Friday, March 25, 2011

ဗမာတွေ ငတုံး၊ ငအ မဟုတ်ပါ - အရှင်ပညာဇောတ (ဒေလီ)


"ဖိတ်စာမရောက်ပေမယ့် ဒီပွဲကိုတော့ဖြင့် တက်ရောက်ချင်စိတ် ဖြစ်မိပါတယ်။ အကြောင်းကတော့ ထိုင်းဘက်က ဗဟုအဖွဲ့က အောင်နိုင်ဦးတို့ လာရောက် ပြောမယ်ဆိုလို့ပါ။ ဒီအဖွဲ့ကိုတော့ စစ်တပ်နဲ့ ဆက်နွယ်နေတယ်လို့ သံသယ ရှိထားတာကိုး ..."

တလောက မြန်မာပြည် ဒီမိုကရေစီဖော်ဆောင်ရေး Democr atisation on Myanmar (Burma) ခေါင်းစဉ်ဖြင့် ဒေလီ တက္ကသိုလ် ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ ကျင်းပတဲ့ပွဲကို ဦးဇင်းတို့ တက်ရောက်ခဲ့ကြတယ်။

မြန်မာပြည် ဒီမိုကရေစီ ဖော်ဆောင်ရေးဆွေးနွေးပွဲကို အိန္ဒိယ နိုင်ငံခြားရေးဌာနက ပုဂ္ဂိုလ်တွေ၊ တက္ကသိုလ်တွေက ပညာရှင်တွေနဲ့ မြန်မာ့အတိုက်ခံ ဒီမိုကရေစီခေါင်းဆောင်တွေ ပြောကြဆိုကြတဲ့ပွဲပါ။

ဖိတ်ကြားခြင်းခံရလို့တော့ မဟုတ်ပါဘူး၊ အတည်ပေါက်နဲ့ ဝင်တက်တာပဲ ဆိုပါတော့။ ကြံကြံဖန်ဖန် ကြော်ငြာထားတဲ့ ပိုစတာလေးတခုတွေ့ရလို့ တော်သေးတယ်လို့ပဲ အောက်မေ့မိပါတယ်။ ကိုယ်လိုပဲ ဖိတ်စာမရတဲ့ အဖွဲ့ခေါင်းဆောင်တွေ မနည်းမနောပါပဲ။ တချို့ခေါင်းဆောင်တွေက ဖိတ်စာ မရောက်ပေမယ့် သိတယ် မတက်ဘူးပေါ့။ တချို့ကတော့ သိကို မသိတာပါ။


အံ့သြစရာ တခုက ဒီဖိတ်စာက နိုင်ငံရေးဆိုတာ လူစုပြီး ပါလီမန်နားက ပန်းခြံတခုမှာ အော်ကြဟစ်ကြတာလောက်သိပြီး တတိယ နိုင်ငံကူးဖို့လုပ်နေတဲ့ လူတချို့စီမှာတော့ တွေ့နေရပြန်ရော။

ဖိတ်စာမရောက်ပေမယ့် ဒီပွဲကိုတော့ဖြင့် တက်ရောက်ချင်စိတ် ဖြစ်မိပါတယ်။ အကြောင်းကတော့ ထိုင်းဘက်က ဗဟုအဖွဲ့က အောင်နိုင်ဦးတို့ လာရောက် ပြောမယ်ဆိုလို့ပါ။ ဒီအဖွဲ့ကိုတော့ စစ်တပ်နဲ့ ဆက်နွယ်နေတယ်လို့ သံသယ ရှိထားတာကိုး။

ပြည်တွင်းက သံဃာတွေကို တရားဝင် ဗီဇာတွေနဲ့ခေါ်ပြီး သင်တန်းတွေပေးနေတာတွေ သိနေတော့ ဧရာမနိုင်ငံရေး မှောင်ခိုဂိုဏ်းကြီးလို့ သဘောထားတဲ့ အဖွဲ့ပါ။ ဒီလူတွေ ပြောရင်တော့ ပြည်သူ့ဆန္ဒတော့ ပြောမှာမဟုတ်ဘူး၊ စစ်တပ်ဆန္ဒပဲ ပြောမှာပါ။ ဒါမှမဟုတ် သခင်ကြီးတွေဖြစ်တဲ့ အီးယူတို့ အမေရိကန်တို့ရဲ့ ဆန္ဒတွေ ပြောကြမှာပါ။

အစည်းဝေးခန်းမထဲ ရောက်တော့ ဂိုရှယ်ဆိုတဲ့လူက မြန်မာစစ်အာဏာရှင်တွေကို အထီးကျန် မထားဖို့၊ လက်တွဲခေါ်ဖို့တွေ၊ ဆန်ရှင်ဖြုတ်ဖို့တွေ အတောမသတ် ပြောနေတော့တာပါ။ အိန္ဒိယက ပညာရှင်တွေ အကုန်လုံး တီးလုံးတိုက် ညှိထားတဲ့အတိုင်း ဆန်ရှင်ဖြုတ်ဖို့ လူတိုင်းလောက် ပြောကြတာပါ။

ထူးထူးဆန်းဆန်း အမျိုးသမီးတယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အဂတိတရားလေးပါး အကြောင်းနဲ့ မစန္ဒာရဲ့ ခေါက်ထီးလေး မလုံ့တလုံ ဝတ္ထုထဲက ဇာတ်လမ်းတခုအကြောင်း ပြောပါတယ်။

ထိုင်းဘက်က မခင်ဥမ္မာကတော့ သူဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးအကြောင်းတွေ သူ လက်ရှိ လုပ်နေတာတွေ ပြောပါတယ်။ တော်တော်နားထောင်လို့ ကောင်းပါတယ်။ အားလည်းတက်မိပါတယ်။

ခဏနေတော့ မဇ္ဈိမအယ်ဒီတာ ကိုစိုးမြင့် ပြောပါတယ်။ အဲဒီမှာ တကယ့်ကို အကျိုးနဲတွေ ပြောတော့တာပါပဲ။ ဒီလူတွေဆိုတာက ပြည်သူ့ ဆန္ဒတွေ ပြောရမှာလေ။ သူပြောတာက ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ညစ်ပတ်မှု မတရားမှုတွေ ရှိတာ မှန်ကြောင်း၊ သို့သော်လည်း လက်ရှိအခြေနေမှာ ဗမာပြည် ဒီမိုကရေစီရေးအတွက် အခွင့်အလမ်း တံခါးပေါက်ဖြစ်ကြောင်း။

အကြောင်းကတော့ လူနည်းစုဒေသများတွင် တိုင်းရင်းသားများလည်း ရွေးကောက်ပွဲတွင် ယှဉ်ပြိုင် အနိုင်ရခဲ့ကြောင်း၊ လက်ရှိ ပြည်တွင်းစီးပွားရေး အခြေနေများ အလွန်ဆိုးဝါးနေပြီး အလျှင်အမြန် အရေးယူ ဖြေရှင်းဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း တဲ့။

ဒီစကားတွေ ပြောချင်ရင် အခု နေပြည်တော်မှာ ကျင်းပနေတဲ့ လွတ်တော်ထဲမှာ သွားပြောပေါ့။

ဒီနိုင်ငံကလူတွေ စစ်တပ်နဲ့ပေါင်းဖို့ ပြောတာတွေကို ခင်ဗျားတို့ စစ်တပ်လုပ်နေတာတွေ နားမလည်လို့ မှားမှားယွင်းယွင်းတွေ ပြောနေတာဆိုတာကို အတိုက်ခံလုပ်နေပါတယ်ဆိုတဲ့ လူတွေက ချေဖျက် ပြောရမှာပေါ့။ မီဒီယာသမားဖြစ်နေလို့ ဒေါနဲ့ မောနဲ့ မပြောချင်နေပေါ့။ သြော် … ခက်ပါရော။

မေးခွန်းတွေမေးကြတဲ့ အချိန်ရောက်တော့ ရဲဘော်ကျော်သန်းကတော့ အာဘောင် အာရင်းသန်သန်နဲ့ ကုလားပညာရှင်တွေ ပြောတာကို ချေဖျက်တော့တာပဲ။ အခန်းနားမှူးလုပ်တဲ့ အမျိုးသမီးကြီးဆို မျက်နှာတွေ ပျက်လို့၊ ဂိုရှယ်ဆိုတဲ့ လူတော့ နဖူးနဲ့ ဆံစပ်တွေမှာ ချွေးတွေများတောင်ပြန်လို့။ အမျိုးသမီးတယောက်ကပါ သူ့တင်ပြချက်တွေကို မေးခွန်းထုတ်နေတာကိုး ချွေးပြန်တော့တာပေါ့။

ပြောရရင်တော့ ပွဲကြီးက လုပ်ပွဲကြီးပါ။ တယောက် နှစ်ယောက်က ဝင်ထောက်လိုက်တာနဲ့ အခြေမလှ ဖြစ်သွားတယ်။ ပညာတတ်တွေဆိုတော့ ဘာမှမဖြစ်သလို ခပ်တည်တည်ပဲပေါ့။ ပွဲကမလှတော့ ညနေပိုင်း သတင်းနားထောင်တော့ ဘယ်လေဒီယို သတင်းဌာနမှ ပါမလာတော့ဘူး။

မြန်မာပြည် ဒီမိုကရေစီဖော်ဆောင်ရေးဆိုတဲ့ ဧရာမ ခေါင်းစဉ်ကြီးနဲ့ နိုင်ငံခြားရေးဌာနက လူကြီးတွေ၊ တက္ကသိုလ် အသီးသီးက ပညာရှင်တွေနဲ့ လုပ်တဲ့ပွဲ၊ ငွေတွေ အများကြီး ကုန်ကျတဲ့ပွဲ၊ တိုးတိုးတိတ်တိတ်နဲ့ ပြီးသွားရတယ်။ ရွာလည်က ကြက်ပွဲကမှ အသံထွက်လိမ့်အုန်းမယ်။ နောက်ရက်တော့ ဦးဇင်းတို့လည်း မသွားတော့ဘူး။ ပြီးပြီလေ ဘာဆိုဘာမှ မဟုတ်တာကြီး။ ကိုယ်ကပြီးပေမယ့် မပြီးနိုင်တဲ့ သူက ရှိလာပြန်တယ်။

ဒီမှာရှိတဲ့လူတွေ အခမ်းအနားလုပ်တဲ့ BCRC လို့ခေါ်တဲ့ ဗမာ့ရိပ်သာခန်းမမှာ အစည်းဝေးပွဲ ထပ်လုပ်တာပေါ့။ ဒီပွဲလည်း ဖိတ်စာမရောက်ပါဘူး။ သွားတော့ တက်ရတာပေါ့။ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ လုပ်တာတွေ ပြောနေရင် မခက်ပေဘူးလား။ ထင်တဲ့အတိုင်းပဲ ပြောတာပါပဲ။ ဒေါက်တာတင့်ဆွေကနေ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာလုပ်တဲ့ ပွဲဟာ အိန္ဒိယမှာရှိတဲ့ ပညာရှင်တွေရဲ့ အမြင်တွေကို ပြောကြတာပါ တဲ့။ ဒါဟာ ကောင်းပါတယ်တဲ့ ကျနော်တို့ သူတို့ရဲ့အမြင်တွေ သိရတာပေါ့ တဲ့။ နောင်လည်း ဒီလိုပွဲတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

ရဲဘော်ကျော်သန်းကြီးကတော့ ဇခါဟူစိန်ကောလိပ် (Zakir Husain College) မှာ လုပ်တဲ့ပွဲမှာ သူတင်ပြချက်တွေနဲ့ ပညာရှင်တွေရဲ့ အလွဲအမှားတွေကို ပရိသတ်ကို ပြန်ပြောပြပါတယ်။

ဒီနေရာမှာ ပညာရှင်ဆိုတာကို ယေဘုယျအားဖြင့် ၃ မျိုးလောက် ခွဲပြောချင်ပါတယ်။ မိမိပညာရပ်ကို လေးစားပြီး အမှန်တိုင်း ထုတ်ဖော်ပြောကြားတဲ့ ပညာရှင်၊ မိမိပညာကို အမှန်တိုင်း မပြောမဆိုဘဲ လိမ်ညာပြီး အမှားကိုပြောပြီး နာမည် ရောင်းစားတဲ့ ပညာရှင်၊ သိပေမယ့် ဘာမှမပြောဘဲ ဆွံ့အနေတဲ့ ပညာရှင်တွေပါပဲ။

ပထမအမျိုးစားကတော့ အိန္ဒိယနိုင်ငံက အမတြာဆင်းတို့လို လူမျိုးတွေပါ။

ဒုတိယအမျိုးစားကတော့ အစည်းဝေးတွေမှာ ကိုယ့်စကားနဲ့ကိုပြောပြီး မဟုတ်မမှန်တာတွေဆိုတာ သိပြီး မေးခွန်းတွေတက်လာတဲ့အခါ ချွေးပြန်တတ်တဲ့ ဂိုရှယ်တို့လို လူမျိုးပါ။

နောက်တမျိုးကတော့ ဖေ့ဘုတ်တွေမှာ ဘာမှမပြောမဆို နေနိုင်ကြတဲ့ မြန်မာပြည်က မဟာပညာရှင်ကြီးတွေပါ။

အဲဒီမှာ ၈၈ မျိုးဆက်ထဲက ကျောင်းသားတယောက်က ခင်ဗျားတို့ NGO တွေလုပ်တဲ့ နိုင်ငံရေးနောက် လိုက်မှာလား၊ ဒေါ်စု လုပ်တဲ့ နိုင်ငံရေးနောက် လိုက်မှာလားဆိုပြီး မေးခွန်းထုတ်ပါတော့တယ်။

ကျနော်တို့ကတော့ ဘယ်လောက် ငတ်ငတ်ပြတ်ပြတ် ဒေါ်စု နောက်ပဲ လိုက်မယ်လို့ ခပ်ပြတ်ပြတ် ခပ်တင်းတင်းကို ပြောတော့တာပါ။

ထိုင်းဘက်က မခင်ဥမ္မာကတော့ သူတို့က ပြည်တွင်းမှာ လုပ်နေတဲ့ အီးဂရက်က နေဝင်းမောင်တို့၊ ဒေါက်တာခင်ဇော်ဝင်း တို့နဲ့ လိုင်းမတူပါဘူး လို့ ပြောလာတော့တယ်။

ဦးဇင်းလည်း အခုလိုပြောလာတော့ တခုပြောချင်ပါတယ်။ ပြည်တွင်းက နေဝင်းမောင်တို့ အီးမေးတွေနဲ့အတူ ပြည်ပမှာရှိတဲ့ အဖွဲ့စည်းတွေကို ထောက်ပံ့နေတဲ့ NGO တွေရဲ့ အီးမေးတွေပါတဲ့ ဖော်ဝါဒ့်မေးတွေ ဦးဇင်းတို့ဆီမှာ ရောက်လာတယ်။

NGO တွေရဲ့ အထောက်ပံ့တွေနဲ့ အလုပ်လုပ်ရင်တော့ ဒီက ရှေ့ သတိကြီးကြီးထားပြီး မျက်စိကြီး၊ နားကြီးနဲ့ အလုပ်လုပ်ကြပါလို့ သတိပေးခဲ့ပါတယ်။ အခုပဲ လမ်းခွဲဖို့ ပြောနေတာကို ထောက်ဆကြည့်ပေတော့လို့ ပြောဖြစ်ခဲ့ပါတယ်။

နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူ့ဆန္ဒကို ဆောင်ရွက်ပေးတာပါ။ ပြည်သူတွေဟာ လက်ရှိ အုပ်ချုပ်သူတွေကို မလိုချင်တော့ပါဘူး။ လက်ရှိ စစ်အာဏာရှင်တွေဟာ ၈၈ မှာ ကျောင်းသားတွေကို သတ်တယ်၊ ၂၀၀၇ မှာ ဘုန်းကြီးတွေကို သတ်တယ်။ နာဂစ်မှာ ပြည်သူတွေ ဒုက္ခရောက်နေတာတွေကို အကူညီမပေးတဲ့အပြင် လာကူညီတဲ့ လူတွေကို ပြဿနာရှာတယ်၊ ကူညီခွင့်မပေးဘူး၊ နိုင်ငံတကာက လှူတဲ့ ငွေတွေကို ဖြတ်ယူတယ်။

ပြောမကုန်နိုင်လောက်အောင် ယုတ်မာတဲ့ ဒီအုပ်ချုပ်သူတွေကို ပြည်သူတွေ အလိုမရှိတော့ဘူး။ ဒီလူတွေကို နိဂုံးကမ္ပတ် အဆုံးသတ်တဲ့နေ့ကို ရောက်ချင်နေပြီ။

အီးယူတို့၊ အမေရိကားတို့ကလည်း သူတို့ ဒဏ်ခတ်အရေးယူထားတဲ့ ဆန်ရှင်ကို ပြန်ဖြုတ်ချင်နေပြီ။ စစ်တပ်ရဲ့ လွှတ်တော်ထဲမှာ ဝင်ပလူးချင်နေပြီ။ လွတ်တော်ထဲမှာ သူ့လူတွေ (proxy) ရောက်နေပြီဆိုတော့ ဒီနှစ်ထဲမှာ ပိုပြီး သိသိသာသာ ပြောလာတယ်၊ လုပ်လာတယ်။

ဇခါဟူစိန် ကောလိပ် (Zakir Husain College) မှာ လုပ်တဲ့ပွဲဟာ အိန္ဒိယနဲ့ အမေရိကန် ပေါင်းပြီး ဆန်ရှင်ဖြုတ်ဖို့ ပြောကြ ဆိုကြတဲ့ ပွဲပါ။ မြန်မာအတိုက်ခံတွေကို ဒီပွဲမှာ စကားပြောခိုင်းတာ အမေရိကန်ပဲ လုပ်နိုင်တာပါ။

မြန်မာ့အရေးကို ပေါ့ပေါ့တွေးပြီး စိတ်ဓာတ်ရေးရာ ပျက်ပြားနေတဲ့ တော်လှန်ရေးသမားတွေ၊ ခပ်ညံ့ညံ့ ပညာရှင်တွေနဲ့ မလိမ့်တပတ် ဝင်ကစားတဲ့ အီးယူနဲ့ အမေရိကန်တွေဟာ ပေါတောတော ကြောင်ကြောင်တွေလို့ မြန်မာပြည်သူတွေက မြင်တတ်ပါတယ်။

မြန်မာစကားပုံမှာ အပွေးမြင် အပင်သိဆိုသလို လယ်ပြင် ဆင်သွား အထင်အရှား မြင်ပါတယ်၊ စကားတခွန်း ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေ ရှိတယ်ဆိုတာ သိတယ်။

ဗမာစကားပုံတွေကိုကြည့်ရင် မြန်မာတွေဟာ ရှေးအစဉ်လာကတည်းက အသိဉာဏ်ကိစ္စမှာ ငတုံး ငအတွေ မဟုတ်ဘူးဆိုတာ လုပ်စား နိုင်ငံရေးသမားတွေ၊ နိုင်ငံကြီးသားတွေကို ပြောလိုက်ချင်ပါတယ်။

၂၅၊ ၃၊ ၂၀၁၁

No comments: