Friday, October 28, 2011

ဗွီအိုအေ သောတရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် အပိုင်း (၄၃)

အခုသတင်းပတ် မေးမြန်းခန်းမှာတော့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မြန်မာနေရာယူရေးကိစ္စ၊ မူဆယ်မှာ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုဖို့ အခက်အခဲဖြစ်တဲ့ကိစ္စ၊ ဒုက္ခသည်တွေ ပြည်ပထွက်ပြေးရတဲ့အရေးနဲ့ ခရီးသွားဧည့်လုပ်ငန်းတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင် သဘောထားတွေကို ဗွီအိုအေ သောတရှင်များက မေးမြန်းထားကြပါတယ်။ 

အရင်ဆုံးတော့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မြန်မာဖြစ်သင့် မသင့်ကိစ္စ ဦးဖိုးထိုက်ရဲ့အမေးနဲ့ စ ပါမယ်။

မေး။ ၂၀၁၂ မြန်မာနိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်ရေး မဖြစ်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့ လူထုအကျိုးပြု အဖွဲ့အစည်းတွေရဲ့ သဘောထားကို ရယူမယ်ဆိုတဲ့ သဘောမျိုး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။ မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်သင့်ပါပြီလား။ ဖြစ်သင့်မယ်ဆိုရင် ဘယ်လို အခြေအနေမျိုးမှာကြောင့် ဖြစ်သင့်တယ်လို့ မြင်ပါသလဲ၊ မဖြစ်သင့်ဘူးဆိုရင်လည်း ဘယ်လိုအခြေအနေကြောင့်လဲဆိုတာ ရှင်းပြပေးပါ။

ဖြေ။ ကျမ သိသလောက် မြန်မာနိုင်ငံကို ၂၀၁၄ မှာ အာဆီယံဥက္ကဋ္ဌဖြစ်ရေး မဖြစ်ရေးကို ဆွေးနွေးနေကြတာပါ။ ၂၀၁၂ မှာ မဟုတ်ပါဘူး။ ကျမ အမြင်ပြောရမယ်ဆိုရင် အာဆီယံဥက္ကဋ္ဌနေရာကို တင့်တယ်ဝင့်ကြွားစွာနဲ့ ယူနိုင်ဖို့ဆိုရင် ပြည်တွင်းမှာ ပြည်သူ ပြည်သားတွေ နှစ်ထောင်းအားရစေပြီးတော့ ပြည်ပကမ္ဘာကလည်း လေးစား အသိအမှတ်ပြုမယ့် ပြုပြင်တိုးတက်မှုတွေက အဓိက ကျပါတယ်။ အင်ဒိုနီးရှားကတော့ ဘယ်လိုအချက်တွေကို အခြေခံပြီး ဒီကိစ္စကို စူးစမ်း သုံးသပ်မယ်ဆိုတာကိုတော့ ကျမတို့ စောင့်ကြည့်ရမှာပေါ့။

မူဆယ်မြို့က ကိုရွှေ ဆိုတဲ့ အစ္စလာမ်ဘာသာဝင် သောတရှင်ကတော့ သူတို့မြို့မှာ အစ္စလာမ်ဘာဝင်တွေ ဘုရားဝတ်ပြုဆုတောင်းကြဖို့ အခက်အခဲရှိနေတဲ့ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်တည် ရေးသားလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင်ကိုလည်း မေးပါတယ်။

မေး။ ကျနော်တို့ မူဆယ်မြို့တွင် ၁၉၄၂ ခုနှစ်ကတည်းက ဗလီဝတ်ကျောင်းတော် ရှိခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်တွင် အလှုရှင်များ၏ အမွေဆိုင်ကိစ္စပေါ်လာသည့်အတွက် အဆိုပါဗလီတွင် ဝတ်ပြုခြင်းများကို ရပ်ဆိုင်းထားပြီးနောက်၊ လူနေအိမ်နှစ်လုံး၌ ယာယီဝတ်ပြုဆောင်အဖြစ် ဝတ်ပြုခဲ့ကြသည်မှာ နှစ်ပေါင်းကြာခဲ့ပါပြီ။ မူဆယ်မြို့တွင် တနှစ်ကျော်ကြာ အမှုထမ်းပြီးသော မြို့နယ်အုပ်ချုပ်ရေးမှုးမှ တရားဝင် ခွင့်ပြုချက်မရဘဲ ဝတ်ပြုနေသည်ကို ယခုမှသိရသည့်အတွက် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ဝတ်မပြုရန် ပိတ်ပင်ခဲ့ပါသည်။ ဥပုသ်ကာလ ၁ လအတွင်း ဝတ်ပြုခြင်းကိုပေးခဲ့ပါသည်။ ယခုဆိုလျှင် ဥပုသ်ကာလ ၁ လ ကျော်သွားပြီဖြစ်၍ ဝတ်ပြုခြင်းများကို ထပ်မံ ရပ်ဆိုင်းထားရပါသည်။

အမြဲဝတ်ပြုနိုင်ဖို့ ဥပဒေလမ်းကြောင်းအတိုင်း ဆက်လက်ဆောင်ရွက်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံ ထောက်ခံချက် တောင်းခံရာ မြို့နယ်ထောက်ခံချက် မပေးနိုင်ကြောင်း ဝတ်ပြုရန်လည်း ခွင့်မပြုနိုင်ကြောင်း၊ မူဆယ်မှာ ဗလီ မရှိစေရဘူးလို့ ရိုင်းပြစွာပြောဆိုပြီး တခြားသော ဌာနဆိုင်ရာများကိုလည်း ထောက်ခံချက်မပေးရန် တားမြစ်ခဲ့ပါသည်။ အမေ့အနေဖြင့် ဒီကိစ္စမှာ အခြေခံဥပဒေနှင့် ညီညွတ်မှုရှိမရှိ၊ နိုင်ငံတော်မှ ကျနော်တို့ကို ကူညီသင့်မသင့်၊ ပြုပြင်ပြောင်းလဲနေတဲ့ ဒီမိုကရေစီ အစိုးရလက်ထက်တွင် ဒီလိုကိစ္စရပ်များ ရှိသင့်မသင့်ကို ဖြေပေးစေလိုပါသည်။

ဖြေ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေပုဒ်မ ၃၆၂ နဲ့ ၃၆၃ က အောက်ပါအတိုင်းဖြစ်ပါတယ်။

၃၆၂ - နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒြူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်။
၃၆၃ - နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာ သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်။

အထက်ပါ ပုဒ်မတွေအပေါ် အခြေခံပြီးသားတို့ရဲ့ ကိုးကွယ်ပိုင်ခွင့်တွေကို တောင်းခံနိုင်ပါတယ်။ နိုင်ငံတော်သမ္မတ ဒု သမ္မတတွေကို အကူအညီတောင်းထားတာလည်း ကောင်းပါတယ်။ အမေတို့နိုင်ငံဟာ လူမျိုး ဘာသာမရွေး နိုင်ငံသူ နိုင်ငံသားတွေ အားလုံး ဥပဒေဘောင်အတွင်းမှာ တန်းတူညီတူ အခွင့်အရေး ခံစားပြီး၊ အေးအေးချမ်းချမ်းနေနိုင်တဲ့ နယ်မြေကြီးဖြစ်စေချင်ပါတယ်။ 

သားတယောက်ဆိုတဲ့ သောတရှင်ကတော့ ဒုက္ခသည်တွေသတင်းကြားတော့ ပြည်ပကို မပြေးဘဲ ပြည်တွင်းပြေးလာကြဖို့ ဖိတ်ခေါ်လိုပါတယ်တဲ့၊ သူ့အနေနဲ့ ကူညီချင်လို့ပါလို့ ဆိုလာပါတယ်။

မေး။ ဟိုတနေ့က သတင်းမှာ တရုတ်ပြည်ဘက်ကို ထွက်ပြေးတဲ့သူတွေကို တရုတ်အစိုးရက လက်မခံဘူးလို့ ကြားလိုက်ရပါတယ်။ အဲဒီ ထွက်ပြေးနေသူတွေ နောက်တခါထွက်ပြေးရင် ပြည်ပကို မပြေးဘဲ ပြည်တွင်းဘက်ကို ပြေးလာစေချင်ပါတယ်။ အဲဒီလို ပြေးဝင်လာရင် ကျနော်တို့လည်း တတ်နိုင်သလောက် ကူညီလို့ ရပါမယ်။ အစိုးရ မကောင်းဘူးဆိုပေမယ့် ကြင်နာတတ်တဲ့ ပြည်သူတွေက ဝိုင်းဝန်းကူညီဖို့ အဆင်သင့်ပါပဲ။

မြန်မာနိုင်ငံအလယ်ပိုင်း ပုပ္ပါးဒေသက လူတွေ အစားအစာ ဒေသမှာ မလုံလောက်တဲ့အခါ အောက်ရွာကို ပြောင်းရွေ့လာကြပါတယ်။ သူတို့ မြေတူးတဲ့အလုပ် ခြံအငှားလိုက်တဲ့အလုပ် စသဖြင့် ဝင်လုပ်ကြပါတယ်။ ကျနော်တို့ ဒေသကလူတွေလည်း သက်သာသလို သူတို့ဆီမှာ ဆန်ကွဲကို ကျိုသောက်နေရပေမယ့် ကျနော်တို့ အရပ်ရောက်တော့ ဆန်ကို ပုံမှန်ချက်စားနိုင်ပါတယ်။ အခုဆိုရင် သူတို့တွေဟာ သူတို့အရပ်ပုပ္ပါးမှာ ခြံပြန်ဝယ်ထားသူတွေ အများကြီးပါ။ အဲဒီလိုပဲ စစ်မက်ဖြစ်နေတဲ့ဒေသက နိုင်ငံသားတွေလည်း အခြားဘက်ကို မပြေးဘဲ မြန်မာနိုင်ငံထဲ ပြေးလာပါလို့ ဖိတ်ခေါ်ချင်ပါတယ်။ မြေတူးဖို့ မဟုတ်ပါဘူး ကျနော်တို့လည်း မိသားစုနိုင်ငံသားချင်း တတ်နိုင်တာတွေ ကူညီကြရတာပေါ့။

ဖြေ။ ကိုယ့်နိုင်ငံသားချင်း ကူညီချင်တဲ့ သားရဲ့ စိတ်ဓာတ်ကို လေးစားပါတယ်။ စစ်မက်တွေဖြစ်နေတဲ့ဒေသက ပြည်သူတွေဟာ လွတ်ရာလမ်းက ပြေးကြတဲ့သဘောရှိပါတယ်။ ပြည်တွင်းဘက်ပြေးဖို့က အပစ်အခတ်တွေဖြစ်နေတဲ့ နေရာတွေကို ဖြတ်ကျော်ရမယ့် အခက်အခဲတွေရှိနိုင်မယ် ထင်ပါတယ်။ မြန်မာပြည် အလယ်ပိုင်းက ပြည်သူတွေ စီးပွားရေး လိုအပ်ချက်အရ အောက်ဘက်ပြောင်းသလို၊ နိုင်ငံအရပ်ရပ်က ပြည်သူအချို့လည်း ဝမ်းစာရေးအတွက် နိုင်ငံခြားထွက်ကြရတာပါပဲ။ အမေတို့နိုင်ငံဟာ ပြည်သူပြည်သားအားလုံး အေးချမ်းဖွံဖြိုးစွာ နေနိုင်မယ့် ဘေးမဲ့နယ်မြေကြီးဖြစ်ဖို့က အမေတို့တတွေရဲ့ အိပ်မက်ပါပဲ။ သားတို့လို နိုင်ငံကို စေတနာထားသူတွေကလည်း ဝိုင်းပြီးတော့ ဒီအိပ်မက်ကို အကောင်အထည်ဖော်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

နောက်မေးခွန်းတွေကတော့ ခရီးသွားဧည့်လုပ်ငန်းတွေနဲ့ဆိုင်တဲ့ မေးခွန်းပါ။ အထူးသဖြင့်တော့ ခရီးသွားလုပ်ငန်းအတွက် ရန်ကုန်မှာ ကိုလိုနီခေတ်ကျန် အဆောက်အဦးဟောင်းတွေကို ဟိုတယ်လုပ်မယ်ဆိုတော့ အတော်များများက မကျေမချမ်းနဲ့ ရေးသားလာတာပါ။ နိုင်ငံရေးအကျဉ်းသားဟောင်း ဂျွန်ဂလင်းရဲ့ စာက ဒီလိုပါ။ 

မေး၊ ပြောင်းလဲလာတဲ့ အပြောင်းအလဲတွေက နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရေး (သို့) ယုံကြည်ချက်အရ အကျဉ်းသားအားလုံး လွတ်မြောက်ရေး ကြွေးကြော်သံတွေမှာ ပဲ့တင်ထပ်နေရမလား မသိပါ။ တဖက်မှာလည်း ၂၀၀၈ အခြေခံဥပဒေမှာ ရပ်ခံနေကြတဲ့ အခြေအနေမှာရှိပါတယ်။ တကယ်တော့ နအဖဟာ အာဆီယံဥက္ကဋ္ဌထိုင်ခုံကို သူတို့ရဲ့ မှတ်တိုင်တခုအဖြစ် အိပ်မက်နေကြတယ်လို့ပဲ မြင်မိပါတယ်။ တဖက်မှာလည်း တိုင်းရင်းသားဒေသတွေကို ထိုးစစ်ဆင်တာကြောင့် ပတ်ဝန်းကျင်နိုင်ငံတွေမှာ ဒုက္ခအခက်အခဲတွေ ရောက်နေရတာတွေ ရပ်တန်းက ရပ်သင့်ပြီး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လိုလားတယ်ဆိုတဲ့ အစိုးရတရပ်အနေနဲ့ အဆုံးသတ်သင့်နေပါပြီ။ သည်တခါ ဦးအောင်ကြည်နဲ့ တွေ့ခဲ့ရင် ထိုးစစ်တွေ ရပ်ပါ။ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ခြွင်းချက်မရှိ လွှတ်ပါ။ အဲဒီကမှတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်ပါ။ အဲသလို အခြေအနေတွေ အခင်းအကျင်းတွေရှိလာခဲ့ပြီဆိုရင် ၂၀၀၈ အခြေခံဥပဒေကို ရပ်တန့်ရာရောက်သလို NLD အနေနဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာ အဓိပ္ပာယ်ပိုမိုပြည့်စုံလာပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် မိုက်ကယ် ဂျက်ဆင်ရဲ့ ထင်ပေါ်ကျော်ကြားတဲ့ ခြေလှမ်းအက ထဲကလို ရှေ့ကိုလှမ်းနေသော်လည်း နောက်ပြန်ရောက် နိုင်ငံရေးလှုပ်ရှားမှုထဲကို ရောက်သွားမှာ စိုးရိမ်မိပါတယ်။

ကျနော် အဓိကမေးချင်တဲ့မေးခွန်းက ဝန်ကြီးများရုံးကို ဟော်တယ်အဖြစ်ငှားရမ်းမယ်ဆိုတဲ့ သတင်းဖြစ်မှုအပေါ် အမေစု ရင်ထဲက စကားလေးတခွန်းကို တတိုင်းတပြည်လုံးသိရအောင် ပြောပေးစေချင်ပါတယ်။

ဖြေ။ သားပြောတဲ့စကားတွေကို အခွင့်ကြုံတဲ့အခါ ဝန်ကြီးဦးအောင်ကြည်ကို တင်ပြလိုက်ပါ့မယ်။ အန်တီက မိုက်ကယ်ဂျက်ဆင်အခွေ တခါသာ ကြည့်ဖူးပြီးတော့ သူ့အကတွေ လုံးဝ မကျွမ်းကျင်တော့ အရှေ့လှမ်းပြီးတော့ အနောက်ရောက်တဲ့ လှုပ်ရှားမှုမျိုး လုပ်ကို မလုပ်တတ်ပါဘူး။ အရှေ့လှမ်းရင် အရှေ့ရောက်တဲ့ လှုပ်ရှားမှုကိုပဲ လုပ်တတ်ပါတယ်။ ဝန်ကြီးများရုံးကို ဟိုတယ်အဖြစ်သုံးဖို့ ပုဂ္ဂလိကလက်ထဲ အပ်မယ်ဆိုရင် ဝမ်းနည်းစရာကောင်းမယ်လို့ အန်တီ ထင်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ သမိုင်းအမွေအနှစ်တွေကို ထိမ်းသိမ်းတယ်ဆိုတာ တနည်းအားဖြင့်ပြောရရင် အတိတ်ကို ရဲရဲသုံးသပ်ရာရောက်ပါတယ်။ ကိုလိုနီခေတ်ဆိုတာလည်း ဒီနိုင်ငံရဲ့ သမိုင်းတကွက်ပဲ ဖြစ်ပါတယ်။ ဒါကိုလည်း မှန်မှန်ကန်ကန် သုံးသပ်မှ အနာဂတ်ကို မှန်မှန်ကန်ကန်ကြည့်ပြီးတော့ လုပ်နိုင်မှာပါ။ ကြုံတုန်းပြောရမယ်ဆိုရင် ဝန်ကြီးများရုံးအပြင် တန်ဖိုးထား ထိမ်းသိမ်းရမယ့် အဆောက်အဦတွေ ရန်ကုန်မှာ အများကြီးရှိတာကြောင့် ဒီလို ထိမ်းသိမ်းရေးလုပ်ဖို့ စိတ်ဝင်စားတဲ့သူတွေနဲ့ အန်တီ ဆွေးနွေးနေပါတယ်။

နောက်တဦးကလည်း ခရီးသွားဧည့်လုပ်ငန်းအကြောင်းပါပဲ။ အောင်အောင်ဆိုတဲ့ သောတရှင်က ရေးလာတာပါ။

မေး။ ရန်ကုန်မြို့ထဲက ဝန်ကြီးများရုံး အပါအဝင် ကိုလိုနီလက်ကျန် အဆောက်အဦအတော်များများကို ဟိုတယ်လုပ်ဖို့ ပုဂ္ဂလိကကို ငှားမယ်လို့ ကြားရပါတယ်။ ခရီးသွားလာရေးဥက္ကဋ္ဌက ခရီးသွားလာရေး အားကောင်းမယ်ဆိုရင် ရန်ကုန်မှာ ဟိုတယ် ကောင်းကောင်းမရှိလို့ အမြန်စီစဉ်မှ ဖြစ်မယ်လို့ ပြောနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ကို သိချင်ပါတယ်။ ဒါ့အပြင် ခရီးသွားလုပ်ငန်းကြောင့် နိုင်ငံတော်ဝင်ငွေရမှာရှိသလို၊ တန်ပြန် ထိခိုက်နိုင်တာတွေ ဘာများရှိဦးမလဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင်ကို သိလိုပါတယ်ခင်ဗျား။

ဖြေ။ ဝန်ကြီးများရုံး အပါအဝင် အခြားကိုလိုနီခေတ်က အဆောက်အဦတွေကို ထိမ်းသိမ်းဖို့လိုကြောင်း ဂျွန်ဂလင်းရဲ့ မေးခွန်းကို ဖြေတုန်းက ထည့်သွင်းပြောလိုက်ပါတယ်။ ခရီးသွားလုပ်ငန်း အားပေးတဲ့နေရာမှာ မလိုလားအပ်တဲ့ အကျိုးဆက်တွေကို ရှောင်ရှားဖို့ အရေးကြီးကြောင်း အန်အယ်ဒီက ထုတ်ပြန်တဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ ကြေညာစာတမ်းထဲမှာ ပါပြီးဖြစ်ပါတယ်။ အပြည့်အစုံသိချင်လိုက အန်အယ်ဒီ ဝက်ဆိုဒ်မှာ ကြည့်လို့ရပါတယ်။ သမိုင်းဝင် အဆောက်အဦတွေကို စနစ်တကျ ထိမ်းသိမ်းဖို့လိုကြောင်း၊ ခရီးသွားတွေ ဆွဲဆာင်ချင်တာနဲ့ မပျက်စီးသင့်တာတွေကို မပျက်စီးအောင်လို့ သတိပြုဖို့လိုကြောင်းတွေလည်း ပါပါတယ်။

ဗွီအိုအေ သောတရှင်တွေရဲ့ မေးခွန်းတွေကို ဖြေကြားပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗွီအိုအေ မြန်မာပိုင်းက အထူးကျေးဇူးတင်ပါတယ်။ 

အခုနားဆင်ခဲ့ကြရတာကတော့ ဗွီအိုအေ သောတရှင်တွေရဲ့ မှတ်ချက်၊ အကြံပေးချက်နဲ့ မေးခွန်းတွေအပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်နဲ့ အဖြေတွေ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ သောတရှင်တွေရဲ့ အမေးအဖြေ အစီအစဉ်ကို သီတင်းပတ်စဉ် ဗုဒ္ဓဟူးနေ့ မနက်ဘက် တိုက်ရိုက်လေလှိုင်း အစီအစဉ်နဲ့အတူ ထုတ်လွှင့်ပေးနေပြီး စနေ ညဘက် အစီအစဉ်မှာ ပြန်လည်နားဆင်နိုင်ပါတယ်။

ဗွီအိုအေ သောတရှင်တွေနဲ့ မြန်မာလူထုအနေနဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်တာတွေရှိရင် ဗွီအိုအေ အီးမေးလိပ်စာ burmese@voanews.com ဆီ စာနဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ကြိုတင်ပေးပို့ထားလို့ ရပါတယ်။


 

No comments: