Monday, November 22, 2010

အဖွဲ့ချုပ်က နအဖ စစ်အစိုးရကို တရားစွဲဆိုမှု ပယ်ချခံရ

“ပါတီ ဆက်လက်ရပ်တည်ခွင့်အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုဝင်ဘာ ၁၆ ရက်နေ့က ရန်ကုန်မြို့ ဗဟိုတရားရုံးချုပ်မှာ သွားရောက် ကျမ်းကျိန်ခဲ့ပါတယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို နအဖ စစ်အစိုးရက ဖျက်သိမ်းကြောင်း ကြေညာခဲ့တဲ့အပေါ် NLD က ပြန်လည် တရားစွဲခဲ့တာကို တရားရုံးချုပ်က အဲဒီအမှုကို ဒီနေ့ ပယ်ချလိုက်တယ်လို့ သိရပါတယ်။

နေပြည်တော်မှာရှိတဲ့ တရားရုံးချုပ်ကနေ ပယ်ချလိုက်တာလို့ စစ်အစိုးရ အရာရှိတဦးကို ကိုးကားပြီးတော့ AFP သတင်းမှာ ဖော်ပြပါတယ်။

NLD အဖွဲ့ဟာ နိုဝင်ဘာ ၇ ရွေးကောက်ပွဲမှာ မပါခဲ့သလို ပါတီဆက်ပြီးတော့ မှတ်ပုံမတင်တဲ့အတွက် စစ်အစိုးရရဲ့ ဥပဒေသစ်အရ ပါတီကိုဖျက်သိမ်းကြောင်း နအဖ စစ်အစိုးရ က ကြေညာခဲ့တာဖြစ်ပါတယ်။

Photo : AP


Sunday, November 21, 2010

သမီးတို့ကတော့ မလိုက်ပါဘူး၊ ဒီမှာပဲ နေမှာပဲ ... ဖမ်းရင်လည်း အဖမ်းခံမှာ …

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုဦးစီးအဖွဲ့ဝင် မဖြူဖြူသင်းစောင့်ရှောက် ထားတဲ့ HIV/AIDS ဝေဒနာသည်တွေဆီကို မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုခဲ့ပြီးတဲ့နောက်မှာ ဒဂုံတောင်ပိုင်းမြို့နယ် မဝတ က လူနာတွေကို ဧည့်စာရင်းတိုင်ကြားခွင့်မပြုဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒီနောက် လူနာတွေကို သာကေတဆေးရုံကိုပို့ဖို့လည်း ဆေးရုံက ဆက်သွယ် ပြောကြားခဲ့ပါတယ်။

ဧည့်စာရင်း တိုင်ကြားခွင့်မပြုတော့ဘူးလို့ အစိုးရက ဖိအားပေးခံနေရတဲ့ HIV ဝေဒနာသည်တွေထဲမှာ ၁၁ နှစ်သမီးအရွယ် အောင်လံက ကလေးမလေး တယောက်လည်း ပါဝင်ပါတယ်။ သူ့ရဲ့ သဘောထားကို မေးမြန်းကြည့်တော့ …

သမီး ရွှေ့ချင်စိတ်ရှိလား။

- မရှိပါဘူးရှင့်။

သမီးဘာလို့ မရွှေ့ချင်တာလဲဟင်၊ တခြားနေရာက အဆင်မပြေဘူး ထင်လို့လား။

- ဒီမှာလောက် မပျော်လို့ပါ။ ဒီမှာက စားရေးသောက်ရေးကော၊ အကုန်လုံး အဆင်ပြေပါတယ်။ အဲဒါကြောင့်မို့လို့ မပြောင်းချင်တာပါ။

ဒီနေရာမှာကျတော့ သမီးကို အဓိက ဘယ်သူကနေပြီးတော့ ဂရုစိုက်ပေးနေလဲ။

- အဘွားရှိပါတယ်၊ အဘွားနဲ့ အန်တီဖြူတို့က လာပြီးတော့ မုန့်ဖိုးတွေ ဘာတွေ ပေးပါတယ်၊ ကျန်တဲ့လူနာတွေ အားလုံးကလည်း ဂရုစိုက်ပါတယ်။

အဘွားဆိုတာက ဘယ်သူလဲဟင် သမီး။

- သမီးရဲ့အဘွားပါ၊ သမီးအမေရဲ့ အမေပါ။

သမီး ဒီနေရာကိုရောက်တာ ကြာပြီလားဟင်။

- မကြာသေးပါဘူး။ ခု ၁၅ ရက်လောက် ပဲရှိသေးတယ်။

သမီးတို့ကို တကယ်လို့များ အာဏာပိုင်တွေကနေပြီးတော့ အတင်းရွှေ့မယ်ဆိုတာမျိုး အဲဒီလိုမျိုးလုပ်လို့ရှိရင် သမီး ဘယ်လိုလုပ်မလဲ။

- အဲဒီလိုမျိုးဆိုရင်တော့ သမီးတို့ကတော့ မလိုက်ပါဘူး၊ ဒီမှာပဲနေမှာပဲ ဖမ်းရင်လည်း အဖမ်းခံမှာ။

ဒါကတော့ အောင်လံက ဝေဒနာရှင် ကလေးငယ် ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၂၁ ရက်နေ့ ဘီဘီစီ (မြန်မာပိုင်းအစီအစဉ်) မှ ကောက်နုတ် ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့က HIV/AIDS ဝေဒနာသည်တွေကို သွားရောက်အားပေးခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့ကိုထောက်ခံသူများရဲ့ပုံရိပ်တချို့။




Photos : Getty Images, AP, Reuters


ရာခိုင်နှုန်း ၈၀ နီးပါးနဲ့ အနိုင်ရပါတယ် ... (ကာတွန်းစောငို)

တန်ဆောင်တိုင် ပွဲတော်

ပြီးခဲ့တဲ့ စနေနေ့ည တန်ဆောင်တိုင်ပွဲတော်နေ့ ရွှေတိဂုံဘုရားပေါ်မှ မြင်ကွင်းတချို့ (Photo : AP)


ဘယ်သူ နိုင်ငံရေးသမားလဲ

နိုင်ငံရေးမလုပ်တဲ့သဘော မဟုတ်ဘူး

ဒီလို မယူဆတာက နိုင်ငံရေးကို စိတ်မဝင်စားလို့ မဟုတ်ဘူး။ မနှစ်သက်လို့လည်း မဟုတ်ဘူး။ နိုင်ငံရေးနဲ့ လုံးဝ ကင်းကင်းရှင်းရှင်း နေလို့လည်း မဟုတ်ဘူး။ သတင်းစာ အလုပ် လုပ်ရင်းနဲ့ နိုင်ငံရေး သတင်းတွေရေးသလို သုံးသပ် ဝေဖန်ချက်၊ ထင်မြင် ယူဆချက်တွေလည်း ရေးခဲ့တယ်။ နိုင်ငံရေးသမားမျိုးစုံနဲ့လည်း ထိတွေ့ ဆက်ဆံခဲ့တယ်။ နိုင်ငံရေး ပါတီတခုထဲ ပါဝင်ပြီး အချိန်ပြည့် နိုင်ငံရေးလုပ်သူ မဟုတ်တာကြောင့် နိုင်ငံရေးသမား မဟုတ်ဘူးလို့ ယူဆထားတာ ဖြစ်တယ်။ လုံးဝ နိုင်ငံရေး မလုပ်ဘူးဆိုတဲ့သဘော မဟုတ်ပါဘူး။

လှေခါးထမ်း ကော်ပုံးဆွဲ

တကယ်ကတော့ အရွယ်မရောက်မီကတည်းက နိုင်ငံရေး လုပ်ခဲ့တာပါ။ ကောလိပ်ရောက်တော့ အသက် ၁၆ နှစ် ပြည့်ခါစပဲ ရှိပါသေးတယ်။ မဲပေးနိုင်တဲ့အရွယ် မရောက်သေးပါဘူး။ အဲဒီခေတ်က အစဉ်အလာတိုင်း ကောလိပ်ရောက်တာနဲ့ တပ်ဦး အဖွဲ့ဝင် တန်းဖြစ်သွားပြီး လှေခါးထမ်း ကော်ပုံးဆွဲ အလုပ်တွေ လုပ်ခဲ့ပါတယ်။ သတင်းစာတိုက်ရောက်တော့လည်း တကသ ရွေးကောက်ပွဲ သတင်းတွေ ရေးလိုက်၊ ဖဆပလ၊ ပမညတ ဌာနချုပ်တွေသွားလိုက်နဲ့ နိုင်ငံရေးကိစ္စတွေနဲ့ ထွေးလုံး ရစ်ပတ် ဖြစ်နေခဲ့ရတယ်။ ကျောင်းနေဖက်တွေ ပမညတထဲ ရောက်သူရောက်၊ ဖဆပလထဲ ရောက်သူရောက်၊ ဗကပဖြစ်သူဖြစ်၊ အလံနီဖြစ်သူဖြစ် နောက်ဆုံး မဆလဖြစ်သူတွေ ဖြစ်သွားခဲ့ကြပေမယ့် ကိုယ်တိုင်ကတော့ ဘယ်ထဲမှ ရောက်မသွားခဲ့ဘူး။ စာနယ်ဇင်းလောကထဲမှာပဲ ရှိနေခဲ့တယ်။

နိုင်ငံဝန် ထမ်းတာချင်းအတူတူ


ပါတီဆိုင်းဘုတ်တခုအောက် ရောက်သွားပြီး အချိန်ပြည့် နိုင်ငံရေးသမား မဖြစ်ပေမယ့် ကိုယ့်ဟာကိုယ်တော့ နိုင်ငံရေး လုပ်နေတယ်လို့ပဲ ခံယူထားတယ်။ စာနယ်ဇင်း လုပ်ငန်းဆိုတာ၊ နိုင်ငံရဲ့လေးခုမြောက်မဏ္ဍိုင် မဟုတ်လား။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုတဲ့ တခြားမဏ္ဍိုင်များနည်းတူ နိုင်ငံ့ဝန်ကို အတူတကွ ထမ်းဆောင်နေရတာပဲ ဖြစ်တယ်။ အဲဒါကြောင့် စာနယ်ဇင်းသမားဆိုတာလည်း အစိုးရအဖွဲ့ထဲက ဝန်ကြီး ဝန်ကလေးတွေလို၊ တရားလွှတ်တော်ချုပ်က တရားသူကြီးတွေလို၊ လွှတ်တော်ထဲက အမတ်တွေလို နိုင်ငံရေး လုပ်နေကြသူတွေပဲလို့ ယူဆတယ်။ ခေတ်အဆက်ဆက်မှာ နိုင်ငံရေးသမားတွေ ထောင်ထဲရောက်ကြသလို၊ စာနယ်ဇင်းသမားတွေလည်း ထောင်ထဲရောက်ကြရတာပါပဲ။

ကိုယ်ပိုင်ယုံကြည်ချက်ဖြင့် အလုပ် လုပ်တတ်စေချင်

အချိန်အခါ တခုက ကျောင်းဆရာ အလုပ်ကို နှစ်ပေါင်း နှစ်ဆယ်လောက် လုပ်ခဲ့ဖူးပါတယ်။ ဒီကျောင်းဆရာ အလုပ် လုပ်တာလည်း နိုင်ငံရေးလုပ်တယ်လို့ သဘောထားပြီး လုပ်ခဲ့တာဖြစ်ပါတယ်။ လူငယ်တွေကို ထမင်းစား ရေသောက် အင်္ဂလိပ်စကား တတ်ရုံလောက် သင်ပေးတာမဟုတ်ဘဲ မျက်စိပွင့် နားပွင့်ပြီး အရာရာကို ကိုယ်ပိုင် ဦးနှောက်နဲ့ ခွဲခြမ်း စိတ်ဖြာဝေဖန် သုံးသပ်တတ်အောင် ကူညီပေးတာ ဖြစ်တယ်။

ဖော်ဂွတ်သွားသူတွေ


အဲဒီခေတ် အင်္ဂလိပ် စကားပြော သင်တန်းလာတက်လာသူ အများစုက နိုင်ငံရပ်ခြား တိုင်းပြည် အသီးသီးကို အပြီးတိုင် ပြောင်းရွှေ့နေထိုင်ဖို့ (Far good) သွားရောက်ကြမယ့်သူတွေ များတယ်။ အခုခေတ်လို ကျောင်းတက်ဖို့၊ အလုပ်လုပ်ဖို့ ပတ်စပို့ ထုတ်ပေးလေ့ မရှိပါဘူး။ အဲဒီလို အပြီးအပိုင်သွားကြမယ့်သူတွေကို မြန်မာနိုင်ငံရဲ့ ချစ်စရာကောင်းတဲ့အချက်တွေ အသေးစိတ်ပြောပြပြီး "Home Sweet Home" ကိုယ့်အိမ်ကိုယ့်ယာထက် ကောင်းတဲ့နေရာ၊ ဘယ်မှာမှမရှိဆိုတဲ့ကဗျာကို တသုတ်ပြီး တသုတ် အဆက်မပြတ် သင်ကြားပေးခဲ့တယ်။ သူတို့ နိုင်ငံခြားထွက်တဲ့အခါမှာလည်း "Home Sweet Home" ဆိုတဲ့ ကောက်ရိုး ပန်းချီကားကို လက်ဆောင်ပေးလေ့ရှိတယ်။ တချို့တပည့်တွေရဲ့အိမ်မှာ အခုချိန်ထိ အဲဒီ ပန်းချီကားလေးတွေ ချိတ်ဆွဲထားကြတာကို သူတို့က ဂုဏ်ယူစွာနဲ့ ဓာတ်ပုံ ရိုက်ပို့ကြတယ်။ အဝေးရောက်နေကြပေမယ့် မြန်မာပြည်ကို မမေ့ကြသေးပါလားဆိုပြီး ကြည်နူးပီတိ ဖြစ်ရတယ်။

နိုင်ငံရေးသမားဆိုတာ


နိုင်ငံရေးလုပ်တယ်ဆိုတာ နိုင်ငံရေးပါတီဝင်မှ ရွေးကောက်ပွဲဝင်ပြီး အမတ်လုပ်မှ မဟုတ်ပါဘူး။ အများအကျိုးဆောင်ချင်တဲ့ ပရဟိတစိတ် ရှိသူမှန်သမျှ ဘယ်နေရာ ရောက်ရောက်၊ ဘာအလုပ် လုပ်လုပ် နိုင်ငံရေးလုပ်လို့ ရပါတယ်။ စကားလုံး ကြီးကြီးကျယ်ကျယ်တွေ ပြောဖို့ မလိုပါဘူး။ လူနားလည်ရခက်တဲ့ ဝေါဟာရတွေ မသုံးဘဲနဲ့ နိုင်ငံအတွက်တို့၊ ပြည်သူအတွက်တို့ ဆိုတဲ့ စကားမျိုးတွေ မပြောဘဲနဲ့ အများအတွက် အလုပ်လုပ်တဲ့သူမျိုးကိုမှ နိုင်ငံရေးသမားကောင်းလို့ ခေါ်နိုင်တာ ဖြစ်တယ်။ သူတော်စင် သူတော်ကောင်း ကျွတ်တမ်းဝင်ပုဂ္ဂိုလ်မြတ်များဟာ ကိုယ့်ကိုယ်ကိုယ် ရဟန္တာပဲလို့ ဘယ်တော့မှ ထုတ်ဖော်ပြောကြားလေ့ မရှိပါဘူး။ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် ဆိုတဲ့စကား အရှိသားမဟုတ်လား။

ညံ့တဲ့စာရေးဆရာ

စာတွေ ပေတွေရေးတဲ့အခါမှာလည်း အချစ်ဆိုတာ ဒါမျိုးပါ။ ကျွန်တော်ဆိုလိုတဲ့ အချစ်ဆိုတာက ဒီလိုဟာမျိုး ဖြစ်ပါတယ်လို့ စာရေးဆရာက ရေးပြနေရင်၊ အဲဒီ စာရေးဆရာဟာ တော်တော်ညံ့တဲ့ စာရေးဆရာ ဖြစ်တယ်။ ကျွမ်းကျင်တဲ့ စာရေးဆရာဆိုရင် အချစ်ဆိုတဲ့ စကားလုံးတလုံးမှ မသုံးဘဲနဲ့ အချစ်အကြောင်း ပြောပြနိုင်ရမယ်။ ရှေးအခါက ဇာတ်သဘင် ပညာရှင်ကြီးများဟာ ခုခေတ်လို ပစ္စည်းကိရိယာတွေရဲ့ အကူအညီ မပါဘဲနဲ့ အဆိုအပြော အမူအရာတွေနဲ့တင် ဇာတ်ရုပ်မျိုးစုံကို ပီပြင်အောင် သရုပ်ဆောင် သွားနိုင်ကြတယ်။ ဇောတိက သူဌေးကြီးအဖြစ် သရုပ်ဆောင်ရတဲ့အခါမှာလည်း ဇာတ်သေတ္တာကြီးပေါ် ထိုင်ရင်းနဲ့ ပွဲကြည့် ပရိသတ်က သူဌေးကြီးအဖြစ် မြင်သွားအောင် သရုပ်ဖော်နိုင်ကြတယ်။ ခုခေတ်လို မော်တော်ကားကြီးတွေ၊ မော်တော်ဆိုင်ကယ်ကြီးတွေ ဇာတ်ခုံမှာတင်ပြီးပြစရာ မလိုပါဘူး။

စံပြုအပ်တဲ့ ပန်းသာမစာအု

ဆင်းရဲသား ကာကဝလိယ အဖြစ် သရုပ်ဆောင်တဲ့အခါမှာလည်း တောင်ရှည်ပုဆိုးနဲ့ ဖဲအင်္ကျီလက်တို ဝတ်ပြီး အဆိုအပြောနဲ့ ဆင်းရဲသားသဏ္ဍာန်ထွက်အောင် သရုပ်ဆောင်သွားကြတယ်။ ခုခေတ်လို သရုပ်မှန်ဖြစ်ဖို့ ဆိုပြီး နံငယ်ပိုင်းနဲ့ စုတ်ပြတ် ဖာထေးထားတဲ့ အင်္ကျီဝတ်ပြီး သရုပ်ဆောင်ပြတာမျိုး မလုပ်ပါဘူး။ ခုခေတ်က ဝတ်တာ စားတာသာ ဆင်းရဲသားနဲ့ တူတာ၊ ပြောပုံဆိုပုံနဲ့ မျက်နှာပေးကတော့ ဆင်းရဲသား သရုပ်နည်းနည်းမှ မပေါ်ပါဘူး။ မှန်တာ ပြောရရင် ဒီခေတ်မှာ ဇာတ်ကောင်စရိုက် ပီပြင်အောင် ရေးနိုင်တဲ့ စာရေးဆရာ မရှိသလောက် ရှားတယ်လို့တောင် ဆိုနိုင်တယ်။ ရှေးက ဆရာသခင်ဘသောင်းရဲ့ ‘ပန်းသာမစာအု’ ဝတ္ထုကြီးဟာ နိုင်ငံခြားဝတ္ထုကို ဆီလျော်အောင် မြန်မာပြန်ထားတဲ့ဝတ္ထု ဖြစ်တယ်။ ဒါပေမယ့် ဇာတ်ကောင်စရိုက်တွေ ပီပြင်လွန်းလို့ ဖတ်သူတိုင်းက မြန်မာဝတ္ထုလို့ပဲ မှတ်ထင်ခဲ့ကြရတယ်။

ကြယ်နီ၊ အောင်စိုးတို့စာတွေ

အလားတူပဲ ကြယ်နီရဲ့ တံငါဝတ္ထုတွေထဲက ကိုဒေါင်းစိန် ဆိုရင်လည်း တကယ့်ကို တံငါလိုတွေး၊ တံငါလို ပြောပြီး၊ တံငါလိုပဲ ပြုမူတာကြောင့် ဒီနေ့အထိ တံငါဝတ္ထုတွေထဲမှာ တံခွန်စိုက်နေနိုင်ခဲ့တယ်။ အညာသား စာရေးဆရာ အောင်စိုးရဲ့ ညောင်ဦးနယ် တက်မရွာက အဘဖိုးစံရုံနဲ့ ရွာသူရွာသားတွေရဲ့ကုန်းခေါင်ခေါင် အညာဒေသက တောသူတောင်သားတွေရဲ့ စရိုက်တွေဟာလည်း ပီပြင်လွန်းတာကြောင့် ရှုမဝ ခေတ်အခါက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲလို့ဆိုကြရတဲ့ တင့်တယ်တို့ ဝတ္ထုတွေနဲ့အပြိုင် စာဖတ်ပရိသတ်က စွဲမက်ခဲ့ကြရတယ်။

ဇာတ်ကောင်နဲ့ စရိုက်တခြားစီ

ခုခေတ် ဝတ္ထုတွေ ဖတ်ကြည့်လိုက်ရင်တော့ ဖတ်ပြီးစိတ်ပျက်ရတာပဲ များတယ်။ ကိုဒေါင်းစိန်တို့၊ ဖိုးစံရုံတို့လို ရင်ထဲမှ စွဲနေရစ်တာမျိုး မတွေ့ရဘူး။ ကျေးလက်က ဆင်းရဲသား လယ်သမား၊ ဒါမှမဟုတ် လယ်သူမလေးအကြောင်း ရေးတော့ရေးတာပဲ။ ဒါပေမယ့် ဇာတ်ကောင်နာမည်က စပြီး ကျေးလက် မဆန်တော့ဘူး။ မြို့က တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေလို နာမည်ဆန်းဆန်းတွေဖြစ်ပြီး ပြောကြတဲ့စကားတွေကလည်း ကဗျာဆန်ဆန်နဲ့ ရုပ်ရှင်ထဲက စကားတွေလိုဖြစ်နေတော့ ဇာတ်ကောင်နဲ့ စရိုက်က ဘာမှကို မဆိုင်တော့ဘူး။ အဲဒီတော့ ဘယ်လိုလုပ်ပြီး ရင်ထဲ စွဲတော့မှာလဲ။ နောက်ပြီး ပိုဆိုးတာက အချစ် အချစ် ဆိုတဲ့ စကားလုံးတွေ ဘုံးဘောလအော ပါနေပေမယ့် တကယ့် အချစ်ဆိုတာ မတွေ့ရခြင်း ဖြစ်တယ်။ စကားအနေနဲ့သာ အချစ် အချစ်နဲ့ ဇာတ်ကောင်တွေက ပြောနေကြတာ၊ စာရေးဆရာ ကိုယ်တိုင် အချစ်ဆိုတာ ဘာမှန်းသိပုံမရဘူး။

ဘယ်သူ နိုင်ငံရေးသမား စစ်စစ်လဲ

စာရေးဆရာက သူတို့သိပ်ဆင်းရဲကြပါတယ်လို့ တခွန်းမှဝင်မပြောဘဲနဲ့ ဆင်းရဲခြင်းအကြောင်းပေါ်အောင် ရေးနိုင်မှ အချစ်ဆိုတဲ့စကားလုံး တလုံးမှမပါဘဲနဲ့ အချစ်အကြောင်း ပေါ်အောင်ဖွဲ့နိုင်မှ စာရေးကောင်းလို့ သတ်မှတ်ပါတယ်။ အလားတူပါပဲ နိုင်ငံရေးလုပ်တဲ့နေရာမှာလည်း နိုင်ငံရေးစကားတွေ တခွန်းမှမပြောဘဲနဲ့ နိုင်ငံရေးလုပ်တတ်ဖို့ လိုပါတယ်။ အခု ခေတ်မှာ နိုင်ငံရေးသမားနာမည်ခံပြီး နိုင်ငံရေးမလုပ်ဘဲ ကိုယ့်အရေးကိုသာလုပ်တဲ့သူမျိုးရှိသလို နိုင်ငံရေးသမား နာမည်မခံပေမယ့် ကိုယ့်အရေးကို လစ်လျူရှုပြီး လူအများအရေး၊ နိုင်ငံအရေးကို လုပ်တဲ့သူမျိုးတွေလည်း ရှိပါတယ်။ ဘယ်သူဟာ နိုင်ငံရေးသမားစစ်စစ်လဲဆိုတာ ဘေးက အကဲခတ်ကြည့်လိုက်ရင် သိသာပါတယ်။

လူထုစိန်ဝင်း

ပေဖူးလွှာ မဂ္ဂဇင်း၊ အောက်တိုဘာလ ၂၀၁၀ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။


Saturday, November 20, 2010

ဒုတိယပင်လုံညီလာခံ ခေါ်ယူကျင်းပရေး ဒေါ်စု ကို တာဝန်လွှဲအပ်

ရန်ကုန်မြို့က ဝါရင့် နိုင်ငံရေးသမားကြီး သခင်သိန်းဖေရဲ့နေအိမ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့တဲ့ သက်ကြီး ဝါကြီး မျိုးချစ်ပုဂ္ဂိုလ်တွေကို ကန်တော့တဲ့ပွဲမှာ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးတာဝန်ကို မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေက ဒေါ်စုကို တာဝန် လွှဲအပ်လိုက်ပါတယ်။

ဇိုမီးအမျိုးသား ခေါင်းဆောင်ဖြစ်တဲ့ ဦးပူကျင်ရှင်းထန်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်စုရဲ့လက်ကို အမျိုးသားပြန်လည်သင့်မြတ်ရေး လိုလားတဲ့ ဒီမိုကရေစီအင်အားစုများ စုပေါင်း လက်မှတ်ရေးထိုးထားတဲ့ အဲဒီ မူရင်း ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူကျင်းပရေး ဆုံးဖြတ်ချက်ကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့က ကလေးမြို့မှာ ကျင်းပတဲ့ ဇိုမီးအမျိုးသားများ ကွန်ဂရက် တည်ထောင်တာ ၂၂ နှစ်ပြည့် အခမ်းအနားမှာ ကရင်၊ ချင်း၊ မွန်၊ ရှမ်း စတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဝါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ စုပေါင်းပြီး ဆုံးဖြတ်လက်မှတ်ရေးထိုး ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုဦးတည်တဲ့ တွေ့ဆုံဆွေးနွေးရေးကို ဆောင်ရွက်ဖို့နဲ့ ဒီမိုကရေစီရေးနဲ့ လူမျိုးတိုင်း တန်းတူညီမျှရေးကို အခြေခံမယ့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ဒုတိယ ပင်လုံညီလာခံ ကျင်းပရေး ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

Photos : Getty Images, AP


ဘွိုင်းကောက် ၂၀၁၀ (အတွဲ ၁၊ အမှတ် ၈)

Boycott 2010 Final)

ဘာလုပ်နေလဲ! လေ့ကျင့်နေတယ် … (ကာတွန်း စောငို)

နိုင်ငံရေးကို ပြက်ရယ်မပြုပါနဲ့ (လူထု စိန်ဝင်း)

သမိုင်းဆိုတာ လူမျိုးတမျိုး၊ နိုင်ငံတနိုင်ငံရဲ့ အသက်ဝိဉာဉ်ဖြစ်တယ်။ အသက်ကို စောင့်ရှောက်သလို၊ ဂရုတစိုက်နဲ့ ထိန်းသိမ်းစောင့်ရှောက်ရတယ်။ အရိပ်တကြည့်ကြည့်နဲ့ တန်ဖိုးထား အလေးအမြတ်ပြုရတယ်။

အရှိကို အရှိအတိုင်းကြည့်

သမိုင်းကို မေ့မပစ်ရ၊ ဖျောက်မပစ်ရသလို ဖျက်လည်း မပစ်ရဘူး။ ကိုယ်ကြိုက်သလို ပြုပြင်တာလည်း မလုပ်ရဘူး။ အရှိကိုအရှိအတိုင်း တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်ရတယ်။ သမိုင်းကို ပြန်လည်လေ့လာသုံးသပ်တဲ့အခါမှာ သူ့ခေတ် သူ့အခါက အခြေအနေအတိုင်း သုံးသပ်ရတယ်။ ကိုယ့်ခေတ် ကိုယ့်အခါကအမြင်နဲ့ သမိုင်းကိုဆုံးဖြတ်ရင် အမှန်ကို မရနိုင်ဘူး။ သမိုင်းကို ကိုယ့်အတ္တနောမတိနဲ့ မကြည့်ရပါဘူး။

ဆိုရှယ်လစ်စကား လူတိုင်းပြောနေတဲ့အချိန်က သမိုင်းဝတ္ထုရေးဆရာများက ရှေးဘုရင်များရဲ့ပါးစပ်က လုပ်သားပြည်သူတို့၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးတို့ ဆိုတဲ့စကားတွေ တွင်တွင်ကြီး ပြောခိုင်းကြတာတွေ ဖတ်ခဲ့ရတယ်။ ပုဂံခေတ် ပဒေသရာဇ်ရှင်ဘုရင်တပါးရဲ့ အမြင်တွေက နှစ်ဆယ်ရာစု လူမှုတော်လှန်ရေးသမားတယောက်ရဲ့ အမြင်တွေဖြစ်ပြီး၊ ရှင်ဘုရင့်ပါးစပ်က ဆိုရှယ်လစ်စကားတွေ ထွက်နေတော့ ဖတ်ရတာ ပေါ့ပျက်ပျက်ဖြစ်ပြီး ဝတ္ထုအနေနဲ့လည်းမကောင်း၊ သမိုင်းအနေနဲ့လည်း အသုံးမကျဖြစ်သွားတော့တယ်။

အကွဲတွေ မီးမောင်းထိုးပြ

အသုံးမကျရုံဆို တော်သေးတယ်။ တချို့က မြန်မာ့သမိုင်းကို နောင်လာနောက်သားတွေ အထင်သေး အမြင်သေးဖြစ်ပြီး ယုံတမ်းစကားတွေအဖြစ် ပြက်ရယ်ပြုအောင် တမင်လုပ်သလို ဖြစ်နေတယ်။ အခုခေတ်မှာလည်း သမိုင်းကို ပြန်လည် ဖော်ထုတ်နေကြတယ်။ ရည်ရွယ်ချက်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ တင်ပြကြတယ်။

အများအားဖြင့် စစ်မဖြစ်မီနဲ့ စစ်ပြီးခေတ် မြန်မာ့နိုင်ငံရေးအကြောင်းတွေကို ဖော်ပြကြတယ်။ အဲဒီလိုဖော်ပြရာမှာ ကောင်းတဲ့အပိုင်းကို မဖော်ပြကြဘဲ မကောင်းတဲ့ အပိုင်းကိုချည့် ဆွဲထုတ်ဖော်ပြနေကြတယ်။ ဖက်ဆစ်ဆန့်ကျင်ရေး၊ နိုင်ငံလွတ်လပ်ရေး ဆောင်ရွက်ချက်တွေကိုတော့ ချန်ထားပြီး၊ ဖဆပလနဲ့ ကွန်မြူနစ် အကွဲ၊ ကွန်မြူနစ်ပါတီ အကွဲ၊ တည်မြဲသန့်ရှင်း အကွဲ၊ ဦး ဗိုလ် သခင် အကွဲ စတဲ့ အကွဲအပြဲတွေကိုချည့် မီးမောင်းထိုးပြနေတယ်။

မြန်မာမျိုးချစ်ကြီးများရဲ့ ဝံသာနု

ဖဆပလ မတိုင်မီ ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေခေတ်တွေ အကြောင်းဖော်ပြတော့လည်း ရှေးမြန်မာ မျိုးချစ်ကြီးများရဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် ဆောင်ရွက်ခဲ့ကြတဲ့ ဝံသာနုရက္ခိတ စိတ်ဓာတ်များကို လျစ်လျူရှုထားပြီး၊ အကွဲအပြဲတွေအကြောင်းချည့် တူးဆွရှာဖွေ ဖော်ထုတ်နေကြတယ်။

သင်ခန်းစာထုတ်ယူဖို့ဆိုပြီး သုံးသပ်ပြသူများကလည်း၊ သုံးသပ်တဲ့ခေတ်ရဲ့ အခြေအနေကို ထည့်မစဉ်းစားဘဲ အခု ၂၁ ရာစုအမြင်နဲ့ ရှုမြင်သုံးသပ်တာမျိုးပဲ လုပ်လေ့ရှိကြတယ်။ ဘာကြောင့် ကွဲတာ ပြဲတာတွေကိုချည့် မီးမောင်းထိုးပြနေကြတာလဲလို့မေးတော့ အကွဲအပြဲတွေကြောင့် တိုင်းပြည် ဘယ်လောက် ဒုက္ခရောက်ခဲ့ရတယ် ဆိုတာ သင်ခန်းစာယူကြစေချင်လို့၊ ညီညွတ်စေချင်လို့ဆိုတဲ့ အဖြေပဲ ခပ်လွယ်လွယ်ပေးကြတယ်။

ခုတ်ရာတခြား ရှရာတခြား

ဒီလိုဖော်ပြချက်တွေက လက်တွေ့မှာ ခုတ်ရာတခြား ရှရာတခြား ဖြစ်သွားတယ်ဆိုတာတော့ သူတို့ သတိမထားမိကြဘူး။ သူတို့ဖော်ထုတ်တာတွေကိုဖတ်ပြီး စာဖတ်သူများရဲ့အမြင်မှာ နိုင်ငံရေးသမားမှန်သမျှ ဘယ်သူမှ မကောင်းဘူး၊ နိုင်ငံရေးဆိုတာလည်း ကလိမ်ကကျစ် လုပ်နေကြတာပဲ။ အချင်းချင်း အာဏာလုပြီး ခွက်စောင်းခုတ်နေကြတာပဲဆိုတဲ့ အမြင်တွေပဲ ပေါ်ထွက်လာစေတယ်။

ဒီနေ့ဂျာနယ်တွေမှာ ဖော်ပြနေတဲ့ သမိုင်းကြောင်းစာတွေ၊ ကာတွန်းတွေကိုကြည့်ပြီး၊ ကလေးတွေကတောင် နိုင်ငံရေးသမားတွေကို ရယ်သွမ်းသွေးကြ၊ ပြက်ရယ်ပြုကြ လုပ်တာတွေ့ရတယ်။ ရင်နာစရာ သိပ်ကောင်းတယ်။ မြန်မာလူမျိုးမှန်သမျှ ဦးညွတ်အလေးပြုကြတဲ့ ‘ရဲဘော်သုံးကျိပ်’ ဆိုတာ အားလုံး နိုင်ငံရေးသမား သခင်တွေဘဝက ဗိုလ်ဖြစ်လာကြတယ်ဆိုတာ ကလေးတွေ မသိနိုင်ကြတော့ဘူး။ နိုင်ငံရေးသမားတွေ ဘယ်သူမှ မကောင်းဘူးဆိုတဲ့ စကားကို ဟိုးတချိန်တုန်းက ဂိုဏ်းအုပ်စုတခုက လူပုဂ္ဂိုလ်တချို့နဲ့ စာရေးဆရာတချို့က ရည်ရွယ်ချက်ရှိရှိနဲ့ တမင်တကာ ကြွေးကြော်လွှင့်ထုတ်ခဲ့ကြတာ ဖြစ်တယ်။

မတူညီမှုများဖြင့် ပေါင်းစည်းမှု

ညီညွတ်ကြစေချင်လို့ဆိုတဲ့ စကားကလည်း မစဉ်းစားဘဲ ခပ်ပေါ့ပေါ့ပြောရင် အဓိပ္ပာယ်ကောက်လွဲပြီး တလွဲဆံပင်ကောင်း ဖြစ်သွားစေနိုင်တာကြောင့် သတိထားပြောသင့်တယ်။ သဘာဝတရားကြီးကိုက လူ့လောကကို အသွင်သဏ္ဍာန်အမျိုးမျိုး ကွဲပြားခြားနားမှုတွေနဲ့ ဖန်တီးပေးထားတာ ဖြစ်တယ်။ မတူညီမှုများ၏ ပေါင်းစည်းမှုကို အခြေခံထားတာဖြစ်တယ်။

ဒါကြောင့်လည်း လူ့လောကဟာ ဖွံ့ဖြိုးတိုးတက်ပြီး အရောင်စုံ အသွေးစုံတွေနဲ့ လှပသာယာတဲ့ နေရာကြီး ဖြစ်နေတာပါ။ တရောင်တည်းခြယ်တဲ့ လောကကြီးဆိုရင် ဘယ်ဒီလိုသာယာလှပနေတော့မှာလဲ။ ကွဲပြားခြားနားခြင်းဆိုတာ သဘာဝဖြစ်လို့ မလိုလားအပ်တဲ့အရာ မဟုတ်ဘူး။ ကြောက်စရာမဟုတ်သလို စက်ဆုပ်စရာလည်းမဟုတ်ဘူး။ ကွဲပြားခြားနားခြင်းကြောင့် တိုက်ခိုက်ကြတာမဟုတ်ဘူး။ ‘မတူညီမှုများ၏ ပေါင်းစည်းမှု’ သဘောကို လူတွေက နားမလည် သဘောမပေါက်လို့ တိုက်ကြ ခိုက်ကြတာ ဖြစ်တယ်။

ရန်ဖြစ်တာ မပြည့်ဝလို့

အယူအဆမတူတာ သဘောထား ကွဲပြားခြားနားတယ်ဆိုတာ သဘာဝပဲ။ အယူအဆမတူလို့ ရန်ဖြစ်တယ်ဆိုတာက မပြည့်ဝတဲ့သဘော၊ မရင့်ကျက်တဲ့ သဘောဖြစ်တယ်။ လူတိုင်း ကိုယ်ယုံချင်တာ လွတ်လပ်စွာ ယုံခွင့်ရှိတယ်။ အခိုင်အမာ ကိုင်စွဲထားခွင့်ရှိတယ်ဆိုတာကို နားလည်သဘောပေါက်ပြီး မငြိုမငြင် လက်ခံနိုင်ခြင်းဟာ စိတ်ယဉ်ကျေးမှု အထက်တန်းကျသူများရဲ့ အခြေခံလူ့ကျင့်ဝတ်တခု ဖြစ်တယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရလည်း ဖြစ်တယ်။

ရေကိုတားလို့ အကြားမထင်ဆိုတဲ့ ညီညွတ်ရေးမျိုးဟာ စကားအဖြစ်သာ ပြောလို့တင့်တယ်တာ။ တကယ် လက်တွေ့တော့ မရှိနိုင်ဘူး။ တသွေး တသံ တမိန့် ဆိုတဲ့ ညီညွတ်ရေးစကားမျိုးနဲ့ တသားတည်း ညီညွတ်ရေးဆိုတဲ့ စကားမျိုးဟာ၊ အဓိပ္ပာယ်ကောက် အယူလွဲရင် တလွဲဆံပင်ကောင်းဖြစ်ပြီး အကြွင်းမဲ့အာဏာရှင်စနစ်ကို ဦးတည်ရောက်ရှိသွားစေနိုင်တယ်။ သတိထား သုံးသင့်တယ်။

အစွဲတွေ ချွတ်ပစ်ရမယ်

လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေဟာ နှစ် ၅၀ နီးပါး တပါတီ၊ တဖွဲ့တစည်းရဲ့ အုပ်ချုပ်မှုကနေ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဆီ ကူးပြောင်းဖို့တာစူနေတဲ့ အချိန်ကာလ ဖြစ်တယ်။ ဒီအချိန် ဒီကာလမှ လူတိုင်းရဲ့ခေါင်းထဲမှာ ရိုက်သွင်းခံထားရတဲ့ (brain washed လုပ်ခံထားရတဲ့) နိုင်ငံရေးဆိုတာ ကိုယ်နဲ့မဆိုင်ဘူး၊ အုပ်ချုပ်သူ လူတစုနဲ့ပဲ ဆိုင်တယ်၊ ဝင်မစွက်နဲ့ ဝင်မပါနဲ့၊ ကြောက်စရာ ကောင်းတယ်၊ စက်ဆုပ်စရာ ကောင်းတယ်၊ နိုင်ငံရေးသမားဆိုရင် ဘယ်သူမှ မကောင်းဘူးဆိုတဲ့ အစွဲအယူအဆတွေကို ချေးချွတ်ပစ်ဖို့ အများကြီး ကြိုးစားကြရမယ်။

တိုင်းသူပြည်သားအားလုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် အားတက်သရော တက်တက်ကြွကြွ ပါဝင်မလာသရွေ့ ဘယ်လိုဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှ မအောင်မြင်နိုင်ဘူး။

ကျေးဇူးမမေ့သင့်

ဒီလိုအခြေအနေမှာ သမိုင်းဖြစ်စဉ်တွေထဲက မကောင်းတဲ့ အစိတ်အပိုင်းတွေကို ဆွဲထုတ်ပြီး မီးမောင်းထိုးတင် ပြနေကြတာမျိုးတွေကို ဆင်ခြင်သင့်ကြတယ်လို့ သဘောရပါတယ်။ ရှေးက နိုင်ငံရေးသမားကြီးတွေနဲ့ နိုင်ငံရေး ပါတီကြီးတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် လွတ်လပ်တဲ့ မြန်မာနိုင်ငံရယ်လို့ ဖြစ်တည်လာရတာကို ကျေးဇူးမကန်းသင့်ဘူး။

နှစ်ပေါင်းတရာကျော် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများအတွင်း၊ ဖက်ဆစ်ဆန့်ကျင်ရေး တိုက်ပွဲများအတွင်း၊ အသက်စွန့်ခဲ့ကြရတဲ့ မျိုးချစ် အာဇာနည်သူရဲကောင်းများရဲ့ ကျေးဇူးကိုလည်း မမေ့သင့်ကြပါဘူး။

အောက်တိုဘာလ ၁၀ ရက်၊ ၂၀၁၀ ပြည့်နှစ်။