Sunday, December 13, 2009

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၁၆)

အိုးစားကွဲပြီ

ကျနော်တို့ ကျွန်းပေါ်ကိုရောက်ကြတဲ့ဘဝ အကျဉ်းသား ၂၃၃ ယောက်ဟာ ရောက်လာကြပြီကတည်းက အတူနေ၊ အတူ စားလာကြပြီး ၆ လလောက် ကြာမယ်ထင်ပါတယ်။ အိုးစားကွဲကြတော့တာပါပဲ။ ပမာတင်တဲ့ အိုးစားကွဲစကား၊ ဥပမာ မဟုတ်ပါဘူး။ တကယ့်ကို အိုးစားကွဲသွားတာပါ။

အလံနီနဲ့ သူ့အသိုင်းအဝိုင်းတွေ ၇၀ ကျော်က အိုးခွဲပြီး စားလိုက်ကြတာပါ။ ဘဝတူတွေက အိုးမခွဲရေး၊ သွေးမခွဲရေး၊ ညီညွတ်ရေးအတွက် အမျိုးမျိုး ဆွေးနွေးကြပါသေးတယ်။ မရပါဘူး။ အိုးခွဲစားတဲ့အတွက် အိုးစားကွဲသွားပါတယ်။

စားဖိုဆောင်ကြီးရဲ့ တောင်ဘက်ခြမ်းကို အလံနီဖို၊ မြောက်ဘက်ခြမ်း မူလဖိုကြီးကိုတော့ ကျန်တဲ့ ကျနော်တို့ပေါ့ဗျာ။ အလံနီကစပြီး အိုးစားခွဲလိုက်တာ ကျန်တဲ့အိုးပိန်၊ အိုးညှပ်တွေလည်း တယောက်စ၊ နှစ်ယောက်စ အိုးစားလေးတွေ ဖြစ်ကုန်ကြတော့တာပဲ။

မြောက်ဘက်ခြမ်းဖိုကြီးကတော့ လေထီးဗိုလ်အုန်းမောင်တို့၊ ဆရာ ရာဂျန်တို့၊ ဒလ ဦးထွန်းစိန်တို့၊ ဗမာပြည် ကွန်မြူနစ်ပါတီရယ်၊ ဗကသ၊ တကသ၊ ရကသရယ်၊ ကျနော်နဲ့ ဖထီးမန်းအောင်ကြည်ကလည်း အဲဒီ ဖိုကြီးမှာပဲ စားကြတာပေါ့။ မြောက်ဘက်ကဖိုကြီးကတော့ မူလကျွန်းစပြီးရောက်ခဲ့တည်းက စားလာခဲ့ကြတာဆိုတော့ အုပ်စီးမပျက် ညီညွတ်လျက်ပဲမို့၊ ချီ - ချီ - ချီ ရှေ့သို့ချီ အဆုံးတိုင်အောင်လမ်း တို့ဦးတည်ပေါ့။

အကျိုးတူ ဘုံတိုက်ပွဲ

ကျနော် အစောကတင်ပြခဲ့သလိုပါပဲ။ ကျွန်းမှာရောက်လာကြတာက နိုင်ငံရေးအရောင်အသွေးကလည်း စုံလှတယ် မဟုတ်လား။ လူကြီးပိုင်းတွေကတော့ တူညီတဲ့ ဘုံတိုက်ပွဲဖော်ထုတ်တိုက်ပွဲဆင်နိုင်ဖို့ အမြဲညှိကြပါတယ်။ ကွန်မြူနစ်ပါတီက လေထီးဗိုလ်အုန်းမောင်၊ ဆရာရာဂျန်၊ အလံနီကွန်မြူနစ်ပါတီက ရဲနီဦးအောင်မြင့်၊ ပြည်သူ့ရဲဘော်က ဗိုလ်တင့်တယ်၊ ဗိုလ်မျိုးထွဋ်၊ မလညပ က ဗိုလ်သန်းမြင့်၊ ABKO က ဖထီးမန်းအောင်ကြည် လူကြီးပိုင်းတွေက မကြာမကြာ တွေ့ကြ၊ ဆွေးနွေးကြ၊ ညှိကြပါတယ်။

ပြဿနာတခုတင်လာတိုင်း တင်လာတိုင်း အမြဲထိပ်တိုက်တိုးကြသူတွေကတော့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အလံနီ ကွန်မြူနစ်ပါတီပါပဲ။ ကျောင်းတော်ကကိစ္စ၊ အစွဲတွေ၊ အကွဲတွေက ရောက်လေရာအရပ်မှာ အမြဲ ထိပ်တိုက်တိုးတာပါပဲ။ ကြားထဲက နှစ်ဖက်စလုံးကို ဝင်ညှိပြီး လုပ်ငန်းစဉ်တခုကိုကျအောင် အမြဲ ဝင်ညှိပေးရသူတွေကတော့ ဖထီး မန်းအောင်ကြည်တို့၊ ဗိုလ်တင့်တယ်၊ ဗိုလ်မျိုးထွဋ်တို့ပဲဖြစ်ပါတယ်။

ခေါင်းဆောင်ပိုင်းက ညှိကြ၊ ဆွေးနွေးကြတာလည်း အတော်ညီညွတ်မှု၊ နားလည်မှု ရလာကြပါပြီ။ တနေ့တော့ ရိက္ခာထုတ်ပါတယ်။ ထုံးစံအတိုင်းပဲ ရိက္ခာဂိုထောင်ကို သွားကြ၊ ပေးတဲ့ရိက္ခာကို ထုတ်ကြတာပေါ့။ ငါးပိထုတ်တဲ့ အလှည့်ကျတော့ ကျနော်နဲ့ ကိုမောင်မောင်တင် (သာကေတ)(အခုသာကေ တမှာ ဗေဒင်လက္ခဏာ ကဝိတဆူဖြစ်ပြီး တပည့်ပရိတ်သတ် အခြံအရံတွေနဲ့ ပေါများပြည့်စုံနေတယ်လို့ သိရပါတယ်) ပုဇွန် ငါးပိ စဥ့်အိုးတွေဖွင့်လိုက်တော့ အပေါ်ယံက လေသလပ်ပြီး မဲနေပါတယ်။ ဒီမှာတင် အကွက်ဆိုက်တော့တာပဲ။

ကျနော်နဲ့ ကိုမောင်မောင်တင်က …

“ဒီမှာ ဦးနေဝင်း၊ ခင်ဗျား ငပိတွေက ငါးပိပုပ်တွေပဲဗျ၊ မဲတူးနေတာပဲ။ ဒီငါးပိပုပ်တွေကို ကျနော်တို့ မစားဘူး၊ မယူဘူး” ကျနော်တို့ ၂ ယောက် စထောင်ပေးလိုက်ရာ ကျန်တဲ့ လူငယ်ရဲဘော်တသိုက်က စမက်(ရှ်) ဝိုင်းဆွဲပါတော့သည်။ ရိက္ခာထောင်မှူး ဦးနေဝင်းမှာ မအူမလည်နှင့် ကြောင်တောင်တောင် ဖြစ်နေပါသည်။ အကြောင်းအမျိုးမျိုးပြသော်လည်း ကျနော်တို့က ငါးပိမယူဘဲ ပြန်လာခဲ့ကြပါသည်။

အဆိုပါ ငါးပိတွေကို အပေါ်ကမဲနေသည့် ငါးပိနှင့် အောက်ဘက်က ငါးပိတွေကိုရောမွှေစီမံပြီး နောက်ထပ် ကျနော်တို့ကို ထပ်ပေးရာ ပြဿနာက ပိုကြီးသွားပါသည်။ ငါးပိပုပ်ပြဿနာကတော့ တက်လာပါသည်။ ကျန်တာကတော့ လူကြီးတွေက ဆက်ကိုင်တော့ပေါ့။

အမှန်ကလည်း စဉ်းစားကြည့်ပါ။ ငါးပိဆိုသော ပစ္စည်းမှာ အပုပ်ခံမှဖြစ်လာသည့် ပစ္စည်းမဟုတ်ပါလား။ အဲဒီနေ့က စိမ်းစား ပုဇွန်ငါးပိကလည်း အပေါ်ယံက လေသလပ်ပြီး တလက်မခွဲသာသာ မဲတာပါ။ အောက်မှာ နီဝါဝါလေးနဲ့ အကောင်းချည်းပါ။ အနံ့ကလည်း သင်းပါသည်။ ကျနော်တို့က အစလုပ်ပြီး ပြဿနာရှာတာကို မအူမလည် ဦးနေဝင်းတယောက် ခံလိုက်ရတာပါ။ ရိက္ခာထောင်မှူး ဦးနေဝင်းက သူ့အဘ စစ်အာဏာရှင် တဏှာဘီလူး ဦးနေဝင်းလို ပွေရှုပ်လိမ်ကောက်ရာတွင် ဉာဏ်မသွားသောကြောင့် ခံသွားလိုက်ရခြင်း ဖြစ်ပါသည်။

ဦးနေဝင်းကို ကျနော်တို့ နှိပ်ချင်သည်မှာလည်း အကြောင်းရှိပါသည်။ ကျွန်းကိုရောက်ခါစ ကျနော်တို့အချင်းချင်း မစုစည်းမိသေးခင် ဦးနေဝင်း ပြောစကားရှိပါသည်။

“ထောင်ဆိုတာ တိုက်နိုင်မှ အခွင့်အရေးရတာ” ကျနော်တို့ကို ခနဲ့တဲ့တဲ့ ရိသဲ့သဲ ပြောခဲ့ပါသည်။ အဲဒီတုန်းက ရင်ထဲက မျက်သွားပေးမယ့် အပြင်ကိုထုတ်မပြခဲ့ပါ။

ငါးပိပုပ်တိုက်ပွဲကတော့ ထိုက်သင့်သလောက် အောင်မြင်ပါသည်။ တိုက်ပွဲ ပူးတွဲဦးစီးကော်မတီကို ဖွဲ့စည်းပြီး ပါတီစုံမှ ဝင်တိုက်ပါသည်။ ၁၅ ရက်ကြာမည် ထင်သည်။ အခွင့်အရေးတချို့ တိုး၍ရပါသည်။ ရိက္ခာတွေ၊ အမဲသားဗူးတွေ တိုး၍ ရပါသည်။

တော်လှန်တဲ့အတွေးအခေါ် တည်ဆောက်ရေးအတွက်

ကျနော်တို့အကျဉ်းသားများနှင့် ကံတူအကျိုးပေး နေရှင်နယ် လေးလိုင်း ရေဒီယိုတလုံးရှိပါသည်။ ရေဒီယိုကို သေတ္တာထဲထည့်ပြီး သော့ခတ်ထားပါတယ်။ မနက် ၇ နာရီ ရေဒီယိုလာချိန်ကစပြီး ထောင်ဝါဒါတယောက် ယူလာပါသည်။ စားရိပ်သာတွင် လာချထားပြီး သော့ဖွင့်ပေးပါသည်။

ရေဒီယိုအချိန်ကုန်လျှင် သော့ပြန်သိမ်း၊ မဆလ ၏ မြန်မာ့အသံတခုတည်းကိုသာ နားထောင်ခွင့်ပေးပါသည်။ နေ့လည် ညနေ ယူလာ၊ သော့ဖွင့် သော့ပိတ် ပြန်သိမ်း အတော်အလုပ်များပါသည်။ နောက်ပိုင်းမှ ကျနော်တို့ လူတွေက ပုံစံမျိုးစုံနှင့် စည်းရုံးလိုက်သည်မှ ရေဒီယိုမှာ ကျနော်တို့နှင့်အနေပျော်ပြီး ထောင်ဝါဒါတွေဆီ ပြန်မသွားတော့ပါ။

အဲဒီတော့မှ ဆိုင်ရာဆိုင်ရာ ပညာရှင်တွေက ပညာပြကြပါတော့သည်။ ညမိုးချုပ်ပြီဆိုရင် ထောင်ဝင်းသံဆူးကြိုး အဝင်အဝတွင် ကင်းတယောက်ချ၊ လမ်းခုလတ်တွင် ကင်းတယောက်ချ၊ ၁၉ ဆောင်ထိပ်တွင် ကင်းတယောက်ချ၊ ၁၉ ဆောင် အခန်းကျဉ်းလေးထဲတွင် ရေဒီယိုကို ချုပ်နှောင်ထားသည့် အနှောင်အဖွဲ့ သော့ကိုဖွင့်၊ တပ်မတော် (ကြည်း) ဆက်သွယ်ရေး လုံခြုံရေးတပ်မှ ကိုအောင်ထီ (ကျောက်ပိုး)၊ ကိုအုံးမော်တို့က ရေဒီယိုလှိုင်းတွေကို လိုက်ဖမ်း၊ ပီကင်း ရေဒီယိုက အသံလွှင့် ချက်တွေကို လက်ရေးတိုသမားတွေဖြစ်သည့် ကိုတင်မောင်ဝင်း (ရကသ အတွင်းရေးမှူး ကိုဉာဏ်ဝင်း၏ညီ)၊ ကိုခင်မောင်ဇော်၊ အခြားမမှတ်မိတို့က လက်ရေးတိုနှင့်လိုက်ရေးပြီးတော့မှ အချောထုတ်လုပ်၊ စက္ကူကတော့ နို့ဆီဘူး တံဆိပ်ပတ်ကို ဓားနဲ့ ညီညီဖြတ်၊ ၃ ရွက်ကိုဆက်လိုက်တော့ အကောင်းစား စက္ကူအချောရလာ။ မင်ကတော့ (ဂျိုင်းရှင်းဗွိုင်းလက်) ခရမ်းရောင် လိမ်းဆေး၊ ကလောင်ကတော့ ဆေးပုလင်းဖြတ်သည့် စတီးလွှကလေးကို နစ်ပုံစံသွေး၊ ကလောင်ဖြစ်လာပြီး စာရေးလို့ရသွားတယ်။

ပြီးတော့ ဖိုးသံချောင်းတို့ မန္တလေးထောင်က ဘာတန်ခိုးနဲ့များရှိုးပြီး ယူလာခဲ့သည်မသိ။ ထောင်ထဲမှာ မမြင်ရ မတွေ့နိုင်တဲ့ ပီးကင်းရီဗြူး၊ ချိုင်းနစ်လစ်ထရေချာ၊ နယူးဝိစ်၊ တိုင်းမ် မဂ္ဂဇင်း၊ ရီးဒါးဒိုင်ဂျက်၊ အခြား ဂျက်လန်ဒန်၊ ဂေါ်ဂီ စတဲ့ ကမ္ဘာကျော် စာရေးဆရာကြီးများရဲ့ စာအုပ်စာတမ်းတွေ အတော်စုံပါတယ်။

ဘာသာပြန်တာကတော့ ဆရာဦးမြသန်းတင့်ဖြစ်ပါတယ်။ ဆရာဦးမြသန်းတင့် ဘာသာပြန်ဆိုတဲ့ဟန်က စာအုပ်ကို ဗမာလို အထစ်အငေါ့မရှိ တောက်လျှောက်အသံထွက်ပြီး ဖတ်သွားတာကို ကိုခင်မောင်ဇော်နဲ့ အခြားရဲဘော်တွေက ဗမာလို လိုက်ရေးရတာ။ ပြီးတော့ သတင်းတွေ၊ ဆောင်းပါးတွေ ပေါင်းလိုက်ပြီး ‘မီးပွား စာစောင်’ ကို ထုတ်ဝေပါသည်။

အများပြည်သူ လူတကာကြည့်နိုင်တဲ့ စာကြည့်တိုက်ကို အဆောင် ၈ မှာထားပါသည်။ စာစုံ၊ လူစုံ ငှားနိုင် ကြည့်နိုင်ပါသည်။ အဆောင် ၉ က စာကြည့်တိုက်ကတော့ အတွင်းစာကြည့်တိုက် (လျှို့ဝှက်စာကြည့်တိုက်) ဖြစ်ပါသည်။

ထောင်အာဏာပိုင်တွေကို တဖက်ကလည်း အတိုက်အခံလုပ်၊ တဖက်ကလည်း စည်းရုံးနဲ့ ကျနော်တို့ အကျဉ်းသားတွေမှာ အနေအထိုင် အတော်လွတ်လပ်လာပါသည်။ ထောင်အမှုထမ်းတွေကို သူတို့ အထက်အာဏာပိုင်တွေက တာဝန်ပေးမှုကို အတိအကျမပြောဘဲ စခန်းတနေရာဆိုပြီး ပြောထားပါသည်။ ပြည်တော်ညွန့် သင်္ဘောပေါ်တက်ပြီး ကျွန်းပေါ်ရောက်လာမှ ကျွန်းပို့ခံရမှန်းသိ၍ အတော်စိတ်ထိခိုက်ကြပါသည်။

ဆက်လက်ဖော်ပြပါမည်။

No comments: