Tuesday, December 15, 2009

သင် သေသွားသော်

ကျနော့်ဆရာတယောက်ပြောဖူးတဲ့ စကားလေးတခွန်းကို အမှတ်ရမိပါတယ်။ အဲဒီစကားရပ်ကတော့ …

“ဘဝမှာက ဖြစ်ချင်တိုင်း ဖြစ်တာကွ။ ဖြစ်ချင်တိုင်းဆိုတာက ကိုယ်ဖြစ်ချင်တဲ့အတိုင်းဖြစ်တာ မဟုတ်ဘူး။ သူဖြစ်ချင်တဲ့အတိုင်း သူဖြစ်တာ” တဲ့။


အလုံးစုံမှန်ကန်တယ်လို့ မဆိုနိုင်ပေမယ့် ကိုယ်ထင်တဲ့အတိုင်း ဖြစ်ချင်မှဖြစ် တတ်တယ်ဆိုတဲ့သဘောကိုတော့ တွေ့ကြရမှာပါ။ အကယ်၍များ ကျနော်တို့ရဲ့ဘဝတွေက ကိုယ်ထင်တဲ့အတိုင်း မဖြစ်ခဲ့ဘူးဆိုရင် ဘယ်လို လုပ်ကြမလဲ။ တွေးကြည့်စရာပါ။

ကိုယ့်ဘဝရဲ့ အချိန်ကာလတွေကို ကိုယ်က ဘယ်လိုပဲ ဖြတ်သန်းဖြတ်သန်း အစားပြန်မရတာကတော့ အသေအချာပါပဲ။ ဒါကြောင့်မို့ ကျနော်တို့က ကိုယ်ရောက်နေတဲ့ အသက်အရွယ်အပိုင်းအခြားကို မူတည်ပြီး ဆက်စပ် တွေးတောကြည့်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့်ကတော့ ကိုယ် ဘယ်လို ရှင်သန်နေထိုင်သွားမယ် ဆိုတဲ့အချက် ဖြစ်ပါတယ်။

ဒီအခါ ဆရာဇော်ဂျီရဲ့‘သင် သေသွားသော်’ ဆိုတဲ့ ကဗျာလေးတပုဒ်ကို သတိရမိပါတယ်။ အထူးသဖြင့် အဲဒီကဗျာထဲက စာပိုဒ်ကလေးတခုက နှိုးဆော်လိုက်တာဖြစ်ပါတယ်။ ကဗျာစာသားကတော့ ရိုးရိုးကလေးပါ။

“သင်သေသွားသော်
သင်ဖွားသောမြေ
သင်တို့မြေသည်
အခြေတိုးမြှင့်
ကျန်ကောင်းသင့်၏” … တဲ့။

ဆရာ ဇော်ဂျီဟာ သူအသက်ရှင်စဉ်ကာလအတွင်း တိုင်းပြည်အတွက်၊ လောကအတွက် ကောင်းမွန်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခဲ့သူတယောက်ဖြစ်တာမို့ ဒီစာသားကလေးက သူကိုယ်တိုင် ကျင့်ဆောင်ခဲ့တဲ့ ဆင်ခြင်တွေးဆချက်တရပ် ဖြစ်တယ်လို့ ယူဆမိပါတယ်။ ဒါ့အပြင် ကျနော်တို့ တဦးချင်းတွေးသင့်တဲ့ အတွေးကို ဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်။

ဘယ်သူမဆို ဒေသတခု၊ နိုင်ငံတခုမှာ ကြီးပြင်းလာကြသူတွေချည်းပါ။ အဲဒီလို ကြီးပြင်းလာကြသူတွေအနေနဲ့ ဘဝတလျှောက်လုံး သက်ဆိုင်ရာ ရေမြေ၊ ပတ်ဝန်းကျင်များကို မှီတွယ်ရင်း ကြီးပြင်းခဲ့ကြရတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် လောကရဲ့ အဆီအနှစ်များကို စားသုံးရှင်သန်ခဲ့ကြသူများ၊ လောကကြီးထဲကို ဧည့်သည်အဖြစ် ရောက်လာခဲ့ကြသူများသာ ဖြစ်ပါတယ်။ အားလုံးလည်း သိကြပြီးဖြစ်မှာပါ၊ ဧည့်သည်ဆိုတာ ကိုယ်တည်းခိုခဲ့တဲ့၊ ကိုယ့်အပေါ် ဧည့်ဝတ်ပြုဖူးတဲ့နေရာဒေသ၊ ပုဂ္ဂိုလ်များအပေါ် ပြန်လည်ကျေးဇူးပြုဖို့ လိုအပ်သလို ကျနော်တို့အနေနဲ့လည်း လောကအပေါ် တစုံတရာ ကျေးဇူးဆပ်ဖို့ လိုအပ်ပါတယ်။

လောကအပေါ်ကျေးဇူးဆပ်ဖို့ စဉ်းစားကြတဲ့အခါ ကျနော်တို့ရဲ့ရှေ့ကနမူနာ ပြသသွားသူတွေအကြောင်းကို စူးစမ်းကြည့်ဖို့ လိုအပ်မယ်ထင်ပါတယ်။ အထူးသဖြင့် စံနမူနာယူထိုက်သူများရဲ့လုပ်ရပ်များကို ရှာဖွေလေ့လာကြည့်ရမှာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အနာကြီးရောဂါပိုးကို စတင်တွေ့ရှိသူဟာ အဲဒီရောဂါကို အနိုင်တိုက်ဖို့အတွက် သူ့ကိုယ်ထဲ ရောဂါပိုးတွေ ထိုးသွင်းရင်း စမ်းသပ်မှုများပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ရောဂါပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေး ရှာဖွေနိုင်ခဲ့ခြင်းမရှိဘဲ အဲဒီရောဂါနဲ့ပဲ ကွယ်လွန်ခဲ့ရရှာပါတယ်။ သူ့လိုပဲ အသက်တွေ၊ ဘဝတွေ ရင်းနှီးပြီး အများကောင်းကျိုး လုပ်ဆောင်ခဲ့သူတွေ တပုံတပင်ကြီးပါ။ တချို့ဆိုရင် မထင်မရှား ကွယ်လွန်ခဲ့ကြရပါတယ်။

အောင်မြင်ထင်ရှားသူများထဲက နောက်တဦးကတော့ သောမတ်အယ်ဒီဆင်ဆိုတဲ့ လျှပ်စစ်မီးကို ရှာဖွေနိုင်ခဲ့သူပါပဲ။ သူဟာ လူသားအားလုံးအသုံးပြုဖို့ လျှပ်စစ်ကို ဖော်ထုတ်နိုင်ခဲ့သူဖြစ်ပေမယ့် ရောင်စုံအလှဆင်ထားတဲ့ မီးဆိုင်းကြီးတွေ၊ ဒီနေ့ခေတ် လျှပ်စစ်ရောင်စုံထွန်းညှိထားတဲ့ မြို့ပြတွေရဲ့ညချမ်းအလှအပတွေကို မြင်မသွားရသလို၊ သူကိုယ်တိုင်လည်း စိတ်တိုင်းကျ သုံးစွဲမသွားရရှာပါဘူး။ အဲဒီလိုလူမျိုးကျတော့ လောကကို ကျေးဇူးဆပ်တဲ့သူတွေလို့ သုံးနှုန်းတာထက် လောကကို ကျေးဇူးပြုသူများလို့တောင် ကင်ပွန်းတပ်လို့ရမယ် ထင်ပါတယ်။

ကိုယ့်ရပ်ကိုယ့်ဒေသကို မိမိတတ်မြောက်ထားတဲ့ပညာ၊ မိမိရဲ့အသိစိတ်တွေနဲ့ ကျေးဇူးပြုတယ်ဆိုတာဟာ ကိုယ့်နောက်က မျိုးဆက်တွေအပေါ် ကျေးဇူးပြုတာလည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကိုယ်က ငယ်စဉ်မှာ ချို့ချို့တဲ့တဲ့ ပညာသင်ခဲ့ရတယ်ဆိုရင် ကိုယ့်နောက်ကလူတွေကို မချို့မတဲ့ ပညာသင်ကြားနိုင်အောင် လုပ်ပေးဖို့လိုပါတယ်။

ကိုယ်က လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတဲ့နေရာမှာ ကြီးပြင်းလာခဲ့ရတယ် ဆိုရင် ကိုယ့်နောက်ကလူတွေကို လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတဲ့အရပ်မှာ ကြီးပြင်းနိုင်အောင် ဖန်တီးပေးဖို့ လိုအပ်ပါတယ်။

အထူးသဖြင့် ကိုယ့်ဒေသ၊ ကိုယ့်မွေးရပ်မြေအပေါ် တစုံတရာ ကျေးဇူးပြုနိုင်သူ သာလျှင် ဖြစ်သင့်ပါတယ်။ ကိုယ်က ကိုယ့်ရပ်ကိုယ့်မြေကို ကျေးဇူးပြုတာလည်း မဟုတ်ဘဲနဲ့ ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်ခဲ့သူ တယောက်ဆိုရင်တော့ ပြုသူမဟုတ်ဘဲ ဖျက်သူသာလျှင် ဖြစ်သွားပါလိမ့်မယ်။ ဒီတော့ ကျနော်တို့ ဘာတွေလုပ်ဆောင်ကြမလဲ။

ကိုယ်ဟာ ဘယ်နေရာမှာရှိနေသည်ဖြစ်စေ၊ ဘယ်လိုလုပ်ငန်းနဲ့ အသက်မွေးဝမ်း ကျောင်းပြုနေရသည်ဖြစ်စေ ဖြူစင်တဲ့စိတ်ထားနဲ့ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့် အဝန်းအဝိုင်းအပေါ် အကောင်းဆုံးတွေ၊ မိမိအစွမ်းဆောင်နိုင်ဆုံး လုပ်ရပ်တွေ လုပ်ဆောင်ပေးရင်း အသက်ရှင်နေထိုင်ကြရင် မကောင်းပေဘူးလား။ ။

ထိန်လင်း
၁၈၊ ၁၁၊ ၂ဝဝ၃

ရေစီးသံ ဂျာနယ်
အတွဲ ၇၊ အမှတ် ၁၀
ဒီဇင်ဘာ ၁ ရက်၊ ၂၀၀၃ ခုနှစ်

Sunday, December 13, 2009

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၁၆)

အိုးစားကွဲပြီ

ကျနော်တို့ ကျွန်းပေါ်ကိုရောက်ကြတဲ့ဘဝ အကျဉ်းသား ၂၃၃ ယောက်ဟာ ရောက်လာကြပြီကတည်းက အတူနေ၊ အတူ စားလာကြပြီး ၆ လလောက် ကြာမယ်ထင်ပါတယ်။ အိုးစားကွဲကြတော့တာပါပဲ။ ပမာတင်တဲ့ အိုးစားကွဲစကား၊ ဥပမာ မဟုတ်ပါဘူး။ တကယ့်ကို အိုးစားကွဲသွားတာပါ။

အလံနီနဲ့ သူ့အသိုင်းအဝိုင်းတွေ ၇၀ ကျော်က အိုးခွဲပြီး စားလိုက်ကြတာပါ။ ဘဝတူတွေက အိုးမခွဲရေး၊ သွေးမခွဲရေး၊ ညီညွတ်ရေးအတွက် အမျိုးမျိုး ဆွေးနွေးကြပါသေးတယ်။ မရပါဘူး။ အိုးခွဲစားတဲ့အတွက် အိုးစားကွဲသွားပါတယ်။

စားဖိုဆောင်ကြီးရဲ့ တောင်ဘက်ခြမ်းကို အလံနီဖို၊ မြောက်ဘက်ခြမ်း မူလဖိုကြီးကိုတော့ ကျန်တဲ့ ကျနော်တို့ပေါ့ဗျာ။ အလံနီကစပြီး အိုးစားခွဲလိုက်တာ ကျန်တဲ့အိုးပိန်၊ အိုးညှပ်တွေလည်း တယောက်စ၊ နှစ်ယောက်စ အိုးစားလေးတွေ ဖြစ်ကုန်ကြတော့တာပဲ။

မြောက်ဘက်ခြမ်းဖိုကြီးကတော့ လေထီးဗိုလ်အုန်းမောင်တို့၊ ဆရာ ရာဂျန်တို့၊ ဒလ ဦးထွန်းစိန်တို့၊ ဗမာပြည် ကွန်မြူနစ်ပါတီရယ်၊ ဗကသ၊ တကသ၊ ရကသရယ်၊ ကျနော်နဲ့ ဖထီးမန်းအောင်ကြည်ကလည်း အဲဒီ ဖိုကြီးမှာပဲ စားကြတာပေါ့။ မြောက်ဘက်ကဖိုကြီးကတော့ မူလကျွန်းစပြီးရောက်ခဲ့တည်းက စားလာခဲ့ကြတာဆိုတော့ အုပ်စီးမပျက် ညီညွတ်လျက်ပဲမို့၊ ချီ - ချီ - ချီ ရှေ့သို့ချီ အဆုံးတိုင်အောင်လမ်း တို့ဦးတည်ပေါ့။

အကျိုးတူ ဘုံတိုက်ပွဲ

ကျနော် အစောကတင်ပြခဲ့သလိုပါပဲ။ ကျွန်းမှာရောက်လာကြတာက နိုင်ငံရေးအရောင်အသွေးကလည်း စုံလှတယ် မဟုတ်လား။ လူကြီးပိုင်းတွေကတော့ တူညီတဲ့ ဘုံတိုက်ပွဲဖော်ထုတ်တိုက်ပွဲဆင်နိုင်ဖို့ အမြဲညှိကြပါတယ်။ ကွန်မြူနစ်ပါတီက လေထီးဗိုလ်အုန်းမောင်၊ ဆရာရာဂျန်၊ အလံနီကွန်မြူနစ်ပါတီက ရဲနီဦးအောင်မြင့်၊ ပြည်သူ့ရဲဘော်က ဗိုလ်တင့်တယ်၊ ဗိုလ်မျိုးထွဋ်၊ မလညပ က ဗိုလ်သန်းမြင့်၊ ABKO က ဖထီးမန်းအောင်ကြည် လူကြီးပိုင်းတွေက မကြာမကြာ တွေ့ကြ၊ ဆွေးနွေးကြ၊ ညှိကြပါတယ်။

ပြဿနာတခုတင်လာတိုင်း တင်လာတိုင်း အမြဲထိပ်တိုက်တိုးကြသူတွေကတော့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အလံနီ ကွန်မြူနစ်ပါတီပါပဲ။ ကျောင်းတော်ကကိစ္စ၊ အစွဲတွေ၊ အကွဲတွေက ရောက်လေရာအရပ်မှာ အမြဲ ထိပ်တိုက်တိုးတာပါပဲ။ ကြားထဲက နှစ်ဖက်စလုံးကို ဝင်ညှိပြီး လုပ်ငန်းစဉ်တခုကိုကျအောင် အမြဲ ဝင်ညှိပေးရသူတွေကတော့ ဖထီး မန်းအောင်ကြည်တို့၊ ဗိုလ်တင့်တယ်၊ ဗိုလ်မျိုးထွဋ်တို့ပဲဖြစ်ပါတယ်။

ခေါင်းဆောင်ပိုင်းက ညှိကြ၊ ဆွေးနွေးကြတာလည်း အတော်ညီညွတ်မှု၊ နားလည်မှု ရလာကြပါပြီ။ တနေ့တော့ ရိက္ခာထုတ်ပါတယ်။ ထုံးစံအတိုင်းပဲ ရိက္ခာဂိုထောင်ကို သွားကြ၊ ပေးတဲ့ရိက္ခာကို ထုတ်ကြတာပေါ့။ ငါးပိထုတ်တဲ့ အလှည့်ကျတော့ ကျနော်နဲ့ ကိုမောင်မောင်တင် (သာကေတ)(အခုသာကေ တမှာ ဗေဒင်လက္ခဏာ ကဝိတဆူဖြစ်ပြီး တပည့်ပရိတ်သတ် အခြံအရံတွေနဲ့ ပေါများပြည့်စုံနေတယ်လို့ သိရပါတယ်) ပုဇွန် ငါးပိ စဥ့်အိုးတွေဖွင့်လိုက်တော့ အပေါ်ယံက လေသလပ်ပြီး မဲနေပါတယ်။ ဒီမှာတင် အကွက်ဆိုက်တော့တာပဲ။

ကျနော်နဲ့ ကိုမောင်မောင်တင်က …

“ဒီမှာ ဦးနေဝင်း၊ ခင်ဗျား ငပိတွေက ငါးပိပုပ်တွေပဲဗျ၊ မဲတူးနေတာပဲ။ ဒီငါးပိပုပ်တွေကို ကျနော်တို့ မစားဘူး၊ မယူဘူး” ကျနော်တို့ ၂ ယောက် စထောင်ပေးလိုက်ရာ ကျန်တဲ့ လူငယ်ရဲဘော်တသိုက်က စမက်(ရှ်) ဝိုင်းဆွဲပါတော့သည်။ ရိက္ခာထောင်မှူး ဦးနေဝင်းမှာ မအူမလည်နှင့် ကြောင်တောင်တောင် ဖြစ်နေပါသည်။ အကြောင်းအမျိုးမျိုးပြသော်လည်း ကျနော်တို့က ငါးပိမယူဘဲ ပြန်လာခဲ့ကြပါသည်။

အဆိုပါ ငါးပိတွေကို အပေါ်ကမဲနေသည့် ငါးပိနှင့် အောက်ဘက်က ငါးပိတွေကိုရောမွှေစီမံပြီး နောက်ထပ် ကျနော်တို့ကို ထပ်ပေးရာ ပြဿနာက ပိုကြီးသွားပါသည်။ ငါးပိပုပ်ပြဿနာကတော့ တက်လာပါသည်။ ကျန်တာကတော့ လူကြီးတွေက ဆက်ကိုင်တော့ပေါ့။

အမှန်ကလည်း စဉ်းစားကြည့်ပါ။ ငါးပိဆိုသော ပစ္စည်းမှာ အပုပ်ခံမှဖြစ်လာသည့် ပစ္စည်းမဟုတ်ပါလား။ အဲဒီနေ့က စိမ်းစား ပုဇွန်ငါးပိကလည်း အပေါ်ယံက လေသလပ်ပြီး တလက်မခွဲသာသာ မဲတာပါ။ အောက်မှာ နီဝါဝါလေးနဲ့ အကောင်းချည်းပါ။ အနံ့ကလည်း သင်းပါသည်။ ကျနော်တို့က အစလုပ်ပြီး ပြဿနာရှာတာကို မအူမလည် ဦးနေဝင်းတယောက် ခံလိုက်ရတာပါ။ ရိက္ခာထောင်မှူး ဦးနေဝင်းက သူ့အဘ စစ်အာဏာရှင် တဏှာဘီလူး ဦးနေဝင်းလို ပွေရှုပ်လိမ်ကောက်ရာတွင် ဉာဏ်မသွားသောကြောင့် ခံသွားလိုက်ရခြင်း ဖြစ်ပါသည်။

ဦးနေဝင်းကို ကျနော်တို့ နှိပ်ချင်သည်မှာလည်း အကြောင်းရှိပါသည်။ ကျွန်းကိုရောက်ခါစ ကျနော်တို့အချင်းချင်း မစုစည်းမိသေးခင် ဦးနေဝင်း ပြောစကားရှိပါသည်။

“ထောင်ဆိုတာ တိုက်နိုင်မှ အခွင့်အရေးရတာ” ကျနော်တို့ကို ခနဲ့တဲ့တဲ့ ရိသဲ့သဲ ပြောခဲ့ပါသည်။ အဲဒီတုန်းက ရင်ထဲက မျက်သွားပေးမယ့် အပြင်ကိုထုတ်မပြခဲ့ပါ။

ငါးပိပုပ်တိုက်ပွဲကတော့ ထိုက်သင့်သလောက် အောင်မြင်ပါသည်။ တိုက်ပွဲ ပူးတွဲဦးစီးကော်မတီကို ဖွဲ့စည်းပြီး ပါတီစုံမှ ဝင်တိုက်ပါသည်။ ၁၅ ရက်ကြာမည် ထင်သည်။ အခွင့်အရေးတချို့ တိုး၍ရပါသည်။ ရိက္ခာတွေ၊ အမဲသားဗူးတွေ တိုး၍ ရပါသည်။

တော်လှန်တဲ့အတွေးအခေါ် တည်ဆောက်ရေးအတွက်

ကျနော်တို့အကျဉ်းသားများနှင့် ကံတူအကျိုးပေး နေရှင်နယ် လေးလိုင်း ရေဒီယိုတလုံးရှိပါသည်။ ရေဒီယိုကို သေတ္တာထဲထည့်ပြီး သော့ခတ်ထားပါတယ်။ မနက် ၇ နာရီ ရေဒီယိုလာချိန်ကစပြီး ထောင်ဝါဒါတယောက် ယူလာပါသည်။ စားရိပ်သာတွင် လာချထားပြီး သော့ဖွင့်ပေးပါသည်။

ရေဒီယိုအချိန်ကုန်လျှင် သော့ပြန်သိမ်း၊ မဆလ ၏ မြန်မာ့အသံတခုတည်းကိုသာ နားထောင်ခွင့်ပေးပါသည်။ နေ့လည် ညနေ ယူလာ၊ သော့ဖွင့် သော့ပိတ် ပြန်သိမ်း အတော်အလုပ်များပါသည်။ နောက်ပိုင်းမှ ကျနော်တို့ လူတွေက ပုံစံမျိုးစုံနှင့် စည်းရုံးလိုက်သည်မှ ရေဒီယိုမှာ ကျနော်တို့နှင့်အနေပျော်ပြီး ထောင်ဝါဒါတွေဆီ ပြန်မသွားတော့ပါ။

အဲဒီတော့မှ ဆိုင်ရာဆိုင်ရာ ပညာရှင်တွေက ပညာပြကြပါတော့သည်။ ညမိုးချုပ်ပြီဆိုရင် ထောင်ဝင်းသံဆူးကြိုး အဝင်အဝတွင် ကင်းတယောက်ချ၊ လမ်းခုလတ်တွင် ကင်းတယောက်ချ၊ ၁၉ ဆောင်ထိပ်တွင် ကင်းတယောက်ချ၊ ၁၉ ဆောင် အခန်းကျဉ်းလေးထဲတွင် ရေဒီယိုကို ချုပ်နှောင်ထားသည့် အနှောင်အဖွဲ့ သော့ကိုဖွင့်၊ တပ်မတော် (ကြည်း) ဆက်သွယ်ရေး လုံခြုံရေးတပ်မှ ကိုအောင်ထီ (ကျောက်ပိုး)၊ ကိုအုံးမော်တို့က ရေဒီယိုလှိုင်းတွေကို လိုက်ဖမ်း၊ ပီကင်း ရေဒီယိုက အသံလွှင့် ချက်တွေကို လက်ရေးတိုသမားတွေဖြစ်သည့် ကိုတင်မောင်ဝင်း (ရကသ အတွင်းရေးမှူး ကိုဉာဏ်ဝင်း၏ညီ)၊ ကိုခင်မောင်ဇော်၊ အခြားမမှတ်မိတို့က လက်ရေးတိုနှင့်လိုက်ရေးပြီးတော့မှ အချောထုတ်လုပ်၊ စက္ကူကတော့ နို့ဆီဘူး တံဆိပ်ပတ်ကို ဓားနဲ့ ညီညီဖြတ်၊ ၃ ရွက်ကိုဆက်လိုက်တော့ အကောင်းစား စက္ကူအချောရလာ။ မင်ကတော့ (ဂျိုင်းရှင်းဗွိုင်းလက်) ခရမ်းရောင် လိမ်းဆေး၊ ကလောင်ကတော့ ဆေးပုလင်းဖြတ်သည့် စတီးလွှကလေးကို နစ်ပုံစံသွေး၊ ကလောင်ဖြစ်လာပြီး စာရေးလို့ရသွားတယ်။

ပြီးတော့ ဖိုးသံချောင်းတို့ မန္တလေးထောင်က ဘာတန်ခိုးနဲ့များရှိုးပြီး ယူလာခဲ့သည်မသိ။ ထောင်ထဲမှာ မမြင်ရ မတွေ့နိုင်တဲ့ ပီးကင်းရီဗြူး၊ ချိုင်းနစ်လစ်ထရေချာ၊ နယူးဝိစ်၊ တိုင်းမ် မဂ္ဂဇင်း၊ ရီးဒါးဒိုင်ဂျက်၊ အခြား ဂျက်လန်ဒန်၊ ဂေါ်ဂီ စတဲ့ ကမ္ဘာကျော် စာရေးဆရာကြီးများရဲ့ စာအုပ်စာတမ်းတွေ အတော်စုံပါတယ်။

ဘာသာပြန်တာကတော့ ဆရာဦးမြသန်းတင့်ဖြစ်ပါတယ်။ ဆရာဦးမြသန်းတင့် ဘာသာပြန်ဆိုတဲ့ဟန်က စာအုပ်ကို ဗမာလို အထစ်အငေါ့မရှိ တောက်လျှောက်အသံထွက်ပြီး ဖတ်သွားတာကို ကိုခင်မောင်ဇော်နဲ့ အခြားရဲဘော်တွေက ဗမာလို လိုက်ရေးရတာ။ ပြီးတော့ သတင်းတွေ၊ ဆောင်းပါးတွေ ပေါင်းလိုက်ပြီး ‘မီးပွား စာစောင်’ ကို ထုတ်ဝေပါသည်။

အများပြည်သူ လူတကာကြည့်နိုင်တဲ့ စာကြည့်တိုက်ကို အဆောင် ၈ မှာထားပါသည်။ စာစုံ၊ လူစုံ ငှားနိုင် ကြည့်နိုင်ပါသည်။ အဆောင် ၉ က စာကြည့်တိုက်ကတော့ အတွင်းစာကြည့်တိုက် (လျှို့ဝှက်စာကြည့်တိုက်) ဖြစ်ပါသည်။

ထောင်အာဏာပိုင်တွေကို တဖက်ကလည်း အတိုက်အခံလုပ်၊ တဖက်ကလည်း စည်းရုံးနဲ့ ကျနော်တို့ အကျဉ်းသားတွေမှာ အနေအထိုင် အတော်လွတ်လပ်လာပါသည်။ ထောင်အမှုထမ်းတွေကို သူတို့ အထက်အာဏာပိုင်တွေက တာဝန်ပေးမှုကို အတိအကျမပြောဘဲ စခန်းတနေရာဆိုပြီး ပြောထားပါသည်။ ပြည်တော်ညွန့် သင်္ဘောပေါ်တက်ပြီး ကျွန်းပေါ်ရောက်လာမှ ကျွန်းပို့ခံရမှန်းသိ၍ အတော်စိတ်ထိခိုက်ကြပါသည်။

ဆက်လက်ဖော်ပြပါမည်။

ကျောင်းသား ထောင် တော်လှန်ရေးသမား (၂၆)

နောက်ကျ ကျနော်တို့ ခုနက ချိုးဖောက်တဲ့ဟာတွေနဲ့ဆိုတော့ ညပါ လစ်ထွက်ကြတာ။ တညလုံး အပြင်မှာနေတယ်။ အဲဒါ မင်ကိုလုပ်နေတာ။အဲဒီတော့ ခြင်ထောင်ချထားတယ်။ သူတို့ ခြင်ထောင်လှန်ပြီးတော့ ကြည့်တယ်။ အဲလို လှန်ကြည့်ရင်လည်း ကျနော်တို့က အဲဒီလူ အိမ်သာသွားတယ်လို့ပဲ ပြောလိုက်တာ။ အဲဒါ သူတို့ ခြင်ထောင်တွေ အလုံးတွေကိုပဲ ရေရေပြီး သွားတယ်။ အဲဒီလိုကနေပြီးတော့ တဖြည်းဖြည်း ကျွန်းကနေပြီးတော့ လှေလုပ်ပြီး ထွက်ပြေးတဲ့အဆင့် ရောက်လာတယ်။

လှေလုပ် ထွက်ပြေးအောင်မြင်သွားကြတဲ့ လူတွေကတော့ မန်းအောင်ကြည် ABKO ( မြန်မာနိုင်ငံလုံးဆိုင်ရာ ကရင် အစည်းအရုံး)က (နောင်ကျတော့ လှေနဲ့ထွက်ပြေးတာ လွတ်သွားပြီးတော့ KNU ကိုသွားပြီး တောထဲမှာ ရောဂါနဲ့ ကျဆုံးသွားတာ။) နောက်တယောက်က မန်းငြိမ်းမောင် (အခုတော့ သူ KNU ပါတီမှာ ခေါင်းဆောင်တယောက် ဖြစ်နေပါတယ်။ ကျနော်နဲ့ တိုက်ဖော်တိုက်ဖက် ပုဂ္ဂိုလ်ရေး အင်မတန်ရင်းတယ်) နောက်တယောက်က ဗမာပြည်ကွန်မြူနစ်ပါတီက ရဲဘော် အောင်ဝေ (ကျနော်နဲ့တခန်းထဲနေတာ။ ကျနော် ထောင်ကထွက်လာတော့ သူနဲ့ ပြန်အဆက်ရတယ်။ အင်မတန် လူချစ် လူခင်များပြီးတော့ လုပ်ရည်ကိုင်ရည် ရှိတဲ့ပုဂ္ဂိုလ်ကြီး။ ပဲခူးရိုးမမှာပဲ ကျဆုံးသွားတယ်) သူတို့ ၃ ယောက်။

အဲဒီတော့ သူတို့ ထွက်ပြေးသွားတဲ့အခါကျတော့ သူတို့က အင်မတန်ကို ပိပိရိရိနဲ့လုပ်တာကိုး။ ဒီအကြောင်းကတော့ အခုနကပြောတဲ့ ကိုမန်းငြိမ်းမောင် ရေးတဲ့စာအုပ်ထဲမှာ ပါပြီးပြီ။ ကျနော် အသေးစိတ် မပြောတော့ဘူး။ ကျနော်ပြောမှာက သူတို့ မသိတဲ့ ကျနော်တို့ဘက်။ သူတို့က ပိပိရိရိလုပ်တော့ ဘာမှမသိဘူး။ ကျနော်တို့က အထူးသဖြင့် တာဝန်ရှိတဲ့လူမဟုတ်တဲ့ ကျနော်လိုလူက ဘာမှ မသိဘူး။ ကျွန်းပေါ်မှာကလည်း ဒီလို လျှို့ဝှက်လုပ်ငန်းနဲ့ ပတ်သက်လို့ရှိရင် အင်မတန်ကို ကျနော်တို့ထဲမှာ လျှို့ဝှက်ရတယ်။

အဲဒီတော့ စနစ်တကျကို လျှို့ဝှက်ထားတဲ့ဟာကျတော့ ကျနော်တို့ သာမန်ရဲဘော်တွေ ဘာမှ မသိပါဘူး။ အဲ သူတို့ သွားပြီ၊ သူတို့လှေကို တွန်းချပေးလိုက်ပြီဆိုတော့မှ ကျနော်တို့ သိတာ။ တွန်းချပေးတော့ ကျနော်တို့ဆီက ရဲဘော်တွေပဲ အကုန်လိုက်ပြီး တွန်းချပေးတယ်။

အဲဒီ နောင် ၅၃ ရက်တိုက်ပွဲမှာကျသွားတဲ ရဲဘော်တွေ။ ရဲဘော်ချစ်ဆွေတို့၊ ရဲဘော်အုန်းမော်၊ ရဲဘော်မောင်မောင်စိုး၊ နောက် အခု ပဲခူးမြို့နယ်ထဲမှာရှိနေတဲ့ ရဲဘော်ဘထွေးညွှန့်တို့၊ အဲလို ရဲဘော်လေးတွေကလိုက်ပြီးတော့ လှေကို ပင်လယ်ထဲ ရေအနက်ထဲရောက်အောင် လိုက်ပြီး တွန်းပို့ပေးလိုက်ရလို့ အဲဒီတော့မှ ကျနော်တို့သိရတယ်။ အဲဒါ ကျနော်တို့ ချက်ချင်း ရဲဘော်အောင်ဝေဆို ကျနော်တို့ အခန်းထဲကကိုး။ ကျနော်တို့ အဆောင်ထဲက။

အဲဒီတော့ ကျနော်တို့ ချက်ချင်းပြင်ရတယ်။ သူတို့ ထွက်တာလည်း ညထွက်တာ။ ရေအတက် လအပြည့်၊ ရေအတက် အဲဒါနဲ့ထွက်ကြတာကိုး။ အဲဒီတော့ ကျနော်တို့က ပြင်ရတယ်။ ပြင်တယ်ဆိုတာ ဘာလုပ်လဲဆိုတော မနက် လူလာစစ်ရင် မပေါ်အောင်လုပ်ရတယ်။ အဲဒီတော့ ဦးအောင်ဝေ အိပ်ရာမှာ တယောက်က ဝင်အိပ်ပေး။ ပြီးတော့ သူ့အိပ်ယာမှာလည်း ရိုးရိုးပဲ ခြင်ထောင်ချထားတယ်။ အဲဒီလိုနဲ့ လုပ်နေတာပေါ့။ နေ့တိုင်း လုပ်နေတာ။ ထောင်အာဏာပိုင်တွေ လုံးလုံးကို မသိဘူး။ နောက်ဆုံး ဟို တနင်္သာရီတိုင်းမှာ သွားပြီးမိနေတော့မှ ကိုကိုးကျွန်းက အာဏာပိုင်တွေ အော် ဒီကထွက်ပြေးပါလားဆိုတာ သူတို့သိတာ။

အဲဒီတော့ အခု ကျနော်ပြောခဲ့သလိုပဲ ကျနော်တို့ဘက်က စနစ်တကျချိုးဖောက်မှုတွေလုပ်၊ အာဏာပိုင်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်ထွက်ပြေးမှုတွေရှိလာတဲ့အခါကျတော့ ကိုယ်ထူကိုယ်ထ စနစ်ကြီးအခုလုပ်ထားတဲ့ ထောင်စနစ်ကြီးဟာဖြင့် မအောင်မြင်ဘူးဆိုတာကို အားလုံးမြင်လာကြတယ်။ သူတို့လည်း မြင်လာတယ်။ ဒီအတိုင်းတော့ မဖြစ်တော့ဘူးဆိုတာ သူတို့သိလာတယ်။ သူတို့ ကိုယ်ထူကိုယ်ထသာ မလုပ်လို့ရှိရင် လှောင်ထားလို့ရတယ်။ ကိုယ်ထူကိုယ်ထ လုပ်ထားရင် သူတို့ လှောင်ထားလို့ မရဘူး။ ပဋိပက္ခက အဲဒီမှာဖြစ်တာ။

ဒီမှာ အဖြစ်အပျက်တခုက ရှိသေးတယ်။ အဲဒါက ဘာလဲ ဆိုတော့ တနေ့မှာ ရဲဘော်အုန်းမော်နဲ့ ရဲဘော် မောင်မောင်စိုး။ (ရဲဘော်အုန်းမော်ဆိုတာက လေတပ်က အစိုးရလေတပ်က။ နောက် ဆက်သွယ်ရေး လုပ်တယ်။) နောက်တခုက ရဲဘော်မောင်မောင်စိုးဆိုတာက ကျောက်ဆည်က တက္ကသိုလ်ကျောင်းသား (ဗကသ) သူတို့ ၂ ယောက်ဟာ အုန်းသီးရှာရင်းကနေပြီးတော့ နယ်လွန်သွားပြီးတော့ဟိုဘက် ရေတပ် ဧရိယာထဲကို ရောက်သွားတယ်။ ရောက်သွားတော့ ဟိုက အဆင့်စောင့်ရင်းနဲ့ ချောင်းစောင့်နေပြီးတော့ သူတို့ကို ဖမ်းချသွားတယ်။ ရေတပ်နဲ့ အဝေးကြီးလိုပါသေးတယ်။ ကျွန်းကို Out of Bond လုပ်ထားတဲ့နေရာ ဆိုတော့ အဲဒါ ရေတပ်နဲ့ အဝေးကြီးပါ။

အဲဒီကနေစောင့်ဖမ်းပြီး ခေါ်သွားရော။ ခေါ်သွားပြီး ပြန်မလွှတ်တော့ဘူး။ ထောင်ချထားသလို လုပ်တယ်။ အဲဒါ ကျနော်တို့ ကျွန်းရောက်ပြီးမှ တခါပြန်ပြီး ထောင်ကျရသေးတာ။ အတော်ရယ်စရာ ကောင်းတယ်။ အဲဒီတော့ ကိုကိုးကျွန်းကလည်း မြို့နယ်တခုဆိုတော့ အဲဒီ ရန်ကုန်တိုင်း အမှတ် ၁၃ မြို့နယ် မြို့နယ်တရားသူကြီးကနေ တောင် သူတို့ အပြစ်တွေဘာတွေ ချပစ်လိုက်တာ။ ပိုင်နက်ကျူးလွန်မှုနဲ့ ချတာလား ဘာနဲ့ချလဲ မသိဘူး။

အဲဒါ အပြစ်တွေ ဘာတွေချပြီးတော့ အဲဒီမှာတင် ရေတပ်ထဲမှာတင် ချုပ်ထားတာ။ ဖမ်းခါစတော့ မျက်စိပိတ်ပြီး နည်းနည်းပါးပါး ရိုက်တယ်လို့ ပြောတယ်။ လမ်းခေါ်သွားတော့လည်း အတင်း တလှိမ့်ကောက်ကွေးပေါ့လေ၊ အတက်အဆင်းတွေ ဘာမှမပြောဘဲ ဒီအတိုင်း တွန်းတွန်းပြီး ခေါ်သွားတော့ လဲတဲ့နေရာ လဲ၊ ပွန်းတဲ့နေရာ ပွန်း အဲလိုဖြစ်ကုန်တာပေါ့။

အဲဒီတော့ သူတို့ အဲလိုဖြစ်ပြီဆိုတာနဲ့ ကျနော်တို့ ကျွန်းကလူတွေ အားလုံးစုပြီးတော့ တခါ ထောင်အာဏာပိုင် တွေကို ကြွေးကြော်သံတွေနဲ့ တောင်းဆိုချက် အော်ကုန်ကြတယ်။ အဲဒါ ၂ ရက်လောက် ကျနော်တို့ တိုက်ပွဲဝင်ပြီးတော့ ပြန်လွှတ်ပေးတယ်။ ဆိုလိုတာ ထောင်အာဏာပိုင်တွေနဲ့ ကျနော်တို့ကြားမှာ ကြာလေကြာလေ တင်းမာမှုက ကြီးလာလေ ဖြစ်လာတာ။ တဖက်ကလည်း သူတို့ရဲ့ ကိုကိုးကျွန်းဆိုတဲ့ ပေါ်လစီက ကြာလေကြာလေ အဓိပ္ပာယ်မဲ့မှု မခိုင်မာမှုကို ဖော်ပြလာနေတယ်။ အဲလို အချက်တွေကနေပြီးတော့ ကျနော်တို့ကို နောက်တိုက်ပွဲတွေ တိုက်ဖို့အတွက် သန္နိဋ္ဌာန်ကျလာစေတယ်။ အားရှိလာစေတယ်။ အဲဒီကို အာရုံကဲလာစေတယ်လို့ ပြောရလိမ့်မယ်ထင်တယ်။

ဆက်လက်ဖော်ပြပါမယ်။

Saturday, December 12, 2009

သူခိုးမပြေးခင် ... (ကာတွန်း စောငို)


မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၁၅)

တော်လှန်တဲ့ဘဝနဲ့ တော်လှန်တဲ့ အနုပညာ

သင်္ဘောပျက်ကြီးပေါ်က သံတိုသံစတွေ စိတ်ထဲမှာ အသုံးဝင်မယ်ထင်တဲ့ မြင်ကရာ၊ တွေ့ကရာ ပစ္စည်းတွေကို ရေထဲ ပစ်ချပါသည်။ သံတံစဉ်းလို ပစ္စည်းတွေ၊ မော်တာအပျက်အိုးထဲက နန်းကြိုးတွေ၊ သံဗီရိုတွေ၊ ပစ္စည်းတွေက အင်မတန်စုံတာပါဗျာ။ တပြည်တရပ်ခြားက လာဆိုက်ပေးရှာတဲ့ မမြင်ဘူးတဲ့ သူဌေးကြီး အိုနာဆစ်ကြီးကို လှမ်းပြီး ကျေးဇူးတင်လိုက်သေးတယ်။

ရေစစ်ချိန်ရောက်ပြီဆိုရင် ရေထဲကိုပစ်ချထားတဲ့ အမျိုးအမည်စုံလင်တဲ့ ပစ္စည်းတွေ ပြန်ငုပ်၊ ကမ်းပေါ်တင်၊ ကမ်းစပ်နဲ့ကပ်လျက် မီးဖိုချောင်ဘေးသဲခုံကို ပစ်သွင်းပေါ့။ ပြီးတော့မှ ရလာတဲ့ပစ္စည်းတွေကို ကုန်ချောအဖြစ် ထုတ်လုပ်ဖန်တီးတော့တာပါပဲ။

ဗမာ့တပ်မတော် လေတပ်က ကိုတေဇတို့၊ ကိုလှိုင်တင်တို့၊ ကိုထွန်းဝင်းတို့က အနုပညာသမားတွေ၊ မော်တာပျက်အိုးထဲက ကြေးနန်းကြိုးပျက်တွေကို တယော၊ မယ်ဒလင်၊ ဒုံမင်းကြိုးတွေ ပြန်ပြီးဖန်တီး၊ တယောတို့ မယ်ဒလင်တို့ကတော့ အညံ့စား မထင်လိုက်ပါနဲ့။ တကယ့်ထွင်းအိုးတွေနဲ့ လုပ်ထားတာ။

နေ့ကြီးရက်ကြီး ပွဲလမ်းသဘင်ဆိုရင် ကိုလှိုင်တင်တို့၊ ကိုတေဇတို့ တီးဝိုင်းက တယော ၃ လက်၊ မယ်ဒလင်၊ ဒုံမင်း၊ ပတ္တလား၊ ခြောက်လုံးပတ် အလွန့်အလွန်ကိုပင် ငြိမ့်ညောင်းသာယာတဲ့ ဆင်ဖိုနီ တီးဝိုင်းကြီးပါ။ ကျနော်တို့ကျွန်းမှာ အတူမနေခဲ့ရသူတွေအဖို့ ရေးပြ၊ ပြောပြရတာ ပိုကားကြွားတယ်လို့ ထင်ကြမှာပါ။

သီချင်းတွေဆိုတာလည်း ဗမာပြည်လူ့အဖွဲ့အစည်းဟောင်းထဲက သီချင်းတပုဒ်မှ မပါဘူး။ မဆိုဘူး။ ကျနော်တို့ကျွန်းမှာ ကိုယ်တိုင်ရေးတဲ့၊ သီဆိုတဲ့ ထွန်းလင်းတဲ့ ကမ္ဘာလောကသစ်ကြီးကို ဖော်ညွှန်းတဲ့ တော်လှန်တဲ့ သီချင်းတွေကြီးပါပဲ။

အခုတော့ ကျွန်းတုန်းက သီချင်းတွေကို ၈၈ မျိုးဆက်သစ် ညီငယ် ညီမငယ်၊ ရဲဘော် ရဲဘော်မေများက လက်ဆင့်ကမ်း ပြန်လည်ဖော်ထုတ်ပြီး သမိုင်းတင်ခဲ့ကြပါတယ်။ ဦးသန့်အရေးအခင်းနဲ့ မှိုင်းရာပြည့် အရေးအခင်းမှာ အင်းစိန် ဖိနှိပ်ရေးအကျဉ်းစခန်းကြီးကို ရောက်ခဲ့ကြတဲ့ တော်လှန်တဲ့ ရဲဘော်များကလည်း ဦးသန့်နဲ့ မှိုင်းရာပြည့် ဂုဏ်ပြုသီချင်းတွေကို မော်ကွန်းထိုးခဲ့ပါတယ်။ ဒါလည်း ၈၈ မျိုးဆက်သစ် ညီငယ် ညီမငယ်များကပဲ ပြန်လည်ဖော်ထုတ်ပြီး သမိုင်းမှတ်တမ်း တင်ခဲ့ကြပါတယ်။

သံတိုသံစ သံပြားတွေကိုတော့ အလွန့် လွန်မရှိတဲ့ပစ္စည်းတွေကို လေတပ်က ကိုအုန်းမောင်ကြီးက ပန်းပဲဆရာကြီးအဖြစ်နဲ့ ဦးဆောင် ထုတ်လုပ်ပါတယ်။ လုပ်သားတွေက ကိုအုန်းမော်၊ ကိုအောင်ထီ (သူ့ကို ကျနော်တို့က ချစ်စနိုးနဲ့ ကျောက်ပိုးလို့ ခေါ်သည်)၊ ကိုချစ်ဆွေ၊ ဘဖူးညွန့်၊ ကိုလတ်၊ ရမ်းဗြီး ပြီးတော့ မပါမဖြစ်တဲ့ ဗန်းမော့် ဇာတ်လိုက်။

မီးဖိုဆိုက်တဲ့မီးက သစ်နီသားပေါက်ခြမ်းတွေ၊ မီးခဲကလည်း အင်မတန်ကောင်းတာ၊ မီးဖိုဘေးက စတိုနားမှာ ပေတုံးလုပ်လို့ကောင်းတဲ့ သံတုံးကြီးကိုချ၊ သစ်နီသား ပေါက်ခြမ်းမီးခဲတွေကို လာပုံ၊ ပင်လယ်ကမ်းနားစပ်နဲ့ ကို ၃၀ ကျော်လောက်ပဲ မီးဖိုနဲ့ဝေးတာဆိုတော့ ပင်လယ်လေကလည်း တဟူးဟူးနဲ့ တကယ့်သဘာဝ ပန်းပဲဖိုကြီးပေါ့။

အဲဒီ ပန်းပဲဖိုကြီးထဲကို သံပြားတွေ ထည့်ဖုတ်၊ သံပြားကရဲလာပြီဆိုရင် ပန်းပဲဆရာကြီး ဦးအုန်းမောင် ပြောဆိုညွှန်ပြတဲ့အတိုင်း ကျနော်တို့ငယ်သားတွေကလည်း တယောက်တလဲ ထုကြ၊ လုပ်အားခ ပူစရာမလိုတော့ ဓားတလက်ဆိုရင် ထုမှထုပေါ့။ ဓားကောင်းတလက်လိုချင်ရင် နာနာတေရတယ်လို့ ရှေးအဆိုအမိန့်ကလည်းရှိတယ် မဟုတ်လား။

စိတ်ကြိုက်ရပြီဆိုတော့မှ ကိုအုန်းမောင်ကြီး သင်္ဘောပေါ်ကရတဲ့ သံဖြတ်စို့နှင့် ကြိုက်တဲ့ဓားပုံစံကို ဖြတ်ထုတ်ပြီးတော့ ပြန်ထု၊ ဆေးသားတင်၊ ဆေးသားတင်ပြီးသား ဓားကို နို့ဆီခွက်ကို ထောင်၊ ခုတ်ကြည့်၊ အသွားလိပ်သွားတယ်ဆိုရင် မကြိုက်သေးဘူး၊ ပြန်ထု၊ ပြန်ဆေးသားတင်၊ နို့ဆီခွက်ကို ပြန်ခုတ်၊ တိခနဲပြတ်မှ အိုကေ။

ဒီလိုနည်းနဲ့ ကိုအုန်းမောင်ကြီး ပန်းပဲဖိုက ဓားမြှောင်တွေ၊ ဓားရှည်တွေ၊ ဓားမတွေ၊ လှံတွေ၊ မှိန်းတွေ လူငယ်တိုင်းမှာ ကိုယ်စီကိုယ်ငှ ဓားရှည်တွေ၊ ဓားမြှောင်တွေနဲ့ ဖြစ်လာကြတာပါပဲ။

ကျနော်တို့ကို ထုတ်ပေးတဲ့ အတွင်းခံ၊ အောက်ခံဘောင်းဘီက ဘေးဘက်က တခြမ်းကွဲ ကြိုးနှင့် သုံးချက် ပြန်ချည်ရတယ်။ အဲဒီ ဘောင်းဘီတိုနံ့နံ့နှင့် (ကျနော်တို့လူငယ်တွေက တာဇံဘောင်းဘီလို့ နာမည်ပေးထားတယ်) မနက်လင်းပြီဆိုရင် ကျနော်တို့လူငယ်တသိုက်ဟာ ခါးမှာလည်း ဓားမြှောင်ကြီး ချိတ်သူက ချိတ်၊ တချို့ကလည်း ဓားရှည်၊ တချို့ကလည်း မှိန်းတွေနဲ့၊ တာဇံတသိုက်ကတော့ ခြေဦးတည့်ရာ စိတ်ကူးပေါက်ရာ ကျွန်းပေါ်ကို လျှောက်သွား ရှာဖွေတော့တာပဲ။

မောရင် အုန်းပင်လှဲ၊ အုန်းရည်သောက် အုန်းသားစား၊ တခါတလေ အကျဉ်းသားဘဝကိုတောင် မေ့မေ့သွားသဗျာ။ ဒါပေမယ့် နေဝင် မိုးချုပ်လို့ အိပ်တန်းပြန်တက်ကြမှပဲ တို့ဟာ မလွတ်လပ်ပါလားဆိုတဲ့အသိက ဝင်လာတယ်။

တော်လှန်တဲ့ ဗမာ့တပ်မတော်သားများ

ကျွန်းပေါ်ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ဗမာ့တပ်မတော် လေတပ်က ရဲဘော်များဟာ မနည်းပါဘူး။ ကိုထွန်းဝင်း (ကျွန်းဖျက်သိမ်းရေးတိုက်ပွဲတွင် ကျဆုံး)၊ ကိုတေဇ၊ ကိုလှိုင်ဝင်း၊ ကိုအုန်းမောင်၊ ကိုသိန်းလွင်၊ ကျွန်းမရောက်ဘဲ အင်းစိန်ထောင်တွင် ကျန်ရစ်ခဲ့တာက စောမောင်တင်၊ စောရွှေဘ၊ ဝင်းရွှေချစ် အခြားမမှတ်မိတော့။ ဗမာ့တပ်မတော် လေတပ်မှ အဲဒီလို အစဉ်အလာကြီးခဲ့တာပါ။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအုံကြွတိုက်ပွဲဝင်မှုကြီးမှာ ကျောင်းသား၊ ရဟန်းရှင်လူ၊ မိဘပြည်သူများနှင့်အတူ ရှေ့ဆုံးတန်းက လက်တွဲ တိုက်ပွဲဝင်ခဲ့တယ်ဆိုတာ မိဘပြည်သူများ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြရပဲ မဟုတ်လား။

သမိုင်းအစဉ်အလာ ကြီးမားတဲ့ ရဲဘော်တွေဖြစ်ပါတယ်။ ဒီရဲဘော်တွေဟာ ပြည်သူတွေဘက်က၊ အမှန်တရားဘက်က ရပ်တည်ပြီး ရှေ့ဆုံးတန်းက ရဲရဲရင့်ရင့်နဲ့ သူတို့ကို ခွပိုးထားတဲ့ စစ်အာဏာရှင်တွေကို ပုခုံးပေါ်ကခါချပြီး တိုက်ပွဲဝင်သွားဦးမယ်ဆိုတာ ကျနော် အလေးအနက် ယုံကြည်ပါတယ်။
ဗမာ့တပ်မတော် (ကြည်း)ကလည်း သမိုင်းတင်ခဲ့သူတွေပါ။ ကိုအုန်းမော်(ကျွန်းဖျက်သိမ်းရေးတိုက်ပွဲတွင် ကျဆုံး)၊ ကိုအောင်ထီ (ရခိုင်စစ်မျက်နှာတွင် ကျဆုံး)၊ ကိုဇော်လွင်၊ ကိုတင်ဝင်း၊ အခြားသူများကို မမှတ်မိတော့ပါ။

ကျနော်တို့လူငယ်တွေ အပြင်ထွက်ပြီး ရှာလို့ဖွေလို့ရလာတဲ့ ငါးတို့ ဘာတို့ဆိုရင် မစားရက်ပါဘူး၊ ဖိုကြီးကို သွားပေးတာပါပဲ။ ဖိုကြီးကနေ လူမမာတွေ၊ နလံထတွေ၊ လူကြီးပိုင်းတွေကို စီစဉ်ချက်ပြုတ်ကျွေးပါတယ်။

ကိုကိုးကျွန်းကြီးရဲ့ အနောက်ဘက်ကမ်း ကျနော်တို့အကျဉ်းစခန်းကနေ ၃ မိုင်လောက်အကွာမှာ လခြမ်းကွေးသဏ္ဍာန် လိပ်သောင်ဆိုတာရှိပါတယ်။ အဲဒီ လိပ်သောင်ကို ရေတပ်ကနေ စစ်ဧရိယာ သတ်မှတ်ထားပါတယ်။ ကန့်သတ်နယ်မြေပေါ့။ မသွားရ မလာရ အမိန့်ထုတ်ထားတယ်။

တညနေတော့ ကျနော်နှင့် ရမ်းဗြီး၊ ကျနော်တို့ကျွန်းပေါ်တက်လာခဲ့တဲ့ ကမ်းနားသောင်ခုံကို လမ်းလျှောက်ကြရင်း လိပ်တက်ဥထားသလို သံခုံကိုဖွသွားတဲ့ စွပ်ကြောင်းကြီး ဖုံအောင် တွေ့ရတယ်။ ကျနော်က တုတ်ရှည်ရှည်တချောင်းနဲ့ လျှောက်ထိုးကြည့်တော့ ဇတ်ခနဲ တုတ်က သဲထဲကို ကျွံကျသွားတယ်။ တုတ်ကို ဆွဲထုတ်လိုက်တော့ တုတ်အဖျားမှာ ချွဲကျိကျိအရာတွေ ကပ်ပါလာတယ်။ ကျနော်တို့ ၂ ယောက်ထိုင်ပြီးတော့ သဲကို ယက်ထုတ်ကြတယ်။ လက်တနှိုက်လောက်ရောက်တော့ လိပ်ဥတွေ အဖွေးသားကို တွေ့ရတယ်။

ကျနော်တို့ ၂ ယောက် ပျော်သွားတာပဲ။ ပင်လယ်လိပ်ဥက ပျော့စိစိပါ။ လိပ်ဥက အားလုံး ၇၀ ကျော်တယ်။ တုတ်နဲ့ထိုးမိတာ ၂ လုံးလောက် ကွဲသွားတယ်။ ကျနော်တို့အပြုံးကိုယ်စီနဲ့ စခန်းထဲပြန်ပြီး ဖိုကြီးကို အပ်လိုက်တာပဲ။ ကျွန်းမှာဆို ပထမဆုံး လိပ်ဥရသူတွေကတော့ ကျနော်နဲ့ ရမ်းဗြီး ၂ ယောက်ပါပဲ။

ဆက်လက်ဖော်ပြပါမည်။

ကျောင်းသား ထောင် တော်လှန်ရေးသမား (၂၅)

အဲဒီတော့ ဒီတိုက်ပွဲမှာ ကျဆုံးတဲ့လူတော့ တယောက်မှ မရှိဘူး။ ဒါပေမယ့် ကျန်းမာရေးချိသွားတဲ့လူတွေ အများကြီးပဲ။ ချိသွားပြီး လူက ဒုက္ခိတလို ဖြစ်သွားတာ။ ဥပမာ … ၅၆ ရွေးကောက်ပွဲတုန်းက ဝါးခယ်မက အမတ်ဖြစ်ခဲ့တဲ့ ကျောင်းသားအမတ် ဦးတင်ရီ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂက ကိုလှကြည်၊ နောက် (ရကသ)က ကိုလှရွှေ (ဒီ ကိုလှရွှေက အခုထိ ထောင်ထဲက ကိုလှရွှေ မဟုတ်ပါဘူး။ တခြား ကိုလှရွှေပါ) အဲဒီတော့ ဒီရဲဘော်တွေက ချိသွားတာ။ လမ်းကို ကောင်းကောင်း မလျှောက်နိုင်ဘူး။ လူက ယိုင်ထိုးယိုင်ထိုးနဲ့ပဲ ခေါင်းကလည်း ပုံမှန်ကို မဟုတ်တော့ဘူး။ အဲဒါနဲ့ သူတို့ကို နောက်ဆုံးကျတော့ ခုနက တိုက်ပွဲထဲမှာ သဘောတူထားတဲ့အတိုင်း ပြည်မကို ပြန်ပို့ပေးလိုက်ရတယ်။

ဒီတိုက်ပွဲရဲ့ အကျိုးကျေးဇူးက စာရေးဆက်သွယ်ခွင့်ရတယ်။ မဂ္ဂဇင်း၊ ဂျာနယ်တချို့၊ အိမ်ကပို့တဲ့စာအုပ်တချို့ ဖတ်ခွင့်ရတယ်။ ကျနော်ဆိုရင် ဖမ်းခံရပြီးတဲ့နောက် ၄ နှစ်ကျော်မှပဲ (ဒီတိုက်ပွဲပြီးမှပဲ) အိမ်နဲ့ စာအဆက်သွယ် ရတယ်။ အဲဒီအရင်က တခါမှ အိမ်ကစာလည်း မဖတ်ခဲ့ရဘူး။ ကျနော့်စာလည်း အိမ်က မဖတ်ခဲ့ရဘူး။ စာအဆက်သွယ်ဆိုပေမယ့် တခုတော့ရှိတယ်။ ဆင်ဆာတော့ အပြည့်ပဲ။ ဆင်ဆာအပြည့်မှာ သူတို့က အဓိက ဘာထားလဲဆိုလို့ရှိရင် ကျနော်တို့ကိုထားတဲ့ နေရာဟာ ကိုကိုးကျွန်းဆိုတာ မပေါ်အောင်လို့ သူတို့ ဆင်ဆာလုပ်တာပဲ။

ဥပမာဆိုရင် ကျနော့်စာထဲမှာ … ‘ကျနော့်တို့ဆီမှာ ကြက်တူရွေးတွေက အုပ်လိုက်ပျံသန်းနေကြတာ’ အဲဒါပါလို့ဆိုပြီး ဖြတ်တာပဲ။ ဖြတ်တာ အဲဒီစာကြောင်းဖြတ်တာ မဟုတ်ဘူး၊ စာတစောင်လုံး ဖြတ်ပစ်လိုက်တာပဲ။ မပေးတော့ဘူး။ အဲဒါ နောင် ကျနော် ထောင်ကလွတ်လို့ အိမ်နဲ့ပြန်မေးကြည့်တဲ့အခါကျတော့ စာတွေ မရောက်တဲ့ဟာတွေ မနည်းဘူးဆိုတာ သိရတယ်။

နောက် အသားစိုဆိုတာ ပေးတယ်။ ပြီးတော့ ဆိတ် ပေးတယ်။ ဘဲငန်း ပေးတယ်။ ဘဲဥ ပေးတယ်။ ဒါပေမယ့် ဒါလောက် လူအများကြီးအတွက် ဒီ အကောင်အရှင်တွေကို သူဘယ်လောက် သယ်နိုင်မှာလဲ။ သင်္ဘောပေါ်မှာ။ အဲဒီတော့ နောက်ဆုံးကျတော့ အသားစိုဆိုတဲ့ဟာလည်း ဘဲဥတွေပဲ ဖြစ်လာတော့တယ်။

အဲဒီလိုနဲ့ အချိန်မျောလာတာနဲ့အမျှ ထောင်ဒဏ် ကျွန်းဒဏ်တွေလည်း ပိသည်ထက် ပိလာတယ်။ ကျန်းမာရေး ဆိုးတဲ့ဟာတွေလည်း များသထက် များလာတယ်။ ပြန်ပို့ရတာတွေလည်း မနည်းဘူး။ အဲဒါအပြင် ကိုယ်ထူကိုယ်ထ ပေါ်လစီကြောင့်မို့ မထင်မှတ်ဘဲ သေဆုံးရတာတွေလည်း ရှိလာတယ်။ သေဆုံးတာ ၂ ယောက်။ တယောက်က ဦးထွန်းရှိန် (မန္တလေး ဆေးရုံကြီး တောင်ဘက် ဦးဖိုးသာဝင်းထဲက ကျောင်းဆရာ) ကျနော်နဲ့ ပုဂ္ဂိုလ်ရေး အင်မတန်ကိုရင်းတာ။ ဦးထွန်းရှိန် ကတော့ ငါးရှာတာပေါ့ဗျာ။

ပင်လယ်ကမ်းစပ်တလျှောက် ခရုတို့၊ ငါးတို့ လိုက်ကောက်ရင်းနဲ့ တနေ့မှာ မထင်မှတ်ဘဲနဲ့ မုန်တိုင်းလိုဟာမျိုးလာပြီးတော့ လှိုင်းလေပုတ်ချသွားတာ။ အလောင်း ဘယ်လိုမှ ရှာမရတော့ဘူး။ ကျနော်တို့ တထောင်လုံး ထွက်ပြီးရှာတာ။ ရှာတာမှ တရက်တည်းမဟုတ်ဘူး။ တပတ်လောက်ရှာတာ။ ပြန်ကို မတွေ့တော့ဘူး။ ပင်လယ်ဆိုတာ အပြင်က အရာဝတ္ထုကို ဘယ်တော့မှ လက်မခံဘူး။ ကမ်းပေါ် ပြန်တင်ပေးလေ့ရှိတယ်လို့ပြောကြတယ်။ ဒါပေမယ့် ဦးထွန်းရှိန်ရဲ့အလောင်းကတော့ ကိုကိုးကျွန်းကမ်းပေါ်ကို ပြန်ရောက်မလာဘူး။ သေချာတယ်။

နောက်တဦးက အလံနီပါတီနဲ့နွယ်တဲ့ ကိုမြင့်သိန်း(ရဲနီမြင့်သိန်း)။ ကျနော်နဲ့ အသက်ရွယ်တူလောက်ပဲရှိဦးမယ်။ လူငယ်လေး။ ပြုံးပြုံး ပြုံးပြုံးနဲ့ အင်မတန် ချစ်ခင်စရာကောင်းတဲ့လူ။ အဲဒီမှာက သီးနှံက မစားရတဲ့အခါကျတော့ အုန်းသီးပဲ စားကြတာကိုး။ အုန်းသီးရှိတော့ အုန်းသီးပဲစားကြတာ။ ကိုမြင့်သိန်းလေးကလည်း အုန်းပင်ပေါ် တက်ရင်းနဲ့ အုန်းပင်ပေါ်က လိမ့်ကျတာ။ အဲဒါနဲ့ ရန်ကုန်ဆေးရုံပို့လိုက်တော့ ဟိုမှာပဲ ဆုံးသွားတာ။

စောစောက ရက် ၄ဝ တိုက်ပွဲပြီးတာနဲ့ ကိုကိုးကျွန်းပေါ်မှာ အာဏာပိုင်နဲ့ ကျနော်တို့အကြားမှာ တင်းမာမှုတွေ ပြန်ပေါ်လာတယ်။ ပိုပြီး တင်းမာလာတယ်လို့တောင် ပြောလို့ရသေးတယ်။ သေချာနေတာက ကိုယ်ထူကိုယ်ထ ဆိုတဲ့ အခရာကျတဲ့ ပေါ်လစီကို အပြတ်မဖြိုနိုင်သရွေ့ ကိုကိုးကျွန်းမှာ တိုက်ပွဲတွေ ဆက်ရှိနေဦးမှာ။ ‘ကိုကိုးကျွန်း’ ဆိုတဲ့ဟာကြီး ရှိနေဦးမယ်ဆိုရင် သေချာတယ်။

အဲဒီတော့ ဒီမှာ ပြောစရာတခုကလည်း အဲလိုအချိန်မှာပဲ သူတို့ ဒီ သဘောတူညီချက်တွေ၊ သဘောတူညီကြပြီးတဲ့ နောက်မှာတော့ ကျနော်တို့ထဲကို ထောင်အာဏာပိုင်တွေက သတင်းလွှင့်လိုက်တယ်။ အဲဒါကတော့ ကျနော်တို့စာတွေ ကျနော်တို့ စားစရာတွေ အိမ်ကပို့တဲ့ဟာတွေ သွင်းပေးတယ်။ နောင်ဆိုလို့ရှိရင် ဒါတင်မကဘူး၊ အိမ်ကလူတွေတောင် ခေါ်ပေးဦးမှာ။ ကျွန်းပေါ်မှာ စပါးစိုက်ဖို့၊ ဂျုံစိုက်ဖို့ လုပ်ပေးမှာ။ ထွန်စက်တွေ ပေးမှာ။ နွားမွေးဖို့၊ ငါးမွေးဖို့ လုပ်ပေးမှာ။ အဲဒီအသံတွေက အကုန်လုံး လွှင့်ထုတ်လိုက်တယ်။

ဆိုလိုတာက သူတို့က သူတို့ရဲ့ အဓိကကျတဲ့ ကိုယ်ထူကိုယ်ထ ပေါ်လစီကိုတော့ တင်းတင်းမာမာ ဆုပ်ကိုင်ပြီးတော့ ဆက်အကောင်အထည်ဖော်မယ်လို့ ကျနော်တို့ထဲကို မသိမသာတဲ့နည်းနဲ့ ခြောက်လှန့်လိုက်တာ ဖြစ်တယ်။ တချိန်တည်းမှာ ကျနော်တို့ သတိထားမိတာက ကိုကိုးကျွန်းမှာရှိတဲ့ ထောင်အာဏာပိုင်တွေဟာ တကယ်ကျတော့ သူတို့လည်းပဲ (ထောင်ပိုင်၊ ထောင်မှူးကြီးကအစ ဝါဒါအထိပါ) ကျနော်တို့လိုပဲ ကျွန်းပို့ခံနေရတဲ့ တကျွန်းစံတွေပဲ။ သူတို့ စားရတာလည်း ကျနော်တို့နဲ့ ဘာမှ မထူးဘူး။ နောက်ပြီး သူတို့မှာ ဘာအာဏာမှ မရှိဘူး။ သူတို့က ဘာမဆို ရန်ကုန်ကို အကုန် အစီရင်ခံပြီးတော့ ဟိုက ခိုင်းတဲ့အတိုင်းလုပ်နေရတာ။ သူတို့ဟာ အဲဒီကျွန်းမှာရှိတဲ့ ရေတပ်ကို အစီရင်ခံနေရတယ်။ ရေတပ်က ရန်ကုန်ကို အစီရင်ခံရတယ်။ ရန်ကုန်က အဆုံးအဖြတ်ပေးတယ်။ အဲဒါကို ကျနော်တို့ သိတယ်။ ဟိုက အဖြေပေးတာကို သူတို့က လာပြီး ပြောရတယ်။ အဲဒီလို ဖြစ်နေတာ။

ကျနော်တို့ဘက်ကလည်း အခြေအနေ တင်းမာလာတာနဲ့အမျှ ခုနက အာဏာပိုင်တွေဘက်က သူတို့ရဲ့ စီမံကိန်းတွေကို သွယ်ဝိုက်တဲ့နည်းတွေနဲ့ ကျနော်တို့အပေါ် ကြေညာပြီးတော့ ခြိမ်းခြောက်လာတာနဲ့အမျှ ကျနော်တို့ဘက်က ဒါတွေကို ပြန်လှန်ဖို့၊ ဒါတွေကိုရိုက်ချိုးဖို့ စဉ်းစားရတယ်။ စဉ်းစားတဲ့အခါကျတော့ စနစ်တကျနဲ့ အစီစဉ်ရှိရှိနဲ့ ထောင်စည်းကမ်းတွေ ချိုးဖောက်တာ လုပ်လာခဲ့တယ်။

ဥပမာဆိုလို့ရှိရင် ကျနော်တို့ကို မသွားရဘူးဆိုတဲ့ Out of Bound ဆိုတဲ့ နေရာတွေကို ကျနော်တို့ သွားတယ်။ မနက်တိုင်း ကျနော်တို့ကို လူစစ်တာ လုပ်တယ်။ နေ့တိုင်း လူစစ်တယ်။ လူစစ်တော့ မနက်မှာ သူတို့က လာစစ်တယ်။ ကျနော်တို့ကို သူတို့လန့်တဲ့အခါကျတော့ ထောင်မှာလို ပုံစံထိုင်ပေးပါလို့ သူတို့ မဆိုရဲဘူး။

အဲဒီတော့ “ကိုယ့်အိပ်ယာပေါ်မှာပဲ အိပ်နေပါ၊ ရပါတယ်။ ကျနော်တို့ လာစစ်ပါ့မယ်” လို့ပြောတယ်။ ဘယ်မှတော့ မသွားပါနဲ့၊ လူစစ်ပြီးမှပဲ အဆောင်ထဲအခန်းထဲက ထွက်ကြပါလို့ သူတို့က အဲလိုပြောတယ်။ ဒါနဲ့ နောက်ကျတော့ ကျနော်တို့က “ဟာ … မီးဖိုကျတဲ့လူက မနက်စာလုပ်ရတဲ့လူက အစောကြီးထရတာ။ ခင်ဗျားတို့လာစစ်တာ စောင့်မနေနိုင်ဘူး” ဆိုပြီး အဲလိုပြောပြီး မီးဖိုမှာသွားနေတယ်။ အဲဒီတော့ သူတို့ မီးဖိုထိ လိုက်စစ်ရတယ်။ အဲလိုဖြစ်လာတယ်။

ဆက်လက်ဖော်ပြပါမယ်။

Friday, December 11, 2009

မှာတမ်း

ငါ သေရင်
ရေ မချိုးပါနဲ့
ပူပင်ခဲ့ရတဲ့ လူ့ဘဝ အခိုးငွေ့တွေ
ငြိမ်းစေမှာ စိုး။

ငါ သေရင်
ရေအိုး မခွဲပါနဲ့
အိုးထိမ်းသည်ရဲ့ လက်ခတ်သံတွေ
ဆိတ်သုဉ်းမှာ စိုး။

ငါ သေရင်
ပန်းအိုး မထိုးပါနဲ့
ပန်းပေါင်း တရာ
ညှိုးပျက်မှာ စိုး။

ငါ သေရင်
ခြေမ ကြိုးမချည်ပါနဲ့
ငါ့ ဝိဉာဉ်တွေ
နာကျင် အကျဉ်းကျမှာ စိုး။ ။

ဗဟိန်းအောင်
စာပေဂျာနယ် အတွဲ ၃၊ အမှတ် ၎
ဒီဇင်ဘာ ၁၉၉၅
သရုပ်ဖော် - မင်းကျော်ခိုင်

Wednesday, December 9, 2009

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၁၄)

တိုက်ပွဲကလေး နိုင်ပွဲကလေးတွေကနေ စတိုက်

တိုက်ပွဲကတော့ စပါပြီဗျာ။ ကျနော်တို့ လူငယ်တွေကို ညှိလိုက်ပါသည်။ ‘ထောင်စည်းကမ်းမှန်သမျှ တိုက်ဖျက်ပစ်’။ တိုက်ပွဲလေးတွေက တကယ်ပဲ စပါပြီ။ မနက် ၅ နာရီထိုး ထောင်မှူးဝါဒါတွေ လူလာစစ်ပြီဆိုလျှင် ကပြာကယာ အိပ်ရာထ အိမ်သာတက်တဲ့သူက တက်၊ သွားတိုက်တဲ့သူက သွားတိုက်၊ မျက်နှာသစ်၊ စားဖိုကြီးဘက် သွားတဲ့သူက သွား၊ ထောင်မှူး ဝါဒါတွေက တာဝန်အရ ပြောရှာကြပါသည်။

“အိပ်ရာမှာ ခဏလေး ထိုင်ပေးကြပါခင်ဗျာ”

ပြောသူက ပြောပေမယ့် ကျနော်တို့တတွေက သဘောနှင့်တွေ့သူများ မဟုတ်ကြသည့်အတွက် လှည်၍မျှပင် မကြည့်ပါ။ နောက်ဆုံးတော့ ထောင်မှူး၊ ဝါဒါတွေ လက်လျှော့လိုက်ရပါသည်။ အိပ်ရာတွေကိုပဲလိုက်စစ်ပြီး တန်းပိတ်လိုက်ရပါသည်။

တိုက်ပွဲလေး နိုင်ပွဲလေးတွေကနေ တစစ တိုက်တော့မှာပါ။ ကျနော်တို့လူငယ်တွေမှာ တက်ကြွလိုက်ကြသည်မှာ ညီလိုက်တာလည်း မပြောနှင့်။ စွန့်လွှတ်မှုမှာလည်း အပြိုင်၊ အနစ်နာခံမှုမှာလည်း အပြိုင်၊ အလုပ်အကျွေးပြုမှုမှာလည်း အပြိုင်၊ လေ့လာမှုမှာလည်း အပြိုင်။

တပတ် ပင်လယ်ရေချိုးရက် ၂ ရက်၊ တသုတ်ကို ၂၀ ယောက်၊ တသုတ်ကို ၂ နာရီကနေ ကျနော်တို့ တိုက်ချလိုက်တာ နောက်ဆုံးတော့ ချိုးချင်သလိုချိုး၊ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်၊ ရေချိုးနယ်မြေ အကန့်အသတ်တွေကိုလည်း တစစီ၊ တခုစီ ချိုးဖျက်ပစ်လိုက်တာ လွတ်လွတ်လပ်လပ် ချိုးလို့ရသွားတယ်။

ရိက္ခာထုတ်ပေးတာကလွဲပြီး ကျန်တာ ကိုယ့်ဟာကိုယ် ချက်ပြုတ်စားရတာဆိုတော့ ထင်းဖြတ်၊ ရေခပ်၊ ထမင်းချက်၊ စိုက်ပျိုးရေး၊ ရိက္ခာထုတ်၊ အပင်ပန်းဆုံးအလုပ်ဖြစ် သည့် ထင်းဖြတ်နှင့် ရိက္ခာထုတ်ကို တောင့်တင်း သန်မာသော လူငယ်တွေက ပင်တိုင်တာဝန်ယူသည်။ ကျနော် မှတ်မိသလောက် ကိုအုန်းမော် (ကျွန်းဖျက်သိမ်းရေး တိုက်ပွဲ ၅၂ ရက်ကြာ အစာငတ်ခံဆန္ဒပြပွဲတွင် ကျဆုံး)၊ ကိုချစ်ဆွေ (ကျွန်းဖျက်သိမ်းရေး တိုက်ပွဲတွင် ကျဆုံး)၊ ကိုမောင်မောင်စိုး (ခ) ကိုလတ် (ကျွန်းဖျက်သိမ်းရေးတိုက်ပွဲတွင် ကျဆုံး)၊ ဘဖူးညွန့် (ကျောင်းသား)၊ ကိုရန်အောင် (အမှုထမ်း)၊ ကိုတေဇ (လေတပ်)၊ ပြီးတော့ ကျနော်ဖြစ်သည်။ နောက်ထပ် အဆစ်တယောက်ကတော့ ဗလမတောင့်ပေမယ့် ကျနော်တို့လူငယ်တွေနဲ့ နေအတူ၊ သွားအတူ၊ အလုပ်အတူ၊ စားအတူ၊ အမြဲတမ်းတွဲနေတာကတော့ စာရေးဆရာကြီး ဦးမြသန်းတင့် ဖြစ်ပါသည်။

ထင်းဖြတ်ပြီး ထောင်ကပေးသည့် နွားလှည်းနှင့် ဝင်းထဲသို့ တိုက်ရပါသည်။ ဝင်းအပေါက်နှင့်ဆိုလျှင် ကိုက် ၁၀၀ နီးပါးဝေးသည်။ ထမ်းရ ပြုရ ပင်ပန်းသည်။ ဝင်းဘေး ခြံစည်းရိုးအတိုင်းမောင်းသွားပြီး မီးဖိုဘေးနားက သွင်းလိုက်လျှင် ၁၅ ကိုက်ခန့်သာ ဝေးသည်။ ကျနော်တို့က မီးဖိုဘေးနားအထိမောင်းပြီး လှည်းကို ရပ်၊ အကာအရံ သံဆူးကြိုး ၂ ထပ်ကိုရိုက်ဖွင့်၊ ထင်းပေါက်ခြမ်းကြီးတွေ ပစ်သွင်း၊ ဘယ်လောက်သက်သာသလဲ။ ဝါဒါတွေက တားသည်။ မရ။ ထင်းသွင်းပြီးရင် ဝါဒါတွေက ပြုတ်သွားသည့် သံဆူးကြိုးကို ပြန်ချိတ်၊ ပြန်ရိုက်။ ကျနော်တို့က ထင်းသွင်းရင် တခါ သံဆူးကြိုးကို ပြန်ရိုက်ဖွင့်၊ ပြီးရင် ဝါဒါ တွေက ပြန်ပိတ်၊ ၁၀ ခါလောက်ရှိတဲ့ အခါကျတော့ ထောင်အာဏာပိုင်တွေက မီးဖိုဘေးနားက ထင်းသွင်းဖို့ တရားဝင် တံခါးပေါက်တပေါက် ဖောက်ပေးလိုက်ရပါသည်။

ဆန်ထုတ်သည့်နေ့ကျလျှင်လည်း ဆန်ဂိုထောင်နှင့် မီးဖိုမှာ ကိုက် ၁၀၀ ကျော် ဝေးပါသည်။ ဟိုစဉ်အခါက ဆန်အိတ်မှာ ပေါင် ၁၆၀ အိတ်(နှစ်တင်း တစိတ်)ရှိပါသည်။ ဆန်အိတ်ကို ထမ်းလာပြီးနောက် ဝင်းထဲကိုရောက်လျှင် ရိက္ခာထောင်မှူး မျက်ကွယ်သွားတာနဲ့ ပုခုံးပေါ်က ပစ်ချလိုက်တော့တာပဲ။ ဆန်အိတ်က ကွဲသွားပါလေရော။ နောက်လူက ကွဲနေသည့် ဆန်အိတ်ပေါ် ဆက်တိုက် လေးငါးယောက် တက်နင်းသွားတော့ ဆန်တွေ ပြဲပျားကုန်တာပေါ့။ ထောင်မှူးကို ပြန်ပြောလိုက်သည်။

“ထောင်မှူးရေ၊ ခင်ဗျားဆန်အိတ်ကြီးက မနိုင်မနင်းနဲ့ဗျာ၊ ပုခုံးပေါ်က ပြုတ်ကျပြီး အစားပြန်ထုတ်ပးပါ”

ထောင်မှူးက လိုက်ကြည့်သည်။ ပြဲလျားစင်နေသော ဆန်အဖွေးသားကို မသက်မသာကြည့်ပြီး နောက်ထပ်တကြိမ် ထုတ်ပေးလိုက်ရသည်။

ကျနော်တို့တိုက်ပွဲက တဆင့်တိုးလိုက်ပြီလေ။ (ရန်သူ့ပစ္စည်းမှန်သမျှ အကုန်ဖျက်ဆီးပစ်)

ကျနော်တို့လူငယ်တသိုက်မှာ မနက်ဖက် ထင်းဖြတ်ထွက်ပါသည်။ မနက်ဖက်ကျွေးသည့် ဆန်ပြုတ်အပိုကို လက်လုပ်ဆွဲပုံးနှင့်တပုံး ဆွဲလာသည်။ ဆန်ပြုတ်မှာ အုန်းသီး၊ နို့ဆီ၊ သကြားနှင့် အာဟာရပြည့်ပါသည်။ ကျနော်တို့လှဲသောထင်းမှာ ကနစို ထင်းကဲ့သို့ အသားနီသည့်အတွက် သစ်နီသားလို့ ကိုယ့်ဟာကိုယ် နာမည်ပေးပါသည်။ ထင်းဖြတ် ထင်းခွဲပြီး ၉ နာရီကျော် လောက်ကျရင် အနားယူ ဆန်ပြုတ် သောက်လေ့ရှိပါသည်။ ဤလိုနားသည့်အခါမျိုးတွင် ဆရာဦးမြသန်းတင့်က ကျနော်တို့ လူငယ်တွေကို ဗဟုသုတဖြစ်ဖွယ်ရာ ပြောပြတတ်ပါသည်။

တခါတော့ ဦးမြသန်းတင့်က ခါးလောက်မြင့်သည့် အနီးရှိ အုန်းပင်ပျိုကို လက်ညှိုးထိုးပြီး “အုန်းပင်ရဲ့ဇက်မှာ အုန်းခေါင်းလို့ခေါ်တဲ့ အုန်းအနုသား ရှိတယ်။ အဲဒါဟာ အင်မတန် အရသာရှိတာ၊ ဟာဝိုင်အီကျွန်း ဟိုနိုလူလူ မှာဆိုရင် ဖိုက်စတား ဟိုတယ်မှာမှ ရှိတာ။ တကယ့် မီလျှံနာတွေမှ စားနိုင်တယ်။ ဈေးသိပ်ကြီးတယ် မဟုတ်လား”

ဘာရမလဲ၊ ကျနော်တို့လူငယ်တွေက ခြေမြန်လက်မြန်သမားတွေ ပေါက်ဆိန်နှင့် ဆက်တိုက် ကပ္ပိလိုက်တာ အုန်းနုသားကို ရပါသည်။

“စားကြကွာ၊ စားကြ ဖိုက်စတားဟိုတယ်က မီလျှံနာမှစားနိုင်တဲ့ အစာ။ တို့က ပိုက်ဆံတပြားမှ မကုန်ဘူး၊ စားသာ စား” ရဲဘော်တယောက်က လောကွတ်ပျူငှာနှင့် လိုက်ကျွေးသည်။

ဦးမြသန်းတင့်ပြောတာ တကယ်မှန်ပါသည်။ ချိုဆိမ့်ပြီး အေးသည်။ အရသာအလွန်ရှိပါသည်။ ထိုနေ့မှစ၍ ဦးမြသန်းတင့် ပညာပေးမှုကြောင့် ဖိုက်စတားက မီလျှံနာစာကြီးကို စားသောက်ပစ်လိုက်တာ အုန်းပင်ပျို ၃၀၀ ကျော်လောက် ချောမည် ထင်ပါသည်။ တခါတရံ ထင်းဖြတ်ပြီးနားချိန်တွင် ဆရာမြသန်းတင့်က ဗဟုသုတ ဖြစ်ဖွယ်ရာ ကျနော်တို့လူငယ်တွေကို ပြောပြတတ်ပါသည်။

တော်လှန်တဲ့ဘဝဆိုတာ

ယင်အန်းကိုရောက်လာကြတဲ့ တရုတ်ခေတ်ပညာတတ် ကျောင်းသားလူငယ်တွေကို ဥက္ကဋ္ဌမော်က ကွန်မြူနစ်ဝါဒဆိုတာ တောင်တက်တာရယ်၊ မြက်ဖိနပ်စီးတာရယ်၊ မြင်းစားဂျုံစားတာရယ်၊ အဲဒါ ကွန်မြူနစ်ဝါဒပဲ လို့ သြဝါဒပေးပါတယ်။

အဲဒီစကား ၃ ခွန်းရဲ့အဓိပ္ပာယ်ကို ဦးမြသန်းတင့်က ကျနော်တို့လူငယ်တွေကို အနုဋိကာ ထပ်ဖွင့်ပြပါတယ်။

“တောင်တက်တာလည်း အင်မတန် ပင်ပန်းပြီး မောတယ်မဟုတ်လား၊ မြက်ဖိနပ်စီးတာလည်း အလွန် ကြမ်းတယ် မဟုတ်လား။ မြင်းစားဂျုံစားတယ်ဆိုတာလည်း စားသောက်ရတာ အရသာနည်းပြီး ကြမ်းတယ် မဟုတ်လား၊ ဥက္ကဋ္ဌမော်က တင်စားပြီး ဆိုလိုတာပါ။ ကွန်မြူနစ်ကောင်းတယောက်ဖြစ်ချင်ရင် ခက်ခဲပင်ပန်း ဆင်းရဲတဲ့ တိုက်ပွဲတွေကို ဖြတ်ရမယ်၊ မိုးသက်မုန်တိုင်းထဲမှာ ဖြတ်သန်းရမယ်၊ ဒါမှ ကွန်မြူနစ်ကောင်း တယောက်ဖြစ်ပြီး ပြည်သူကို အလုပ်အကျွေးပြုနိုင်မယ်။ တရုတ်ပြည်အရပ်ဒေသအသီးသီးက ရောက်လာတဲ့ တရုတ်ခေတ်ပညာတတ်လူငယ်တွေဟာ ကမ္ဘာကြီးနှစ်ခုကို ဖြတ်သန်း လာကြရတာဖြစ်တယ်။ ချန်ကေရှိတ် အုပ်စိုးတဲ့ ဒေသဟာ အမှောင်ဒေသဖြစ်တယ်။ ပုပ်သိုးဆွေးမြေ့ပြီး ဖောက်ပြန်ပျက်စီးနေတဲ့ လူ့အဖွဲ့အစည်း ဖြစ်တယ်။ ယင်အန်းကိုရောက်လာကြတဲ့ တရုတ်ခေတ်ပညာတတ်လူငယ်တွေဟာ ကမ္ဘာသစ်ကို ရောက်လာကြတာ ဖြစ်တယ်။ တိုးတက်ထွန်းလင်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်တယ်။ မိမိတို့ရဲ့အတွေးအခေါ်တွေကို လှည့်ပြောင်းရမယ်။ အလုပ်သမား၊ လယ်သမားတွေ အမှတ် ၄ တပ်နီတော်သားတွေရဲ့ဘဝကို လေ့လာရမယ်၊ ဒါကို ဆိုလိုတာပဲ”

တနေ့တွင် ကျောင်းသားလေး မောင်မြင့်သိန်း အုန်းပင်တက်ရင်း လက်အံသေပြီး ပြုတ်ကျရာ လက်ကျိုးသွားပြီး ပြည်မသို့ ပြန်ပို့လိုက်ရပါတယ်။ ထိုနေ့မှစ၍ အုန်းသီး အုန်းရည် စားချင်သောက်ချင်ရင် ကျနော်တို့ အုန်းပင် မတတ်တော့ပါ။ အုန်းပင် ခြေရင်းက လွှနှင့်တိုက်ပြီး လှဲပစ်ပါသည်။ ပြီးတော့မှ အုန်းသား အုန်းရည် သောက်စားပါသည်။ အုန်းတပင်က အုန်းသီး၊ တယောက်နှစ်ယောက် ဘယ်လိုလုပ်စားကုန်မလဲ။ ပူစရာမလိုပါ။ လူကြီးပိုင်းတွေက လမ်းလျှောက်ရင်း သူတို့ သောက်ဖို့ စားဖို့ အဆင်သင့်ပါပဲ။

မီလျှံနာကြီးတွေစားတဲ့ အုန်းပင်မျိုးရော၊ လူတကာစားတဲ့ အုန်းပင်အိုတွေရော ကျနော်တို့ စားပစ်လိုက်တယ်ပဲ ပြောပြော၊ ကျနော်တို့လက်ချက်နဲ့ အုန်းပင် ၅၀၀ ကျော်လောက် ရှင်းသွားပါသည်။ ထောင်အာဏာပိုင်တွေကတော့ ရင်ထုပါသည်။

လူမနေတဲ့ ၅၈ ခုနှစ်က အဆောက်အဦးလွတ်တွေ ရှိပါသည်။ ပျဉ်တွေခွာ၊ သွပ်တွေခွာ၊ ဝိုင်ယာမီးကြိုးတွေဖြုတ်၊ ပျဉ်တွေကို စားပွဲ ကုလားထိုင်တွေလုပ်၊ သွပ်ပြားတွေ ပြန်ဖြန့် ပုံးတွေ၊ အိုးတွေ၊ ခွက်တွေရိုက်၊ ဘာမှ လုပ်စရာမရှိတဲ့အဆုံးကျရင် ပျဉ်တွေကို မီးဆိုက်ပစ်လိုက်ပါသည်။

ကျနော်တို့လူငယ်တွေက ပေါ်လစီနှင့် သဘောထားနှင့် တမင်တကာလုပ်နေတာ။ (ရန်သူ့ပစ္စည်းမှန်သမျှ အကုန်ဖျက်ဆီး ပစ်ရေး ပေါ်လစီလေ)။

ပင်လယ်ရေ ချိုးရာမှာလည်း လွတ်လွတ်လပ်လပ် ကျနော်တို့လက်ထဲရောက်လာပြီ မဟုတ်လား။ ပင်လယ်ရေစစ်တဲ့အချိန်မှာ အိုနာဆစ် သင်္ဘောကြီးပေါ်ကို တွဲလောင်းကျနေတဲ့ သံမဏိကြိုးတွေကနေ တွယ်တက်တော့တာပဲ။ သင်္ဘောကြီးအရှည်ကလည်း ပေ ၃၀၀ ကျော်ခန့်ရှိမည်ထင်သည်။ မီးလောင်ထားတော့ နီကျင့်ကျင့်နဲ့ တိုက်အို တိုက်ပျက်ကြီးနဲ့ အလွန်တူပါသည်။

သင်္ဘောပျက်ကြီးရဲ့ ကုန်းပတ်ပေါ်မှာ ခုန်ပေါက်ပြေးလွှားရတာ စိတ်လွတ်ကိုယ်လွတ်နဲ့ ပျော်စရာအတော် ကောင်းပါသည်။ တခါတလေလည်း သင်္ဘောဝမ်းခေါင်းထဲဆင်းပြီး အသုံးဝင်မယ်ထင်တဲ့ပစ္စည်းတွေ လိုက်ရှာပါသည်။ သင်္ဘောဝမ်း ခေါင်းထဲမှာဝင်နေသည့် ပင်လယ်ရေနှင့် စက်ချေးဆီတွေက ရောနေသည်။ မမြင်ဘူးတဲ့ ဧရာမ သင်္ဘောအင်ဂျင်စက်ကြီးတွေ၊ စက်အမျိုးမျိုးတွေထဲ လျှောက်သွားရတာ စက်ရုံတခုထဲကို ရောက်နေသလိုပါပဲ။ ပြီးတော့ ဧရာမ ကုန်လှောင်ရုံခန်းတွေကို မြင်ရ တွေ့ရတာ အထူးအဆန်းကြီးပါပဲ။

ဆက်လက်ဖော်ပြပါမည်။

ကျောင်းသား ထောင် တော်လှန်ရေးသမား (၂၄)

နံပါတ် ၁ က … ရဲနီတင်ငြိမ်းအလောင်း ပြည်မ ပြန်ပို့ပေးရေး။ နံပါတ် ၂ က … နာတာရှည်ရောဂါသည် ဒါမှမဟုတ်ရင် ကျွန်းမှာ ကုလို့မရတဲ့ ရောဂါသည်တွေကို ပြည်မ ပြန်ပို့ပေးရေး။ နံပါတ် ၃ က … ကျနော်တို့ကို စည်သွတ်ဗူးပေးမယ့်အစား အသားစိုပေးရေး။ နံပါတ် ၄ က … တရားဝင်ထုတ်ဝေတဲ့ စာနယ်ဇင်းတွေ ဖတ်ခွင့်ရရှိရေး။ နံပါတ် ၅ က … ကိုယ့်အိမ်နဲ့ စာရေး ဆက်သွယ်ခွင့်ရရေး။

ဒီအချက် ၅ ချက်တင်ပြီးတော့ အစာငတ်ခံတိုက်ပွဲဝင်ကြဖို့ အားလုံး သဘောတူကြတယ်။ ဖိုတွေ အားလုံးလည်း သဘောတူတယ်။ အဲဒီတော့ ကျနော်တို့ အသုတ် ၃ သုတ်ခွဲဝင်တယ်။ ပထမအသုတ်ကဝင်ပြီး နောက်တပတ်အကြာမှာ ဒုတိယအသုတ်က ဝင်တယ်။ နောက်တတိယ အသုတ်က နောက်တပတ်ခြားပြီးတော့ ထပ်ဝင်တယ်။

ကျနော်တို့ အခုတိုက်ပွဲမှာတင်တဲ့ တောင်းဆိုချက်တွေက ဘာမှ မထူးဆန်းဘူး။ သာမန်လူ့အခွင့်အရေး၊ သာမန်ထောင်သား အခွင့်အရေးတွေ။ တချိန်ကဆိုရင်ဘာမှ တောင်းနေစရာမလိုတဲ့ ကိစ္စတွေ၊ ကျနော်တို့ကို ကျွန်းမပို့ခင် ပြည်မမှာတုန်းကတောင်မှ ထောင်ထဲမှာ သာမန်ခံစားခွင့်ရှိတဲ့ အခွင့်အရေးတွေဖြစ်တယ်။ ဒီ စစ်အစိုးရလက်ထက်မှာကို ခံစားခွင့်ရှိတဲ့ အခွင့်အရေးတွေဖြစ်တယ်။ အဲဒါတွေကို ကျနော်တို့ တောင်းတာ။

ဒါပေမယ့် အခုကျတော့ ဒီ သာမန်အခွင့်အရေးတွေဟာ အင်မတန်ကို အုံကြွတဲ့ပြဿနာကြီးတွေ ဖြစ်နေပြီ။ သူတို့ဘက်က မပေးနိုင်တဲ့ဟာကြီးတွေ ဖြစ်နေတာ။ အဲဒါကြောင့်မို့ ဒီတိုက်ပွဲဟာ ငါးပိတိုက်ပွဲလို လွယ်လွယ်လေးနဲ့ မဖြစ်နိုင်ဘူး။ ခက်ခဲမယ်လို့ ကျနော်တို့ဘက်က တွက်ထားတယ်။ ကျနော်တို့အနေနဲ့ ဒီတိုက်ပွဲမှာ တန်ဖိုးပေးရင် ပေးရလိမ့်မယ်လို့ တွက်ထားတယ်။ တန်ဖိုးဆိုတာက အသက်တင်မကဘူး။ ကျန်းမာရေး ထိခိုက်တာတွေရော အပါအဝင် ပေးရနိုင်စရာရှိတယ်လို့ တွက်ထားတယ်။ တွက်ထားပြီးတော့ ဒီတိုက်ပွဲကို ကျနော်တို့ လေးလေးနက်နက်နဲ့ ပြင်ပြင်ဆင်ဆင်နဲ့ တိုက်ပွဲဝင်တာ။

အဲဒီလို တိုက်ပွဲဝင်တယ်ဆိုတော့ ကျနော်တို့ဘက်က စောစောကပြောသလို ခေါင်းဆောင်တွေ ထိပ်က ဝင်တိုက်တာပဲ။ ဒီတိုက်ပွဲမှာ ဗန်းမော်ဦးတင်အောင်၊ ဦးလေး ဦးမြသန်းတင့် … စတဲ့သူတွေ ပထမအသုတ်က ထွက်တာပဲ။ ဒါကို ကြည့်လိုက်ရင် ကျနော်တို့ဘက်က ဝှက်ဖဲမထားဘူး။ အပြတ်တိုက်မယ်။ ရင်စီးပြီး တိုက်မယ်။ အသဲချင်းပေါက်တိုက်မယ်ဆိုတာ ဆုံးဖြတ်ပြီးသားဆိုတဲ့ အဓိပ္ပာယ်ပဲ။

ကျနော်ကိုယ်တိုင်က ဒုတိယအသုတ်မှာ ပါတယ်။ ဒီတိုက်ပွဲဟာ ‘ရက် ၄ဝ တိုက်ပွဲ’ လို့ ခေါ်တယ်၊ ရက် ၄ဝ ကြာလို့။ ကျနော်ကတော့ ၃၃ ရက် အစာငတ်ခံခဲ့ရတယ်။ ကျနော်တို့ ကိုကိုးကျွန်းမှာ အစာငတ်ခံပြီဆိုတာက တခြားနိုင်ငံတွေနဲ့ မတူဘူး။ ဘာဆို ဘာမှမစားတာ။ ရေသောက်တာကလွဲပြီး ဘာမှကို ပါးစပ်ထဲ မထည့်တာ။ ရေထဲမှာ ဆားမပါအောင်တော့ သတိထားတယ်။ အာဏာပိုင်ကနေပြီးတော့ ခိုးပြီးတော့ ညာပြီးတော့ ဂလူးကိုစ့် ကျွေးမှာ၊ ခုနက ဆားကျွေးမှာ တခုစီပေါ့။ အမြဲတမ်း သတိထားနေရတာ။ ဒါကြောင့်မို့ ကျနော်တို့ တိုက်ပွဲဝင်တယ်ဆိုလို့ရှိရင် ထောင်အာဏာပိုင်တွေကို အကြောင်းကြားတယ်။

တခုက ကျနော်တို့ မနက်အစောကြီးမှာ ထောင်ပေါက်ဝသွားပြီး အားလုံးစုပြီးတော့ ကြွေးကြော်သံတွေ တိုင်တယ်။ ပြီးရင် ထောင်အာဏာပိုင်တွေဆီက ဆရာဝန် လာစစ်ဆေးတယ်။ ဆရာဝန်က နေ့တိုင်းအလေးချိန် စစ်မယ်၊ သွေးပေါင်ချိန် စစ်တယ်။ ပြီးရင် သူ့အထက် သူ အစီရင်ခံတယ်။ ကျနော်တို့က သူတို့ကို စစ်စေတဲ့ အကြောင်းအရင်းက ကျနော်တို့လူတွေ မစားဘူး မလိမ်ဘူးဆိုတာပြတာ။

နောက်တခုကလည်း ကျနော်တို့က သူတို့ကို ဒီသေခြင်းတရားနဲ့ ခြိမ်းခြောက်တာဆိုတော့ ကျနော်တို့လူတွေရဲ့အခြေအနေက ဘယ်အခြေအနေက ရောက်နေပြီဆိုတာ သူတို့ အမြဲတမ်းသိအောင်လုပ်တာ။ နေ့တိုင်းပဲ သူတို့လာစစ်တယ်။ သူတို့ မနက်တိုင်း လာပြီးစစ်ရတယ်။

ဒီလိုနဲ့ တတိယသုတ် တိုက်ပွဲဝင်ပြီးတော့ ဘာမှမကြာတဲ့တနေ့မှာ (ကျနော်ထင်တယ် တတိယသုတ် တိုက်ပွဲဝင်ပြီး နောက်တနေ့ပဲ ထင်တယ်။) ထောင်အာဏာပိုင်တွေဟာ ခုနက ကိုတင်ငြိမ်းအလောင်းကို လာလုတယ်။ ကျနော် အထက်က ပြောခဲ့သလိုပဲ ဒီမှာ အကြမ်းဖက်တဲ့လက်နက် ဘယ်သူမှ မသုံးရဲဘူး။ သူတို့ မသုံးရဲဘူး။ သူတို့မှာ သေနတ်တွေ ရှိတယ်။ မသုံးရဲဘူး။ ကျနော်တို့ကို သတ်လို့မဖြစ်ဘူး။

နောက်ပြီး ကျနော်တို့နဲ့ ရိုက်လားပုတ်လား အဲဒီလောက်ထိကို သူတို့ မလုပ်နိုင်ဘူး။ ဘာပြုလို့ဆို ကျနော်တို့ဘက်ကသာ သူတို့ကို သတ်ချင်သတ်မယ်။ သူတို့က ကျနော်တို့ကို သတ်ခွင့်မရှိဘူး။ အဲလို ဖြစ်နေတယ်။ အဲလို အခြေအနေမှာ သူတို့ ဘယ်လိုလုလဲဆိုတော့ အလောင်းကို သံဆူးကြိုးအပြင်ကနေပြီးတော့ ကြိုးနဲ့ လှမ်းပတ်တယ်။ ကြိုးနဲ့ပတ်ပြီး ဆွဲထုတ်တာပဲ။ အဲဒီတော့ ကျနော်တို့က ပြန်ဆွဲ။ သူတို့က အပြင်ဆွဲ၊ ကျနော်တို့က အထဲ ဆွဲ။

အဲဒါ တနေကုန်ဆွဲကြတာ။ အဲဒါ ကျနော်တို့အထဲက အားကောင်းမောင်းသန်ဆိုတဲ့ ဟာတွေက ခုနက တိုက်ပွဲဝင်တဲ့ထဲ ရောက်နေတယ်။ တိုက်ပွဲဝင်တဲ့ ၃ သုတ်ဟာ လူ ၇ဝ ကျော်။ အဲဒီထဲမှာ အားကောင်းမောင်းသန်တွေ ပါသွားတယ်။ အပြင်မှာက ပြုစုဖို့ချန်ထားတဲ့လူ၊ နောက်ပြီးကျတော့ ကျန်းမာရေး မကောင်းတဲ့လူ၊ အသက်အရမ်းကြီးတဲ့လူ ဒါပဲ ကျန်တယ်။

အဲဒီတော့ သူတို့နဲ့ပြိုင်လုရတာ အတော့်ကို ခက်တယ်။ သူတို့ကို အာဏာပိုင်တွေက ပြောလိုက်တာ။ “လု”တဲ့ …။ “အောက်ခြေဝါဒါတွေ အဲဒီအလောင်းကို ရအောင်မလုနိုင်ရင် မင်းတို့ ပြည်မ ပြန်ခွင့်မပြုဘူး” အဲလိုကိုပြောတာ။ ပြီးတော့ အရက်တိုက်တယ်။ အရက်ကိုးမောင်းတိုက်ပြီး လုတာပဲ။ အဲဒါ တနေကုန်နီးပါးလုပြီး နောက်ဆုံးကျတော့ ကျနော်တို့ သူတို့ကို ပြိုင်မလုနိုင်တော့ဘူး။ ဘာလို့တုန်းဆိုတော့ အားလည်း မရှိတော့ဘူး။ အကုန်လုံး ပက်လက်တွေလန်၊ သဲပေါ်မှာ ပက်လက်တွေလန်ပြီး လဲနေကြတာ။ အလောင်းပါသွားတယ်။

သူတို့က အဲဒီအလောင်းကို ကျနော်တို့မြင်အောင်ပဲ (အလောင်းကြီးကိုတော့ မမြင်ရဘူး။) ဒါပေမယ့် ကျနော်တို့နဲ့ မလှမ်းမကမ်းမှာ မီးရှို့တာ။ မီးခိုးလုံးတွေ တက်လာတယ်။ ကျနော်တို့ စခန်းထဲက လှမ်းမြင်ရတာ။ တမင် ကျနော်တို့ မြင်အောင် လုပ်တယ်လို့ပဲ၊ စော်ကားတယ်လို့ပဲ ကျနော်တို့က အဲလိုပဲယူဆတယ်။ ဒီထက် ဝေးဝေးသွားပြီး ကျနော်တို့ မမြင်ရတဲ့နေရာမှာ မီးရှို့ရင် ရတဲ့ဟာပဲ။

အဲဒီတော့ တိုက်ပွဲထဲက ခုနက တောင်းဆိုတဲ့ ၅ ချက်ထဲမှာ ပထမတောင်းဆိုချက်ကတော့ အရာမမြောက်တော့ဘူး။ ကျန်တဲ့ တောင်းဆိုချက်တွေကို ကျနော်တို့ အလျော့မပေးဘဲ ဆက်ပြီး တောင်းတယ်။ ဒါကြောင့်မို့ ဆက်တိုက်တဲ့အခါကျတော့ နောက်ဆုံးကျတော့ အာဏာပိုင်တွေဟာ သဘောတူလိုက်ရတယ်။ အရက် ၄ဝ ပြည့်တဲ့နေ့မှာ ဒီတိုက်ပွဲ ပြီးဆုံးသွားခဲ့တယ်။

ဆက်လက်ဖော်ပြပါမယ်။

Tuesday, December 8, 2009

ဘဝညီမျှခြင်း အပြုအမူ

“A Life spend worthily should be deeds, not years.”

“လူ့ဘဝကို တန်ဖိုးရှိစွာအသုံးချမှုမှာ အပြုအမူများနှင့်သာ တိုင်းတာသင့်ပေသည်။ အသက်အရွယ်နှင့် မဟုတ်ချေ”

တခါတုန်းက ရန်ကုန်မြို့ အနောက်တိုင်းသံတမန်တဦးရဲ့နေအိမ်မှာ ကျင်းပတဲ့ ညစာစားပွဲတက်ရောက်ဖို့ ကျနော့်ကို ဂုဏ်သရေရှိ လူကြီးလူကောင်းတယောက်လို ဖိတ်ကြားခံရဖူးပါတယ်။ ဘာဂုဏ်၊ ဘာသရေမှ မည်မည်ရရမရှိတဲ့ ကျနော့်အတွက်တော့ အဲဒီပွဲဟာ မရောက်ဖူးတဲ့ အရပ်ဒေသတခုကို လေ့လာရေးခရီး ထွက်ရသလို၊ စွန့်စားခန်းတခုကို လုပ်ဆောင်ရသလိုမျိုး ဖြစ်နေပါတယ်။

ကျနော်သွားရမယ့်နေရာဟာ ကိုယ့်မြေပေါ်မှာဖြစ်ပေမယ့် တခါမှ ထိတွေ့မှုမရှိတဲ့ အဝန်းအဝိုင်း ဖြစ်နေပါတယ်။ ကိုယ်နဲ့ ထိတွေ့မှုမရှိဖူးတဲ့ အဲဒီဝန်းကျင်ကို ဘယ်လိုဝင်ရောက်ရပါ့ဆိုတဲ့စိတ်က ကျနော့်ကို တော်တော် ဖိစီးစေခဲ့ပါတယ်။ စိတ်ထဲမှာတော့ အနောက်တိုင်း၊ အရှေ့တိုင်း၊ ဘာသာစကား၊ အဝန်းအဝိုင်း စတဲ့ အကြောင်းအရာပေါင်းများစွာက မေးခွန်းပေါင်းများစွာကို ထုတ်နေပါတော့တယ်။

ကျနော်စိုးရိမ်မိတဲ့အဓိကအချက်ကတော့ အပြုအမူဆိုတဲ့ ကိစ္စရပ်ပါပဲ။ တကယ်လို့ ကျနော့်ရဲ့ အပြုအမူက တစုံတရာ ဆိုးရွားသွားမယ်၊ မှားယွင်းသွားမယ်ဆိုရင် ကျနော်ဆိုတဲ့လူတယောက်တည်းကိုသာမကဘဲ ကျနော်တို့ လူမျိုး၊ ကျနော်တို့ နိုင်ငံ အဲဒီအထိ ထိခိုက်သွားနိုင်တယ်ဆိုတဲ့ အဆုံးစွန်ထိ တွေးမိလို့ဖြစ်ပါတယ်။ သိပ်ပြီးခက်တဲ့ ဝင်ခွင့်စာမေးပွဲတခုကို ဝင်ဖြေမယ့် ကျောင်းသားတယောက်လိုပေါ့။ ကံကောင်းချင်တော့ အဲဒီစာမေးပွဲကို ကျနော် ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အဲဒီတော့မှပဲ သက်ပြင်း သက်မ ချနိုင်ပါတော့တယ်။

ပီယာနိုသံ ခပ်ညင်းညင်းနဲ့ မီးရောင်စုံအောက်က မြက်ခင်းပြင်ပေါ်မှာ ပြုလုပ်တဲ့ အဲဒီပွဲကို မြန်မာတွေ တော်တော်များများ ဖိတ်ထားတယ်ဆိုတာ ရောက်သွားမှ သိရပါတယ်။ ဒါပေမယ့်လည်း ဝမ်းမသာရဲသေးပါ။ ကျနော့်မှာ ရောက်နှင့်ပြီးသား လူတွေရဲ့ အနေအထိုင်တွေကိုကြည့်ပြီး အလိုက်သင့် ပြုမူနေရတာပေါ့။ အဲဒီပွဲမှာ ဘီယာ၊ ဝိုင်၊ ရှမ်ပိန်၊ ဝီစကီ စတဲ့ ယမကာမျိုးစုံကို ကောင်တာမှာ ကြိုက်သလောက် သွားယူသောက်နိုင်သလို ဘန်းကလေးထဲထည့်ပြီး လှည့်လည်နေတဲ့ ဝန်ထမ်းများထံကလည်း ရနိုင်အောင် စီစဉ်ပေးထားပါတယ်။

ရောက်လာသူတွေအားလုံးကလည်း ကိုယ်နှစ်သက်ရာ ယမကာတွေကို သောက်ကြတာပေါ့။ ဒါပေမယ့် ထူးခြားတယ်လို့ပဲ ပြောရမလားမဆိုနိုင်ပါ၊ အဲဒီပွဲမှာ ဘယ်သူမှ အမူးလွန်ပြီး ပြုတ်ကျ လဲကျသွားတာတို့၊ ဝရုန်းသုန်းကား ဖြစ်သွားတာတို့ မရှိကြပါဘူး။ အားလုံးက ဒီလို ထိန်းသိမ်းတဲ့ အလေ့အထရှိပြီးသား လူတွေချည်းပဲလားဆိုတာတော့ ကျနော် အသေအချာ မသိပါ။

အပြုအမူဆိုတာ ကျနော်တို့ရဲ့ ဘဝမှာ ကိုယ်ကိုယ်တိုင်က အမြဲတမ်းလုပ်ဆောင်နေမယ့် အရာဖြစ်သလို တပါးသူရဲ့ လုပ်ဆောင်မှုတွေကိုလည်း ကြုံတွေ့နေရမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အပြုအမူတွေကတော့ အများကြီးပါ။ ကောင်းတဲ့ အပြုအမူရော၊ ဆိုးရွားတဲ့ အပြုအမူတွေရော စုံလို့ပေါ့။ ဒါတင်မက ကိုယ့်အပေါ်သာ တိုက်ရိုက်သက်ရောက်စေတဲ့ အပြုအမူရော တပါးသူတွေအပေါ်ပါ သက်ရောက်စေတဲ့ အပြုအမူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆိုးရွားတဲ့ အပြုအမူဆိုတာ မကောင်းပါ။ ကျနော်တို့က ဂရုတစိုက် ထိန်းသိမ်းရမှာသာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ မကြာသေးခင်က ကြည့်လိုက်ရတဲ့ “တဦးက စေတနာ၊ တဦးက မေတ္တာ” ဆိုတဲ့ ရုပ်ရှင်ကားထဲက စကားလေးတခွန်းကို သတိရမိပါတယ်။ အဲဒီကားထဲမှာ ကျောင်းဆရာအဖြစ် သရုပ်ဆောင်တဲ့ ကောလိပ်ဂျင်နေဝင်းက အရက်တွေ အဆမတန်သောက်၊ ကျောင်းဆရာအဖြစ်ကနေ အရက်သမားဘဝ ရောက်သွားပြီးတော့မှ အရက်ဖြတ်ဖို့ ဆုံးဖြတ်ပါတယ်။

ဒီအခါ သူက “အရင်တုန်းကတော့ ကိုယ့်လုပ်ရပ်က ကိုယ်တယောက်တည်းကိုပဲ ထိခိုက်တယ်လို့ ထင်ခဲ့မိတယ်။ တကယ်ကျတော့ သူများတွေကိုပါ ထိခိုက်တာပဲ။ ကိုယ် အလုပ်အကျွေးပြုနိုင်တဲ့ အသိုင်းအဝိုင်းတခုကို အလုပ်အကျွေး မပြုနိုင်ဘူးဖြစ်သွားတယ်”လို့ ဆိုပါတယ်။

ဒီတော့ ကိုယ့်အပြုအမူတွေက ကိုယ်တင်မက တခြားသူတွေကိုပါ ထိခိုက်နိုင်တယ်ဆိုတာတွေကို ကျနော်တို့အနေနဲ့ သတိပြုနေကြရင် မကောင်းဘူးလား။

လူဆိုတာ လွတ်လပ်မှုကိုရှာဖွေချင်တဲ့ သတ္တဝါဖြစ်သလို အနှောင်အဖွဲ့ပေါင်းများစွာနဲ့ တုပ်နှောင်ခြင်းခံထားရတဲ့ သတ္တဝါလည်း ဖြစ်ပါတယ်။ ယဉ်ကျေးမှု၊ လူ့ကျင့်ဝတ်၊ ဆင်ခြင်တုံတရား စတဲ့အရာတွေက ကျနော်တို့ကို တုပ်နှောင်ထားတဲ့ ကြိုးတွေပဲ မဟုတ်ပါလား။ အဲဒီ နှောင်ကြိုးတွေဟာ အရွယ်၊ နေရာဌာန၊ တာဝန် အစရှိတဲ့ သတ်မှတ်ချက်တွေပေါ်မှာလိုက်ပြီး တယောက်နဲ့တယောက် ကွာဟချက်တွေ ရှိနိုင်ပါသေးတယ်။

ဥပမာအားဖြင့် ကလေးတယောက်က သူ့စိတ်ထဲမှာရှိတဲ့အတိုင်း ပြောမယ်၊ သူလုပ်ချင်ရာလုပ်မယ်ဆိုတာက ဖြစ်နိုင်ပေမယ့် လူကြီးတယောက်အဖို့တော့ ဒီလိုလုပ်ဆောင်ဖို့ အခွင့်အရေး ရှိချင်မှ ရှိပါလိမ့်မယ်။ ဒီလိုပါပဲ၊ ဆရာနဲ့ တပည့်၊ မိဘနဲ့ သားသမီး၊ ခေါင်းဆောင်နဲ့ နောက်လိုက် စောင့်ထိန်း ရတဲ့ အနေအထားချင်း မတူပါဘူး။ အပြုအမူကောင်းတွေကို လူတိုင်းက ကျင့်ဆောင်နိုင်ရင် အကောင်းဆုံးဖြစ်သော်လည်း စံနမူနာပြ ပုဂ္ဂိုလ်တွေက ပိုပြီးစောင့်ထိန်းရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူ့အသိုင်းအဝိုင်းမှာ နေထိုင်သရွေ့ အဲဒီ တုပ်နှောင်မှုတွေကို ပစ်ပယ်လို့ မရပါဘူး။

ရုပ်ရှင်သရုပ်ဆောင်တယောက်ရဲ့ဟန်ပန်ကို အတုခိုးရင်း ဆေးလိပ်သောက် ဖြစ်သွားသူတွေရှိသလို ကျနော်တို့ရဲ့ မကောင်းတဲ့ အပြုအမူ တခုခုကို တစုံတယောက်က အတုခိုးမှားသွားနိုင်ပါတယ်။ ဒီလိုပဲ ကျနော်တို့ရဲ့ အပြုအမူမှားယွင်းမှုတွေက ကိုယ်နဲ့နီးစပ်ရာ ပတ်ဝန်းကျင်မှာ အစွန်းအထင်းတွေ ဖြစ်သွားမှာ စိုးရိမ်ရပါတယ်။

ဒါကြောင့် ကိုယ်က ပတ်ဝန်းကျင်ကို အလှဆင်ဖို့ ရှင်သန်မှာလား၊ ပတ်ဝန်းကျင်ကို စွန်းထင်းဖို့ နေထိုင်မှာလား ဆိုတာကို ကျနော်တို့အနေနဲ့ ဆန်းစစ်နေသင့်ပါတယ်။ အနိမ့်ဆုံးတော့ ကိုယ့်ဘဝကိုယ် ညစ်ထေးအောင် မလုပ်မိဖို့ ကြိုးစားရမှာပါ။

ကိုယ့်ဘဝကို တန်ဖိုးရှိရှိ အသုံးချခဲ့သလဲဆိုတာသိရအောင် ဘယ်လို အပြုအမူတွေနဲ့ ရှင်သန်ခဲ့ကြသလဲ ဆိုတာကို သုံးသပ်ကြည့်ကြပါစို့။ ။

ထိန်လင်း
၁၄၊ ၆၊ ၂ဝဝ၂

ရေစီးသံ ဂျာနယ်
အတွဲ ၆၊ အမှတ် ၎
ဇွန်လ ၁၆ ရက်၊ ၂၀၀၂ ခုနှစ်