Monday, September 19, 2011

ဗွီအိုအေ သောတရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် - အပိုင်း (၃၇)

အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းမှုအပေါ် အမြင်၊ ဘွဲ့ရလူငယ်တွေ အလုပ်လက်မဲ့ဖြစ်နေကြတဲ့အပေါ် ဆွေးနွေးချက်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအကြား ဆွေးနွေးပွဲလုပ်နေချိန်မှာ အခြားလှုပ်ရှားမှုတွေ ဖြစ်လာရင် ထိခိုက်စေမလားဆိုတဲ့ မေးမြန်းချက်နဲ့ ဖွံဖြိုးရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်တွေကို ဗွီအိုအေ သောတရှင်တွက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းထားကြပါတယ်။ 

လူ့အခွင့်အရေးကော်မရှင်ဟာ ဘယ်လောက်လွတ်လပ်တယ်လို့ ထင်မြင်မိသလဲဆိုပြီး ရွှေညာသား ဆိုတဲ့ သောတရှင်က ဒေါ်အောင်ဆန်းစုကြည်အမြင် တောင်းခံမေးမြန်းထားပါတယ်။ 

မေး။ အန်တီရဲ့အမြင်တွေ အန်တီရဲ့ အယူအဆတွေ ရေဒီယိုကနေ ကြားကြားနေရတာ တအားတတ်ရပါတယ်။ အခုဆို အမျိုးသားလူ့အခွင့်ရေးကော်မရှင်ဖွဲ့စည်းကြောင်း ကြေညာလိုက်ပါပြီ။ ကြည့်လိုက်တော့လည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးချိုးဖောက်မှုမရှိပါဘူးလို့ ခုခံပြောခဲ့ကြတဲ့ သံအမတ်တွေက ဦးဆောင်နေပြန်ပါတယ်။ ဘယ်လောက် ယုံကြည်ရပါမလဲ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာက ဝေဖန်လာရင်၊ ကာကွယ်နိုင်မယ့်အဖွဲ့လားလို့ပဲ သံသယဖြစ်ရပါတယ်။ ဒီလိုလူတွေကို လူ့အခွင့်အရေးအဖွဲ့မှာ ထည့်သင့်သလား မေးချင်ပါတယ်။ ဒီလို လူတွေပါတဲ့ ဒီအဖွဲ့ဟာ လွတ်လပ်မှုရှိရဲ့လားဆိုတာလည်း အန်တီ အမြင်သိချင်ပါတယ်။ အန်တီ ကျန်းမာပျော်ရွှင်ပါစေ။

ဖြေ။ သားအနေနဲ့ အခု ဖွဲ့စည်းလိုက်တဲ့ လူ့အခွင့်အရေးကော်မရှင်နဲ့ ပတ်သက်လို့ စိုးရိမ်မှု သံသယတွေရှိတာ သဘာဝကျပါတယ်။ ဒါပေမယ့် လူတိုင်း လူတိုင်းဟာ သံသယရဲ့ အကျိုးကိုခံစားပိုင်ခွင့်ရှိရမယ် ဆိုတဲ့အတိုင်း ဘယ်လောက်အထိ လူ့အခွင့်အရေးအတွက် ဒီအဖွဲ့အစည်းက စွမ်းဆောင်နိုင်မယ်ဆိုတာ နည်းနည်းတော့ စောင့်ကြည့်ရမှာပါ။ လူတိုင်းလူတိုင်းဟာ ပြောင်းလဲသင့်တာကို လက်ခံလာတဲ့အခါမှာ ပြောင်းလဲလာနိုင်မယ်လို့ ယူဆနိုင်ပါတယ်။ ဒီလိုဖြစ်ဖို့လဲ စဉ်းစားဆင်ခြင်တတ်တဲ့ နိုင်ငံသူ နိုင်ငံသားအားလုံးက တတ်နိုင်တဲ့ နည်းတွေနဲ့ တွန်းအားပေးရမှာပါ။ ပြည်သူတွေက ကြည့်နေကြတယ် ဝေဖန်သုံးသပ်နေကြတယ်ဆိုတာ ထင်ရှားလာရင် ဝေဖန်သုံးသပ်ခံနေရတဲ့ အဖွဲ့တွေက လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်စေဖို့ ဖန်တီးလာမှာပါ။

မြန်မာနိုင်ငံမှာ ဘွဲ့ရလူငယ်တွေ အလုပ်လက်မဲ့ဖြစ်နေပြီး ဒုက္ခရောက်နေကြရပါတယ်ဆိုပြီး ကိုထွန်း(ကျောင်းတော်ရာ) ဆိုသူက ဒေါ်အောင်ဆန်းစုကြည်ထံ ရင်ဖွင့်ရေးသားလာပါတယ်။

မေး။ အမေ့သားတွေ ကျောင်းတွေပြီး ဘွဲ့တွေရလည်း ဘာမှ လုပ်စရာအလုပ်မယ်မယ်ရရ မရှိပါ။ အလုပ်အကိုင်တွေကလည်း ကျောင်းပြီး ဘွဲ့ပြီးတဲ့ နာမည်သက်သက်နဲ့ မပေးချင်ပါဘူး။ အခြား ဒီပလိုမာတွေ တတ်ကျွမ်းမှုတွေတောင်းတော့ ကျောင်းဘွဲ့နဲ့ပဲ တတ်နိုင်တဲ့ အမေသားတွေ အခု ဒုက္ခ ရောက်နေတယ်။ အမေရော နေကောင်းလား အားလုံးအဆင်ပြေပါစေလို့ ကျနော် ပြောပါရစေ။ ဒီလို ဖြစ်နေကြချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ ကျနော်တို့ကို ကူညီနိုင်မှာလဲ အမေ။ အခုဖြစ်နေတာတွေကိုရော တကယ်ကို ယုံကြည်ပါသလား။

ဖြေ။ အမေတို့ တိုင်းပြည်က ရင်သွေးတွေ ပညာတတ် အလုပ်လက်မဲ့ဘဝရောက်နေတာ ဒီနိုင်ငံရဲ့ အကြီးမားဆုံး ဒဏ်ရာတခုပါပဲ။ ဒဏ်ရာရှိမှန်းသိပြီဆိုတော့ ကုထုံးကို ရှာရမှာပေါ့။ စိတ်ဓာတ်မကျပါနဲ့ ရယူထားတဲ့ ပညာဆိုတာ ဘယ်တော့မှ အလကားမဖြစ်ပါဘူး။ တနေ့တချိန်တခါမှာ အသုံးဝင်လာမှာပါ။ ဒါကို လက်တွေ့ကျကျ အမေ ကိုယ်တိုင် သိခဲ့ရပါတယ်။ အမှတ်တမဲ့ သတိမပြုမိတဲ့ တတ်ထားတာတွေဟာ ထိမ်းသိမ်းခံရတဲ့အချိန်တွေမှာ အသုံးကျလာပါတယ်။ သားတို့ရဲ့ ပညာတွေကို ဒီလို အထိမ်းသိမ်းခံဘဝမျိုးမှာမဟုတ်ဘဲ တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ သုံးနိုင်ဖို့ ကြိုးစားပါမယ်။ ကြိုးစားရင် ဖြစ်မြောက်မယ်လို့လည်း ယုံကြည်ပါတယ်။ သားတို့ တောင့်ထားပါ။ အမေ့ ကျန်းမာရေးအတွက် မပူပါနဲ့ လုပ်နိုင်အားတွေ ရှိပါတယ်။

မောင်နောက်တိုး (မန္တလေး)ဆိုတဲ့ သောတရှင်တဦးကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအကြား တွေ့ဆုံမှုတွေ အရှိန်ရနေတဲ့အချိန် အခြားလှုပ်ရှားမှုတွေဖြစ်လာရင် ထိခိုက်စေမလားဆိုပြီး မေးမြန်းလာပါတယ်။ သူ့မေးခွန်းထဲမှာတော့ Signature Campaign လုပ်လို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ တနှစ်ဖြစ်သွားတယ်လို့ ဝေဖန်သုံးသပ်ကြတဲ့အကြောင်း ရေးထားပါတယ်။ Signature Campaign ဆိုတာကတော့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှုကို ဆိုလိုဟန် တူပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် တနှစ်ပေးတယ်ဆိုတာလည်း အစိုးရသစ် တတ်ပြီးနောက် သမတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်က ပြစ်ဒဏ်တနှစ်လျှော့ပေးလိုက်တာကို ရည်ညွှန်းတယ်လို့ ယူဆရပါတယ်။

မေး။ အခုအချိန်မှာ အန်တီနဲ့ လက်ရှိအစိုးရတို့ ဆွေးနွေးပွဲတွေ အရှိန်ရစပြုနေပါပြီ။ ဒီအချိန်မှာ အဖွဲ့အစည်းအချို့ကလည်း လူထုလှုပ်ရှားမှု သဘောမျိုးတွေကို လုပ်ဖို့ကြိုးစားနေကြတယ်လို့ သိရပါတယ်။ (ဥပမာ ဧရာဝတီကိစ္စ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိစ္စ စသဖြင့်ပေါ့) ဒီမိုကရေစီသဘောတရားအရ မိမိယုံကြည်တဲ့လမ်းစဉ်ကို လုပ်ဆောင်နိုင်တယ်ဆိုပေမဲ့ ဒီလိုလုပ်တာတွေဟာ အန်တီတို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို အနှောက်အယှက် ဖြစ်စေနိုင်ပါသလား။ သို့တည်းမဟုတ် အထောက်အကူ ဖြစ်စေနိုင်ပါသလား။ ဒီလို မေးရတာ အကြောင်းရှိပါတယ်။ ပြီးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ တနှစ်ဖြစ်သွားရတာ ဆန္ဒစောပြီး Signature Campaign လုပ်လိုက်လို့ဆိုပြီး တချို့ပုဂ္ဂိုလ်တွေရဲ့ သုံးသပ်ချက်ကို ကြားလိုက်ရဖူးလို့ပါ။

ဖြေ။ လူထုတွေအနေနဲ့ မိမိတို့ရဲ့ ဆန္ဒသဘောထားတွေကို အကြမ်းမဖက်တဲ့နည်းတွေနဲ့ ဖော်ပြတာဟာ ဒီမိုကရေစီ ယုံကြည်သူတွေအားလုံး လက်ခံရမယ့် ကိစ္စဖြစ်ပါတယ်။ အေးအေးချမ်းချမ်း ဥပဒေဘောင်အတွင်းက လှုပ်ရှားရင် အန်တီတို့ အလုပ်တွေကို အနှောက်အယှက်ပေးရာ မရောက်ပါဘူး။ အထောက်အကူဖြစ်မလား ဆိုတာကတော့ စဉ်းစားစရာပါပဲ။ အခြားအခြေအနေတွေအပေါ်မှာလည်း တည်ပါတယ် ပြောရခက်ပါတယ်။ Signature Campaign ကြောင့် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေးကိစ္စ ကြန့်ကြာသွားတယ်ဆိုတာကို အန်တီ လက်မခံကြောင်းပြောပြီး ဖြစ်ပါတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတခုကိုလုပ်ဖို့ အများက Signature Campaign နဲ့ပဲဖြစ်ဖြစ် အခြားနည်းနဲ့ပဲဖြစ်ဖြစ် ဆန္ဒပြုတာကြောင့် မလုပ်ဘူးဆိုတာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီလိုဖြစ်ခဲ့တယ်လို့လည်း မယုံကြည်ပါဘူး။

နောက်ဆုံး မေးခွန်းတခုကိုတော့ ကိုဝင်းကြွယ်(သာယာဝတီ)က မေးမြန်းထားတာပါ။ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးနဲ့ ဖွံဖြိုးရေးကိစ္စ ဘယ်လို ဟန်ချက်ညီအောင် လုပ်သင့်သလဲဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ထံကို မေးမြန်းထားတဲ့ကိစ္စပါ။

မေး။ ဧရာဝတီမြစ်ကိစ္စ နေရာယူလာတာနဲ့အတူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ချက်တွေ ပိုများလာတယ်လို့ မြင်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစိတ်တွေ အားကောင်းလာတာ ကောင်းတဲ့လက္ခဏာဖြစ်ပါမယ်။ ဒါပေမယ့် ဖွံဖြိုးရေးလုပ်ငန်းတွေအပေါ်မှာ သွားများဂယက်ရိုက်မလား စဉ်းစားမိပါတယ်။ ဖွံဖြိုးရေးလုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်ကို အလွန်အမင်းထိခိုက်ပြီး၊ လူ့အဖွဲ့အစည်းကို ထိခိုက်စေရင်လည်း မကောင်းပါဘူး။ ဒါပေမယ့် ကျနော်တို့လို ဆင်းရဲတဲ့နိုင်ငံတွေအတွက် သဘာဝထိန်းသိမ်းရေးကို ကြည့်လွန်းရင် ဖွံဖြိုးရေးစီမံချက်တွေ အလုပ်ဖြစ်ပါ့မလား စဉ်းစားမိပါတယ်။ သဘာဝအရင်းအမြစ်ပေါများတဲ့ နိုင်ငံအနေနဲ့ ဒီအရင်းအမြစ်တွေကို တန်းဖိုးရှိရှိနဲ့ သဘာဝပတ်ဝန်းကျင်လည်း မထိခိုက်ရအောင် လုပ်နိုင်ရင်အကောင်းဆုံးပေါ့။ သစ်တောတွေ မရှိတော့ပေမယ့်လို့ ဟိုတစ သည်တစ ပေါ်လာတဲ့ သဘာဝဓာတ်ငွေ့တွေဟာ တိုင်းပြည်အတွက် ဝင်ငွေပါ။ ဒီလို အစွန်းနှစ်ခုကို မနင်းမိအောင် အန်တီအနေနဲ့ ဘယ်လို အကြံပြုချင်ပါသလဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင်ကို သိလိုကြားလိုပါတယ်။

ဖြေ။ ကိုဝင်းကြွယ်မေးခွန်းကို နှစ်ပိုင်းခွဲပြီး ဖြေချင်ပါတယ်။ တပိုင်းကတော့ ဖွံဖြိုးရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အကြား ရွေးချယ်ရခက်တယ်ဆိုတဲ့ ကိစ္စပါပဲ။ ဒါကို ရေရှည်အမြင်နဲ့ ကြည့်ဖို့လိုပါတယ်။ ဖွံဖြိုးမှု စီမံကိန်းတွေဟာ ရေတိုအကျိုးပေးပြီး ပတ်ဝန်းကျင်ပျက်စီးမှုတွေကြောင့် ရေရှည်ပြဿနာတွေ ဖြစ်ပေါ်စေမလား၊ ဒါမှမဟုတ် ဆင်ဆင်ခြင်ခြင်နဲ့ ဆောင်ရွက်ရင် မပျက်စီးသင့်တာ မပျက်စီးဘဲ ရေရှည်အကျိုးတွေဖြစ်နိုင်မလား၊ ဒါတွေကို သေသေချာချာ စဉ်းစားဆင်ခြင်ပြီး အကောင်းဆုံးဖြစ်စေမယ့် ချိန်ခွင်လျှာ ညီမျှမှုကို ဦးတည်ရမှာဖြစ်ပါတယ်။ ကိုဝင်းကြွယ်မေးခွန်းနဲ့ ပတ်သက်လို့ နောက်အပိုင်းအနေနဲ့ ဆွေးနွေးချင်တာကတော့ သဘာဝသယံဇာတ ကိစ္စဖြစ်ပါတယ်။ ပညာရှင်အတော်များများက သယံဇာတပေါကြွယ်ခြင်းကို ကံကောင်းတယ်ဆိုတာထက် ကျိန်စာသင့်တယ်ဆိုတာ ပြောနေကြပါပြီ။ ဘာလို့လဲဆိုတော့ ဒါတွေဟာ အလုပ်မလုပ်ပဲ ရတဲ့ဝင်ငွေအလား တာဝန်မဲ့မှု ဖြစ်စေလို့ပါ။ သယံဇာတ ပစ္စည်းတွေကနေ ဝင်ငွေလွယ်လွယ်ရနေရင် အစိုးရတွေဟာ တာဝန်သိမှုနဲ့ ပြည်သူတွေကို တန်ဖိုးထားမှု နည်းလာတတ်ပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ တကယ့်အဖိုးတန် သယံဇာတဖြစ်တဲ့ ပြည်သူတွေရဲ့ စွမ်းဆောင်ရည်ကို မြင့်တင်ဖို့ကို ဦးတည်ပြီးတော့ အများပြည်သူရဲ့ နားလည်မှု ပူးပေါင်းဆောင်ရွက်မှုနဲ့ နိုင်ငံအနာဂတ်ကို စောင့်ထိန်းပေးမယ့် ဖွံဖြိုးရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမူတွေကို ချမှတ်ရမှာဖြစ်ပါတယ်။
အခုနားဆင်ခဲ့ကြရတာကတော့ ဗွီအိုအေသောတရှင်တွေရဲ့ မှတ်ချက်၊ အကြံပေးချက်နဲ့ မေးခွန်းတွေအပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်နဲ့ အဖြေတွေ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေသောတရှင်တွေရဲ့ အမေးအဖြေ အစီအစဉ်ကို သီတင်းပတ်စဉ် ဗုဒ္ဓဟူးနေ့ မနက်ဘက် တိုက်ရိုက်လေလှိုင်း အစီအစဉ်နဲ့အတူ ထုတ်လွှင့်ပေးနေပြီး စနေ ညဘက် အစီအစဉ်မှာ ပြန်လည်နားဆင်နိုင်ပါတယ်။

ဗွီအိုအေသောတရှင်တွေနဲ့ မြန်မာလူထုအနေနဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်တာတွေရှိရင် ဗွီအိုအေအီးမေးလိပ်စာ burmese@voanews.com ဆီ စာနဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ကြိုတင်ပေးပို့ထားလို့ ရပါတယ်။

သရုပ်ဖော် ကောက်ကြောင်းပန်းချီ - မင်းကျော်ခိုင်



 

No comments: