Monday, August 16, 2010

စစ်အာဏာရှင်တို့ နေဝင်ချိန် (၁)

ဒီလိုလူများစွာဘက်က ဒဏ်တွေခံခဲ့ရ၊ ပြေးခဲ့ကြရပေမယ့် ချမ်းသာတဲ့သူတွေ လွှမ်းထားတဲ့ ချီလီ လက်ယာပါတီ တချို့၊ အဲဒီအချိန်က နိုင်ငံတခုခုမှာ လက်ဝဲတွေ အာဏာရလာတာကို မလိုလားတဲ့ အမေရိကန်က နစ်ဆင် အစိုးရ စတာ စတာတွေကတော့ ပီနိုရှေး အာဏာသိမ်းမှုကို ထောက်ခံခဲ့ကြပါတယ်။ အမေရိကန် CIA ကိုယ်တိုင်ပင် ချီလီအာဏာသိမ်းမှုအတွက် ဝင်ကူညီခဲ့ပါတယ်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပီနိုရှေးနဲ့အပေါင်းအပါတို့ လူမဆန်တဲ့ ဖိနှိပ်မှုနဲ့အတူ ဆက်ပြီးတော့ လိုက်လာတာကတော့ စီးပွားရေးပြုပြင်ပြောင်းလဲရေး အစီအစဉ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ပြင်ဆင်မှုပါ။ စီးပွားရေး ပြုပြုပြောင်းလဲရေးတွေလုပ်၊ စီးပွားရေး အောင်မြင်ရင် လူထုထောက်ခံမှု ပြန်ရလာပြီးတော့ တနည်းအားဖြင့် တရားမဝင်ယူထားတဲ့ နိုင်ငံရေးအာဏာကို တရားဝင်လာလေဟန် ပုံဖမ်းလို့ရနိုင်တာကိုး။

အဲဒီ စီးပွားရေးဆိုင်ရာ အပြောင်းအလဲတွေကို အမေရိကန် ချီကာဂို ယူနီဗာစတီက ဆင်းခဲ့တဲ့ ချီလီနိုင်ငံသား စီးပွားရေးပညာရှင်တွေ ဦးဆောင်တာဆိုတော့ ချီကာဂိုဘွိုင်းတွေလို့ သူတို့ကို လူသိများကြပါတယ်။ သူတို့ရဲ့ ပြုပြင်ပြောင်းလဲရေး တွေက လက်တွေ့မှာတော့ …

“သူတို့ ၃ နှစ်စီမံကိန်း စီးပွားရေး အစီအစဉ်တွေလုပ်တယ်၊ ချီလီစီးပွားရေးကို ကုစားဖို့ ရှော့ရိုက်ပြီးကုတယ်လို့ ဆိုကြပါတယ်။ ဘာဖြစ်လာလဲဆိုတော့ ဈေးနှုန်းတွေက တက်ကုန်တယ်၊ လုပ်ခတွေက နည်းလာတယ်။ ဒီတော့ အခြေခံ ပြည်သူတွေအဖို့ တဖက်မှာက ပြင်းထန်တဲ့နိုင်ငံရေးဖိနှိပ်မှုတွေနဲ့ တွေ့နေရတယ်။ တဖက်မှာကျတော့ စီးပွာရေး အဆင်မပြေမှုရဲ့ဒဏ်ကို ဆိုးဆိုးဝါးဝါး ခံကြရတယ်။

ဒီတော့ အစိုးရကို ပုန်ကန်ဖို့၊ ဆန္ဒပြဖို့ မစဉ်းစားနိုင်အောင် ကြုံခဲ့ကြရတာဖြစ်တယ်။ ဒါတွေက အာဏာသိမ်းပြီး နောက်တနှစ်လောက်က စကြုံနေကြရတာဖြစ်ပြီးတော့ ၁၉၈၀ နှစ်တွေလည်း စဝင်လာရော နိုင်ငံတကာမှာ စီးပွားရေးကျဆင်းမှုနဲ့တိုးတော့ အခြေအနေက ပိုဆိုးလာတာပေါ့”

တချိန်တည်းမှာပဲ အာဏာရှင် ပီနိုရှေးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစားထိုးဖို့ အာဏာသိမ်းတဲ့ စက်တင်ဘာလ ကတည်းက စပြီးတော့ ကော်မရှင်တခုဖွဲ့ကာ ပြင်ဆင်နေစေပါတော့တယ်။ ဒါက အာဏာရှင်တွေဘက်က အပြင်အဆင်တွေ၊ ခြေလှမ်းတွေပါ။

ဒါပေမယ့် ဖိနှိပ်ခံနေရတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ အခြေခံပြည်သူတွေရဲ့ လှုပ်ရှားမှုတွေကိုတော့ သူတို့ လုံးဝ ရပ်သွားအောင်လုပ်ဖို့ရာမှာ မစွမ်းသာခဲ့ပါဘူး။

“ပထမဆုံး ဆန္ဒပြပွဲတွေအဖြစ် ပြန်ထွက်လာတာကတော့ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုပါ။ ၁၉၇၇ ခုနှစ်ပိုင်းလောက်မှာ စထွက်လာပါတယ်။ အထူးသဖြင့် စစ်အစိုးရတပ်ဖွဲ့ဝင်တွေရဲ့ အသတ်ခံခဲ့ရသူတွေ၊ ပျောက်ဆုံးသွားသူ တွေရဲ့မိခင်တွေ၊ ဆွေမျိုးသားချင်းတွေရဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေပါ။ သူတို့က လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် ဆန့်ကျင် ဆန္ဒပြကြပါတယ်။ ခရစ်ယာန် ဘာသာရေး အဖွဲ့အစည်းတွေကလည်း ဝိုင်းဝန်းကူညီကြပါတယ်။ လူ့အခွင့်အရေး တောင်းဆိုမှုနဲ့ စစ်အစိုးရကို စတင် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေပေါ့”

အဲဒီအမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေက ထိရောက်မှု ဘယ်လောက်အထိရှိလဲလို့ ဆိုနိုင်မလဲခင်ဗျ။

“ထိရောက်တာပေါ့၊ တကယ့်ကို ထိရောက်တယ်လို့ ကျမ ထင်ပါတယ်။ သူတို့ဟာ စစ်အစိုးရကို စတင်ဆန္ဒပြတဲ့ လမ်းကို စဖွင့်ပေးလိုက်တယ်။ ဒီနောက်မှာ တခြား Civil Society အဖွဲ့အစည်းတွေလည်း လိုက်ပါလာကြတာတွေ ဖြစ်လာပါတယ်။ ချီလီမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်နေတာကို နိုင်ငံတကာက မသိစေချင်တဲ့ စစ်အစိုးရကို ဒီလှုပ်ရှားမှုတွေက အတော် ကသိကအောက် ဖြစ်သွားစေခဲ့ပါတယ်။ သူတို့လှုပ်ရှားမှု စည်းရုံး ဆောင်ရွက်ပုံကလည်း အတော့်ကို စနစ်တကျ ရှိပါတယ်။ ဒီလှုပ်ရှားမှုတွေကြောင့် ချီလီစစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂက ရှုတ်ချတဲ့ဆုံးဖြတ်ချက်တွေ နှစ်စဉ် နှစ်တိုင်း ချခဲ့ရတဲ့အထိ ထိရောက်ခဲ့ပါတယ်”

အဲဒီကာလက ဒီလိုအရပ်သားတွေရဲ့ လှုပ်ရှားမှုတွေကို အမျိုးအစားခွဲကြည့်မယ် ဆိုလို့ရှိရင် ဘယ်လိုမျိုး တွေ့ရလဲဗျ။

“Civil Society အဖွဲ့အစည်းတွေကိုကြည့်ရင် ပုံစံ ၃ မျိုးနဲ့ တွေ့ရပါတယ်။ လူ့အခွင့်အရေးကို အဓိက လှုပ်ရှားကြတဲ့ ကျောင်းသားလှုပ်ရှားမှုတွေ၊ အမျိုးသမီးလှုပ်ရှားမှုတွေ၊ တခါ ဆင်းရဲလွန်းတဲ့လူတွေနေတဲ့ အပိုင်းက စုဖွဲ့လှုပ်ရှားမှုတွေ၊ တခါ မြေအောက်ပါတီတွေအဖြစ်ရပ်နေတဲ့ နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှုတွေပါ။ ဒီအဖွဲ့အစည်းတွေရဲ့ကြားမှာ ဆက်စပ် လုပ်ကိုင်ကြပါတယ်”

ဒေါက်တာ မာဆီယာရီးယိုးစ်ပါ။ စစ်အာဏာသိမ်းစဉ် ၁၉၇၃ ကာလက တက္ကသိုလ် ကျောင်းဆရာလည်းဖြစ်၊ ခရစ်ယာန် ဒီမိုကရက်တစ်ပါတီမှာ ခေါင်းဆောင်တဦး လည်းဖြစ်နေသူ မစ္စတာ အီနက်စတို ဘက်ဘွန်တင် ကလည်း …

“ကျနော်တို့နိုင်ငံရေးလှုပ်ရှားမှုတွေကို ဆက်လက်တည်တံ့နေအောင် လုပ်ကြတယ်။ လူထုကြားမှာ နယ်မြေအလိုက် စုဖွဲ့ထားတာတွေ ရှိတယ်။ အလုပ်သမားသမဂ္ဂတွေ ရှိတယ်။ အမျိုးသမီးအဖွဲ့တွေ ရှိတယ်။ ကျောင်းသားသမဂ္ဂတွေ ရှိတယ်။ အားလုံး ကွန်ယက်သဘော ဆက်စပ်ထားတယ်။ အားလုံးက လျှို့ဝှက်လုပ်ကြရပါတယ်။

ဒါပေမယ့် ဆွေးနွေးပွဲတွေ၊ အမြင်ဖလှယ်တာတွေ ဆက်သွယ်ပြီးတော့ လုပ်ကြတယ်။ နိုင်ငံရေးအရ စာစောင်စာတမ်းတွေလည်း ဖြန့်ကြတာပေါ့။ ကျနော်စာရေးမယ်ဆိုရင် လျှို့ဝှက်ကလောင်နာမည်တွေနဲ့ ရေးတာတွေ လုပ်ပါတယ်။ တဖက်က လျှို့ဝှက်လုပ်ရသလို ဒီမိုကရက်တစ် အဖွဲ့အစည်းတွေဖြစ်တာမို့ တဦးသဘောထားတဦးနဲ့ ညှိနှိုင်းမှုကိုလည်း အလေးထားရပါတယ်”

အဲဒီတုန်းက ဘယ်လိုလမ်းစဉ်မျိုးတွေကို ကိုင်စွဲခဲ့ကြပါသလဲခင်ဗျ။

“ကျနော်တို့ အိန္ဒိယက မစ္စတာ ဂန္ဓီကိုင်စွဲခဲ့တဲ့ နည်းဗျူဟာအတိုင်း အကြမ်းမဖက်ဘဲ အာဏာရှင်စနစ်ကို တော်လှန် တိုက်ခိုက်တဲ့ နည်းဗျူဟာကိုပဲ ကိုင်စွဲခဲ့ပါတယ်၊ စစ်တိုက်တဲ့နည်းကို မသုံးဘူး။ ရည်ရွယ်ချက်ကတော့ ချီလီမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးပဲ။ ကျနော်တို့သွားခဲ့တဲ့ နည်းကတော့ ငြိမ်းချမ်းရေးနည်းလမ်းပါပဲ”

ဒါကတော့ ခရစ်ယာန်ဒီမိုကရက်ပါတီခေါင်းဆောင်တဦးအဖြစ် အဲဒီအချိန်က လျှို့ဝှက်လှုပ်ရှားခဲ့သူ မစ္စတာ အီနက်စတို ဘက်ဘွန်တင် ပါ။ သူက နောက်ပိုင်း လွတ်မြောက်လာတဲ့ခေတ်မှာတော့ ၁၉၉၄ နဲ့ ၉၈ ကြားမှာ ချီလီမှာ လွှတ်တော် အမတ်အဖြစ် လုပ်ဆောင်ခဲ့ဖူးပါတယ်။

ဒီလိုနဲ့ ချီလီဟာ ၁၉၈၀ ကိုဝင်လာပါပြီ။ ၁၉၈၀ ဟာ စစ်အာဏာရှင်တို့ဘက်က ကြည့်မယ်ဆိုရင် သူတို့ခြေလှမ်းကို နောက်ထပ်တဆင့် တိုးပြီးတော့ လှမ်းလိုက်တဲ့နှစ်ပါ။ ၁၉၇၃ အာဏာသိမ်းစဉ်ကတည်းက သူတို့စိတ်ကြိုက် ရေးလာခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုဖို့အတွက် ပြည်သူ့ ဆန္ဒခံယူပွဲကို ၁၉၈၀ မှာ လုပ်ဖို့ ပြင်ဆင်လာပါတော့တယ်။ ဒီလို ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်အစိုးရတို့အဖို့ ဘာကြောင့်မို့ လိုအပ်နေတာပါလဲ။

“ကျမ အမြင်အရပြောရရင်တော့ သူတို့က အရင်နိုင်ငံရေးပုံစံကို ဖြိုချပစ်ပြီး သူတို့ကြိုက်တဲ့ ပုံစံသစ်ချဖို့အတွက် လုပ်တာပါ။ ချီလီမှာ ဥပဒေတွေ၊ စည်းမျဉ်းတွေချတာ လိုက်နာကြတာက အစဉ်အလာအရ သေသေချာချာ ပေါ်ထွန်းပြီးသားပါ။ ဒီတော့ သူတို့အနေနဲ့ ဒီဥပဒေအရလုပ်တာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်တာမျိုးလို ဆိုတာမျိုးဖြစ်အောင် ပြင်ဆင်ရတာပါ။

တနည်းအားဖြင့် သူတို့ကိုယ်သူတို့ တရားဝင်သွားအောင်လုပ်တဲ့ ရည်ရွယ်ချက်ပါ။ နောက်တချက်ကတော့ နိုင်ငံတကာရဲ့ဖိအားကို ဒီမှာဖွဲ့စည်းပုံအခြေခံဥပဒေရှိတယ်၊ လူထု ဆန္ဒခံယူပွဲနဲ့ အတည်ပြုထားတာ စသည်ဖြင့်ပြပြီး ဖိအားတွေကို ရှောင်ရှားလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာလည်းပါတယ် လို့ ကျမ မြင်ပါတယ်”


ဒီတော့ ဒီ ၁၉၈၀ စက်တင်ဘာမှာလုပ်တဲ့ လူထုဆန္ဒခံယူပွဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်ခံ မခံမေးရာမှာ ဒါ လက်ခံရေးဘက်က နိုင်သွားပါတယ် ခင်ဗျ။ အဲတော့ လူထုကလက်ခံတယ်လို့ ပြောလို့မရနိုင်ဘူးလား။

“လူထုဆန္ဒခံယူပွဲကတော့ လွတ်လပ်ပြီးမျှတတဲ့စံနှုန်းတွေနဲ့ တိုင်းတာရင် အနိမ့်ဆုံးဆန္ဒတောင် မရှိဘူးလို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တိုင်းက သုံးသပ်ကြပါတယ်။ ဖွဲ့စည်းပုံအခြေခံထဲ ဘာတွေပါသလဲ ဆိုတာကို လူတွေက ကောင်းကောင်း မသိကြပါဘူး။ ဘာတွေပါတယ်ဆိုတာကို လူထုကြားထဲမှာ ပြောဖို့ဆိုတာကလည်း သိတဲ့အတိုင်း စစ်အစိုးရက အုပ်ချုပ်ထားတာဆိုတော့ လူတွေအနေနဲ့ အမြဲကြောက်ရွံ့နေရတဲ့အနေအထားအောက်မှာပါ။

ဒီတော့ မပြောနိုင်ကြပါဘူး။ တကယ်တမ်း မဲထည့်ကြတဲ့အခါကျတော့လည်း မဲလိမ်တဲ့သတင်းတွေက အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ တယောက်တည်းက မဲ နှစ်ခါ သုံးခါ လာထည့်တာတို့၊ အရင်ကတည်းက ကွယ်လွန်ပြီးသား လူတွေရဲ့နာမည်နဲ့ မဲထည့်ထားတာတို့ အစုံပါပဲ”

နိုင်ငံရေးပညာရှင် ဒေါက်တာ မာဆီလာ ရီးရိုစ်ရဲ့ အဖြေပါ။

ဘယ်လိုပဲ အမှန်တရားတွေက ရှိခဲ့ ရှိခဲ့၊ အများသူငါ သေချာစွာနားမလည်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွတ်လွတ်လပ်လပ် မဲပေးခွင့်မရတဲ့ ပြည်သူ့ဆန္ဒပွဲ ရလဒ်နဲ့ ဗိုလ်ချုပ်ကြီး ပီနိုရှေးတယောက်ကတော့ အတည်ပြု သွားနိုင်ခဲ့ပါပြီ။

ဆက်လက်ဖော်ပြပါမယ်။


No comments: