“အဲဒီအဖြစ်အပျက်က တကယ့်ကို အရေးကြီးပါတယ်။ အရင်တုန်းက ပီနိုရှေးကို ချီလီမှာ ခုံရုံးတင် တရားစွဲနိုင်လိမ့်မယ်လို့ ဘယ်သူမှ မမှန်းဆနိုင်ခဲ့ပါဘူး။ အင်္ဂလန်က ပြန်လာပြီး ၆ လအကြာမှာပဲ တရားစွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကျန်းမာရေးကို အကြောင်းပြပြီး တရားခွင်ကိုမလာခဲ့တာတော့ သူလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်ကစပြီး သူ့ဇာတ်လမ်းက ပြီးသွားပါပြီ။ သူ နိုင်ငံရေးအရ သေသွားပါပြီ”ပီနိုရှေးတယောက် ၂၀၀၆ ခုနှစ် သူ ကွယ်လွန်ချိန်အထိ တရားရုံးမှာ တရားရင်ဆိုင်ခဲ့ရပါတယ်။ အာဏာရှင်ရဲ့ ဇာတ်လမ်းကတော့ ပြီးခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် သူထားခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ အခုအထိ ပြောစရာတွေ အများအပြားပါ။ ၂၀၀၅ ခုနှစ်မှာတော့ အရေးကြီးတဲ့ပြင်ဆင်မှုတွေကို ပြုလုပ်နိုင်ခဲ့ပြီးတော့ စစ်တပ်က လွှမ်းမိုးထားမှုတွေကို ပယ်ဖျက်နိုင်ခဲ့ပါတယ်။ မစ္စတာ လူ့ကပ်စ်ဆီရာယာက …
“အတိုက်အခံက ဒီလွှတ်တော်သက်တမ်း ၃ ကြိမ်ဆက်တိုက် အနိုင်ရလာတော့မှ ၂၀၀၅ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အရေးကြီးတဲ့ ပြောင်းလဲမှုတွေကို လုပ်လာနိုင်ပါတယ်။ နိုင်ငံရေးအာဏာက စစ်တပ်ခေါင်းဆောင်တွေအပေါ်ကို လွှမ်းလာနိုင်တာ၊ အထက်လွှတ်တော်မှာ တိုက်ရိုက်ရွေးချယ်ခန့်အပ်တဲ့ အမတ်တွေကိစ္စပယ်ဖျက်နိုင်တာ စတဲ့ အရေးကြီးတဲ့ ပြောင်းလဲမှုတွေပါ”
အဲဒါဆိုရင်ဗျာ၊ အခုလောလောဆယ် ချီလီမှာရှိနေပြီဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ဒီမိုကရေစီနိုင်ငံတခုမှာ ရှိသင့်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တခုလို့ ပြောနိုင်ပြီလားခင်ဗျ။
“ဟား … … အတော့်ကို မေးစရာကောင်းပြီးတော့ ဖြေရအင်မတန်ခက်တဲ့ မေးခွန်းပါ။ ဒီဖွဲ့စည်းပုံက ဒီမိုကရေစီနည်းလမ်းနဲ့ ပေါ်လာတာ မဟုတ်ပါဘူး။ တဖက်မှာလည်း ၁၉၉၀ နောက်ပိုင်းကစပြီးတော့ ပြင်ဆင်လာခဲ့တော့ တဖြည်းဖြည်းနဲ့ ဒီမိုကရက်တစ် ဖွဲ့စည်းပုံအခြေခံဥပဒေဘက်ကို နီးလာတဲ့သဘော ရှိပါတယ်။ တကယ့်ဒီမိုကရက်တစ်ဖွဲ့စည်းပုံအဆင့်ကို ရောက်တဲ့အထိတော့ မဖြစ်သေးပါဘူး”
နိုင်ငံရေးသိပ္ပံပညာရှင် ဒေါက်တာ မာဆီးလာရီးရို့စ်ကတော့ ချီလီဖွဲ့စည်းပုံ ဥပဒေနဲ့ပတ်သက်ပြီးတော့ ဒီမိုကရေစီနည်းကျ ရှိလာပြီလားဆိုတဲ့ အမေးကို အခုလိုအဖြေပေးပါတယ်။
“ဒီဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရက်တစ်နည်းလမ်းအရကော၊ တရားဝင်မှု ဘက်ကကြည့်ရင်ကော ဘာမှ မပြည့်စုံပါဘူး။ စစ်အစိုးရလက်အောက်မှာ ပြည်သူအများနှင့်မတိုင်ပင်ဘဲနဲ့ သူတို့သဘောအတိုင်း လုပ်ထားတဲ့ ဖွဲ့စည်းပုံက တရားမဝင်နည်းနဲ့ လုပ်ထားတာပဲလေ။ ဒီတော့ အစကတည်းကိုက တရားမဝင်ဖြစ်နေတာ ဒါပေမယ့် တကယ်တမ်း လက်တွေ့ကျကျ ပြောမယ်ဆိုရင် အခုအချိန်မှ ဒါတွေအားလုံး ပြန်လှန်ပစ်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒီတော့ ဖွဲ့စည်းပုံဥပဒေမျိုးဟာ စပြီး အခြေခံအဆင့်မှာ စလုပ်ကတည်းက တရားနည်းလမ်းကျခဲ့ဖို့ အင်မတန်မှ အရေးကြီးပါတယ်”
သောတရှင်များခင်ဗျား … စစ်အာဏာရှင်တို့ ဒီမိုကရေစီကို ပယ်ဖျက်၊ ဖိနှိပ်မှုတွေ၊ အတင်းတည်ဆောက်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ထပ်ဆင့်ထပ်ဆင့် အာဏာကိုကိုင်စွဲခဲ့တဲ့ ချီလီမှာ ချီလီပြည်သူတွေရဲ့တိုက်ပွဲတွေ၊ ကမ္ဘာ့ရေစီးကြောင်း အပြောင်းအလဲတွေရဲ့ တွန်းထိုးအားတွေနဲ့ ချီလီဟာ လွတ်မြောက်နေတဲ့နိုင်ငံတခု၊ သာယာနေတဲ့နိုင်ငံတခုအဖြစ် ပြန်လည် ဝင့်ထည်နေပါပြီခင်ဗျ။
စစ်အာဏာရှင်တို့ရဲ့နေဝင်ချိန် အစီအစဉ်မှာ ချီလီနိုင်ငံအကြောင်းကို ကိုရင်မောင် တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။
No comments:
Post a Comment