Wednesday, October 26, 2011

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၁)

ပဒိုမန်းရှာလားဖန်း၏ အမှာစာ

“ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ” စာအုပ်ငယ်အတွက် အမှာစာရေးရန် စာမူကို အကြမ်းလေ့လာကြည့်ရာ အမှန်ပင် သူ့ဘဝ၏ ဟိုတစ ဒီတစ အစိတ်အပိုင်းငယ်လေးများကို တွေ့ရပါသည်။ သို့ရာတွင် အရေးကြီးသော အစိတ်အပိုင်းများကို ပေါ်လွင်အောင် ထည့်သွင်းထားနိုင်ခြင်း မရှိဟု မြင်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ သူ ကိုယ်တိုင်အချိန်ယူ၍ မပြောပြနိုင်ခြင်း၊ ပြုစုသူက အချိန်ယူ မစုစည်းနိုင်ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

ဗိုလ်ချုပ်ကျော်သောင်းသည် စင်စစ်သမိုင်းဝင် ကရင့်တော်လှန်ရေးသမားကြီးတဦး ဖြစ်ပါသည်။ သူ့တွင် ခိုင်ခန့်သည့် သမိုင်းနောက်ခံ ရှိပါသည်။ သူသည် ခေတ်ပညာတတ်တယောက် မဟုတ်သော်လည်း အမျိုးကိုချစ်၍၊ ပြည်သူကိုချစ်၍၊ လွတ်လပ်မှုနှင့် တရားမျှတမှုကိုချစ်၍ တော်လှန်ရေးအတွင်း ရောက်ရှိလာသူ ဖြစ်ပါသည်။ သူ၏ ရိုးသားဖြောင့်မတ်မှု၊ သူ၏ သစ္စာရှိမှု၊ သူ၏ စွန့်လွှတ်အနစ်နာခံမှု၊ သူ၏ သူရသတ္တိ၊ သူ၏ ကြိုးစားမှုကြောင့်ပင် တပ်စုမှူးဘဝမှ ဗိုလ်ချုပ်အဆင့်သို့ ရောက်လာခဲ့သူဖြစ်သည်။

ကျနော်နှင့် သူ မြို့နယ်တနယ်တည်းတွင်နေပြီး ကျနော့်ရွာကို အမြဲရောက်ခဲ့သော်လည်း ကျနော်နှင့် ဆက်ဆံဖူးခြင်း မရှိခဲ့ချေ။ ၁၉၆၃ ခုနှစ်ရောက်မှ ကျနော်နှင့် ထိတွေ့ဆက်ဆံဖူးခြင်း ဖြစ်သည်။ ထိုစဉ်က သူသည် တပ်မ နိုင်ငံရေးမှူး၊ ဗိုလ်မှူးချုပ်ကျော်သောင်း ဖြစ်နေပြီ ဖြစ်သည်။ 

ထိုစဉ်က မြစ်ဝကျွန်းပေါ်တိုင်းတွင် ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်မြရင်၊ တိုင်းအတွင်းရေးမှူး ဦးစိုးအောင်၊ တပ်မမှူး ဗိုလ်မှူးချုပ်ထွန်းအေး၊ တပ်မနိုင်ငံရေးမှူး ဗိုလ်မှူးချုပ်ကျော်သောင်း စသူများမှာ ဗဟိုကော်မတီဝင်များ၊ အရံ ဗဟိုကော်မတီဝင်များဖြစ်သည်။ ထို့ပြင် မြစ်ဝကျွန်းပေါ်တိုင်းတွင် မန်းဘစောသည်လည်း ဗဟိုကော်မတီဝင်တဦးအဖြစ် မြစ်ဝကျွန်းပေါ်တိုင်းကို ဦးစီးလျှက်ရှိသည်။

ဗိုလ်ချုပ်ကျော်သောင်းသည် အင်းစိန်တိုက်ပွဲတွင် ပါဝင်ခဲ့ပြီး အင်းစိန်မှဆုတ်ပြီးနောက် တပ်များကို ပြန်လည်စုစည်း ထိန်းသိမ်းရာတွင် အခြားခေါင်းဆောင်များနှင့်အတူ ပါဝင်ခဲ့သည်။ ၎င်း၏လုပ်ဖော်ကိုင်ဘက်များမှာ ဗိုလ်ချုပ်မြမောင်၊ ဗိုလ်ကျင်ဖေ၊ ဗိုလ်ဝင်း၊ ဗိုလ်မှူးစလွယ်၊ ဗိုလ်မှူးစံလင်း၊ ဗိုလ်တင်ဦး စသူများဖြစ်သည်။ ဗိုလ်ချုပ်မြမောင် ဦးစီးပြီး ၎င်းတို့ပါဝင်ခဲ့သည့် တပ်ရင်း (၁) နောက်ပိုင်း KPLA တပ်ရင်း (၁) သည် မိခင်တပ်ရင်းဖြစ်၍ ကရင့်တော်လှန်ရေးခေါင်းဆောင် အများအပြား၊ တပ်မှူးကောင်း အများအပြားကို မွေးထုတ်ပေးနိုင်ခဲ့သည့် တပ်ရင်းဖြစ်သည်။

ဗိုလ်ချုပ်ကျော်သောင်းအနေနှင့် မြစ်ဝကျွန်းပေါ်အတွင်း အထူးကျော်ကြားသည့် တာတပေါ ထိုးစစ်ကြီးကိုလည်းကောင်း၊ ဆင်မင်း၊ အောင်စစ်သည်၊ မိုးဟိန်း၊ ရွှေလင်းယုန် စစ်ဆင်ရေးကြီးများကိုလည်း ရင်ဆိုင်ဖြတ်သန်းခဲ့သည့် တပ်မှူးတဦး ဖြစ်သည်။ ၁၉၇၂ ခုနှစ် ပဲခူးရိုးမမှ ပြန်ဆုတ်ပြီးသည့်နောက်တွင်လည်း အလားတူ ထိုးစစ်ကြီးများကို တောက်လျှောက်ရင်ဆိုင်ခဲ့သည်။

၁၉၇၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပဲခူးရိုးမမှ အရှေ့တိုင်း အခြေခံဒေသသို့ ကူးရန်စီစဉ်စဉ် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားရာ ဒဏ်ရာရ တပ်ဖက်ဆေးမှူးတဦးကို ကျောတွင်ပိုး၍ တောင်ထိပ်အထိတက်ခဲ့သူ ဖြစ်သည်။ ထိုစဉ်က သူ၏အသက်မှာ ၅၅ နှစ်ခန့်ရှိပြီဖြစ်သည်။ အရှေ့တိုင်း တော်လှန်ရေး အခြေခံဒေသသို့ရောက်ပြီးနောက် ရှေ့တန်း ခံကတုတ်တခုဖြစ်သည့် ဝမ်းခစခန်းတွင် ၁၉၉၅ ခုနှစ်အထိ ရပ်တည်၍ ရဲဘော်များနှင့်အတူ တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။

ခေတ်ပညာ အခြေခံနည်းခဲ့သော်လည်း တော်လှန်ရေးကို တက္ကသိုလ်အဖြစ်ထား၍ စိတ်ဓာတ်အရ၊ နိုင်ငံရေးအရ၊ စစ်ရေးအရ၊ စည်းရုံးရေးအရ ပညာရှာခဲ့သူ၊ ကြီးပြင်းရင့်ကျက်လာခဲ့ကြသူ တော်လှန်ရေးခေါင်းဆောင် အများအပြားအနက် ဗိုလ်ချုပ်ကျော်သောင်းလည်း တဦးအပါအဝင် ဖြစ်သည်။ သူသည် အမျိုးသားအကျိုး၊ ပြည်သူအကျိုး၊ တော်လှန်ရေးအကျိုးအတွက် ကိုယ်ကျိုးကို အမှန်တကယ်စွန့်ခဲ့သူဖြစ်သည်။

သူ့စာအုပ်ကိုဖတ်လျှင် သူ့ဘဝ အစွန်းအစလေးများ တချို့ပေါ်နိုင်စရာရှိပါသည်။ ဤသို့ တစွန်းတစလေးမျှသော သူ့ဘဝ၏ အစအနလေးများသည် လွတ်လပ်မှု၊ တရားမျှတမှုကို လေးစားမြတ်နိုးသူများအတွက် တော်လှန်ရေးသမားများအတွက် အားအင်ဖြစ်စေမည်ဟု ဆန္ဒပြုလိုက်ရပါသည်။

မန်းရှာလားဖန်း
မတ်လ ၁၆ ရက်၊ ၂ဝဝ၇ ခုနှစ်

ဆက်လက်ဖော်ပြပါမယ်။ 


 

No comments: