Thursday, June 2, 2011

ဒီနေ့ဖတ်စရာ သတင်းများ (ဇွန်လ ၃ ရက်)

- မြန်မာ့ဒီမိုကရေစီအရေး အမေရိကန် ဆက်အားပေးမည်
- ဂျာမန်ဝန်ကြီးချုပ် မာကဲလ်က အာဆီယံ ဥက္ကဋ္ဌတာဝန် မယူမီ လူ့အခွင့်အရေး တိုးတက်ဖို့ တိုက်တွန်း
- ယီမင် လမ်းပေါ်တိုက်ပွဲ ၄၀ ကျော် သေဆုံး
- ကျမြဲ ကျနေတဲ့ ဒေါ်လာ
- စစ်တပ်အတွင်း အထက်အောက် ဖိနှိပ်မှုများကို မခံနိုင်တော့သည့် တပ်သားတဦး နယ်စပ်သို့ ထွက်ပြေးရောက်ရှိ
- လက်ဝါးကပ်တိုင် ရွှေ့ရန် ကချင်ဝန်ကြီးချုပ် ပြော
- ဒီကေဘီအေ တပ်ဖွဲ့ ကော့ကရိတ်မြို့နယ်တွင်း လူထုစည်းရုံးရေးနဲ့ ရန်ပုံငွေရရှိရေး လုပ်ငန်းများ လုပ်ဆောင်
- ယီမင်မှာ တိုက်ပွဲ ပြင်းထန်
- ပြည်နယ်ဝန်ကြီးတချို့ အလုပ်လက်ကိုင်မရှိ ဖြစ်နေ
- ရန်ကုန်မှ လူမှုရေးလုပ်ငန်းများ ဂျွန်မက်ကိန်း လေ့လာ
- ဘုရားသုံးဆူ ဒေသခံများ တိမ်းရှောင်
- ကျပ်ငွေ ရှားပါးသောကြောင့် မြန်မာ့စီးပွားရေးအခက်ကြုံ
- ပြည်မြို့ သုခ ကုသိုလ်ဖြစ်ဆေးခန်း ဖိအားပေးခံရ

မြန်မာ့ဒီမိုကရေစီအရေး အမေရိကန် ဆက်အားပေးမည်
By ဒေါ်ခင်မျိုးသက် ကြာသပတေး, 02 ဇွန် 2011

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) က မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေအတွက် အစဉ်အမြဲ ကူညီပံ့ပိုးသွားမယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် ၀ါရင့် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ ကြာသပတေးနေ့ တွေ့ဆုံစဉ် အခုလို ပြောကြားလိုက်တာပါ။

မစ္စတာ မက်ကိန်းဟာ ဒေါ်အောင်ဆန်းစုကြည် အပြင် NLD အပါအ၀င် တခြား နိုင်ငံရေးပါတီတွေက အဖွဲ့ဝင်တွေ၊ လူထုကူညီရေး အခြေပြုလုပ်ငန်း လုပ်ဆောင်နေသူတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာအစိုးသစ်ဘက်က မူဝါဒအသစ်တွေ ချပြီး ဆောင်ရွက်မယ့်သဘော ပြောနေပေမဲ့ အခုထိ ဘာမှ မထူးခြားသေးဘူးလို့ ပြောဆိုပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို သူ့နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့တာပါ။ ဆွေးနွေးပွဲမှာ မြန်မာအစိုးရသစ်ဘက်က ဘာမှ ထူးထူးခြားခြား လုပ်ပြတာမျိုး မတွေ့ရသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ခဲ့တယ်လို့ ဆွေးနွေးပွဲမှာ အတူရှိနေတဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ၊ အစိုးရက မူဝါဒ အသစ်တွေနဲ့ ဆောင်ရွက်မယ့် သဘောမျိုး မိန့်ခွန်းတွေ ပြောသော်လည်း အခုထိ စောင့်ကြည့်နေရတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ထူးခြားမှု အခုချိန်ထိ မတွေ့သေးဘူးဆိုတဲ့ အကြောင်းတွေ ပြောပါတယ်။”
မစ္စတာ မက်ကိန်းနဲ့ တွေ့ပြီးတော့ စကားပြောရတာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ရော၊ ဦးဉာဏ်ဝင်းတို့ အနေနဲ့ရော ဘယ်လိုမြင်ပါသလဲ။

“ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်၊ ဒီနေ့ မစ္စတာ မက်ကိန်းနဲ့ တွေ့ရတာ သူ့ဘက်ကတော့ ကျေနပ် အားရပါတယ်လို့ အဲဒီလို ပြောပါတယ်။ မစ္စတာ မက်ကိန်း အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးကို ပင်ပင်ပန်းပန်း ဆောင်ရွက်နေကြရတာကို သူ ကောင်းကောင်း နားလည်ပါတယ်တဲ့။ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို သူ အမြဲတမ်း ထောက်ခံသွားမယ်ဆိုတာ ပြောပါတယ်။ နောက် Sanction နဲ့ ပတ်သက်ပြီးတော့လည်း Sanction ကို စတင် ချမှတ်စဉ်ကတည်းက ဘာကြောင့် ချရတယ်ဆိုတာ မူဝါဒတွေကို သူ ရှင်းပြပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD က ဦးဉာဏ်ဝင်းနဲ့ ဦးဟံသာမြင့်တို့ပါ မစ္စတာ မက်ကိန်းနဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စတွေ၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး တနာရီကျော်ကျော် ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။

မစ္စတာ မက်ကိန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံခင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့အတူ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ NLD အဖွဲ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်စည်းရုံးရေး ခရီးအတွက် လုံခြုံရေး အခြေအနေကို စိုးရိမ်ကြောင်း ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောကြားခဲ့တယ်လို့ NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။

“အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးက မကြာခင်မှာ နယ်ကို စည်းရုံးရေး ခရီးစဉ်တွေ သွားဖို့ စိတ်ကူးနေတဲ့အကြောင်း၊ အထွေထွေ အတွင်းရေးမှူးရဲ့ လုံခြုံရေးကို အလွန် စိုးရိမ်နေကြတဲ့အကြောင်း၊ ပြည်သူတရပ်လုံးကလည်း ရင်ထဲမှာ သောကရောက်နေတဲ့အကြောင်း ဒီကိစ္စအတွက်၊ ကျနော်တို့ဘက်ကတော့ အထွေထွေ အတွင်းရေးမှူးရဲ့ လုံခြုံရေးဟာ တည်ဆဲအစိုးရ အပေါ်မှာပဲ တာဝန်ရှိတယ်လို့ အလေးအနက် မှတ်ယူထားတဲ့အကြောင်း ပြောပါတယ်။

“အဖွဲ့ချုပ် တရားဝင် ဆက်လက်ရပ်တည် ဆောင်ရွက်နေတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း ပြောပါတယ်။ အခြေခံဥပဒေကို လက်မခံနိုင်တဲ့အတွက် တရားဝင် ထပ်မံပြီးတော့ မှတ်ပုံတင်တာ မလုပ်ခဲ့ပေမဲ့ မှတ်ပုံတင်ထားဆဲ တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ပြီးတော့ စည်းရုံးရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်။ ပြည်သူတရပ်လုံးကလည်း တညီတညွတ်တည်း ဆက်လက်ပြီး ထောက်ခံနေကြတယ်။ အဲတော့ ပြည်တွင်းမှာ တရားဝင် ရပ်တည်ပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ တရားဥပဒေ လမ်းကြောင်းအရ နောက်ဆုံးအဆင့်အထိ ကြိုးပမ်းခဲ့ပြီးဖြစ်တယ်။ အဲဒီက လွန်သွားတဲ့အတွက်ကြောင့် ဘာမှမဖြစ်တဲ့အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ကို တင်ပြဖို့လည်း စီစဉ်ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။”

နေ့လယ် ၁၂ နာရီကနေ ၁ နာရီခွဲအတွင်း တိုင်းရင်းသား ရခိုင်၊ ချင်း၊ ကချင်နဲ့ ရိုဟင်ဂျာ အဖွဲ့တွေနဲ့အတူ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP) နဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီတွေ ပါဝင်တဲ့ ပါတီ ၈ ခုနဲ့ မစ္စတာ မက်ကိန်း တွေ့ဆုံခဲ့ပါတယ်။

မြန်မာစစ်အစိုးရအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ မစ္စတာ မက်ကိန်း အနေနဲ့ အစိုးရသစ် အဖွဲ့ရဲ့ ပြည်ထောင်စုလွှတ်တော် နာယကနဲ့တကွ လွှတ်တော် အမြဲတမ်း ရေးရာကော်မတီဝင်တွေနဲ့ တွေ့ဆုံရာမှာ ပျော့ပျောင်းမှုရှိသလို အမေရိကန်လွှတ်တော်ကို လာရောက်လေ့လာဖို့ပါ ဖိတ်ကြားခဲ့တယ်လို့ အမျိုးသားလွှတ်တော်နဲ့ အစိုးရ အာမခံချက်နဲ့ ကတိ၊ တာဝန်ခံချက်တွေ ဆိုင်ရာ စိစစ်ရေး ကော်မတီ ခေါင်းဆောင် ဒေါက်တာအေးမောင်က ပြောပါတယ်။

“သူဆွေးနွေးတဲ့ အပိုင်းတွေကလည်း နေရာပေါ်မူတည်ပြီး အကြောင်းအရာ ဦးတည်ချက်ချင်း ကွာချင် ကွာပါလိမ့်မယ်။ လွှတ်တော်မှာတော့ လွှတ်တော်နဲ့ ပတ်သက်တဲ့ဟာတွေပဲ သူ ပြောသွားပါတယ်။ သူ့အတွေ့အကြုံနဲ့ယှဉ်ပြီး ရတဲ့အချိန်လေးမှာ သူ လွှတ်တော်ရဲ့ ဖွဲ့စည်းပုံ၊ တည်ဆောက်ပုံလေးတွေကို ဆွေးနွေးတာ ရှိပါတယ်။ ကျနော်တို့ကတော့ ၁၇ ဦးပေါ့၊ တိုင်းရင်းသားပါတီ အသီးသီးကပါ သူ့ကို မေးချင်တဲ့ဟာလေးတွေ မေးကြတယ်ပေါ့လေ။

“အမေရိကန်လွှတ်တော်ရဲ့ အခြေအနေကိုလည်း သိချင်တယ်။ ဘာတွေ လုပ်ကြတယ်၊ ဘယ်လိုလုပ်ကြတယ် ဆိုတာ အတွေ့အကြုံချင်းလည်း ဖလှယ်ချင်တယ်။ သူတို့ကလည်း ဖိတ်ပါတယ်။ အခုမှ ဒီမိုကရေစီကို အစပျိုးကြတာကိုး။ ဘာပဲဖြစ်ဖြစ် အမေရိကန်ကတော့ နဂိုထက်စာရင် ကျနော်ထင်တယ်၊ နည်းပေါင်းစုံနဲ့တော့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေနဲ့ ဦးတည်သွားနိုင်မယ် ထင်ပါတယ်။ ပျော့ပျောင်းပါတယ်၊ ကျနော်တို့မြင်တာက၊ အင်မတန် ပျော့ပျောင်း ညင်သာကြပါတယ်။”

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) လက်ထက် မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုနဲ့အတူ တိုက်ရိုက်ထိတွေ့ ဆက်ဆံရေး မူဝါဒ ချမှတ်ခဲ့ပြီးတဲ့နောက် အမေရိကန် နိုင်ငံရေးလောကက အရေးအပါဆုံး ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ္စတာ မက်ကိန်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ဆန်းစစ်ဖို့ လာရောက်ခဲ့တာ ဖြစ်ပါတယ်။

ဂျာမန်ဝန်ကြီးချုပ် မာကဲလ်က အာဆီယံ ဥက္ကဋ္ဌတာဝန် မယူမီ လူ့အခွင့်အရေး တိုးတက်ဖို့ တိုက်တွန်း
By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 02 ဇွန် 2011

အာဆီယံ ဥက္ကဋ္ဌတာဝန်ယူခွင့် မရခင်မှာ မြန်မာအစိုးရ အနေနဲ့ လက်ရှိ လူ့အခွင့်အရေး ပြဿနာတွေကို တိုးတက်အောင် လုပ်ဆောင်ဖို့ ဂျာမန်ဝန်ကြီးချုပ် အန်ဂျလာ မာကဲလ် (Angela Merkel) က တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူလိုတဲ့ ကိစ္စကို သူ့အနေနဲ့ အတော်လေး စိုးရိမ်ပူပန်မိပါတယ်လို့ ကြာသပတေးနေ့က လုပ်တဲ့ နိုင်ငံတကာ တွေ့ဆုံဆွေးနွေးပွဲ International Forum မှာ ဂျာမန်ဝန်ကြီးချုပ်က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“မြန်မာ အရပ်သား အစိုးရသစ် အနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် တက်လှမ်းဖို့ လက်တွေ့ မလုပ်ပြသ၍တော့ မြန်မာအစိုးရရဲ့ အာဆီယံ ဥက္ကဋ္ဌလုပ်ဖို့ ဆန္ဒရှိတာကို ကျမ စိုးရိမ်ပါတယ်။”

ဂျာမဏီနိုင်ငံက မြန်မာ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အချိန်ကာလ ကြာမြင့်စွာ စိုးရိမ်ပူပန်မှုတွေ ရှိခဲ့တာကို ထပ်လောင်း သတိပေးရင်း မြန်မာအစိုးရသစ် အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို ရှေ့ဆက် လုပ်ဆောင်ဖို့ အပြောရော အလုပ်နဲ့ပါ အလေးအနက်ထား သက်သေပြဖို့ ဂျာမန်ဝန်ကြီးချုပ်က တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက လာမယ့် ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူချင်တဲ့ ကိစ္စကို မူအားဖြင့် မကန့်ကွက်ဘူးလို့ အာဆီယံ ခေါင်းဆောင်တွေက ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ နောက်ဆုံး ဆုံးဖြတ်ချက် မချခင်မှာ အာဆီယံ နိုင်ငံတွေကြား ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်မှုတွေ လုပ်သင့်ကြောင်း ဂျာမန်ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။

ယီမင် လမ်းပေါ်တိုက်ပွဲ ၄၀ ကျော် သေဆုံး
By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 01 ဇွန် 2011

ယီမင်နိုင်ငံမြို့တော် ဆာနာ (Sana’a) မှာ အစိုးရရဲ့ တပ်တွေနဲ့ အတိုက်အခံ လူမျိုးစု အကြီးအကဲဖြစ်သူ ရှိတ်ခ် ဆာဒက်ခ် အယ်လ် အာမာ (Sheik Sadeq al-Ahmar) ကို သစ္စာခံသူတွေကြား လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားနေပါတယ်။

စစ်ဒဏ်ခံနေရတဲ့ တိုင်းပြည်ကနေ နိုင်ငံခြား သံတမန်တွေ ထွက်ခွာနေချိန်မှာပဲ အချက်အချာ နေရာတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းရင်း တိုက်ပွဲတွေဟာ ဗုဒ္ဓဟူးနေ့ အရုဏ်တက်ချိန်ကစလို့ တနေကုန် ဖြစ်ပွားနေတာပါ။
ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ မျက်မြင်တွေ့သူတွေကတော့ တိုက်ခိုက်မှုတွေအတွင်း လူပေါင်း ၄၁ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ပြောပါတယ်။

လူမျိုးစု အတိုက်အခံ အဖွဲ့တွေ သိမ်းပိုက်ထားတဲ့ အစိုးရ ၀န်ကြီးရုံးတွေနဲ့ အဆောက်အဦး နေရာ အတော်များများရှိရာ မြို့တော်မြောက်ပိုင်းက ဟာဆာဘာ (Hasaba) အရပ်မှာ တိုက်ခိုက်မှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တာပါ။

အစိုးရတပ်တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး (Ali Abdullah Saleh) ရဲ့ အဓိက ပြိုင်ဘက်ဖြစ်သူ အယ်လ် အာမာရဲ့ နေအိမ်ခြံဝန်း အကြီးအကျယ် ပျက်စီးသွားခဲ့သလို ဒီနေရာမှာ အစိုးရက ရေနဲ့ လျှပ်စစ်မီးတွေကိုလည်း ဖြတ်တောက်ထားပါတယ်။

ယီမင်နိုင်ငံရဲ့ အာဏာအရှိဆုံး စစ်တပ်ခေါင်းဆောင် တဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် အလီ မိုဆန် အယ်လ် အာမာ (Ali Mohsen al-Ahmar) ရဲ့ ဌာနချုပ်ရုံးရှိရာ နေရာကိုလည်း ဗုဒ္ဓဟူးနေ့တုန်းက သမ္မတရဲ့ သစ္စာခံတဲ့ တပ်တွေက မော်တာတွေ၊ RPG တွေနဲ့ ပစ်ခတ်ခဲ့တာပါ။

ဗိုလ်မှူးချုပ် မိုဆန်ဟာ ယီမင်နိုင်ငံမှာ သြဇာကြီးမားတဲ့ ဟာရှစ်ဒ် (Hashid) လူမျိုးစုဝင်ဖြစ်ပြီး သမ္မတ ရာထူးက ထွက်ပေးရေး ၄ လနီးပါးကြာ ဆန့်ကျင် အုံကြွနေသူတွေနဲ့ မတ်လထဲမှာပဲ ပူးပေါင်းသွားခဲ့တာ ဖြစ်ပါတယ်။

ကျမြဲ ကျနေတဲ့ ဒေါ်လာ
သဲသဲ | ကြာသပတေးနေ့၊ ဇွန်လ ၀၂ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၀ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမေရိကန် ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်နှုန်းထားကို တဒေါ်လာလျှင် ၇၅၀ ကျပ်အဖြစ် အစိုးရက တရားဝင် သတ်မှတ်မည်ဟူသော ကောလာဟလနှင့် အတူ ရန်ကုန်တွင် ဒေါ်လာဈေး ထပ်မံ ကျဆင်းသွားပြီး ၇၈၀ ကျပ်သာ ဈေးပေါက်တော့သည်။

လွန်ခဲ့သည့် တလခန့်အထိ တဒေါ်လာလျှင် ကျပ် ၈၃၀ ဝန်းကျင်ဖြင့် ဈေးငြိမ်ခဲ့ရာမှာ ၇၈၀ ကျပ်သို့ ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။

“၇၅၀ တရားဝင် ပြောင်းမယ်လို့ ကျနော်တို့လည်း ကြားတာပေါ့။ ၂ ရက်လောက်ရှိပြီ။ အဲဒီကတည်းက တအိအိ ဆင်းနေတာ တောက်လျှောက်ပဲ။ ငွေဈေးကို ချနိုင်သမျှ ချနေတာလို့ ထင်တယ်” ဟု တာမွေမြို့နယ်မှ ဒေါ်လာ ရောင်းဝယ်သူ တဦးက မဇ္ဈိမကို ပြောသည်။

မှောင်ခိုဖြစ်သော်လည်း လူအများ မှီခိုအားထားရသော ငွေလဲလုပ်ငန်း လုပ်သူများအတွက် ဒေါ်လာ လာရောင်းသူက အဆမတန် ပိုများနေသည်က ဈေးထပ်ကျမည့် လက္ခဏာဟု ပြောသည်။

တရားဝင် နိုင်ငံခြား ငွေလဲနှုန်းကို တိုးမြှင့်ရေးကို အစိုးရအဖွဲ့ကြား ဆွေးနွေးနေဆဲဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များ အကြား ပြောဆိုနေကြသည်။

လက်ရှိ အသုံးပြုနေသော အစိုးရ၏ တရားဝင် နိုင်ငံခြား ငွေလဲလှယ်နှုန်းမှာ အမေရိကန် တဒေါ်လာလျှင် မြန်မာငွေ ၆.၃ ကျပ် ဖြစ်ကာ၊ လွန်ခဲ့သည့် နှစ် ၄၀ ခန့်ကတည်းက အသုံးပြုလာသော နှုန်းထား ဖြစ်သည်။

သို့သော်လည်း ဘောဂဗေဒ ပညာရှင် ဦးခင်မောင်ညိုကတော့ တရားဝင် သတ်မှတ်မည် ဆိုသော ကောလာဟလထက် ဒေါ်လာများ ဈေးကွက်ထဲ ပိုမို ဝင်ရောက်လာနေခြင်းကြောင့်ဟု ပြောသည်။

“အခုက ကုန်ဈေးနှုန်း မကျဘဲ တချို့ဟာတွေဆိုရင် ဆက်တက်နေတယ်။ ဒါက ပုံစံ မမှန်ဘူးလေ။ ဗမာငွေ တန်ဖိုးတက်တာ မဟုတ်ဘဲ ဗမာငွေ ရှားသွားတာ။ အစိုးရက တခုပြီးတခု ချရောင်းပေးနေတဲ့ အခါကျတော့ လေလံအတွက် ငွေသွင်းဖို့ရှိတဲ့ ဒေါ်လာတွေ ထုတ်ရောင်းနေတော့ ပိုက်ဆံရှားလာတဲ့ သဘောပဲ” ဟု သူက ဆိုသည်။

၅ နှစ်တာအတွင်း ဒေါ်လာဈေး အနိမ့်ဆုံးဖြစ်နေခြင်းက သွင်းကုန် ထုတ်ကုန် လုပ်ငန်းများအတွက် မချောမွေ့နိုင်ကြောင်း သူက ပြောသည်။

စစ်တပ်အတွင်း အထက်အောက် ဖိနှိပ်မှုများကို မခံနိုင်တော့သည့် တပ်သားတဦး နယ်စပ်သို့ ထွက်ပြေးရောက်ရှိ
June 2nd, 2011 | စာရေးသူ - ရိုးမ ၃

စစ်တပ်အတွင်း အထက်အောက် ဖိနှိပ်မှုများကို မခံနိုင်တော့သဖြင့် ကရင်ပြည်နယ် ကျုံဒိုးအခြေအစိုက် ခမရ (၅၄၆) တပ်ရင်းမှ တပ်သားမောင်ဘိုမှတ်သည် မေလ (၂၉)ရက်နေ့က ဒီကေဘီအေနှင့် ကျောင်းသားတပ်မတော်ပူးပေါင်းတပ်ဖွဲ့များထံ လာရောက်ခိုလှုံခဲ့သည်။

ယခုကဲ့သို့ စစ်တပ်က ထွက်ပြေးလာရခြင်းနှင့် ပတ်သက်၍ “ကင်းစောင့်ရင်း တန်းလန်းနဲ့ ထွက်ပြေးလာတာ၊ သူတို့က မနိုင်တဲ့ဝန်လည်း ထမ်းခိုင်းတယ်။ ဖက်ထိပ်ဆိုလည်း တအား လုပ်ရတယ်။ စနေ တနင်္ဂနွေဆိုလည်း မနားရဘူး။ ထွက်ပြေးလာတာ လူပင်ပန်းစိတ်ပင်ပန်းဖြစ်လွန်းလို့ပါ။ သေချင်လည်းသေတော့ဆိုပြီး ပြေးတာ။ တပ်ကြပ်ကြီးတို့ ဒုတပ်ကြပ်တို့က ခေါ်ခိုင်းတယ် ညဆိုလည်း ကင်းစောင့်ရ သူတို့ခိုင်းတာလုပ်ရနဲ့ အိပ်ရေးမဝဘူး။ ထမင်းလည်းမဝဘူး သူတို့ အပစ်လို့မြင်ရင် ပါးနားခေါ်ရိုက်တယ် ဆရာတွေက” ဟု ပြောသည်။

မောင်ဘိုမှတ်ကို အမဖြစ်သူက ခမရ(၃၀၁) မှ ဗိုလ်ကြီးတဦးထံ ငွေကြေးဖြင့် ရောင်းချလိုက်ခြင်းကြောင့် ကျုံဒိုးမြို့ကို ရောက်ရှိကာ စစ်သားဖြစ်လာသူဖြစ်ပြီး ၎င်းအနေဖြင့် ရှေ့တန်း စစ်မြေပြင်ကို ယခုတခေါက်သာ ထွက်ဖူးသည်ဟု ဆက်ပြောသည်။

“စစ်ထဲ ကျနော်ဝင်ချင်စိတ် မရှိပါဘူး။ အစ်မက ငွေရေးကြေးရေးအဆင်မပြေလို့ဆိုတော့ ပိုက်ဆံ (၂)သိန်း ခွဲယူထားတာ။ ကျနော့်ကိုပြောတော့ ကျနော်က မဝင်ချင်ဘူးလို့ ငြင်းပါသေးတယ်။ အစ်မက ပိုက်ဆံယူ ပြီးပြီဆိုတော့ ကျနော်လည်း ဝင်လိုက်တယ်။ ဝင်တာက ကျုံဒိုးမှာပဲ စုဆောင်းရေးက မကွေးစုဆောင်းရေး ကျုံဒိုးကဗိုလ်ကြီးတွေကနေ လာခေါ်တာ။ ကျုံဒိုးမှာ ရောင်းတာ။ ကျုံဒိုးက ဗိုလ်ကြီးက အရင်တုန်းက မကွေး (၃၀၁) က အဲဒါ ကျနော်ယောက်ဖနဲ့သိတယ်။ သူကလည်းစစ်တပ်ထဲက မကွေးမှာပါဘဲ။ စစ်ထဲဝင်တာ့ (၁၈)နှစ်ပဲရှိသေးတယ်” ဟု မောင်ဘိုမှတ်က ဆက်ပြောသည်။

ယခင်ကတည်းက စစ်တပ်ထဲဝင်ရန် စိတ်ဆန္ဒမရှိခဲ့သည့် မောင်ဘိုမှတ်က ၎င်းလိုပင် စစ်တပ်ထဲမဝင်ချင်ပဲ စစ်သားဖြစ်ရတဲ့ အခြေအနေကို လူငယ်တွေ မခံစားစေချင်ကြောင်းနှင့် ၎င်းအနေဖြင့် အခြားတိုင်းပြည်မှာ သွားရောက်ပြီး အလုပ်လုပ်ကိုင်စားသောက်လို့ရတဲ့ သာမန်အရပ်သားဘဝနှင့် နေလိုကြောင်း ဆက်ပြောသည်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှစ၍ ယနေ့အထိ မြန်မာအစိုးရ စစ်တပ်မှထွက်ပြေးပြီး ဒီကေဘီအေနဲ့ ကျောင်းသားတပ်မတော်ပူပေါင်း တပ်ဖွဲ့တွေထံ ထွက်ပြေးခိုလှုံလာသူ (၁၀၀) ကျော်ရှိပြီဖြစ်ကြောင်း ကျောင်းသားတပ်မတော် စစ်ဦးစီးမှူးဒုတိယတန်း ရဲဘော်ထွန်းထွန်းက ပြောသည်။

“(၆)ရက် ငါးလပိုင်းမှာလည်း ခလရ (၂၃၁) က လက်နက်လေးလက်နဲ့ လေးယောက် အဲဒီဟာတော့ တသုတ်ရှိတယ်။ နောက်လည်း သေနတ် ငါးလက်နဲ့ တသုတ် အခုဒီတယောက်နဲ့ပေါ့။ ဒါကျနော်တို့ နိုဝင်ဘာကနေဆိုရင် တစ်ရာကျော်သွားပြီ” ဟုပြောသည်။

စစ်တပ်အတွင်း အထွေထွေကြပ်တည်းမှုများ၊ အထက်အောက်ဖိနှိပ်မှုများကြောင့် နေ့စဉ်နှင့်အမျှ စစ်တပ်အတွင်းမှ ထွက်ပြေးမှုများရှိနေပြီး အစိုးရအနေဖြင့် ယင်းကဲ့သို့ အင်အားဆုတ်ယုတ်မှုကို ဖြည့်ဆည်းရန် အမိန့်ညွှန်ကြားချက်များစွာ ထုတ်ပြန်ထားသည့် အတွက်ကြောင့် တရားမဝင် နည်းလမ်းများဖြင့် စစ်သားစုဆောင်မှုများ ပြုလုပ်နေလျှက်ရှိပြီး ၎င်းအထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ်များစွာ စစ်သားအဖြစ် စုဆောင်းခံနေရလျှက်ရှိသည်။

ရွှေလီတွင် မြန်မာပြည်သားများ တရုတ်ရဲများ၏ ဖမ်းဆီးရိုက်နှက် ခံနေရ
Thursday, 02 June 2011 22:17 KNG

မြန်မာနယ်စပ် တရုတ်ကုန်သွယ်ရေးမြို့ ရွှေလီတွင် မြန်မာပြည်သားများအား တရုတ်အာဏာပိုင်များက ဖမ်းဆီး ရိုက်နက် ချုပ်နှောင်ခြင်းများ ပြုလုပ်နေသည်ဟု ရွှေလီရှိမြန်မာကုန်သည်များပြောသည်။

မေ ၂၉ ရက် မြန်မာသမ္မတဦးသိန်းစိန်၏ သုံးရက်ကြာ တရုတ်ပြည်အလည်အပတ်ခရီးစဉ်အပြီး တရုတ်ရဲနှင့် တရုတ်နယ်ခြားစောင့်တပ်ဖွဲ့များက ရွှေလီမြို့ထဲ တရားဝင်နှင့် တရားမ၀င်ရောက်ရှိနေသည့် မြန်မာပြည်သားများကို ယင်းသို့ ပြုမူခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုချိန် မြန်မာ တစ်ရာကျော်အား ရွှေလီရဲအချုပ်ခန်းတွင်ဖမ်းဆီးထားပြီး ဒဏ်ရာကြောင့် ဆေးရုံတက် ကုသနေသူများလည်းရှိသည်ဟု ဆိုသည်။

လူတချို့အား တရုတ်ရဲများ ဆီးစစ်ပြီး မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးထားသည်။ သို့သော် အချို့မှာ အကြောင်းမဲ့ ရိုက်နက် ဖမ်းဆီးခံနေရသည်ဟု ထပ်ဆိုသည်။

“ထူးထူးခြားခြားပဲ၊ နယ်စပ်ဖြတ်ကျော်လက်မှတ် (ပတ်စပို့) ကိုင်တဲ့လူရော မကိုင်တဲ့သူတွေရော၊ မြန်မာနိုင်ငံထဲပြန်မယ့်သူတွေကို တရုတ်ရဲနဲ့ နယ်ခြားစောင့်တပ်တွေက ရုတ်တရက်ချက်ချင်းရပ်ခိုင်းပြီးတော့ ရိုက်တော့တာပဲ” ဟု ရွှေလီရှိ ကချင်နိုင်ငံရေးသမားတစ်ဦးပြောသည်။

ထို့အတူ တရုတ်နိုင်ငံထဲမှ ဆိုင်ကယ်ဝယ်ယူပြီး မြန်မာနိုင်ငံထဲ မောင်းနှင်ရောင်းချသူများ (ဆိုင်ကယ် ကယ်ရီများ) ကို မြန်မာနိုင်ငံထဲသို့မ၀င်ခင် တရုတ်ရဲများက ရိုက်နက်ပြီး ကယ်ရီဆိုင်ကယ်များကို ဖမ်းဆီးထားသည်ဟု မျက်မြင်များပြောသည်။

မြန်မာ မူဆယ်မြို့၏ မျက်နှာချင်းဆိုင် ရွှေလီသည် တရုတ်ပြည်၏အကြီးဆုံး မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်ပြီး ကချင်ပြည်နယ်ထွက်ကျောက်စိမ်းရောင်းဝယ်ရာ နယ်စပ်အကြီးဆုံးဈေးကွက်လည်း ဖြစ်သည်။

သာမန်မဟုတ်သည့် တရုတ်အာဏာပိုင်များ၏ ယခုလိုမြန်မာပြည်သားများပေါ် ဆက်ဆံနေခြင်းအား နားမလည် ဖြစ်နေသော်လည်း လူတချို့က သမ္မတဦးသိန်းစိန်၏ တောင်းဆိုချက်အရ တရုတ်အစိုးရ ပြုမူခြင်း ဖြစ်နိုင်သည်ဟု ထင်မြင်ချက်ပေးနေကြပါသည်။

လက်ဝါးကပ်တိုင် ရွှေ့ရန် ကချင်ဝန်ကြီးချုပ် ပြော
ဖနိဒါ | ကြာသပတေးနေ့၊ ဇွန်လ ၀၂ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၂ မိနစ်

ချင်းမိုင် (မဇ္စျိမ) ။ ။ ဒေသခံ ကက်သလစ် ဘာသာဝင်များ အထွတ်အမြတ်ထားရာ လက်ဝါးကပ်တိုင်အား ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းအတွင်း ရှိနေသဖြင့် ပြောင်းရွှေ့ပေးရန် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ညွှန်ကြားလာကြောင်း မြစ်ဆုံဒေသခံများက ပြောသည်။

အေးရှားဝေါလ်နှင့် တရုတ်နိုင်ငံ စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI မှ ကိုယ်စားလှယ်များက ပြီးခဲ့သည့် ဧပြီလတွင် ပြောင်းရွှေ့ရန် နောက်ဆုံးပြောဆိုခဲ့ရာမှ မေလ ၃ဝ ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်ကပါ ကက်သလစ် ဘုန်းတော်ကြီးကို ခေါ်ယူတွေ့ဆုံကာ ရွှေ့ပြောင်းရေး ညွှန်ကြားလာခြင်း ဖြစ်သည်။

“လက်ဝါးကပ်တိုင်နဲ့ ပတ်သက်လို့ ဝန်ကြီးချုပ်လည်း ခေါ်ပြောတယ်၊ သူ့ကိုလည်း အထက်ကနေ ဖိအားပေးတယ်လို့ ပြောတယ်။ သူက အခုမှ စလုပ်တယ်ဆိုတော့ သူမလုပ်ဘူးဆိုရင် ပြည်နယ်အတွက်၊ ကချင်လူထုအတွက်ပါ ထိလာဖို့ ရှိလာတယ်လို့ ပြောတယ်” ဟု ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

ရေကာတာ စီမံကိန်းနေရာတွင် ပါဝင်သဖြင့် ရွှေ့ပေးရသည့် အောင်မြင်သာ စံပြရွာအနီးရှိ ဧရာဝတီမြစ် အနောက်ဘက် တောင်တန်းများဆီ ထားရှိရန် ပြည်နယ်ဝန်ကြီးချုပ်က ညွှန်ကြားနေသည်။ လက်ရှိတွင် မေခ-မလိခ မြစ်ဆုံရာ အောက်ဘက်ရှိ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း ဒေါင်ပန်ရွာအနီး တည်ရှိသည်။

“သူပြောတာက တောင်အောက်ကနေ တောင်ထိပ်ထိ အရမ်းကောင်းအောင် လုပ်ပေးမယ်လို့ ပြောတယ်။ ရွာသားတွေက လှတာ မလှတာ အဓိက မဟုတ်ဘူးလို့ ပြောတယ်” ဟု ဒေသခံက ဆိုသည်။

ဒေါင်ပန်ရွာသားများမှာမူ အာဏာပိုင်များ သတ်မှတ်ပေးသည့် နေရာများဆီသို့ ပြောင်းရွှေ့ခဲ့ကြပြီး ဖြစ်သည်။ သို့သော် လက်ဝါးကပ်တိုင်ကိုမူ မူလတည်ဆောက်ထားရာ နေရာ၌ပင် ဆက်လက်ထားရှိလိုခြင်း ဖြစ်သည်။

လက်ဝါးကပ်တိုင်သည် အောက်ခြေတွင် ကွန်ကရစ်ခံကာ သံ၊ အုတ်တို့ဖြင့် နှစ်ပေါင်းများစွာ တည်တံ့စေရန် စိုက်ထူထားကာ အမြင့်မှာ ၁၅ ပေ ရှိသည်။

“လက်ဝါးကပ်တိုင် စိုက်ထားတယ် ဆိုတာက ဘာသာဝင်တွေရဲ့ ယုံကြည်ချက်အပေါ် မူတည်တယ်။ ဒီလက်ဝါးကပ်တိုင်ကို လုံးဝ မပြောင်းရွှေ့ဖို့ဘဲ။ ပြောချင်တာက ဒီလက်ဝါးကပ်တိုင်ကို ယုံကြည်တယ်။ တန်ဖိုးထားတဲ့အနေနဲ့ ဆုတောင်းတဲ့ နေရာအဖြစ် စိုက်ထားတာပဲ။ ဗုဒ္ဓ္ဓဘာသာဝင်တွေရဲ့ ယုံကြည်တဲ့ စေတီတည်ထားသလိုပဲ၊ ကျနော်တို့လည်း အဲဒီလိုပဲ ယုံကြည်တယ်” ဟု ကက်သလစ် ဘုန်းတော်ကြီးတပါးက မဇ္ဈိမကို ရှင်းပြသည်။

မတ်လ ၂၆ ရက်နေ့ နောက်ဆုံးထား ရွှေ့ပေးရန် ကုမ္ပဏီများက စတင်ပြောခဲ့သော်လည်း သဘောမတူသဖြင့် နောက်တကြိမ်တွင် ဧပြီလအတွင်းသို့ သတ်မှတ်ပေးခဲ့ပြန်သည်။ ဘာသာဝင်များနှင့် ဘုန်းတော်ကြီးများက လက်ဝါးကပ်တိုင်အား မပြောင်းရွှေ့ရန် ပြည်နယ်အစိုးရထံ စာများရေးကာ မေတ္တာရပ်ခံခဲ့သေးသည်။

မြစ်ဆုံ စီမံကိန်းနေရာသည် စစ်ကိုင်းငလျင် ပြတ်ရွေ့ကြောနှင့် နီးကပ်သလို၊ ရေကာတာကျိုးပြီး ရေလွှမ်းမည့် အန္တရာယ်ကြောင့် မြစ်ဆုံဒေသခံများ၊ ပြည်တွင်းပြည်ပ ကချင်များနှင့် သဘာဝပတ်ဝန်းကျင် လှုပ်ရှားသူများက ရေကာတာ တည်ဆောက်မှုကို ကန့်ကွက်ခဲ့သော်လည်း အစိုးရသစ် လက်ထက်တွင်လည်း ဆက်လက်၍ အကောင်အထည် ဖော်နေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အတွင်းရေးမှူး ဘူမိဗေဒပညာရှင် ဦးစိုးသူရထွန်းက စစ်ကိုင်းငလျင်ကြောသည် ကချင်ပြည်နယ် မြို့ကြီးများကို မဖြတ်သော်လည်း မြစ်ဆုံအောက်ပိုင်း ၁၄ မိုင်ခန့် ကွာဝေးပြီး၊ ဧရာဝတီမြစ် အနောက်ဘက် အင်ခိုင်ဘွမ်တောင်ကို ဖြတ်သွားကြောင်း ယခင်က ပြောဆိုခဲ့ဖူးသည်။

၂ဝဝ၇ နှစ်ကုန်ပိုင်းတွင် နအဖ စစ်အစိုးရ အမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာနနှင့် CPI တို့ စတင်ခဲ့သော မြစ်ဆုံရေကာတာ စီမံကိန်းကို ရေအောက်ပိုင်း စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

ယင်းစီမံကိန်းအတွင်းမှ ကျေးရွာပေါင်း ၄ဝ ကျော်ရှိ အိမ်ထောင်စု ၃ဝဝ ကျော်မှာ လက်ရှိ မြစ်ဆုံအောက်ဘက်ရှိ စစ်အစိုးရက နေရာအစား ပြန်ပေးသည့် စံပြရွာသို့ ပြောင်းရွှေ့စေခဲ့သည်။

သို့သော် အစားပြန်ပေးသည့် နေရာမှာ လူမှုဖူလုံရေးနှင့် အသက်မွေးဝမ်းကြောင်းအတွက် မည်သို့မျှ ပြည့်စုံမှု မရှိသဖြင့် စိုးရိမ်မှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ဒီကေဘီအေ တပ်ဖွဲ့ ကော့ကရိတ်မြို့နယ်တွင်း လူထုစည်းရုံးရေးနဲ့ ရန်ပုံငွေရရှိရေး လုပ်ငန်းများ လုပ်ဆောင်
Posted by admin on June 2, 2011 နေ့သစ်

၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ နအဖ စစ်အုပ်စုနဲ့ အပစ်ခတ်ရပ်တာတွေ ပျက်ပြားပြီး မြန်မာစစ်အုပ်စုကို ပြန်လည်တော်လှန် တိုက်ပွဲဝင်နေတဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေဟာ မနေ့က နေ့လည်လောက်မှာ မြဝတီနဲ့ ကော့ကရိတ် ကားလမ်းပေါ်က ရန်ကုတ်ရွာအနီးမှာ ကျေးရွာပြည်သူတွေနဲ့ ခရီးသွားပြည်သူ၊ စီးပွားရေးလုပ်ငန်းရှင်များကို စုစည်းပြီး စည်းရုံးရေးလုပ်ငန်းနဲ့ တော်လှန်ရေးရန်ပုံငွေ ရရှိရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ကြားသိရပါတယ်။

မနေ့က ရန်ကုတ်ရွာအနီးမှာ နေ့လည် ၁၁ နာရီကနေ ညနေ ၃ နာရီလောက်ထိ ရွာသားတွေနဲ့ ကုန်သည်၊ လုပ်ငန်းရှင် တွေကို ဒီကေဘီအေ ဗိုလ်မှူးကျော်သက် ဦးဆောင်တဲ့ တပ်ဖွဲ့မှ ဗိုလ်ဆန်းအောင် ဦးစီးကာ စည်းရုံးရေးတရားများ ဟောပြောသွားတယ်လို့ မြဝတီမြို့ ကုန်သည်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦး ပြောပြတာက …

“ဟုတ်တယ် မနေ့က တောင်ပေါ်လမ်းမှာ အဆင်းကားတွေကို တားထားတာတဲ့။ ပထမတော့ ခရီးသည်တွေလည်း သေနတ်တွေနဲ့ဆိုတော့ ကြောက်နေကြတယ်တဲ့၊ ခဏကြာတော့မှ လူတွေစုပြီး စကားပြောတာတဲ့။ တော်လှန်ရေး ရန်ပုံငွေကိစ္စ ပြောတယ်။ လူထုတွေ လုပ်ငန်းရှင်တွေ အနေနဲ့ ပါဝင်ကူညီကြဖို့လိုအပ်တယ်လို့ ပြောသွားတယ်။ ပြော တာဆိုတာကတော့ အေးဆေးပါပဲ၊ အတင်းအဓမ္မ လုပ်တာမျိုး မဟုတ်ပါဘူး” လို့ ပြောပြသွားပါတယ်။

အခြေအနေ အပြည့်အစုံကိုသိရဖို့ ဒီကေဘီအေ တပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင် က …

“ကျနော်တို့ ပြည်သူတွေ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ဖို့၊ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နိုင်ဖို့ ကျနော်တို့ တိုက်ပွဲဝင်နေတယ်၊ ကျနော်တို့ကို ပြည်သူလူထုအနေနဲ့ စိတ်ဓါတ်အရ အားပေးတာကျေးဇူးတင်တယ်၊ ဒါပေမယ့် စိတ်ဓါတ်အရ အားပေးတာလောက်နဲ့ မလုံးလောက်ဘူး၊ လက်တွေ့လုပ်ပေးနိုင်တာတွေကို လုပ်ပေးနိုင်ရင် ပိုကောင်းမယ်။ တော်လှန်ရေးလုပ်တယ်ဆိုတာ ရန်ပုံငွေလိုအပ်ပါတယ်။ တော်လှန်ရေး ရဲဘော်တွေအတွက် ဝတ်စရာ စားစရာ လက်နက်ခဲယမ်း အဲဒါတွေအတွက် ငွေလိုအပ်ပါတယ်။ ကျနော်တို့ အဲဒီလို ပြောပြီး စည်းရုံးခဲ့တာပါ။

နောက်ပိုင်းမှာ လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းခွင့်ပြုလက်မှက် ပုံမှန်လုပ်ဖို့ကိုပါ နေရာသတ်မှတ်ပေးထားပါတယ်။ ကျနော်တို့ လက် ရှိ တော်လှန်ရေး လုပ်နေတယ်ဆိုတာ ပြည်သူတွေနဲ့ ပူးပေါင်းပြီး ရပ်တည်တဲ့ တော်လှန်ရေး ဖြစ်တယ်။ ကျနော်တို့ တဦးတယောက်ထဲ တမျိုးသားထဲအတွက် လုပ်တာမဟုတ်ဘူး။ ကျနော်တို့ ပြည်သူတွေအားလုံးနဲ့ ပူးပေါင်းလုပ်တဲ့ တော်လှန်ရေး ဖြစ်တယ်။ ကျနော်တို့ လိုအပ်တာကို ပြည်သူလူထုဆီက အကူအညီတောင်းတယ် ပြည်သူလူထုကို မှီခိုတယ်။ ပြည်သူလူထုကြားမှာပဲ တည်ဆောက်တယ်။” လို့ ပြောပြသွားပါတယ်။

ဒီကေဘီအေ တပ်ဖွဲ့တွေရဲ့ စည်းရုံးရေးလုပ်ငန်းလုပ်ဆောင်မှုမှာ အချိန် ၃ နာရီခန့် ကြာမြင့်ခဲ့ပါတယ်။ ညနေ ၅ နာရီ လောက်မှာ ကြံ့ဖွံ့အစိုးရ စစ်တပ်ဘက်မှ လက်နက်ကြီးများနဲ့ ၇ ချက်လှမ်းပစ်ခဲ့တယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ မေလ နောက်ဆုံးသတင်းပတ်တွေမှာ ယခင် ဒီကေဘီအေဌာနချုပ်ဖြစ်ခဲ့တဲ့ မြိုင်ကြီးငူစခန်းကို နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို လက်မခံတဲ့ ဒီကေဘီအေတပ်တွေက ထိန်းချုပ်လိုက်ပြီးတဲ့နောက်ပိုင်းမှာ ဒီကေဘီအေ တပ်ဖွဲ့တွေ ရဲ့ တော်လှန်ရေးနယ်မြေ တိုးချဲရေးနဲ့ အုပ်ချုပ်ရေးနဲ့ စည်းရုံးရေးလုပ်ငန်းတွေ ပိုမိုလုပ်လာနိုင်တာ တွေ့ရှိရပါတယ်။

ယီမင်မှာ တိုက်ပွဲ ပြင်းထန်
BBC New။ ။ 03-6-2011

Yemenဆာနား က တိုက်ပွဲတွေ ကြောင့် ထိခိုက် သေဆုံးမှု တွေ များပြားအကြမ်းဖက် မှုတွေ အကြီးအကျယ် ဖြစ်နေတဲ့ ယီမင် နိုင်ငံမှာ လက်နက်ကိုင် လူမျိုးစုတွေ ထောင်သောင်း ချီပြီး ဆာနား မြို့ကို ချီတက် သွားခဲ့ ပြီးတဲ့နောက် မနေ့ညက ဆာနား မြို့ပြင်မှာ ပြင်းထန်တဲ့ တိုက်ခိုက် မှုတွေ အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ဆင်းပေးမယ် ပြောလိုက်၊ ငြင်းဆန် လိုက်နဲ့ အမျိုးမျိုး နိုင်ငံရေး ကစား နေတဲ့ သမ္မတ ဆာလေး ရဲ့တပ်ဖွဲ့ တွေနဲ့ လူမျိုးစု ခေါင်းဆောင် ဆာဒက် အယ်လ် အမာ (Sadeq al-Ahmar) ရဲ့ တပ်တွေ မနေ့ညက သုံးညမြောက် တိုက်ခိုက်ခဲ့တာပါ။

ဟာရှက်ဒ် (Hashed) လူမျိုး စုတွေ ထောက်ခံ ထားတဲ့ အယ်လ် အမာ ကို ထောက်ခံသူ ရာနဲ့ချီတဲ့ လက်နက်ကိုင် တွေက မြို့တော် ဆာနား လေဆိပ် နားမှာ သမ္မတ ဆာလေးရဲ့ တပ်တွေနဲ့ တိုက်ခိုက် ဖို့ မြို့တော် မြောက်ဘက် ကနေ ဝင်ရောက် ခဲ့ပြီး အပြန် အလှန် တိုက်ခိုက် ခဲ့ကြတယ်လို့ သတင်းတွေ ထွက်ခဲ့ ပါတယ်။ဒါကြောင့် လေဆိပ်ကို ယာယီ ပိတ်သိမ်း ခဲ့ရပြီး အခုတော့ လေဆိပ် ပုံမှန် ပြန် အလုပ်လုပ် နေပြီလို့ သိရပါတယ်။

အခုအခါမှာ လူမျိုးစု တွေက အင်အား များများ နဲ့ မြို့တော် ဆာနားကို ချီတက် လာနေပြီ လို့လည်း သိရပါတယ်။ဆန်နား မြောက်ဘက် ကနေ မြို့ထဲကို ဝင်ရောက်ဖို့ ကြိုးစား နေကြတဲ့ ဒီ လူမျိုးစု တွေနဲ့ သမ္မတ တပ်ဖွဲ့ ဝင်တွေ ကြား တိုက်ပွဲ တွေ ကတော့ ဖြစ်နေတုန်းပါပဲ။အခြေ အနေတွေ ကတော့ အလွန်ကို ဆိုးနေပြီး၊ ဓာတ်ဆီဆိုင် တွေမှာ တန်းစီ နေကြတဲ့ ကားတန်း ကြီးတွေက အရှည်ကြီး ဖြစ်နေ သလို ဆိုင်တွေလည်း ပိတ်ကုန်ပြီလို့ သိရ ပါတယ်။

ပြည်သူတွေ ထောင်သောင်း ချီကတော့ ကြောက်လို့ ဆန်နား ကနေ ထွက်ပြေး နေကြပြီး အခြေ အနေ ကတော့ ပြည်တွင်း စစ်ကို ဦးတည် နေပြီလို့ ဆန်နားက ဘီဘီစီ သတင်းထောက် လီနာ ဆင်းဂျက်ဘ် (Lina Sinjab) က ပြောပါတယ်။ယီမင် သမ္မတ အလီ အဗ္ဗူလာ ဆာလေး ဟာ ၃၃ နှစ်ကြာ တိုင်းပြည်ကို တဦးတည်း အုပ်ချုပ် ခဲ့ပြီး သူ့ကို အတိုက် အခံတွေက လအ တန်ကြာ ဆန့်ကျင် နေခဲ့ ပေမယ့် ရာထူး ကနေ ဆင်းပေးဖို့ ငြင်းဆန် နေခဲ့တာ ဖြစ်ပါတယ်။

ပြည်နယ်ဝန်ကြီးတချို့ အလုပ်လက်ကိုင်မရှိ ဖြစ်နေ
2011-06-01 RFA

ချင်းပြည်နယ် အစိုးရမှာ ၀န်ကြီးနေရာတွေ ရရှိထားကြတဲ့ ချင်းပါတီ (၂) ခုက ၀န်ကြီးတွေဟာ ဌာန အလုပ် လုပ်ကိုင်ခွင့် မရသေးသလို တချို့ဟာ တာဝန်ယူရတဲ့ ဌာနဆိုင်ရာတွေနဲ့ မသက်ဆိုင်တဲ့ ဌာနတွေ ထည့်သွင်းထားတယ်လို့  သိရပါတယ်။

ချင်းအမျိုးသားပါတီ CNP က ရွေးချယ်ခံရတဲ့ ပူးရာမာန် ကို စီးပွားရေး ၀န်ကြီးအဖြစ် တာဝန်ပေးထားပေမဲ့ သူရဲ့ဌာနအောက်မှာ ဘာမှ မသက်ဆိုင်တဲ့ အား ၊ကာ ခေါ် အားကစားဌာန ကို ထားရှိထားတယ်လို့  RFA ကိုပြောပါတယ်။ " အော်၊ စီးပွါးရေးပါ။ အဲဒီအောက်မှာတော့ သမ၀ါယမရယ်၊ အားကာရယ်၊ အားကစားတွေပါဘဲ၊ ဘာမှ မရှိပါဘူး။ ချင်းပြည်နယ်မှာတော့ မရှိပါဘူး။

ကျနော်တို့က အခု လေ့လာတုန်း အဆင့်မှာဘဲ ရှိပါတယ်။ ချင်းပြည်နယ်က စီးပွါးရေးလုပ်ငန်းပိုင်းဆိုရင် နဲနဲ အားနဲတယ်လေ။" ဒါ့အပြင် ချင်းပြည်နယ် အစိုးရမှာ နောက်ထပ် ချင်းပါတီတခု ဖြစ်တဲ့ CPP ခေါ် ချင်းတိုင်းရင်းသား တိုးတက်ရေးပါတီကနေ ရွေးချယ်ခံရတဲ့ ပူကျော်ငြိမ်း က သူအနေနဲ့  ဌာနလေးခု တာဝန်ယူရတဲ့ ၀န်ကြီး ဖြစ်ပေမဲ့ အဲဒီ ၀န်ကြီးဌာနတွေကို အခုအထိ ဗဟိုအစိုးရက ချုပ်ကိုင်ထားတယ်လို့  RFA ကိုပြောပါတယ်။ "စွမ်းအင်ရယ်၊ လျှပ်စစ်ရယ်၊ သတ္တုရယ်၊ သစ်တောရယ်ပါ။ ဒီမှာ ချင်းမှာကျတော့ စွမ်းအင်နဲ့ သတ္တုက မရှိဘူး။

အဓိကက လျှပ်စစ်နဲ့ သစ်တောဘဲ ရှိတာကိုး။ ပြည်ထောင်စုအစိုးရက အခု ကျတော်တို့ လောလောဆယ် ၆ လ တာဝန်ယူထားတယ်လေ။ ၆ လပြီးရင် ပြည်နယ်အစိုးရကို အပြီးအပိုင်ပေးမယ်လို့ ပြောထားတာ။ အခုလောလောဆယ်မှာ ရံပုံငွေတွေ ဘာတွေ ချမပေးသေးဘူး။ ပြည်ထောင်စုဘဲ ကိုင်ထားသေးတယ်။ အဲဒါကတော့ ဘယ်လိုမှ ကျတော်တို့ ဘာမှ ပြောလို့မရသေးဘူးလေ။" ချင်းပြည်နယ်မှာ အဲဒီ ချင်းပါတီ ၂-ခုက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ် အင်အား အများဆုံး ရရှိပေမဲ့ ကြံခိုင်ရေးပါတီ က ၂၅-ရာခိုင်နှူန်း တပ်မတော် ခွဲတန်းနဲ့  ပေါင်းပြီး အစိုးရဖွဲ့ ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မှ လူမှုရေးလုပ်ငန်းများ ဂျွန်မက်ကိန်း လေ့လာ
ဧရာဝတီ Thursday, 02 June 2011 15:30

မြန်မာနိုင်ငံတွင် ရောက်ရှိနေသော အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ HIV/AIDS လူနာ စောင့်ရှောက်ရေး ဂေဟာ တခု နှင့် နာရေးကူညီမှုအသင်းသို့ သွားရောက် လေ့လာသည်။

ဒဂုံမြို့သစ် တောင်ပိုင်းရှိ HIV/AIDS လူနာ စောင့်ရှောက်ရေး ဂေဟာတွင် ဂျွန်မက်ကိန်းက ဝေဒနာရှင် တဦးချင်းစီကို လိုက်လံနှုတ်ဆက်ပြီး ရင်းရင်းနှီးနှီး စကားပြောခဲ့ကြောင်း ဂေဟာ တာဝန်ခံ မဖြူဖြူသင်းက ပြောပြသည်။

“(ဝေဒနာသည်တွေကို) သူတတ်နိုင်သမျှ ကူညီပါမယ်လို့လည်း ပြောတယ်။ ဆင်းရဲ နွမ်းပါးနေတဲ့ ဝေဒနာသည်တွေကို မြင်တော့ သူ စိတ်ထိခိုက်သွားတဲပုံပဲ” ဟု မဖြူဖြူသင်းက ဆိုသည်။


နံနက် ၁၁ နာရီတွင် ဂျွန်မက်ကိန်းသည် ဒဂုံမြို့သစ် မြောက်ပိုင်းရှိ နာရေးကူညီမှု အသင်းရုံးသို့ သွားရောက်ပြီး ကျန်းမာရေး၊ ပညာရေး လုပ်ငန်းများကို လေ့လာသည်။

ဂျွန်မက်ကိန်းက ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ၊ သေဆုံးမှုနှုန်း စသည့် အကြောင်းအရာများကို မေးမြန်း ဆွေးနွေးခဲ့ကြောင်း အသင်းတာဝန်ခံ ကိုကျော်သူက ပြောသည်။

မြန်မာပြည် ခရီးစဉ် ပထမနေ့က နေပြည်တော်တွင် အချိန်ပေးခဲ့သည့် ဂျွန်မက်ကိန်းသည် ရန်ကုန်သို့ ရောက်မှသာ ပြည်သူများ၏ လက်တွေ့ဘ၀ကို စတင် မြင်တွေ့သွားသည်ဟု ကိုကျော်သူက ပြောသည်။

“မနေ့က နေပြည်တော် ရောက်တော့ အဆောက်အအုံတွေက ခမ်းနား ကြီးကျယ်ပြီး အရောင်တလက်လက်၊ ဒီနေ့ ရန်ကုန်မြို့က ပြည်သူတွေကို မြင်ရတော့ အပြောင်းအလဲ တခု ကြုံရသလိုပဲလို့ သူက ရှင်းပြတယ်” ဟု ဦးကျော်သူက ပြောသည်။

ဂျွန်မက်ကိန်းသည် ယမန်နေ့က နေပြည်တော်တွင် အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။

ရန်ကုန်ရှိ နိုင်ငံရေးလောကမှ ထင်ရှားသူများနှင့် ယနေ့ တွေ့ဆုံမည်ဟု သိရသည်။

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် အမေရိကန် နိုင်ငံရေး လောကတွင် အစဉ်အလာ ကြီးသည့် နိုင်ငံရေးသမား တဦး ဖြစ်သည်။ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးကို ဦးစားပေးဆောင်ရွက်နေသူလည်း ဖြစ်သည်။

ရေတပ်တွင် နှစ်ပေါင်းများစွာ စစ်မှု ထမ်းခဲ့သည့် ဂျွန်မက်ကိန်းသည် ၁၉၈၂ ခုနှစ်တွင် အရီဇိုးနားပြည်နယ်ကို ကိုယ်စားပြုပြီး အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရသည်။

သူနှင့် ဇနီး ဖြစ်သူ စင်ဒီ တို့တွင် သားသမီး ၇ ဦး၊ မြေး ၄ ဦး ရှိသည်။

ဘုရားသုံးဆူ ဒေသခံများ တိမ်းရှောင်
သန်းထိုက်ဦး Thursday, 02 June 2011 18:19

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တင်းမာမှု တိုးလာသဖြင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

အိမ်ခြေ ၂၀၀ ခန့်ရှိသည့် မဲကသာ ကျေးရွာတွင် ရွာလုံးကျွတ်နီးပါး ထွက်ပြေးကြကြောင်း ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

“ရွာသားတွေက ကြောက်လို့ တောထဲမှာ ပုန်းရှောင်နေသူကပုန်း၊ ဘုရားသုံးဆူမြို့ထဲကို ၀င်သူက၀င်၊ ကလေး ကျောင်းနေတဲ့အရွယ်တွေကျတော့ အခု ကျောင်း မတက်ရဲတော့ဘူး” ဟု သူက ရှင်းပြသည်။

မေလ ၂၇ ရက်နေ့မှ စတင်၍ ကရင် အမျိုးသား အစည်းအရုံး KNU ၏ တပ်ဖွဲ့ဝင်တချို့က မဲကသာ ကျေးရွာတွင် တပ်စွဲထားသော ခြေမြန်တပ်ရင်း (ခမရ) အမှတ် ၃၇၃ ၏ တပ်များကို သွားရောက် တိုက်ခိုက်ခဲ့သည်။

ဤအတောအတွင်း မြန်မာ့တပ်မတော်ကဘုရားသုံးဆူမြို့တွင် စစ်အင်အား တိုးချဲ့ချထားလိုက်ကြောင်း ထိုဒေသအရေးကို လေ့လာနေသည့် လွတ်လပ်သော မွန်သတင်း အေဂျင်စီမှ အယ်ဒီတာ တဦးဖြစ်သည့် ကိုလ၀ီက ပြောသည်။

ရော်ဘာခြံတွင် လုပ်ကိုင်နေသော ဒေသခံများကို မြန်မာ့တပ်မတော်က မကြာခင်ရက်ပိုင်းအတွင်းက အထမ်းသမား ပေါ်တာ အဖြစ် စေခိုင်းရန် လိုက်လံဖမ်းဆီးမှုများ ရှိသည်ဟု သူက ဆိုသည်။

ထိုဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များလည်း လှုပ်ရှားလျက်ရှိသည်။

မေလ ၃၀ ရက်နေ့တွင် DKBA က ဘုရားသုံးဆူမြို့နယ် ချောင်းဆုံကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

“လက်နက်ကြီးနဲ့ နှစ်လုံး လှမ်းပစ်တယ်၊ လှမ်းပြီး ပစ်တော့ တလုံး ကွဲတယ်၊ တလုံးကတော့ မကွဲဘူး၊ ကွဲတဲ့အလုံးက ရွာအလယ် ဈေးတန်းမှာ ကျတယ်၊ ဈေးတန်းမှာ ကျတော့ မောင်သောသော ဆိုတဲ့ သူကို ဘယ်ဘက် ပေါင်မှာ တချက် ထိတယ်၊ ခြေဖနောင့်မှာ တချက် ထိတယ်” ဟု ဒေသခံ တဦးက ပြောသည်။

ဘုရားသုံးဆူ ဒေသတွင် မြန်မာ့တပ်မတော်၏ ခြေလျင်တပ်ရင်း (ခလရ) အမှတ် ၂၈၃ ရှိပြီး ယခုအခါ ခမရ ၃၇၃ နှင့် ခမရ ၅၆၃ တို့ကို တိုးချဲ့ ချထားကြောင်း သိရသည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ ဘုရားသုံးဆူမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံ အများအပြား ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ကျပ်ငွေ ရှားပါးသောကြောင့် မြန်မာ့စီးပွားရေးအခက်ကြုံ
နရီလင်းလက် Thursday, 02 June 2011 18:49


မြန်မာပြည်တွင်းဈေးကွက်တွင် ဖြစ်ပေါ်နေသော ငွေလဲနှုန်းများကြောင့် ပြည်ပတွင် အလုပ်လုပ်ကိုင်သူများ မိသားစုထံ ငွေလွှဲရာတွင် နစ်နာ ဆုံးရှုံးလျက်ရှိသည်။

အမေရိကန် ဒေါ်လာသည် မြန်မာငွေ ကျပ် ၈၀၀ အောက်သို့ စံချိန်တင် ကျဆင်းနေပြီး ယနေ့ နံနက်ပိုင်း ငွေလဲနှုန်းမှာ တဒေါ်လာလျှင် ၇၈၅ ကျပ် ဖြစ်နေသည်။ ဒေါ်လာတန်ဖိုး ကျဆင်းနေခြင်းသည် လတ်တလော အခြေအနေတွင် ပြည်သူလူထု လက်အတွင်း မြန်မာငွေ ကုန်သွားခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဒေါက်တာ ခင်မောင်ညိုက ဧရာဝတီကို ပြောပြသည်။

“ပိုက်ဆံရှိတဲ့ လူတွေက ကိုယ့်မှာရှိတဲ့ ဒေါ်လာတွေ ရောင်းထုတ်ပြီး ကျပ်ငွေတွေနဲ့ အိမ်ခြံမြေ လေလံဆွဲတာတွေ တော်တော် လုပ်လိုက်တော့ ဒီအချက်ကြောင့်လည်း ပါတယ်။ သာမန် ပြည်သူလူထုကတော့ လက်ထဲမှာ ဒေါ်လာ မရှိဘူးလေ” ဟု သူက ပြောသည်။

လက်ရှိ မြန်မာငွေတန်ဖိုး မာနေသောကြောင့် မိသားစုထံ လစဉ် ငွေလွှဲနေခြင်းကို ခေတ္တ ရပ်နားထားသည်ဟု စင်္ကာပူရှိ ကုမ္ပဏီတခုတွင် စာရင်းကိုင် လုပ်ကိုင်နေသူ မသူဇာထွန်းက ဧရာဝတီကို ပြောသည်။

“မြန်မာပြည်က ကိုယ့်မိသားစု အိမ်လခ ၊ ကျောင်းလခ ပေးရမယ့် အနေအထားမျိုး ဆိုရင်တော့ အရှုံးခံ ပြီး လွှဲရမှာပဲ ” ဟု သူက ပြောသည်။

စင်္ကာပူနိုင်ငံ IT ကုမ္ပဏီတခုတွင် လုပ်ကိုင်နေသည့် ကိုအောင်နိုင်ကလည်း “ စင်္ကာပူ ၁ ဒေါ်လာကို မနေ့က မြန်မာကျပ်ငွေ ၆၄၀ လောက်အထိ ကျသွားတယ်။ စင်္ကာပူငွေ ၁၀၀၀ လွှဲတာ မြန်မာငွေ ၁ သိန်းကျော် လောက် နာတယ်” ဟု ပြောသည်။

ငွေကြေး ဖလှယ်ရာတွင် အရှုံးပေါ်ခြင်းအပြင်၊ ကျဆင်းမှု မရှိသည့် ကုန်ဈေးနှုန်းကြောင့် ပိုမို ကျပ်တည်းနေကြသည်။

“အမ အမျိုးသားက ပြည်ပ သင်္ဘောလိုင်းမှာ အလုပ်လုပ်တာဆိုတော့ ငွေလွှဲရင် ကုမ္ပဏီက ဒေါ်လာ ယူမလား ၊ မြန်မာငွေနဲ့ လဲမလားဆိုပြီး ရွေးချယ်လို့ရတယ်။ များသောအားဖြင့် ဒေါ်လာ ယူတာများတယ်။ လက်ရှိ ဒေါ်လာဈေးကျနေတော့ တခါလဲရင် ပမာဏများရင် များသလို သိန်းချီ နစ်နာတယ်” ဟု ရန်ကုန်မြို့နေ အိမ်ထောင်ရှင်မ တဦးက ပြောပြသည်။

ငွေလဲနှုန်း အပြောင်းအလဲ များသော်လည်း ငွေလွှဲသည့် လုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း မရှိပေ။

“သူ့ ဟာနဲ့ သူ လွှဲနေတဲ့ သူတွေကတော့ ရှိတာပဲ။ မလေးမှာဆို မြန်မာ အလုပ်သမားတွေက အများကြီးပဲ။ နယ်ကရော ရန်ကုန်က လူတွေပါ ပါတော့ တလ တခါ မိသားစုက ဒီကနေ လွှဲမှ လည်ပတ်နိုင်မှာမျိုးတွေ ရှိတယ်လေ။ ဈေးကျလည်း လွှဲရတာပဲ။ လောလောဆယ် မလေးငွေ ၁ ကျပ်ကို မြန်မာကျပ်ငွေ ၂၆၄ ရှိတယ်” ဟု မလေးရှားနိုင်ငံတွင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူ မသင်းသင်းက ပြောသည်။

ငွေလဲနှုန်း တည်ငြိမ်မှု မရှိသည့် ပြဿနာကို ဖြေရှင်းနိုင်ရန် နိုင်ငံတကာကဲ့သို့ ငွေလဲဈေးနှုန်းထားများ တရားဝင် သတ်မှတ်သင့်သည်ဟု ဒေါက်တာ ခင်မောင်ညိုက သုံးသပ်ပြသည်။

“အစိုးရကနေ ၆ ကျပ်နဲ့ ကိုင်ထားတာမျိုးတွေ လုပ်လို့မရဘူး။ ဥပမာ ဓာတ်ဆီ တဂါလံကို သူရောင်းနေတဲ့ ဈေး ၂၅၀၀ ကျပ်ဆို ဒေါ်လာနဲ့ဆို ၄၀ လောက် ဖြစ်သွားပြီ။ ကမ္ဘာမှာ ဈေးအကြီးဆုံးနိုင်ငံ ဖြစ်သွားပြီ။ ဒီတော့ ၁ ဂါလံ ၂ ဒေါ်လာခွဲ ၊ ၃ ဒေါ်လာ လောက်နဲ့ ရောင်း ဒီဈေးတွေနဲ့ ယှဉ်ပြီး ၆ ကျပ်ကနေ သင့်လျော်တဲ့ ဈေးသတ်မှတ်ပေးသင့်တယ်”ဟု သူက ပြောသည်။

ဒေါ်လာ ဈေးနှုန်း ကျဆင်းလာမှုသည် ပြည်တွင်း ၀ယ်လိုအား ကျဆင်းမှု၊ နယ်စပ်ဒေသ မူးယစ်ဆေးလုပ်ငန်းမှ ဒေါ်လာ အမြောက်အမြား ဈေးကွက်တွင်းသို့ ၀င်ရောက်လာမှု ၊ တရုတ်နိုင်ငံနှင့်ပူးပေါင်းလုပ်မည့် လုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံငွေများ ၀င်ရောက်လာမှု တို့နှင့် ဆက်နွယ်နေသည်ဟု လုပ်ငန်းရှင်များက ယူဆနေကြသည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသတွင် ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ၂၅ ကျပ်၊ ကျပ် တသိန်းလျှင် ထိုင်းဘတ် ၃၇၀၀ ကျပ်ဈေး ပေါက်နေသောကြောင့် မြန်မာငွေ ၀ယ်ယူ စုဆောင်း နေသည်ဟု တာချီလိတ်-မယ်ဆိုင် ဒေသခံ တဦးက ဧရာဝတီကို ပြောပြသည်။

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးမှာလည်း လက်ရှိ အခြေအနေတွင် အရောင်းအ၀ယ် အေးနေကြောင်း သိရသည်။

“နယ်စပ်ကုန်သည်တွေကတော့ မြန်မာငွေ တန်ဖိုး မာနေတော့ ဈေးအရောင်းအ၀ယ် မကိုက်ဘူး ဖြစ်နေတာပေါ့။ တရုတ်ဘက်က သွင်းတဲ့ ပစ္စည်းတွေက တရုတ်ငွေနဲ့ ၀ယ်ရတာ ဆိုတော့ အခု မနက်တင် ၈-၁ ဖြစ်သွားပြီ။ ၈ ယွမ်ဆို မြန်မာ ငွေ ၁၀၀၀ ကျပ် ရှိတယ်” ဟု မူဆယ် ကုန်သည်ကြီးများ အသင်းမှ အဖွဲ့ဝင် တဦးက ဆိုသည်။

သူက ဆက်၍ “လောလောဆယ် သွင်းမယ့် ကုန်တွေ ခဏ ရပ်ထားတယ်။ မြန်မာငွေကလည်း ထပ် တက်ဦးမယ့် သဘော ရှိနေတယ်။ တရုတ်ငွေနဲ့ ရောင်းပြီး မြန်မာငွေနဲ့ ပြန်ဝယ်တော့ ရှုံးတယ်၊ မကိုက်ဘူးပေါ့” ဟု ပြောသည်။

ဖြစ်ပေါ်နေသော ငွေလဲနှုန်း၏ ဒဏ်ကို ခံနေရသူများထဲတွင် ကုမ္ပဏီများ၊ အဖွဲ့အစည်းများတွင် ဒေါ်လာဖြင့် လစာ ရရှိနေသည့် ၀န်ထမ်းများလည်း ပါဝင်သည်။

တချို့သော အလုပ်ရှင်တို့က အခမဲ့ ဈေးဝယ်ကတ်ပြား ထုတ်ပေးခြင်း၊ ရှားပါးစရိတ် ထုတ်ပေးခြင်းဖြင့် ၀န်ထမ်းတို့၏ အကျပ်အတည်း ပြေလည်စေရန် ဆောင်ရွက်နေကြသည်။

ပြည်မြို့ သုခ ကုသိုလ်ဖြစ်ဆေးခန်း ဖိအားပေးခံရ
နရီလင်းလက် Thursday, 02 June 2011 11:52

ပြည်မြို့တွင် ဖွင့်လှစ်မည့် သုခ ကုသိုလ်ဖြစ် ဆေးခန်းတွင် စေတနာ့ ၀န်ထမ်း ဆေးကုသ ပေးမည့် ဆရာဝန်များအား သွားရောက် ဆေးကုသ မပေးရန် ဒေသခံ အာဏာပိုင်များက ဖိအားပေးနေသည်ဟု သိရသည်။

ထိုသို့ ဆရာဝန်များကို ဖိအားပေးခဲ့သောကြောင့် ကုသိုလ်ဖြစ် ဆေးခန်းတွင် ဆေးကုသပေးမည်ဟု ပြောထားသည့် ဆရာဝန် ၁၀ ဦးအနက် ၁ ဦးသာ ကျန်ရှိတော့သည်ဟု မြို့ခံ မိုးမေတ္တာ လူငယ် ပရဟိတ သွေးကူညီရေး အသင်းမှ ကိုညီညီအောင်က ဧရာဝတီကို ပြောသည်။
“အရင်က အခမဲ့ လာကုသပေးဖို့ ဆရာဝန်ကြီး ၁ ယောက် အပါအ၀င် (ဆမ) လက်မှတ်ရခါစ ဆရာဝန်လေး ၉ ယောက်နဲ့ စုစုပေါင်း ၁၀ ယောက်ရှိတယ်။ လောလောဆယ်တော့ တာဝန်ခံ ကုသပေးမယ့် ဆရာဝန်ကြီး တယောက်ပဲ ရှိတော့တယ်” ဟု သူက ဆိုသည်။

ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှု အသင်း (ရန်ကုန်) ၏ သုခ ကုသိုလ်ဖြစ်ဆေးခန်း (ခွဲ) ပြည်မြို့ကို ဇွန်လ ၈ ရက်နေ့တွင် စတင်ဖွင့်လှစ် ကုသရန် စီစဉ်ထားကြောင်း သိရသည်။

နာရေးကူညီမှု အသင်းက ဆေးပစ္စည်း၊ ငွေကြေး စသည်ဖြင့် ထောက်ပံ့ကာ ပြည်မြို့ခံ မိုးမေတ္တာ လူငယ် ပရဟိတ သွေး ကူညီရေးအသင်းက မြို့ခံဆရာဝန်များဖြင့် အဆိုပါ ကုသိုလ်ဖြစ် ဆေးခန်းကို ဖွင့်လှစ်ရန် စီစဉ်နေသည့် အချိန်တွင် အာဏာပိုင် များက နှောင့်ယှက်ဟန့်တားခြင်း ဖြစ်ကြောင်း ဦးကျော်သူ ပြောသည်။

“ဘယ်လိုပဲ နှောင့်ယှက် နှောင့်ယှက် ကျနော်တို့က ကိုယ်လုပ်စရာရှိတာ လုပ်ရမှာပဲ။ ဆရာဝန် အင်အားကတော့ လျော့သွား တာပေါ့။ အခုလို အမျိုးမျိုး နှောင့်ယှက်တာ တော်တော်ဆိုးတဲ့ အလုပ်ပဲ။ ဆေးကုပေးတာ နိုင်ငံတော်ပုန်ကန်တဲ့ အလုပ်လည်း မဟုတ်ဘူး။ လူတွေကို ဟောပြောစည်းရုံးတာတွေ လုပ်နေတာလည်း မဟုတ်ဘူး။ ကိုယ်နိုင်သလောက် ပြည်သူလူထုကို ဆေး ကုသပေးတာပါ ” ဟု သူက ဆိုသည်။

ကုသပေးမည့် ဆရာဝန်များနေအိမ်သို့ ရဲ အထူးသတင်းတပ်ဖွဲ့ (SB) မှ လာရောက်မေးမြန်း စစ်ဆေးခြင်း၊ တိုင်း ကျန်းမာရေး ရုံးမှ ခေါ်ယူ မေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်ဟု ကိုညီညီအောင်က ရှင်းပြသည်။

“ဆရာဝန်လေးတွေက မိဘ အုပ်ထိန်းမှုအောက်မှာ ရှိနေတုန်းပဲ ဆိုတော့ မိဘတွေကလည်း စိုးရိမ်ပြီး မလုပ်ခိုင်းတာလည်း ပါသလို၊ ဆမ လက်မှတ် ပြန်သိမ်းတာမျိုး လုပ်မှာလည်း ကြောက်ကြတာပေါ့” ဟု သူက ဆိုသည်။

စေတနာ့ ဆရာဝန်များကို ဖိအားပေးခြင်းအပြင်၊ ဆေးခန်းဖွင့်လှစ်ခွင့်ပေးသည့် မာန်အောင် ဆရာတော်ကြီးအားလည်း ဖိအားပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု ကိုညီညီအောင်က ပြောသည်။

“ဘုန်းကြီးကျောင်းဝင်းထဲမှာ ဆေးခန်းဖွင့်မှာ ဆိုတော့ ဆရာတော်ကိုပါ ဖိအားပေးတဲ့ သဘောတွေရှိတယ်။ ပြည်မြို့ သာသနာရေး ဌာနက ဒု လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းသိန်းက သာသနာ့နယ်မြေထဲမှာ မဖွင့်ဖို့ မာန်အောင် ဆရာတော်ကြီးကို သြ၀ါဒ ပေးပါဆိုပြီး နိုင်ငံတော် သံဃာ့နာယကအဖွဲ့ကို စာတင်လိုက်တယ်” ဟု သူက ဆိုသည်။

သို့ရာတွင် မာန်အောင်ဆရာတော်ကြီးက သံဃာ့ နာယက အဖွဲ့ကို အဖြစ်မှန်အတိုင်း ရှင်းပြခဲ့ကြောင်း၊ ထို့ကြောင့် သံဃာ့ နာယက အဖွဲ့၏ ခွင့်ပြုချက် ရရှိခဲ့ကြောင်း ကိုညီညီအောင်က ပြောသည်။

သူက “အခု လိုအပ်တဲ့ ခွင့်ပြုချက်တွေ အဆင့်ဆင့် ရအောင်တင်ပြီးပြီ။ ခွင့်ပြု၊ မပြုကတော့ သက်ဆိုင်ရာ သဘောပေါ့။ ကျနော်တို့ ဘက်ကလည်း ဒီလို နှောင့်ယှက်တာတွေကို ကျေးရွာတွေကို ဆင်းပြီး ရေလှူကတည်းက ကြုံခဲ့ရတော့ သိပ်မထူးဆန်း တော့ဘူး။ အင်အားလျော့သွားမှာ တခုပဲ စိုးရိမ်တယ်” ဟု ဆက်ပြောသည်။

အဆိုပါ ဆေးခန်းတွင် ရဟန်းရှင်လူ ဆင်းရဲချမ်းသာ ဘာသာမရွေး အထွေထွေ ရောဂါများ ကုသပေးသွားမည်ဖြစ်ကြောင်း၊ တာဝန်ခံဆရာဝန်ကြီးမှာ အထွေထွေရောဂါကု ဆရာဝန်ကြီး (ငြိမ်း) ဒေါက်တာ ထွန်းနိုင်ဖြစ်ကြောင်း၊ အသေးစား ခွဲစိတ်ကုသမှု များလည်း ပြုလုပ် ပေးမည်ဖြစ်ကြောင်း သိရသည်။

“ဘယ်လိုပဲ ဖြစ်ဖြစ် အခမဲ့ ဆေးခန်းဆိုတော့ ငွေကြေးမပြေလည်တဲ့ မိသားစုတွေ အတွက် ကျန်းမားရေးကိစ္စမှာ တော်တော် လေး အထောက်အကူ ပြုသွားနိုင်တယ်။ တမြို့လုံးကလည်း အားပေးသလို မြို့ခံတွေက ဒီဆေးခန်း အဆောက်အအုံ စ ဆောက်ကတည်းက လိုအပ်တာတွေ လှူကြတယ်” ဟု ပြည်မြို့ခံ တဦးက ပြောသည်။

No comments: