Sunday, December 13, 2009

ကျောင်းသား ထောင် တော်လှန်ရေးသမား (၂၆)

နောက်ကျ ကျနော်တို့ ခုနက ချိုးဖောက်တဲ့ဟာတွေနဲ့ဆိုတော့ ညပါ လစ်ထွက်ကြတာ။ တညလုံး အပြင်မှာနေတယ်။ အဲဒါ မင်ကိုလုပ်နေတာ။အဲဒီတော့ ခြင်ထောင်ချထားတယ်။ သူတို့ ခြင်ထောင်လှန်ပြီးတော့ ကြည့်တယ်။ အဲလို လှန်ကြည့်ရင်လည်း ကျနော်တို့က အဲဒီလူ အိမ်သာသွားတယ်လို့ပဲ ပြောလိုက်တာ။ အဲဒါ သူတို့ ခြင်ထောင်တွေ အလုံးတွေကိုပဲ ရေရေပြီး သွားတယ်။ အဲဒီလိုကနေပြီးတော့ တဖြည်းဖြည်း ကျွန်းကနေပြီးတော့ လှေလုပ်ပြီး ထွက်ပြေးတဲ့အဆင့် ရောက်လာတယ်။

လှေလုပ် ထွက်ပြေးအောင်မြင်သွားကြတဲ့ လူတွေကတော့ မန်းအောင်ကြည် ABKO ( မြန်မာနိုင်ငံလုံးဆိုင်ရာ ကရင် အစည်းအရုံး)က (နောင်ကျတော့ လှေနဲ့ထွက်ပြေးတာ လွတ်သွားပြီးတော့ KNU ကိုသွားပြီး တောထဲမှာ ရောဂါနဲ့ ကျဆုံးသွားတာ။) နောက်တယောက်က မန်းငြိမ်းမောင် (အခုတော့ သူ KNU ပါတီမှာ ခေါင်းဆောင်တယောက် ဖြစ်နေပါတယ်။ ကျနော်နဲ့ တိုက်ဖော်တိုက်ဖက် ပုဂ္ဂိုလ်ရေး အင်မတန်ရင်းတယ်) နောက်တယောက်က ဗမာပြည်ကွန်မြူနစ်ပါတီက ရဲဘော် အောင်ဝေ (ကျနော်နဲ့တခန်းထဲနေတာ။ ကျနော် ထောင်ကထွက်လာတော့ သူနဲ့ ပြန်အဆက်ရတယ်။ အင်မတန် လူချစ် လူခင်များပြီးတော့ လုပ်ရည်ကိုင်ရည် ရှိတဲ့ပုဂ္ဂိုလ်ကြီး။ ပဲခူးရိုးမမှာပဲ ကျဆုံးသွားတယ်) သူတို့ ၃ ယောက်။

အဲဒီတော့ သူတို့ ထွက်ပြေးသွားတဲ့အခါကျတော့ သူတို့က အင်မတန်ကို ပိပိရိရိနဲ့လုပ်တာကိုး။ ဒီအကြောင်းကတော့ အခုနကပြောတဲ့ ကိုမန်းငြိမ်းမောင် ရေးတဲ့စာအုပ်ထဲမှာ ပါပြီးပြီ။ ကျနော် အသေးစိတ် မပြောတော့ဘူး။ ကျနော်ပြောမှာက သူတို့ မသိတဲ့ ကျနော်တို့ဘက်။ သူတို့က ပိပိရိရိလုပ်တော့ ဘာမှမသိဘူး။ ကျနော်တို့က အထူးသဖြင့် တာဝန်ရှိတဲ့လူမဟုတ်တဲ့ ကျနော်လိုလူက ဘာမှ မသိဘူး။ ကျွန်းပေါ်မှာကလည်း ဒီလို လျှို့ဝှက်လုပ်ငန်းနဲ့ ပတ်သက်လို့ရှိရင် အင်မတန်ကို ကျနော်တို့ထဲမှာ လျှို့ဝှက်ရတယ်။

အဲဒီတော့ စနစ်တကျကို လျှို့ဝှက်ထားတဲ့ဟာကျတော့ ကျနော်တို့ သာမန်ရဲဘော်တွေ ဘာမှ မသိပါဘူး။ အဲ သူတို့ သွားပြီ၊ သူတို့လှေကို တွန်းချပေးလိုက်ပြီဆိုတော့မှ ကျနော်တို့ သိတာ။ တွန်းချပေးတော့ ကျနော်တို့ဆီက ရဲဘော်တွေပဲ အကုန်လိုက်ပြီး တွန်းချပေးတယ်။

အဲဒီ နောင် ၅၃ ရက်တိုက်ပွဲမှာကျသွားတဲ ရဲဘော်တွေ။ ရဲဘော်ချစ်ဆွေတို့၊ ရဲဘော်အုန်းမော်၊ ရဲဘော်မောင်မောင်စိုး၊ နောက် အခု ပဲခူးမြို့နယ်ထဲမှာရှိနေတဲ့ ရဲဘော်ဘထွေးညွှန့်တို့၊ အဲလို ရဲဘော်လေးတွေကလိုက်ပြီးတော့ လှေကို ပင်လယ်ထဲ ရေအနက်ထဲရောက်အောင် လိုက်ပြီး တွန်းပို့ပေးလိုက်ရလို့ အဲဒီတော့မှ ကျနော်တို့သိရတယ်။ အဲဒါ ကျနော်တို့ ချက်ချင်း ရဲဘော်အောင်ဝေဆို ကျနော်တို့ အခန်းထဲကကိုး။ ကျနော်တို့ အဆောင်ထဲက။

အဲဒီတော့ ကျနော်တို့ ချက်ချင်းပြင်ရတယ်။ သူတို့ ထွက်တာလည်း ညထွက်တာ။ ရေအတက် လအပြည့်၊ ရေအတက် အဲဒါနဲ့ထွက်ကြတာကိုး။ အဲဒီတော့ ကျနော်တို့က ပြင်ရတယ်။ ပြင်တယ်ဆိုတာ ဘာလုပ်လဲဆိုတော မနက် လူလာစစ်ရင် မပေါ်အောင်လုပ်ရတယ်။ အဲဒီတော့ ဦးအောင်ဝေ အိပ်ရာမှာ တယောက်က ဝင်အိပ်ပေး။ ပြီးတော့ သူ့အိပ်ယာမှာလည်း ရိုးရိုးပဲ ခြင်ထောင်ချထားတယ်။ အဲဒီလိုနဲ့ လုပ်နေတာပေါ့။ နေ့တိုင်း လုပ်နေတာ။ ထောင်အာဏာပိုင်တွေ လုံးလုံးကို မသိဘူး။ နောက်ဆုံး ဟို တနင်္သာရီတိုင်းမှာ သွားပြီးမိနေတော့မှ ကိုကိုးကျွန်းက အာဏာပိုင်တွေ အော် ဒီကထွက်ပြေးပါလားဆိုတာ သူတို့သိတာ။

အဲဒီတော့ အခု ကျနော်ပြောခဲ့သလိုပဲ ကျနော်တို့ဘက်က စနစ်တကျချိုးဖောက်မှုတွေလုပ်၊ အာဏာပိုင်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်ထွက်ပြေးမှုတွေရှိလာတဲ့အခါကျတော့ ကိုယ်ထူကိုယ်ထ စနစ်ကြီးအခုလုပ်ထားတဲ့ ထောင်စနစ်ကြီးဟာဖြင့် မအောင်မြင်ဘူးဆိုတာကို အားလုံးမြင်လာကြတယ်။ သူတို့လည်း မြင်လာတယ်။ ဒီအတိုင်းတော့ မဖြစ်တော့ဘူးဆိုတာ သူတို့သိလာတယ်။ သူတို့ ကိုယ်ထူကိုယ်ထသာ မလုပ်လို့ရှိရင် လှောင်ထားလို့ရတယ်။ ကိုယ်ထူကိုယ်ထ လုပ်ထားရင် သူတို့ လှောင်ထားလို့ မရဘူး။ ပဋိပက္ခက အဲဒီမှာဖြစ်တာ။

ဒီမှာ အဖြစ်အပျက်တခုက ရှိသေးတယ်။ အဲဒါက ဘာလဲ ဆိုတော့ တနေ့မှာ ရဲဘော်အုန်းမော်နဲ့ ရဲဘော် မောင်မောင်စိုး။ (ရဲဘော်အုန်းမော်ဆိုတာက လေတပ်က အစိုးရလေတပ်က။ နောက် ဆက်သွယ်ရေး လုပ်တယ်။) နောက်တခုက ရဲဘော်မောင်မောင်စိုးဆိုတာက ကျောက်ဆည်က တက္ကသိုလ်ကျောင်းသား (ဗကသ) သူတို့ ၂ ယောက်ဟာ အုန်းသီးရှာရင်းကနေပြီးတော့ နယ်လွန်သွားပြီးတော့ဟိုဘက် ရေတပ် ဧရိယာထဲကို ရောက်သွားတယ်။ ရောက်သွားတော့ ဟိုက အဆင့်စောင့်ရင်းနဲ့ ချောင်းစောင့်နေပြီးတော့ သူတို့ကို ဖမ်းချသွားတယ်။ ရေတပ်နဲ့ အဝေးကြီးလိုပါသေးတယ်။ ကျွန်းကို Out of Bond လုပ်ထားတဲ့နေရာ ဆိုတော့ အဲဒါ ရေတပ်နဲ့ အဝေးကြီးပါ။

အဲဒီကနေစောင့်ဖမ်းပြီး ခေါ်သွားရော။ ခေါ်သွားပြီး ပြန်မလွှတ်တော့ဘူး။ ထောင်ချထားသလို လုပ်တယ်။ အဲဒါ ကျနော်တို့ ကျွန်းရောက်ပြီးမှ တခါပြန်ပြီး ထောင်ကျရသေးတာ။ အတော်ရယ်စရာ ကောင်းတယ်။ အဲဒီတော့ ကိုကိုးကျွန်းကလည်း မြို့နယ်တခုဆိုတော့ အဲဒီ ရန်ကုန်တိုင်း အမှတ် ၁၃ မြို့နယ် မြို့နယ်တရားသူကြီးကနေ တောင် သူတို့ အပြစ်တွေဘာတွေ ချပစ်လိုက်တာ။ ပိုင်နက်ကျူးလွန်မှုနဲ့ ချတာလား ဘာနဲ့ချလဲ မသိဘူး။

အဲဒါ အပြစ်တွေ ဘာတွေချပြီးတော့ အဲဒီမှာတင် ရေတပ်ထဲမှာတင် ချုပ်ထားတာ။ ဖမ်းခါစတော့ မျက်စိပိတ်ပြီး နည်းနည်းပါးပါး ရိုက်တယ်လို့ ပြောတယ်။ လမ်းခေါ်သွားတော့လည်း အတင်း တလှိမ့်ကောက်ကွေးပေါ့လေ၊ အတက်အဆင်းတွေ ဘာမှမပြောဘဲ ဒီအတိုင်း တွန်းတွန်းပြီး ခေါ်သွားတော့ လဲတဲ့နေရာ လဲ၊ ပွန်းတဲ့နေရာ ပွန်း အဲလိုဖြစ်ကုန်တာပေါ့။

အဲဒီတော့ သူတို့ အဲလိုဖြစ်ပြီဆိုတာနဲ့ ကျနော်တို့ ကျွန်းကလူတွေ အားလုံးစုပြီးတော့ တခါ ထောင်အာဏာပိုင် တွေကို ကြွေးကြော်သံတွေနဲ့ တောင်းဆိုချက် အော်ကုန်ကြတယ်။ အဲဒါ ၂ ရက်လောက် ကျနော်တို့ တိုက်ပွဲဝင်ပြီးတော့ ပြန်လွှတ်ပေးတယ်။ ဆိုလိုတာ ထောင်အာဏာပိုင်တွေနဲ့ ကျနော်တို့ကြားမှာ ကြာလေကြာလေ တင်းမာမှုက ကြီးလာလေ ဖြစ်လာတာ။ တဖက်ကလည်း သူတို့ရဲ့ ကိုကိုးကျွန်းဆိုတဲ့ ပေါ်လစီက ကြာလေကြာလေ အဓိပ္ပာယ်မဲ့မှု မခိုင်မာမှုကို ဖော်ပြလာနေတယ်။ အဲလို အချက်တွေကနေပြီးတော့ ကျနော်တို့ကို နောက်တိုက်ပွဲတွေ တိုက်ဖို့အတွက် သန္နိဋ္ဌာန်ကျလာစေတယ်။ အားရှိလာစေတယ်။ အဲဒီကို အာရုံကဲလာစေတယ်လို့ ပြောရလိမ့်မယ်ထင်တယ်။

ဆက်လက်ဖော်ပြပါမယ်။

No comments: