Wednesday, June 8, 2011

ဗွီအိုအေ ပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဗုဒ္ဓဟူး, ၈ ဇွန် ၂၀၁၁

ဒီကနေ့ နားဆင်ကြရမယ့် အမေးအဖြေတွေထဲမှာ စစ်သည်ဟောင်းတွေရဲ့ အကျပ်အတည်း၊ အကြမ်းဖက် နှိမ်နင်းခံရလို့ သေဆုံးဒဏ်ရာရသူတွေစာရင်း ပြုစုထားတာ ရှိ-မရှိ၊ အဖြစ်အပျက် အမှန်အတိုင်းသိအောင် ဘယ်လိုလုပ်နေတယ်၊ ဒီမိုကရေစီ အင်အားစုတွေ မကွဲမပြားဘဲ တစည်းတလုံးထဲ ရပ်တည်ရေး၊ လူမှုရေး အကူအညီပေးကိစ္စ၊ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာမှာ လူထုရဲ့အခန်းကဏ္ဍ စတဲ့မေးခွန်းတွေအပြင် ဒေါ်အောင်ဆန်းစုကြည် အတွက် ဂုဏ်ပြုကဗျာတပုဒ်လည်း ပါဝင်ပါတယ်။

ဒီကနေ့ မေးမြန်းထားတဲ့ မေးခွန်းအများစုဟာ ၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလကနေ ၂၀၁၁ ခုနှစ် မတ်လအတွင်း စာတိုက်ကနေတဆင့် ဗွီအိုအေဆီပေးပို့ခဲ့တဲ့မေးခွန်းတွေ ဖြစ်တယ်ဆိုတာကို ကြိုတင်အသိပေးပါရစေ။

မမစုကို ပြောပေးပါလို့ အစချီပြီး စစ်သည်ဟောင်းများရဲ့ မ၀ရေစာ ပင်စင်လစာငွေကိစ္စ အကြံ ပေးထားသူကတော့ အညတရ ဖိုးထူး ဆိုသူဖြစ်ပါတယ်။


မေး။ ။ ကိုယ်ပိုင်အမှတ် ၄ (က) နဲ့ စတဲ့ စစ်သည်ဟောင်းများ၊ ကိုယ်ပိုင်အမှတ် ၅ (က) နဲ့စတဲ့ စစ်သည်ဟောင်းတွေရဲ့ ပင်စင်လစာငွေက တဦးကို ၃၀၀၊ ၂၀၀၊ ၁၀၀ ဆိုတာမျိုးတွေ များနေပါ တယ်။ ဆိုက်ကားခတောင် မရှိပါဘူး။ အခု လစာငွေ တိုးပေးမယ့်အထဲမှာလည်း မပါပါဘူး။ မမစုက ပင်စင်လစာတွေ အပြတ်ဝယ်ယူပါမည်၊ ကိုယ်တိုင် လာရောက်ပြီး ရောင်းနိုင်ပါသည်၊ စသည်ဖြင့် ကြေညာလိုက်ပါ။ မမစုရဲ့ အင်အား၊ ကိုယ်ရံတော်တွေ ဖြစ်လာမှာပါ။ ဖခင်ဗိုလ်ချုပ်ဟာ အင်္ဂလိပ်ကိုတော်လှန်ဖို့ ဂျပန်ကို အကူအညီတောင်းခဲ့တာ နိုင်ငံရေး ပရိယာယ်ပါ။ မမစု ယခုလည်း အံကျိတ်ပြီးနေတဲ့ စစ်သည်ဟောင်းများ လိုနေပြီလို့ အကြံပေးချင်တယ်။

ဖြေ။ ။ မြန်မာ့တပ်မတော်သားဟောင်းတွေ ပင်စင်လစာ မလုံမလောက်နဲ့ ဒုက္ခရောက်နေတာ တွေဟာ တပ်မတော်အတွက်ကော၊ တိုင်းပြည်အတွက်ကော ၀မ်းနည်းစရာ၊ ဂုဏ်သိက္ခာ ညှိုးနွမ်းစရာတွေဖြစ်ပါတယ်။
ပင်စင်တွေ ၀ယ်ယူရေးအစီအစဉ် ကျမတို့မှာ မရှိပေမဲ့ လက်တွေ့ကျကျ ဘယ်လိုနည်းတွေနဲ့ တပ်မတော်သားဟောင်းတွေအပါအ၀င် ဒုက္ခရောက်နေတဲ့ပြည်သူတွေကို ကူညီနိုင်မလဲဆိုတာ ကို အမြဲ စဉ်းစားလုပ်ဆောင်နေပါတယ်။

လူမှုရေးလုပ်ငန်းတွေထဲမှာ အငြိမ်းစားတွေ၊ အရပ်သားဝန်ထမ်းဟောင်းတွေကော၊ အငြိမ်းစား တပ်မတော်သားဟောင်းတွေကော ဘယ်လိုကူညီနိုင်မလဲဆိုတာကို လေ့လာပါ့မယ်။

၈၈ လူထုအရေးတော်ပုံ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွေမှာ ပါဝင်ခဲ့သူပါလို့ရေးထားတဲ့ သောတရှင် ရဲရင့်ရန်ဝေ (လှိုင်) ကတော့ အရှေ့အလယ်ပိုင်းမှာ လက်ရှိဖြစ်နေတဲ့ အစိုးရ ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ နိုင်ငံတကာရဲ့ပါဝင်မှု၊ အစိုးရရဲ့ အကြမ်းဖက် နှိမ်နင်းမှု တွေကြောင့် သေဆုံးရသူ၊ ကျဆုံးရသူစာရင်းတွေကို အတိအကျ ကောက်ယူပြုစုထားနိုင်မှုတွေ ကို ထောက်ပြထားပြီး မေးခွန်းထုတ်ထားသလို ရေဒီယိုအစီအစဉ်တခုလုပ်ဖို့လည်း အကြံပေးထားပါတယ်။

မေး။ ။ NLD မှာ ၈၈ အရေးအခင်းရဲ့ သေဆုံးသူစာရင်း အတိအကျ ကောက်ယူ ပြုစုထားတာ ရှိပါသလား၊ ဒီပဲယင်း အရေးအခင်း၊ ၂၀၀၇ သံဃာအရေးအခင်းတွေမှာ သေဆုံးသူ ဒဏ်ရာရသူ တွေ၊ ပျောက်ဆုံးသူတွေရဲ့စာရင်း ရှိပါသလား။
ဒေါ်အောင်ဆန်းစုကြည် အမြဲပြောပါတယ်။ မှန်တာကို ပြောရဲရမယ်၊ တောင်းဆိုရဲရမယ်လို့ နားလည်မိပါတယ်။ 

ဒါဆိုရင် ဒီပဲယင်း အရေးအခင်းမှာ လူတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့မှောက် ရက်ရက်စက်စက် အသတ်ခံ၊ အနှိပ်စက်ခံခဲ့ရတာတွေ၊ မိမိကိုယ်တိုင် အကြမ်းဖက် ခံခဲ့ရတာတွေကိုရော ဒေါ်အောင်ဆန်းစုကြည်က ဘာဖြစ်လို့ နိုင်ငံတကာတရားရုံး၊ UN၊ နိုင်ငံတကာ ရာဇ၀တ်မှုအဖွဲ့တွေကို မတိုင်ကြားရဲတာလဲ၊ “တိုင်ကြား တင်ပြဖို့ ရှိပါသလား။” ကိုယ်တိုင် ယခုထိ မတိုင်ကြားရသေးတာ စစ်အစိုးရ ငြိုငြင်မှာ၊ ရန်ပြုမှာစိုးလို့လား၊ အန်တီပြော ခဲ့တဲ့ အမှန်ကိုပြောရဲရမယ်၊ တင်ပြရဲရမယ်ဆိုတာနဲ့ ဆန့်ကျင်မနေဘူးလား။

နောက်အကြံပြုချက်တခုကတော့ NLD သတင်းခန်းဆိုပြီး ပြည်တွင်းက ဖုံးဖိ လိမ်လည်ထားတဲ့ အဖြစ်အပျက်တွေကို ဌာနတခုဖွြဲ့ပီး ရေဒီယို (RFA, VOA, BBC) မှ နေ့စဉ် အနည်းဆုံး ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ထုတ်လွှင့်ပေးပါခင်ဗျား။ အန်တီ့ရဲ့ အမေးအဖြေလေးနဲ့တင် မပြည့်စုံဘဲ နည်းနေပါတယ်။

ဖြေ။ ။ ၈၈ ခုနှစ် အရေးအခင်းဖြစ်နေတုန်းက NLD ဟာ နိုင်ငံရေးပါတီတခုအနေနဲ့ မရှိခဲ့ပါဘူး။ စနစ်တကျ ကျဆုံးသူတွေရဲ့စာရင်းကိုလည်း ဘယ်သူမှ ပြည့်ပြည့်စုံစုံ မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ တိုင်းနဲ့ပြည်နယ်အလိုက် တတ်နိုင်သလောက် ပြုစုထားတဲ့စာရင်းတွေတော့ ရှိပါတယ်။ စုံလင် တယ်လို့တော့ မပြောနိုင်ပါဘူး။

ဒီပဲယင်းမှာ ကျဆုံးခဲ့တဲ့သူတွေနဲ့ပတ်သက်လို့ အတိအကျ နာမည်ရထားတာက လေးယောက်ပဲ ရှိပါတယ်။ အဖွဲ့ချုပ်က စုံစမ်းခဲ့ပေမယ့်လည်း အခြား ကျဆုံးခဲ့တဲ့သူတွေအမည် အခုထိ မသိရ သေးပါဘူး။ ဒဏ်ရာရသူတွေရဲ့အမည်တွေ ရှိပေမယ့် ဒီစာရင်းက ပြည့်စုံတယ် မပြည့်စုံဘူး ဆိုတာ သေချာမပြောနိုင်ပါဘူး။

အခု အရှေ့အလယ်ပိုင်းမှာ ဒီလိုစာရင်းတွေကို မြန်မြန်ဆန်ဆန် တိတိကျကျ လုပ်နိုင်တာက ဆက်သွယ်ရေးနည်းပညာတွေ အခြေအနေကြောင့်ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်နဲ့ ၂၀၀၃ ခုနှစ် မြန်မာပြည်မှာဆိုလို့ရှိရင် ဒီလိုအခြေအနေတွေ မပေးခဲ့ပါဘူး။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလမှာ ဆက်သွယ်ရေးပညာတွေ ပိုထွန်းကားနေပြီ ဆိုပေမယ့်လည်း အခု အရှေ့အလယ်ပိုင်းမှာလောက်တော့ မထွန်းကားသေးတာမို့ အများလက်ခံနိုင်တဲ့၊ တိကျတဲ့ စာရင်းရယ်လို့ မရှိသေးပါဘူး။ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စာရင်း၊ နိုင်ငံရေးအဖွဲ့တွေ အုပ်စုတွေ ရဲ့ စာရင်း၊ အာဏာပိုင်တွေရဲ့ စာရင်းတွေက တခုနဲ့တခု မတူပါဘူး။

ဒီပဲယင်းကိစ္စနဲ့ပတ်သက်လို့ အာဏာပိုင်တွေနဲ့ ဆွေးနွေးပြီး ဒီအဖြစ်အပျက်တွေကို စုံစမ်း စစ်ဆေးဖို့ ထိခိုက်နစ်နာတဲ့သူတွေကို ထိုက်ထိုက်တန်တန် လျော်ကြေးပေးဖို့ စသည်ဖြင့် သဘောတူညီချက်တွေယူပြီးမှ နအဖဘက်က ဒီသဘောတူညီချက်တွေကို ဖျက်ခဲ့ပါတယ်။

ဒီပဲယင်းမှာ ကျဆုံးမှုတွေကို ကျမကိုယ်တိုင် မမြင်ခဲ့ရပါဘူး။ မြင်ခဲ့ရတဲ့သူတွေတချို့ ပြည်ပမှာ ဥပဒေလမ်းကြောင်းအရလုပ်ဖို့ ကြိုးစားကြတယ်လို့ ကျမသိရပါတယ်။

ဗွီအိုအေ၊ အာရ်အက်ဖ်အေ၊ ဘီဘီစီ၊ ဒီဗွီဘီ စတဲ့ နိုင်ငံခြားသတင်းဌာနတွေဟာ NLD အပိုင် မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ NLD သတင်းခန်းဆိုပြီး သပ်သပ် NLD က လုပ်ချင်သလိုလုပ်လို့ မဖြစ်နိုင်ပါဘူး။
ဒါပေမဲ့လည်း NLD နဲ့ပတ်သက်တဲ့သတင်း မပါတဲ့ အသံလွှင့်အစီအစဉ်ဆိုတာ မရှိသလောက်ပါ ပဲ။ ဦးဝင်းတင်၊ ဦးတင်ဦး၊ ဖြူဖြူသင်း စတဲ့ NLD အဖွဲ့ဝင်တွေရဲ့ အစီအစဉ်တွေကိုလည်း မှန်မှန် လွှင့်နေပါတယ်။ NLD ၀က်ဘ်ဆိုက်တ်မှာလည်း NLD သတင်းတွေ ရနိုင်ပါတယ်။

တနိုင်ငံလုံးနဲ့ပတ်သက်တဲ့ ကုန်ဈေးနှုန်းကိစ္စ၊ သတင်းလွတ်လပ်ခွင့်ကိစ္စတွေနဲ့ ပတ်သက်လို့ တော့ တချိန်လုံးဆိုသလိုပဲ စောစောကပြောတဲ့ သတင်းဌာနတွေကနေ လွှင့်နေပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့က ကိုကျော်ကျော်အောင်ကတော့ အာဏာရှင်တွေ သူတို့ကိုယ်တိုင် အလိမ်ခံရတာကိုထောက်ပြပြီး ဒေါ်စုကရော အဖြစ်အပျက်အမှန်အတိုင်း သိရအောင် ဘယ်လို များလုပ်နေပါသလဲလို့ မေးခွန်းထုတ်ထားပါတယ်။

မေး။ ။ အန်တီစုရဲ့ မိန့်ခွန်းတခုထဲမှာ ဖတ်မိတာတခုက အာဏာရှင်အစိုးရတွေဟာ ပြည်သူ လူထုကို လိမ်ညာရင်း လိမ်ညာရင်းက သူတို့ပါ ညာခံရမှန်းမသိ အညာခံသွားရတယ်လို့ ပြောဖူး ပါတယ်။ ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်တအုပ်ထဲမှာလည်း ဆိုဗီယက် ကရင်မလင် အစိုးရဟာ မော်စကိုသတင်းစာမှာပါတာပဲ သိတော့တယ်လို့ ဖတ်မိဖူးပါတယ်။ 

ကျွန်တော်မေးချင်တဲ့ မေးခွန်းကတော့ အန်တီစုအနေနဲ့ အောက်ခြေက သတင်းအချက်အလက်တွေကို အမှန်ကို အမှန်အတိုင်းသိအောင် ဘယ်လို ဆောင်ရွက်နေပါသလဲ။ ကျွန်တော် ဒီမေးခွန်းကိုမေးရတာက ကျွန်တော်တို့တတွေဟာ နှစ်ပေါင်းများစွာ အရိုးစွဲနေတဲ့ ရောဂါတခုဖြစ်တဲ့ အထက်လူကြီး တယောက်လာရင် အရှိကိုအရှိအတိုင်းမတင်ပြဘဲ အပေါ်ယံထုံးသုတ်၊ ရွှေရည်စိမ်တတ်တဲ့ အလေ့ စွဲကပ်နေလို့ပါ။

ဖြေ။ ။ ဒီဆက်သွယ်ရေးလမ်းကြောင်းတွေ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ခေတ်ကြီးမှာ တမင် သက်သက် နားမျက်စေ့တွေ အတင်းပိတ်ပြီး မနေသရွေ့ကတော့ အောက်ခြေကလူတွေရဲ့ အမြင်တွေကော၊ အပေါ်ဆုံးကလူတွေရဲ့ အမြင်တွေကော မသိချင်ချင်၊ သိချင်ချင် သိနေရပါ တယ်။ အန်တီတို့ ဒီမိုကရေစီအသိုင်းအ၀ိုင်းမှာ သတင်းအချက်အလက်တွေ စုံစုံလင်လင်သိဖို့ ဆိုတာ လိုအပ်ချက်တခုမို့ နှစ်မြို့ဖွယ်ရာ၊ မနှစ်မြို့ဖွယ်ရာ အားလုံးကို သိအောင်လုပ်ရပါတယ်။

အပေါ်ကလုပ်တာတွေ လွဲနေပေမဲ့ အောက်ကလူတွေက အမှန်အတိုင်း မလုပ်ရဲ၊ မတင်ပြရဲကြ ဘဲ မျှောလိုက်ပြီးတော့ ဒီမိုကရေစီလှုပ်ရှားမှုဘက် ပါမလာပေမယ့် ဒီမိုကရေစီ အင်အားစုတွေမှာ တော့ အကွဲကွဲအပြားပြား ဖြစ်နေကြတဲ့အပေါ် ဘ၀င်မကျစွာ မှတ်ချက်ပေးထားသူက ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့က ဦးဂမ်အောင်ပါ။

မေး။ ။ ယနေ့ ကျနော်တို့နိုင်ငံမှာ အာဏာရှင်တစုရဲ့ဦးဆောင်မှုဟာ လွဲမှားနေတယ်ဆိုတာကို လက်အောက်ခံ တိုင်းမှူးအဆင့်နဲ့ စစ်ဘက်အရာရှိ အတော်များများက သိနေကြပေမဲ့ ဒီအတိုင်း ပဲ နောက်ကလိုက်နေကြပြီး ဒီမိုကရေစီဘက်ဆီကို လုံးဝ ပဲ့ထွက်မလာကြပါဘူး။ ဒီမိုကရေစီ အတိုက်အခံများကသာလျှင် နအဖရဲ့ဖြိုခွဲမှုအောက်မှာ အကွဲအပြဲတွေနဲ့ ဖရိုဖရဲဖြစ်နေတာကို တွေ့နေရပါတယ်။ ယခုလဲ လွှတ်တော်တွေမှာ တင်ပြမယ်ဆိုတဲ့ အမတ်မင်းတွေအားလုံး “ကြံ့ဖွတ်” နောက်လိုက်များအဖြစ်သာ သံယောင်လိုက်နေကြပါတယ်။ အဲဒီလိုဖြစ်လေ စစ်ဗိုလ် တွေဟာ နိုင်ငံရေးသမားတွေကို အထင်မကြီးလေပါပဲ။ ဒီလိုဖြစ်ရတာဟာ လွတ်လပ်စွာ သဘော ကွဲလွဲခွင့်ဆိုတာကို အကြောင်းပြပြီး ထစ်ခနဲရှိ တစ်စင်ထောင်ကြတာကြောင့်လို့ ယူဆမိပါတယ်။ ကျနော့်အနေနဲ့ ယခုအခါ ဒီမိုကရေစီအင်အားစုအားလုံးဟာ တပေါင်းတစည်းထဲနဲ့ အတိုက်အခံ အဖြစ် ရပ်တည်သင့်တယ်လို့ မြင်မိကြောင်းပါခင်ဗျား။

ဖြေ။ ။ ဦးဂမ်အောင်ပြောသလိုပဲ ဒီမိုကရေစီလိုလားသူတွေ အချင်းချင်းအကြားမှာ ညီညွတ်မှု ဆိုတာ အင်မတန်လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီလို ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ အခြေအနေမှာ ဆိုရင် တယောက်တပေါက် ဖြစ်တတ်ကြတာကတော့ မြန်မာနိုင်ငံမှာတင် မဟုတ်ပါဘူး။ ဗမာ လူမျိုးတွေက အထူး မနာလိုစိတ်တွေများတယ်လို့ ဝေဖန်ကြတာတွေတော့ ရှိပါတယ်။ ဟုတ် မဟုတ်တော့ သေသေချာချာ သုတေသနလုပ်မှ သိရမယ်ထင်ပါတယ်။ ကချင်နဲ့ အခြားတိုင်းရင်း သားတွေ စိတ်နေစိတ်ထားတွေကလည်း ဘယ်လိုနေမယ်ဆိုတာ အသေအချာ မသိနိုင်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် တစင်ထောင်ချင်တာတွေ၊ တဦးနဲ့တဦး တိုက်ခိုက်ပုတ်ခတ်ချင်တာတွေက တော့ အလုပ်သဘောအရ ရင်ဆိုင်ရမယ့် ပြဿနာတွေလို့ပဲ သဘောထားပြီး တတ်နိုင် သလောက် ဖြေရှင်းသွားရမှာပါပဲ။

၈၈ လှုပ်ရှားမှုမှာပါဝင်ပြီးတော့ သေဒဏ်ကျခဲ့ပြီး ၂၀၀၉ ခု နှစ်ကုန်ပိုင်းမှာမှ အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာတာပါလို့ ဆိုပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးကြိုးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ “ထာဝရအမေ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာ ရေးသား ပေးပို့ခဲ့သူကတော့ သင်္ဃန်းကျွန်းမြို့နယ်က ၈၈ မျိုးဆက် ကိုမြင့်စိန်ဖြစ်ပါတယ်။

ခွပ်ခေါင်းအလံ ကောင်းကင်ယံမှာ
ကမ္ဘာတည်နေသမျှ မြေ၀ယ်မကျ
ပြည်သူအကျိုး အမြဲသယ်ပိုး
ကိုယ်ကျိုးမပါ အကျဉ်းစံကာ
အမေစုသတ္တိ ကမ္ဘာသိ
ဗိုလ်ချုပ်ရဲ့သွေး ကျန်ရှိသေးသမို့
ခွပ်ဒေါင်းအလံ ကောင်းကင်စံသည်
ဒီမိုကရေစီ ရရှိရေးအတွက်
အမြဲကြိုးပမ်းနေတဲ့ ထာဝရ အမေ။

ဒေါ်အောင်ဆန်းစုကြည်။ ။ သား ကိုမြင့်စိန် ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့က ပေးလိုက် တဲ့ကဗျာ ခုမှပဲ ဗွီအိုအေကိုရောက်လို့ အခုမှပဲ သားရဲ့ နွေးထွေးတက်ကြွတဲ့ ထောက်ခံမှုအတွက် ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။

အမေတို့ အတတ်နိုင်ဆုံး အများပြည်သူလိုလားတဲ့၊ တရားမျှတကောင်းမွန်တဲ့ စနစ်တခု ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်နေတဲ့နေရာမှာ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ရပါတယ်။ သားတို့လို အားပေးသူတွေဟာ အမေတို့ကို အမြဲပဲ စွမ်းအား ဖြည့်ပေးနေသလိုပါပဲ။

နာမည်လျှို့ဝှက်ခိုင်းထားတဲ့ အသက် ၆၀ ကျော် ၀န်ထမ်း ပင်စင်စားတဦးကတော့ နိုင်ငံရေး တော့ စိတ်မ၀င်စားပါ၊ လူမှုရေး အကူအညီပေးတာကိုတော့ စိတ်ဝင်စားပါတယ်ဆိုပြီး -

မေး။ ။ ဖျာပုံမှာ NLD နဲ့ပတ်သက်တဲ့ လူမှုရေးအဖွဲ့တခု ထားလို့ ရနိုင်သလား၊ ရရင် ဆောင်ရွက် ပေးပါ။ နိုင်ငံတ၀န်းက ဒေါ်စုကို စိုးရိမ်မှုအမျိုးမျိုး၊ မေးခွန်းအမျိုးမျိုး ဖော်ပြနေကြပါတယ်။ ဒေါ်စု ကလည်း အလျဉ်းသင့်သလို တုန့်ပြန်ဖြေကြားနေတာ ကြားရပါတယ်။ ဒေါ်စုတဦးတည်း သဘောထားနဲ့ ပြန်ဖြေတာထက်စာရင် အဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးပြီး မှ ဖြေကြားရင် ကောင်းမယ်၊ သင့်မယ်လို့ ယူဆပါတယ်။ လက်ရှိ နိုင်ငံတော်အဖွဲ့အစည်းဟာ အမှန်တရားတွေကိုဖုံး၊ တရားဥပဒေတွေကို ချိုးဖျက်တဲ့ အကျင့်ရှိလေတော့ ဒေါ်စု ဖြေကြားထား တာတွေနဲ့ ဥပဒေကို လုပ်ကြံဖန်တည်း အပြစ်ရှာနိုင်ပါတယ်။

ဖြေ။ ။ လူမှုရေးလုပ်ငန်းတွေ တတ်နိုင်သရွေ့ NLD က လုပ်နေပါတယ်။ ဖျာပုံကိုလည်း အနှေး နဲ့အမြန်တော့ ရောက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

လုပ်ကြံဖန်တည်းအပြစ်ရှာမှာကို စိုးရိမ်နေလို့ရှိရင်တော့ ကျမတို့ ဘာမှလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကြောက်စိတ်တွေကို ကျော်လွှားပြီး နိုင်ငံသူ နိုင်ငံသားတွေ တရားဥပဒေစိုးမိုးရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီအဆောက်အအုံတွေ ပေါ်ထွန်းရေးအတွက် ကြိုးစားဖို့ ကျမတို့က တိုက်တွန်းနေတာဖြစ်ပါတယ်။

ချစ်ခင် လေးစား ဂုဏ်ပြုထိုက်သော ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား၊ ကျန်းမာချမ်းသာပါစေ ဆိုတဲ့ ဆုတောင်းနဲ့အစချီပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံတခုအဖြစ် တည်ထောင်ရေး ကြိုးပမ်းမှုတွေမှာ လူထု ပါဝင်လုပ်ဆောင်ရမယ့် အခန်းကဏ္ဍကို မေးထားသူကတော့ ဦးဟံလင်း ဆိုတဲ့ သောတရှင်ဖြစ်ပါတယ်။

မေး။ ။ ဒီမိုကရေစီတည်ဆောက်ရာမှာ သာမန် ပြည်သူပြည်သားတယောက်အနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်ရမည်နည်း၊ ကျေးဇူးပြု၍ ဖြေကြားပေးပါခင်ဗျား။
ဘာသာရေးအာဏာရှင်၊ တစ်ပါတီအာဏာရှင်၊ စစ်အာဏာရှင်များ ဤကမ္ဘာမြေပေါ်မှ ကျဆုံးပါစေ။

ဖြေ။ ။ ဦးဟံလင်းရဲ့မေးခွန်းက ရိုးရိုးလေးနဲ့ အင်မတန်မှ အဖြေရခက်တယ်လို့ ပြောနိုင်သလို အဖြေက ရှင်းရှင်းကြီးပဲလို့လည်း ပြောနိုင်ပါတယ်။ သာမန် နိုင်ငံသူနိုင်ငံသားတွေ ဘာလုပ်နိုင် မလဲဆိုတာက အခြေအနေပေါ်မှာလည်း တည်ပါတယ်။

ဒါပေမယ့် အားလုံးလုပ်နိုင်မယ်ထင်လို့ ကျမပြောလေ့ရှိတာက အစအားဖြင့် မမှန်တာကို မှန် တယ်လို့ မပြောပါနဲ့၊ မကောင်းတာကို ကောင်းတယ်လို့ မပြောပါနဲ့၊ မတရားတာကို တရားတယ် လို့ မပြောပါနဲ့။
ဒုတိယအဆင့်အနေနဲ့ မှန်တာကို မှန်ကြောင်းပြောပေးပါ။ မမှန်တာကို မမှန်ကြောင်း ထောက်ပြ ပါ။ မကောင်းတာ ကောင်းတာ၊ မတရားတာ တရားတာတွေကိုလည်း ထောက်ပြသင့်တာ ထောက်ပြ၊ ထောက်ခံသင့်တာ ထောက်ခံပေးပါ။
တတိယအဆင့်အနေနဲ့ကတော့ ထောက်ခံမှုတွေကို စကားအရသာမဟုတ်ဘဲ အလုပ်အရ ပြသ စေချင်ပါတယ်။

ဦးဟံလင်း ကျမကို နွေးနွေးထွေးထွေး အားပေးတဲ့အတွက်လည်း အများကြီး ကျေးဇူးတင်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေသောတရှင်တွေရဲ့ အမေးအဖြေ အစီအစဉ် ကို သီတင်းပတ်စဉ် ဗုဒ္ဓဟူးနေ့ မနက်ဘက် တိုက်ရိုက်လေလှိုင်း အစီအစဉ်နဲ့အတူ ထုတ်လွှင့်ပေးနေပြီး စနေ ညဘက် အစီအစဉ်မှာ ပြန်လည်နားဆင်နိုင်ပါတယ်။

ဗွီအိုအေသောတရှင်တွေနဲ့ မြန်မာလူထုအနေနဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ ပတ်သက် ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်တာတွေရှိရင် ဗွီအိုအေအီးမေးလိပ်စာ burmese@voanews.com ဆီ စာနဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ကြိုတင်ပေးပို့ထားလို့ ရပါတယ်။

သရုပ်ဖော်ပန်းချီ - သန်းဋ္ဌေးမောင်


 

No comments: