Friday, June 10, 2011

ဒီနေ့ဖတ်စရာ သတင်းများ (ဇွန်လ ၁၁ ရက်)

- သဘောထားကွဲလွဲမှုနှင့် လွတ်လပ်မှုအကြောင်း ဒေါ်စုဘီဘီစီမှ ပြောမည်
- ကချင်နဲ့အစိုးရ စစ်တပ်ကြား ဖမ်းဆီးသူများ လဲလှယ်
- နေပြည်တော် ဥမင်လှိုဏ် အဆုံးသတ်ဖို့ ဒေသခံတွေကို အာဏာပိုင်တွေ ငှားရမ်းခိုင်းစေ
- အလုပ်သမားများ တောင်းဆိုမှု ဦးထုပ်စက်ရုံအုပ်ချုပ်ရေးက အလျှော့ပေး
- ဆီးရီးယား စစ်တပ်က သူပုန်မြို့မှာ စစ်ဆင်ရေးစတင်
- အစိုးရရဲ့ နှိပ်ကွပ်မှုတွေကို အိမ်နီးချင်းတွေ ဝေဖန်
- မလေးရှားရှိ တရားမဝင်မြန်မာများ လက်မှတ်ရရေး ဈေးကွက်ပေါ်နေ
- အင်တာနက် သုံးစွဲခွင့်ဟာလည်း အခြေခံ လူ့အခွင့်အရေး
- မိုးကြီး တောင်ပြို၍ ဘူးသီးတောင်- မောင်တော ကားလမ်း ပိတ်သွားပြီ
- KIA နှင့် တိုက်ပွဲ အစိုးရတပ်မှ ဗိုလ်မှူး အပါအဝင် ၃ ဦးသေ ၆ ဦးဒဏ်ရာရ
- ဖားကန့်တွင် ကျောက်စိမ်းကြောသစ်တွေ့
- ကချင် လက်နက်ကိုင်အဖွဲ့နှင့် အစိုးရတပ် စစ်ရေး ဆက်တင်းမာ
- ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် မြန်မာအစိုးရသစ် တောင်းဆို
- ဒေသခံ လူထုအား သစ်ခုတ်ခွင့်တားမြစ်ပြီး မယက ကိုယ်တိုင်မီးသွေးဖုတ်ရောင်း
- ရဲ အလှူငွေကြောင့် ရေနံချောင်းသားများ အခက်အခဲဖြစ်
- ပြည့်တန်ဆာဆီက ရပ်ကွက်လူကြီး လာဘ်စား


သဘောထားကွဲလွဲမှုနှင့် လွတ်လပ်မှုအကြောင်း ဒေါ်စုဘီဘီစီမှ ပြောမည်
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇွန်လ ၁၀ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သဘောထား ကွဲလွဲမှုနှင့် လွတ်လပ်မှုအကြောင်း ဟောပြောချက် နှစ်ရပ်ကို ဘီဘီစီ အင်္ဂလိပ်ပိုင်းအစီအစဉ်မှ ဇွန်လ ၂၈ ရက်နေ့တွင်
ဟောပြောမည်ဖြစ်သည်။

ဘီဘီစီ၏ အဆိုအရ ယင်းသည် လွန်ခဲ့သောနှစ်အတွင်း ဖြစ်ပွါးခဲ့သော ကမ္ဘာ့ အရေးအခင်းများကို
ပေါ်လွင်ထင်ဟပ်စေသည့် “လွတ်လပ်ရေးကို ရယူခြင်း” ဆိုသည့် ပိုမိုကျယ်ပျံ့သော အစီအစဉ်၏ အစိတ်အပိုင်းတရပ် ဖြစ်ကြောင်း သိရသည်။

နှစ်စဉ်ထုတ်လွှင့်သည့် ရိသ် ဟောပြောချက်များ (Reith Lectures) ၂ဝ၁၁ ခုနှစ် အစီအစဉ်၏ အစိတ်အပိုင်းတရပ်လည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁ဝ ခုနှစ်နိုဝင်ဘာလတွင် ရန်ကုန်မြို့ရှိနေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်သည် ဘီဘီစီ ပရိသတ်တဦးလည်း ဖြစ်သည်။ “ကျမ နေအိမ်မှာ အကျယ်ချုပ် ကျနေတုန်းက ကျမကို စကားပြောနေတာ ဘီဘီစီပါပဲ၊ ဒီတော့ ကျမလဲနားထောင်နေတာပေါ့” ဟု သူက ဘီဘီစီကို ပြောခဲ့သည်။

သောကြာနေ့က ဘီဘီစီ၏ ထုတ်ဖော် ပြောဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်၏ ပထမဟောပြောချက်သည် ဒီမိုကရေစီရေးအတွက် လှုပ်ရှား တိုက်ပွဲဝင်နေရာမှ သူရရှိခဲ့သော အတွေ့အကြုံများကို အခြေခံ ပြောကြားမည်ဖြစ်ကာ သဘောထား ကွဲလွဲမှုအပေါ် သူ၏ အယူအဆနှင့် သဘောပေါက်မှုတို့ကို စူးစမ်းလေ့လာ တင်ပြသွားမည် ဖြစ်သည်။

ဒုတိယဟောပြောချက်တွင်မူ ဒီမိုကရေစီအပေါ် အယူအဆ သဘောထား၊ အာဏာရှင် နိုင်ငံများအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း၏ တာဝန်ရှိမှု စသည်တို့ကို မကြာသေးမီကဖြစ်ခဲ့သော အရှေ့အလယ်ပိုင်း အရေးခင်းများကို ရည်ညွှန်းကိုးကား ပြောဆိုမည် ဖြစ်သည်။

အဆိုပါ ဟောပြောချက်များ ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဗြိတိသျှ သူလျှို အဖွဲ့အစည်း အကြီးအကဲဟောင်းနှင့် စင်မြင့်ပေါ်တွင် အတူရှိနေမည် ဖြစ်သည်။

အမေရိကန်နိုင်ငံတွင် ဖြစ်ခဲ့သော ၉⁄၁၁ တိုက်ခိုက်မှုကြီး ၁ဝ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထိုအဖြစ်အပျက်အပေါ် သူမ၏ သီးသန့်အမြင်ရှု့ထောင့်၊ ကမ္ဘာ လုံးဆိုင်ရာ ထိခိုက်သက်ရောက်မှုများ၊ ဂယက်ရိုက်ခတ်မှုများ စသည်တို့ကို ဗြိတိသျှ သူလျှိုအဖွဲ့ အကြီးအကဲ အီလိုင်ဇာမက်နင်ဂမ်ဘူးလား (Eliza Manningham-Buller) က ဟောပြောမည်
ဖြစ်သည်။

လုံခြုံရေးနှင့် ထောက်လှမ်းရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ လွတ်လပ်မှုအပေါ် ခြိမ်းခြောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်ချက်များ၊ အဆိုပါ ခြိမ်းခြောက်မှုများကို ပြန်လည် တုံ့ပြန်နိုင်မည့် နည်းလမ်း စသည်တို့ကိုလည်း ထည့်သွင်း ဟောပြောသွားမည်။

အီလိုင်ဇာမက်နင်ဂမ်ဘူးလား သည် ဗြိတိသျှ လုံခြုံရေး အဖွဲ့အစည်းဖြစ်သော MI5 ၏ ညွှန်ကြားရေးမှုးချုပ်အဖြစ် ၂ဝဝ၂ ခုနှစ်အောက်တိုဘာလမှ ၂ဝဝ၇ ခုနှစ်ဧပြီလ အနားယူချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ရိသ် ဟောပြောချက်များမှာ သာမန်အားဖြင့် ပရိသတ်ရှေ့တွင် လူကိုယ်တိုင် ဟောပြောရခြင်း ဖြစ်သော်လည်း ခြွင်းချက်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောချက်ကိုမူ ယခုအပတ်အတွင်း မြန်မာပြည်သို့ လာရောက်၍ ကြိုတင်ရိုက် ကူးထားမည် ဖြစ်သည်။

အဆိုပါ ရိသ် ဟောပြောချက်များကို “အတွေးအခေါ်ကို လှုံ့ဆော်ပေးခြင်းနှင့် အသိဉာဏ်ကို ဖြည့်ဆည်းပေးခြင်း” တို့အတွက် စီစဉ်တင်ဆက်ခဲ့ခြင်းဖြစ်ပြီး ဘီဘီစီ ၏ ပထမဆုံး ညွှန်ကြားရေးမှုးချုပ်ဖြစ်သူ လော့ဒ်ရိသ်ကို ဂုဏ်ပြုသည့်အနေဖြင့် ထိုသို့ အမည်ပေးထားခြင်း ဖြစ်သည်။ ပထမဆုံး ဟောပြောမှုများကို ဤအစီအစဉ်မှ ၁၉၄၈ ခုနှစ်အတွင်း စတင်ထုတ်လွှင့်ခဲ့သည်။

ကချင်နဲ့အစိုးရ စစ်တပ်ကြား ဖမ်းဆီးသူများ လဲလှယ်

BBC News ။ ။ 10-6-2011

နှစ်ဘက် တင်းမာမှုတွေ ရှိနေတဲ့ မြန်မာ အစိုးရ စစ်တပ်နဲ့ ကေအိုင်အေ ကချင် အဖွဲ့ကြားမှာ ဖမ်းဆီး ထားသူတွေကို အပြန်အလှန် ပြန်လည် လွှဲပြောင်း ပေးမှုတွေ ရှိခဲ့ ပါတယ်။

ကေအိုင်အေ ဘက်က သူတို့ ဖမ်းဆီး ထားတဲ့ အစိုးရ စစ်တပ်က ဗိုလ်ကြီး တစ်ယောက်အပါအဝင် စုစုပေါင်း သုံးယောက်ကို ပြန်လွှတ် ပေးခဲ့ပြီး အစိုးရ စစ်တပ် ဘက်က ဖမ်းသွားတဲ့ ကေအိုင်အေ တပ်ကြပ်ကြီး တစ်ယောက်ကိုတော့ သူ့ရဲ့ ရုပ်အလောင်းကိုသာ ပြန်ပေးခဲ့တယ်လို့ ကေအိုင်အေ ဘက်က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ ကချင်ပြည်နယ် မိုးမောက် မြို့နယ် အတွင်းမှာ လူအသေ အပျောက် အများဆုံး ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်ခဲ့ အပြီး နှစ်ဘက် ညှိနှိုင်း ခဲ့ကြ ပြီးတဲ့နောက် တဘက်နဲ့ တဘက် ဖမ်းဆီး ထားသူတွေကို အပြန်အလှန် လွှတ်ပေးဖို့ သဘောတူညီချက် ရခဲ့ အပြီး အခုလို ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။

အစိုးရ စစ်တပ်ဘက်က ဗိုလ်ကြီး တစ်ယောက် အပါအဝင် သုံးယောက် သေဆုံးခဲ့ပြီး ကိုးယောက် ဒဏ်ရာရခဲ့တယ်၊ အေအိုင်အေ ဘက်ကလည်း နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ကေအိုင်အေ ဘက်က ပြောပါတယ်။

မြန်မာ အစိုးရ စစ်တပ်ဘက်ကတော့ အတည်ပြုချက် မရသေးပါဘူး။

နေပြည်တော် ဥမင်လှိုဏ် အဆုံးသတ်ဖို့ ဒေသခံတွေကို အာဏာပိုင်တွေ ငှားရမ်းခိုင်းစေ
2011-06-10 RFA

မကွေးတိုင်း နတ်မောက် မြို့နယ် ရွှေပန်းတော ကျေးရွာ ကနေ နေပြည်တော် အထိ ဖောက်လုပ်နေတဲ့ မြေအောက် လျှို့ဝှက် ဥမင်လှိုင်ခေါင်း စီမံကိန်း အချောသတ် လုပ်ငန်းတွေ အတွက် ဒေသခံ ကျေးရွာသားတွေကို တရက် ငွေ ၂၀၀၀ ကျပ်ပေးပြီး နေ့စား အလုပ်သမားတွေ အဖြစ် စတင် ခေါ်ယူ ခိုင်းစေ နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

လှိုင်းခေါင်းကို ရှင်းလင်းရတာ ဖြစ်ပြီး အတွင်းမှာ ကား ၂ စီး ၃ စီး သွားလာလို့ရကြောင်း သူက ပြောပါတယ်။ အဲဒိ စီမံကိန်းကို လွန်ခဲ့တဲ့ ၃ နှစ်လောက်က စတင် အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပြီး၊ နယ်မြေခံ စစ်တပ်တွေက လုံခြုံရေး အပြည့် ယူထားခဲ့တဲ့ အပြင်၊ စီမံကိန်း အနီးကို ဒေသခံတွေ ဖြတ်သန်း သွားလာခွင့် မရခဲ့ကြဘူးလို့ သိရပါတယ်။

လောလောဆယ် အထိတော့ အခု ၀င်ရောက် လုပ်ကိုင်ခွင့်ရတဲ့ မြေအောက် လျှို့ဝှက် ဥမင်ထဲမှာ နျူကလီးယားနဲ့ တခြား လက်နက် ထုတ်လုပ်ရေးတို့နဲ့ သက်ဆိုင်တဲ့ သံသယ ဖြစ်စရာ အထောက်အထား တစုံတရာ မတွေ့ရဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ အဲဒီ မြေအောက် လှိုက်ခေါင်း စီမံကိန်း အတွက် မကြာခင်သေးက နေ့စား အလုပ်သမားတွေ စတင် ခေါ်ယူခဲ့တဲ့ အတွက် ဆင်သေကန်၊ ရှမ်းကုန်းရွာ စတဲ့ အနီးတ၀ိုက် ကျေးရွာတွေက သွားရောက် အလုပ်လုပ်ကိုင်သူ ရာနဲ့ချီရှိတယ်လို့ သိရပါတယ်။

လောလောဆယ် စီမံကိန်း တလျှောက်မှာ ရွာမွန်တပ်ရင်း အပါအ၀င် ဒေသခံ စစ်တပ် အတော် များများ တပ်စွဲထားပါတယ်။ စီမံကိန်း စတင် အကောင်အထည် ဖော်ချိန်က မြောက်ကိုရီးယား လူမျိုး တချို့ဟာ မြန်မာ စစ်တပ်က အရာရှိတွေနဲ့ အတူ စီမံကိန်း အနီး ကျေးရွာတွေက စားသောက်ဆိုင်တွေကို ၀င်ထွက်ခဲ့ဖူး တာကြောင့် အဲဒိမြေအောက် ဥမင်ကို မြောက်ကိုရီးယား အကူအညီနဲ့ ဖောက်လုပ်ခဲ့တာ ဖြစ်နိုင်ကြောင်း ဒေသခံတချို့က ယူဆ ပြောဆိုကြပါတယ်။

အလုပ်သမားများ တောင်းဆိုမှု ဦးထုပ်စက်ရုံအုပ်ချုပ်ရေးက အလျှော့ပေး
2011-06-10 RFA

ပဲခူးမြို့စွန်ရှိ Cap-One ဦးထုပ်စက်ရုံက အလုပ်သမား ၅၀ ကျော်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ဇွန်လ ၆ ရက်နေ့က သူတို့ နစ်နာချက်တွေအတွက် အလုပ်မဆင်းပဲ ဆန္ဒပြခဲ့ကြရာမှာ တောင်းဆိုချက်တချို့ကို စက်ရုံအုပ်ချုပ်ရေးက ဒီကနေ့ ဇွန်လ ၁၀ ရက်မှာ လိုက်လျောခဲ့တယ်လို့ သိရပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို စက်ရုံအာဏာပိုင်တွေ အပါအဝင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ အလုပ်သမား ဦးစီးတို့ကပါ ပါဝင် ဖြေရှင်းပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ အလုပ်သမားတွေရဲ့ အလုပ်ခွင် ပဋိပက္ခကို လိုက်လံ ဆောင်ရွက်ပေးခဲ့တဲ့ ပဲခူးတိုင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်မျိုးဝင်းက RFA ကို အခုလို ပြောပါတယ်။

“စက်ရုံကို ပြန်သွားတဲ့အခါကျတော့ အဲဒီမှာ မြို့နယ်အုပ်ချုပ်ရေးတွေ ပါလာပြီ။ နောက် အလုပ်သမား ဦးစီးကပါတယ်။ ကလေး ၅၅ ယောက်ကိုလည်း စက်ရုံထဲ ပြန်ခေါ်ထည့်ပြီးတော့ သူတို့ ဆွေးနွေးကြတယ်၊ ညှိနှိုင်းကြတယ်။ အလုပ်သမား ဦးစီးကလည်း စက်ရုံဖက် လိုက်ပြီး ပြောတယ်၊ မန်နေဂျာဖက် မျက်နှာလိုက်ပြီး ပြောတယ် ဆိုတဲ့ဟာမျိုး ကြားရတော့ သိပ်တော့ ကျွန်တော်တို့လည်း ဟိုဟာ မဖြစ်ဖူးပေါ့။ အဲဒီတော့ Cap One က ရုံးချုပ်က လူကြီး နှစ်ယောက် ရောက်လာတယ်။ နေပြည်တော်က ဒု ညွှန်တို့ ဘာတို့လည်း ရောက်လာတယ် ပြောတယ်။ အလုပ်သမား ဦးစီးဌာနက အဲဒီလို လာရောက် ဖြေရှင်းတဲ့အခါကျတော့မှ ဒီမှာ ပြေလည်မှု ရသွားပြီးတော့ အဲဒါတောင်မှ ညနေ ၆ နာရီမှ အဖြေကထွက်တယ်။”

အဲဒီအလုပ်သမားတွေက လုပ်ခလစာ တိုးပေးရေး၊ အချိန်ပိုကြေးကို စနစ်တကျ တွက်ချက်ပေးရေး နဲ့ ထမင်းစားချိန်ကို အချိန်ပြည့်ပေးရေးအပြင် အလုပ်ခွင်အတွင်း သောက်ရေသန့်နဲ့ အိမ်သာ သန့်ရှင်းမှု ရှိရေးတွေကို တောင်းဆိုခဲ့တာပါ။ ဒါ့အပြင် အလုပ်သမားတွေနဲ့ ထိပ်တိုက် ပြဿနာ ဖြစ်ခဲ့တဲ့ အလုပ်သမားခေါင်း ၂ ဦးကိုလည်း အရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီတောင်းဆိုချက်တွေထဲက အလုပ်သမားခေါင်း ၂ ဦးကို ရန်ကုန်မြို့ကို ပြောင်းရွှေ့ပေးလိုက်တာ အပါအဝင် တခြားတောင်းဆိုချက်တွေကို အလုပ်သမားတွေနဲ့ ညှိနှိုင်းပြီး သဘောတူညီချက် ရယူခဲ့တယ်လို့ Cap-One ဦးထုပ်စက်ရုံက မန်နေဂျာတဦးက သူတို့ဖက်က ဆောင်ရွက်ချက်ကို အခုလို ရှင်းပြပါတယ်။

“ဟုတ်ကဲ့၊ အားလုံး အေးအေးဆေးဆေး ပုံမှန်အတိုင်း အလုပ်ပြန်ဆင်းနေပါတယ်။ ကျွန်တော်တို့ ရန်ကုန် ရုံးခွဲကိုပေါ့နော်၊ သူတို့နဲ့ လုံးဝ မမြင်ရတဲ့ နေရာတခုကို ကျွန်တော်တို့ ပို့ဖို့ ကြိုးစားနေပါတယ်။ ကြိုးစားနေတယ်ဆိုတာ ပို့ပြီးသွားပါပြီ ပို့တာတော့။ သူတို့အနေနဲ့ အဲဒီအထိ အဲဒီမှာ အလုပ်သွား မဆင်းသေးပါဘူး။ ကျွန်တော်တို့ စက်ရုံမှာလည်း အလုပ်မဆင်းသေးပါဘူးခင်ဗျ။ အားလုံးနီးပါးပါပဲ လိုက်လျောသင့်တဲ့ဟာတွေ မှန်သမျှ လိုက်လျော ပေးခဲ့ပါတယ်။”

“အဲဒီအထဲမှာပါတဲ့ အိမ်သာ အနံ့ဆိုး ဆိုတာက တခါတလေ လေတိုက်တဲ့ အခါကျရင် မိုးတွေ ဘာတွေ ရွာတဲ့အခါကျရင် ရေလျှံတာတို့ ဘာတို့ ရှိတဲ့အခါကျရင် အနံ့ထွက်တာပေါ့နော်။ အဲဒါတွေလည်း ကျွန်တော်တို့ လုပ်နေဆဲပါ။”

“အခုဟာက လစာတိုးတောင်းတာမျိုးကတော့ သူတို့က နောက်ဆုံးက ဒါကို တိုးတောင်းစရာလည်း မလိုတဲ့အတွက် သူတို့ကလည်း နားလည်ပေးပါတယ်။ သူတို့ကလည်း တိုးမတောင်းတော့ပါဘူး။ နောက်ပြီးတော့ ရေသန့် ဆိုတဲ့ ကိစ္စတွေကလည်း ကျွန်တော်တို့က ရေသန့်တွေက အကုန်လုံး လုပ်ပေးထားတာပါ။ နဂိုကတည်းက အဆင်သင့် ဖြည့်ပေးထားပါတယ်။ ဆန်းဒေးကို သူတို့အနေနဲ့က ကလေးတွေအနေနဲ့ ဘယ်လို တွက်သလဲဆိုတော့ ဆန်းဒေးကို မပေးဘူး၊ မရဘူးလို့ သူတို့ တွက်ထားပါတယ်။ ဒါပေမဲ့ အားလုံးကို သေသေချာချာ ပြန်ရှင်းပြတဲ့အခါကျ၊ တွက်ပုံတွက်နည်းတွေကို ပြန်ပြောပြတဲ့အခါကျ သူတို့က နားလည်သွားပါတယ်။”

Cap-One ဦးထုပ်စက်ရုံပိုင်ရှင်ဟာ တောင်ကိုရီးယား နိုင်ငံသား ဖြစ်ပါတယ်။ စက်ရုံအုပ်ချုပ်ရေးမှူးက နောက်နောင် စက်ရုံတွင်း ပြဿနာတွေ ရှိလာတဲ့အခါ ပြင်ပ အဖွဲ့အစည်းတွေကို တိုင်ကြားမှု ဆွေးနွေးမှု မလုပ်ဖို့ အလုပ်သမားတွေကို ဖိအားပေးနေတယ်လို့လည်း အကူအညီ ပေးခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက ဦးအောင်မျိုးဝင်းက ပြောကြားသွားပါတယ်။

ဆီးရီးယား စစ်တပ်က သူပုန်မြို့မှာ စစ်ဆင်ရေးစတင်
BBC News ။ ။ 10-6-2011

အခု သီတင်းပတ်ဆန်း ပိုင်းက ဆီးရီးယား နိုင်ငံ ဂျားစ် အယ်လ် ရှာဂေါ့ မြို့မှာ လုံခြုံရေး အရာရှိ ၁၂၀ ကို သတ်ဖြတ်ခဲ့ တယ် ဆိုတာ အပေါ် ပြန်လည် လက်တုံ့ပြန်မယ် လို့ ပြောဆိုပြီး ဆီးရီးယား စစ်တပ်က အဲဒီမြို့ကို ဝင်ရောက် လာခဲ့ပါတယ်။

ဆီးရီးယား ရုပ်မြင် သံကြား မှာတော့ အဲဒီမြို့မှာ ဥပဒေ စိုးမိုးရေး ပြန်လည် ဆောင်ကျဉ်းနိုင်ဖို့ စစ်တပ်က စစ်ဆင်ရေးတွေ စတင် နေပြီလို့ ကြေညာခဲ့ ပါတယ်။

ဒေသခံတွေရဲ့ တောင်းဆိုမှု အရ ဆီးရီးယား အာရပ် စစ်တပ်ရဲ့ တပ်စု တွေဟာ အနီး ဝန်းကျင်က ရွာတွေကို ထိန်းချုပ်ဖို့နဲ့ အကြမ်းဖက် သမားတွေကို ဖမ်းဆီးဖို့ ဂျားစ် အယ်လ် ရှာဂေါ့ မြို့မှာ သူတို့ တာဝန်တွေကို စတင် ထမ်းဆောင် နေပြီလို့ ကြားဖြတ် သတင်း အနေနဲ့ ဆီးရီးယား ရုပ်မြင်သံကြားမှာ ကြေညာ သွား တာပါ။

ဒါ့အပြင် စစ်တပ်ရဲ့ စစ်ချီလာမှုကို နှောင့်နှေး သွားစေရေး အတွက် သေနတ် သမားတွေက ကောက်ပဲ သီးနှံတွေ၊ သစ်ပင်တွေကို မီးရှို့ ခဲ့ကြတယ်လို့လည်း ထည့်သွင်း ကြေညာခဲ့ ပါတယ်။

အတိုက်အခံ အင်တာနက် စာမျက်နှာတွေ မှာတော့ အဲဒီ ဒေသမှာ ပြင်းထန်တဲ့ သေနတ်သံတွေ ကြားခဲ့ရတယ်လို့ ဖော်ပြကြ ပါတယ်။

အစိုးရရဲ့ နှိပ်ကွပ်မှုတွေကို အိမ်နီးချင်းတွေ ဝေဖန်
Syria and Turkey Border

တူရကီ နိုင်ငံတွင်းကို နယ်စပ် ဖြတ်ကျော် ဝင်လာ သူတွေ ထောင်ချီရှိ

ဆီးရီးယား အစိုးရက ဆန္ဒပြသူ တွေကို အကြီး အကျယ် နှိမ်နင်းမှုတွေ ဆက်လုပ်နေတဲ့ အတွက် အိမ်နီးချင်း တူရကီ နိုင်ငံက ဝေဖန်လာနေပါပြီ။ ရက်စက် ကြမ်းကြုတ်မှုတွေလို့ တူရကီဘက်က ဆိုတဲ့ ဆီးရီးယားရဲ့ လုပ်ရပ်တွေကြောင့် ဆီးရီးယား သမ္မတ အာဆတ်ကို ဆက်ပြီး ကာကွယ် ပြောဆို မနေနိုင် တော့ဘူးလို့ တူရကီ ဝန်ကြီးချုပ် ရီဆက်ပ်တာရိပ် အာဒိုဂန်က ပြောပါတယ်။

ဆီးရီးယား သမ္မတ အာဆတ်နဲ့ ရင်းနှီးမှုကို အကြောင်းပြုပြီး၊ ဆီးရီးယား အစိုးရကို ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ တူရကီ ဘက်က ဖျောင်းဖြ နေတာ ရက်သတ္တပတ် အတော် ကြာခဲ့ ပါပြီ။

တချိန်တည်း မှာပဲ နိုင်ငံတကာ မိသားစုကိုလည်း စိတ်ရှည်ရှည် ထားဖို့တူရကီက ဆိုနေခဲ့တာပါ။ ဒါပေမဲ့ ဆီးရီးယား အစိုးရက ဆန္ဒပြသူတွေကို ထပ်ခါတလဲလဲ တိုက်ခိုက်မှုတွေ လုပ်လာတဲ့ အခါ မှာတော့ တူရကီဘက်က ရပ်တည်ချက် ပြောင်းလဲ သွားပြီး ဝေဖန်မှုတွေ တစထက် တစပိုလုပ် လာပါတယ်။

ဆီးရီးယား ဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည် သုံးထောင်လောက် အထိရှိလာတဲ့ အချိန်မှာတူရကီဝန်ကြီးချုပ်က အခုချိန်အထိ မပြောဖူး သေးတဲ့ ပြင်းထန်တဲ့ စကားလုံး တွေကို သုံးလာ ပါတယ်။

ဆီးရီးယားအစိုးရက ရက်စက် ကြမ်းကြုတ်မှု တွေကျူးလွန် နေတာကို လက်မခံနိုင်ဘူးလို့ သူကဆိုခဲ့ တာပါ။

နှစ်နိုင်ငံ ဆက်စပ်မှု အခြေ အနေ

ဆီးရီးယားနဲ့ တူရကီ နှစ်နိုင်ငံ နယ်စပ်မျဉ်းဟာ ကီလိုမီတာ ၉၀ဝ လောက် ရှည်လျားပြီးမကြာသေးခင် နှစ်တွေ အတွင်း ကုန်သွယ်ရေး တိုးတက်အောင် တူရကီဘက်က အကြီးအကျယ် အားပေးခဲ့ ပါတယ်။

သမ္မတ အာဆတ် သာပြုတ်ကျရင်၊ အရှုပ် အထွေးတွေ ဖြစ်လာမှာ စိုးရိမ်တယ်လို့ တူရကီ အရာရှိတွေက တဖက်မှာ ပြောနေပေမဲ့ နောက် တဘက်မှာတော့ အတိုက် အခံဘက်ကို တိတ်တဆိတ် အကူအညီ ပေးတာတွေ စလုပ်လာပါတယ်။

တစ်ယောက် တစ်မျိုးစီလို ဖြစ်နေတဲ့ အတိုက်အခံ ခေါင်းဆောင်တွေကြား ပိုပြီး ညှိညှိ နှိုင်းနှိုင်း လုပ်လာနိုင်အောင် တွေ့ဆုံဆွေးနွေး ပွဲ တစ်ခုကို ဇွန်လဆန်းပိုင်း တုန်းက တူရကီနိုင်ငံမှာ လုပ်ခွင့် ပေးခဲ့ပါတယ်။

တူရကီအနေနဲ့ အစိုးရိမ်ဆုံး ကိစ္စတခုက ဆန္ဒပြမှုတွေကြောင့် ဆီးရီးယား နိုင်ငံထဲမှာ ရှိတဲ့ ကာ့ဒ်လူမျိုးစုတွေ နေထိုင်ရာဒေသတွေမှာ မတည် မငြိမ်ဖြစ်လာ မှာကိုပါ။

အဲဒီလို ဖြစ်လာရင် တူရကီ ဘက်မှာလည်း မတည်ငြိမ်လှတဲ့ ကာ့ဒ်ဒေသကို ပြဿနာတွေ ကူးစက်လာနိုင် တယ်လို့ ဘီဘီစီ သတင်းထောက် ဂျိုနသန်ဟက်က သုံးသပ် ပါတယ်။

မလေးရှားရှိ တရားမဝင်မြန်မာများ လက်မှတ်ရရေး ဈေးကွက်ပေါ်နေ
ဟိန်းသူ Friday, 10 June 2011 18:32

မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်သူများကို တရားဝင်အဖြစ် ဆောင်ရွက်ပေးမည်ဟု မလေးရှားအစိုးရက ကြေညာပြီးသည့် နောက်ပိုင်း မြန်မာများအတွက် ၀န်ဆောင်မှုပေးသည့် ဈေးကွက်တခု ပေါ်နေကြောင်း ရွှေ့ပြောင်း အလုပ်သမားများက ပြောသည်။

ယင်းအစီအစဉ်ကို မလေးရှားအစိုးရက အတည်ပြုခြင်းမရှိသေးသော်လည်း တရားဝင်နေထိုင်ခွင့် ရရှိရန်အတွက် မလေးရှား ရင်းဂစ် ၃၀၀၀ မှ ၅၀၀၀ (မြန်မာငွေ ကျပ် ၇ သိန်းခွဲမှ ၁၃ သိန်း) ကြား ကုန်ကျမည်ဖြစ်ကြောင်း အကျိုးဆောင်လုပ်ငန်းများက ဆိုသည်။

မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ တာဝန်ရှိသူတဦးက“ဒီအစီအစဉ်မှာ ပါဝင်ဆောင်ရွက်နေပါတယ်။ သံရုံး တာဝန်ရှိသူတွေ အနေနဲ့ ဆွေးနွေးနေဆဲဖြစ်တဲ့အတွက် အသေးစိတ်ကို ထုတ်ဖော်ပြောဆိုနိုင်ဖို့ မဖြစ်သေးပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

မှတ်ပုံတင်ခြင်း၊ တရားဝင်အဖြစ် လုပ်ဆောင်ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် စီစဉ်ခြင်း၊ စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ အရေးယူခြင်းနှင့် နယ်နှင်ဒဏ်ပေးခြင်း စသည့်အဆင့် ၆ ဆင့်ကို ၃ ပတ်ကြာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပထမဆုံးအဆင့် မှတ်ပုံတင်ခြင်းကို စတင် ဆောင်ရွက်နေပြီ ဖြစ်သော်လည်း ကျန်သည့်အဆင့်များကို လာမည့်လတွင် ဆောင်ရွက်သွားဖွယ်ရှိကြောင်း မလေးရှားအစိုးရက ဆိုသည်။

တရားမ၀င်နေထိုင်သူများမှာ မည်ကဲ့သို့ဆောင်ရွက်ရမည်ကို မသိသေးသည့်အချိန်တွင် မလေးရှားနိုင်ငံရှိ အကျိုးဆောင်ကုမ္ပဏီများက ၀န်ဆောင်မှုပေးရန်အတွက် စာရင်းများ ကောက်ခံလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိစ္စအတွက် လုပ်ကိုင်နေသော မဟာနန်း ကုမ္ပဏီ မှ တာဝန်ရှိသူတဦးက မြန်မာများအတွက် စာရင်းများ ကောက် ယူနေပြီဖြစ်ကြောင်း၊ ရင်းဂစ် ၃၀၀၀ မှ ၅၀၀၀ ကြားကုန်ကျနိုင်ကြောင်း ရှင်းပြသည်။

“မြန်မာသံရုံးဘက်က ဈေးနှုန်းကို တရားဝင် မထုတ်ပြန်သေးဘူး။ ၁၅ ရက်နေ့မှာ တရားဝင်ဈေးနှုန်းတွေ ကြေညာပေးမယ်ပြော တယ်။ အခုကျနော်တို့ ဆောင်ရွက်ပေးနေတာ ဖောင်လက်ခံတဲ့ သဘောပဲရှိပါသေးတယ်”ဟု ၎င်းက ပြောသည်။

နိုင်ငံကူးလက်မှတ်ရှိပြီး ရက်လွန်နေသူများမှာ လက်မှတ် မိတ္တူတင်ပြရမည်ဖြစ်ပြီး မိတ္တူမတင်ပြနိုင်ပါက နံပါတ် ပြောပြနိုင်ရမည်ဖြစ် ကြောင်း၊ တရားမ၀င်နည်းလမ်းဖြင့် ၀င်ရောက်သူများမှာ မြန်မာ မှတ်ပုံတင်၊ သန်းခေါင်စာရင်းနှင့် ရဲစခန်းထောက်ခံစာများ လိုအပ်ကြောင်း၊ လက်ရှိအချိန်တွင် စာရင်းပေးထားသူမှာ ၄၀၀ ကျော်ခန့်သာ ရှိသေးကြောင်း မဟာနန်း ကုမ္ပဏီက ရှင်းပြသည်။

မလေးရှားနိုင်ငံတွင် ၇ နှစ်ခန့် နေထိုင်နေသော ကိုယုပိုင် က“တကယ် ဟုတ်မဟုတ်ကို စောင့်ကြည့်နေတာပေါ့။ စိတ်ချယုံကြည် ရ တဲ့ အခြေအနေရောက်မှ လုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားတယ်။ ပွဲစားကနေ မသွားချင်ဘူး။ ဖြစ်နိုင်ရင် တိုက်ရိုက် လုပ်ချင်တယ်။ စုံစမ်းနေတယ်။ တကယ်ပဲ အပြင်ကုမ္ပဏီတွေ လုပ်ပိုင်ခွင့်ရထားလား ဆိုတာကိုပါ”ဟု ပြောသည်။

တရားဝင်အဖြစ် လုပ်ဆောင်နိုင်ရန် အခွင့်အရေးများရှိနေသော်လည်း ငွေကြေးမတတ်နိုင်သည့်အတွက် မလုပ်နိုင်မည့်သူများလည်း ရှိနေသည်။

“လက်ရှိအချိန်မှာ လုပ်ပေးမယ့် အေးဂျင့်တွေဆီက စုံစမ်းကြည့်တာ ဈေးကတော်တော်များတယ်။ ကျနော့်အနေနဲ့က အဲဒီလောက် အထိ အကုန်အကျမခံနိုင်ဘူး”ဟု ဆောက်လုပ်ရေးလုပ်ငန်းတွင် နေ့စားလုပ်ကိုင်နေသူ တဦးက ပြောသည်။

ဆောက်လုပ်ရေး လုပ်ငန်းအပါအ၀င် အခြား အခြေခံ နေ့စား အလုပ်သမားများမှာ တရက်လျှင် ၃၅ ရင်းဂစ် ၀န်းကျင်သာ ရရှိကြောင်း၊ စက်ရုံ အလုပ်ရုံများနှင့် စားသောက်ဆိုင်များတွင် လခစားများမှာ ရင်းဂစ် ၈၀၀ ၀န်းကျင်သာ ရရှိကြောင်း သိရသည်။

စက်ရုံတွင် လခစား အလုပ်အဖြစ် ၀င်ရောက်လုပ်နေသော မဖြူဖြူဝင်းကလည်း“ငွေကြေးက အခက်အခဲရှိတယ်။ ရရစားစား ဆိုတော့ ၊ လစာကလည်း သိပ်ကောင်းတာမဟုတ်တော့။ လုပ်ခ အရမ်းများရင်တော့ မလုပ်နိုင်ဘူး”ဟု ပြောသည်။

မြန်မာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စသည့်နိုင်ငံများမှ မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်နေသူများ ၂ သန်း ခန့်ရှိကြောင်း မလေးရှား သတင်းစာများတွင် ဖော်ပြထားသည်။

မလေးရှားတွင် တရားမ၀င်ရောက်ရှိနေသော မြန်မာ အရေအတွက်မှာ သိန်းနှင့်ချီ ရှိသော်လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တွင် ဒုက္ခသည်အဖြစ် စာရင်းပေးထားသည့် မြန်မာနိုင်ငံသား ၈၅၈၀၀ ရှိကြောင်း UNHCR ၀က်ဆိုဒ်မှ သိရသည်။

အင်တာနက် သုံးစွဲခွင့်ဟာလည်း အခြေခံ လူ့အခွင့်အရေး
by Lu Cifer on Friday, June 10, 2011 at 7:15pm

ကုလသမဂ္ဂရဲ့  အခြေခံ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ အင်တာနက်သုံးစွဲခွင့် ထည့်သွင်းလိုက်ပါပြီ။
၁၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကောင်စီ အစီရင်ခံစာထဲမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်မြှင့်တင်ခြင်းရှုထောင့်မှ ကြည့်လျှင် လူတဦးတယောက်၏ အင်တာနက်သုံးစွဲခွင့်ကို ပိတ်ပင်ခြင်းသည် အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်သည်လို့ အတိအလင်း ဖော်ပြထားပါတယ်။

BBC သတင်းဌာနက နိုင်ငံ ၂၆ နိုင်ငံမှ ပြည်သူတွေကို ၂၀၁၀ ခုနှစ် မတ်လအတွင်း စစ်တမ်းတစ်ခု ကောက်ယူခဲ့ရာ ၇၉ ရာခိုင်နှုန်းသော ပြည်သူများက အင်တာနက်သုံးစွဲခွင့်ဟာ အခြေခံကျတဲ့ အခွင့်အရေးဖြစ်တယ်လို့ ယူဆကြကြောင်း သိရပါတယ်။

လစ်ဗျား၊ ဆီးရီးယား၊ အီဂျစ်နဲ့ ယီမင် နိုင်ငံများမှာ ဖြစ်ပွားခဲ့တဲ့ တရားမျှတရေးနဲ့ တန်းတူအခွင့်အရေးရရှိရေး လူ့အခွင့်အရေးဆိုင်ရာ လူထုအုံကြွမူများမှာ အင်တာနက်ဟာ အဓိကကျပါတယ်။ ဒါကြောင့် အဲဒီနိုင်ငံတွေမှာ အာဏာပိုင်များက အင်တာနက်ကို တင်းကျပ်စွာ ထိန်းချုပ်ခဲ့ပါတယ်။ အွန်လိုင်းမှာ မိမိလိုချင်သော အချက်အလက်များကို လွတ်လပ်စွာ ရှာဖွေခွင့်၊ ဖတ်ရှုခွင့်တွေကို ပိတ်ပင်တားဆီးခြင်းဟာ အခြေခံ လူ့ခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာလည်း ထိုသို့သော အခွင့်အရေးများကို ပိတ်ပင် ထိန်းချုပ်ထားခြင်းဟာ အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်းလို့ ပြောနိုင်ပါတယ်။

နိုင်ငံတကာ ဆက်သွယ်ရေးဆိုင်ရာ အဖွဲ့ (International Telecommunication Union) ရဲ့ အဆိုအရ ကမ္ဘာတဝန်းမှာ စုစုပေါင်း အင်တာနက်သုံးစွဲသူ ၂ ဘီလီယံကျော်ရှိပြီး Facebook လို လူမှုကွန်ရက်ဆိုဒ်တွေကို သုံးစွဲသူ သန်း ၁၅၀ ကနေ သန်း ၆၀၀ အထိ ၂၀၀၉ မှ ၂၀၁၁ အတွင်း တိုးတက်များပြားလာခဲ့ကြောင်း သိရပါတယ်။ ဒီလို တိုးတက်လာတာနဲ့အမျှ အင်တာနက်ဟာလည်း ခေတ်သစ်လူနေမှုဘဝရဲ့ တစိတ်တဒေသအဖြစ် အရေးပါတဲ့ ကဏ္ဍက ပါဝင်လာနေပါပြီ။

(ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ အစီရင်ခံစာကို အကျယ်တဝင့် ဖတ်လိုပါက ဤနေရာတွင် ရယူနိုင်သည်။)

http://www2.ohchr.org/english/bodies/hrcouncil/docs/17session/A.HRC.17.27_en.pdf

မိုးကြီး တောင်ပြို၍ ဘူးသီးတောင်- မောင်တော ကားလမ်း ပိတ်သွားပြီ
တာကလူး News Date:6/9/2011 ။ ။ နိရဉ္ဖရာသတင်း ဌာန

ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာနိုင်ငံ အကြား အဓိက ဆက်သွယ်ရာ တစ်ခုတည်းသော ကုန်လမ်း ၀င်ပေါက် ထွက်ပေါက် ဖြစ်သည့် ဘူးသီးတောင် မောင်တောကားလမ်းမှာ ယနေ့တွင် မိုးရွာ၍ လမ်းပြိုကျပြီး ကားလမ်း ပိတ်သွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

မောင်တောမှ အမျိုးသမီး တစ်ဦးက " ဟုတ်ပါတယ်။ မိုးရွာတဲ့ အတွက် တောင်ပြိုကျပြီး လမ်းပိတ် သွားပါတယ်။ ဘူးသီးတောင်က ကားတစီးလည်း ဒီနေ့ မောင်းတောကို မ၀င်သေးဘူး။ တချို့လည်း ကားလမ်းကို သွားကြည့်နေကြပါတယ်" ဟု ပြောသည်။

ဘူးသီးတောင်-မောင်တော ကားလမ်းမှာ မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်တွင် လူသွား လူလာ အများဆုံး ကားလမ်း တစ်ခု ဖြစ်ပြီး ကုန်စည်များ နေ့ည မပြတ် သယ်ယူ ပို့ဆောင်ရာ အဓိက လမ်းတစ်ခုလည်း ဖြစ်သည်။

" ဒီလမ်း ပိတ်သွားတော့ ကုန်ပစ္စည်းတွေ သယ်ယူရေးတွေ အကုန်လုံး ရပ်ကုန်ပြီ။ လူတွေလည်း သောင်တင်နေကြရပြီ။ အားလုံး ဒုက္ခရောက်နေကြရပြီ။ နှစ်စဉ် နှစ်တိုင်း မိုးရွာတာနဲ့ ခုလို ကြုံနေကြရပေမယ့် အစိုးရက တစ်ခါမှ ထိထိရောက်ရောက် ပြန်ပြင်တာ မရှိပါဘူး" ဟု တခြား ကားပိုင်ရှင် တစ်ဦးက ပြောသည်။

ယခု လမ်းပိတ်ဆို့မှု ဖြစ်နေသော နေရာမှာ ကားလမ်းမပေါ်ရှိ တောင်ခေါင်းကြီး ခေါ် လှိုဏ်ခေါင်းကြီး အနီးတွင်ဖြစ်ပြီး၊ ဘူးသီးတောင်မှ မောင်တောသို့လာသည့် ကုန်တင်ကားတစ်စီးလည်း ပြိုကျလာသည့် တောင်မြေများနှင့်အတူ ပိတ်ဆို့နေကြောင်း သိရသည်။

မောင်တောမှ ကားဒရိုင်ဘာတစ်ဦးက လမ်းပြိုကျသွားကြောင်းကို ယခုကဲ့သို့ ပြောသည်။

"ဒီနေ့ နံနက် အစောပိုင်းကနေ အဆက်မပြတ်ရွာနေတဲ့ မိုးကြောင့် ဘူးသီးတောင်-မောင်တော ကားလမ်းမှာ ရှိတဲ့ တောင်ခေါင်းကြီးပေါ်က တောင်မြေတွေပြိုကျပြီး လမ်းပိတ်ဆို့ သွားခဲ့တာ ဖြစ်ပါတယ်။ ဘူးသီးတောင်ကနေလာတဲ့ ကုန်တင်ကားတစ်စီးလဲ တောင်ပြိုကျတဲ့အထဲ ပါသွားပြီးတော့ အဲဒီနေရာမှာပဲ ပိတ်ဆို့နေတာတွေ့ရပါတယ်။ လူတွေကိုတော့ ဘာမှမထိခိုက်ခဲ့ပါဘူး။ တောင်ခေါင်းကို ဖြတ်ပြီး ဟိုဘက်ဒီဘက် ဘယ်ကားမှ သွားလို့ မရဖြစ်နေကြရပါတယ်။"

အဆိုပါ ကားလမ်းမမှာ ၁၆ မိုင်ရှည်လျားပြီး နယ်စပ်မြို့များ ဖြစ်ကြသည့် ဘူးသီးတောင် နှင့် မောင်တောကို ဆက်သွယ်ဖေါက်လုပ်ထားသည့် တစ်ခုတည်းသောကားလမ်းမဖြစ်သည်။

ဘူးသီးတောင်-မောင်တော ကားလမ်းမှာ တောင်ကြောများအတိုင်း ဖေါက်လုပ်ထားသော လမ်းဖြစ်သောကြောင့် နှစ်စဉ်နှစ်တိုင်း မိုးရာသီ ရောက်လျှင် ပိတ်ဆို့ ပိုင်းပြတ်လေ့ရှိပြီး လမ်းပျက်လျှင် ဒေသခံများမှာ အဆက်အသွယ် ပြတ်တောက်မှု၊ ကုန်ဈေးနှုန်းများ မြင့်တက်လာမှု စသည့် အခက်အခဲများနှင့် ရင်ဆိုင်ရလေ့ရှိကြသည်။

လွန်ခဲ့သောနှစ် ဇွန်လ လကလည်း မိုးကြီး၊ တောင်ပြို ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဘူးသီးတောင်နှင့် မောင်တော နယ်စပ်မြို့နယ်တို့တွင် လူပေါင်းရာချီ သေဆုံးခဲ့ကြကာ ထောင်နှင့်ချီ၍ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြရသည်။ အဆိုပါ အချိန်ကလည်း ကားလမ်းမမှာ အပိုင်းပိုင်း ပိုင်းပြတ် သွားခဲ့ပြီး လပေါင်းများစွာ ကြာအောင် ကားလမ်းကို ပြုပြင်ခဲ့ရသည်။

KIA နှင့် တိုက်ပွဲ အစိုးရတပ်မှ ဗိုလ်မှူး အပါအဝင် ၃ ဦးသေ ၆ ဦးဒဏ်ရာရ
Friday, 10 June 2011 17:21 သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ် မိုးမောက်မြို့ နယ် အတွင်း ဂျွန် ၉ ရက်နေ့က ကချင်ပြည်လွတ်လပ်ရေးတပ်မ တော် KIA နှင့် မြန်မာ အစိုးရတပ်တို့ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားရာ အစိုးရတပ်မှ ဗိုလ်မှူးတစ်ဦးအပါ အဝင် စစ်သည် ၃ ဦးကျ ဆုံးကာ ၆ ဦး ဒဏ်ရာရရှိသွားကြောင်း မပခ လက်အောက်ခံ မြန်မာစစ်တပ် အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ အတည်ပြု ပြောကြားသည်။

မြန်မာစစ်တပ် ခမရ ၄၃၇ က မိုးမောက်မြို့နယ် လွယ်ယိန်းတောင် အခြေစိုက် KIA တပ်ရင်း ၁၅ အားဌင်းနေ့နံနက် ရ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဘက်တိုက်ပွဲ စတင်ခဲ့ခြင်းဖြစ် သည်။KIAရှေ့တန်းရောက် KIA ရဲဘော်များ ထမင်းချက်စားနေပုံမြန်မာစစ်တပ်မှ ခမရ ၃၂၀ ခမရ ၄၃၈ နှင့် ခမရ ၃၄၈ တပ်များလည်းပါဝင် တိုက်ခိုက်ခဲ့ပြီး နေ့လည်ပိုင်းတွင် ခတပ်များ စခန်းမှ ဆုတ်ခွာသွားသဖြင့် သေနတ်သံရပ်စဲသွားကြောင်း စစ်တပ်နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း မြန်မာတပ်မှ ၂ ဦးကျဆုံးကာ ရ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒဏ်ရာရသူများ အား ဗန်းမော်ဆေးရုံသို့ သယ်ဆောင်လာရာလမ်းတစ်ဝက်တွင် တစ်ဦးထပ်မံသေဆုံးသဖြင့် ကျဆုံးသူ ၃ ဦး ရှိကြောင်း သိရသည် ။မြန်မာစစ်တပ်က KIA ၏တပ်သားတစ်ဦး၊ အလောင်းတစ်လောင်းနှင့် သေနတ်တစ်လက်သိမ်းဆည်း ရမိကြောင်း သိရသည် ။“၄၃၇ နဲ့ အရင်ဖြစ်တာပေါ့ နောက်မှ တခြားတပ်တွေနဲ့ ဆက်ဖြစ်တာ ကျတဲ့အထဲမှာ ၄၃၇က ဗိုလ်မှူး တစ် ယောက် တပ်ကြပ်ကြီး တစ်ယောက် ဒုတပ်ကြပ်တစ်ယောက် အားလုံး ၃ ယောက် သေတယ် ။

မနေ့က ဒဏ်ရာ ရတဲ့လူတွေ ဗန်းမော်ဆေးရုံကို သယ်လာတယ် လမ်းမှာ တစ်ယောက်ထပ်သေသွားတယ် ” ဟု ပြောသည် ။တိုက်ပွဲမဖြစ်မီ တစ်ရက်အလို ဇွန်လ ၈ ရက်နေ့က ကေအိုင်အေမှ နယ်ကျွံသွားသော မြန်မာစစ် သည် တစ်ဦး အား ဖမ်းဆီးခဲ့ကြောင်း ထို့နောက် ကျည်ဆံများ သိမ်းဆည်းကာ လူနှင့်သေနတ်ကိုပြန်လွတ်ပေး ခဲ့ကြောင်း သိရသည်။အဆိုပါကိစ္စ ညှိနှိုင်းရန် မြန်မာ စစ်အရာရှိနှစ်ဦး ကေအိုင်အေ စခန်းသို့ ထပ်မံလိုက်သွားရာゞင်း အရာရှိနှစ်ဦး အား ကေအိုင် အိုက ဖမ်းဆီးထားပြီး ပြန်လည်လွတ်ပေးခြင်း မရှိသဖြင့်တိုက်ပွဲဖြစ် ပွားရကြောင်း သိရသည်။“

ဗိုလ်ကြီးအဆင့်ပေါ့ အရာရှိနှစ်ယောက်ကို ကေအိုင်အေက ဖမ်းထားတာ ဒီနေ့အထိပြန်မလွတ်ဘူးသေလား ရှင်လား မသိ ရဘူး ” ဟု ဆိုသည်။လွန်ခဲ့သည့်လ ၁၈ ရက်နေ့က အဆိုပါဒေသအတွင်း ကေအိုင်အေနှင့် မြန်မာစစ်တပ်တို့ နှစ်ဘက် အပြန်အလှန် ပစ်ခတ် ခဲ့ရာ နှစ်ဘက်စစ်ရေးတင်းမာမှု ရေချိန်မြှင့်တက်နေခြင်း ဖြစ်သည်။ယခုအခါ တိုက်ပွဲဖြစ်ပွားရာ နယ်မြေအတွင်းသို့ မြန်မာစစ်တပ်များ အင်အားဖြည့်တင်းနေပြီး KIO ဘက်မှ လည်း အင်အား ထပ်မံဖြည့်တင်းထားကြောင်း KIO သတင်းရပ်ကွက်မှ တဆင့်သိရသည်။

ဖားကန့်တွင် ကျောက်စိမ်းကြောသစ်တွေ့
မျိုးသန့် | သောကြာနေ့၊ ဇွန်လ ၁၀ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၀၈ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်ဖားကန့်ဒေသတွင် ကျောက်စိမ်းကြောတခု ထပ်မံတွေ့ရှိကြောင်း ထိုဒေသကို သုတေသနလုပ် ကျောက်ကြောရှာဖွေခဲ့သည့် အငြိမ်းစား ဘူမိဗေဒပညာရှင် ဦးစိုးသိန်းက ပြောသည်။

ကျောက်စိမ်းကုဋေကြောဟု အမည်ပေးထားသည့် ကျောက်ကြောသစ်ကို ၂ဝ၁၁ ခုနှစ်တွင် ဖေါ်ထုတ်တွေ့ရှိခြင်း
ဖြစ်သည်။

“ ကျနော် နိုင်ငံခြားမှာ ပညာသင်ခဲ့ရတော့ အဲဒီနည်းပညာကိုရတယ်၊ ကျနော်ကလည်း ပါမောက္ခဆိုတော့ တချို့ Data တွေကို NASA ကလည်း ယူသုံးလို့ရတယ်။ ယူသုံးပြီးတော့ ကျနော်တွက်တာ Data တွေစုစုပြီးတော့ လုပ်ထားတာ၊ နောက်ဆုံး Digital Image Data တွေနဲ့ High Tech နည်းနဲ့ လုပ်လိုက်တော့၊ အဲဒါကျန်နေသေးတယ်ဆိုတာ အခု ထပ်တွေ့တာ"ဟု ဦးစိုးသိန်းက ပြောသည်။

လွန်ခဲ့သည့် ၁၅ နှစ်ကတည်းက တွေ့ရှိခဲ့သော ရတနာ ကုဋေကုဋာကြောအနီး တည်ရှိသော်လည်း ယခင်က နည်းပညာအားနည်းမှုကြောင့် မတွေ့ခဲ့ရခြင်းဖြစ်သည်ဟု သူက ပြောသည်။

ယခု တွေ့ရှိသည့် ကျောက်စိမ်းကြော၏ အကျယ်အဝန်းနှင့် ထွက်ရှိနိုင်မည့် ကျောက်စိမ်းတန်ချိန်နှင့် ပတ်သက်ပြီး
“ တန်ချိန်အနေနဲ့ကတော့ ငါ့ဆရာသမား ဧက ၁ဝဝ လျှောက်မလား ၁,ဝဝဝ လျှောက်မလား အဲဒီအပေါ်မှာမူတည်တယ်” ဟု ပြောသည်။

“ ကျောက်ရဲ့ အရည်အသွေးကိုတော့ ကျနော် အာမ, မခံဘူး။ အကျယ်အဝန်းကတော့ ငါ့ဆရာသမား ဘယ်လောက်လိုချင်သလဲ အဲဒီယူချင်တဲ့အပေါ်မှာ ကျန်သေးတယ်။ ဧက ၁,ဝဝဝ လိုချင်တယ်ဆိုလည်း ၁,ဝဝဝ ကျန်သေးတယ်” ဟု ပြောသည်။

အေးရှားဝေါလ် ကုမ္ပဏီက ရတနာ ကုဋေကုဋာကြောကို တူးဖေါ်လျက်ရှိရာ ယမန်နှစ်တနှစ်တွင်းပင် အမြတ်ငွေ ယူရိုသန်း ၅ဝ ခန့်ရရှိခဲ့သည်ဟု ယုံကြည်ရသည်။

ရတနာ ကုဋေကုဋာကြော သုတေသနလုပ် ဖော်ထုတ်ပေးနိုင်ခဲ့သူ ဦးစိုးသိန်းက “ကျနော် အာမခံခဲ့တုန်းကတော့ (ကျပ်) သိန်း ၇,ဝဝဝ မြတ်မယ်လို့ ကျနော် အာမခံခဲ့တယ်” ဟု ပြောသည်။

ကချင် လက်နက်ကိုင်အဖွဲ့နှင့် အစိုးရတပ် စစ်ရေး ဆက်တင်းမာ
နရီလင်းလက် Friday, 10 June 2011 16:28

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မြန်မာ အစိုးရတပ်အကြား ကချင်ပြည်နယ်အတွင်း ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စစ်ရေးအရ တင်းမာမှုများ ဆက်လက်ရှိနေသည်ဟု သိရသည်။
မိုးမောက်မြို့နယ်တွင် KIA တပ်မဟာ ၃ လက်အောက်ရှိ တပ်ရင်း ၁၅ နှင့် အစိုးရတပ်များသည် လအတန်ကြာ စစ်ရေးတင်းမာပြီးနောက် ယမန်နေ့က တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲကြောင့် နှစ်ဘက်စလုံး စစ်ရေးအရ ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

KIA နယ်မြေအတွင်းရှိ မိုင်ဂျားရား ကျေးရွာမှ ဒေသခံ တဦးကလည်း ကျေးရွာများတွင် နေထိုင်သည့် အမျိုးသားများသည် တိုက်ပွဲ ဖြစ်ပွားသည့်ဒေသများသို့ သွားရောက်၍ စစ်တိုက်ခိုက်ရေးတွင် မပါဝင်နိုင်သော်လည်း ရိက္ခာသယ် ဆောင်ရာတွင် ကူညီပေးကြသည်ဟု ပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားသည့်နေ့ ညပိုင်းမှ စတင်ကာ မြန်မာစစ်တပ်ဘက်မှ KIA ဌာနချုပ်အနီးတ၀ိုက်တွင် တပ်အင်အား တိုးချဲ့ခြင်းများ ပြုလုပ်လာခြင်းရှိသော်လည်း အရေအတွက် မည်မျှ တိုးချဲ့သည်ကို တိတိကျကျမသိရဟု တရုတ်-မြန်မာ နယ်စပ်ရှိ KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့မှ ဒေသခံ ကိုဆိုင်းအောင် က ပြောသည်။

“မြစ်ကြီးနားနဲ့ ဗန်းမော်လမ်း ဘက်ပေါ့။ မနေ့က တိုက်ပွဲဖြစ်တဲ့ လမ်းဘက်မှာရော ၊ ဗန်းမော်လမ်းဘက်မှာရော ၊ လိုင်ဇာနဲ့ နီးတဲ့နေရာ မြန်မာစစ်တပ်ဘက်က အင်အားထပ်တိုးချထားတယ်”ဟု သူက ဆိုသည်။

၂၀၁၀ ပြည့်နှစ်ကတည်းက KIA တပ်များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် စစ်အစိုးရက ဖိအားပေးခဲ့ရာမှ ဆက်ဆံရေး တင်းမာနေခဲ့သည်။

ယမန်နေ့ တိုက်ပွဲတွင် မြန်မာအစိုးရတပ်မှ စစ်သား ၃ ဦး ကျဆုံးကာ ၆ ဦး ဒဏ်ရာရရှိပြီး KIA တပ်မှ စစ်သား ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း KIA ၏ ပြောကြားချက်ကို ယမန်နေ့က ကချင်သတင်းဌာနတွင် ဖော်ပြထားသည်။

ယခင်လကတည်းက KIA က ၎င်းတို့ ထိန်းချုပ်သည့် နယ်မြေထဲသို့ မ၀င်ရောက်ရန် သတိပေးခဲ့သော်လည်း KIA တပ်မဟာ ၃ ထိန်းချုပ်သည့် နယ်မြေထဲသို့ အစိုးရတပ်များဝင်ရောက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ KIA တပ် မဟာ ၃ ထိန်း ချုပ်သည့် နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီးကတည်းက အစိုးရတပ်များနှင့် စစ်ရေးတင်းမာနေကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ကချင်သတင်းဌာနမှ အယ်ဒီတာ ကိုနော်ဒင်းက“ဗန်းမော်ခရိုင်ထဲမှာ ရှိတဲ့ မြန်မာ တပ်တွေထဲက စစ်သားအင်အား ၅၀၀ လောက် တော့ ရှိတယ်။ သူတို့က KIAနယ်မြေထဲကို ၀င်လာလို့ အဖမ်းခံထားရတဲ့ မြန်မာစစ်သားတွေကို လွှတ်ပေးဖို့ အင်အားနဲ့ လာ ခြိမ်းခြောက်သလို ၊ ဖိအားပေးသလို ပုံစံမျိုးလုပ်တယ်လို့သိရတယ်။ အဲဒီမှာ ညှိကြရင်းနဲ့ နှစ်ဘက် တင်းမာကုန်ပြီး မြန်မာ စစ်တပ်က စပစ်တာကို KIA ကလည်း ပြန်ပစ်ကြရင်း တိုက်ပွဲဖြစ်ကုန်တာ”ဟု ပြောသည်။

KIOသည် ယခင် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံဟု ၂၀၁၀ စက်တင် ဘာလ ၁ ရက်နေ့က ငြင်းဆိုခဲ့ပြီးနောက် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေအတွင်း နအဖတပ်များ မကျူးကျော်ရန်လည်း သတိပေး ထားသည်။

ကိုဆိုင်းအောင်က“ထိုးစစ်အနေနဲ့ KIA နယ်မြေထဲကို ထပ်တိုးဝင်လာရင်တော့ စစ်ပွဲကြီးတွေ ဖြစ်လာနိုင်တာပေါ့။ မနေ့က တိုက်ပွဲ ကလည်း လူသေတဲ့ အထိ ရှိသွားတော့ တိုက်ပွဲက ပြင်းထန်တယ် ပြောရမယ်”ဟု ပြောသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၁၈ ရက်တွင် KIA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဆက်ဆံရေး ရုံးကို အစိုးရတပ်များက ဝင်ရောက်စီးနင်းပြီး KIO အရာရှိ နှစ်ဦးကို ဖမ်းဆီးခဲ့သည်။

၁၉၉၄ ခုနှစ်မှ စတင်ပြီး KIA သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များ နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရေး အစီအစဉ်ကို KIA က လက်မခံသဖြင့် အစိုးရနှင့် ဆက်ဆံရေး ပျက်ပြားလျက် ရှိသည်။ နှစ်ဘက် စစ်ရေးပြင်ဆင်သည့် သတင်းများလည်း ပြီးခဲ့သည့်နှစ်က ပေါ်ထွက်လာသည်။

ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် မြန်မာအစိုးရသစ် တောင်းဆို
ခင်ဦးသာ Friday, 10 June 2011 18:20

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး တိုးတက်ပြောင်းလဲမှုများကို လုပ်ဆောင်နေပြီဖြစ်၍ အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းပေးရန် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ကျင်းပနေသော ကမ္ဘာ့ကုသမဂ္ဂ လူ့အခွင့် အရေးကောင်စီ၌ မြန်မာအစိုးရသစ်က တောင်းဆိုလိုက်သည်။

အစိုးရသစ်သည် သက်တမ်းအားဖြင့် ၆၉ ရက်သာ ရှိသေးသော်လည်း လူ့အခွင့်အရေးနှင့် ပတ်သက်၍ စာတွေ့၊ လက်တွေ့ လုပ်ဆောင်နေကြောင်း၊ နိုင်ငံတကာကို ကိုယ်စားပြုသည့် ကမ္ဘာ့ ကုလသမဂ္ဂကဲ့သို့သော အဖွဲ့ကြီးကလည်း ပူးပေါင်းပါဝင် နေခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုများကို ရှေးရှု၍ အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းသင့်ပြီ ဖြစ်ကြောင်း မြန်မာအစိုးရ ကိုယ်စားလှယ် ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်က တောင်းဆိုခဲ့သည်ဟု အစိုးရ၏ ယနေ့ထုတ် သတင်းစာများတွင် ရေးသားထားသည်။

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ၁၇ ကြိမ်မြောက် အစည်းအဝေးကို ဂျနီဗာမြို့၌ မေလ ၃၀ ရက်မှ စတင်ကျင်းပလျှက်ရှိရာ ဇွန်လ ၁၇ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။ ထိုအစည်းအဝေးသို့ ပြည်ပရောက် အတိုက်အခံ အင်အားစုများလည်း တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ထိုအစည်းအဝေးတွင် အဝေးရောက် ညွန့်ပေါင်အစိုးရအဖွဲ့ (NCGUB) ၏ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာ သောင်းထွန်းလည်း တက်ရောက်နေရာ မြန်မာအစိုးရ ပြောဆိုနေသော နိုင်ငံရေးအကျဉ်းသား မရှိ ဆိုသည်မှာ မဟုတ်မှန်ကြောင်း၊ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိနေပြီး မကြာခင်က ပြန်လွတ်လာသူများ၌ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၅၁ ဦးသာ ပါဝင်ကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ဦးဆောင်သော နိုင်ငံတကာ စုံစမ်းရေးကော်မရှင် တရပ်ကို အမြန်ဆုံးဖွဲ့စည်းရေးနှင့် မြန်မာစစ်အစိုးရ ကျူးလွန်ထားသော စစ်ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးပေးရန် လိုအပ်ကြောင်း၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ကိုလည်း အစိုးရ၏ တားဆီး ဟန့်တားမှုတစုံတရာ မရှိစေဘဲ အကျဉ်းထောင် အသီးသီးသို့ ချက်ချင်းဝင်ရောက် စစ်ဆေးခွင့် ပြုရန်အတွက် ဒေါက်တာသောင်းထွန်းက ဆွေးနွေးခဲ့သည်။

အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဒီမိုကရေစီ ကျင့်စဉ် မရှိမှုများအပေါ် အခြေခံ၍ ဥပဒေအရ စီးပွားရေး ပိတ်ဆို့ထားခြင်း ဖြစ်သောကြောင့် ၎င်းပိတ်ဆို့မှုကို ဥပဒေအရ ထောက်ခံကြောင်း ရန်ကုန်မှ ရှေ့နေ တဦးဖြစ်သူ ဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေစီ စံနှုန်းတွေ မရှိတော့ဘူးဆိုရင် စီးပွားရေး ပိတ်ဆို့တာတွေက ပျောက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

အစိုးရသစ်အနေဖြင့် လူ့အခွင့်အရေးကိစ္စ၊ တရားဥပဒေ စိုးမိုးရေးနှင့် လွတ်လပ်ပွင့်လင်းသော တရားစီရင်မှု တစုံတရာမတွေ့ ရသေးကြောင်းလည်း ဦးအောင်သိန်းက ပြောသည်။

“တရားရုံးတွေရဲ့ အခေါ် အဝေါ်တွေ၊ ဆိုင်းဘုတ်တွေ ပြောင်းလဲသွားတာက လွဲရင် တရားစီရင်မှုဆိုင်ရာ ကိစ္စတွေမှာ အပြောင်းအလဲ ဘာတခုမှ ထူးခြားလာတာ မတွေ့ရသေးဘူး” ဟု လည်း သူက ဆိုသည်။

ဂျနီဗာ၌ ကျင်းပနေသည့် အစည်းအဝေးသည် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလအတွင်းက အဆိုပြုထားခဲ့ကြသော မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးကိစ္စရပ် များနှင့် ပတ်သက်သော အကြံပြုချက် ၁၉၀ ကို ပြန်လှန်သုံးသပ်သည့် ဆွေးနွေးပွဲဖြစ်သည်။

အကြံပြုချက် ၁၉၀ အနက် အချက် ၇၀ သည်မြန်မာနိုင်ငံ၏ အချုပ်အချာ အာဏာကို ထိပါးသည်ဟု ဆိုကာ မြန်မာ အစိုးရသစ်က ပယ်ချခဲ့သည်။ ၇၄ ချက်အား ထောက်ခံပြီး ကျန် ၄၆ ချက်ကို စဉ်းစားသုံးသပ်ဦးမည်ဟု မြန်မာအစိုးရက ဆိုထားသည်။

မြန်မာ အစိုးသစ်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အတိုင်း ကျင့်သုံးသွားမည်ဖြစ်ပြီး နိုင်ငံသားတိုင်း၏ အခြေခံ ရပိုင်ခွင့်၊ အခြေခံ အခွင့်အရေးများကို လက်ရှိ ဖွဲ့စည်းပုံပါအတိုင်း ပြန်လည်သုံးသပ် ဆွေးနွေးသွားမည်ဟု မြန်မာကိုယ်စားလှယ် ဒေါက်တာ ထွန်းရှင်က ပြောခဲ့သည်။

မည်သည့်နိုင်ငံမဆို လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်ပြီး စွပ်စွဲခံရမှုများ ရှိကြောင်း၊ ယခုအစည်းအဝေးကို တက်ရောက် လာခြင်းကပင် မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ကြီးနှင့် ပူးပေါင်းလိုက်ခြင်းဖြစ်ကြောင်း သူက ဆိုသည်။

မြန်မာအစိုးရ၏ လူသားမျိုးနွယ်တုံး သတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ စုံးစမ်း စစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရန် တောင်းဆိုထားသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားအား မြန်မာအစိုးရက ပြည်ဝင်ခွင့် ဗီဇာ မပေးသေးပေ။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြီးခဲ့သည့်လက ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာ ကင်တားနားက မြန်မာနိုင်ငံ၏ အကျဉ်းထောင် များအတွင်း ကြမ်းတမ်းသော ညှဉ်းပန်းနှိပ်စက်မှုများ ရှိနေကြောင်း၊ တိုင်းရင်းသား ဒေသများ၌လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် တွေ့နေရဆဲ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဒေသခံ လူထုအား သစ်ခုတ်ခွင့်တားမြစ်ပြီး မယက ကိုယ်တိုင်မီးသွေးဖုတ်ရောင်း
Friday, 10 June 2011 17:17 သျှမ်းသံတော်ဆင့်

မကြာခင်ပြောင်းရွှေ့ရတော့မည်ဟုသတင်းထွက်နေသော ကျိုင်းတုံမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေမောင်းက ဒေသခံ များအား သစ်ပင်မခုတ်ရ တားမြစ်ထားပြီး ゞင်း၏ အိပ်ကပ်ဝင်ငွေအတွက် မီးသွေးဖုတ် ရောင်း၍ သဘာဝပါတ်ဝန်းကျင် ဖျက်ဆီးနေကြောင်း သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံ သတင်းရပ်ကွက်က ဆိုပါသည်။

“ သူမပြောင်းခင်အချိန်လေးမှာ ခရက ဥက္ကဌက သူ့ကိုမီးသွေးဖုတ်ရောင်းခွင့်ပေးတာလို့ပြော တယ်။သူသိမ်းယူ ထားတဲ့ ကျိုင်းတုံမြို့တောင်ဖက်က လွယ်ပန်ကွဲ ဒေသခံတွေရဲ့လယ်ယာ ဧက ၁၀ဝ ကျော်ဖက်မှာ မီးသွေး ဖုတ်ရုံကြီး ထောင်ပြီး သူ့သား မက်ကို ကိုင်ခိုင်းတယ်။ ရွာသားတွေကိုကျတော့သစ်မခုတ်ဖို့သူကတားထား တယ်။ သူကျတော့ ခုတ်ပြီး မီးသွေးဖုတ် ရောင်းတယ်” ဟု ကျိုင်းတုံ ယန်းလောရွာက ရပ်မိရပ်ဖတဦးကပြောသည်။

တထမ်းတလေသာ ထင်းခုတ်လာသော ဒေသခံများကိုမူ ရုံးသို့ခေါ်ယူကြိမ်းမောင်းခြင်း၊ ဒဏ်ငွေချ ခြင်းပေး မည်ဟု ပြောဆိုခဲ့ကြောင်း၊ အလားတူ လမ်းဘေးရှိ သစ်ပင်ကြီးများတွင်မူ ‘ သစ်ပင်မခုတ်ရ။ ထောင်ဒဏ် ၃ နှစ်’ ဟုလည်းရေးထားကြောင်း ကာလိ- တာချီလိတ် ကုန်ကူးနေသူတဦးကလည်းဤကဲ့သို့ပြောသည်။

“တချို့ဆိုင်းဘုတ်တွေမှာ‘သစ်ပင်မခုတ်ရ’ ရဲ့နောက်မှာ ‘ခွေးနှင့်စစ်သားမပါ’ ဆိုပြီးလှောင်ပြောင် ရေးထားသေး တယ်။ စစ်သားတွေ အာဏာပိုင်တွေ ခုတ်ရင်တော့ ဘယ်သူမှ သူတို့ကိုအရေးမယူနိုင်ဘူး”

မတ်လကလည်း ဝန်ထမ်းအိမ်ရာဆောက်ရန်အတွက် အထက်မှ ကျပ်သိန်း ၁၅၀ ချပေးရာ ဦးရွှေမောင်းက လိုအပ် သည့် ဆောက်လုပ်ရေးပစ္စည်းများကို အရောင်းဆိုင်များ ရွာသားများထံမှ ဆင့်ဆိုကာ အဆိုပါငွေများ မသုံးဘဲ ゞင်း၏အိပ်ကပ်ထဲရောက်သွားကြောင်း အကြောင်းသိသူ အုပ်ချုပ်ရေးရုံးဝန်ထမ်းတဦးကလည်းပြောသည်။

“ အထက်က ကွန်ကရစ်တိုင်၊ အုတ် ၊ အဂင်္တေတွေနဲ့ အခိုင်အမာဆောက်ခိုင်းတာ။ သူက လိုအပ်တဲ့ သံတွေ သွပ်တွေ ဘိလပ်မြေတွေကို ဆောက်လုပ်ရေးပစ္စည်းရောင်းတဲ့ဆိုင်တွေကို အလကား ပဲတင်းနဲ့ဆင့်ဆိုတယ်။ အုတ်တွေ သဲတွေ သစ်တွေကိုတော့ ရပ်ရွာ ဥက္ကဌတွေကို ဆင့်ဆိုတာ။ အဲ့ပိုက်ဆံတွေ တပြားမှ မသုံးရဘူး။ သူ့အတွက်ချည်းဘဲ ဖြစ်ကုန်တာပေါ့” ဟုလည်း ဆိုပါသည်။

အဆိုပါ သိမ်းယူထားသော လွယ်ပန်ကွဲဖက်က ခြံမြေများတွင်မူ ဦးရွှေမောင်းက လဖက်များ စိုက်ထားကြောင်း သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေမောင်းမှာ အသက် ၅၀ ဝန်းကျင်ရှိပြီး ကျိုင်းတုံမြို့သို့ပြောင်းရွှေ့လာသည်မှာ ၅ နှစ် ခန့်ရှိပြီဖြစ်ကြောင်း၊ မကြာခင်ပြောင်းရွှေ့ရတော့မည်ဖြစ်ပြီး ရေအားလျှပ်စစ်အတွက် ဒေသခံများကုမ္မဏီ များ ထံမှ ကောက်ခံထားသောငွေ ကျပ် သိန်း ၇၀ဝ မှာလည်း င်းလက်ထဲရှိနေသည်ဟု လူထုက ယုံကြည် ကြောင်း၊ သို့သော် ယနေ့တိုင် အဆိုပါငွေများအား အခြားသောကော်မ တီဝင် များထံ လွှဲပြောင်း အပ်နှံခြင်း ရှင်းလင်းပြသခြင်းမရှိသေး ကြောင်း ရုံးဝန်ထမ်းတဦးပြောပြချက်အရ သိရသည်။

ရဲ အလှူငွေကြောင့် ရေနံချောင်းသားများ အခက်အခဲဖြစ်
ဧရာဝတီ Friday, 10 June 2011 14:11 သတင်းတိုများ

မကွေးတိုင်း ရေနံချောင်းမြို့ မြို့မရဲစခန်းမှ ရဲဝန်ထမ်းများသည် မြို့နယ်မှူး၏ အစီအစဉ်ဖြင့် အလှူငွေဟု ဆိုကာ ဒေသခံ ကျေးရွာများရှိ ဆိုင်ကယ်စီးပြည်သူများထံမှ ကျပ် ၃၀၀၀ မှ ၅၀၀၀ အကြား ငွေကြေးကောက်ခံမှုများ ပြုလုပ်နေကြောင်း ရေနံချောင်း သားတဦးက ပြောပြသည်။

ယင်းသို့ ကောက်ခံနေသည်မှာ တလ ခန့်ရှိပြီဖြစ်ကြောင်း၊ နေ့စဉ် နံနက် ၈ နာရီမှ ၁၂နာရီ ခန့်အထိ ကောက်ခံလျက်ရှိရာ ဒေသခံပြည်သူများ အခက်အခဲ ကြုံနေကြရကြောင်း သိရသည်။

ပြည့်တန်ဆာဆီက ရပ်ကွက်လူကြီး လာဘ်စား
ဧရာဝတီ Friday, 10 June 2011 11:58 သတင်းတိုများ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့၏ အေးရိပ်ငြိမ် အဝေးပြေးဂိတ် အနီး၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းနုက ငွေကြေးရယူ၍ ပြည့်တန်ဆာလုပ်ငန်းများကို ခွင့်ပြုနေကြောင်း တောင်ကုတ် မြို့ခံ များက ပြောသည်။

အေးရိပ်ငြိမ် ကားဂိတ်အနီး မီးစက်ကွက်သစ်ရှိ ပြည့်တန်ဆာအိမ် ၁၀ အိမ်ကျော်မှ ပြည့်တန်ဆာ အမျိုးသမီး ၄၀ ၀န်းကျင်သည် တဦးလျှင် တလ ကျပ် တသောင်းစီ ဦးသန်းနုကို ပေးရကြောင်း၊ မြို့ခံကျောင်းသား လူငယ် မိဘများစုပေါင်း၍ ခရိုင်အာဏာပိုင်များ ကိုတိုင်ကြား သော်လည်း အရေး ယူမှု တစုံတရာ မရှိကြောင်း သိရသည်။

No comments: