Thursday, June 2, 2011

တွေ့ဆုံဆွေးနွေးဖို့ မက်ကိန်း စွမ်းဆောင်နိုင်မလား

မြန်မာနိုင်ငံမှာရောက်နေတဲ့ အမေရိကန် ဆီးနိတ် လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဒေါ်အောင်ဆန်းစုကြည်ကို ကြာသပတေးနေ့က သူ့ရဲ့နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

 
 
နှစ်ဖက် တွေ့ဆုံဆွေးနွေးအပြီး သူ့နေအိမ်မှာ လာစောင့်နေကြတဲ့ သတင်းထောက်တွေရဲ့အမေးကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့ပါတယ်။

 
 
မစ္စတာ မက်ကိန်းအနေနဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ ဆောင်ရွက်ပေးနိုင်မလား ဆိုတဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေးကို အန်အယ်ဒီ အနေနဲ့ရော၊ မစ္စတာ မက်ကိန်းလို မိတ်ဆွေမျိုးတွေကပါ လိုလားနေပေမယ့် တကယ်တမ်း ဖြစ်မြောက်လာဖို့ဆိုရင်တော့ အစိုးရဘက်က ပါဝင်လုပ်ဆောင်မှ ဖြစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဂျွန်မက်ကိန်း ဘာတွေပြောခဲ့သလဲ

မစ္စတာ မက်ကိန်းက သူနဲ့ မြန်မာ ဒုတိယ သမ္မတ တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့စဉ် အမျိုးသားသင့်မြတ်ရေးအတွက် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ကိစ္စနဲ့ Sanction ခေါ် ဒဏ်ခတ်အရေးယူတဲ့ ကိစ္စနဲ့ပတ်သက်တာတွေကို ဆွေးနွေးခဲ့တယ် လို့ အစည်းအဝေးကို ပါဝင်တက်ရောက်ခဲ့သူ အန်အယ်ဒီ ဗဟိုကော်မီတီဝင် ဦးဉာဏ်ဝင်း က ပြောပါတယ်။

 
မက်ကိန်းကို ကြိုဆိုနေတဲ့ မဖြူဖြူသင်းတို့အဖွဲ့က ကူညီစောင့်ရှောက်ထားတဲ့ ၃ နှစ်အရွယ် HIV ဝေဒနာသည် ကလေးငယ်လေး နှင့် လူမှုရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ မဖြူဖြူသင်း

မစ္စတာ မက်ကိန်း ထိုင်းနိုင်ငံကို ရောက်ရှိစဉ် မြန်မာနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်တဲ့အကြောင်း ထုတ်ဖော်ပြောခဲ့တာမို့ အဲဒီကိစ္စကိုလည်း ဒုတိယ သမ္မတနဲ့ ဆွေနွေးဖြစ်ခဲ့တယ်ဆိုတာ ပြန်ပြောပြပေမယ့် အသေးစိတ်တော့ မသိရဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့အပြင်ကို ခရီးထွက်မယ်ဆိုရင် လုံခြုံရေးဆိုင်ရာ အလေးထား လုပ်ဆောင်သင့်တာတွေကို မစ္စတာ မက်ကိန်းက အကြံပေးခဲ့တယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
မစ္စတာမက်ကိန်းနဲ့ တွေ့ဆုံ ဆွေနွေးရတာကို ဒေါ်အောင်ဆန်းစုကြည်ဘက်က ကျေနပ်အားရမှုရှိတယ်လို့လည်း သူက ဆိုခဲ့ပါတယ်။

အန်အယ်ဒီ ဗဟိုကော်မီတီဝင်တွေနဲ့ ဆွေးနွေးမှု

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေနွေးမှုမတိုင်ခင် ဂျွန်မက်ကိန်းဟာ အန်အယ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၇ ယောက်အပြင် စီအာရ်ပီပီ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီဝင် သုံးယောက်တို့ကို အန်အယ်ဒီ ရုံးချုပ်မှာ အတူတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

 
ဒေါ်စုနဲ့တွေ့ဆုံခဲ့သလို အန်အယ်ဒီ အပါအဝင် ၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီက ကိုယ်စားလှယ်တွေနဲ့ လည်း တွေ့ခဲ့ပါတယ်။ 

အဲဒီ ဆွေးနွေးမှုမှာ အန်အယ်ဒီ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်အောင် ဝိုင်းဝန်းပံ့ပိုးပေးကြဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ ဒေါ်အောင်ဆန်းစုကြည် မကြာခင် သွားရောက်မယ့် နယ်ခရီးစဉ်အတွက် လုံခြုံရေးကိစ္စဟာ အစိုးရမှာ တာဝန်ရှိတယ်ဆိုတဲ့အကြောင်းနဲ့ အန်အယ်ဒီဟာ တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်နေတဲ့ အကြောင်းတွေကို တင်ပြဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ဗဟိုကော်မီတီဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

ရွေးကောက်ပွဲဝင် ပါတီများနဲ့လည်း တွေ့

ဂျွန်မက်ကိန်းဟာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် တွေဖွဲ့စည်းထားတဲ့ စီအာရ်ပီပီ လွှတ်တော် ကိုယ်စားပြုကော်မီတီ အဖွဲ့ဝင်တွေ၊ ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ကြတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအင်အားစု၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ကိုယ်စားလှယ်တွေကိုလည်း တွေ့ဆုံခဲ့ပါတယ်။

 
ကြံ့ဖွံ့အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်တွေ့ဆုံစဉ်က ...

ဒဏ်ခတ်ပိတ်ဆို့ရေးနဲ့ပတ်သက်ပြီး ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းတင်က တဦး တယောက်နဲ့ဆိုင်တဲ့ ပစ်မှတ်ထား အရေးယူမှုတွေကို ဘာမှ မပြောလိုပေမယ့် အများပြည်သူကို ထိခိုက်စေတဲ့ ကုန်သွယ်မှု တားမြစ်ထားတဲ့ ကိစ္စလို ပိတ်ဆို့အရေးယူမှုတွေကို အမေရိကန်က ပြန်လည်စဉ်းစားဖို့ တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။

သတင်း - ဘီဘီစီ၊ ဓာတ်ပုံ - ရိုက်တာ၊ အေပီ


 

No comments: