၊ ပြည်သူတစ်ရပ်လုံး ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသားနဲ့ ဆန့်ကျင်ကြဖို့ အချိန်ကျပါပြီ ။

တစ်ခါတည်း က္ဈန်တော်မြန်မာပြည်က သူငယ်ချင်းတစ်ယောက်ဆီက ရထားတဲ့mail အကိုဖတ်ရအောင် ထည့်ပေးလိုက်တယ် အကို ၊ အကို့ addကိုလည်းမသိတော့ ဘယ်ပို့ပေးရမှန်း မသိလို့ပါ ။ အကိုတို့မြင်ပုံ တွေးပုံတွေနဲ့ သွားတူနေလို့ပါ ။ ရောက်ရာနေရာမှာ ယုံကြည်ချက်အတွက် အပင်ပန်းခံ ဆောင်ရွက်နေနိုင်တာကို အထူးလေးစားပါတယ်ခင်ဗျာ ။

Unknown said...

we should have to shame to our mother :

က္ဈန်ုပ်၏စိတ်ထဲ၌ ယခုလို ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်တွင်းအကျဉ်းချပြီး တရားစွဲဆိုနေခြင်းအတွက် က္ဈန်ုပ်၏မွေးသမိခင်အရင်း ကြုံတွေ့ခံစားနေရသကဲ့သို့ ပူပန်ဆင်းရဲခြင်းကြီးစွာ ခံစားရသော်လည်း နောက်ထပ်ပေါ်ပေါက်လာသည့် ခံစားမှူ့ကြောင့် ရှေ့မဝေးသောကာလအတွက် အားမာန်တို့ပြန်လည် တက်ကြွရပြန်သည် ။
ဒေါ်အောင်ဆန်းစုကြည်ဆိုသော သူမသည် က္ဈန်ုပ်တစ်ယောက်တည်း၏ မိခင်သာ မဟုတ်ပါလား ။ အနာဂါတ်တိုင်းပြည် ငြိမ်းချမ်းသာယာတိုးတက်ရေးအတွက် သူ့ဘဝကို အနစ်နာခံကာ ၊ ယုံကြည်ချက်အတွက် ရဲရဲဝံ့ဝံ့ နောက်မဆုတ်တမ်း လုပ်ဆောင်နေသော သူ ၊
ဆင်းရဲချမ်းသာ ကြီးငယ်မရွေး ဘာသာလူမျိုးတွေ ဘယ်လောက်ပင်ကွဲပါစေ ၊ ပြည်သူအားလုံး ကြည်ဖြူစွာပေးအပ်သော ယုံကြည်လေးစားမြတ်နိုးမှူကို ရရှိသော သူ ၊
ဖိနှိပ်ချုပ်ချယ်မှူမျိုးစုံအား ခိုင်မာသောစိတ်ဓါတ်နှင့် ပြည်သူတစ်ရပ်လုံးရှေ့မှ ရဲဝံ့စွာဦးဆောင်နေသော သူသည် အနာဂါတ်တိုင်းပြည်၏ မိခင်ဖြစ်ကြောင်း သတိရမိသည်မှာ ၊
ယခုဖြစ်ရပ်အပေါ် ဒေသအသီးသီးမှ ပြည်သူအများ၏ အသည်းနှလုံးတွင် ကြိမ်မီးအုံးထားသကဲ့သို့ ယခင်ကနှင့်မတူ နိုးကြားစွာနှင့် အမေ့သတင်းကို နားစွင့်နေရင်း အံ့ကိုကြိတ်ကာ တောက်ခေါက်နေသံတွေ ကျယ်လောင်စွာကြားလာရ၍ မြန်မာတွေနိုးကြားပြီဟု ဝမ်းမြောက်စွာမြင်နေရသောကြောင့် ဖြစ်သည် ။
နအဖအာဏာရူးကြီးများသည် သမိုင်းကြောင်းအားမေ့ကာ ၎င်းတို့၏ကံကြမ္မာအား ၎င်းတို့ကိုယ်တိုင် ဇာတ်သိမ်းခန်းရေးရန် ပြင်ဆင်နေကြလေသည် ။
မိသားစုများနှင့် ဝမ်းရေးကြောင့် အာဏာရူးနှင့်နောက်လိုက်များ၏ မတရားဖိနှိပ်များကို ကာလအတော်ကြာ မျက်စေ့မှိတ်လက်ရှောင်နေရင်းမှ ကြောက်ရွံ့ခြင်းတွင် အိပ်မောကြသွားသော ပြည်သူတို့အား ပြည်သူအားလုံးပေါင်းစုစည်းထားသည့် တစ်ခုတည်းသောနှလုံးသားကို နှိပ်စက်ညှင်းပန်းခြင်းဖြင့် ပြန်လည်နိုးထစေခဲ့ပြီ ဖြစ်သည် ။
ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူလူထု၏ နှိင်းဆမရအောင် ညီညာစွာ ကြည်ညိုလေးစား ချစ်ခင်မြတ်နိုးမှူ့အား အာဏာရူးများ အမှတ်တရားမရှိ လျှော့တွက်ကြပြန်သည် ။
ဒင်းတို့၏လက်နက်နှင့်ဖိနှိပ်မှူ့များဖြင့် ဒင်းတို့သာအနိုင်ရမည်ထင်၍ ကျင်းပပေးခဲ့သော ၁၉၉၀ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၏ ၉၀%ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရစေရန် ထောက်ခံဆန္ဓမဲပေးခြင်းဖြင့် ၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်လေးစားမှူ့ ၊ ချစ်ခင်မြတ်နိုးမှူ့မည်မျှရှိသည်ကို ဘာသာလူမျိုးပေါင်းစုံသော ပြည်သူလူထုတစ်ရပ်လုံးမှ ပြသခဲ့ကြသည်ကို ဒင်းတို့မေ့နေကြလေပြီ ။
အမေရောက်လေရာ ဒေသအသီးသီးမှာ လူထုကလှိုက်လဲစွာနဲ့ ကြိုဆိုနေကြတာကို မေ့နေလျော့သလား ။
မဖြစ်နိုင်ပါ ၊ အမေ့ကို ပြည်သူတွေဘယ်လောက်ချစ်ပြီး ယုံကြည်တယ်ဆိုတာသိလို့ အမေ့ကိုကြောက်ပြီး အမျိုးမျိုးအကြောင်းရှာ အကျဉ်းချဖို့ဖန်တီးနေကြတာပါ ။
ဒင်းတို့ပြုထားတဲ့ ရာဇဝတ်မှူပေါင်းများစွာကို ပြန်လည်ရင်မဆိုင်ရရေးအတွက် အာဏာရှင်ဘဝကို ဆုံးရှုံးရမှာကြောက်၍ အမေ့အား နှိပ်စက်အကျဉ်းချနေခြင်းဖြစ်သည် ။
အရှက်ကင်းမဲ့စွာနှင့် မတရားအမှူဆင်သည်မှာ ကမ္ဘာတွင်လူရီစရာပင်ဖြစ်တော့သည် ။
နေအိမ်တွင် အစောင့်အထပ်ထပ်နှင့် ဖမ်းချုပ်နေခံရသူကို ၊
သူသဘောနှင့်သူ လူတစ်ယောက် ကျုးကျော်ဝင်တွေ့မှူမှာ ၊
အိမ်ရှင်အကျုးကျော်ခံရသူဟာ တရားအစွဲခံရပါသတဲ့ ၊
တာဝန်ရှိလုံခြုံရေးများ ဘယ်ရောက်သွားပါသလဲ ။
ဥပဒေကိုပြောင်းပြန်လှန်၍
အမေ့ကို ထောင်သွင်းအကျဉ်းချခြင်းနဲ့
နအဖအာဏာရှင်ကြီးတွေ သူ့ရာဇဝင်သူ ရေးလိုက်ပါပြီကွဲ့ ။
ကဲ.......
အရေးဆိုမောင်းတီး ခေါ်ရန်မလိုသော
မြန်မာပြည်သား ညီနောင်အများတို့ရေ ၊
ဒို့အနာဂါတ်အတွက် ဆောင်ရွတ်နေသော အမေ့အား ၊
ဒင်းတို့ မတရား အကျဉ်းချနေပြန်ပြီကွယ် ။
အမေ့အသက် အမေ့အရွယ်နဲ့
ဒို့အတွက် အကျဉ်းကျခံနေတာလည်း များလွန်းလှပြီမို့
အမေ့ကို ဒို့ရှက်စရာ ကောင်းလွန်းပါတယ် ။
အမေနဲ့တိုင်းပြည်အတွက် အချိန်မနှောင်းရသေးခင်မှာ
မြန်မာပြည်ဖွား အမေ့သားတွေရဲ့ သတ္တိကိုပြရန်သင့်ပြီဟေ့
ဒီတစ်ခါ ဖက်ဆစ်အာဏာရူးတွေကို
ဒို့အသက်စွန့် တော်လှန်ကြပါစို့ရဲ့
ကိုယ်ကျိုးအတွက် မငဲ့ကွက်နေပဲ ထွက်ခဲ့ကြပါတော့လို့
ရဟန်းရှင်လူပြည်သူများ နဲ့ လူငယ်သူရဲကောင်း အပေါင်းကို
ဒေါင်းအလံတော်အောက်မှာ စုစည်းပြီး
မိမိဒေသအသီးသီးမှာ ညီညီညာချီတက်ရင်းနဲ့
ဖက်ဆစ်အာဏာရှင်တွေကို တော်လှန်ရေးစကြဖို့
အရေးတော်ပုံ စတင်ပြီဖြစ်ကြောင်း
ကြေငြာလိုက်ရပါသည်ခင်ဗျား ။

( နီးစပ်ရာ ဆက်လက်ဝေမျှခြင်းဖြင့် မြန်မာပြည်အနှံ့နှင့် ပြည်ပရောက်မြန်မာပြည်သားများ သိနိုင်ရန် တစ်တပ်တစ်အား ပါဝင်ကြပါရန် )