Sunday, November 25, 2012

မြစ်များ စီးဆင်းတဲ့အကြောင်း (မောင်အောင်ပွင့်)

“စိန်လောရင့်မြစ်ဟာ ရေပဲ
ပြီးတော့
မစ္စစ္စပီမြစ်ဟာ ရွှံ့နောက်ရည်တွေ
ဒါပေမယ့်
သိမ်းမြစ်မှာတော့ သမိုင်းအရည်တွေဗျို့”။
၁၉ ရာစု နိုင်ငံရေးပညာရှင် ဂျွန်ဘန်း 

သူ့မြစ်ဝှမ်းကနေ ကြွားဝင့်လိုက်တာ
ငါ သဘောတူတယ်
ကိုယ့်ပြည် ကိုယ့်မြစ်ကို ကိုယ်ချစ်လို့
ပျစ်ပျစ်နှစ်နှစ် ပြောထည့်ဝံ့တာ
ငါ သဘောတူတယ်
ဂျွန်ဘန်း ပြောခွင့်ရှိတာ
ငါ သဘောတူတယ်
ငါဟာ
ဒို့တွေချစ်တဲ့ ဧရာဝတီမြစ်ဝှမ်းက
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ယောင်ထုံးမှာ
ဂင်္ဂါမြစ်ဝှမ်းသား မဟတ္တမဂန္ဒီဂျီးရဲ့
နံရိုးပြိုင်းပြိုင်းတွေကြားမှာ
ယုတ်စွဆုံး
မယ်နံချောင်းဖရား မြစ်ဝှမ်းသား
ဘုရင် ဘူမိဘောရဲ့ နှာခေါင်းဖျားက
ကျလုဆဲ ချွေးတစ်စက်မှာ
သူတို့ရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ် အချစ်စိတ်တွေ
တဖိတ်ဖိတ် ပြိုးပြက်လင်းလက်နေတာ
ငါ အခါခါ ပူဇော်မိပါရဲ့
ဂျွန်ဘန်း ခင်ဗျား
မြစ်တိုင်းဟာ သမိုင်းအရည်တွေပါဗျ။


ဂျွန်ဘန်း ခင်ဗျား
ကစ်ပလင် ကဗျာထဲက
‘ခေါင်းတစ်ရာ သင်္ချိုင်း’ ကံဆိုးရွာရှိခဲ့ရာ
ကျုပ်တို့မြစ်ဝကျွန်းပေါ်က
ပေပင်မော်ချောင်းကလေးဟာလည်း
သမိုင်းအရည်တွေနဲ့ စီးဆင်းနေဆဲပါ။

“တကယ်လို့သာ
ကိုယ်ခန္ဓာအတ္တဘောကြီးကို
တဖြည်းဖြည်းနဲ့ အခွှံနွှာသလိုနွှာကြည့်လို့
နောက်ဆုံး နွှာလို့မရတော့တဲ့
အစိတ်အပိုင်းကို ရောက်ရင်
ဝိဉာဉ်ဆိုတာကို တွေ့ရလိမ့်မယ်ထင်တယ်”။
ညီတော်အာနန္ဒာ (လာခြင်းကောင်းသောအရှင်) 

ဘဝကူးပြောင်းမှု အယူအဆ
ဂင်္ဂါမြစ်ဝှမ်း ဟိန္ဒူတွေက စခဲ့
ဗုဒ္ဓပွင့်တော်မူတော့ ခေတ်စားနှင့်လှပြီ
ဗုဒ္ဓကိုယ်တော်တိုင်
‘အနေက ဇာတိ သံသာရံ’ အစချီ
ကနဦး ကျူးရင့်ပြီး
‘ယေဓမ္မာ ဟေတုပ္ပ ဘာဝါ’ ချီ
အကြောင်းအကျိုးတရားကို ဖွင့်ဆိုတော်မူ
‘အတ္တမှ အနတ္တသို့’ တရားဟောကြားနေချိန်
ယေရုရှလင်ကို
‘နဲဘူချဲနဲဇာ’ က သိမ်းပိုက်ချိန်
(ဆုံးရှုံးသထက် ဆုံးရှုံးရလွန်းလို့ နောက်ဆုံးမှာ
အလုံးစုံ ပျက်သုဉ်းကိန်းဆိုက်
သဲကန္တရကြီး ဖြစ်သွားရတဲ့)
နိနဲဗဲဟာ မဲဒဲ လက်ထဲကျသွားချိန်
မာဆေးလိကို
ဖော်ကာယန်တို့တည်ထောင်ချိန်
လူ့သမိုင်းစဉ်နဲ့နှိုင်းဆတော့
ဟိန္ဒူဒီအယူအဆနဲ့ ခေတ်သစ်သိပ္ပံပညာ
ကဏ္ဍကောဇ ဖြစ်ကြတာ
သိပ်မှ မကြာသေးဘဲ
ဒီအရင့်အရင်
ကမ္ဘေကမ္ဘာက စီးဆင်းလာခဲ့တဲ့
ဒီမြစ်ကြီးတွေ
ဆက်လက်စီးဆင်းနေဆဲ စီးဆင်းမြဲလေ။

‘ဣတ္တိဝင်္က နဒီဝင်္က’ သံကြားရတိုင်း
ငါအော့ချင် အံချင်ဖြစ်ရ
မြစ်တို့ဟာ
သဘာဝအလျောက် ကွေ့ကောက်နေလို့သာ
ရေတံအလျောက် တဖြောင့်တည်းဆိုရင်
ရေစီး ညင်သာပါတော့မလား
ရေစီးကြမ်းရင်
မြစ်ကမ်းပါးတွေ ခံနိုင်ပါမလား
ယဉ်ကျေးမှု အနုပညာတွေ တာရှည်ပါမလား
တူးမြောင်းနဲ့ မြစ် အတူတူ မချစ်နိုင်ဘူး
အို မြစ်တို့ … …
ကွေ့ကောက်ညင်သာ စီးဆင်းမြဲစီးဆင်းပါ
အို မြစ်တို့ … …
မာယာ လှပ ပြမြဲပြပါ။

ရောဟီနီမြစ်မှာ
ရေလုပွဲစစ်ကြီး ဖြစ်မယ့်ဆဲဆဲ
ဗုဒ္ဓ တားတော်မူနိုင်ခဲ့ရဲ့
ရေနံကြောင့်တဲ့လား
အကြမ်းဖက်ဆန့်ကျင်တာတဲ့လား
ဘာကြောင့်ပဲ ဖြစ်ဖြစ်
အခု ၂၁ ရာစု အဝင်
တီဂရစ်မြစ်မှာ စစ်ဖြစ်ခဲ့ပြီ
တောရိုင်းကောင်ရဲ့ သွားစွယ်
ခြေသည်းလက်သည်း အားကိုး အမူအကျင့်ပေပဲ
ဒါကို မရှောင်လွဲနိုင်ကြတာ
ကမ္ဘာကြီး အဖြစ်ဆိုးပ
ဒီတီဂရစ်မြစ်မှာပဲ
၁၃ ရာစု မွန်ဂိုဘုရင် ‘ဟူလာလူ’
မင်းမူ ထင်တိုင်းကြဲတုန်းက
မင်လက်ရေး စာပေအမွေတွေကို
မြစ်ထဲချ ဖျက်ဆီးပစ်လိုက်တာ
မြစ်ရေတွေ ပြာနှမ်းကုန်ရောတဲ့လေ
ဂျွန်ဘန်းခင်ဗျား …
မြစ်တိုင်းမှာ သမိုင်းအရည်တွေပါဗျ။

မင်းကွန်းမြစ်ကမ်းစပ်က
ပန်းချီဆရာတွေရဲ့ ဂယ်လာရီမှာ
တစ်ည အိပ်တုန်း
သန်းခေါင်းသန်းလွဲ အချိန်မတော်ကြီး
မြစ်ရေစီးထဲ
မျောပါသွားတဲ့ မိန်းမသံတွေ
ကယ်ပါ ယူပါ တစာစာ ငရဲပွက်ညံ
ပန်းချီဆရာ ‘ညမင်းကျော်’ ပြောပြမှ
မိန်းမတွေ
ဖောင်စီးကြရတဲ့ အဖြစ်ပါလား
ငါ
အတွေးတွေနဲ့ အိပ်မရတော့ဘူး
မန့်ခ်ျရဲ့ ‘အော်သံ’ ထဲက
ကြောက်လွန်းလို့
လူပုံပျက်သွားတဲ့လူနဲ့
သူမတို့ ပေါင်းအော်ဟစ်သံ
ငါ့ရင်ထဲပွက်ဆူ
ခြေလှမ်းမှာ လှေထမ်းပြန်ရတဲ့
ရှေးဟောင်း
ဗော်လဂါမြစ်ရိုးက ပန်းချီကားထက်
ခုခေတ်
ဧရာဝတီ အဖြစ်ဆိုးလှချည့်။

မင်းကွန်းအောက်နား ရွာတစ်ရွာကနေ
ရေစုန်လေဆန်ခရီး
မန္တလေးကို
လှေစီးပြန်တဲ့ ညနေဆည်းဆာ
တိမ်တွေ လှချင်တိုင်းလှနေ
ကမ်းပါးတွေ ပြိုချင်တိုင်းပြို
လှေဝမ်းကို
လှိုင်းတွေ တဗျန်းဗျန်းပုတ်
ဒီခဏ ငါ စိတ်ကူး ကွန့်မြူး
လှေဦးကို မျက်နှာမူ ထရပ်
စောင်းသမဆီက စောင်းကိုယူ
ငါ့ဦးထိပ်ပေါ် ကန့်လန့်တင်
စောင်းကြိုးရှိသမျှ အကုန်
တပြိုင်တည်း တရစပ် ဒီလိုတီးခတ်သံ
လေနတ်သားပဲ စွမ်းနိုင်တော့မပေါ့
သဘာဝအလှ သံစဉ်ကို
ငါ ခံစားမူးယစ်နေတုန်း
မိန်းမသားတွေ ကျွက်ကျွက်ဆူကုန်ကြ
ဦးရှင်ကြီးကို ကြောက်ရသတဲ့
‘အဘိုး’ ကိုကြောက်ရသတဲ့
လှေမှောက်မှာ ကြောက်ကြသတဲ့လေ
ခုနက ငါ့ ခံစားမူးယစ်တာလေး
ကြောက်တတ်တာကို ကြောက်ပြီး
ထွက်ပြေးသွားပေါ့
လူတွေကြောက်နေဖို့က
ပိုအရေးကြီးသလား မက္ခရာဗီလီ
ဖလောရင့်မြို့သားတွေကတော့
ခင်ဗျာ့ကိုယ်မှာ
မာနတ်ကိုယ်နံ့ နံဟောင်တယ်တဲ့ဗျ။

“အန္တရာယ် အပေါင်းတို့အနက်
အကြီးဆုံး အန္တရာယ်ဟာ
ကြောက်ခြင်း ဖြစ်တယ် ”
အရှင်သိဒ္ဓိတ္ထ (လာခြင်းကောင်းသောအရှင်) 

မောင်တင့်တယ် မောင်နှမ
ဖိုကျင်ထိုးသတ်ခံရတဲ့စကားပင်ကို
တကောင်းဘုရင်က
ဧရာဝတီမြစ်ထဲ
ကြောက်ဆေးအဖြစ် မျှောချလိုက်လေရဲ့၊
ပုဂံရောက်တော့
သေလည်ကြောင်ဘုရင် ဆယ်တင်
သူ့သရပါတံခါးဝမှာ
ပန်းပုထု ပြထားပြန်ရော
ဟော အခု
မြစ်ဝှမ်းသားတွေရဲ့
အိမ့်ဥရည်တိုင်မှာ
ရှတ်ပန်းနီ အုန်းဆွဲ
ကိုးကွယ်ရာ ဖြစ်နေပေါ့
လူတွေ ကြောက်နေဖို့က
ပိုအရေးကြီးသလား မက္ခရာဗီလီ
ဘယ်သူ့အတွက် ဒါလောက်
အကြောက်ခိုင်းနေရတာလဲ မက္ခရာဗီလီ။

ဒို့မြစ်ဝှမ်းသားတွေ
တောစောင့်နတ် တောင်စောင့်နတ် အိမ်စောင့်နတ်
မကောင်းတစ်ကျိပ် နှစ်ပါး
ကောင်းတစ်ကျိပ် နှစ်ပါး
ကိုယ်စောင့်နတ်နဲ့
ရိုးရာ နတ်အပေါင်းကို
ကျောချမ်းအောင် ကြောက်ကြ၊
သူတို့ကြောက်ကြမှာပဲ
ကြောက်ဆေးကို
မြစ်ကြီးထဲ ဖျော်တိုက်တယ်
မကြောက်ဆေး ဆိုလို့
လက်ဖက်ရည်ဇွန်း တစ်ဝက်စီလောက်
ဘယ်သူ ဘယ်တုန်းက
တိုက်ကျွေးဖူးလို့လဲဗျာ။

မက္ခရာဗီလီရဲ့ အဆိုကို
အခုပဲ ငါ ပြောင်းပြန်လှန်ပစ်မယ်
ကြောက်နေဖို့ထက် ချစ်ဖို့က ပိုအရေးကြီးတယ်
ကြောက်နေဖို့ထက်
ချစ်ဖို့က ပိုအရေးကြီးတယ်
ကြောက်နေဖို့ထက်
ချစ်ဖို့က ပိုအရေးကြီးတယ်
မြစ်တွေ ချောင်းတွေကိုတောင် ငါ ချစ်တယ်
သူ့တို့အမည်တွေ တန်းစီရွတ်လိုက်ရင်ကို
ငါ့ရင်ထဲ ကဗျာဖြစ်သွားရော
ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်း၊ လှိုင်၊
ပန်းလှိုင်၊ တိုး၊ ပြန်မလော့၊ ငဝန်၊ မူး၊ မန်း၊
ပင်း၊ မိုးမခ စတဲ့ ဒီအမည်တွေကို
ဘယ်သူ စတင်ပေးခဲ့လဲ
ဒီမြစ်ဝှမ်း ဒီချောင်းတွေက
ပြည်သူတွေပဲ ပေးခဲ့မှာပေါ့
အို မြစ်ဝှမ်းသားတို့
အို ပြည်သူတို့
မက္ခရာဗီလီကို ဆန့်ကျင်ကြ
မက္ခရာဗီလီကို ဆန့်ကျင်ကြ။

ယူနန်နယ်
‘ကိုကိုးနော’ ရေအိုင်ကြီးပတ်လည်ဟာ
ဒို့လူမျိုးတွေရဲ့ နေရင်းဒေသတဲ့လေ
စစ်ရဲ့ အကြိမ်ကြိမ် ဖိစီးမှုဒဏ်က
ကင်းဝေးရာ တပြေးတည်း ပြေးကြရ
ဒါကြောင့်
အနှစ်နှစ်ထောင် ယဉ်ကျေးမှု နောက်ကျရ
သမိုင်းက အခိုင်အမာ ဆိုတယ်
နတ်ထိပ်တောင်ကြား သိတယ်
ကျောက်ဆည် လွင်ပြင်သိတယ်
ဟုတ်ပါရဲ့၊ အခုထိ ဒို့လူမျိုးတွေ
လက်နဲ့ပယ်ပယ်နယ်နယ်ကိုင်
ထမင်းစားနေကြရတုန်း
လက်ချောင်းလေးတွေ
တစ်ချိန်လုံး အအေးမိနေရ  

…………………………………………

ယန်းပေါဆတ်ကို
ပြင်သစ်ပြည်သူ့ မြစ်ဝှမ်းမှာမွေး
နောင်တော့
သူကိုယ်တိုင်ပဲ မြစ်ကြီးတစ်စင်းဖြစ်
သူ့ ‘အတ္တအမှန်ဝါဒ’ ပင်လျှင်
မြစ်ကြီးတစ်စင်းဖြစ်
သူ့တရားစီးကြောင်းတွေ
‘နံရံ’ကို ဖောက်ထွက်
အတ္တလန်တစ် ကမ်းနှစ်ဖက်သာမက
တစ်ကမ္ဘာလုံးကို ကွန်ယက်ဖြာစီးသွား
ဗာတိကန် တားမြစ် မာတိကာစာရင်း
ဘာ တတ်နိုင်သေးလဲ
လူကို ထာဝရဘုရားက ဖန်ဆင်းတာလား
ထာဝရဘုရားကို လူက ဖန်ဆင်းတာလား
မြစ်တွေက မေးဝံ့တတ်ပလေ။

အီတလီမြောက်ပိုင်းနဲ့
ရိုင်းမြစ်အရှေ့ဘက်ကမ်းက
မြို့တွေကို သိမ်းယူနိုင်တုန်းကတော့
“ဒါဟာ မြေမှာကျနေတဲ့
ပြင်သစ် သရဖူကြီးကို
ငါ့လက်သုံးတော်ဓားနဲ့ ကောက်ယူခဲ့တယ်” လို့
ကြုံးဝါး ဟိန်းဟောက်နိုင်မပေါ့
ဥရောပ မြေပုံကိုလိပ်
သူ့ကုတ်အင်္ကျီအိတ်ထဲ
ထည့်ပစ်နိုင်တဲ့ နပိုလီယံ ဘိုနာပတ်ပေါ့

…………………………………………… 

အီတလီ အာနိုမြစ်ပေါ်က ဖလောရင့်မြို့သား
မိုက်ကယ် အိန်ဂျလိုရဲ့ အနုပညာ
ကမ္ဘာတည်သရွေ့ မြဲတယ်
အနုပညာလက်ရာတွေနဲ့
ထုံမွှမ်းနေတဲ့ ဖလော့ရင့်မြေ
တစ်လက်မလောက်ကိုမှ
ဗုံးဒဏ် မခံရစေလို့
ကမ္ဘာစစ်တုန်းက ကြေညာခဲ့ရ
ဒါ အနုပညာရဲ့ အရိပ်အာဝါသပဲ
အနုပညာဟာ မေတ္တာ
မေတ္တာဟာ အနုပညာ
အို အနုပညာ
မေတ္တာတန်ခိုးတွေ
ကမ္ဘာကို ဖြန့်အုပ်မိုးပါ။

စပိန် သူ့မြစ်ဝှမ်းမှာ ပီကာဆိုကို မွေး
ပီကာဆိုက ငြိမ်းချမ်းရေး ချိုးဖြူကိုမွေး
အပြာရောင်ခေတ်
ပန်းရောင်ခေတ်နဲ့
ဂွာယာနီကာတို့ကိုမွေး
မြစ်ဟာ မွေးဖွားရှင်သန်ခြင်းပဲလေ။

အဲဒီမြစ်တွေမှာ
ပွင့်မျောရိပ် ရှိတယ် အလှတရားရှိတယ်
ယဉ်ကျေးမှု အနုပညာတွေ ရှိတယ်
‘ဗော်လဂါမှ ဂင်္ဂါသို့’
လူသားရဲ့ သမိုင်းရေစီး ခရီးရှည်ကြီး။

မြစ်မှာ ဗေဒါပန်း ရေကြင်ဆွေရှိတယ်
တေးသံချိုလွင်ရှိတယ်
မိုးလေထန်တုန်း အားမာန်ရှိတယ်
ဝဲပျံ ဝဲကတော့
ဝဲမှာ အမျိုးမျိုးရှိတယ်
အဲဒီကမှ ‘ဝဲသြဂသံသရာ’ စကားလုံး ရတယ်
အဲဒီကမှ
အဘိဓမ္မာတရား အငြင်းပွားစရာတွေ ရတယ်
ဒီတော့
မြစ်တွေ ကောက်ကွေ့တာ လှပပြီး
လူတွေ ကောက်ကွေ့တာ မလှပေဘူး။

တစ်ခါတော့
မုန်းချောင်းအတိုင်း
ကျောင်းတော်ရာကို ရောက်သွား
‘ဘူးသီး’ ရွာထိပ်မှာ
သိပ်နာမည်ကြီးနေတဲ့ ငါးကြီးတွေလေ
ပေါက်ပေါက်ဆုပ်တွေ ပစ်ချရင်
သူတို့ပါးစပ်ပေါက် ဝလုံးကြီးတွေ
(အစာမက်လေ ပိုကျယ် ပိုဝိုင်းစက်လေ
ဒီလို ဘဝကို ခုံမင်တပ်မက်တာ
ကြည့်လို့တယ်ကောင်း)
ဒီငါးကြီးတွေဟာ
ဝါဝင် ဝါထွက်ကို အတိအကျ သိကြသတဲ့လေ
ငါးစာကျွေးလို့ ငါးတွေ ရောက်လာတာလား
ငါးတွေလာလို့ ငါးစာကျွေးကြတာလား
ဒီနေရာဟာ
ဆရာတာရာ့ ဘိုးဘေးဘီဘင်တို့ ဒေသ
‘မုန်းမှ ကာလီဖိုးနီးယားသို့’ ကဗျာ
အခု ပြန်ဖတ်ချင်မိ
ဆရာခင်ဗျား
မုန်းလူ့အဖွဲ့အစည်းနဲ့
ကာလီဖိုးနီးယား လူ့အဖွဲ့အစည်း
ယဉ်ကျေးမှုချင်း
ဝေးသင့်တာထက် ပိုဝေးလွန်းနေသလားလို့။

သုံးဆယ်တစ်ဘုံ မယုံဘူးလားတဲ့
တမလွန်ဘဝ မယုံဘူးလားတဲ့
“ဒီမဟာ စကြာဝဠာထဲမှာ
နေက ကောင်းကင်ဘုံမှာ
သိမ်းမြစ်က ဒီမြေကမ္ဘာမှာ
ဒါ သေချာတဲ့တရားပါဗျာ” လို့
ဆာဝေါလ်တာစကော့ရဲ့ စကား
ခဏ ငှားသုံလိုက်ဖူးရဲ့
ငါသေချာတာကို ယုံချင်တယ်
ယုံကြည်တာကို သေချာချင်တယ်။

နွေဦးသန့်မှ မြစ်သန့်တယ်
နွေဦး သန့်ပါသလား
မိုးဦး ဆောင်းဦးကော သန့်ပါသလား
မြစ်ဝှမ်းသားတွေက
သောက်ရေကို
မြစ်လယ်ထွက်ခပ်ရင် တော်သေးရဲ့ သိကြတယ်။

ငါဟာ မြစ်တစ်စင်း ဖြစ်တယ်
ငါ့ကမ်း ဝဲယာတစ်လျှောက်
ဥယျာဉ်တွေ ဖြစ်တယ်
စိုက်ပျိုးမြေတွေ ဖြစ်တယ်
ကဗျာတွေ ပွင့်တယ် သီးတယ်
ထပ် ပြောတယ်
ငါဟာ မြစ်တစ်စင်း ဖြစ်တယ်။ ။

မောင်အောင်ပွင့် 
(ပိတောက်ပွင့်သစ် - မတ်လ၊ ၂၀၀၇)

ဆရာမောင်အောင်ပွင့်၏ ပြင်ဦးလွင်ခေတ်ပေါ်ကဗျာဆုရ ကဗျာဖြစ်ပါသည်။ 

ဆရာ ခင်လွန်းရဲ့ဖေ့ဘုတ်ကနေ ကူးယူဖော်ပြတာပါ။ သူကတော့ ဒီကဗျာနဲ့ပတ်သတ်ပြီး ဒီလိုမှတ်ချက်ပြုထားလေရဲ့ … (မောင်အောင်ပွင့်ဟာ မြစ်ဖြစ်တယ်။ သစ်ပင်ဖြစ်တယ်။ ကောင်းကင်လဲဖြစ်တယ်။ မြေကြီးလဲဖြစ်တယ်။ ပုရွက်ဆိတ်တကောင်လဲဖြစ်တယ်။ ငြိမ်းချမ်းရေး ချိုးငှက်တကောင်လဲဖြစ်တယ်။ သူဟာ အရာအားလုံးဖြစ်ပြီး အရာအားလုံးကို ချစ်ခဲ့သူဖြစ်တယ်။ ဒါကြောင့် သူဟာ သူပုန်ကဗျာဆရာတယောက်စစ်စစ်လဲဖြစ်ခဲ့ရပီး လူတွေတရှိုက်ရှိုက်မက်မက်ပြောနေတဲ့ အထည်ကြီးကြီးစကားလုံးတွေအားလုံးဟာ သူ့မြေသားပေါ်မှာ သီးပွင့်ပြီးသားအဖြစ် တွေ့နိုင်ကြမှာဖြစ်ပါတယ် ...) 


 

No comments: