Friday, June 3, 2011

ဒီနေ့ဖတ်စရာ သတင်းများ (ဇွန်လ ၄ ရက်)

- မြန်မာ၊ အမေရိကန် ဆက်ဆံရေး ကောင်းမွန်ဖို့ အပြောထက် လက်တွေ့လုပ်ရပ်လိုအပ်
- SSPP/SSA နှင့် မြန်မာတပ် တိုက်ပွဲပြင်းထန် ဓာတုလက်နက်ပါအသုံးပြု
- ရင်ကြားစေ့ရေးကိစ္စ အစိုးရ ကိုယ်တိုင် ဆန္ဒရှိမှ ဖြစ်မယ်
- မြန်မာနိုင်ငံ ပြောင်းလဲရေး အမေရိကန် တနိုင်ငံတည်း မလုပ်နိုင်
- ARV ဆေး တိုက်ကျွေးရေး ငါးနှစ် စီမံကိန်း
- မြောက်ဦး အထက်တန်းကျောင်းတွင် အတန်းပြောင်းကြေး ငါးသောင်းထိရှိ
- အကျဉ်းသားမလွှတ်ရင် မူဝါဒ မပြောင်းနိုင်ကြောင်း ဂျွန်မက်ကိန်းပြော
- ပြုပြင်ပြောင်းလဲရေးမလုပ်လျှင် တော်လှန်ရေးဆန်သည့် အပြောင်းအလဲနှင့် ကြုံရလိမ့်မည်ဟု မြန်မာအစိုးရကို ဂျွန်မက်ကိန်း သတိပေး
- ဂျာနယ်တွင် ထောင်အကြောင်း ဝါဒဖြန့်
- ICRC ကို ထောင်တွင်း ပြည်လည်ဝင်ခွင့်ပြုနိုင်ဟု ဂျွန်မက်ကိန်းပြော
- ရေအားလျှပ်စစ်စီမံကိန်းအတွက် ကျိုင်းတုံလူထုထံ သိန်းပေါင်းရာချီ ငွေကောက်ပြီး စီမံကိန်းရပ်ဆိုင်းပစ်
- ရန်ကုန်မြို့လယ် ဈေးမရောင်းရ တားမြစ်ပြန်
- နျူကလီးယားကိစ္စ ရပ်ဆိုင်းထားဟု ဒုသမ္မတ ပြော


မြန်မာ၊ အမေရိကန် ဆက်ဆံရေး ကောင်းမွန်ဖို့ အပြောထက် လက်တွေ့လုပ်ရပ်လိုအပ်
By Thar Nyunt Oo သောကြာ, 03 ဇွန် 2011

ဇွန် ၃၊ ၂၀၁၁။ မြန်မာအစိုးရသစ်အနေနဲ့ အမေရိကန်မြန်မာ နှစ်နိုင်ငံဆက်ဆံရေးပိုကောင်းအောင် လုပ်ဆောင်ရာမှာ နွေးထွေးပျူငှာတဲ့စကားလုံးတွေထက်၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ခိုင်မာတဲ့အလုပ်တွေအပေါ်မှာ အခြေခံဆောင်ရွက်ဖို့ အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြောဆိုလိုက်ပါတယ်။

၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အပြီး ဇွန် ၃ ရက် နေ့ ရန်ကုန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန်အထက်လွှတ်တော်အမတ် မက်ကိန်းက ခုလို တိုက်တွန်းပြောဆိုသွားတာပါ။ မြန်မာအစိုးရအနေနဲက အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်ဖို့ လိုလားသလိုပဲ၊ အမေရိကန်ပြည်ထောင်စုဖက်ကလည်း အလားတူ စိတ်ဆန္ဒသဘောထားရှိတဲ့အကြောင်း မစ္စတာမက်ကိန်းက ပြောဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၅နှစ်အတွင်း မြန်မာနိုင်ငံကို ခုလို လာရောက်ဖို့ကြိုးစားခဲ့ပေမယ့်၊ အခု အစိုးရသစ်လက်ထက်ကျမှ လာရောက်ခွင့်ရတာဟာ အပြောင်းအလဲတခုလို မြင်တဲ့အကြောင်းလည်း မစ္စတာမက်ကိန်းက ပြောသွားပါတယ်။

မြန်မာအစိုးရအနေနဲ့ အပြောင်းအလဲတွေဖြစ်လာဖို့ လက်တွေ့ကျကျ လုပ်ဆောင်ရမယ့်ကိစ္စတွေထဲ အရေးအပါဆုံးကိစ္စတခုကတော့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ဖြစ်ကြောင်း မစ္စတာ မက်ကိန်းက ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်မယ့် အခွင့်အရေးနဲ့ လုံခြုံရေးအတွက် သေချာအောင် ဆောင်ရွက်ပေးဖို့ကိုလည်း အစိုးရသစ်ကို တိုက်တွန်းသွားပါတယ်။

မြောက်ကိုရီယားနဲ့ စစ်ရေး ဆက်ဆံမှုတွေမှာ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ နူကလီးယားမပြန့်ပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာဖို့ကိုလည်း မစ္စတာမက်ကိန်းက မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်နိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြုပြီး၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရေစီအင်အားစုတေါ တိုင်းရင်းသားအင်အားစုတွေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆွေးနွေးမှုတွေ စတင်ဖို့ကိုလည်း အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက တိုက်တွန်းသွားခဲ့ပါတယ်။

SSPP/SSA နှင့် မြန်မာတပ် တိုက်ပွဲပြင်းထန် ဓာတုလက်နက်ပါအသုံးပြု
Friday, 03 June 2011 16:50 သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာတပ် တို့အကြား တိုက်ပွဲပြင်းပြင်းထန်ထန်ဆက်ြ
ဖစ်နေရာ မြန်စစ်တပ်ဘက် ဓါတုလက်နက် အသုံးပြုသည်ဟု ယူဆကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းကပြောပါ သည်။

“ဒီနေ့မနက် ၅ နာရီ ၁၅ မိနစ် ကတည်းက စဖြစ်တာတိုက်ပွဲက။ မွန်းတဲ့အချိန်အထိဘဲ။ တန့်ယန်းမြို့ နယ် မိုင်းကောဝ် တိုက်နယ်ရဲ့ တောင်ဘက် ၇ မိုင်လောက်ဝေးတဲ့ သျှမ်းတပ်ကို ဗမာတပ်က တက်တိုက်တာ” - ဟု တရုတ်နယ်စပ်သတင်းရပ်ကွက်က ပြောပါသည်။

ဂျွန် ၃ ရက် ယနေ့မနက်အစောကြီးမှ စ၍ မြန်မာစစ်တပ်က တန့်ယန်း နှင့် မိုင်းရှူးကြားရှိ သျှမ်းပြည်တပ် မတော် SSPP/SSA ၇ မိုင်စခန်းအား တက်တိုက်ခြင်းဖြစ်ကြောင်း၊ ထိုမတိုင်မီ ဖြတ်သွားဖြတ်လာရာမှ ယခု ပထမ ဆုံး ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါတိုက်ပွဲ၌ မြန်မာစစ်တပ်ကဓါတုလက်နက် စတင်အသုံးပြုလာသည် ဟုပြောနိုင်ကြောင်း အမည် မဖေါ်လိုသည့် SSPP/SSA အရာရှိတဦးက ပြောပါသည်။

“ဗမာတပ်ဘက် အင်အား ၁၀ဝ ကျော်တယ်၊ ဒေသတွင်းလှုပ်ရှားနေတဲ့တပ်တွေဘဲ၊SSPP/SSA တပ်မဟာ ၃၆ က လူအင်အားလဲ ၈၀ ကျော်လောက်ရှိမှာပေါ့။ ဒီစခန်း က SSPP/SSA နယ်မြေရဲ့ တောင်နဲ့မြောက်ကို ဆက် သွယ်ပေးတဲ့ စခန်း၊ အဓိက မဟာဗျူဟာမြောက်နေရာတခုဘဲ။ အဲဒီတိုက်ပွဲမှာ ထူးဆန်းတာက ဗမာတပ်တွေ ဓါတုလက်နက် စ သုံးတယ်။ ဗုံးတလုံးကျလာရင် မျက်ရည်ကျတယ်။ မူးတယ်။ အသက်ရှူကျပ်တယ်။ ဒီမွန်းလွဲပိုင်း သျှမ်းတပ် ဖက်က ဆုတ်ပေးလိုက်တယ် ” ဟု အဆိုပါ အရာရှိက သျှမ်းသံတော်ဆင့်သို့ပြောပြ၏။

“ပြီးခဲ့တဲ့လနှောင်းပိုင်းတုန်းကလဲ ကျနော်တို့ သီပေါ မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်သေးတယ်။တိုက်ပွဲကျ ဗမာတပ်က ဗိုလ်မှူးတဦးရဲ့ အသုဘတောင် သီပေါမှာ လာလုပ်သေးတယ်” - ဟု သီပေါမြို့ခံတဦးကလည်း ပြောပြပါ သည်။

အဆိုပါကိစ္စသည် ပြီးခဲ့သည့် မေလ ၂၆ ရက် ညနေ ၁၆:၃၀ မှ ၁၇:၃၀ အထိ သီပေါမြို့နယ် ဆောင်ကြဲ တိုက်နယ်၊ နောင်တွမ်အုပ်စု နမ့်မော်အက်ကျေးရွာ စိန်ကျော့(ဌာနေပြည်သူ့စစ်) ဌာနချုပ် အနောက်ဖက် ၁၂ မိုင်အနီး၌ မြန်မာစစ်တပ် စကခ ၁ လက်အောက်ခံ ခမယ ၅၀၄ နှင့် သျှမ်းတပ် တပ်မဟာ ၁ လက်အောက်ခံ ၆၄၁ တပ်ရင်း တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း မြန်မာစစ်တပ်ဘက် ဗိုလ်မှူးတ ယောက် အပါအဝင် ၁၀ ယောက်ထက် မနည်း သေဆုံးကြောင်း၊ သျှမ်းတပ်ဘက်က နယ်မြေကျွမ်း ကျင် လက်ဦးမှု ရရှိသောကြောင့် ဒဏ်ရာအနည်းငယ် သာရရှိကြောင်း သီပေါမြို့နယ်ရှိ သျှမ်းအရာရှိတဦးက ပြောပါသည်။

ရင်ကြားစေ့ရေးကိစ္စ အစိုးရ ကိုယ်တိုင် ဆန္ဒရှိမှ ဖြစ်မယ်
2011-06-03 RFA

အစိုးရ ကိုယ်တိုင်က ဆန္ဒရှိမှာသာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စတွေ ပေါ်ပေါက်လာနိုင်မှာ ဖြစ်ကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဇွန်လ(၂) ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကို (၃) ရက်ကြာ ခရီးအဖြစ် အလည်အပတ် ရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း နဲ့ တွေ့ဆုံဆွေးနွေး အပြီး နေအိမ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဂျွန်မက်ကိန်းက မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာအောင် သူ့ရဲ့ မြန်မာပြည် ခရီးစဉ် အတွင်း အစိုးရကို တိုက်တွန်းသွားမယ်လို့ ထိုင်းနိုင်ငံမှာ ပြောကြားခဲ့တဲ့ အကြောင်းပေါ် အခြေခံပြီး မြန်မာ သတင်းထောက်တဦးရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။

"သူ့ဖက်က စေတနာကတော့ အပြည့်အ၀ဘဲ။ ဒါပေမဲ့ တဖက်က စေတနာရှိတိုင်းလည်း ပြီးတာတော့ မဟုတ်ဘူး။ ဒီလို ရင်ကြားစေ့ရေးဆိုတာ နှစ်ဖက်စလုံးက ပါမှ ဖြစ်မှာ။ အစိုးရဖက်ကလည်း လိုလားလာတဲ့အခါမှ ဖြစ်မှာ" ဒါ့အပြင် အမေရိကန် အစိုးရနဲ့ မြန်မာအစိုးရတို့ကြား ဆက်ဆံရေးထက် အမေရိကန် ပြည်သူတွေနဲ့ မြန်မာ ပြည်သူတွေကြား ဆက်ဆံရေးက ပိုကောင်းတယ်လို့ သူမြင်မိကြောင်းလဲ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

တဖက်မှာ တရုတ် အစိုးရနဲ့လဲ ကောင်းမွန်တဲ့ ရေရှည် ဆက်ဆံရေး ဖြစ်ပေါ်လာရေးကို လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နေအိမ် ခြံဝင်းအတွင်း (၁၅) မိနစ်ကြာလောက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက် တွေနဲ့ ပတ်သက်ပြီး RFA၀ိုင်းတော်သား ကိုဥာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။

မြန်မာနိုင်ငံ ပြောင်းလဲရေး အမေရိကန် တနိုင်ငံတည်း မလုပ်နိုင်
By ကျော်ကျော်သိန်း ကြာသပတေး, 02 ဇွန် 2011

အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒမှာ စိန်ခေါ်မှု အများအပြား ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်း (Joseph Yun) က ပြောလိုက်ပါတယ်။

ဒီစိန်ခေါ်မှုတွေကို အောင်အောင်မြင်မြင် ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ရာ အမေရိကန် တနိုင်ငံတည်း အနေနဲ့ မလုပ်ဆောင်နိုင်ဘဲ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။ ဇွန်လ ၂ ရက်၊ ကြာသပတေးနေ့ ဒေသစံတော်ချိန် မနက်ပိုင်းက အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ကြားနာပွဲ တခုအတွင်း မစ္စတာယွန်းက အဲဒီလို ပြောခဲ့တာပါ။ အောက်လွှတ်တော် ကြားနာပွဲကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြပေးထားပါတယ်။

အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ကြားနာပွဲမှာ မြန်မာ၊ မြောက်ကိုရီးယား၊ တိဘက်နိုင်ငံတို့နဲ့ ပတ်သက်ပြီး အမေရိကန် ကွန်ဂရက်လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းထားတဲ့ သက်ဆိုင်ရာ ဥပဒေ အသီးသီးကို အကောင်အထည်ဖော် လုပ်ဆောင်နေမှု အခြေအနေတွေကို ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေက မေးမြန်း ဆန်းစစ်ကြတာ ဖြစ်ပါတယ်။

မြန်မာ့အရေးနဲ့ဆိုင်တဲ့ ဥပဒေကတော့ ၂၀၀၈ ခုနှစ်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ Block Burmese JADE Act ခေါ် မြန်မာနိုင်ငံပေါ် ဒဏ်ခတ်အရေးယူမှု ဥပဒေ ဖြစ်ပါတယ်။ ကြားနာပွဲမှာ မြန်မာ့အရေးကို အဓိက ပြောကြား ဖြေဆိုခဲ့သူကတော့ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်ကမှ မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားခဲ့တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ၊ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်း ဖြစ်ပါတယ်။

အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်စ် အီလီယန်းနား ရော့စ်- လယ်တီနန် (Ileana Ros-Lehtinen) အပါအ၀င် ကော်မတီဝင် လွှတ်တော်အမတ်တွေက သမ္မတ အိုဘားမား (Barack Obama) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒဖြစ်တဲ့ ထိတွေ့ဆက်ဆံတာရော၊ ဒဏ်ခတ် အရေးယူတာရော လမ်း ၂ သွယ်လုံးပါတဲ့ မူဝါဒကို မေးခွန်းထုတ်ခဲ့ကြပါတယ်။ အဓိကအားဖြင့် ထိတွေ့ဆက်ဆံရေး မူဝါဒရဲ့ ထိရောက်အောင်မြင်မှု၊ အလုပ်ဖြစ်မှုအပေါ် စိုးရိမ်ချက်တွေကို ဖော်ပြခဲ့ပြီး အောင်မြင်မှုရှိအောင် အစိုးရက ဘာတွေလုပ်နိုင်မလဲ ဆိုတာ မေးခဲ့ကြတာပါ။

မေးခွန်းထုတ်သူတွေထဲမှာ ထိတွေ့ဆက်ဆံရေး မူဝါဒကို လက်မခံတဲ့၊ Tom Lantos’ JADE Act ကို ပူးတွဲ ကမကထ ပြုခဲ့သူတွေထဲမှာ တဦးဖြစ်တဲ့ လွှတ်တော်အမတ် မစ်စ် အီလီယန်းနားလည်း အပါအ၀င်ပါ။
“ထိတွေ့ဆက်ဆံရေး မူဝါဒကနေ အကျိုးရလဒ် မတွေ့ရသလောက်ပါပဲ။ အဲဒီမူဝါဒကို ချမှတ်ခဲ့ပြီးကတည်းက အမေရိကန် နိုင်ငံသားကို အကျဉ်းချတာ၊ မြောက်ကိုရီးယားနဲ့ နျူကလီးယားကိစ္စလို့ ယူဆရတဲ့ အဆက်အဆံတွေ လုပ်ခဲ့တာ၊ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ လုပ်ခဲ့တာ၊ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ဆက်ပြီး အကျဉ်းချထားတာတွေပဲ တွေ့ရပါတယ်။ ၂ နှစ်ကျော် ကြာလာပြီဖြစ်တဲ့ ဒီ လက်တွေ့ကျတဲ့ ထိတွေ့ ဆက်ဆံမှုကနေ တကယ်အစစ်အမှန် ဘာရခဲ့ပါသလဲဆိုတာ သိချင်ပါတယ်။”
ဒီအခြေအနေအောက်မှာမှ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ခန့်ထားမယ်ဆိုရင် အဲဒီသံတမန် အနေနဲ့ ဘာလုပ်ဆောင်နိုင်မှာလဲ ဆိုတဲ့ အပေါ်မှာလည်း မေးခွန်းထုတ်ခဲ့ကြပါသေးတယ်။

ထိတွေ့ဆက်ဆံရေး မူဝါဒ အောင်မြင်ဖို့ရာ စိန်ခေါ်မှု အများအပြား ရှိနေပြီး နည်းလမ်း ၂ သွယ် မူဝါဒရဲ့ ထိတွေ့ဆက်ဆံရေးပိုင်းကနေ ခုချိန်ထိ ရလဒ်တစုံတရာ မရသေးဘူး ဆိုတာကို မစ္စတာယွန်းက ၀န်ခံပေမဲ့ အခြေအနေ တခုလုံးအပေါ် ခြုံငုံ သုံးသပ်ချက်အရ နည်းလမ်း ၂ သွယ်စလုံးကို ဆက်ပြီး ကျင့်သုံးသွားရပါမယ်လို့ မစ္စတာယွန်းက တုံ့ပြန်ပါတယ်။

အမေရိကန် တနိုင်ငံတည်းနဲ့ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ရလာအောင် လုပ်နိုင်မှာ မဟုတ်ဘဲ နိုင်ငံတကာ အသိုက်အ၀န်းနဲ့ အပြုသဘောဆောင် ဆက်ဆံရေး၊ ကာလရှည်ကြာ ရှိနေခဲ့တဲ့ စိုးရိမ်ချက်တွေကို ဖြေရှင်းပေးရေး မြန်မာအစိုးရကို တိုက်တွန်းဖို့ရာ ဥရောပ မဟာမိတ်တွေ၊ အရှေ့တောင်အာရှနဲ့ ဒေသတွင်းက မိတ်ဘက်နိုင်ငံတွေနဲ့ ပူးတွဲ လုပ်ဆောင်နေပါတယ်လို့ မစ္စတာယွန်းက ပြောပါတယ်။

“ဒါကို ကျနော်တို့ တနိုင်ငံတည်း မလုပ်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာဖို့ရာ နိုင်ငံတကာ အသိုက်အ၀ိုင်းနဲ့အတူ လုပ်ဆောင်ရမှာပါ။ ဆိုလိုတာကတော့ အထူးသဖြင့် အာရှတိုက် နိုင်ငံတွေ၊ အရှေ့တောင်အာရှ နိုင်ငံတွေ၊ ဥရောပ နိုင်ငံတွေဟာ ကျနော်တို့နဲ့အတူ လုပ်ဆောင်ရပါမယ်။ ကျနော်တို့ချည်းပဲ မလုပ်နိုင်ပါဘူး။ အဲဒါဟာ အထူးသံတမန်ရဲ့ အဓိကအလုပ် ဖြစ်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”

ထိတွေ့ဆက်ဆံတာကို မကန့်ကွက်ပေမဲ့ အတိုင်းအတာ အကန့်အသတ်ရှိဖို့ လိုတယ်လို့ ကြားနာပွဲမှာ ကိုယ်တိုင် သက်သေထွက်ဆိုခဲ့သူတွေထဲက တဦးဖြစ်တဲ့ အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ USCB အမှုဆောင် ညွှန်ကြားရေးမှူး ကိုအောင်ဒင်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ သူတို့ကို စကတည်းက ပြောပါတယ်။ Engagement လုပ်တဲ့နေရာမှာ တိကျတဲ့ အချိန်ဇယား ရှိဖို့လိုတယ်။ အဲဒီ တိကျတဲ့ အချိန်ဇယား အတွင်းမှာပဲ လိုချင်တဲ့ တောင်းဆိုမှုပေါ့၊ အဓိကကျတဲ့ တောင်းဆိုမှု ရှိဖို့လိုတယ်။ အချိန်ကာလ အကန့်အသတ် တခုတည်းမှာ လိုအပ်တဲ့ တောင်းဆိုချက်တွေ ပြည့်မလာဘူးဆိုရင် ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ အဆင်သင့်ဖြစ်ဖို့လည်း လိုတယ်။ တုံ့ပြန်ဖို့ဆိုတာ အကောင်းရော၊ အဆိုးရောပါ၊ တကယ်လို့ စစ်အစိုးရဘက်က ကောင်းတာတွေ လုပ်တယ်ဆိုရင်လည်း အဲဒါကို ကောင်းတဲ့အလျောက် တုံ့ပြန်ဖို့၊ မကောင်းတာတွေ လုပ်မယ်ဆိုရင်လည်း မကောင်းတဲ့အလျောက် တုံ့ပြန်ဖို့။ အဲဒီအတွက်လည်း အဆင်သင့်ဖြစ်ဖို့ လိုတယ်ပေါ့။ ဒါ ကျနော်တို့ အစကတည်းက ပြောပါတယ်။”

နှစ်လမ်း ၂ သွယ် မူဝါဒရဲ့ ရည်ရွယ်ချက်တွေကတော့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့၊ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့၊ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်သူတွေ အားလုံး ပါဝင်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးဆီ ဦးတည်တဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့နဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေနဲ့အညီ လိုက်နာ လုပ်ဆောင်ဖို့တို့ ဖြစ်ပါတယ်လို့ မစ္စတာယွန်းက ပြောပါတယ်။

ကြားနာပွဲမှာ မြန်မာ၊ မြောက်ကိုရီးယား၊ တိဘက် ၃ နိုင်ငံ အရေးကိစ္စတွေကို မေးမြန်း ဆန်းစစ်ခဲ့ကြတာ ဖြစ်ပေမဲ့ ဒီ ၃ နိုင်ငံစလုံးက တရုတ်အစိုးရနဲ့ ဆက်စပ်နေတာမို့ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး၊ တရုတ်ရဲ့ ဒေသတွင်း လွှမ်းမိုးမှု၊ ကမ္ဘာ့နိုင်ငံတွေပေါ် သြဇာသက်ရောက်မှု စတာတွေလည်း ပါဝင်ခဲ့ပါတယ်။ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဝင် လွှတ်တော်အမတ်တွေထဲမှာ အမေရိကန် အစိုးရက တရုတ်နိုင်ငံကို ထိထိရောက်ရောက် ဖိအားမပေးနိုင်တဲ့အပေါ် အပြင်းအထန် ပြစ်တင်ဝေဖန် ပြောဆိုသူတွေလည်း ရှိနေပါတယ်။

ARV ဆေး တိုက်ကျွေးရေး ငါးနှစ် စီမံကိန်း
ထွန်းထွန်း | သောကြာနေ့၊ ဇွန်လ ၀၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ HIV/AIDS ဝေဒနာသည်များကို ARV ဆေး စဉ်ဆက်မပြတ် တိုက်ကျွေးနိုင်ရေးအတွက် တနိုင်ငံလုံးဆိုင်ရာ ၅ နှစ်တာ စီမံကိန်းကို အစိုးရသစ်၊ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော အဖွဲ့များ တက်ရောက်သည့် နေပြည်တော် အစည်းအဝေး တရပ်က ကြာသပတေးနေ့တွင် ချမှတ်လိုက်သည်။

စီမံကိန်း တခုလုံးအတွက် ၂ဝ၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၉ သန်း ကုန်ကျမည်ဖြစ်ပြီး၊ ၂ဝ၁၅ တွင်မူ ၈၅ သန်းအထိပင် ကုန်ကျလိမ့်မည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

“စီမံကိန်းက ၅ နှစ်စာပါ။ မြန်မာအစိုးရနဲ့ UN နဲ့ ပေါင်းလုပ်တာလည်း မဟုတ်ပါဘူး။ တကယ်က မြန်မာအစိုးရရယ်၊ UN ရယ်၊ INGO တွေ၊ Donor တွေ၊ Community တွေ အကုန်လုံး ပေါင်းပြီးတော့ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက တိုင်းပြည်တခုမှာ HIV/AIDS အတွက်ကို လုပ်မယ်ဆိုလို့ရှိရင် ဒါက စီမံကိန်းတခုရှိမှ ဖြစ်မယ်လေ” ဟု အစည်းအဝေး တက်ရောက်ခဲ့သူ ရန်ကုန် ကုလသမဂ္ဂရုံး အကြီးတန်း အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ဝေဒနာရှင်များကို ARV ဆေး စဉ်ဆက်မပြတ် တိုက်ကျွေးရေး သာမက လိင်ဆက်ဆံမှုနှင့် ဆေးထိုးအပ်မှ ရောဂါပျံ့နှံ့မှု
လျော့ကျရေးနှင့် ဝေဒနာသည်များအပေါ် သက်ရောက်သည့် နောက်ဆက်တွဲ ဆိုးကျိုးများ လျှော့ချရေးပါ တပြိုင်တည်း ဆောင်ရွက်သွားမည် ဖြစ်သည်။

“သန်း ၅၀ လောက်ကတော့ ရရှိထားပြီ။ ဒါပေမဲ့ ပိုပြီးတော့ လိုလာမယ် ထင်တယ်။ ပထမနှစ်မှာက ၄၉ သန်းလောက် လိုမယ်လေ။ ကျနော်တို့က တဆင့်ချင်း မြှင့်တင်သွားမှာဆိုတော့ ပထမနှစ်ကတော့ ဒီလောက် အများကြီး လိုမယ် မထင်ဘူး။ နောက်ပိုင်းနှစ်တွေကတော့ အလှူရှင် ရှာယူရမှာပေါ့” ဟု ကုလအကြီးတန်းအရာရှိက ပြောသည်။ လုပ်ငန်းများကို အစည်းအဝေး ပြီးကတည်းက စတင်ခြင်းဖြစ်သည်ဟု ဆိုသည်။

အစိုးရက ၂ဝ၁၁ ခုနှစ် ကျန်းမာရေး ကဏ္ဍအတွက် အစိုးရ အသုံးစရိတ်၏ ၀.၄ ရာခိုင်နှုန်းသာ ပေးထားသော်လည်း HIV/AIDS ဝေဒနာသည် ကူညီစောင့်ရှောက်ရေးကိုမူ မည်၍မည်မျှ သတ်မှတ်ထားကြောင်း ရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

မြန်မာနိုင်ငံတွင် HIV/AIDS ဝေဒနာသည် ၂၃၆၀၀၀ ခန့်ရှိကာ ARV ဆေး လိုအပ်နေသူ ၇ သောင်း ၆ ထောင် ခန့်ရှိပြီး ၂၀၁၀ ခုနှစ်တွင် ထိုသူများထဲမှ ၃ သောင်းခန့်ကိုသာ ဆေးဝါးကူညီနိုင်ခဲ့သည်ဟု ကုလ ကိန်းဂဏန်းများက ဆိုသည်။

မြန်မာနိုင်ငံတွင် HIV/AIDS ကူးစက်မှုနှုန်းကို ယခင်နှစ်များထက် ထိန်းထားနိုင်ပြီး၊ အဓိကအားဖြင့် ARV လှူဒါန်းမှု များပြားလာခြင်းကြောင့် ဖြစ်သည်။

ဆေးရရှိမှုမှာ ၂၀၀၂ ခုနှစ်တွင် ၁၂ ဦး၊ ၂၀၀၉ ခုနှစ်တွင်မူ ၂ သောင်းခွဲကျော်နှင့် ၂၀၁၀ တွင် ၃ သောင်းခန့်အထိ
မြင့်တက်လာခဲ့သည်။ ၂ဝဝ၉ ခုနှစ် စာရင်းများအရ HIV/AIDS ကူညီပေးနေသည့် AZG အဖွဲ့က လူ ၆ ထောင်ကျော်အထိ ကူညီခဲ့ကာ၊ အစိုးရ၏ National Aids ကမူ ၁၄၀၀ ခန့် ကူညီခဲ့သည်။

ARV ဆေးကို NGO များအနေဖြင့် ငွေကြေး မတတ်နိုင်သဖြင့် အပြည့်အဝ ကူညီရန် ခက်ခဲနေပြီး ပြင်ပဈေးနှုန်းအရ တဦးလျှင် တလစာအတွက် ကျပ် ၂ သောင်းခွဲမှ ၃ သောင်းအထိ ရှိသည်။

“တသက်လုံးသောက်ရမှာ ဖြစ်တဲ့အတွက် တသက်လုံးအတွက် အာမခံချက်ဖြစ်အောင် တယောက်ယောက်ကနေ တာဝန်ယူပြီး ပေးရမယ်ဆိုတဲ့ အဲဒီ Perfection (အလုံးစုံ) တွေကလည်း ရှိတယ်။ ကိုယ့်ကို ဘယ်သူက
ဆေးပေးမလဲ၊ ပေးတဲ့သူက တသက်လုံး တာဝန်ယူပြီး ဆေးပေးရမယ်ပေါ့။ ဒီဆေးကလည်း မသေမချင်း သောက်ရမှာပဲလေ” ဟု HIV ကူညီရေး အဖွဲ့တခုတွင် လုပ်ကိုင်နေသည့် ရုပ်ရှင်သရုပ်ဆောင်
ဒေါ်ဆွေဇင်ထိုက်က မဇ္ဈိမကို ပြောသည်။

ကြာသပတေးနေ့ အစည်းအဝေးတွင် ကျန်းမာရေး၊ ပြည်ထဲရေး၊ လူမှုဖူလုံရေး၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနများနှင့် ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂဆိုင်ရာ အရာရှိများနှင့် အစိုးရ မဟုတ်သည့် အဖွဲ့များမှ ကိုယ်စားလှယ်များ၊ HIV/AIDS ဝေဒနာသည်များကို ကူညီနေသည့် အလှူရှင်များ စသဖြင့် လူဦးရေ ၁၂၀ ကျော်က အမျိုးသား မဟာဗျူဟာ စီမံကိန်းဆိုင်ရာ အစည်းအဝေး အမည်ဖြင့် ဇွန်လ ၁ ရက်နေ့မှစ၍ ၂ ရက်ကြာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

၎င်းတို့က အစိုးရ၏ ပါဝင်ပတ်သက်မှု၊ အားကောင်းသည့် ကျန်းမာရေး ကူညီစောင့်ရှောက်မှုစနစ် ဖြစ်ထွန်းရေးနှင့် မဟာဗျူဟာ စီမံကိန်းဆိုင်ရာ သတင်းအချက်အလက် ရရှိရေးတို့ လုပ်ကိုင်သွားရန်ပါ ချမှတ်ခဲ့သေးသည်။

မြန်မာနိုင်ငံတွင် HIV/AIDS ပျံ့နှံ့မှုမှာ လိင်အလုပ်သမများတွင် ၁၁.၂ ရာခိုင်နှုန်း၊ ဆေးထိုးအပ်မှ ကူးစက်ခြင်း ၃၄.၆ ရာခိုင်နှုန်း၊ လိင်တူဆက်ဆံမှုမှ ၂၂.၃ ရာခိုင်နှုန်းနှင့် ကိုယ်ဝန်ဆောင်မိခင်မှ ကူးစက်မှု ဝ.၉၆ ရာခိုင်နှုန်း ရှိကြောင်း ကုလသမဂ္ဂ စစ်တမ်းများအရ သိရသည်။ ဆေးထိုးအပ်မှ ကူးစက်ပျံ့ပွားမှုမှာ မြန်မာပြည်မြောက်ပိုင်းနှင့် နယ်စပ်ဒေသများ၌ အများဆုံးဟုလည်း သိရသည်။

မြောက်ဦး အထက်တန်းကျောင်းတွင် အတန်းပြောင်းကြေး ငါးသောင်းထိရှိ
News Date:6/3/2011 နိရဉ္ဖရာ သတင်းဌာန

ရခိုင်ပြည်နယ် မြောက်ဦးမြို့ အထက်တန်းကျောင်းတွင် အတန်းပြောင်းကြေးမှာ ကျပ် ငါးသောင်းထိ ဈေးရှိနေကြောင်း သိရသည်။

ယခုကဲ့သို့ အတန်းပြောင်းကြေးမှာ ငါးတန်းမှ ဒဿမတန်းထိ ဖြစ်ကြောင်း ကျောင်းသား မိဘ တစ်ဦးက ပြောသည်။

" အခု မြောက်ဦး အထက်တန်းကျောင်းမှာ ကျောင်း အုပ်ဆရာမကြီးက ကျောင်းအခန်း တွေကို သတ်မှတ်တဲ့နေရာမှာ ကျောင်းသားတွေရဲ့ ရမှတ်တွေ အပေါ်မှာ မသတ်မှတ် ဘဲ ပိုက်ဆံပေးနိုင်တဲ့ ကျောင်းသား ဆိုရင် A ၊ ပိုက်ဆံမပေးနိုင်တဲ့ ကျောင်းသားဆိုရင် B တို့ C တို့မှာ ထားတယ်။ အဲသလို အခန်းတွေကို ပြောင်းရွှေ့လိုရင် ကျပ် ငါးသောင်းထိ ပေးရပါတယ်" ဟု ပြောသည်။

မြောက်ဦးမြို့ အထက်တန်းကျောင်းတွင် အတန်းတိုင်းတွင် အနည်းဆုံး အေ ဘီစီ စသဖြင့် အခန်းများခွဲထားရပြီး အေအခန်းတွင် စာတော်သူ ကျောင်းသားများကိုသာ ထားလေ့ရှိပြီး အဆိုပါ အခန်းရှိ ကျောင်းသားများကို ဆရာ ဆရာမများက အလေးပေး စာပြသကြောင်း သူက ပြောသည်။

" အတန်းတိုင်းမှာ အေအခန်းက စာတော်တဲ့ ကျောင်းသားတွေကိုသာ ထားလေ့ ရှိတာပါ။ ဆရာ ဆရာမတွေကလည်း စာတော်တဲ့ ကျောင်းသားတွေကို ဂရုတစိုက်နဲ့ သင်ကြားပေးတဲ့ အလေ့အထ ရှိပါတယ်။ ဒီတော့ ကျောင်းသားတိုင်းက အခန်းအေမှာ နေချင်ကြတယ်။ ဒါကို ဆရာမကြီးက အခွင့်အရေး အတွက် အသုံးချလိုက်တာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

၎င်းပြင် မြောက်ဦးမြို့တွင် ဆရာ ဆရာမများက ကိုယ်ပိုင် ကျူရှင်များ ဖွင့်ထားပြီး မိမိကျူရှင်ကို ယူသော ကျောင်းသားများကို မျက်နာသာပေးပြီး ကျူရှင် မယူသော ကျောင်းသားများကိုမူ မျက်နာသာ မပေးသဖြင့် ကျောင်းသူ ကျောင်းသားများ ကြားထဲတွင်လည်း မညီမျှမူသော ဆက်ဆံရေးများ ပေါ်ပေါက်နေကြောင်း သိရသည်။

အကျဉ်းသားမလွှတ်ရင် မူဝါဒ မပြောင်းနိုင်ကြောင်း ဂျွန်မက်ကိန်းပြော
2011-06-03 RFA

အမေရိကန်အစိုးရက မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ပြန်ရုပ်သိမ်း ဖို့ ကိစ္စဟာ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေးအပေါ် မူတည်နေကြောင်း အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ဦးသိန်းစိန်အစိုးရအဖွဲ့ဝင်တွေ နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း ၆ ယောက်နဲ့ ဇွန်လ ၂ ရက်နေ့က တွေ့တဲ့အခါမှာ မစ္စတာမက်ကိန်းက ပြန် ပြောပြတာပါ။ မစ္စတာမက်ကိန်းနဲ့ တွေ့ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်းနိုင်းက RFA ကို အခုလို ပြောပါတယ်။

“သူတို့ ဒဏ်ခတ် အရေးယူတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲဖို့ စဉ်းစားဖို့ကိစ္စမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ရမယ်ဆိုတဲ့ အခြေအနေကို သူက ဦးစားပေးပြီး ထည့်ပြောတာပါ။ နောက် သူကိုယ်တိုင်လည်း ပါးစပ်နဲ့ မဟုတ်ဘဲ စာနဲ့ပေနဲ့ ရေးပြီးတော့ ဒီနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေများကို တိုးတက်နိုင်ရန်အတွက် ကမ္ဘာ့ကြက်ခြေနီအဖွဲ့က လူတွေ ဝင်ခွင့်ပြုဖို့ ကိစ္စကိုလည်း တရားဝင် ထပ်ပြောပါအုံးမယ်ဆိုပြီး အဲဒီနှစ်ခုကို သေသေချာချာ ပြောသွားတယ်”

မစ္စတာမက်ကိန်းနဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်းနဲ့ ဦးနိုင်းနိုင်း၊ ဦးဝင်းထိန်၊ ကိုဇေယျာသော်၊ ဦးဇော်ညွန့်နဲ့ ဒေါ်နော်အုန်းလှတို့ ဖြစ်ပါတယ်။

မစ္စတာမက်ကိန်းဟာ ဇွန်လ ၂ ရက်နေ့ မနက်ကလည်း ထင်ရှားတဲ့ လူမှုရေးဆောင်ရွက်သူတွေ ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း ရုံးခန်းနဲ့ မဖြူဖြူသင်း ဦးစီးဆောင်ရွက်နေတဲ့ HIV/ AIDS ဝေဒနာသည် စောင့်ရှောက်ရေးဂေဟာကိုလည်း သွားရောက် ကြည့်ရှုခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲရေးမလုပ်လျှင် တော်လှန်ရေးဆန်သည့် အပြောင်းအလဲနှင့် ကြုံရလိမ့်မည်ဟု မြန်မာအစိုးရကို ဂျွန်မက်ကိန်း သတိပေး
by Yangon PressInternational on Friday, June 3, 2011 at 3:38pm

ရန်ကုန်၊ ဇွန် ၃၊ ၂၀၁၁ (YPI) - မြန်မာအစိုးရအနေဖြင့် ယခုအချိန်တွင် တစ်ဆင့်ချင်း ပြုပြင်ပြောင်းလဲရေးမလုပ်လျင် အာရပ်နိုင်ငံများကဲ့သို့ နောက်ပိုင်းမှာ ပြည်သူများက တော်လှန်ပြီး အပြောင်းအလဲပြုလုပ်လာသည်ကို ကြုံရမည်ဖြစ်ကြောင်း အမေရိကန်အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ယနေ့နံနက်ပိုင်း ရန်ကုန်မြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတိပေးပြောကြားလိုက်သည်။

“(နိုင်ငံရေး) အပြောင်းအလဲတွေက ဖြစ်နေပြီ။ အာရပ်နိုင်ငံမှာပဲ အဲဒီအပြောင်းအလဲတွေက ဖြစ်နေမှာ မဟုတ်ဘူး။ အခုချိန်မှာ အပြောင်းအလဲမလုပ်တဲ့ အစိုးရတွေဟာ နောက်ပိုင်းမှာ (ပြည်သူတွေက) တော်လှန်ပြီး အပြောင်းအလဲလုပ်တာကို ရင်ဆိုင်ရလိမ့်မယ်” ဟု ဂျွန်မက်ကိန်းက သူ၏မိန့်ခွန်းတွင် ပြောကြားသည်။

အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်။ ၂၀၁၁ ဇွန် ၃
မြန်မာပြည်သူ၊ ပြည်သားများသည် ဒီမိုကရေစီရရှိရေးအတွက် စိတ်အားထက်သန်နေကြပြီး နှစ်ပေါင်းများစွာ ပေးဆပ်မှုများ ပြုလုပ်နေကြရကြောင်းလည်း မက်ကိန်းက သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

အကယ်၍ မြန်မာအစိုးရအနေဖြင့် စစ်မှန်သော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အမှန်တကယ်လုပ်ဆောင်လိုသော ဆန္ဒရှိပါက အမေရိကန်ပြည်ထောင်စုတွင် သူလို (အားပေး ကူညီမည့်) မိတ်ဆွေများတွေ့ရလိမ့်မည်ဖြစ်ကြောင်းလည်း မက်ကိန်းက ပြောကြားသွားခဲ့သည်။

နေပြည်တော်တွင် အစိုးရအရာရှိများနှင့် တွေ့ဆုံစကားပြောရာ၌ မြန်မာအစိုးရသစ်သည် အမေရိကန်ပြည်ထောင်စုနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးမျိုး တည်ဆောက်သွားလိုသည့် သဘောထားမျိုးကို မြင်တွေ့ခဲ့ရကြောင်းလည်း မက်ကိန်းကပြောပြသွားသည်။

သို့သော်လည်း နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးဆိုသည်မှာ နွေးထွေးပျူငှာသော စကားလုံးများနှင့် တည်ဆောက်ရုံနှင့်မပြီးဘဲ တိကျခိုင်မာသော လုပ်ရပ်များနှင့်ပါ တည်ဆောက်ရမည်ဖြစ်ကြောင်းလည်း မက်ကိန်းက ပြောကြားသွားသည်။

“ကျွန်တော်အနေနဲ့ကတော့ (နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့) ကူညီလို့ရတဲ့နေရာကနေ ကူညီပေးဖို့ အဆင်သင့်ပါပဲ” ဟုလည်း မက်ကိန်းက ထည့်သွင်းပြောခဲ့သည်။

အမေရိကန်အစိုးရဘက်မှလည်း မြန်မာအစိုးရပေါ်တွင် ထားရှိသည့် မူဝါဒများအားလုံးကို ချပြသင့်ပြီး မြန်မာအစိုးရက မေတ္တာရပ်ခံသည်များကိုလည်း ထည့်သွင်းစဉ်းစားပေးသင့်ပါကြောင်း မက်ကိန်းက ပြောဆိုသည်။

မက်ကိန်းသည် မိန့်ခွန်းပြောစဉ်မှာသာမက သတင်းသမားများ၏ မေးခွန်းများကို ဖြေဆိုရာတွင် ယခင်လာရောက်သည့် အမေရိကန်အရာရှိများနှင့် မတူပဲ 'မြန်မာ'ဟူသော အသုံးအနှုန်း သာမက 'ဗမာ'ဟူသော အသုံးအနှုန်းကိုပါ မသုံးစွဲဘဲ 'ဒီနိုင်ငံ' 'ဒီအစိုးရသစ်' ဟူသော အသုံးအနှုန်းများကိုသာ သုံးစွဲသွားခဲ့သည်။


နေပြည်တော်တွင် မြန်မာအစိုးရအရာရှိများနှင့်တွေ့ဆုံစဉ် နိုင်ငံတကာကြက်ခြေနီ (International Committee of Red Cross – ICRC)ကို အကျဉ်းသားများနှင့် တွေ့ဆုံခွင့်ပေးရေးကိုလည်း တိုက်တွန်းခဲ့ကြောင်း မက်ကိန်းက သတင်းသမားများကို ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ပြင်ပသို့ မကြာမီ ခရီးထွက်မည်ဖြစ်ရာ သူမ၏ခရီးစဉ်အတွင်း ဘေးကင်းစေရန် အစိုးရအနေဖြင့် အကာအကွယ် ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ ကာကွယ်ပေးဖို့ တောင်းဆိုရသည်မှာ မြန်မာနိုင်ငံတွင် နာမည်ကြီးသော နိုင်ငံသားတစ်ယောက်ကို အထူးတလှယ်ဆက်ဆံပေးဖို့ တောင်းဆိုသည်ဟု မမြင်သင့်ကြောင်း၊ နိုင်ငံသားတိုင်း ရသင့်ရထိုက်သည့် အခွင့်အရေးတစ်ခုအဖြစ် တောင်းဆိုသည်ဟုသာ ထင်မြင်သင့်ကြောင်းလည်း မက်ကိန်းက ပြောကြားသွားသည်။

မြန်မာအစိုးရသစ်အနေဖြင့် လုပ်ဆောင်သင့်သည်မှာ ဒေါ်အောင်ဆန်းစုကြည်၊ လူမျိုးစု တိုင်းရင်းသားများ၊ အခြားအတိုက်အခံများနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်ရာ ထိုသို့သောလုပ်ဆောင်ချက်များ လုပ်ဆောင်မှသာ တရားဝင် အစိုးရတစ်ရပ် ဖြစ်လာမည် ဖြစ်သည်ဟု မက်ကိန်းက အကြံပြုပြောဆိုသည်။
မက်ကိန်းက မြန်မာအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်လိုသော ဆန္ဒရှိသည်ကို တွေ့ရကြောင်း၊ အနာဂတ်မှာ အစိုးရသစ်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံဆွေးနွေးရေးများ ဖြစ်လာစရာ ရှိကြောင်းလည်း မက်ကိန်းကပြောကြားသွားသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့အရေးယူမှုကို ဘယ်အချိန်ရုပ်သိမ်းမည်၊ မရုပ်သိမ်းမည်ကို သတင်းသမားတစ်ဦးက မေးမြန်းရာတွင် မက်ကိန်းက စီးပွားရေးပိတ်ဆို့အရေးယူမှုကို ရုပ်သိမ်းရန်အတွက် မြန်မာအစိုးရအနေဖြင့် ထင်သာမြင်သာရှိသော ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင် ပြရမည်ဟု ဖြေကြားသွားသည်။

ရန်ကုန်မြို့မှ စီးပွားရေး သတင်းအယ်ဒီတာတစ်ဦးက “အခု လာတဲ့ ဂျွန်မက်ကိန်းကို အစိုးရက အတော်လေး အရေးပေးတာ တွေ့ရတယ်။ သတင်းစာမှာ ဖေါ်ပြပုံနေရာပေးပုံကိုကြည့်ရင် သိနိုင်တယ်။ သူနဲ့ မြန်မာအစိုးရအကြား တစ်ခုခု နားလည်မှု ရထားသလားလို့ ခန့်မှန်းမိတယ်၊ အဲလို ရခဲ့တယ်ဆိုရင်တော့ အမေရိကန် အစိုးရဘက်က စီးပွားရေး ပိတ်ဆို့မှုတွေထဲက တချို့ဟာတွေကို နည်းနည်းချင်း ပြန်ရုပ်ပေးတာမျိုး ဖြစ်လာနိုင်တယ်” ဟုသုံးသပ်ပြောဆိုသည်။

ဂျာနယ်တွင် ထောင်အကြောင်း ဝါဒဖြန့်
ယုယမိုး Friday, 03 June 2011 17:37

အာဏာပိုင်တို့က အင်းစိန်ထောင် အစာငတ်ခံဆန္ဒပြမှုနှင့် ပတ်သက်သည့် ၀ါဒဖြန့် သတင်းကို ရန်ကုန်အခြေစိုက် သတင်းဂျာနယ်များတွင် ဖော်ပြရန် စီစဉ်ခဲ့သည်ဟု သိရသည်။

အကျဉ်းသားများ၏ အစားအသောက်နှင့် ကျန်းမာရေး ကောင်းမွန်ရန် အကျဉ်းဦးစီးဌာနက အထူး ဂရုစိုက်ထားသည် ဟူသောသတင်းကို Flower News (မေလ၂၇)၊ လျှပ်တစ်ပြက် (မေ ၃၁) ဂျာနယ်တို့တွင် ဖော်ပြထားသည်။

တနိုင်ငံလုံးရှိ အကျဉ်းသားများအတွက် စားသောက်စရိတ်မှာ နေ့စဉ် ၂၈၈ သိန်း ရှိကြောင်း၊ ရိက္ခာဆန်များ ဖြူဖွေး ကောင်းမွန်ပြီး ငါးခြောက် သို့မဟုတ် ငါးခေါင်း အချဉ်ရည်ဟင်းဖြင့် ကျွေးမွေးကြောင်း စသဖြင့် အကျဉ်းဦးစီးဌာန၏ ရှင်းလင်းချက်ကို သတင်းတွင် တွေ့ရသည်။

ထိုသတင်းတွင် ပါဝင်သော အကျဉ်းဦးစီးဌာန၏ ရှင်းလင်းချက်ကို AAPP ခေါ် ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းက မေလ ၃၁ ရက်နေ့တွင် ရှုတ်ချထားသည်။ အကျဉ်းသားတဦးကို ကျွေးမွေးရန် တရက်လျှင် ၅၇ ကျပ် ခန့်သာ အသုံးပြုနေခြင်း ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနကို ကိုးကားပြီး ပြန်လည် တုန့်ပြန်ထားသည်။

ထိုသတင်း ဖော်ပြခဲ့သည့် Flower News အယ်ဒီတာ ကိုကို (စက်မှုတက္ကသိုလ်) ကို ဧရာဝတီက မေးမြန်းရာ အကျဉ်းဦးစီးဌာနက ထောင်တွင်းဆန္ဒပြမှုနှင့် ပတ်သက်ပြီး ထုတ်ပြန်သည့်အခါ သတင်းယူနိုင်ကြောင်း ပြောကြားသဖြင့် ထည့်သွင်း ဖော်ပြရခြင်း ဖြစ်သည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

ကိုကို (စက်မှုတက္ကသိုလ်) နှင့် လျှပ်တစ်ပြက် အယ်ဒီတာမြတ်ခိုင်တို့သည် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် ရင်းနှီးသူများအဖြစ် ထင်ရှားသည်။

ဦးကျော်ဆန်းသည် ပြန်ကြားရေးဝန်ကြီးဌာနကို နှစ်ပေါင်းများစွာ တာဝန်ယူထားသူ ဖြစ်ပြီး ပြည်ပမီဒီယာများကို တိုက်ခိုက် တုန့်ပြန်ရေးအတွက် မီဒီယာကို အသုံးပြုမည်ဟု ကြွေးကြော်ထားသူဖြစ်သည်။

ဤအတောအတွင်း အာဏာပိုင်တို့က ၎င်းတို့၏ မူဝါဒကို ထင်ဟပ်သည့် သတင်းများ၊ ဆောင်းပါးများကို အပတ်စဉ်ထုတ် ဂျာနယ်များတွင် ထည့်သွင်းဖော်ပြရန် ညွှန်ကြားထားပြီး ဖြစ်သည်ဟု ရန်ကုန်မှ သတင်းထောက်တဦးက ဧရာဝတီကို ပြောသည်။

“ဇွန်လ ၂ရက်နေ့ထုတ် 7Day News ဂျာနယ် နဲ့ ရန်ကုန်တိုင်းမ် ဂျာနယ်တွေမှာ သုတေသီတစ်ဦး ဆိုတဲ့ အမည်နဲ့ ငွေအကြွေ ရှားပါးရခြင်းဟာ ဗဟိုဘဏ်နှင့်မသက်ဆိုင်ဘဲ မသမာသူများကြောင့်သာ ဖြစ်ရတယ်ဆိုပြီး ရေးသားထားတဲ့ ဆောင်းပါးတပုဒ် ပါဝင်ပါတယ်။ ဒီဆောင်းပါးက ဂျာနယ်တွေမှာ ထည့်သွင်း ဖော်ပြခိုင်းထားတဲ့ ဆောင်းပါးတပုဒ်ပါ” ဟု သူက ပြောပြသည်။

ယခင်တပတ်ထုတ် မြန်မာတိုင်းမ် ဂျာနယ် သတင်း တပုဒ်တွင် “အခွန်ပြန်အမ်းငွေ နိုင်ငံခြားငွေနဲ့အမ်းတော့မယ်“ ဟူသည့် ၂၀၁၁ ခုနှစ် ဧပြီလ ၀င်ငွေခွန်စည်းမျဉ်း ပြင်ဆင်သည့် အမိန့်ကြော်ငြာစာကို ကြိုဆိုကြောင်း ရေးသားထားသည်။ ထိုသတင်းကိုလည်း စာပေစိစစ်ရေးက ထည့်သွင်းခိုင်းခြင်း ဖြစ်သည်ဟု သိရသည်။

အပတ်စဉ်ထုတ် ဂျာနယ်များတွင် စာဖတ်သူ စိတ်မ၀င်စားသည့် ၀ါဒဖြန့် ဆောင်းပါးရှည်များ၊ ၀န်ကြီးဌာနအသီးသီးက ပေးပို့သည့် ဖြေရှင်းချက်၊ သတင်းထုတ်ပြန်ချက်များကို ပုံနှိပ်ဖော်ပြခဲ့ရသည်။

သမ္မတသစ် ဦးသိန်းစိန်က မတ်လ ၃၁ ရက်နေ့ သမ္မတအိမ်တော်၌ ပြုလုပ်သည့် ပြည်ထောင်စု အဆင့် အစိုးရ အဖွဲ့ဝင်များကို ပြောကြားသည့် မိန့်ခွန်းတွင်“စတုတ္ထမဏ္ဍိုင် ဖြစ်တဲ့ စာနယ်ဇင်းများရဲ့ အခန်းကဏ္ဍကို အလေးထားဖို့ လိုအပ်ပါတယ်။ စာနယ်ဇင်းများက တဆင့် ပြည်သူတွေ သိသင့်တဲ့ အချက်များကို အသိပေးသွားဖို့ လိုသလို စာနယ်ဇင်းများက အပြုသဘောဆောင်တဲ့ အကြံပြုချက်များကိုလည်း အလေးထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်”ဟု ထည့်သွင်း ပြောကြားထားသည်။

အစိုးရသစ်လက်ထက်တွင် အားကစား၊ သုတရသ၊ ဂမ္ဘီရ၊ နည်းပညာ၊ အနုပညာနှင့် ကလေးစာပေ စသည့် ဂျာနယ် အမျိုးအစား ၆ မျိုးကို အာဏာပိုင်များထံ တင်ပြရန်မလိုဘဲ ထုတ်ဝေနိုင်မည်ဟု စာပေစိစစ်ရေး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောဆိုခဲ့ဖူးသော်လည်း မည်သည့်အချိန်တွင် စတင် ခွင့်ပြုမည်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။

ယခင်လဆန်းပိုင်းက လက်ကိုင်ဖုန်းသတင်းတပုဒ်ကို ခွင့်ပြုချက်မရှိဘဲ ပုံနှိပ် ဖြန့်ဝေခဲ့သည့် True News သတင်းဂျာနယ်ကို ထုတ်ဝေခွင့် ၂ ပတ် ရပ်ဆိုင်းခဲ့သည်။ ဦးသိန်းစိန်အစိုးရသစ် လက်ထက်တွင် ဂျာနယ်တစောင်ကို ပထမဆုံးအကြိမ် အရေးယူလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်များအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း၏ ခရီးစဉ် သတင်းကို ဂျာနယ်များတွင် ဖော်ပြခွင့် ရမည်ဟု သိရသည်။ ဓာတ်ပုံ ဖော်ပြခွင့်ကို ကန့်သတ်ထားသော်လည်း ထိုသတင်းအတွက် အချပ်ပို စာမျက်နှာများ ရိုက်နှိပ်ခွင့်ရမည်ဟု ရန်ကုန်မှ သတင်းထောက်များထံမှ သိရသည်။

ICRC ကို ထောင်တွင်း ပြည်လည်ဝင်ခွင့်ပြုနိုင်ဟု ဂျွန်မက်ကိန်းပြော
ခင်ဦးသာ Friday, 03 June 2011 15:07

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ကို မြန်မာနိုင်ငံတွင်းရှိ အကျဉ်းထောင်များသို့ ၀င်ရောက်ခွင့် ပြုနိုင်ဖွယ်ရှိကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ရန်ကုန်ရှိ အမေရိကန်စင်တာ၌ ယနေ့နံနက်ပိုင်းက သတင်း စာရှင်းလင်းပွဲ ပြုလုပ်စဉ် ပြောဆိုခဲ့သည်။

မစ္စတာ ဂျွန်မက်ကိန်းသည် မြန်မာ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ဗုဒ္ဓဟူးနေ့က နေပြည်တော်၌ တွေ့ဆုံခဲ့ရာ အကျဉ်းထောင်များသို့ ICRC သွားရောက်စစ်ဆေးခွင့် ရရေးနှင့် နိုင်ငံရေး အကျဉ်းသားများ အခွင့်အရေး အပြည့်အ၀ ရရှိရေးတို့ကို တောင်းဆိုခဲ့ကြောင်း၊ မြန်မာအစိုးရက စဉ်းစားပေးမည်ဟု ပြန်ပြောကြောင်း၊ ICRC အဖွဲ့အနေဖြင့် လာမည့် သီတင်းပတ် အနည်းငယ်အတွင်း မြန်မာအကျဉ်းထောင်များသို့ လာရောက်လည်ပတ်ခွင့် ပြုနိုင်ဖွယ်ရှိကြောင်း သတင်းထောက် များကို ရှင်းလင်းသည်။

မြန်မာအစိုးရက ထိုသို့ ခွင့်ပြုမည်ဆိုပါက မြန်မာ - အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်ရေးအတွက် ပထမ ခြေလှမ်းဖြစ်လာမည်ဟု ဂျွန်မက်ကိန်းက ဆိုသည်။

“နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပ ဆောင်ရွက်နေကြတဲ့ လူ့အခွင့်အရေးအဖွဲ့တွေကို လေးစားဖို့လိုတယ်။ တိုးတက်မှုဆိုတာက စာလုံးတွေနဲ့ တည်ဆောက်ဖို့မဟုတ်ဘူး၊ လက်တွေ့လုပ်ပြဖို့ လိုအပ်ပါတယ်။ ရာဇ၀တ်မှုကြောင့် မဟုတ်ဘဲ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ အမျိုးသမီးတွေ၊ အမျိုးသားတွေ ၂၀၀၀ ကျော်ကိုလည်း ချက်ချင်း ပြန်လွှတ်ပေးဖို့ လိုတယ်” ဟု သူက ပြောသည်။

အကျဉ်းထောင်များသို့ ICRC ၀င်ခွင့်ရပါက အကျဉ်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိလာမည်ဖြစ်ပြီး အကျဉ်းသားများ၏ ထောင်တွင်း အခြေအနေများကို တင်ပြဆွေးနွေးခွင့် ရနိုင်မည်ဟု ပြည်ပ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း - မြန်မာနိုင်ငံ (AAPP) မှ ကိုတိတ်နိုင်က ဧရာဝတီကို ပြောသည်။

ICRC အဖွဲ့သည် ၁၉၉၉ ခုနှစ်တွင် အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများသို့ ၀င်ရောက်၍ လုံခြုံရေးအရ ထိမ်းသိမ်း ထားသူများ (နိုင်ငံရေးအကျဉ်းသားများ) အပါအ၀င် အကျဉ်းသားများကို တွေ့ဆုံလေ့လာခွင့်များ ရရှိခဲ့သည်။ သို့သော်လည်း ၂၀၀၆ ခုနှစ် နှောင်းပိုင်းမှစတင်ကာ အကျဉ်းထောင်များသို့ ၀င်ရောက်လေ့လာခွင့်ကို စစ်အစိုးရက ကန့်သတ် ပိတ်ပင်ခဲ့သည်။

ICRC အဖွဲ့သည် ၂၀၀၅ ခုနှစ် ဒီဇင်ဘာလက သာယာဝတီထောင်သို့ သွားရောက်ခဲ့စဉ် အာဏာပိုင်များက ၎င်းတို့ ပါဝင်မှ ထောင်တွင်းသို့ ၀င်ရမည်ဟု ပြောဆိုခဲ့သဖြင့် နောက်ပိုင်း သွားရောက်ခြင်းမရှိတော့ပေ။ ထောင်တွင်းဝင်ရောက်ခွင့် ရစဉ်က အကျဉ်းသားများ၏ ကျန်းမာရေး စောင့်ရှောက်မှု အတွက် ၅၀ ရာခိုင်နှုန်းကို ICRC အဖွဲ့က တာဝန်ယူခဲ့သည်ဟု ကိုတိတ်နိုင်က ပြောသည်။

“သာယာဝတီထောင်ကို သွားတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးက သူတို့နဲ့အတူ ထောင်ထဲဝင်ရမယ်၊ သွားလာရမယ် ဆိုတော့ ICRC ကလက်မခံတဲ့ အတွက် နောက်ပိုင်းမှာ ထောင်တွင်းဝင်တာ ရပ်တန့်ခဲ့ရတယ်” ဟု ကိုတိတ်နိုင်က ရှင်းပြသည်။

မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီး၌ နိုင်ငံရေးအကျဉ်းသား ဦးရေ ၂၀၀၀ ကျော်ရှိကြောင်း AAPP စာရင်းများတွင် ဖော်ပြထားပြီး ယနေ့ထုတ်အစိုးရ သတင်းစာများ၌မူ မြန်မာနိုင်ငံ၌ နိုင်ငံရေး အကျဉ်းသားများ မရှိဟု ရေးသားထားသည်။

ဂျွန်မက်ကိန်းသည် ဇွန်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ၃ ရက်ကြာလာရောက်ခဲ့ပြီး မြန်မာအစိုးရအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များ၊ နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ၊ လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် မနေ့က တွေ့ဆုံရာတွင် မြန်မာ့ဒီမိုကရေစီ အရေးကို ဆက်လက် ထောက်ခံသွားမည်ဟု ပြောဆိုခဲ့သည်။

ရေအားလျှပ်စစ်စီမံကိန်းအတွက် ကျိုင်းတုံလူထုထံ သိန်းပေါင်းရာချီ ငွေကောက်ပြီး စီမံကိန်းရပ်ဆိုင်းပစ်
Friday, 03 June 2011 16:56 သျှမ်းသံတော်ဆင့်

ကျိုင်းတုံမြို့ ကျူဆွန်ရေတံခွန်မှ ရေအားလျှပ်စစ် ထုတ် လုပ်ရန် ဒေသခံလူထုနှင့် ကုမ္မဏီကြီးများထံမှ ကောက်ယူ ထားသည့် ရံပုံငွေများကို ရှင်းလင်းချ ပြခြင်းမရှိဘဲ တြိဂံတိုင်းမှူးသစ်မှရေအားလျှပ်စစ်ထုတ် လုပ်မှုစီမံကိန်းရပ်ဆိုင်း လိုက်ပြီဖြစ်ကြောင်း နယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။ကျိုင်းတုံမြို့အဝင် ဆိုင်းဘုတ်“မတ်လဆန်း ကျိုင်းတုံ ဝဇီပိတ်ဆရာတော်က စီမံကိန်းအတွက် အစည်းအဝေးခေါ် အကြံပေးတယ်။ ကုန်ကျငွေ လျာထားချက် ကျပ်သိန်း ၅၀ဝ၀။ ဆရာတော်ကိုယ်တိုင် ကျပ်သိန်း ၁၀ဝ၀ မတည်မယ်။ စစ်တိုင်းရုံးက ကျပ်သိန်း ၁၀ဝ၀ တာဝန်ယူမယ်။

ကျန်တာလူထုဆီကကောက်ယူမယ် လို့ဆုံးဖြတ်ကြတယ်။ ဒါပေမယ့် လူထုဆီက ကျပ် သိန်း ၇၀ဝ ဘဲ ကောက်ရသေးတယ်။ စီမံကိန်းမစရသေးဘဲ ရပ်ဆိုင်းလိုက်ပြီတဲ့။ ကောက်သွားတဲ့ငွေတွေ ဘယ် မှာလဲ ဘာ ဆက်လုပ်မလဲ မချပြဘူး။ လူထုကတော့ အဲ့ငွေတွေဟာ မယက ဥက္ကဌလက်ထဲမှာရှိတယ်လို့ ယုံ ကြည် နေကြတယ် ” ဟု မယကရုံးမှ ဝန်ထမ်းတဦးကပြောသည်။

မယကဥက္ကဌ ဦးအောင်မောင်း မှာ မကြာခင်ပြောင်းရွှေ့တော့မည်ဖြစ်ပြီး ရေအားလျှပ်စစ်အတွက် ကောက်ခံ ငွေမှာ ゞင်းလက်ထဲရှိသည်ဟု လူထုကယုံကြည်ကြောင်း၊ သို့သော် ယနေ့တိုင် အဆိုပါငွေများအား အခြားသော ကော်မ တီဝင် များထံ လွှဲပြောင်းအပ်နှံခြင်း ရှင်းလင်းပြသခြင်းမရှိသေးကြောင်း အဆိုပါ ဝန်ထမ်းကပြောသည်။ကျိုင်းတုံမြို့ ရပ်တော်မူဘုရားနှင့်နောင်တုံကန်“ အာဏာပိုင်တွေအကြောင်းပြချက်ကတော့ ပြည်ပအခြေစိုက် ဝက်ပ်ဆိုက်နဲ့ ရေဒီယိုသတင်းဌာနတွေက ဒီအကြောင်း သတင်းထုတ်လွှင့်လိုက်လို့ သူတို့စီမံကိန်း ရပ်လိုက်ရတာ ဖြစ်တယ်တဲ့” ဟု လည်း ပြောသည်။

ကျူဆွန်ရေတံခွန်မှ ရေအားလျှပ်စစ်ထုတ်လုပ်ရန်အတွက် အဆိုပါငွေကျပ်သိန်း ၇၀ဝ ကျော်အား နောင်မ ဘုန်းကြီး ကျောင်း ၃ လ လောင်းကစားဝိုင်းအခွန်မှလည်းကောင်း၊ မြို့ခံလူထုထံမှ တအိမ်လျင် ကျပ် ၂ သိန်း ကောက်ခံခြင်း ဖြင့် လည်းကောင်း၊ ကုမ္ပဏီကြီး ၁၆ ခုထံမှ ကုမ္ပဏီတခုကျပ် ၂၅ သိန်းကောက်ယူခြင်းဖြင့် လည်း ကောင်း ရရှိသည့်ငွေများ ဖြစ်သည်။“ဒီရေအားလျှပ်စစ်ထုတ်လုပ်ရေးအကြံအစည်က တိုင်းမှူး မင်းအောင်လှိုင်လက်ထက်ကတည်းကပြောလာတာ။ ဒီနှစ်မှ စတင်အကောင်အထည်ဖော်မှာ။ အခု ဒီတိုင်းမှူးသစ် သန်းထွန်းဦးလက်ထက်မှ အဲဒီကျူဆွန်ရေတံခွန်က ရေကို မသုံး တော့ဘူးတဲ့။

နမ့်ခင်ချောင်းရေကာတာဆောက်ပြီးရေအားလျှပ်စစ်ထုတ်မယ်တဲ့။ နမ့်ခင်ချောင်း ဖျားက လားဟူရွာ ၃ ရွာကို ပြောင်းထားခိုင်းတယ်လို့ ကြားရတယ်” ဟု လည်း ရပ်ရွာအကြီးအကဲတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြ သည်။နမ့်ခင်ချောင်းဖျားနေ ပန်ရှို့လားဟူရွာ ၃ ရွာအား ယခုအခါ ကိုယ်ဘာသာနေရာသစ်ရှာ ပြောင်းရွှေ့ခိုင်းပြီးနောက် ဆုံးရက်ကိုမူ မသတ်မှတ်ပေးသေးဟုလည်း ဆိုပါသည်။

“မြန်မာစစ်တပ်တွေမှာကျတော့ ရေလှောင်ကန်တွေ ကျကျနန ဆောက်ထားတာ။ ဆိုတော့ သူတို့လုပ်နေတာ လူထု အတွက်မှဟုတ်ပါ့မလား ဆိုပြီး ပြောနေကြတယ် ” ဟု လည်း ကျောင်းဆရာ တဦးကပြောသည်။ရေအားလျှပ်စစ်ထုတ်လုပ်မည့် ကျူဆွန်ရေတံခွန်မှာ ကျိုင်းတုံအနောက်မြောက်ဖက် ၁၂ မိုင်ခန့်အကွာတွင်တည် ရှိ သည်။


ရန်ကုန်မြို့လယ် ဈေးမရောင်းရ တားမြစ်ပြန်
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇွန်လ ၀၃ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၂၅ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ စည်ပင် နယ်နိမိတ်အတွင်း လမ်းဘေးဈေး မရောင်းရန် အကြိမ်ကြိမ် တားမြစ်ခဲ့သည်မှာ မအောင်မြင်ခဲ့ သော်လည်း ယခုတဖန် စည်ပင်ရဲများ ကိုယ်တိုင် သောကြာနေ့မှစ၍ ရန်ကုန်တိုင်းရှိ မြို့နယ် ၆ မြို့နယ်၌ လိုက်လံ တားလာပြန်သည်။

လသာ၊ ပုစွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်းနှင့် လမ်းမတော် မြို့နယ်များ၌ စည်ပင်ရဲများက အုပ်စုလိုက်ဖြင့် တဆိုင်ဝင် တဆိုင်ထွက် တားမြစ်ခြင်း ဖြစ်သည်။ ရာပေါင်းများစွာသော ဈေးသည်များ ထိခိုက်မှာ
ဖြစ်သည်။

ရန်ကုန်စည်ပင် ဥပဒေအရ ညနေ ၃ နာရီ နောက်ပိုင်း လမ်းဘေးဈေး ရောင်းခွင့် ပြုသော်လည်း ဇွန် ၃ ရက်နေ့ တားမြစ်ချက်မှာ မည်သည့် အချိန်မှ မရောင်းရန် ဖြစ်သည်။ မလိုက်နာလျှင် ပစ္စည်းသိမ်းမည့် အပြင် ထောင်ဒဏ် ၃ လအထိ အရေးယူနိုင်ကြောင်း စည်ပင် စီမံရေးရာ ဌာနမှ အရာထမ်း တဦးက ပြောသည်။

ပုံမှန်အားဖြင့် ရန်ကုန်မြို့လယ်ခေါင် လမ်းမများ၏ လူသွားလမ်းမများပေါ်တွင် လူကြပ်လေ့ရှိသော်လည်း ယနေ့တွင် ရှင်းလင်းနေသည်။

ကျောက်တံတားမြို့နယ် တခုထဲတွင်ပင် ဈေးသည် ၃၀၀ ကျော်ရှိပြီး ပျံကျဈေးသည်များက နေရာ သတ်မှတ်မှု ပေးရန် အာဏာပိုင်များထံ တောင်းဆိုရန် ပြင်ဆင်နေကြသည်။

‘‘မနက်ဖြန် စနေနေ့ မနက် ၆ နာရီမှာ ဈေးသည်တွေအားလုံး စုပြီး တခုခုကို တောင်းဆိုမှုတွေ လုပ်ကြမယ်။ ဘာတွေကို လုပ်ဖြစ်မယ် ဆိုတာတော့ မသိသေးဘူး’’ ဟု ဆိပ်ကမ်းသာလမ်း အပေါ်ဘလောက်တွင်
ရောင်းချနေသော ဈေးသည်တဦးက ပြောသည်။

ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း လက်ထက် ၂ဝ၁ဝ ဇူလိုင် ၂ ရက်နေ့တွင်လည်း မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူး ရုံးများမှ တဆင့်မော်တော်ယာဉ်များဖြင့် လှည့်လည်၍ လမ်းဘေးဈေး မရောင်းရန် ကြေညာခဲ့ပြီး၊ မလိုက်နာပါက ဖမ်းဆီးမည်ဟု ဆိုခဲ့သည်။ ထိုနှစ် အောက်တိုဘာတွင် မြို့တော်ဝန်ဟောင်း ကိုယ်တိုင် စည်းကမ်း မလိုက်နာသူများကို ဖမ်းဆီးမည် အထိ သတိပေးခဲ့သေးသည်။

၃၈ လမ်းထဲရှိ အမိုးများဖြင့် အခိုင်အမာ တည်ဆောက် ထားသည့် ဈေးဆိုင်များ ဖျက်ခိုင်းသည်များပင် ရှိခဲ့သည်။ သို့သော် ထို့ထက်ကျော်၍ စီမံချက်မှာ အကောင်အထည် မဖော်နိုင်ခဲ့ပေ။

စည်ပင်ကော်မတီ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးဌာနမှ ရဲအရာရှိတဦးကလည်း မြို့တော်ဝန်အသစ်
ရောက်လာပြီးနောက် လမ်းဘေး ပလက်ဖောင်းများနှင့် လမ်းဘေးဝဲယာများတွင် လူသွားလူလာများအတွက် အနှောင့်အယှက် ဖြစ်စေမည့် အရာများကို ဖယ်ရှားရန် ညွှန်ကြားထားသည်ဟု ဆိုသည်။

လမ်းဘေးဈေးသည်များမှာ စည်ပင်မှ နေ့စဉ်ကောက်သော ဈေးကောက်ကို ပေးသွင်းရသည်။

စည်ပင်သာယာစာရင်းအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေ ၅.၈ သန်းကျော် နေထိုင်လျက် ရှိသည်။

နျူကလီးယားကိစ္စ ရပ်ဆိုင်းထားဟု ဒုသမ္မတပြော
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇွန်လ ၀၃ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၃၆ မိနစ်

မဇ္ဈိမသတင်းဌာန ။ ။ နိုင်ငံတကာက သံသယ ဖြစ်လာမှာစိုးသဖြင့် နျူကလီးယား အစီအစဉ်ကို ရပ်ဆိုင်းထားကြောင်း မြန်မာအစိုးရ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးက အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကို ပြောဆိုခဲ့ကြောင်း သောကြာနေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြသည်။

မစ္စတာဂျွန်မက်ကိန်းနှင့် အဖွဲ့အား ကြာသပတေး နေ့ခင်းပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာတွင် သီဟသူရ ဦးတင်အောင်မြင့်ဦးက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

‘‘ရုရှားနိုင်ငံ၏ အကူအညီဖြင့် နျူကလီးယား သုတေသနလုပ်ငန်း ဆောင်ရွက်ရန် စီမံခဲ့ပါကြောင်း၊ ခေတ်နောက်ကျ မကျန်ရအောင် နျူကလီးယားနှင့် ပတ်သက်၍ အခြေခံသဘော နားလည်စေရန်နှင့် ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများတွင် ဆက်စပ် ဆောင်ရွက်ရန် ရည်ရွယ်ခဲ့ပါကြောင်း၊ နျူကလီးယား လက်နက် ထုတ်လုပ်ရန် စဉ်းစားနိုင်မှု မရှိခဲ့သည့်အပြင် စီးပွားရေး အခြေအနေအရလည်း စဉ်းစားနိုင်ရန် မရှိပါကြောင်း၊ သို့ရာတွင် နျူကလီးယားကိစ္စ အပေါ် နိုင်ငံတကာ အမြင်တွင် တမျိုးတမည် ဖြစ်လာသည့်အတွက် ယင်းအစီအစဉ်ကိုပင် ရပ်ဆိုင်းထားပြီး ဖြစ်ပါကြောင်း’’ ဟူသော ဒုသမ္မတ ပြောဆိုချက်ကို သတင်းစာက ရေးသားထားသည်။

ထို့အပြင် ကမ္ဘာ့မိသားစုဝင် နိုင်ငံတနိုင်ငံဖြစ်သည့် မြောက်ကိုရီးယားနှင့်လည်း ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံခဲ့ကြောင်း၊ သို့သော် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် အမှတ် ၁၇၁၈ နှင့် ၁၈၇၄ ပါ ပြဋ္ဌာန်းချက်များ ထုတ်ပြန်ပြီးနောက် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ပီသစွာ အဆိုပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်လျက် ရှိသည်ဟုလည်း ပါရှိသည်။

ဂျွန်မက်ကိန်းဘက်ကလည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကောင်စီ၏ စာရင်းအရ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ရှိသည်ဟု ကြားသိရကြောင်းနှင့် ယင်းကိစ္စနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီကို မြန်မာနိုင်ငံသို့ လာရောက်လေ့လာခွင့် ပြုစေလိုကြောင်း ပြောခဲ့သည်။

No comments: