Tuesday, November 19, 2013

ဘယ်ကလာပြီး ဘာတွေလုပ်လို့ ဘယ်သွားမှာလဲ ဒီဗွီဘီ ... (ကိုညို)

အခုရက်ပိုင်းအတွင်း အော်စလိုမှာ DVB အသံလွှင့်ဌာန ပိတ်ပွဲအခမ်းအနားကို ခမ်းခမ်းနားနားလုပ်ဖို့ တာစူနေကြတယ်။ ပြည်တွင်းနဲ့ ချင်းမိုင်၊ မဲဆောက် အခြေစိုက် DVB ဝန်ထမ်းတချို့ရယ်၊ ဟိုးအစောပိုင်း DVB တည်ထောင်စ ပါဝင်ခဲ့တဲ့ လူဟောင်းတွေကိုရော သတိတရ ဖိတ်ကြားပြီး မနက်ကိုးနာရီခွဲကနေ ညနေ လေးနာရီထိ ရှေ့ကြောင်းနောက်ကြောင်းတွေ ပြန်သုံးသပ်တင်ပြကြမယ်လို့ ကြားတယ်။ 

နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း စကားနည်းနည်းပြောမယ် ကြားတယ်။ ဒီပိတ်ပွဲကို မြန်မာပြည်က စာရေးဆရာ ဂျာနယ်လစ်တချို့ကိုလည်း ဖိတ်တယ်...။ သတင်းထောက်တွေရောဆို လူ ၂၀ ကျော်မယ် ထင်တယ်။ ပြည်တွင်း ဂျာနယ်လစ်စ်တွေကတော့ နော်ဝေးအပြင် ဆွီဒင်၊ ပြင်သစ် စတဲ့ ဥရောပနိုင်ငံတချို့ ခရီးဆက်မယ် သိရတယ်။ ဒီပွဲကြီးတခုလုံးအတွက် နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ Open Society Foundation ရယ်၊ နော်ဝေးအခြေစိုက် Fritt Ord Foundation အဖွဲ့တွေက ငွေကုန်ကြေးကျခံတယ်လို့ စုံစမ်းသိရတယ်။ တကယ်တော့ DVB ဟာ လာခြင်း ကောင်းခဲ့ပေမယ့် ပြန်ခြင်းမလှရှာဘူး။ ပေါ်ပေါက်စက ပြည်သူ့သြဘာသံ တညံညံရခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ ပြည်သူရဲ့ ထွီ... ထွမ်... အခြေစိုက်ဖို့ဖြစ်သွားပြီလို့ပဲ မထောက်မညှာ ပြောရတော့မယ်။ 


၁၉၉၂ ဇူလိုင် ၁၉ ရက်မှာ DVB ရေဒီယိုကို စတင်လွှင့်ခဲ့တယ်။ ကျနော်တို့နယ်စပ်နဲ့ ပြည်ပနိုင်ငံတွေမှာ ဒီမိုကရေစီတော်လှန်ရေးလှုပ်ရှားသူတွေ နှစ်ထောင်းအားရဖြစ်ကြတယ်။ ဒါဟာ ငါတို့အသံလို့ခံယူပြီး တတ်နိုင်သလောက် ဝန်းဝိုင်းပံ့ပိုးခဲ့ကြတယ်။ ကျနော်ဟာ အဲဒီကာလက သတင်းထောက်တယောက်မဟုတ်ပေမယ့် အိန္ဒိယနိုင်ငံကနေ ကိုယ့်ဖာသာ အိပ်စိုက်ပြီး ဖက်စ်ဖိုး၊ တယ်လီဖုန်းဖိုး အကုန်ကျခံ သတင်းတွေ ပုံမှန်ပေးပို့ခဲ့တယ်။ ငါတို့ ရေဒီယို... ငါတို့ဝန်းရံရမယ်ဆိုတဲ့မူမျိုး ရှိခဲ့ကြတယ်။ ကိုယ်မှ မဟုတ်ဘူး၊ တခြား အရပ်မျက်နှာအစုံက တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေကလည်း DVB ကို ဝိုင်းဝန်းပံ့ပိုးခဲ့တယ်။ 

DVB ပေါ်လာတာကလည်း တခြား BBC၊ VOA နဲ့ နောက်ပိုင်း RFA တို့ ပေါ်လာပုံနဲ့ တူမှမတူတာ။ BBC နဲ့ VOA ကတော့ ထားပါတော့လေ။ RFA တောင် DVB လိုမျိုး မြန်မာ့ဒီမိုကရေစီအရေး ကြွေးကြော်သံနဲ့ ပေါ်လာတာမဟုတ်ဘူး။ ဆိုဗီယက်ယူနီယံကြီး ပြိုကွဲသွားတဲ့ စစ်အေးတိုက်ပွဲကာလ Radio Free Europ အောင်မြင်လို့ အဲဒီပုံစံယူပြီး တရုတ်ကွန်မြူနစ်ကို ပစ်မှတ်ထားပြီး Radio Free Asia လို့ ပေါ်လာတာကိုး။ မြန်မာပိုင်းဌာနဟာ ကျွဲကူးရေပါသဘောလောက်ပါ။ ထားပါတော့ ပြောချင်တာက DVB ဟာ မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သီးခြားပေါ်ပေါက်လာတာဖြစ်တယ်။ အာဏာရှင် စစ်အစိုးရနဲ့ ကျောထောက်နောက်ခံတွေ၊ ဒေါက်တိုင်တွေကို ဖြိုလှဲဖို့ နော်ဝေးအစိုးရရဲ့ ထောက်ခံအားပေး ပံ့ပိုးမှုနဲ့ ပေါ်ထွက်လာတာဖြစ်တယ်။ တနည်းပြောရရင် DVB ဟာ ၁၉၉၁ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အရှိန်အဝါနဲ့ ပေါ်လာတာလို့ပြောရင် မမှားပါဘူး။ 

ဒီလိုပါ။ နော်ဝေးနိုင်ငံ နိုဘယ်ဆုရွေးချယ်ရေးကော်မတီက နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၉၁ ခုနှစ်အတွက် ငြိမ်းချမ်းရေးဆုချီးမြှင့်ပြီးတဲ့နောက်ပိုင်း နော်ဝေးအစိုးရဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် အတတ်နိုင်ဆုံး အားပေးထောက်ပံ့မယ့်မူ ကျလာပါတယ်။ နောက်ပိုင်း ညွန်ပေါင်းအစိုးရဝန်ကြီး ဒေါက်တာစိန်ဝင်း (ဒေါ်အောင်ဆန်းစုကြည်နဲ့ မောင်နှမဝမ်းကွဲ)နဲ့ ဒေါ်အောင်ဆန်းစုကြည်မိသားစုနဲ့ ပုဂ္ဂိုလ်ရေး ခင်မင်သိကျွမ်းသူ ယခု နော်ဝေးမြန်မာ ကော်မတီ အဖွဲ့တည်ထောင်ခဲ့သူ ကွယ်လွန်သူ မစ္စတာဂူလွိုင်း အပါအဝင် နော်ဝေးအစိုးရပုဂ္ဂိုလ်တချို့ တိုင်ပင်ဆွေးနွေးပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် ဝါဒဖြန့်ချိပေးမယ့် ရေဒီယိုစတေးရှင်းတခုထူထောင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီရေဒီယို စတေးရှင်းနာမည် Democratic Voice of Burma ဆိုတဲ့နာမည်ကိုတောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပေးခဲ့တာလို့ နီးစပ်တဲ့ NLD သတင်းရပ်ကွက်ကနေ သိခဲ့ဖူးပါတယ်။ ဒီတော့ ရှင်းပါတယ်။ DVB ဟာ ဗြုန်းခနဲ မိုးပေါ်ကနေကျပြီး ပေါ်လာတာမဟုတ်ဘူး။ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးနဲ့ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အရှိန်အဝါတွေနဲ့ ပေါ်လာတာဖြစ်တယ်။ တနည်းပြောရရင် ရဟန်းရှင်လူကျောင်းသားတွေရဲ့ အသက်တွေ၊ သွေးတွေ၊ တိုက်ပွဲတွေ စိတ်ဓာတ်တွေကို ရင်းနှီးပြီး ပေါ်လာတာဖြစ်တယ်။ ဒါ ရှင်းတယ်။ 

DVB ရေဒီယိုဟာ အဲဒီလို အရေးတော်ပုံရေခံမြေခံနဲ့ ထွန်းတောက်လာသလို အစောပိုင်းတည်ထောင်ခါစနဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက်အထိ (၁၉၉၂-၂၀၁၁ အထိ) တက်တက်ကြွကြွ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဝန်ထမ်းတွေ၊ ရေဒီယို၊ တီဗွီသတင်းထောက်တွေနဲ့ ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုတွေ သောတရှင်တွေရဲ့ အားပေးကူညီမှုကြောင့် DVB အရှိန်အဝါတက်ခဲ့တာဖြစ်တယ်။ တိတိကျကျပြောရရင် NLD ပါတီက DVB အတွက် အခက်အခဲ အန္တရာယ်တွေကြားထဲက ပြည်တွင်းသတင်းတွေ အဆက်မပြတ်ပေးပို့ခဲ့တယ်။ တနည်းပြောရရင် DVB ဟာ ဒီမိုကရေစီအရေးဘက်၊ ပြည်သူ့အရေးဘက်ရပ်တည်လို့ လမ်းကြောင်းမှန်လို့ အများရဲ့ အားပေးထောက်ခံမှုကို ခံစားရတာဖြစ်တယ်။ ဒါပေမယ့် မနှစ်က စပြီး DVB ရဲ့လမ်းကြောင်းဟာ မူလဦးတည်ရာနဲ့လွဲလာသလို ကျေးဇူးရှင်တွေကိုတောင် ကျေးစွပ်နေတဲ့အဖြစ်အပျက်နဲ့ လားရာတွေကို စိတ်မချမ်းမြေ့ဖွယ် မြင်ခဲ့ရပါတယ်။ 

၂၀၁၁ ခုမှာ DVB ရဲ့ငွေကြေးအရှုတ်တော်ပုံ အနံ့အသက်တွေ ယင်တလောင်းလောင်းနဲ့ ထွက်လာပါတယ်။ အမေရိကန်ဒေါ်လာ ၃ သိန်းကျော် လာဘ်စားမှုလို့သာ DVB ခေါင်းဆောင်တွေက သတင်းထုတ်ပြန်ခဲ့ပေမယ့် အမှန်တကယ်က အဲဒီငွေတွေရဲ့ ၃ ဆနှုန်း အစအန ပျောက်သွားတာပါ။ ညောင်မြစ်တူးရင်း ပုတ်သင်ဥတွေပါပေါ်မှာစိုးလို့ ၃ သိန်းနဲ့ပဲ ကမန်းကတန်း တရားခံတယောက် ဝိုင်းဝန်း လက်ညှိုးထိုးအပြစ်ပုံချလိုက်တာဆိုတဲ့ အတွင်းသတင်းတွေ စုံစမ်းသိရတယ်။ အခုလောလောဆယ် အဲဒီအမှုကိစ္စလည်း စုတ်စမြှုတ်စ ပျောက်နေပါတယ်။ ဟိုလူခိုးတာပါဗျို့လို့ လက်ညှိုးထိုးစွပ်စွဲပြလိုက်သလို စွပ်စွဲခံရသူဘက်ကလည်း ဒီခေါင်းဆောင်တွေ အားလုံးသဘောတူညီချက်တွေနဲ့ ဆုံးဖြတ်ပြီးလုပ်လာခဲ့တဲ့အလုပ်ပါလို့ ပြန်ပြောလာပါတယ်။ နိဂုံးချုပ်လိုက်ရင် နော်ဝေးအစိုးရဘက်က မျက်နှာပျက်စရာဖြစ်ရတယ်။ မြန်မာပြည်သူတွေက ပိုပြီး နစ်နာပါတယ်။ အစိုးရလည်း သူခိုး၊ အစိုးရဆန့်ကျင်သူတွေလည်း သူခိုးဖြစ်ကုန်ပါတယ်။ ထားပါတော့ ဒီအရှုပ်တော်ပုံက တဖြည်းတဖြည်းချင်း စုံစမ်း၊ လေ့လာ ဖြည်ထုတ်ရအုံးမှာမို့ ဒီနေရာမှာ မပြည့်မစုံနဲ့ အကျယ်တဝင့် ရေးမပြလိုတော့ပါ။ အဓိကပြောချင်တာက ကျေးဇူးသစ္စာမဲ့သွားကြပုံတွေပါ...။ 

DVB ကို နော်ဝေးမှာ ဆက်လက်ရပ်တည်ဖို့ အခြေအနေမပေးတော့ပါဘူး။ ပြည်တွင်း အပြောင်းအလဲကာလနဲ့လည်း တိုက်ဆိုင်နေတာမို့ (တိုက်ဆိုင်တယ်ဆိုတာထက် အမှန်တော့ စစ်အစိုးရနဲ့ ပြည်ပ အစိုးရတချို့အပေးအယူ အညှိအနှိုင်းတွေနဲ့ ချိန်ကိုက်လုပ်ထားကြတဲ့ နိုင်ငံရေးကျားကွက် အရွေ့အပြောင်းပါ) DVB ကို အထဲတွန်းပို့ပါတယ်။ အထဲဝင်ရင် နောက်ထပ် ၂ နှစ် ၃ နှစ် အထောက်အပံ့ ဆက်ပေးမှာဖြစ်ပါတယ်။ ဒီတော့ DVB အထဲဝင်ဖို့ သမ္မတဦးသိန်းစိန် အစိုးရနဲ့ အပေးအယူ လုပ်ရပါတော့တယ်။ 

မနှစ်က ဇွန်လထဲမှာ (၂၀၁၂ ဇွန်၁၅-၁၉) ဒေါ်အောင်ဆန်းစုကြည် နိုဘယ်မိန်ခွန်းစကားပြောဖို့ နော်ဝေးကို အလည်အပတ်ရောက်လာပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒေါ်အောင်ဆန်းစုကြည်ထက်အရင် ကြံ့ဖွတ်အစိုးရ ပြန်ကြားရေးအဖွဲ့ (ယခု ဒုဝန်ကြီး ဦးရဲထွဋ် အပါအဝင်) ခေါင်းဆောင်တချို့နဲ့ မြဝတီနဲ့ MR TV တာဝန်ရှိသူတွေ၊ ခရိုနီတွေပါ ရောက်လာပါတယ်။ နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်နိုင်ငံတွေမှာ သင်တန်းတွေတက်၊ လေ့လာမှုတွေလုပ်ခဲ့တယ်။ အဲဒီအတွက် DVB ကိုခင်မောင်ဝင်းနဲ့ ကိုအေးချမ်းနိုင် အပါအဝင် နောက်ကွယ်က DVB ကြိုးဆွဲထားသူတွေက စီမံတဲ့ပွဲဖြစ်ပါတယ်။ ပြည်ပ အစိုးရနဲ့ NGO အဆက်အသွယ်၊ အရင်းအမြစ်တင်မက ပတ်စာခွာ ဖျာသိမ်း စကားပြန်အလုပ်ကအစ ကြံ့ဖွတ်အစိုးရအတွက် DVB ခေါင်းဆောင်တွေ အမှုတော်ထမ်းပေးခဲ့ရတယ်။ အဲဒါ အပေးအယူ နိဒါန်းအစပါပဲ။ ပိုပြီး ရက်ရက်စက်စက်တခု တင်ပြချင်ပါသေးတယ်။ 

ဇွန်လတတိယအပတ်ထဲ ဒေါ်အောင်ဆန်းစုကြည် အော်စလိုမှာရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အရှိန်အဝါနဲ့ နိုဘယ်လ်ဆု တန်ခိုးကြောင့်ပေါ်ပေါက်လာတဲ့ DVB၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နာမည်ပေးထားတဲ့ DVB ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးသိသိ၊ သတိတရနဲ့ DVB ရုံးကို ဖိတ်ခေါ်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တခေတ်လုံး သူကိုယ်တိုင် အားပေးမြှင့်တင်ခဲ့တဲ့ DVB ရဲ့ အလေးမမူတဲ့ဒဏ်ကို ခံလိုက်ရပါတယ်။ သူ နေအိမ်အကျယ်ချုပ်ဘဝက DVB ရေဒီယိုသံ မသဲကွဲလို့ အိပ်ယာခြင်ထောင်တိုင်ပေါ် ရေဒီယိုအန်တီနာလေးချိတ် နားထောင်ခဲ့ရတယ်လို့ ပြောခဲ့ဖူးတာကို မဆီမဆိုင်ပဲ အားနာနေမိတယ်။ DVB ရုံး ဘယ်မှာလဲဆိုတာတောင် ဒေါ်အောင်ဆန်းစုကြည် သိခွင့်မရခဲ့ဘူး။ 

ကျေးဇူးရှင်စစ်စစ်ကြီးကို DVB ရုံးမဖိတ်ခေါ်ဝံ့ပေမယ့် ထမင်းရှင်အသစ်ဖြစ်တဲ့ ကြံ့ဖွတ် ပြန်ကြားအဖွဲ့တွေကိုတော့ DVB ရုံးကို အသေအချာပင့်ဖိတ်ပြီး ဖွယ်ဖွယ်ရာရာ စားပွဲ သောက်ပွဲကြီးကို ဆင်ယင်ကျင်းပကြပါတယ်။ ခရိုနီတွေကိုယ်တိုင်တည်ခင်းတဲ့ အကောင်းစားအရက်တွေမှီဝဲပြီး မျက်နှာအဆီပြန်နေတဲ့ ပြန်ကြားရေးအရာရှိတွေနဲ့ DVB ခေါင်းဆောင်တွေဟာ... ဆရာကြီးဒဂုန်တာရာရဲ့ ရန်သူမရှိ မိတ်ဆွေသာရှိ ဆိုတဲ့ ဆောင်ပုဒ်လေးကို ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ် အရသာရှိရှိ ရေရွတ်ခဲ့ကြပါတယ်။ တချိန်က ဒီရုံးခန်းထဲကနေ ဖက်ဆစ်အစိုးရလို့ မိုးမွှန်အောင် ဆဲဆိုခဲ့သူတွေနဲ့ ပြည်ပအားကိုး ပုဆိန်ရိုးတွေလို့ ကြုံးဝါးမာန်ဖီခဲ့သူတွေဟာ တယောက်ပုခုံး တယောက်ဖက်ပြီး DVB အသံလွှင့်ခန်းရှေ့က ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကြီးကို မျက်လုံးလေးမှေး မထီသထီကြည့်ပြီး ခနဲ့တဲ့တဲ့နဲ့ ဟားတိုက်ပြစ်လိုက်ကြတယ်။ အဲဒီအချိန်ဟာ ဒေါ်အောင်ဆန်းစုကိုယ်တိုင် အော်စလိုမှာရှိနေတဲ့အချိန်ဖြစ်တယ်။ နော်ဝေးအစိုးရက မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးနဲ့ အဖွဲ့ကို နိုဘယ်လ်ဆု အခမ်းအနားတက်ဖို့ ဖိတ်ကြားခဲ့ပေမယ့် မတက်ရောက်ဘဲ ရန်သူမဟုတ်တော့တဲ့ မိတ်ဆွေစစ်စစ်ကြီးတွေဟာ အော်စလိုတခွင် ပျော်ပျော်ပါးပါး လည်ပတ်ကြည့်ရှုမှုတွေလုပ်ပြီး နော်ဝေးတနိုင်ငံလုံးTV ရှေ့ထိုင် အာရှုံစိုက်ငေးကြည့်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်မိန့်ခွန်းကို သရော်ခဲ့ကြတယ်။ ဒါဟာ DVB က ကြံဖွတ်အစိုးရအပေါ် ယုံကြည်မှုတည်ဆောက်ပြသလိုက်တာပဲ ဖြစ်ပါတယ်။ တနည်းဆိုရရင် ဒီမိုကရေစီတော်လှန်ရေးကို ပြောင်ပြောင်တင်းတင်း သစ္စာဖောက်ပြလိုက်တာဖြစ်တယ်။ 

ကြံ့ဖွတ်အစိုးရနဲ့ DVB ယုံကြည်မှုတည်ဆောက်မှုကို ထပ်မံသက်သေပြလိုက်တာကတော့ အခုနှစ် ဖေဖောဝါရီနောက်ဆုံးအပတ်က သမ္မတဦးသိန်းစိန်ရဲ့ အော်စလိုခရီးစဉ်မှာပဲဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်ကို ဆန္ဒပြတဲ့မှတ်တမ်းကို သမ္မတနဲ့လိုက်ပါလာတဲ့ သတင်းအဖွဲ့တွေက အင်တာဗျူးလုပ်ရိုက်ကူးနေပေမယ့် အော်စလိုအခြေစိုက်တဲ့ ဒီမိုကရက်တစ်အမည်ခံအဖွဲ့က သမ္မတဦးသိန်းစိန်နောက် တကောက်ကောက်လိုက်ပြီး သမ္မတသတင်းတွေ၊ အင်တာဗျူးတွေသာ သတင်းအဂတိလိုက်စားပြီး ရွှမ်းရွှမ်းဝေအောင် လုပ်သွားပါတယ်။ ဆန္ဒပြသူတွေရဲ့အနားတောင် မကပ်ပါဘူး။ သမ္မတနောက်တကောက်ကောက်လိုက် ဝတ်ကြီးဝတ်ငယ်ဖြည့်ပေးရတဲ့ဘဝ ရောက်သွားပါတယ်။ ဒါဟာ DVB ခေါင်းဆောင်တွေရဲ့ တဖက်သပ်အညံ့ခံပြီး ကြံ့ဖွတ်အစိုးရဆီ ယုံကြည်မှုတည်ဆောက်လိုက်တာ ဖြစ်ပါတယ်။ 

ဒီကနေ့ DVB ဟာ လမ်းကြောင်းတွေ ဝေဝါးနေပါတယ်။ Democratic Voice of Burma ကနေ Voice of Myanmar အသွင်ပြောင်းသွားပါပြီ။ သူ့ဆန်စားပြီး ရဲပြနေပါတယ်။ ဒီ ၁ နှစ် ၂ နှစ်အတွင်း နော်ဝေးရဲ့ အထောက်အပံ့ရပ်တာနဲ့ ခရိုနီ MR TV4 အဖွဲ့ကို ရှယ်ရာခွဲပေးတော့မယ်လို့ သိရတယ်။ ကျနော်ရဲ့ဆောင်းပါးကို မေးခွန်း ၃ ခွန်းလောက်ပဲမေးပြီး အဆုံးသတ်ချင်ပါတယ်။ 

၁။ DVB ကို ဘယ်သူပိုင်သလဲ...။ 
၂။ DVB ဘယ်ကို သွားမှာလဲ...။ 
၃။ DVB ဘယ်သူ့အတွက်လုပ်မှာလဲ...။ 

သေချာတာကတော့ DVB က အဲဒီမေးခွန်းကို ဖြေမှာမဟုတ်ပါဘူး။      ။

ကိုညို (အော်စလို)


 

No comments: