Thursday, January 9, 2014

ကျနော် သတိရလိုက်တဲ့အခါ ... (ထက်ရာဇာ)

(နိဒါန်း) 

အဲဒီနေ့က ကျနော် တော်တော်သောက်ဖြစ်တယ်ဗျာ။ ဝီစကီ မသောက်တာကလည်းကြာပြီး သောက်လို့ကောင်းကောင်းနဲ့ သောက်ဖြစ်တယ်။ ပြီးတော့ အမြည်းကလည်း ဝက်သားနဲ့ ဒညင်းသီးကို ချက်ထားတယ် သောက်လို့ကောင်းသလားမပြောနဲ့ သောက်ပြီးတာနဲ့ ဝက်သားဒညင်းသီးချက်ဟင်းနဲ့ ငါးပိထောင်းနဲ့ အမေရိကမှာ ရှားရှားပါးပါးရတဲ့ ကတက်ချည်နဲ့စားပြီး ခဏအိပ်လိုက်တာ မှေးခနဲ ခဏအိပ်ပျော်သွားတယ်။ 

အခန်း(၁) 

ကျနော်ပြန်နိုးလာတော့ ကျနော်နေခဲ့တဲ့ ဦးဝိစာရရပ်ကွက် (မင်းမနိုင်)ရပ်ကွက်ထိပ်မှာ။ ကျနော်လည်း ပျော်လိုက်တာဗျာ ကျနော်နေခဲ့တဲ့တိုက် ၃၁ ကို ပြေးတာပေါ့၊ ကျနော့်အခန်းရှေ့ကိုရောက်တော့ ကျနော်နေခဲ့တဲ့အခန်းက အရင်လိုမဟုတ်ဘဲ ခြံစည်းရိုးတွေ ဘာတွေ ခတ်ထားတယ်ဗျ။ ကျနော်လည်း ဒါ ငါ့အိမ်ကွ ငါ့ကိုဖွင့်ပေးလို့ အကြိမ်ကြိမ်အော်နေပေမယ့် ဘယ်သူကမှ ကျနော့်ကို အဖက်မလုပ်ကြပါဘူး။ 


အဲဒီအချိန်မှာပဲ ဘယ်ကနေဘယ်လို ကျနော် အချစ်ရဆုံး ကျနော့်ရဲ့ခွေး ဘရောင်နီက ကျနော်ဆီကိုပြေးလာပြီး အရင်ကလို တကိုယ်လုံးကို လျှာနဲ့ယက်တော့တာပါပဲ။ (ဒီမှာ ဘရောင်နီအကြောင်း ပြောစရာရှိပါတယ်) ဘရောင်နီကို ဗိုလ်ချုပ်ဈေး ကုန်းကျော်တံတားအောက်က တွေ့တွေ့ခြင်းပဲ သနားလို့ဝယ်လာခဲ့ပြီး အိမ်မှာမွေးဖြစ်ခဲ့တဲ့ ခွေးလေးပါ။ ဝယ်လာခါစက သူ့အရပ် ၅ လက်မလောက်ပဲရှိပေမယ့် ကျနော်နဲ့သူ ခွဲသွားတဲ့အချိန်မှာတော့ သူ့အရပ်က ၃ ပေကျော်သွားခဲ့တဲ့ ခွေးကြီးတကောင်ဖြစ်နေခဲ့ပါပြီ။ 

ထားပါတော့။ ကျနော့် အိမ်ကိုတံခါးခေါက်လို့မရလို့ ကျနော့်ဘေးအိမ်က ငယ်သူငယ်ချင်း ကိုဌေးအိမ်ကို တံခါးသွားခေါက်တော့ ကိုဌေးက တံခါးဖွင့်ပြီး ကျနော့်ကို ကြောင်တောင်တောင်ကြည့်ပြီး တံခါးပြန်ပိတ်သွားတဲ့အခါ ငယ်သူငယ်ချင်းတွေတောင် ကျနော့်ကို မချစ်ကြတော့ပါလားလို့ ကျနော် မျက်ရည်ကြမိပါတယ်။ 

ကျနော်လည်း စိတ်ညစ်ညစ်နဲ့ ဆူးလေလမ်းမဘက်ကို လမ်းလျှောက်ထွက်လာပြီး ဘယ်သွားရကောင်းမလဲလို့ စဉ်းစားမိတဲ့အခါ ပထမဆုံး စဉ်းစားမိတာကတော့ ဘူမိနက်သံဖြစ်တဲ့ လေထန်ကုန်း လက်ဖက်ရည်ဆိုင်ပါပဲ။ ဒါကလည်း ရင်ခုန်သံတူသူတွေ စုစည်းမိတဲ့နေရာကလည်း ဖြစ်နေတာကိုး။ 

ဒီလိုနဲ့ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း လမ်းလျှောက်ထွက်လာရင်း ဗိုလ်ဆွန်ပက်လမ်းရောက်တဲ့အခါ ကိုမြတ်ခိုင်ကို သတိရမိတာနဲ့ ကြီးပွားရေးတိုက်ကိုဝင်ပါတယ်။ ဒီတိုက်ကလည်း ကျနော် မဟာဂျာနယ်နဲ့ အချစ်ဂျာနယ်မှာ အပတ်စဉ်ရေးဖြစ်နေတဲ့ ဂျာနယ်တိုက်ဖြစ်တဲ့အတွက် ကျနော့်အတွက်ကတော့ ရင်းနှီးနေကြနေရာတခုဆိုရင်လည်း မမှားပါဘူး။ ဂျာနယ်တိုက်ကိုဝင်ဝင်ခြင်းမှာပဲ ကိုမြတ်ခိုင်ရဲ့ တပည့်ချွေးမ (ဇေယျာမြတ်ခိုင်ရဲ့ ဇနီး) ပပက ကျနော့်ကိုမြင်မြင်ခြင်း နှုတ်ဆက်ပြီး အကိုနေကောင်းလား ဆရာတို့အလုပ်ရှုပ်နေတယ်အကိုရယ် ... ပပကိုတောင် မနှုတ်ဆက်နိုင်ဘူး ဝင်မနေပါနဲ့ဆိုတာနဲ့ ကျနော်လည်း အားနာပြီး မဝင်ဖြစ်တော့ဘဲ လေထန်ကုန်းကိုပဲ ဆက်လျှောက်ဖြစ်ခဲ့ပါတယ်။ 

၃၃ လမ်းထိပ်ကိုရောက်တော့ ညိုညို တေးသံသွင်းရှေ့ပလက်ဖောင်းက ကျနော်တို့ထိုင်နေကြ လမ်းဘေးလက်ဖက်ရည်ဆိုင်မှာ စာရေးဆရာ ကိုအောင်ခက်ရယ်၊ ကဗျာဆရာ မောင်ချောနွယ်ရယ်၊ စာရေးဆရာ ကိုမင်းနွယ်စိုးရယ်၊ ကဗျာဆရာလှသန်းရယ် ကျနော့်သူငယ်ချင်း ကဗျာစိုးကိုအောင်ရယ်က တဝိုင်း၊ ဟိုဘက်ဝိုင်းမှာကတော့ ၃၃ လမ်းကိုလာလေ့လာကြမရှိတဲ့ အဆိုတော် ကိုခင်မောင်တိုး၊ ကိုစိုးလွင်လွင်၊ ကိုခင်ဝမ်းနဲ့ အကိုဗဒင် ကျနော့်ကိုမြင်တော့ အားလုံးက အံသြ ဝမ်းသာ ဝမ်းနည်းမျက်နှာတွေနဲ့ မင်းကွာဆိုတဲ့ စကားတလုံးကိုပဲ တပြိုင်နက်ထဲ ပြောကြတဲ့အခါ။ 

အခန်း(၂) 

အော် ... ကျနော် အိပ်မက်မက်နေပါလားဆိုတဲ့အသိနဲ့ အိပ်ယာကထ ရေခဲသေတ္တာထဲက ဘီယာတဗူးမော့ပြီး မိန်းမရေ ... ကိုယ် အပြင်ခဏသွားဦးမယ်ဆိုပြီး အိမ်ပြင်ထွက်ခါနီးတော့ သားတော်မောင် လရောင်နဲ့ ကြယ်ရောင်က အိပ်ယာက မနိုးသေးဘူး။ ကားပါကင်သွား ကိုယ့်ကားကို စက်နှိုးတော့ ကားကမနိုးတာနဲ့ လမ်းပဲလျှောက်မယ်ကွာ မထူးပါဘူးဆိုတဲ့အတွေးနဲ့ ကိုယ့်အိမ်ရှေ့ကလမ်းမအတိုင်း လမ်းလျှောက်ထွက်လာတယ်။ နှင်းတွေကလည်း ကျနေလိုက်တာ သိပ်သိပ်သည်းသည်းပဲဗျာ။ 

လမ်းထိပ်ရောက်ခါနီးတော့ တခါကရင်းနှီးခဲ့ဖူးတဲ့ ၉၆ အုပ်စုက ဝင်းနိုင်နဲ့ အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော် ဆက်သွယ်ရေးက ကိုဇော်ထက်ကို တွေ့တော့ ကိုယ့်လူတွေ ဘယ်သွားမှာလဲဆိုတော့ ကျနော့်ကိုပဲ အဖက်မလုပ်ချင်သလိုလို။ အိုကေပါတယ် သူငယ်ချင်းတို့ ကိုယ်က ထက်ရာဇာပါ ဘယ်သူ့ကိုမှဂရုမစိုက်တတ်လို့လည်း ထက်ရာဇာ ဖြစ်နေတာပေါ့။ အေးကလည်းအေး လမ်းကလည်း ဆက်မလျှောက်ချင်တာနဲ့ အိမ်ကိုပဲပြန်လာခဲ့တယ်။ 

အိမ်ထဲကိုဝင်တော့ လူတွေကစုံလိုက်တာ ကိုဦးနဲ့ သူ့အမျိုးသမီး ရဲမေ မသန္တာ၊ အကို လှိုင်မိုးသန်း၊ အကို ဆွေကို၊ ညီလေး ဘိုဘိုကျော်၊ မွန်ဥက္ကဋ္ဌ မင်းကြည်စိန် တော်တော်များများပဲဗျာ၊ အိမ်ထဲမှာ ထိုင်နေလိုက်ကြတာ။ 

ကျနော်ဝင်သွားပြီး ဟေ့လူတွေ ပါတီလုပ်နေကြတာလားလို့ မေးတုန်းမှာပဲ အားလုံးက ပိုက်ဆံတွေ စုနေကြတယ်။ ပြီးတော့ ကျနော့်မိန်းမက ဒီလောက်လူတွေစုံရင် တခုခုချက်ပြုတ်ပြီး ချက်ကျွေးနေကြပေမယ့် ဒီနေ့ကျမှ ကျနော်အိပ်ခဲ့တဲ့အိပ်ယာလေးဘေးမှာ မျက်ရည်အရွဲသားနဲ့။ သူ့ကို ကိုဦးမိန်းမ မသန္တာနဲ့ ဘိုဘိုကျော့်မိန်းမက ဝိုင်းဖက်ထားကြတယ်။ ဘာဖြစ်တာလဲ မိန်းမရေ အားလုံးအတွက် ဘာလုပ်ထားသလဲ ဘာချက်ထားသလဲဆိုတော့လည်း မဖြေပြန်ဘူး။ ဒါနဲ့ ကျနော်ကပဲ ဘာလဲ ဖဲဝိုင်းလုပ်ဖို့လားလို့မေးတော့လဲ ဘယ်သူမှ မဖြေကြပြန်ပါဘူး။ 

အဲဒီအချိန်မှာပဲ နောက်ကနေ ပုခုံးကို လက်နဲ့ပုတ်ပြီး သူတို့ဘာသာ နေပါစေကွာဆိုတဲ့အသံကြားလို့ လှည့်ကြည့်လိုက်မိတဲ့အခါ ပြုံးပြုံးကြီးရပ်နေတာက ကျနော်တို့နဲ့ ထာဝရ ခွဲခွာသွားတာကြာခဲ့ပြီဖြစ်တဲ့ ကျနော့်ရဲ့ ရဲဘော်ကြီး ရဲဘော်ကွမ်းသီး။ ဟာ ... ...။ ကျနော် သတိရလိုက်တဲ့အခါ... ။ 

ထက်ရာဇာ 
ခေတ္တ (အမေရိက) 
ဇန်နဝါရီလ ၆၊ ည ၁၂ နာရီ 

မှတ်ချက်။ ။ ဒီအက်ဆေးတွင် ပါဝင်ကြသည့် (ကွယ်လွန်သူများ)ကတော့ စာရေးဆရာ အောင်ခက်၊ စာရေးဆရာ မင်းနွယ်စိုး၊ ကဗျာဆရာ မောင်ချောနွယ်၊ ကဗျာဆရာ လှသန်း၊ ကဗျာဆရာ ကိုစိုးကိုအောင်၊ ဇေယျာ့ဇနီး ပပ၊ အဆိုတော် ခင်မောင်တိုး၊ အဆိုတော် ပန်းချီဆရာ ခင်ဝမ်း၊ အဆိုတော် စိုးလွင်လွင်၊ အဆိုတော် ဗဒင်၊ ရဲဘော်ကွမ်းသီး နှင့် ကျနော်ရင်နှင့် ရင်း၍ချစ်ခဲ့ရသော ကျနော့်ရဲ့ ခွေးဘရောင်နီ တို့အားလုံး ကောင်းရာသုဂတိလားကြပါစေ။

 

No comments: