Tuesday, August 20, 2013

ကုတ်ကမြင်း (ဆောင်းလူ)

ကွိုင်ပဲ ... လုပ်ကြပါဦးဟ ...

ဟေ့ အခြေအနေကြည့်လေကွာ ... လခွီးနဲ့မှ ... မသိမသာလုပ်လိုက် ... အကုန် ကွိုင်ကုန်တော့မှာပဲ ...။ 

ဝှီး ... ဘုတ် ... ဟူး ... 

++++ 

မလွယ်ပါ ... တကယ့်ကို မလွယ်ပါ ...။ လုပ်တုန်းကတော့ ကောင်းပြီး ... ခုလိုကျတော့ .. တော်တော့်ကို ရင်ပူရပါတယ် ...။ အားလုံးမသိလိုက်တာပဲ ကောင်းပါတယ် ...။ ဘုန်းဘုန်းတို့က ဘန်ကောက်က လမ်းလျှောက်ပဲ ဆင်းလာတာ ..။ တပည့်တော်တို့က ဒီမှာ အစောင့်အရှောက်နဲ့ ...။ ပတ်ဝန်းကျင်တွင် လက်နက်ကိုင်ဆောင်ထားသည့် ထိုင်းစစ်သား နှစ်ယောက်တတွဲဖြင့် ဟိုကြည့် သည်ကြည့်နှင့် ကျနော်တို့ ရပ်ကွက်ဘကြီးအား ပိတ်ဆို့၍ထားလေသည်။ ဒီကြားတဲ့ ကျနော်တို့မှာ မဟုတ်တာက လုပ်ထားမိ၍ ကြောက်စိတ်က ကဲနေသည်။ ဟူး ...ဟူး .. တော်တော်လေး မောပါတယ် ...။ 


လိုင်းချင်းမတူသည့်အတွက် လူတော်တော်များများက သူတို့အပူနဲ့ သူတို့ဆိုတော့ ကျနော်တို့ကို သတိထားမိမည် မထင်ပါ..။ ကျနော့်စိတ်ထဲမှလည်း ပစ်ထုတ်လိုက်ရသည့်အတွက် မိမိအပါအဝင် လှေ့ဖော်လှေ့ဖက် ခွေးသားလေးတွေ ကံကောင်းလို့ ... ဆိုပြီး စိတ်မောရပါတယ် ...။ 

ခုရက်ပိုင်း ဘန်ကောက်ကနေ ဘုန်းဘုန်းတို့ လမ်းလျှောက်ဆင်းလာပြီး ဆန္ဒပြမယ်တဲ့ ...။ ဘာသိဘာသာ .. ဘာမှမသက်ဆိုင်သလို ...။ နေ့စဉ်လုပ်နေကြဇယားအတိုင်း ငထူးနဲ့ တယောက် ၆ လိပ်လောက်ရအောင် ရိုက်သည် ...။ ရိုက်ချက်သည် ... မြန်လာသည် ..၊ သွက်လာသည်၊ သုခိတာ ဟူသည့် ဖက်ကြမ်းလိပ်လေးများသည် ရှုချင်သဖွယ် ..ဖွာချင်သဖွယ် ...။ သို့သော် လူမသိအောင် လုပ်ရသည် ...။ ကျနော်တို့ သိုသိုသိပ်သိပ်လုပ်ကြသည် ...။ ရနံ့သည် မွှေးပျံ့၏ ...။ မနိုင်ပါက စိတ်အား ရူးစေတတ်၏ ။။။ 

ငထူးနဲ့ စခန်းထဲကနေ တကီလိုမှာထားသည် ...။ မလာသည်က အရိုးတွေရော ..အစေ့တွေရော ... အကြမ်းထည်လိုက်ကြီး ..။ ဟိုမှာတော့ ဆင်ကျွေးသည်ဆိုလား .. ။ မထူးပြီ ... ဆင့်အစာလည်း လူ့အစာပင် ...။ နောက်ပိုင်း ဆင်တွေလည်း ငတ်ကုန်သည် ...။ မလွယ်ပါ ..။ လူသိလည်း မခံဝံ့ ...။ 

နောက်ဆုံး ငထူး ... မလာသည်အား ... ကျနော်တို့ နေ့န့ညည ဆွဲ၏။ ဘေးခန်းမှ မျက်မှန်သည်ကား မဆွဲ ..။ သူ့အတွက် ယစ်ရွှေရည် သီးသန့်တိုက်ရသည် ...။ 

ဘုန်းဘုန်းတို့ မဲဆောက်ရောက်မယ့်နေ့ ကျနော်တို့သည်ကား ထိုင်းစစ်တပ်၏ပိတ်ဆို့မှုကြောင့် တိုက်ထဲမှ အပြင်မထွက်ရဲ... ။ ပိုဆိုသည်ကား ကျနော်၏အခန်းထဲတွင် ကျနော်တို့ လှေ့ရင်း လှေ့ရင်း ဖယ်ထားသည့် အစေ့ထုတ်ကြီးကား ရှိနေသည် ...။ ကြောက်စိတ်သည် ငယ်ထိပ်ဆီသို့ ...။ မတတ်နိုင် .. လုပ်မှဖြစ်မည် ...။ နို့မဟုတ်ပါက ... 

ဟေ့ အခြေအနေကြည့်လေကွာ .. လခွီးနဲ့မှ .. ... 

ဝှီး ... ဖုတ် .. ဖတ် ... 

အစေ့ထုတ် ပစ်လိုက်သည့်အသံသည် အတော်ကြီး ကျယ်လောင်ခဲ့သည် ...။ စိတ်ထဲတွင် ကျိတ်ဆုတောင်းမိသည် ... အပင်မပေါက်စနှင့်ဟု ...။ 

ယခုတွင်ကား ... ကျနော်သည် ထိုင်းနိုင်ငံတွင်နေ၍ မလှေ့အားတော့ပါ ... ငထူးသည် နယူးဇီလန်တွင်နေ၍ လှေ့ကောင်းလှေ့နေလိမ့်မည် .. မောင်ဉာဏ်သည် အမေရိကားတွင်နေ၍ ဒေါ်လာပေး၍ လှေ့နေမှန်းသိသည် ...။ ငထူးအကို ကိုထူးကား ဆွီဒင်တွင်နေ၍ လှေ့မည်လည်း မဟုတ် ... လှော်မည်လည်း မဟုတ် ...။ အမေရိကားမှ မောင်သက်သည်ကား .. ဗူးပင်တွေချည်း တွင်တွင်စိုက်ကာ .. ထိုအပင်များကြားတွင် ... ဘာရှိမည်ကို ကျနော် သိ၏ ...။ 

ထို ရဲဘော်ရဲဘက်များထဲမှ ကျနော်သည်ကား ကုတ်ကမြင်းဖြစ်၏ ...။ အကြောက်လွန်၍ ပစ်ထုတ်မိလိုက်သော အစေ့ထုတ်အား စိတ်မှန်းဖြင့်တွက်ပါက ... ခုချိန်တွင် ဆင်တို့သည်လည်း စားလောက်၏ ... ကျနော်တို့သည်လည်း စားလောက်၏ဟု ဆင်ခြင်မိ၏ ...။ 

စာရှုသူ အပေါ်တွင်ဖတ်ခဲ့ရသည့် ... ဝှီး ... ဖုတ် ... ဖတ်သည် .. ကျနော် ကုတ်ကမြင်း ပစ်ထုတ်ခဲ့သော အစေ့ထုတ်ဖြစ်၏...။         ။


ဆောင်းလူ
သြဂတ်စ် ၂၀၊ ၂၀၁၃ 



 

No comments: