Saturday, April 10, 2010

ကျောင်းသား ထောင် တော်လှန်ရေးသမား (၄၄)

ကျနော်တို့ ၂ ယောက် လမ်းလျှောက်နေတာပဲ။ တနေကုန် လမ်းပဲ လျှောက်နေတာပဲ။ ဦးတင်ညွန့်က နဂိုကတည်းက လမ်းလျှောက်တာ ဝါသနာပါတယ်။ သူ အဖမ်းမခံရခင် ရန်ကုန်မှာနေတုန်းကလည်း လမ်းလျှောက် ဝါသနာပါတယ်။ ကျွန်းပေါ်ရောက်တော့လည်း လမ်းလျှောက်နေတာပဲ။ သူက အရပ်ပုတယ်။ ဒါပေမယ့် လမ်းလျှောက်ရင် သုတ်သုတ် သုတ်သုတ်နဲ့ လျှောက်တယ်။ ကျနော်တို့ ၂ ယောက် နေ့တိုင်းပဲ တိုက်ခန်းထဲ လမ်းအတူလျှောက်ရင်း စကားတွေပြောကြတယ်။ အများအားဖြင့်တော့ ကျနော်က နားထောင်သူ။ သူ့ဆီက သိချင်စရာတွေ အများကြီး။

ဒီလိုနဲ့ တနေ့မှာ လမ်းလျှောက်ရင်း ပါးစပ်ထဲမှာပေါ်လာတဲ့ အင်တာနေရှင်နယ်သီချင်းကို ဆိုမိတယ်။ ဘာရည်ရွယ်ချက်မှရှိလို့ မဟုတ်ဘူး။ တိုးတိုးလေးဆိုတာတော့ မဟုတ်ဘူး။ အသံတော့ထွက်တာပေါ့။ အသံ နည်းနည်းကျယ်တာပေါ့။ ကျနော်ဆိုတော့ ဦးတင်ညွန့်လည်း လိုက်ဆိုတယ်။ သူလည်း သီချင်းဆိုကောင်းတယ်။ ဘာမှလည်း မစဉ်းစားမိဘဲနဲ့ လှမ်းလျှောက်ရင်း ဆိုနေတယ်။

အဲဒီမှာ ဗြုန်းဆို ဝါဒါ ၃/၄ ယောက် ပေါက်ချလာတယ်။ ဒီကောင်တွေက ဘာမပြော ညာမပြောနဲ့ သံတံခါးဖွင့်ပြီး ကျနော့်ကို ဝိုင်းရိုက်ကြ၊ ကန်ကြတာ။ ဦးတင်ညွန့်ကိုတော့ လူကြီးမို့ထင်ပါရဲ့။ ဘာမှမလုပ်ဘူး။ ဒီအချိန်မှာ ဦးလေး ဦးတင်ညွန့်က …

“ဟာ … မလုပ်ကြပါနဲ့ဗျာ”

ဆိုပြီးတော့ ကျနော့်ကို သူ့ကိုယ်လုံးနဲ့ ဝင်ပြီးကာပေးရှာတယ်။ ဒါလည်း ကျနော် တသက်လုံး မမေ့နိုင်တဲ့ ခံစားချက်တရပ်ပဲ။ ထောင်အာဏာပိုင်တွေက ကျနော့်ကို ဝိုင်းရိုက်နေတယ်။ ကျနော်တို့ရဲ့ရဲဘော်က သူ့ကိုယ်လုံးလေးနဲ့ ဝင်ပြီးကာပေးတယ်။ ဘယ်တော့မှ မမေ့နိုင်တဲ့ကိစ္စပဲ။

တကယ်တော့ ကျနော့်ကို ဖမ်းပြီးထောင်ထဲက ထုတ်စစ်တဲ့အခါမှာ(ဖမ်းကာစကပေါ့လေ) ကျနော့်ကို ကျုံးအနောက်ဘက်က MI ရုံးမှာ တညလုံး ရိုက်တယ်။ ဒါကိုရှေ့မှာ ကျနော် မပြောခဲ့ဘူး။ ကိုယ့်အကြောင်းမို့လို့ သိပ်မပြောချင်တာ။ ခုမှ ကျနော်ပြောတဲ့အကြောင်းက ကျနော့်အတွေးအခေါ်ကို ပုံသွန်းလောင်းပေးသလိုဖြစ်တဲ့ ဒီကိစ္စတွေကို တဆက်တည်း သိစေချင်လို့ပဲ။ လူတယောက်အနေနဲ့ တော်လှန်ရေးသမားတယောက် ဖြစ်လာတယ်ဆိုတာဟာ သာမန်စာအုပ်ဖတ်ပြီး ဖြစ်လာတာတင်မကဘူး။ နာစရာ ကျည်းစရာတွေ အများကြီး ဖြစ်လာတဲ့အခါမှာ ပိုပြီးတော့ စွဲမြဲတယ်ဆိုတာ ကျနော် ပြောပြချင်လို့ပါ။

အဲဒီလိုနဲ့ တနေ့လည်းကျတော့ ထောင်အာဏာပိုင်တွေက ဦးတင်ညွန့်ကို လာခေါ်သွားတယ်။ စောင်အုပ်ပြီး ခေါ်သွားတာ။ ဘာမှလည်း မပြောဘူး။ သူ့ပစ္စည်းတွေ ဘာတွေလည်း ယူမသွားဘူး။ ကျနော်တယောက်တည်းပဲ ကျန်နေခဲ့တာ။ သူ့ကို လွှတ်လိုက်တာလား။ အခန်းပြောင်းလိုက်တာလား။ ဘာလုပ်တာလဲ စဉ်းစားနေတယ်။ ပစ္စည်းတွေ ဘာတွေလည်း မယူခိုင်းတော့ လွှတ်တာတို့၊ အခန်းပြောင်းတာတို့ ဟုတ်ချင်မှဟုတ်မယ်လို့လည်း စဉ်းစားနေတယ်။ ဒါပေမယ့် အဲဒီ အချိန်မှာ လူတချို့ကို လွှတ်နေပြီ။ လွှတ်တဲ့အထဲမှာ ကျွန်းပြန်တွေလည်း ပါနေတယ်။

ကျနော်တို့နေတဲ့တိုက်ရဲ့ နောက်ကျောမှာ ‘ရင်ကွဲတိုက်’ လို့ခေါ်တဲ့ ၆ တိုက် ရှိတယ်။ အဲဒီမှာက သာမန် အကျဉ်းသမားတွေကို ထားတာ။ (အဲဒီအချိန်တုန်းကပေါ့လေ။) ညဘက်ဆိုလို့ရှိရင် အဲဒီဘက်က သတင်းစာ ဖတ်သံတွေကို ကြားရတယ်။ တခါတလေပေါ့လေ။ ကြားရတဲ့အချိန်မှာ သတင်းစာထဲမှာပါတဲ့ ထောင်ကလွှတ်တဲ့ သတင်းတွေကို အကျယ်ကြီး အော်ဖတ် ပြတာ ကြားရတယ်။ ဒါ တမင် ကျနော်တို့ ကြားအောင် လုပ်နေတယ်လို့ ထင်တယ်။ ကျနော်တို့ကို စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေတာပဲ။ “ဘယ်သူတွေတော့ လွတ်ပြီ၊ ဘယ်သူတွေတော့ လွတ်ပြီ” ဆိုတာကို တမင်ဖတ်ပြနေတာ။

အဲဒီလိုနဲ့ ကျနော် ဦးတင်ညွန့်ရဲ့ ကံကြမ္မာကို တွေးနေတုန်း ၂ နာရီလောက်ကြာတဲ့အခါကျတော့ သူ့ကို ပြန်ခေါ်လာတယ်။ စောင်အုပ်ပြီး ပြန်ခေါ်လာတာ။ အခန်းထဲသွင်းပြီး စောင်အုပ်ကို ဖယ်၊ တံခါးကို ဂျိမ်းခနဲ ပိတ်၊ ဝါဒါတွေ ပြန်သွားတော့ သူက တံတွေးကိုမြိုချပြီး ...

“အမယ်လေး … ကိုဖိုးသံရေ”

လို့ စပြောတယ်။ ဟာ … သူတော့ ဘာပြောမလို့လဲ၊ ကျနော်က သူ့မျက်နှာကိုကြည့်ရင်း မှန်းကြည့်နေတယ်။ သူက အင်မတန်ကို ထူးဆန်းတာတခုကို တွေ့ခဲ့တဲ့ပုံပဲ။

“ဟာ … ဘယ်လိုမှကို မထင်တဲ့ကိစ္စမျိုးဗျို့”

လို့ ပြောတာပဲ။ ဖြစ်ပုံကဒီလို … သူ့ကို ပဲခူးရိုးမက လက်နက်ချလာတဲ့၊ ထောက်လှမ်းရေးနဲ့ အတူတွဲလုပ်နေတဲ့ ဦးမြ၊ ရဲဘော်တင်ရှိန်၊ ရဲဘော်ဘခက်ဆိုတဲ့ လူတွေနဲ့ ထောက်လှမ်းရေးက တွေ့ပေးတာ။ ထောက်လှမ်းရေးက ဗိုလ်မှူးတယောက်ဆိုတာလည်း ပါတယ်။ သူတို့ သိဖူးတဲ့သူတွေ အချင်းချင်းမို့လို့ နားချတဲ့သဘောပေါ့လေ။ ဗကပ အကြောင်း၊ သူတို့ကိုယ်တွေ့ဆိုတဲ့အကြောင်း မကောင်းတာတွေ လျှောက်ပြောတာပဲ။

ပြီးတော့ ဦးတင်ညွန့်ရဲ့တုန့်ပြန်မှုတွေကို အဲဒီထောက်လှမ်းရေး ဗိုလ်မှူးက စောင့်ကြည့်အကဲခတ်၊ သူတို့ချင်း ပြန်ညှိကြတဲ့ပုံစံပဲ။ ဦးတင်ညွန့်အပြောအရဆိုရင် တခြားသူတွေကို ခေါ်တွေ့ဦးမယ့်သဘောရှိတယ်။ တချို့ကိုလည်း ခေါ်တွေ့ ပြီးပြီ။ ထပ်လည်း တွေ့ဦးမယ်။ နောက်ပြီး ကျနော့်ကိုလည်း ခေါ်တွေ့မယ်ထင်တယ်လို့ သူက ကျနော့်ကို ပြောတယ်။

ဆက်လက်ဖော်ပြပါမယ်။

Friday, April 9, 2010

ရွေးကောက်ပွဲဥပဒေများ သုံးသပ်ချက်

“ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဥပဒေအမှတ် ၁/၂၀၁၀ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေကိုလည်းကောင်း၊ ဥပဒေအမှတ် ၂/၂၀၁၀ ကို …… ”

ကာလတော်တော်ကြာကတည်းက လူတွေသိချင်ကြားချင်နေကြတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ နောက်ဆုံးတော့ ထွက်လာခဲ့ပါပြီ။ မပေါ်လာ မပေါ်လာနဲ့ အတော်ကြာအောင် စောင့်ဆိုင်းခဲ့ကြပေမယ့် တကယ်တမ်းထွက်ပေါ်လာပြန်တော့လည်း ငြင်းကြ၊ ခုန်ကြနဲ့ တော်တော်ပွဲဆူလှတဲ့ ဥပဒေတွေပါ။ ဝေဖန်ကြ၊ ဆွေးနွေးကြ၊ အငြင်းပွားကြတဲ့အထဲမှာ အငြင်းအပွားဆုံးဥပဒေကတော့ ပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ ဖြစ်ပါတယ်။

အဲဒီဥပဒေထဲက အရေးပါဆုံး အချက်တချက်နဲ့ပဲ ကျနော်တို့ စပြီးတော့ ဆွေးနွေးကြရအောင်ပါ။ ပါတီတည်ထောင်လိုသူတွေဟာ ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမယ့်အကြောင်း ခံဝန်လက်မှတ်ရေးထိုးရမယ်လို့ ဆိုထားပါတယ်။ ပုဒ်မ ၆ (ဂ) မှာပါ။ ဒီဥပဒေပြဌာန်းချက်ရဲ့ အနက်အဓိပ္ပာယ်ဟာ ဘယ်လောက်တောင် ကျယ်ဝန်းနက်ရှိုင်းပါသလဲ၊ ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်းကတော့ အခုလိုမြင်ပါတယ်။

“ရွေးကောက်ပွဲဝင်ချင်တဲ့ပါတီ၊ ရွေးကောက်ပွဲဝင်ချင်တဲ့ပုဂ္ဂိုလ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို သစ္စာစောင့်သိ ရိုသေရမယ်ဆိုတဲ့ ခံဝန်ချက်ထိုးခိုင်းတာကတော့ သိပ်မဆန်းပါဘူး။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေအရပေါ်ပေါက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ထုတ်ပြန်ထားတာကိုး။ အဲတော့ ဒီဥပဒေတွေကို နောက်မှ ပြင်မယ်၊ ပြုမယ်။ လွှတ်တော်ထဲရောက်မှ ပြင်မယ်၊ ပြုမယ်။ တဖြည်းဖြည်းချင်း ပြင်မယ်ပြောတဲ့ဟာတွေဟာ စိတ်ကူးယဉ်သက်သက်တွေပဲဖြစ်တယ်ဗျ”

အခုထုတ်ပြန်လိုက်တဲ့ ဥပဒေတွေအရ ၂၀၀၈ ခုအခြေခံဥပဒေကို လက်မခံလို့ရှိရင် ပါတီအသစ်ထောင်လို့ မရနိုင်သလို ပါတီအဟောင်းကိုလည်း ပြန်ပြီးမှတ်ပုံတင်လို့ မရနိုင်ပါဘူး။ ဒါ့အပြင်မှာ သာမန် ပါတီဝင်တွေဟာလည်း ၂၀၀၈ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်မယ့်သူတွေဖြစ်ဖို့ လိုအပ်ပါတယ်။ ပါတီဝင်တွေဟာ ၂၀၀၈ ခု အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမယ်ဆိုတဲ့အချက် ပါဝင်တဲ့ ပုဒ်မ ၆ နဲ့ မညီညွတ်လို့ရှိရင် သူတို့ကို ပါတီကနေ ထုတ်ပယ်ပစ်ရမယ်လို့တောင်မှ ဥပဒေက ထပ်ပြီးတော့ ပြဌာန်းထားပါတယ်။ အဲဒီလိုမထုတ်ပယ်ခဲ့လို့ရှိရင် မထုတ်ပယ်တဲ့ ပါတီကိုလည်း ဖျက်သိမ်းပစ်မယ်လို့လည်း ထပ်ပြီးတော့ ပြဌာန်းထားပါသေးတယ်။

ဒီတော့ အခုလာမယ့်ရွေးကောက်ပွဲဟာ ၂၀၀၈ ခု အခြေခံဥပဒေကို လက်မခံတဲ့သူတွေ ပါလို့မရအောင် ဥပဒေတွေနဲ့ ပုံဖော်ဒီဇိုင်းလုပ်ထားတဲ့ ရွေးကောက်ပွဲဆိုလို့ရှိရင် မှားမယ်မထင်ပါဘူး။ တကယ်တော့လည်း ဒီနေ့ခေတ်မှာ အခြေခံဥပဒေပြဿနာဟာ နိုင်ငံရေးပြဿနာတွေရဲ့ အဓိက သော့ချက်ပြဿနာ ဆိုလို့ရှိရင်လည်း မှားမယ်မထင်ပါဘူး။

ဒီတော့ ၂၀၀၈ ခု အခြေခံဥပဒေကို ဒီမိုကရေစီ လိုလားသူတွေအနေနဲ့ ဘာကြောင့် လက်မခံနိုင်ရတာလဲဆိုတာလေးကို နည်းနည်း ကျနော်တို့ပြန်ကြည့်ကြရအောင်ပါ။ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီရဲ့ အဖွဲ့ဝင်တယောက်ဖြစ်သလို ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် UNLD ရဲ့ သဘာပတိအဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးထောင်ကိုထန်းကို မေးကြည့်ထားပါတယ်။

“အဓိက လက်မခံနိုင်တဲ့အချက်ကတော့ တပ်မတော်က ၂၅ % ယူရမယ်ဆိုတဲ့အချက်ပဲ။ အဲဒီ တပ်မတော်က ၂၅ % ဟာ အထက်လွှတ်တော်မှာရော၊ အောက်လွှတ်တော်မှာရော။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာရော ၂၅ % ပါဝင် လာတယ်။ ပါဝင်လာတာတောင်မှ ဖွဲ့စည်းပုံထဲမှာက ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်ရမယ်ဆိုတဲ့ မူကိုချတဲ့အခါကျတော့ ပါလီမန်မှာလည်း အထက်လွှတ်တော်၊ အောက်လွှတ်တော် အကြီးအကဲတွေက တပ်မတော်အကြီးအကဲတွေပဲဖြစ်မယ့် အနေအထားရှိတယ်လေ။ နောက်တခု တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်ဆိုတဲ့ဟာတွေမှာလည်း တပ်မတော်ကပဲ ဦးဆောင်မယ့်အနေအထားရှိတဲ့အခါကျတော့ အဲဒီအချက်လည်း ကျနော်တို့ လက်မခံနိုင်ဘူး”

ပါတီများမှတ်ပုံတင်ခြင်း ဥပဒေထဲမှာပဲ နောက်ထပ်အငြင်းပွားကျဆုံး အချက်တချက်ကိုလည်း ကျနော်တို့ ဆက်ပြီးတော့ လေ့လာကြည့်ကြရအောင်ပါ။ ထောင်ကျနေသူတွေကို ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ်နဲ့ ပါဝင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။ ထောင်ကျနေသူကို ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ်နဲ့ အရွေးခံခွင့် မရှိတာကတော့ တကယ်တော့လည်း အခြားနိုင်ငံတွေရဲ့ ရွေးကောက်ပွဲ ဥပဒေတွေမှာလည်း မြင်တွေ့ရလေ့ရှိတဲ့ အချက်တချက်ပါ။ ဒါပေမယ့် လူငယ်ရှေ့နေ ကိုဖိုးဖြူကတော့ အခြားနိုင်ငံတွေနဲ့ မတူညီဘူးလို့ အခုလို ဆိုပါတယ်။

“ထောင်ကျနေသူတွေဟာ ကိုယ်စားလှယ် အရည်အချင်း ပျက်ယွင်းစေပါတယ်လို့ ပြဌာန်းချက်ချင်းတူညီမယ် ဆိုရင်တောင်မှပဲ ကျင့်သုံးပုံချင်း ခြားနားပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံမှာကတော့ ကုန်ဈေးနှုန်းတက်လို့ တက်တယ်။ လောင်စာဆီဈေးနှုန်းတက်လို့ တက်တယ်ဆိုတာတောင် အစိုးရကို အကြည်အညိုပျက်စေပါတယ် စွဲလား စွဲရက်တယ်။ ခွပ်ဒေါင်းကဗျာကို ရေးမိရုံတမယ်တဲ့တင်နဲ့လည်း အစိုးရကို အသရေဖျက်တာပါဆိုပြီး စွဲရက်တယ်။ ဒါကြောင့်မို့လို့ ထောင်ကျသူဟာ ကိုယ်စားလှယ်အရည်အချင်း ပျက်ယွင်းစေနိုင်တယ်ဆိုတဲ့ ပြဌာန်းချက်ခြင်း တူမယ်ဆိုရင်တောင်မှပဲ ကျင့်သုံးပုံခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ပုံစံတွေဟာ မတူပါဘူး”

ထောင်ကျနေသူတွေကို ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခွင့်မရှိတာထက် နိုင်ငံရေးပါတီရဲ့ ခေါင်းဆောင်ဖြစ်ခွင့်မရှိတာ၊ သာမန်ပါတီဝင်အဖြစ်တောင်မှ ဖြစ်ခွင့်မပေးတဲ့အချက်ကတော့ ပိုပြီးတော့ အငြင်းပွားကြတဲ့အချက်ပါ။

ဒါ့အပြင် ဒီဥပဒေမှာ အကျဉ်းကျသူဟုဆိုရာမှာ အယူခံလျှောက်ထားနေသူတွေလည်း အကျုံးဝင်တယ် ဆိုပြီးတော့ ထည့်သွင်းရေးသား ထားပါတယ်။ အဲဒီလို ရေးသားထားတဲ့အတွက် အယူခံလျှောက်ထားနေသူဆိုတဲ့ အချက်ကို အခုလို သေသေချာချာ ထည့်သွင်းထားတဲ့အတွက် ဒီဥပဒေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ရေးသားပြီးတော့ ကန့်သတ်ထားတာပဲလို့ ပြည်တွင်းပြည်ပက ဝေဖန်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဥပဒေစာသားတချို့ဟာ တစုံတဦးအတွက် ရည်ရွယ် ရေးသားထားတယ်လို့ ယူဆစရာဖြစ်နေတဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခွင့်ရခဲ့သူ ရှေ့နေဦးဉာဏ်ဝင်းက အခုလိုပြောပါတယ်။

“ဥပဒေကတဲ့ ပုဂ္ဂိုလ်တဦးတယောက်အတွက် ရည်ညွန်းပြီးတော့ရေးတယ်လို့ ထင်မြင်စရာ ပေါ်ပေါက်နေတယ် တဲ့။ အဲဒီလို ထင်မြင်စရာပေါ်ပေါက်နေတာကိုက လုံးဝ မဖြစ်သင့်ဘူးတဲ့။ ဥပဒေဆိုတာ အများပြည်သူ အကျိုးကျေးဇူးအတွက်ပဲ ဖြစ်ရမယ်။ ပုဂ္ဂိုလ်တဦးတယောက်အတွက် ရည်ညွှန်းရေးသားတယ်လို့ ယူဆနိုင်တဲ့ဥပဒေရေးဆွဲတာ အလွန်ရှက်စရာကောင်းပါတယ်လို့ ပြောပါတယ်”

ဒီ ဥပဒေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ရေးသားထားတာ ဟုတ်မဟုတ်ဆိုတာကိုတော့ အတိအကျပြောဖို့ ခက်ပါလိမ့်မယ်။ ဒါပေမယ့် မပြေးသော် ကန်ရာရှိဆိုသလို အခုအချိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှု အယူခံဝင်နေတဲ့ အချိန်ဖြစ်လေတော့ သူ့ကိုရည်ရွယ်ရေးသားတယ်လို့ စွပ်စွဲပြောဆိုမှုတွေကတော့ ထွက်ပေါ်လာခဲ့ပါတယ်။

တကယ်တမ်း ဒီဥပဒေရဲ့အကျိုးသက်ရောက်မှုကို ခံစားကြရတာကတော့ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းမဟုတ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တပါတီတည်းလည်း မဟုတ်ပါဘူး။ ပါတီဝင်တွေ၊ ပါတီခေါင်းဆောင်တွေ ထောင်ကျခံနေကြရတဲ့ ပါတီအားလုံးဟာ ဒီဥပဒေကြောင့် ထိခိုက်နစ်နာကြရမှာ ဖြစ်ပါတယ်။

ဥပမာ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဆိုလို့ရှိရင် ပါတီရဲ့ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးဟာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရသလို ပါတီရဲ့အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ဟာလည်း ထောင်ဒဏ်နှစ်ရှည် ကျခံနေရပါတယ်။ အခုဥပဒေအရပြောမယ်ဆိုလို့ရှိရင် ဒီလိုထောင်ဒဏ်ကျခံနေရသူတွေကို ပါတီကနေ ထုတ်ပယ်ပစ်ရပါမယ်၊ မထုတ်ပယ်လို့ရှိရင် ပါတီကို အဖျက်သိမ်းခံရမှာပါ။ SNLD အနေနဲ့ သူတို့ပါတီ မှတ်ပုံမတင်နိုင်တဲ့ အဓိကအကြောင်းဟာ ဒီအကြောင်းပဲလို့ဆိုလို့ရှိရင်လည်း မှားမယ်မထင်ပါဘူး။

ဆက်လက်ဖော်ပြပါမယ်။

Thursday, April 8, 2010

မြေဇာပင်နိုင်ငံများ

“ဘာကြောင့်သမိုင်းသင်မှာလဲ”လို့ စာရေးဆရာ မောင်သာရမေးတော့ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းက “မအအောင်” လို့ ဖြေတာကို မှတ်သားဖူးပါတယ်။ ၂ဝ၁ဝ ခုနှစ်ဟာ မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးတဲ့ အလှည့်အပြောင်းနှစ်ပါ လို့ လူတိုင်းက ပြောနေကြတယ်။

ဒီလိုကာလမျိုးမှာ သမိုင်းအချက်အလက် အဖြစ်အပျက်တွေထဲက သင်ခန်းစာရယူနိုင်ပြီး လက်ရှိအခြေအနေမှာ ဘာလုပ်သင့်တယ်ဆိုတာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ပါမှ ပြည်သူလူထုရဲ့ အနာဂတ်ဘဝဟာ သာယာလှပနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ စစ်အေးခေတ် ပုံရိပ်အချို့ကို မိတ်ဆက်ပေးချင်ပါတယ်။

တကယ်လို့များ ‘မျိုးဖြုတ်သုတ်သင်ချေမှုန်းခံရတဲ့ လူမျိုးအခြေပြ နိုင်ငံတကာအညွှန်းကိန်း’ သာရှိမယ်ဆိုရင် လာအိုက မှုန်း(Hmong)လူမျိုးတွေဟာ ရှေ့ဆုံးက တန်းစီဇယားမှာ ဖော်ပြခြင်းခံရမှာပါ။

တရုတ်ပြည်မှာ မူလအခြေချခဲ့ပြီး ယဉ်ကျေးမှုသက်တမ်း နှစ် ၄ဝဝဝ လောက်ရှိခဲ့တဲ့လူမျိုးဖြစ်ပေမယ့် ရာစုနှစ်များစွာ ကြာညောင်းခဲ့တဲ့ စစ်ပွဲတွေ၊ သတ်ဖြတ် ချေမှုန်းမှုတွေကြောင့် မှုန်း(Hmong)တွေဟာ ဝေးကွာလှတဲ့ တောင်တန်းဒေသတွေကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။ သူတို့ နယ်မြေတွေကိုသိမ်းယူပြီး သူတို့ကို လက်အောက်ခံတွေအဖြစ် သွတ်သွင်းတဲ့ တရုတ်တို့ရဲ့အဆက်မပြတ် ကျူးကျော်တိုက်ခိုက်မှုတွေကို တွန်းလှန်ရင်းနဲ့ မှုန်း(Hmong)တွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲတွေကို ရင်ဆိုင်ခဲ့ရတယ်။

တရုတ်တွေဟာ မှုန်း(Hmong)တွေရဲ့ တိုင်းရင်းသား ဘာသာစာပေတွေ အသုံးပြုတာကို သေဒဏ်ပေးနိုင်တဲ့ အပြစ်လို့ သတ်မှတ်ခဲ့ကြတယ်။ သူတို့ကို အုပ်စုငယ်လေးတွေအဖြစ် ခွဲပစ်လိုက်ပြီး သူတို့ကို တံဆိပ်ခပ်ထားနိုင်ဖို့ သတ်မှတ်ထားတဲ့ အဝတ်အစားကိုပဲ ဝတ်ရမယ်လို့ အဓမ္မပြုလုပ်ခဲ့ကြတယ်။ ၁၈ ရာစုနှစ်မှာ မန်ချူးဘုရင်တပါး က မှုန်း(Hmong)ခုခံစစ်ကို ချေမှုန်းနိုင်ဖို့ မျိုးဖြုတ်သုတ်သင်ရေးစစ်ပွဲကို ဆင်နွှဲခဲ့တယ်။

၁၈ ရာစုမှာ တရုတ်တို့ရဲ့သုတ်သင်ချေမှုန်းမှုက လွတ်မြောက်စေဖို့ရာ ယနေ့ ဗီယက်နမ်၊ လာအို၊ မြန်မာနဲ့ ထိုင်း နိုင်ငံလို့ခေါ်နေတဲ့ ဒေသများရှိရာ တောင်ဘက်ပိုင်းကို ထွက်ခွာလာကြရတယ်။ လွတ်လပ်လိုစိတ် အရှိန်ငြီးငြီးတောက်လောင်နေတဲ့ (Hmong)မှုန်းတွေဟာ ဗဟိုအစိုးရတွေရဲ့ ထိန်းကွပ်မှုအောက်က ကင်းလွတ်ပြီး ကြမ်းတမ်းခက်ထန်တဲ့ တောင်တန်းဒေသတွေပေါ်မှာပဲ အထီးကျန် မှုန်းလူ့အဖွဲ့အစည်းတွေကို တည်ထောင်ခဲ့ကြတာပါ။

၁၈ဝဝ ကျော်ခုနှစ်များရဲ့နှောင်းပိုင်းနှစ်တွေမှာ အင်ဒိုချိုင်းနားကို ပြင်သစ်တွေရောက်လာတယ်။ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားတို့မှာ ကိုလိုနီစနစ် ထူထောင်လိုက်တယ်။ မှုန်း(Hmong)တွေက နယ်ချဲ့ပြင်သစ်တွေကို ရှေးဦး တော်လှန်သူတွေထဲမှာ ရှေ့ဆုံးကပါခဲ့တာပေါ့။

ကယ်တင်ရှင်အဖြစ် မှော်အတတ်ပညာတွေကို တတ်ကျွမ်းတယ်လို့ မှုန်း(Hmong)လူထုက ယုံကြည် ကိုးစားခံရတဲ့ Pa Chny ဆိုသူက လေး၊ မြား၊ ကျောက်မီးသေနတ်နဲ့ အိမ်လုပ်သေနတ်တွေသုံးပြီး ကျူးကျော်သူတွေကို တော်လှန်ခဲ့တဲ့ သည် ၄ နှစ်ကြာ တော်လှန်စစ်ဟာ ဗီယက်နမ်နဲ့ လာအိုအထိ ပြန့်နှံ့သွားခဲ့ပါတယ်။

၁၉၁၂ ခုနှစ်မှာ ပြင်သစ်တို့က နောက်ဆုံးအောင်ပွဲရလိုက်ပေမယ့် သည်စစ်ပွဲကို စံပြုလောက်တဲ့ ပြောက်ကျားစစ်ပွဲအဖြစ် အသိအမှတ်ပြုရပါတယ်။ နောက်တကြိမ် ဒေသတွင်းမှာ စစ်ပွဲဖြစ်လာတော့ (Hmong)တွေကို ချက်ချင်းစုစည်းပြီး သူတို့ဘက်က ပါဝင်တိုက်ခိုက်ဖို့ စီစဉ်ရတဲ့အထိ ပြင်သစ်တွေက မှုန်း(Hmong)တွေရဲ့ စစ်သွေးစစ်ရည်အပေါ် အထင်ကြီးလေးစားခဲ့ရတာပါ။

ဒုတိယကမ္ဘာစစ်ရဲ့နောက်ပိုင်း ပြင်သစ်နဲ့မဟာမိတ်တပ်ဖွဲ့တွေက ဂျပန်လက်က အင်ဒိုချိုင်းနားကို ပြန်သိမ်းဖို့ စစ်ဆင်ရေးတွေစလာတဲ့အခါမှာ ပြင်သစ်ကွန်မန်ဒိုတပ်ဖွဲ့တွေက လာအိုကုန်းပြင်မြင့်မှာနေနေတဲ့ (Hmong)မှုန်းတွေကို သူတို့ စစ်တပ်ထဲမှာ သွတ်သွင်းပါတော့တယ်။ လမ်းပြတွေ၊ သတင်းပေးသူတွေ၊ စကားပြန်တွေ၊ အထမ်းသမားတွေ၊ ပြောက်ကျား တပ်ဖွဲ့ဝင်တွေအနေနဲ့ စုစည်းခဲ့တာပါ။

နောက်ဆုံးပေါ်လက်နက်တွေ၊ ခေတ်မီနည်းပညာတွေနဲ့အတူ (Hmong)မှုန်းတွေဟာ ကျောက်ခေတ် အခြေအနေကနေ ပိုမိုခက်ထန်ကြမ်းတမ်းတဲ့ ကမ္ဘာလုံးဆိုင်ရာစစ်ပွဲနဲ့ မဟာအင်အားကြီးနိုင်ငံတို့ရဲ့ နိုင်ငံရေး တိုက်ပွဲအဆင့်ထဲကို ဆွဲသွင်းခြင်းခံလိုက်ရပါတော့တယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ဘဲ ၂ဝ ရာစုခုနှစ် စစ်ပွဲရဲ့ မဟာဗျူဟာမြောက် အရေးပါဆုံးဒေသတွေထဲက ဒေသတခုမှာနေထိုင်ခဲ့ကြရတာမို့ ဒီကနေ့မှာ အဲဒီအကျိုးဆက်များကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဂျပန်ဆန့်ကျင်ရေးစစ်ပွဲတွေမှာ ထူးထူးခြားခြား အောင်မြင်ခဲ့တာကြောင့် ၁၉၄၆ ခုနှစ်ကနေ ၁၉၅၄ ခုနှစ်အထိ ဗီယက်နမ်ကွန်မြူနစ်တွေကို တိုက်ခိုက်ခဲ့တဲ့ ၇ နှစ်ကြာစစ်ပွဲများမှာ (Hmong)မှုန်းတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ရပြန်ပါတယ်။ ဗီယက်နမ်ကွန်မြူနစ်တွေက လာအိုမြောက်ပိုင်းကို ရယူဖို့ကြိုးစားလာတော့ ပြင်သစ်တွေက (Hmong) မှုန်းပျောက်ကြားစစ်တပ်ရဲ့ အမာခံကြောရိုးကို ဖွဲ့စည်းခဲ့တယ်။

မှုန်း(Hmong)တွေဟာ စစ်သေနင်္ဂဗျူဟာမှာ အထူးကျွမ်းကျင်သူတွေဖြစ်တယ်။ ၁၉၅၄ ခုနှစ် ဒိန်ဗင်ဗူးမြို့မှာ ပြင်သစ်စစ်သား ၁၄,ဝဝဝ ပိတ်မိနေပြီး ဗီယက်နမ်တပ်သား (၅ဝ,ဝဝဝ)က ဝိုင်းထားချိန်မှာ (Hmong)မှုန်းတွေက ပြင်သစ်တွေကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့ဖူးတယ်။

အင်အား ၂,ဝဝဝ ရှိတဲ့ (Hmong)တပ်ဖွဲ့က ရက်ပေါင်း ၂ဝ ကြာ ခရီးပြင်းချီတက်သွားပေမယ့် သူတို့မရောက်ခင် ဒိန်ဗင်ဗူးက ဗီယက်နမ်တွေ လက်ထဲကျသွားတာမို့ အလာကောင်းပေမယ့် အခါနှောင်းခဲ့ရတယ်။ ချီတက်သွားတဲ့ သူတို့အားလုံးလိုလိုလောက်လည်း ဗီယက်နမ်တွေရဲ့ အကျဉ်းသားဖြစ်ခဲ့ရတယ်။

ဒိန်ဗင်ဗူးကျသွားတာဟာ အင်ဒိုချိုင်းနားမှာ ပြင်သစ်ကိုလိုနီစနစ် အဆုံးသတ်သွားတာဖြစ်တာကြောင့် ပြင်သစ်တွေ ထွက်သွားပေမယ့်လည်း အမေရိကန်တွေက ဝင်လာခဲ့ပါတယ်။ မှုန်း(Hmong)တွေကတော့ သည်စစ်ပွဲထဲကို နောက်တကြိမ် ထိုးသွင်းတာခံရပြန်တာပါပဲ။

ဒါကလည်း သူတို့နေတဲ့နေရာက မဟာဗျူဟာမြောက်ဒေသဖြစ်နေတာရယ်၊ တောင်တန်းဒေသတွေမှာ ပြောက်ကျားစစ်ပွဲကို ကောင်းကောင်းတတ်ကျွမ်းတဲ့ သူတို့ရဲ့ အရည်အသွေးတွေကြောင့်ပဲ ဖြစ်ပါတယ်။ ပြင်သစ်တွေလိုပဲ အမေရိကန်တွေက ဗီယက်နမ်တွေကို ပြန်တိုက်ထုတ်ဖို့ (Hmong)မှုန်းတွေကို အသုံးချပါတော့တယ်။ အလားတူပဲ ဗီယက်နမ် ကျောထောက်နောက်ခံပြုထားတဲ့ ပသက် လာအိုတွေရဲ့ ကွန်မြူနစ်စစ်ရေး ပုန်ကန်မှုတွေကလည်း ကြီးထွားလာပါတယ်။

၁၉၅ဝ ကျော်ခုနှစ်များရဲ့ နှောင်းပိုင်းကာလများမှာတော့ လာအိုဟာ စစ်အေးစစ်ပွဲ၏ အပြင်းအထန်ဆုံး ရှေ့တန်း ဒေသဖြစ်လာတယ်။ အမေရိကန်စစ်ရေးကျွမ်းကျင်သူတွေက ကွန်မြူနစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ဖို့ ဒေသခံတိုင်းရင်းသားတပ်ဖွဲ့တွေကို သင်တန်းတွေပေးတယ်။ စစ်ဆင်ရေးတွေမှာ တိတ်တိတ်ပုန်း ပါဝင်လာတယ်။

ဆိုဗီယက်ယူနီယံနဲ့ တရုတ်ကလည်း ဗီယက်နမ်တောင်ပိုင်းမှာရှိတဲ့ သူတို့တပ်တွေကို ထောက်ပံ့ကူညီဖို့၊ စစ်ကူတွေစေလွှတ်ဖို့ လမ်းကြောင်းတွေရှာဖွေနေတဲ့ မြောက်ဗီယက်နမ်နဲ့ လာအိုကွန်မြူနစ်တွေကို အကူအညီ ပေးတယ်။ အားလုံးသိကြတဲ့အတိုင်း ၁၂,၅ဝဝ မိုင်နီးပါးရှည်တဲ့ ဟိုချီမင်းလမ်းကြောင်းဟာ လာအိုမြေပြင်ပေါ်မှာ ရှိတာပါ။ ဒီနယ်မြေတွေကို ပသက် လာအိုတွေက ထိန်းချုပ်ထားတာပါ။

သည်ကွန်မြူနစ်တွေရဲ့နယ်မြေကျယ်ပြန့်လာတာကို ထိန်းချုပ်ဖို့ရာ အမေရိကန်ပြည်ထောင်စုက မှုန်း(Hmong) တောင်ပေါ်သားလူမျိုးတွေ အများစုပါဝင်တဲ့ ပြောက်ကျားတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုကို ဖုံးကွယ်ထားဖို့ရည်ရွယ်ပြီး CIA က သည်တပ်ဖွဲ့ကို ငွေကြေးထောက်ပံ့ခဲ့တာဖြစ်ပါတယ်။

သည်လျှို့ဝှက်ပြောက်ကျားတပ်ဖွဲ့ဟာ ရာပေါင်းအနည်းငယ်မျှ အင်အားရှိရာကနေ စစ်သား ၄ဝ,ဝဝဝ ခန့် ရှိလာပြီး ကိုယ်ပိုင်လေတပ်ပါရှိတဲ့ လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့အဖြစ်ကို ကြီးထွားခဲ့ပါတယ်။ သူတို့ ခေါင်းဆောင်ကတော့ Gen Vang Pao ဖြစ်ပြီး (Hmong)မှုန်းတွေရဲ့ ချစ်ခင်လေးစားမှုကို ရယူထားနိုင်သူ ဖြစ်ပါတယ်။

၁၉၆၂ အထိ လာအိုမှာရှိတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး အင်အားစုတွေကို ထောက်ပံ့တဲ့ အမေရိကန်အကူအညီ အများစုဟာ Vang Pao နဲ့ သူ့ပြောက်ကျားတပ်ဖွဲ့ကို တိုက်ရိုက်ပေးကမ်းခဲ့တာဖြစ်ပါတယ်။ နောက် ၁ဝ နှစ်ကြာတဲ့အထိ Gen Vang Pao ရဲ့စစ်တပ်အတွက် US$ 20 Billion သုံးစွဲခဲ့တာဖြစ်ပြီး CIA ရဲ့သမိုင်းမှာ အကြီးမားဆုံးလုပ်ငန်းတခု ဖြစ်ပါတယ်။

သူတို့ရဲ့ အဓိကတာဝန်ကတော့ ထောက်လှမ်းရေးသတင်းတွေ စုဆောင်းဖို့၊ ပစ်ချခံရတဲ့ အမေရိကန် ယာဉ်မှူးတွေကို ကယ်တင်ဖို့နဲ့ မြောက်ဗီယက်နမ်နဲ့ မြောက်ပိုင်းလာအိုမှာရှိတဲ့ ကွန်မြူနစ်တွေကို ရာသီမရွေး ဗုံးကြဲနိုင်ဖို့ လေကြောင်းတပ်စခန်းတွေကို အကာအကွယ်ပေးဖို့ဖြစ်ပါတယ်။

ပုံမှန်အားဖြင့်လည်း ပသက်လာအိုနဲ့ ဗီယက်နမ်တပ်တွေကိုလည်း တိုက်ပွဲဆင်ရပါသေးတယ်။ အမေရိကန်တွေကို သည်လိုကူညီခဲ့တဲ့အတွက် (Hmong)မှုန်းစစ်သား ၁၇,ဝဝဝ စစ်ပွဲမှာ ကျဆုံးခဲ့ရပြီး အပြန်အလှန်ပစ်ခတ်မှုတွေနဲ့ ရောဂါဘယနဲ့အငတ်ဘေးဒဏ်ကြောင့် ပြည်သူလူထု ၅ဝ,ဝဝဝ ကျော် သေဆုံးခဲ့ရပါတယ်။ ပိုမိုဝေးကွာလှတဲ့ တောင်ကုန်းမြင့်များဆီ ရွာလုံးကျွတ် ထွက်ပြေးကြရတယ်။ Xieng Khouang နယ်မှာရှိတဲ့ (Hmong)မှုန်း အားလုံးလိုလိုဟာ စစ်ပွဲအတွင်းမှာ တနည်းမဟုတ်တနည်းနဲ့ ဒုက္ခသည်ဘဝ ရောက်ခဲ့ရပါတယ်။ စစ်ကြောင့် မထိခိုက်ဘဲကျန်ခဲ့တဲ့သူဆိုလို့ ဘယ်သူမှမရှိပါဘူး။

၁၉၇ဝ ကျော်ခုနှစ်တွေမှာတော့ အမေရိကန်ကူညီထောက်ပံ့နေမှုဟာ တဖြည်းဖြည်း ကျဆင်းလာပါတော့တယ်။ (Hmong)မှုန်းတွေကို သူတို့အတွက် သူတို့ကာကွယ်ဖို့ပဲ ထားခဲ့ပါတော့တယ်။ ဒါက ဘယ်လိုမှမဖြစ်နိုင်တဲ့ ကိစ္စပါ။ ၁၉၇၅ ခုနှစ်လောက်မှာတော့ အကြီးအကျယ် ရှုံးနိမ့်မှုကိုရင်ဆိုင်ရပြီ။ Gen Vang Pao ဟာ သူ့စစ်တပ်ကို ဖျက်သိမ်းလိုက်ရပါ တယ်။ သူ့လူ ၅,ဝဝဝ နဲ့ ထိုင်းနိုင်ငံကို ထွက်ပြေးရပါတယ်။

သူထွက်မပြေးခင် ရက်ပိုင်းအလိုမှာ ပသက် လာအို သတင်းစာတစောင်က (Hmong)မှုန်းလူမျိုးတွေကို အမြစ်ပြတ်သုတ်သင်ချေမှုန်းမယ်လို့ ကြိမ်းဝါးပါတယ်။ နောက်ဆယ်စုနှစ် ၃ စု ကျော်လာတဲ့အချိန်ထိတောင် လာအိုအစိုးရက သူ့ကတိကဝတ်တွေကို ဆက်လက် အကောင်အထည်ဖော်နေဆဲပါ။

လာအိုမှာ ၁၉၇၅ ခု ကွန်မြူနစ်တွေ အာဏာရလာပြီးနောက်ပိုင်းမှာတော့ (Hmong)မှုန်းလူမျိုး ထောင်ပေါင်းများစွာကို အကျဉ်းစခန်းအသီးသီးမှာ ဖမ်းဆီးထားပါတယ်။ ထောင်ပေါင်းများစွာကလည်း အိမ်နီးချင်း ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံကြတယ်။ တချို့ကလည်း တောတောင်ထူထပ်ရာဒေသတွေကို ထွက်ပြေးကြပြီး လက်နက်ကိုင်တိုက်ပွဲ ဆက်လက်ဆင်နွှဲကြတယ်။

ဆက်လက်ဖော်ပြပါမယ်။


ဓာတ်ပုံ- www.zicasso.com

Sunday, April 4, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၃၃)

အချိန်လုပြီး လုပ်မှဖြစ်တော့မယ်

နောက်နေ့မနက် ဖထီးမန်းနဲ့ ကျနော်တို့ ၂ ယောက် တောင်ယာထဲမှာ ပြန်ဆုံတယ်။ ကျနော်တို့ကိစ္စကို အမြန်လုပြီး လုပ်မှ ဖြစ်မယ်၊ အောင်သာကျော်တို့ လုပ်တာကိုင်တာ မပိရိမှုကြောင့် အန္တရာယ်များလှသည့်အတွက်ကြောင့် ဖြစ်သည်။

အဲဒီနေ့ကစပြီး ကျနော်တို့လုပ်ငန်းကို အချိန်လုပြီး လုပ်လာရသည်။ အောင်သာကျော်တို့ လုပ်ပုံကိုင်ပုံကတော့ ကျနော် ကောက်ချက်ချခဲ့တဲ့အတိုင်း ဖြစ်သွားတာပါ။ ကျနော်တို့ ကျွန်းကနေ ထွက်ပြေးပြီးတဲ့နောက် အဲဒီမိုးကုန်ပြီး ဆောင်းအရောက်လောက်မှာထင်တယ်။ ဒီ ရဲသုံးဖော်ဟာ သူတို့တိုက်ပွဲသေနင်္ဂဗျူဟာကို တကယ့်ကိုပဲ အကောင်အထည် ဖော်တော့တာပါ။ ကျနော်ကိုယ်တိုင် မမြင်ရတော့ပါဘူး။ ကျွန်းမှာနေခဲ့ကြတဲ့ ဘဝတူတွေပြန်ပြီးတွေ့ကြတော့ ပြန်ပြောပြလို့ သိရတာပါ။

သူတို့ဟာ တကယ်ပဲ ကျွန်းကနေ ထွက်ပြေးသွားခဲ့တာပါ။ ဒါပေမယ့် ဒီရဲသုံးဖော်ဟာ ကိုကိုးကျွန်းကနေ ထွက်ပြေးသွားလိုက်တာ ကိုကိုးကျွန်းကိုပဲ ပြန်ရောက်သွားရှာပါတယ်။ ဖြစ်ပျက်ပုံ အလုံးစုံကတော့ …
ဆောင်းတညရဲ့ လကလေးလည်း သာသာနေမှာပေါ့။ သူတို့ ၃ ယောက်ဟာ ကျွန်းကနေထွက်ပြေးပါတယ်။ ကျွန်းကနေခွာရော လှေကလေးတစီးနဲ့ လူ ၃ ယောက်။ လှေက ဘယ်ကိုနည်းနည်းစောင်းလည်း ရေက ဝေါခနဲဝင်၊ ညာဘက်စောင်းလည်း ရေက ဟောခနဲဝင်နဲ့၊ ကမ်းကနေ ခွာလို့မရဘဲ ဖြစ်နေတယ်။ အတော့်ကို ကြိုးစားရှာပါသေးတယ်။ ဘယ်လိုမှမရတဲ့အဆုံးမှာတော့ ကိုကိုးကျွန်းကို ဒုတိယမ္ပိ နှစ်ကြိမ်မြောက်လည်း ပြန်တက်ကြပါလေတော့သတည်း။

စိတ်ပျက်လက်ပျက်နဲ့ ဒုတိယအကြိမ် ကမ်းကိုပြန်တက်ရတယ်ဆိုတော့ ကိုယ်ချင်းသာ စာကြည့်ကြပေါ့။ ဒီမှာတင် ရဲသုံးဖော်ဟာ ကျနော်တို့ ဘွဲ့မည်သညာပေးထားတဲ့ တောင်သူကြီးမင်းရဲ့ တောင်ယာမှာ ၃ ယောက်သား စိတ်မောလူမောနဲ့ သွားရောက် စက်တော်ခေါ်တော်မူကြပါလေပြီ။

နံနက်မိုးသောက် အလင်းရောက်သောအခါ ဝါဒါတွေ ကမ်းခြေဘက်ကို လမ်းလျှောက်တော့ လှေကလေးနဲ့ တူလှစွာသောအရာကို တွေ့သွားတော့တာပါပဲ။ ကမ်းခြေကို ကပျာကယာပြေးဆင်းပြီးကြည့်လိုက်တော့ အဟုတ်ပဲ လှေကလေးတစီး။ ဒီမှာတင် ဝါဒါတွေ မျက်လုံးပြူးတော့တာပေါ့။ ပတ်ဝန်းကျင်ကို တောင်မြောက်ဝဲယာ စူးစမ်းလိုက်တဲ့အခါကျတော့ သံလွန်စ တွေရော၊ သဲမလွန်တဲ့အစတွေရော မြောက်များစွာကို တွေ့သွားတော့တာပါပဲ။

လူ ၃ ယောက်ရဲ့ခြေရာကိုကောက်စရာမလိုဘဲ သောင်ပြင်မှာ အထင်းသားနဲ့တက်သွားတာကို ဝါဒါတွေလိုက်သွားတယ်။ ခြေရာတလျှောက်မှာလည်း ဆန်တွေက ဖိတ်စင်လို့သွား၊ ခရမ်းချဉ်သီးတွေလည်း ပြဲလျားနဲ့၊ ဝါဒါတွေလည်း လိုက်လိုက်နဲ့ တောင်သူကြီးမင်းရဲ့ တဲကလေးပေါ်မှာ မောမောနဲ့ မိုးစင်စင်လင်းတာတောင် စက်ပျော်နေကြတာကို ဘွားခနဲ သွားတိုးတော့တာပါပဲ။ သူတို့ ၃ ယောက်ကိုဖမ်းပြီး ကျွန်းရဲ့မြောက်ဘက် ရေတပ်စခန်းမှာချုပ်ခံခဲ့ရတယ်။ ကျွန်းဖျက်သိမ်းပြီး နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်ကြရတော့မှ နိုင်ငံရေးအကျဉ်းသားအားလုံးနဲ့အတူ ပြည်မကို ပြန့်ပို့ခဲ့တယ်။

ကျနော်တို့လှေကလေးကတော့ ပြင်ဆင်မှုအပိုင်းမှာ ပြည့်စုံသလောက်ရှိသွားပါပြီ။ လိပ်သားခြောက်ပဲ လိုပါတော့တယ်။ ကန်စွန်းဥတွေလည်း အဆင်သင့်၊ သခွားသီးကလည်း အရံသင့်ပြည့်စုံနေပါပြီ။ တနေ့တော့ မွန်းလွဲ ၂ နာရီကျော်လောက်မှာ ကျနော်တယောက်တည်း အရင်ကြိုပြီး လိပ်သောင်ကို ထွက်လာခဲ့တယ်။ လိပ်သောင်ရောက်လို့ နေရာရွေးပြီး မုန်တိုင်ပင်အောက်မှာ လဲလျောင်းပြီး ကင်းစောင့်နေတယ်။

ပင်လယ်ဘက်ကိုကြည့်လိုက်၊ ကျောက်ညီနောင်ဘက်ကို ကြည့်လိုက်၊ ကျွန်းရဲ့မြောက်ဘက်ပိုင်း အမြင့်ဆုံးတောင်ထိပ်က ရေဒါစခန်းရဲ့ ဧရိယာတိုင်ကို မှုန်ပြပြ လှမ်းမြင်နေရတယ်။ နေလည်း စောင်းလာပြီ။ အနောက်ဘက် အိန္ဒိယသမုဒ္ဒရာထဲကို နေလုံးကြီးဟာ ငုပ်လျှိုးဖို့နီးနေပြီ။ လေကလည်း တဟူးဟူးနဲ့ လှိုင်းလုံးတွေကလည်း သဲသောင်ကမ်းစပ်ကို ပြေးပြေးပြီး ရိုက်တယ်။ အုန်းပင် အုန်းလက်တွေကလည်း မညီမညာ ယိမ်းထိုးပြီး ကနေကြရှာတယ်။ ကျနော်လှဲနေတဲ့ မုန်တိုင်ပင်အောက်ကနေ ပင်လယ်ပြင်ကြီးကို လှမ်းကြည့်ပြီး စိတ်တွေက လွင့်နေတယ်။

မကြာတော့တဲ့အချိန်မှာ ဒီကျွန်းကနေ ထွက်သွားတော့မှာပါလား။ ရန်သူရဲ့ ဖိနှိပ်ညှဉ်းဆဲမှုအမျိုးမျိုးအောက်မှာ ကျောချင်းကပ်၊ ရင်ချင်းအပ်ပြီး အတူတကွ လက်တွဲတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တွေ၊ ခေါင်းဆောင်တွေ၊ ဘဝတူတွေနဲ့ ခွဲရတော့မှာပါလား။ ဒီတိုက်ပွဲကလည်း အင်မတန် စွန့်စားရမယ့်တိုက်ပွဲ။ အရင်းအနှီးပေးရမယ့် တိုက်ပွဲ။ အတွေးတောင်စဉ်ကြောတွင် စိတ်တွေက လွင့်မျောနေသည်။

မိုးမချုပ် တချုပ်တွင် ဖထီးမန်း ပေါက်ချလာသည်။ ကျနော့်အတွက် ထမင်းတထုတ်ယူလာပါသည်။ ဖထီးမန်းက …

“အခြေအနေ ကောင်းတယ်မဟုတ်လား”

“မိုးချုပ်ခါနီး ဒီအချိန်ရောက်မှတော့ ဟိုကောင်တွေမလာဘူးဆိုရင် မလာတော့ပါဘူး”

ဖထီးမန်းယူလာသည့် ထမင်းထုတ်ကို ကျနော် ဖြည်စားလိုက်သည်။ ဒီညအဖို့တော့ ဘယ်အဖွဲ့မှ ပေါက်မလာ။ မြောက်ဘက်က ငတိတွေ ရောက်မလာဘူးဆိုတော့ လိပ်သောင်ကို ဒီညအဖို့တော့ ကျနော်တို့ ၂ ယောက် ပိုင်ပြီပေါ့။

ညတွင် ရေပြည့်ချိန်ရောက်ပြီ။ ကမ်းခြေကို သတိထားပြီး စောင့်ကြည့်သည်။ လိပ်တကောင်တလေကို အရိပ်အယောက်မှ မမြင်ပါ။ ကျနော်တို့ ၂ ယောက် မြောက်ဘက်ကမ်းခြေအတိုင်း ၂ ယောက်သား သတိကြီးစွာနဲ့ လျှောက်သွားလိုက်သည်။ လိပ်တကောင် ဥတော့မည့်ဆဲဆဲ ဥကျင်းယက်နေသည်ကို ပက်ပင်းတွေလိုက်ရပြီ။ စိတ်ထဲ ကျေနပ်သွားပြီ။

လိပ်ကြီးကိုတော့ ထုံးစံအတိုင်းပဲပေါ့။ အသေးစိတ်ရေးပြရင် သိပ်ပြီးရက်စက်တာ ဖော်ပြနေသလိုကျမယ်။ ဆောင်းဦးပေါက်တုန်းက ကျပ်တိုက်ခဲ့တဲ့နေရာရောက်တော့ အရင်တခါလိုပဲ ကျပ်တိုက်ပါတယ်။ ဒီနေ့အဖို့တော့ လိပ်ဥ၊ လိပ်သဲ စား။ အုန်းရည်သောက်၊ အုန်းသီးစားပေါ့။ ညနေစောင်းတော့ လိပ်သားကျပ်တိုက်တွေ ထမ်းပြီး ပြန်လာလိုက်တယ်။ ၂ ယောက်သား မှောင်ခြည်ကိုစောင့်ပြီး လူရိပ်လူခြည်ကို သတိထားကြည့်တယ်။
ညမှောင်လာလို့ လူလုံးပျောက်တာနဲ့ ဂျယ်ရီကျွန်းကလေးဘက်ကို ကူးခဲ့တယ်။ ကျနော်တို့ရဲ့ ချုံကြီးထဲကိုဝင်ပြီး လိပ်သား ကျပ်တိုက်ခြောက်တွေကို စနစ်တကျ သိမ်းဆည်းလိုက်တယ်။

ဆက်လက်ဖော်ပြပါမည်။

Saturday, April 3, 2010

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့

၂၀၀၇ ခုနှစ် ရဟန်းသံဃာတော်များ ဦးဆောင်တဲ့လူနေအုံကြွမှုကြီးအပြီးမှာ အယ်ဂျာဇီးယား ရုပ်သံလွှင့်ကို သတိထားပြီး စောင့်ကြည့်လာမိတယ်။ BBC တို့၊ Fox News တို့နဲ့မတူ တမူကွဲပြားပြီး တင်ပြပုံကလည်း ဆန်းသစ်၊ သတင်းတွေကလည်း စုံလင်တဲ့အပြင် အာရပ်နိုင်ငံတနိုင်ငံရဲ့ ရုပ်သံလွှင့်ဌာနဖြစ်ပေမယ့် သူကိုကြည့်တော့ ဘက်လိုက်တယ်လို့ မခံစားရတာမို့ စိတ်ထဲမှာ ကြိတ်လေးစားရတယ်။ ဒါကြောင့် နေတိုင်းလိုလိုပဲ အနည်းဆုံး နာရီဝက်လောက်တော့ စောင့်ကြည့်ဖြစ်ပါတယ်။

သည်လိုရေးရတာ အယ်ဂျာဇီးယားကို ကြော်ငြာထုတ်ဖို့ မဟုတ်ပါဘူး။ သည်လ ၂၃ ရက်နေ့က သည်ရုပ်သံလွှင့်က ထုတ်လွှင့်သွားတဲ့ အစီအစဉ်တခုနဲ့ပတ်သတ်တာကို ပြောချင်လို့ပါ။ သည်အစီအစဉ်မှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတာညာဟု ဟာ အမေရိကားက AIPMC ဆိုတဲ့ အဖွဲ့အစည်းတခုရဲ့ အစည်းအဝေးမှာ မိန့်ခွန်းပြောနေတာကို ထုတ်လွှင့်ပေးတာပါ။ သူမိန့်ခွန်းပြောနေတုန်းမှာ ပရိတ်သတ်ရဲ့ လက်ခုပ်သြဘာသံတွေက မစဲပါ။ သူစကားတခွန်းပြောလိုက်တိုင်း ပရိတ်သတ်က တခဲနက် လက်ခုပ်သြဘာ ပေးကြပါတယ်။ ဝန်ကြီးချုပ်ရဲ့ ဟန်အမူအရာရော၊ လေသံနဲ့ အဖြတ်အတောက်ရော ကြည့်ရသူတိုင်းအဖို့ အင်မတန်မှ လေးစားအားကျဖွယ် ကောင်းလှပါတယ်။ ပရိတ်သတ်ရဲ့လက်ခုပ်သြဘာသံကို ခြွေယူတဲ့နေရာမှာ စံပြုလောက်သူတဦးပါ။ နိုင်ငံရေးသမားတယောက်အနေနဲ့ “ကျွမ်းလှချည်လား” လို့ ကျိတ်ပြီး ချီးကျူးရလောက်အောင်ကို ဘင်ဂျမင်က တော်ပါတယ်။ ဒါလောက်တော်လို့လည်း ဆယ်စုနှစ်တခုလောက် အတိုက်အခံအနေနဲ့ ပြန်ရပ်တည်နေရပြီးမှ အခုချိန် ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ဒုတိယအကြိမ် ဝန်ကြီးချုပ်အဖြစ် ပြန်ရွေးကောက်ခံခဲ့ရတာပါ။

အစ္စရေးဝန်ကြီးချုပ်က ဆွဲဆောင်မှုအပြည့် ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ ပြောသွားတဲ့အကြောင်းအရာက ဂျေရုစလင်မှာ အစ္စရေးလူနေအိမ် ၁၆၀၀ ကျော် ထပ်မံတည်ဆောက်ဖို့ အစ္စရေးအစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် သက်ရောက်လာတဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ဆိုင်ပါတယ်။

သူက “ဒါက ပြန်လည်နေရာချထား (resettlement) နေတာမဟုတ်ဘူး၊ မြို့တော်ကို တည်ဆောက်နေတာ” လို့ ဝင့်ဝင့်ဝါဝါနဲ့ အထက်စီးက ရန်လိုမှုအပြည့်နဲ့ ပြောပါတယ်။ လက်ခုပ်သံတွေ ကတော့ တဖြောင်းဖြောင်းပေါ့၊

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ ထောင်က ဂျူးတွေက မြို့တော်ကို တည်ဆောက်ခဲ့ကြတယ်။ ခုအချိန်မှာလည်း ဂျူးတွေက သူတို့မြို့ကို ဆက်ပြီးတည်ဆောက်နေတယ်” လို့ ပြောတော့ လက်ခုပ်သံတွေက ပိုကျယ်ပြီး ပိုကြာလာတယ်လို့ ထင်ရတယ်။ ‘အင်း - ဘုန်းကြီးရူးနဲ့ လှေကလူးတာနဲ့တော့ ကိုက်နေပြီ’ လို့ မသက်မသာ တွေးမိပါတယ်။

သူက ထပ်ပြောပါသေးတယ်၊ ဂျေရုစလင်မှာ စီးပွားရေးတိုးတက်အောင် သူဘယ်လိုလုပ်ခဲ့တယ် ဆိုတာကိုပေါ့၊ နောက်ပြီး ပါလက်စတိုင်းခေါင်းဆောင်တွေက ဘာလုပ်ပေးလဲလို့ မေးခွန်းထုတ်လိုက်ပြီး ပါလက်စတိုင်း ခေါင်းဆာင်တွေဟာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးကို ဖျက်စီးနေတယ်လို့ စွပ်စွဲပါတယ်။ သူဒီလိုပြောနေချိန်မှာတော့ နအဖ စစ်ခေါင်းဆောင်တွေက ဒီမိုကရေစီလှုပ်ရှားသူတွေကို စွပ်စွဲတာ၊ သူတို့ကိုယ် သူတို့ မင်္ဂလာယူတာတွေကို သွားပြီးသတိရပါတယ်။ အကြောင်းအရာချင်းမတူပေမယ့် အနှစ်သာရ သဘောကတော့ တထပ်တည်းပါလားလို့ မတွေးဘဲ မနေနိုင်ပါ။

ဂျေရုစလင်ဆိုတာ အားလုံးသိကြတဲ့အတိုင်း မွတ်ဆလင်ဘာသာ၊ ခရစ်ယာန်ဘာသာနဲ့ ဂျူးဘာသာတို့ရဲ့ အထွဋ်အမြတ် မြို့တော်ပါ။ သမိုင်းကြောင်းအရ သူပိုင်တယ်၊ ငါပိုင်တယ်လို့ အငြင်းပွားနေတဲ့ ဘာသာရေးဆိုင်ရာ သမိုင်းဝင်အထွဋ်အမြတ် အဆောက်အဦတွေရှိနေတဲ့နေရာပါ။ မကြာသေးခင်ကပဲ ဂျေရုစလင်မှာရှိတဲ့ ဘာသာရေးအဆောက်အဦတွေကို ဂျူးတွေရဲ့ ဘာသာရေး အဆောက်အဦတွေအဖြစ် သတ်မှတ်ဖို့ အစ္စရေးက တဖက်သတ်ကြေငြာတော့ မွတ်ဆလင် ဘာသာဝင်တွေသာမက နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ဝိုင်းဝန်းကန့်ကွက်ကြပါတယ်။ ဂျေရုစလင်မှာ ဂျူးအခြေကျ အဆောက်အဦတွေ ထပ်ဆောက်မယ်ဆိုတော့လည်း အမေရိကန် ဒုသမ္မတ အပါအဝင် နိုင်ငံခေါင်းဆောင်များက ဝိုင်းပြီးတော့ ရှုံ့ချကြပါသေးတယ်။ ဒါကိုလည်း ဂရုမစိုက်တဲ့အပြင် အစ္စရေးစစ်တပ်က အကြမ်းဖက်ပစ်ခတ်တာကြောင့် ကန့်ကွက်ဆန္ဒပြတဲ့ ပါလက်စတိုင်းလူငယ် ၁၆ ဦး သေဆုံးခဲ့ပါသေးတယ်။

ဒီလိုပြောနေလို့ ဂျူး၊ အာရပ်ပြဿနာမှာ ဂျူးတွေကိုဆန့်ကျင်ပြီး အာရပ်တွေဘက်က ဘက်လိုက်နေတာပါလို့ မှတ်ချက်ပေးကောင်း ပေးနိုင်ပါတယ်။ ဂျူးတွေထဲမှာ ဘင်ဂျမင်တို့လို အစွန်းရောက် ဇီရွန်ဝါဒီတွေရှိသလို မွတ်ဆလင်တွေထဲမှာလည်း ဘာသာရေးအစွန်းရောက်တွေ ရှိပါတယ်။ အစ္စရေးနိုင်ငံကို ဖျက်စီးဖို့ကြံရွယ်ပြီး အနုမြူလက်နက်ထုတ်လုပ်ဖို့ ကြံရွယ်နေတဲ့ အီရန်အစွန်းရောက်ဝါဒီတွေရဲ့လုပ်ရပ်ကိုလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်။ သိုပေမယ့် သက်ဆိုင်သူတွေအတွင်း ငြိမ်းချမ်းစွာအဖြေရှာဖို့ဆိုတာ အင်အားပိုကြီးသူတွေက ပိုတာဝန်ရှိနေတာမို့ ပြောရေးရှိလို့ ပြောရတာဖြစ်ပါတယ်။

ဂျေရုစလင်ကို အစ္စရေးက သူပိုင်တယ်၊ သူမြို့တော်လို့ ပြောတာကိုလက်မခံသလို ပါလက်စတိုင်းတွေက သူပိုင်တယ်၊ သူ့နိုင်ငံလို့ ပြောမယ်ဆိုရင်လည်း လက်ခံဖွယ်ရာမရှိပါ။ သည်လိုလုပ်တာဟာ ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မှု အခွင့်အလမ်းတွေ ပျောက်ကွယ်သွားမှာဖြစ်ပြီး မှန်းဆလို့မရနိုင်တဲ့ ဆုံးစမထင် နက်ရှိုင်းတဲ့ ချောက်ကမ်းပါးကြီးဆီကို အဲဒီဒေသမှာရှိတဲ့ လူမျိုးတွေကို ဆွဲခေါ်သွားမှာဖြစ်ပါတယ်။ ဒါတင်မကဘူး ဒေသတည်ငြိမ်မှု၊ ငြိမ်းချမ်းမှုပျက်ပြယ်ရာက တဆင့် ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားတွေကို ဆိုးဆိုးဝါးဝါး ထိခိုက်လာမှာ ဖြစ်ပါတယ်။ ဒါကို အမျှော်အမြင်ရှိတဲ့၊ အသိအမြင်ကြွယ်ဝတဲ့၊ ကြောင်းကျိုးဆင်ခြင်နိုင်တဲ့၊ လူပီသတဲ့ ဘယ်လိုလူမှ လက်ပိုက်ကြည့်နေနိင်မှာမဟုတ်ပါ။

အစ္စရေးရဲ့ လက်ရှိအစွန်းရောက် အကြမ်းဖက်တဲ့ပေါ်လစီတွေကြောင့် နိုင်ငံတကာမှာလည်း အရှက်တကွဲ အကျိုးနည်း ဖြစ်နေရပါတယ်။ အပြစ်မဲ့ ပါလက်စတိုင်းပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာကြောင့် နိုင်ငံတကာ ရာဇဝတ်ရုံး (ICC) မှာ တရားစွဲခံရမယ့်အဖြစ်ဆိုးနဲ့ ကြုံနေရတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လအတွင်းက ဒူဘိုင်းမြို့တော်မှာ ပါလက်စတိုင်းခေါင်းဆောင်တဦးကို လုပ်ကြံသတ်ဖြတ်တဲ့အမှုမှာ အစ္စရေးအစိုးရက ကြိုးကိုင်ကြံစည် ဗြိတိသျှနိုင်ငံကူး လက်မှတ်တွေကို အတုလုပ်သုံးစွဲတာကြောင့် ဗြိတိန်နိင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီးကို ယခုလ ၂၃ ရက်နေ့က နှင်ထုတ်လိုက်ပါတယ်။ ဒါဟာ ဘင်ဂျမင်နာတာညာဟု အစိုးရရဲ့ မူဝါဒတွေမှားယွင်းနေပြီဆိုတာ သတိပေးတဲ့ အချက်ပြအညွန်းကိန်းတွေပဲလို့ဆိုရင် မှားမယ်မထင်ပါ။

ကျနော်တို့မမီလိုက်ပေမယ့် ဟစ်တလာကလည်း လူထုကြားက သြဘာသံတွေကို ဆွတ်ချူတဲ့နေရာမှာ ပြိုင်ဘက်ကင်းတဲ့ နိုင်ငံရေးသမားလို့ ဆိုပါတယ်။ ဂျာမန်အလုပ်သမားပါတီ (The German worker party) နောက်တော့ ဆိုရှယ်လစ် ဂျာမန်အလုပ်သမားပါတီ (National Socialist German worker party) အတိုကောက်ကတော့ နာဇီပါတီလို့ခေါ်တဲ့ နာမည်လှလှလေးတွေနဲ့ ပါတီကိုတည်ထောင်ပြီး အာဏာရှင် ဖြစ်လာသူပါ။ အစွန်းရောက်အမျိုးသားဝါဒကို ကျင့်သုံးခဲ့ပြီး ဂျူးလူမျိုး ၆ သန်း အပါအဝင် အပြစ်မဲ့အရပ်သား ၁၇ သန်းကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သူဖြစ်ပါတယ်။

ကိုယ့်လူမျိုးရဲ့ လွန်မင်းတဲ့ အကျိုးစီးပွားအတွက် အခြားလူမျိုးရဲ့ အခွင့်အရေးကို သုတ်သင်ဖျက်သိမ်းမယ်ဆိုရင် ဘယ်လိုနိဂုံးချုပ် အဆုံးသတ်ရမလဲဆိုတာကို သင်ခန်းစာပေးခဲ့သူပါ။ ဒါကို ဘင်ဂျမင်နာတာညာဟု က သင်ခန်းစာ ရယူတတ်ဖို့လိုပါတယ်။ တချိန်က ဖိနှိပ်ခံခဲ့ရလို့ အများရဲ့စာနာသနားမှု၊ ညှာတာထောက်ထားမှုကို ရယူခံနိုင်ပေမယ့် နောင်တချိန်မှာတော့ ကိုယ်က ဗီလိန်ဘဝနဲ့ တခြားသူတွေကို ကိုယ်ခံစားရတဲ့ ဒုက္ခတွေကိုပဲ ပြန်ပေးအပ်နေတဲ့ ဖိနှိပ်သူဖြစ်လာတာမို့ အများရဲ့ ဝိုင်းပယ်မှုကိုခံရတတ်တယ်ဆိုတဲ့ သဘာဝကိုလည်း နားလည်နိုင်ပါစေလို့ အကောင်းဘက်က မျှော်လင့်ရပါတယ်။

သမိုင်းမှာပြန်ကြည့်ရင် ကမ္ဘာ့မြေပုံဟာ မကြာခဏ ပြန်ဆွဲနေရတာပါ။ ရောမ ခေါမ အင်ပါယာကအစ အော်တိုမန် အင်ပါယာအဆုံး - တီမူး၊ အလက်စန္ဒာရီးယား၊ နပိုလီယန် အပါအဝင် အင်ပါယာသခင်ရဲ့ ဘယ် အင်ပါယာမှ တည်မြဲတာမဟုတ်ပါ။ ဒါကြောင့် နိုင်ငံတွေရဲ့နယ်နမိတ်တွေ မကြာခဏ ပြန်သတ်မှတ်ခံနေရပါတယ်။ ခုအနီးခေတ်မှာတောင် ဆိုဗီယက်ယူနီယံပြိုကွဲတော့ နိုင်ငံသစ်တွေ ပေါ်လာသေးတာ မဟုတ်ပါလား။

ကိုယ့်နိုင်ငံ ကိုယ့်လူ့အဖွဲ့အစည်းရဲ့ အချုပ်အခြာအာဏာ ကာကွယ်ထိန်းသိမ်းနိုင်ဖို့ဆိုတာ ပေးရန်တာဝန် ဖြစ်တာကြောင့် သည်တာဝန်ကို ကျေပွန်ဖို့ဆိုတာ (survival is fittest) ဆိုတဲ့ ဒါဝင်ရဲ့သီအိုရီသင်ကြားမှုအရ အသင့်တော်ဆုံးအရာတွေ (fittest) ဖြစ်ထွန်းစေဖို့ ဘက်ပေါင်းစုံက စဉ်းစားဆင်ခြင်ရမှာ ဖြစ်ပါတယ်။ သမိုင်းမှာ ပျောက်ကွယ်သွားတဲ့ ဇီဝမျိုးစိတ်တွေ၊ လူသားမျိုးနွယ်တွေ၊ ရုက္ခဗေဒ အနွယ်တွေဟာ အနတ္တဂမ မဟုတ်လား။ သည်နေရာမှာ လူသားမျိုးနွယ်တွေ ဆက်ပြီးတည်တံ့ရှင်သန် တိုးပွားနေဖို့ အသင့်တော်ဆုံးအရာ (fittest) ဆိုတာဘာလဲ?

အချင်းချင်းသတ်ဖြတ်ပြီး အမည်ပညတ် သတ်မှတ်ထားတဲ့ အရာတွေကို သူပိုင်ငါပိုင်လူယူနေကြတာ၊ လူယူနိင်တဲ့ အရည်အသွေးတွေကို တိုးပွားအောင်လုပ်နေကြတာကိုပဲ ခေါ်မလား။ ဒါမှမဟုတ် လူသားအချင်းချင်း မတူကွဲပြားမှုတွေ၊ တွေ့ဆုံ ဆွေးနွေးအဖြေရှာပြီး ငြိမ်းငြိမ်းချမ်းချမ်း အတူလက်တွဲ နေထိုင်နိင်တဲ့ အရည်အသွေး (Capacity of Peaceful coexistence) ကိုပဲ အသင့်တော်ဆုံးအရာ (fitness) လို့ ခေါ်မလား။

လောကီဆိုတာ ဓမ္မနဲ့ အဓမ္မတိုက်ပွဲဖြစ်တာမို့ အဓမ္မနဲ့ ဓမ္မတိုက်ပွဲမရှိရင် လောကီ(လောဘ)ဆိုတာ မရှိနိင်ဘူးလို့ ဆရာကြီး ဦးရွှေအောင်ရေးတာ ဖတ်ဖူး မှတ်ဖူးပါတယ်။ သူက လောကမှာ လူရယ်လို့ဖြစ်လာရင် အဓမ္မဘက်တော်သား လုပ်မလား၊ ဓမ္မဘက်တော်သားအဖြစ် ရပ်တည်မလား တခုခုကို မရွေးမဖြစ် ရွေးရတော့မယ်လို့ ဆိုပါတယ်။

ကမ္ဘာကြီးမှာ မကြာသေးမီက လူ ၃ သိန်းလောက်သေကြေခဲ့တဲ့ ဟေတီ ငလျင်၊ ပိုသိသာအောင်ပြောရရင် မြန်မာပြည်မှ လူ ၂ သိန်းကျော်လောက် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်းတို့လို သဘာဝဘေးဒဏ် (Natural Disaster) အပြင် လူလုပ်တဲ့ ကပ်ဘေး (Man-made Disaster) အနီးစပ်ဆုံးဥပမာပြောရရင် မက္ကဆီကိုနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ပစ်ခတ်တိုက်ခတ်မှုတွေကြောင့် ၂ နှစ်အတွင်းမှာ လူ ၈ ထောင်သေတဲ့ စစ်ပွဲငယ်တခုပမာပြောလို့မှ မယုံနိုင်စရာပါပဲ။

ကမ္ဘာ့ရဲ့ ဘယ်ထောင့် ဘယ်နေရာမှာမှ လူသားတွေရဲ့ အသိဉာဏ်အဆင့်အတန်းနဲ့ ထိုက်တန်တဲ့ငြိမ်းချမ်းမှု၊ လုံခြုံမှုနဲ့ အနာဂတ် မျှော်လင့်ချက်တွေ တိုးပွားဖြစ်ထွန်းစေမယ့် အခြေအနေတွေကို ဖန်တီးနိုင်စွမ်းမရှိသေးပါ။ သံကိုသံဖျက် သံချေးတက်၏ ဆိုတဲ့စကားအတိုင်း လူကိုလူကပဲ ဖျက်စီးနိုင်မှာဖြစ်တာမို့ သည်ပျက်စီးအောင် လုပ်နိုင်မယ့် အဓမ္မဝါဒီတွေကို တားဆီးဖို့အတွက် ဓမ္မဝါဒီတွေအဖြစ် ညီညီညွတ်ညွတ်လုပ်ဆောင်ဖို့ အရေးဟာ ကမ္ဘာဂြိုလ်ပေါ်မှာ မှီတင်းနေထိုင်နေတဲ့ လူသားအားလုံးရဲ့ပဓာနနဲ့ အခြေခံကျတဲ့တာဝန်ပဲ ဖြစ်ပါတယ်။

မြင်းရည်တက်ဦးသာ
(၂၆၊ မတ်လ၊ ၂၀၁၀)

ဓာတ်ပုံ - အေအက်ဖ်ပီ

Friday, April 2, 2010

“ဒါတွေဟာ ဥပဒေတွေ မဟုတ်ပါဘူး။ သံခြေကျင်းတွေ၊ လက်ထိပ်တွေပါ” (နိဂုံးပိုင်း)

ဦးမောင်မောင်သန်း စီစဉ်တင်ဆက်သည့်

မြန်မာ့အရေး ကမ္ဘာအရေး အစီအစဉ်


ဘီဘီစီ။ ။
တကယ်လို့ မှတ်ပုံမတင်တဲ့လမ်းကြောင်းကို ရွေးမယ်ဆိုရင် ခုန ပါတီရဲ့တန်ဖိုးတွေ၊ ပါတီရဲ့ မျှော်မှန်းချက်တွေရော လက်တွေ့လုပ်ဖို့ လမ်းစရှိသေးရဲ့လား။ ဦးဝင်းတင် ပြောပါဦး။

ဦးဝင်းတင်။ ။ ကျနော်တို့ မှတ်ပုံတင်ခြင်းအားဖြင့် တိုင်းပြည်အကျိုးလုပ်နိုင်တယ်ဆိုတာက လုပ်နိုင်တဲ့ အနေအထားမျိုး ဖန်တီးပေးမှလည်း ဖြစ်တယ်ဗျ၊ ကျနော်တို့ ပြောနိုင်ပါတယ်၊ ဥပမာ အရေးတော်ပုံကြီးက ဖြစ်နေတယ်ဗျာ၊ ၁၉၈၈ မှာဖြစ်နေတယ်။ အရေးတော်ပုံအသံတွေက မဆိတ်သေးဘူး၊ အဲဒီအချိန်မှာ ပါတီတခု ဖွဲ့ခဲ့တယ်၊ နောက်တခါ ၁၉၉၀ မှာ ကျနော်တို့ခေါင်းဆောင်တွေ အဖမ်းခံနေရတဲ့ကြားထဲက ရွေးကောက်ပွဲ ဝင်ခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုတဲ့ အခါကျတော့ ခုနကပြောတဲ့ တိုင်းပြည်ရဲ့အကျိုးတွေကို ဆောင်ရွက်ချင်လို့၊ ဒီမိုကရေစီဆိုလို့ရှိရင် အဖွဲ့အစည်းနဲ့ စည်းနဲ့ ကမ်းနဲ့ လုပ်ချင်လို့။ ဒါကြောင်မို့ ကျနော်တို့ လုပ်ခဲ့ပါတယ်။ သို့သော် အခုပြန်ကြည့်ပါဗျာ။ သူတို့တွေ တိုင်းပြည်ကြီးကို နှစ်ပေါင်း ၂၀ ကျော် အုပ်စိုးလာပြီးတဲ့ အခါကျတော့လည်း ၁၉၈၈ လောက်အခြေအနေမျိုးတောင် မရှိတော့ဘူး၊ ကျနော်တို့မှာ ဒီမိုကရေစီ အခွင့်အရေးတွေ ဆိတ်သုဉ်းနေတယ်ဗျာ၊ လူ့အခွင့်အရေး အမျိုးမျိုး ချိုးဖောက်ခံနေရတယ်ဗျာ၊ လူတွေက မခံနိုင်တော့ဘူးဗျာ။ အကုန်လုံး ရှိသမျှ ချွတ်ခြုံကျအောင်ကို တိုင်းပြည်တခု၊ နိုင်ငံရေး အင်အားစု တခုရဲ့ ဂုဏ်သိက္ခာတွေရော၊ နိုင်ငံရေးမူဝါဒ ရည်မှန်းချက်ပန်းတိုင်တွေရော၊ နိုင်ငံရေးလုပ်ဆောင်ချက်တွေကို အကုန်လုံး ချိုးဖျက် ရိုက်ချိုးပြီးတော့ လုပ်တာပါ။ အဲတော့ ကျနော်တို့ မှတ်ပုံတင်တယ် မတင်ဘူးဆိုတာက ရှင်းရှင်းပြောရရင် အဲဒါတွေ ဘာမှ မရှိတော့တဲ့အတွက် ဆုံးဖြတ်မှာ။

ဘီဘီစီ။ ။ ကျနော်တို့ ဒီကနေ့မြန်မာ့အရေး ကမ္ဘာ့အရေးမှာ အဓိက ပြောနေတာက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြည်သူကနေပြီးတော့ ယုံကြည်လေးစားစွာနဲ့ ထောက်ခံမဲ အပြည့်အဝရထားတဲ့ ပါတီကြီးဖြစ်တဲ့ အတွက် သူရွေးတဲ့လမ်းကြောင်းဟာ မြန်မာ့နိုင်ငံရေးအပေါ်မှာ ရှေ့လျှောက်ဘာတွေဖြစ်လာနိုင်မလဲ၊ ရိုက်ခတ်နိုင်မလဲပေါ့။ တကယ်လို့ ပါတီမှတ်ပုံတင်မယ်ဆိုရင်ကော နိုင်ငံရေးအရ ဘာတွေဖြစ်လာနိုင်မလဲ။ ဦးထွန်းအောင်ကျော်ကနေပြီးတော့ ဆွေးနွေးပေးပါလား။

ဦးထွန်းအောင်ကျော်။ ။ ကျနော့်အနေနဲ့ကတော့ NLD ပါတီအနေနဲ့ ပါတီမှတ်ပုံတင်မယ်ဆိုရင် နအဖရဲ့ အခု တင်းကျပ်စွာ ထုတ်ပေးထားတဲ့ဥပဒေတွေအရ သူတို့က ပါတီမှာ အကျဉ်းကျနေတဲ့ ပါတီဝင်တွေကို ထုတ်ပစ်ရမယ်၊ အဓိက ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထောင်ထဲမှာရှိနေတဲ့ အမာခံ ပါတီ စည်းရုံးရေးမှူးတွေကို ထုတ်ပစ်ရမှာဖြစ်တယ်။ ၂၀၀၈ စစ်အခြေခံဥပဒေကြီးကို လက်ခံပါတယ်ဆိုတာ ဝန်ခံပြီးတော့ လက်မှတ်ထိုးရမယ့် အဆင့်ရှိမယ်။ ရွှေဂုံတိုင် ကြေညာစာတမ်းထုတ်ထားတဲ့ဟာကို ပယ်ဖျက်လိုက်ပြီးသားဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ပါတီရဲ့ဂုဏ်သိက္ခာကျဆင်းတဲ့အပြင် ပြည်သူတွေရဲ့ရှေ့မှာ မားမားမတ်မတ် တိုက်ပွဲမဝင်ရဲတဲ့ပါတီလို့ မြင်လာပြီးတော့ စည်းရုံးရေးပါ ကျဆင်းသွားနိုင်တဲ့ သဘောတွေ ရှိတယ်။ ပြည်သူတွေရဲ့ ခံစားချက် နစ်နာချက်တွေကို ကူညီဖြည့်စည်းပေးခြင်းဟာ နိုင်ငံရေးပါတီတွေရဲ့ အလုပ်ဖြစ်တယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ ဒုက္ခ သုက္ခတွေကို လျစ်လျူရှုပြီးတော့ ပါတီရပ်တည်ရေး ထိခိုက်မှာစိုးတဲ့အတွက် မလုပ်ဘဲနေပါတယ်ဆိုရင် ဒီပါတီကို ပြည်သူက ယုံကြည်ကိုးစားလို့ရမှာ မဟုတ်ဘူး။ ကျနော့်အနေနဲ့ကတော့ ရွေးကောက်ပွဲကို ထည့်မစဉ်းစားဘူး။ ၂၀၀၈ အခြေခံဥပဒေကို တဖက်သတ် အတည်ပြုပြီးကတည်းက ရွေးကောက်ပွဲဟာ ဒီမိုကရေစီအစိုးရတရပ် မဖြစ်လာဘူးဆိုတာ ရှင်းနေပြီ။ ဖြစ်နိုင်ရင် CRPP ကို အစိုးရတရပ် ဖွဲ့နိုင်ရင်ဖွဲ့စေချင်တယ်၊ နအဖမှာ ဘယ်လောက် အကျပ်အတည်းဖြစ်နေတယ်ဆိုတာ ကြည့်တတ်ရမယ်၊ တိုက်ပွဲဆိုတာ ဖော်ရဲမှ အောင်ပွဲဆိုတာ မြင်ရမှာ ဖြစ်တယ်။

ဘီဘီစီ။ ။ မှတ်ပုံမတင်ဘူးရင် ဖြစ်လာမယ့်အကျိုးဆက်တွေ ဘယ်လိုဆက်ပြီးတော့ အကောင်အထည်ဖော်မလဲ ဆိုတာ ဦးဝင်းတင် ဘယ်လိုပြောမလဲခင်ဗျ။

ဦးဝင်းတင်။ ။ ကျနော်ပြောချင်တာ သေချာတာတခု။ သူဟာသူရှိပြီးသား အရှိဖြစ်နေတဲ့ဟာ ဘာလဲဆိုရင် ပါတီကို မှတ်ပုံမတင်ဘူးဆိုရင် အဲဒါက ကျနော်တို့ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်တာပဲဗျ၊ ငြင်းပယ်လိုက်တာပဲ။ ပါတီကို မှတ်ပုံတင်မယ်ဆိုရင် ရွေးကောက်ပွဲလမ်းကို လက်ခံလိုက်ပြီးတော့ စစ်ကျွန်ဘဝကိုလျှောက်မယ့် လမ်းမကြီးအတိုင်း ဆက်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေအောင်လံကြီးကို လွှင့်ထူပြီးတော့ အဲဒီဟာကြီးကို လျှောက်သွားရမယ့်ဟာပဲ။ ကျနော်တို့လုပ်နိုင်တာက ဘာလဲဆိုတော့ ဒီနေ့ စစ်အစိုးရရဲ့ မတရားတဲ့ စစ်အာဏာရှင်စနစ်တည်မြဲဖို့ ကြိုးစားတဲ့ ရွေးကောက်ပွဲကို ငြင်းဆန်လိုက်တာပဲ၊ မှတ်ပုံတင်ခြင်း မတင်ခြင်းဆိုတာ ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်း မမှောက်ခြင်းဆိုတာရဲ့ အဖြေပဲ၊ အဓိပ္ပာယ်ပဲလို့ ကျနော် အဲဒီလိုပဲ ပြောချင်ပါတယ်။

“ကျနော်တို့လုပ်နိုင်တာက ဘာလဲဆိုတော့
ဒီနေ့ စစ်အစိုးရရဲ့ မတရားတဲ့
စစ်အာဏာရှင်စနစ်တည်မြဲဖို့ ကြိုးစားတဲ့
ရွေးကောက်ပွဲကို ငြင်းဆန်လိုက်တာပဲ၊
မှတ်ပုံတင်ခြင်း မတင်ခြင်းဆိုတာ
ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်း မမှောက်ခြင်းဆိုတာရဲ့အဖြေပဲ၊ အဓိပ္ပာယ်ပဲ”


ဘီဘီစီ။ ။ NLD က ဆုံးဖြတ်ချက်အဖြေတခုပေါ်လာလို့ ပြတ်ပြတ်သားသား သပိတ်မှောက်မယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းဘက်ကကြည့်ကြည့် ပြည်တွင်းကပဲဖြစ်ဖြစ် ဦးသိန်းကြည်ရဲ့သဘောထားကို ရှင်းပြပါဦး။

ဦးသိန်းကြည်။ ။ ၁၉၉၀ တုန်းက ဒီမိုကရေစီအပြောင်းအလဲဖြစ်ဖို့အတွက် ရွေးကောက်ပွဲဝင်ခဲ့ကြတာ။ အနှစ် ၂၀ ကြာတဲ့အထိ ဒီမိုကရေစီ အပြောင်းအလဲဖြစ်လာဖို့အတွက် တာဝန်ကျေပြွန်ခဲ့မှု ရှိ မရှိဆိုတာ ကျနော်တို့ လေ့လာသုံးသပ်ဖို့ လိုတယ်။ တခါဖူးမှ မရဘူးသေးတဲ့ ဒီမိုကရေစီအလေ့အကျင့် အခု ရတော့မယ်၊ လုပ်ရတော့မယ်။ အဲဒါကို အန်ကယ်ဦးဝင်းတင်တို့လို အတွေ့အကြုံရှိပြီး အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေ၊ ဦးထွန်းအောင်ကျော်တို့လို နိုင်ငံခြားမှာရောက်နေတဲ့ ပုဂ္ဂိုလ်တွေက ကောင်းတဲ့ဘက်က အကြံအဉာဏ် ပေးသင့်ပါတယ်။ ဘယ်လိုအကြံအဉာဏ်ပေးသင့်သလဲဆိုရင် ဒီမိုကရေစီဆိုတာ ဥပဒေအတွင်းကနေ သွားရတယ်၊ ဥပဒေအတွင်း သွားရတယ်ဆိုတဲ့ အလေ့အကျင့်တွေကို ပြည်သူတွေကို ချပေးမယ်၊ လမ်းခင်းပေးမယ်၊ ဦးဆောင်ပြမယ်၊ ဥပဒေဆိုတာ ဒီမိုကရေစီရဲ့ အသက်ပဲများလို့ ရှေးရှုပြီးဆောင်ရွက်ပေးမယ် ဆိုရင် အန်ကယ်လ် ဦးဝင်းတင်တို့ မခံနိုင်တာတွေ ခံနိုင်အောင်ရှိပြီး ပြည်သူလူထုနဲ့ တိုင်းပြည်အတွက် ဆောင်ရွက်ပေးပါလို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံပါတယ်။

ဘီဘီစီ။ ။ ကိုင်း… ဦးထွန်းအောင်ကျော်ရေ၊ ပြည်ပအဖွဲ့အစည်းတွေအနေနဲ့ရော ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းသင့်တယ်၊ ဒါ ဥပဒေလမ်းကြောင်းက ရွေးတာဆိုပြီးတော့ ဦးသိန်းကြည်တို့က ယူဆတယ်လေ။

ဦးထွန်းအောင်ကျော်။ ။ တရားဥပဒေဆိုတဲ့အပိုင်းနဲ့ ဥပဒေဆိုတဲ့အပိုင်းနဲ့ ခွဲပြီးတော့ ပြောဖို့လိုပါတယ်။ သူတို့ ထုတ်ထားတဲ့ ဥပဒေတွေဟာ တရားတဲ့ဥပဒေတွေဟုတ်သလား မဟုတ်ဘူးလားဆိုတာ အရင်ကြည့်ရမယ်။ ဒီဥပဒေတွေက တရားတဲ့ ဥပဒေတွေမဟုတ်ဘဲနဲ့ ဥပဒေတော့ ဥပေဒေပဲ၊ ဒါပေမယ့် ပြည်သူတွေကို ငါတို့ဖိနှိပ်ဖို့၊ နိုင်ငံရေးပါတီတွေကိုဖိနှိပ်ဖို့ ထုတ်ထားတဲ့ ဥပဒေတွေဆိုရင် ဒီဥပဒေတွေဟာ မတရားတဲ့ ဥပဒေတွေလို့ သတ်မှတ်မှာဖြစ်တယ်။ မတရားတဲ့ ဥပဒေတွေကို လက်ခံနိုင်စရာမရှိဘူး။ တရားတဲ့ ဥပဒေတွေဆိုရင် လက်ခံနိုင်မှာဖြစ်တယ်။ ဘာကြောင့် နအဖက ရွေးကောက်ပွဲလုပ်ဖို့ကြံစည်ရသလဲဆိုတာ ကြည့်ဖို့လိုတယ်။ အဲလိုကြည့်တဲ့အချိန်မှာ နအဖလိုလားတာက ပြည်တွင်းမှာ ရှိတဲ့ Internal legitimacy ကို လိုတာမဟုတ်ဘူး။ External legitimacy ကို လိုတာ။ ပြည်ပရဲ့ထောက်ခံမှုကိုလိုတဲ့အတွက် သူတို့က ရွေးကောက်ပွဲကိုလုပ်တာလို့ မြင်တယ်။ ပြည်တွင်းထောက်ခံမှုကို သေနတ်ထောက်ပြီး ယူထားတယ်။ အဲတော့ ငါတို့ ၂၀၁၀ ရွေးကောက်ပွဲ ပြီးရင်လည်း သေနတ်မိုးပြီးတော့ အုပ်ချုပ်အုံးမှာပဲဆိုတာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်းပဲ ပြောသွားပြီး သွားပြီ။ ဒီမိုကရေစီဟာ ၂၀၁၀ ရွေးကောက်ပွဲ ပြီးရင်လည်း မရဘူး။ ဒေါ်အောင်ဆန်းစုကြည်မပါဘဲနဲ့ NLD ပါတီရွေးကောက်ပွဲ ဝင်လာလို့ရှိရင်လည်း ရွေးကောက်ပွဲမှာ နိုင်ခြေမရှိဘူး။ အဲတော့ အဲလို ဒီဇိုင်းလုပ်ပြီးတော့ ဆင်ထားတဲ့အကွက်ထဲကို NLD ပါတီက ဝင်မယ်ဆိုရင် ပါတီအတွက် အရမ်းထိခိုက်နစ်နာမှာ ရှိတယ်။

ဘီဘီစီ။ ။ ဒီ ၂၉ ရက်နေ့ NLD CC ရဲ့အစည်းအဝေးက ထွက်ပေါ်လာမယ့်ရလဒ်ဟာ မြန်မာ့နိုင်ငံရေးအတွက် ဘယ်လို အကျိုးဆက်တွေဖြစ်ပေါ်နိုင်မလဲ၊ အဲဒါကို အကျဉ်းချုပ်ပြီးတော့ ပြန်ပြီးတော့ သုံးသပ်ပေးပါ။

ဦးဝင်းတင်။ ။ ဥပဒေဘောင်အတွင်းကပဲ လှုပ်ရှားဖို့ရည်ရွယ်ပါတယ်။ သို့သော် ဒီဥပဒေတွေဟာ မတရားတဲ့ ဥပတွေ ဖြစ်နေတယ်။ ဒီကွက်ကွက်ကလေး ပါတီမှတ်ပုံတင်ဥပဒေဆိုတာလောက်ကိုတောင်မှ တရားတဲ့ဥပဒေ မလုပ်နိုင်ဘူး၊ မတရားတဲ့ ဥပဒေဖြစ်နေပါတယ်။ ဒီမတရားတဲ့ဥပဒေတွေနဲ့ မလုပ်နိုင်ဘူး။ တခါ အဲဒါ လွန်သွားလို့ရှိရင်လည်း အနာဂတ်တခုလုံးဟာလည်း ၂၀၀၈ မတရားတဲ့ အခြေခံဥပဒေကြီးနဲ့ပဲ ဖြတ်သန်းရမှာမို့လို့ ဒါတွေဟာ ဥပဒေမဟုတ်ပါဘူး။ သံခြေကျင်းတွေပါ။ ဥပဒေတွေ မဟုတ်ပါဘူး၊ လက်ထိပ်တွေပါလို့ ကျနော် ပြောချင်ပါတယ်။

ဘီဘီစီ။ ။ ဘက်ပေါင်းစုံက နိုင်ငံတကာက ပြောသလို အားလုံးပါဝင်နိုင်ရေး၊ တရားတဲ့ဥပဒေတွေဖြစ်ဖို့ ရွေးကောက်ပွဲဝင်မယ့်သူတွေကရော စဉ်းစားထားတာ၊ လုပ်မယ့်ဟာတွေရှိလား ဦးသိန်းကြည်။

ဦးသိန်းကြည်။ ။ မတရားဘူး၊ တရားတယ်ဆိုတဲ့ ကိစ္စရပ်ကြီးဟာ ဒါ တနိုင်ငံလုံးကနေ Mandate ပေးထားတဲ့ Constitution တော့ ဖြစ်လာပြီ၊ ဒီအပေါ်မှာကြည့်ပြီးမှ ဘာလုပ်သင့်သလဲဆိုတဲ့ကိစ္စရပ်ကတော့ အန်ကယ် ဦးဝင်းတင်တို့ ဘာတို့ဘက်က ဆုံးဖြတ်သင့်တယ်။ အဲလိုမှမဟုတ်ဘူး၊ Boycott လုပ်မယ်ဆိုရင် ၈၈ ပုံစံ သွားရင်တော့ တိုင်းပြည် နာပါအုံးမယ်လို့ ကျနော်ပြောချင်ပါတယ်။

ဘီဘီစီ။ ။ အဲတော့ NLD ဟာ မြန်မာ့အနာဂတ်မှာ ပါတီအဖြစ်ရပ်တည်သည်ဖြစ်စေ၊ မရပ်တည်သည်ဖြစ်စေ ဘာလုပ်ပေးနိုင်မလဲ။

ဦးထွန်းအောင်ကျော်။ ။ ကျနော်တို့ NLD ဟာ ရပ်တည်နိုင်ရေးထက် ပြည်သူကို မျက်နှာမူပြီးတော့ ပြည်သူအတွက် တိုက်ရဲရမယ်၊ နအဖက ခွင့်ပြုမှ ပါတီရှင်သန်ခွင့်ရမှာမို့ဆိုတာ လူပျော့လူညံ့တွေရဲ့စကားသာ ဖြစ်တယ်။ ပါတီ ရှင်သန်ခွင့်ရပြီး လူထုက မထောက်ခံလို့ရှိရင်လည်း ပါတီဖျက်သိမ်းခံရတာနဲ့ အတူတူပဲ။

သောတရှင်များခင်ဗျား၊ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုအများဆုံးရရှိခဲ့တဲ့ NLD ပါတီကြီးရဲ့ မကြာမီထွက်ပေါ်လာမယ့် အဆုံးအဖြတ်ဟာ အခုကြားခဲ့ရတဲ့အတိုင်း မြန်မာ့နိုင်ငံရေးအနာဂတ်အတွက် အလွန် အရေးပါတာတွေ့ရှိရကြောင်း စီစဉ်တင်ဆက်လိုက်ရပါတယ် ခင်ဗျာ။

မတ်လ ၂၆ ရက် ၂၀၁၀ ပြည့် သောကြာနေ့ည ဘီဘီစီ (မြန်မာပိုင်းအစီအစဉ်) မှ ထုတ်လွှင့်သည့်
မြန်မာ့အရေး ကမ္ဘာ့အရေး အစီအစဉ်ကို ပြန်လည်ကူးယူဖော်ပြပါတယ်။


Thursday, April 1, 2010

“ဒါတွေဟာ ဥပဒေတွေ မဟုတ်ပါဘူး။ သံခြေကျင်းတွေ၊ လက်ထိပ်တွေပါ”

ဦးမောင်မောင်သန်း စီစဉ်တင်ဆက်သည့်
မြန်မာ့အရေး ကမ္ဘာအရေး အစီအစဉ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာရှေ့လျှောက် ဘယ်လိုရပ်တည်မယ်ဆိုတဲ့ မြန်မာ့မျက်မှောက် နိုင်ငံရေးလောကမှာ အရေးအကြီးဆုံးလို့ ပြောနိုင်တဲ့ကိစ္စကို လာမယ့်မတ်လ ၂၉ ရက်နေ့မှာ ဆုံးဖြတ်ချက် ချရတော့မှာ ဖြစ်ပါတယ်။

ဒီတော့ NLD ပါတီအနေနဲ့ နိုင်ငံရေးပါတီအနေနဲ့ ဆက်လက်မှတ်ပုံတင်ရင် ဘာတွေအကျိုးဆက်ဖြစ်နိုင်မလဲ။ နိုင်ငံရေးပါတီအဖြစ်မှတ်ပုံမတင်ရင်ရော ဘယ်လိုဖြစ်နိုင်မလဲ။ လက်ရှိမြန်မာ့နိုင်ငံရေးမှာ လူအများဆုံး မေးမြန်းနေကြတဲ့အကြောင်းကို ကျနော်တို့ မြန်မာ့အရေး ကမ္ဘာ့အရေးအစီအစဉ်ကနေပြီးတော့ အပြန်အလှန် ပြောဆိုဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ကျနော်နဲ့အတူ ပါဝင်ဖို့အတွက် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင်၊ နောက်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ တသီးပုဂ္ဂလလွှတ်တော်အမတ်ဟောင်း ဦးသိန်းကြည်နဲ့ လွတ်လပ်သော မြန်မာ့လူ့ဘောင်အဖွဲ့အစည်း Civil Society for Burma ဥက္ကဋ္ဌ အမေရိကန်အခြေစိုက် ဦးထွန်းအောင်ကျော်တို့ ကျနော်နဲ့ ပါဝင်ဆွေးနွေးကြမှာဖြစ်ပါတယ်။

NLD ဗဟိုဦးစီးကော်မတီဝင် အစည်းအဝေးကို လာမယ့် ၂၉ ရက်မှာလုပ်မှာဆိုတော့ တိကျတဲ့အဖြေ တစုံတရာကို အခုအခါမှာ ပြောလို့မရသေးပေမယ်လို့ သဘောထားအမြင်တွေ ပါတီတွင်းက ထွက်နေတဲ့ အသံတွေကြားနေရတဲ့အတွက် လက်ရှိ NLD ပါတီရဲ့အနေအထားကို ဦးဝင်းတင် ကနေပြီးတော့ စတင်ပြီးတော့ ပြောပြပေးပါခင်ဗျ။

ဦးဝင်းတင်။ ။ အခုလာမယ့် မတ်လ ၂၉ ရက်နေ့မှာ ရွေးကောက်ပွဲဥပဒေများအရပေါ့နော်၊ (ပါတီများ မှတ်ပုံတင် ဥပဒေအရ) ကျနော်တို့ပါတီကို မှတ်ပုံတင်မလား၊ မတင်ဘူးလားဆိုတာ ကျနော်တို့ ဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်တဲ့နေရာမှာ အဆင့်အားဖြင့် အဆင့် ၃ ဆင့်ရှိတယ်လို့တောင် ပြောလို့ရတယ်ပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ CEC ရယ်၊ CC ရယ်ပေါ့လေ။ ဒီမှတ်ပုံတင်ဥပဒေဟာ မတရားဘူး၊ ဒီမှတ်ပုံတင် ဥပဒေနဲ့ ဗမာပြည်ရဲ့နိုင်ငံရေးရေးပြဿနာတွေကို ဘာမှဖြေရှင်းနိုင်မှာ မဟုတ်ဘူး၊ အထူးသဖြင့်ကတော့ NLD လို အဖွဲ့အစည်းတခု အတွက် နိုင်ငံရေးဂုဏ်သိက္ခာ ဘာမှကို ခြူးတပြားလောက်မှ မကျန်လောက်အောင် ဖြစ်သွားမယ့်အနေအထားကို ရောက်မယ့်ဥပဒေဖြစ်တဲ့အတွက် မှတ်ပုံမတင်ဘူးလို့ ဗဟိုကော်မတီဝင်အများစုက သဘောထားရှိနေပါပြီ။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ သူလည်း မှတ်ပုံတင်ဖို့ကို လုံးဝ လက်မခံနိုင်ဘူးလို့ ပြောလိုက်တဲ့အခါကျတော့ ကျနော်ထင်တယ်၊ လာမယ့် မတ်လ ၂၉ ရက်နေ့မှာ ပါတီရဲ့ သဘောထားကတော့ ဒီဥပဒေတွေအရကတော့ မှတ်ပုံတင်ဖို့ကို သဘောထားပေးမယ်၊ သဘောတူမယ့် အနေအထား မရှိတော့ဘူးလို့။

ဘီဘီစီ။ ။ ဆရာဦးဝင်းတင်ခင်ဗျာ့၊ တကယ်လို့ မှတ်ပုံမတင်တဲ့ဘက်က အများဆန္ဒကြောင့် အနိုင်ရသွားရင် စစ်တပ်အစိုးရကလည်းပဲ သူတို့ရည်ရွယ်ချက်ကိုက NLD မပါနိုင်အောင်ဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကနေ ထုတ်ပယ်အောင်ဖြစ်စေ ရည်ရွယ်တယ်လို့ ဝေဖန်မှုတွေထွက်နေတဲ့အတွက် သူတို့ရဲ့စိတ်တိုင်းကျ ဖြစ်သွားတယ်လို့ရော မပြောနိုင်ဘူးလား။

ဦးဝင်းတင်။ ။ အမှန်အတိုင်းပြောရရင် အရပ်ထဲကလူတွေပြောသလောက် နအဖ အစိုးရဟာ နလဗိန်းတုံး မဟုတ်ဘူး။ သေချာကို တွက်ချက်ပြီးတော့ သူတို့ချိန်ဆလုပ်တယ်လို့ ကျနော်က ယူဆတယ်။ အရပ်ထဲက ပြောတဲ့စကားမျိုးကို ကျနော် လက်မခံနိုင်ပါဘူး။ ထွက်ရင်ပြီးရောဆိုတဲ့ဟာက ဒါ အရပ်စကားပဲဗျ။ နအဖ က ဒီလိုတွက်တာ မဟုတ်ဘူး၊ နအဖက အကုန်လုံးတွက်ပါတယ်။ တွက်တော့ အမှန်အတိုင်းပြောရရင် ကျနော်တို့ NLD မပါဝင်ခြင်းကို နအဖက လုံးဝ မလိုလားဘူး။

ဘီဘီစီ။ ။ NLD မပါတာကိုနအဖက ဘာကြောင့်မလိုလားဘူးလို့ ဆရာဦးဝင်းတင်က ယူဆတာလဲ ခင်ဗျ။

ဦးဝင်းတင်။ ။ တကမ္ဘာလုံးကလည်း ကုလသမဂ္ဂတို့၊ အမေရိကန်တို့၊ အာဆီယံတို့၊ တရုတ်သည်ပင်လျှင် အားလုံး ပါဝင်ပတ်သက်စေချင်တယ်။ ဒီနိုင်ငံရေးဖြစ်စဉ်ကြီးတခုလုံးမှာ ရွေးကောက်ပွဲတွေမှာဖြစ်ဖြစ်၊ ဗမာပြည်ရဲ့ နိုင်ငံရေး ဖြစ်စဉ်တခုလုံးမှာဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်စေချင်တယ်။ NLD ပါဝင်စေချင်တယ်။ အဲဒါမှ မပါဝင်စေချင်ဘူးဆိုရင် အဲဒီနိုင်ငံရေးဖြစ်စဉ်ပေါ်မှာမှီပြီးတော့ ပေါ်ပေါက်လာမယ့် ရွေးကောက်ပွဲတို့၊ လွှတ်တော်တို့၊ အစိုးရအဖွဲ့တို့ ဆိုတာကလည်း Credible မဖြစ်ဘူးပေါ့ဗျာ၊ အများယုံကြည် စိတ်ချရနိုင်တဲ့ အနေအထားမရှိဘူး။ အများယုံကြည်ခြင်းမရှိတဲ့ လွှတ်တော်တို့၊ ရွေးကောက်ပွဲတို့၊ အစိုးရအဖွဲ့တို့ ဆိုတာဟာ ကမ္ဘာကနေအသိအမှတ်ပြုခြင်း မပေးနိုင်တဲ့ အနေအထားရှိတယ်ဆိုတာ နအဖက တွက်ပြီးသားဗျ၊ တွက်ပြီးသား။ မပါဝင်တာကို သူတို့အကြိုက်ဖြစ်တာလို့ ကျနော်တို့က မယူဆဘူး။ သူတို့မှာ အခက်အခဲတွေ အများကြီးကို ဖြစ်သွားနိုင်ပါတယ်။ အဲဒါကြောင့် ပါတီထဲမှာ တချို့လူတွေအကုန်လုံးက နေပြီးတော့ NLD အနေနဲ့ မှတ်ပုံတင်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေလမ်းကြောင်းကြီးကိုပဲ ကျနော်တို့က လျှောက်ပါတော့မယ် ဆိုတာမျိုးဟာ အမှန်အတိုင်းပြောရရင် နအဖ အလိုကျဖြစ်နေတာ။ နအဖ က အဲဒါမျိုးကို ကြိုက်တာ။ ကျနော်တို့ကကြိုးစားနေတာ ဘာလဲဆိုတော့ နအဖ အကြိုက်ကို မလိုက်နိုင်ဘူး။ အထူးသဖြင့်က ဒီရွေးကောက်ပွဲဥပဒေ၊ မှတ်ပုံတင်ဥပဒေတွေဟာ လုံးဝလည်း မတရားပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အတိုင်းပဲ တရားလည်း မတရားပါဘူး၊ လက်ခံနိုင်စရာလည်း မရှိပါဘူး။

ဘီဘီစီ။ ။ NLD ပါတီရဲ့အနေအထားဟာ အများကယူဆတာဟာ NLD ပါတီတခုတည်းတင်မဟုတ်ဘူး၊ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်တို့လို နောက်ပြီးတော့ နိုင်ငံရေးသမားတွေလည်း အများကြီး ထောင်ကျနေတာတွေလည်း ရှိတယ်လေ။ အဲဒါတွေနဲ့လည်း သက်ဆိုင်နေတော့ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေး ခုန ဦးဝင်းတင်ပြောပြတဲ့ ဆွေးနွေးချက်တွေအပေါ်မှာ ဦးသိန်းကြည်က ဘယ်လိုယူဆလဲ။

ဦးသိန်းကြည်။ ။ ဒါ အန်ကယ်ဦးဝင်းတင်တို့ကတော့ သူ့အမြင်အရပြောတာပေါ့လေ။ အကယ်၍သာ ကျနော် တခုပြောပြမယ်။ တိုင်းပြည်နဲ့ လူမျိုးမျက်နှာကြည့်မယ်ဆိုရင် ဒီမိုကရေစီရဲ့ အလေ့အကျင့်ပေးချင်တယ်ဆိုရင် ပါတီမှတ်ပုံတင်သင့်ပါတယ်။ နောက်တချက် ကျနော်ပြောချင်တာကဘာလဲဆိုတော့ ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးသွားခဲ့တယ်ဗျာ။ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးသွားခဲ့တဲ့အခါမှာ ဖဆပလကြီးက လွတ်လပ်ရေး ရအောင် မလုပ်နိုင်ဘူးလို့ဆိုတဲ့ အခြေအနေမျိုးမရှိဘူး။ သူတို့တွေ လွတ်လပ်ရေးရအောင် ကြိုးစားခဲ့တယ်။ သူတို့ကြိုးစားခဲ့တဲ့အတွက်ကြောင့် ကျနော်တို့ ဒီနေ့လွတ်လပ်ရေးတွေ ရနေတယ်။ ထိုနည်းလည်းကောင်းပဲ ဦးဝင်းတင်တို့အနေနဲ့တော့ ဘာပဲပြောပြော ပါတီမှတ်ပုံတင်ပြီးတော့ ပြည်သူလူထုကို ကောင်းကောင်းမွန်မွန်နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် တင်ပေးနိုင်ခဲ့မယ်လို့ ကျနော်တို့က ယုံကြည်တယ်။ အသက်အရွယ်တွေလည်း ကြီးကုန်ပြီ။ တိုင်းပြည်အတွက် အစဉ်အလာကောင်းတွေ ချခဲ့ပေးဖို့တော့ မျှော်လင့်ပါတယ်၊ ကျနော့်အနေနဲ့ကတော့။

ဘီဘီစီ။ ။ ဦးဝင်းတင်အနေနဲ့ကရော အဲဒါကိုလက်မခံနိုင်ဘူးလား။

ဦးဝင်းတင်။ ။ ကျနော်တို့ ဒီမိုကရေစီအစဉ်လာကောင်းတွေကိုပေးချင်တဲ့အတွက် ကျနော်တို့ ဒီကနေ့အထိ ထောင်ကျလည်း လုပ်ခဲ့တယ်၊ ထောင်မကျခင်ကလည်း နိုင်ငံရေးလုပ်ခဲ့တယ်၊ ထောင်ထဲမှာလည်း နိုင်ငံရေး လုပ်ခဲ့တယ်။ ထောင်ထဲက ထွက်လာလည်း ဒီကနေ့ နိုင်ငံရေးလုပ်နေတယ်။ ဘာတွေလုပ်နေလဲဆိုတော့ ဒီမိုကရေစီ အစဉ်အလာကောင်းတွေ ပေါ်စေချင်လို့လုပ်နေတာ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမိုကရေစီ အစဉ်အလာတွေကို လွန်ဆွဲသလို ဆွဲနေရတာက စစ်အာဏာရှင်စနစ်နဲ့ လွန်ဆွဲနေရတာ။ ကျနော်တို့ ဆွဲနေရခြင်းသည်ပင်လျှင် အစဉ်လာကောင်းတွေ ဖြစ်စေချင်လို့၊ ခြေလှမ်းကောင်းတွေပေါ်စေချင်လို့၊ ဒီမိုကရေစီ အစဉ်အလာကောင်းတွေ ပေါ်စေချင်လို့ ကျနော်တို့ လုပ်နေတာဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ်နဲ့ ဆန့်ကျင်ပြီး လုပ်နေခြင်းဖြစ်ပါတယ်။ ဒါသည်ပင်လျှင် ကျနော်တို့ဟာ ဒီမိုကရေစီအလားအလာများ၊ ဒီမိုကရေစီ အစဉ်လာများအတွက် ဘယ်လောက်ကျနော်တို့ ဦးတည်ချက်ထားတယ်၊ အလေးထားတယ်ဆိုတာ သိသာပါတယ်ဗျာ။ ဦးသိန်းကြည် အခု ပါစေချင်ပါတယ်ဆိုတဲ့စကားထက် အဆပေါင်း ရာပေါင်းထောင် နအဖ အစိုးရက ပါစေချင်ပါတယ်။ သို့သော် ဒီမှတ်ပုံတင်ဥပဒေကြီးကို ပြန်ဖတ်ကြည့်ပါ၊ ဘယ်လိုမှ လက်မခံနိုင်တဲ့ ဟာမျိုးတွေ၊ အနိုင်ကျင့်တာတွေ၊ တဖက်စောင်းနင်း လုပ်တာတွေ၊ လက်ဦးမှုယူတာတွေ၊ ပါတီတို့ ခေါင်းဆောင်မှုတို့မှာ ပြိုကွဲအောင်လုပ်တာတွေက အများကြီး ထင်ရှားနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ နိုင်ငံရေးခေါင်းဆောင်တွေ ထောင်ကျနေခြင်းဟာ နိုင်ငံရေးလုပ်ခြင်းဖြစ်တယ်လို့ ယူဆတဲ့အတွက် ထောင်ထဲမှာရှိနေတဲ့ NLD ခေါင်းဆောင်တွေကို CC ထဲမှာ သွင်းနေတဲ့အချိန်မှာ ဒီလူတွေကို ကန်ထုတ်ဖို့ လုပ်နေပါတယ်။

ဘီဘီစီ။ ။ ဥပဒေတွေက တရားသဖြင့်မရှိတဲ့အတွက် ဦးကျိုးအောင်လုပ်တယ်ဆိုရင် ဦးသိန်းကြည်တို့ လက်ခံတဲ့ လူတွေကရော ဘယ်လိုတုန့်ပြန်မှုရှိလဲ ဦးသိန်းကြည်။

ဦးသိန်းကြည်။ ။ ကျနော်တို့အနေနဲ့ကတော့ အမျိုးသားညီလာခံလည်း တက်ခဲ့တယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးစနစ်ဟာ အမျိုးသားညီလာခံမှတဆင့် ပြောခဲ့တယ်၊ ဆိုခဲ့တယ်၊ တင်ပြခဲ့တယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အသေးစိတ် အချက်အလက်တွေ ရှိပါတယ်။ အဲဒါတွေကို ပြည်သူလူထုကို စနစ်တကျ အကောင်အထည်ဖော်ပေးဖို့ဟာ အန်ကယ်ဦးဝင်းတင်တို့ ပါတီကြီးအနေနဲ့ဟာ အင်မတန်မှ တာဝန်ကြီးပါတယ်။ ထုသား ပေသားရှိတဲ့ ပါတီတွေဟာ တိုင်းပြည်မျက်နှာထောက်ရင် မှတ်ပုံတင်ပြီးတော့ ဆောင်ရွက်စေချင်ပါတယ်။ ထောင်ကျတဲ့ကိစ္စတွေကို ဒါတွေကို အာဃာတထားနေမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ဟာ ရှေ့တိုးလို့ မဖြစ်ဘူး။ အန်ကယ်လ်တို့ဆိုလို့ရှိရင် အများကြီးအသက်တွေလည်း ကြီးကုန်ကြပါပြီ။ ထောင်ကျတဲ့အထဲမှာ ဆိုလို့ရှိရင် နယ်ဆင်မန်ဒဲလားဟာ ၂၇ နှစ်အထိ ကျခဲ့တယ်။ ဒါပေမယ့် သူ့တိုင်းပြည်နဲ့ သူ့လူမျိုးတွေအတွက် ဒီကလပ် အစိုးရနဲ့ပေါင်းပြီးတော့ ဒီမိုကရေစီလမ်းကို သူကိုယ်တိုင် ခင်းပေးနိုင်ခဲ့ပါတယ်။ အဲဒီလို အနေအထားမျိုးနဲ့ အန်ကယ်တို့ ပါတီအနေနဲ့ ဒီဟာလေး ငါတို့တိုင်းပြည်နဲ့ ငါတို့လူမျိုးအတွက် ဒီစနစ်က၊ ဒီအခြေအနေကနေပြီးတော့ တိုင်းပြည်တည်ဆောက်ရေးနဲ့ အကူးအပြောင်းကို ငါတို့မှာတာဝန်ရှိတယ်လို့ နှလုံးသွင်းပြီးတော့လေ မှတ်ပုံတင်စေချင်ပါတယ်၊ ကျနော့်အနေနဲ့ကတော့။

ဆက်လက်ဖော်ပြပါမယ်။

ကျောင်းသား ထောင် တော်လှန်ရေးသမား (၄၃)

နောက်ပြီးတော့မှ ဒီဘက်က ဦးမြသန်းတင့်တို့၊ ကိုအောင်မေသုတို့နဲ့ အဆက်အသွယ် ရတယ်။ အဲဒီနောက် တဖြည်းဖြည်း ဝါဒါအလစ်မှာ စကားပြော ဖြစ်ကြတယ်။ ကျနော်တို့ ထမင်းပို၊ ဟင်းပိုတွေ ရှေ့ကို ပစ်လိုက်လို့ရှိရင် ဆက်ရက်တွေက လာစားတယ်။ ကျနော်တို့ အနားမှာ ဆက်ရက်တွေရှိတဲ့ အခါကျတော့ ကောင်းတယ်။ ဘာကောင်းလည်းဆိုတော့ ဝါဒါလာရင် ဆက်ရက်တွေက ထပြန်တယ်။ ဝါဒါ လာ မလာ ကျနော်တို့ သိနိုင်တယ်။

ဒါပေမယ့် စကားအပြောများတာကတော့ ညပိုင်း ပိုပြောကြတယ်။ ခုနက ကိုထွန်း အောင်ကျော်နဲ့ ကျနော်က ကိုးကိုးကျွန်းပေါ်တုန်းက လေ့လာရေးအတူတူပဲ ဆိုတော့ ပြောစရာတွေက အများကြီး၊ နောက် ဒီဘက်က ဦးမြသန်းတင့်တို့ ကို အောင်မေသုတို့နဲ့ကလည်း စကားကပြောမယ်ဆိုရင် ပြောစရာတွေအများကြီး …။

ကျနော်မှာ မှတ်မှတ်ရရပြောချင်တာတခုက ဦးမြသန်းတင့်က ကျနော့်ကို သူခေါင်းထဲမှာ စဉ်းစားထားတဲ့ သူစာရေးမယ့် အကြောင်းအရာတွေကို ပြောပြတယ်။ ညတိုင်းမှာ တခုချင်း တခုချင်း ပြောပြတယ်။ သိပ်စိတ်ဝင်စားစရာ ကောင်းတယ်။ သူ ထောင်ထွက်လာပြီးတဲ့အခါမှာ သူ ပထမဆုံးရေးတဲ့၊ လူကြိုက်လည်းများတဲ့ ‘ကျနော်ဆက်ရေးချင်သော ဝတ္ထုများ’ အကြောင်းကို သူ အဲဒီမှာ ကျနော့်ကို ပြောပြတာ။ တခြား ဘယ်သူ့ကိုမှ မပြောပြသေးဖူးဘူး။ ဒါ ကျနော် ခုမှ ပြန်ပြောတာ ဂုဏ်လည်းယူတယ်။ သူရေးမယ့်သူတွေရဲ့ တဦးချင်းရဲ့ ဝတ္ထုတွေကို သူက အသေးစိတ်ပြောပြတာ။

နောက်ပြီးတော့ သူ ဘယ်လိုလုပ်မယ်၊ အရင်စာရေးဆရာတွေထဲက ဘယ်အချက်ကို အားမရတာ၊ ဒါကြောင့်မို့လို့ ဒီခေတ်အမြင်နဲ့ ပြန်ရေးမယ်ဆိုရင် ဘယ်လိုရေးမယ်ဆိုတာကို သူက အသေးစိတ်ပြောပြတာ။ ဟာ … ကျနော်လည်း သဘောကျလွန်းလို့ “ ဦးရယ်… ထွက်ရင် ရေးဖြစ်အောင်ရေးပါ” လို့ တိုက်တွန်းတာ။

ဦးလေးဦးမြသန်းရဲ့ ထူးခြားချက်တခုက စာတွေ အများကြီးဖတ်တာတင်မကဘူး။ အများကြီး မှတ်မိတာ။ ခုနက ပြောတဲ့ သူရေးချင်တဲ့ ‘ကျနော်ဆက်၍ရေးချင်သော ဝတ္ထုများ’ ဆိုတာ အရင် အနှစ် ၃၀ ကျော်လောက်က ဟာတွေ၊ စစ်မဖြစ်ခင် ကဟာတွေ။ အဲဒါတွေကို သူက အကုန် အသေးစိတ်မှတ်မိနေတာ။ ဇာတ်ကောင်တွေ နာမည်ကအစ အသေးစိတ်တွေ။ အတော့်ကို အံသြဖို့ ကောင်းတာ။ အဲဒါအပြင် အခြားပြည်တွင်း ပြည်ပက စာပေရေးရာ အကြောင်းတွေလည်း အများကြီး ပြောကြတယ်။ ကျနော်က နားထောင်တာပါ။ ကျနော်က ပြောစရာ သိပ်မရှိပါဘူး။

ကိုအောင်မေသုကတော့ ကျနော့်ကို အင်းစိန်ထောင် ဗဟုသုတပေါ့လေ။ ကျနော်တို့ကို တာဝန်ယူတဲ့ အာဏာပိုင်တွေ၊ ဝါဒါတွေအကြောင်း အကုန်လုံး မိတ်ဆက်ပြတယ်။ အင်းစိန်ထောင်မှာ ဆောင်ရန် ရှောင်ရန်တွေလည်း ပြောတယ်။ သူက ကျနော့်ထက် ၄/၅ နှစ်လောက် ကြီးမလား မသိဘူး။ သူက ရဲဘော်တွေကို ခေါ်ရင် ဘယ်တော့မှ တုံးတိကြီး မခေါ်ဘူး။ နာမည်ရှေ့မှာ ‘ရဲဘော်’ တပ်ပြီး ခေါ်တယ်။ စကားပြောရင်လည်း ဘယ်တော့မဆို ‘ခင်းဗျား … ကျနော်’ ပဲပြောတယ်။ ကျနော်တို့အထဲမှာ အသက်အငယ်ဆုံးဖြစ်တဲ့ ကိုလှဋ္ဌေးကိုတောင်မှ ‘မင်း … ငါ’ မပြောဘူး။

ကျနော်တို့ ရန်ကုန်ထောင်ကိုရောက်တဲ့အခါ ဆောင်းဝင်စပြုနေပြီ။ နောက်ပိုင်း ဆောင်းတွင်းကိုရောက်တဲ့အခါ မနက်ပိုင်းနဲ့ ညပိုင်းမှာ အတော်လေးအေးတယ်။ ရှေ့တံခါးက ပိတ်မထားတော့ အမြဲပဲ လေဝင်တယ်။ ကျနော်တို့ကို ပေးထားတာ ဘာဘူစောင်အစုတ်ကလေး တထည်တည်း။

ညမှာဆိုရင် အောက်က အခင်းမရှိတဲ့၊ ၄ လက်မလောက်မြင့်တဲ့ ပျဉ်ပြား ကွပ်ပျစ်ပေါ်မှာ အဲဒီ ဘာဘူစောင်လေးနဲ့ ကွေးရတာပဲ။ မနက် အိပ်ယာအစောကြီး ထရတယ်။ ထပြီး အဲဒီစောင်ကို ခေါက်၊ အဲဒီကွပ်ပျစ်ပေါ်မှာ ရှေ့ကခင်း၊ အဲဒီစောင်ခေါက်ရဲ့ နောက်မှာ တင်ပလ္လင်ခွေထိုင်ပြီး လာစစ်မယ့် ထောင်မှူးကို စောင့်ရတာ။ သူတို့ ဘယ်အချိန်မှလာမလဲ အတိအကျ မပြောဘူး။ အဲဒီလို တုပ်တုပ်မှမလှုပ်ဘဲနဲ့ ထိုင်ပြီးတော့ စောင့်ရတာ။ အေးကလည်း အေး၊ ချမ်းကလည်း ချမ်း၊ စောင်လည်း ခြုံလို့မရဘူး။ စောင်က ရှေ့မှာ ခေါက်ပြီးတော့ ထားရတာ။ တခါတလေ နာရီဝက်လောက်ကို အကြာကြီး ထိုင်စောင့်ရတာ။

တနေ့တော့ ကျနော်က ထောင်မှူးလည်းမလာသေးတော့ စောင်ကိုယူပြီး ကိုယ်မှာပတ်ထားတယ်။ ဒီလိုအချိန်မှာ ထောင်မှူးဆိုတဲ့ကောင်က ဘာသံမပေး၊ ညာသံမပေးနဲ့ ဗြုန်းဆို ပေါက်ချလာရော။ ရောက်လာတော့ ကျနော်က စောင်ကို ကမန်းကတန်း ပြန်ခေါက်တယ်။

ဒါပေမယ့် မမီတော့ဘူး။ အဲဒီကောင်က တွေ့သွားတယ်။ အဲဒီမှာ ဒီကောင်က ရှူးရှူးရှားရှားနဲ့ ပါလာတဲ့ ဝါဒါ ၂ ယောက်ကို တံခါးဖွင့်ခိုင်း၊ ဝင်လာပြီး ကျနော်ကို လက်ပိုက်ခိုင်းပြီး သူစီးထားတဲ့ ဖိနပ်ကိုချွတ်ပြီး ကျနော့်ပါးကို ရိုက်တာပဲ။ ကျနော့်ပါးကို ရိုက်တာ။ ကျနော့်တသက်မှာ ဒါမျိုး ကျနော် ဘယ်လိုမေ့လို့မလဲ။ အခဲရော ဘယ်ကျေနိုင်မလဲ။ အဲဒီ ထောင်မှူးဆိုတဲ့အကောင်ရဲ့ နာမည်က ‘သောင်းရွှေ’ တဲ့။ အရင်က အင်မတန် ဆိုးတယ်လို့ နာမည်ကြီးတဲ့သူ။ ရုပ်က သွေးမရှိတဲ့ရုပ်မျိုး။ အင်မတန် ရက်စက်တဲ့ရုပ်မျိုး။

အဲဒီလိုနဲ့ တနေ့မှာကျတော့ ကျနော်တို့ကို စာမေးပွဲ ဖြေခိုင်းတယ်။ သူတို့ မေးခွန်းတွေကို ဖြေရတာပေါ့။ အရင်တုန်းက လုပ်နေကျအတိုင်း မေးခွန်းတွေကလည်း အရင်ကအတိုင်းပဲ။ ကျွန်းမပို့ခင် မန္တလေးထောင်မှာ မေးတဲ့အတိုင်း။ နောက် ကျွန်းပို့ခါနီး အင်းစိန် တွဲဖက်ထောင်ထဲမှာ မေးတဲ့အတိုင်း ဘာမှမကွဲဘူး။ ကျနော်ကလည်း ဖြေတော့ အဲဒီအတိုင်းပဲ။ ဘာမှ မကွဲဘူး။ အဲဒီနောက် ကျနော်တို့ကို အခန်းပြောင်းတာတွေ လုပ်တယ်။ ကျနော့်ကို ၄ တိုက်ရဲ့ ဒီဘက်အဆုံးကနေ ဟိုဘက်အဆုံးကို ပို့လိုက်တယ်။

ကျနော်နဲ့အတူနေရတဲ့သူက ကျနော်တို့ ကိုကိုးကျွန်းက ပြန်လာတဲ့ ဦးတင်ညွန့်။ ဗမာပြည်ကွန်မြူနစ်ပါတီကပဲ။ ဝါရင့် တော်လှန်ရေးသမားတယောက်။ ကျနော့်ထက် အသက်အများကြီး ကြီးတယ်။ ကျနော့်အပေါ် အင်မတန်မှ ကြင်နာတယ်။ စိတ်ရင်းစေတနာ သိပ်ကောင်းတယ်။ ပါတီဗဟိုရဲ့ ဆက်သားအဖြစ် သူ့လုပ်ကိုင်ခဲ့ပုံတွေကို ပြောပြောပြတယ်။ အင်မတန် စိတ်ဝင်စရာကောင်းတယ်။

၂ ယောက်သား ကျွန်းအကြောင်းတွေ၊ အာဇာနည်အကြောင်းတွေ ပြောဖြစ် ကြတယ်။ ကျနော်ကတော့ သူ့ဆီကနေ လေ့လာစရာတွေ အများကြီးပေါ့ လေ။ သူပြောသမျှ မှတ်ထားရတာပေါ့။ ကျနော်တို့တိုက်ထဲမှာ နေရတဲ့အခါကျတော့ ဘာမှလုပ်စရာရှိတာ မဟုတ်ဘူး။ ကျန်းမာရေးလေ့ကျင့်ခန်း လုပ်ဖို့ဆိုတာလည်း ၂ ယောက်အတူနေရတဲ့အခါကျတော့ ဘာမှလုပ်လို့မဖြစ်ဘူး။ အခန်းက ကျဉ်းကျဉ်းလေး။

အထူးသဖြင့် ကိုယ့်ထက်အသက်ကြီးတဲ့ လူကြီးတယောက်နဲ့ အတူနေရတာ ဆိုတဲ့အခါကျတော့ လှုပ်ရှားမှုက ပိုပြီးတော့ သတိထားရတယ်။ ဦးတင်ညွန့်ကတော့ လူငယ်လိုပါပဲ။ ကျနော်တို့ကို ဘာမှ အားနာအောင် မလုပ်ပါဘူး။ သူက အင်မတန် နားလည်ခွင့်လွှတ်နိုင်တဲ့လူ။ သဘောထား သိပ်ကြီးတယ်။

ဆက်လက်ဖော်ပြပါမယ်။

Wednesday, March 31, 2010

အန်အယ်ဒီရဲ့ ရှေ့နိုင်ငံရေးလမ်းကြောင်း

၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီးတော့ အာဏာလွဲပြောင်းပေးခြင်းကို မရခဲ့တဲ့ NLD ပါတီဟာ အခု ၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီအဖြစ်လည်း မှတ်ပုံတင်မတင်သလို၊ ရွေးကောက်ပွဲလည်း ဝင်မှာမဟုတ်ဘူး ဆိုတဲ့ သမိုင်းဝင်တဲ့ ဆုံးဖြတ်ချက်ကို လွန်ခဲ့တဲ့ ၂ ရက်က ချမှတ်ခဲ့ပါတယ်။ အဲဒီတော့ NLD ပါတီအနေနဲ့ NLD ပါတီဆိုတဲ့ နာမည်အောက်မှာ ဆက်ပြီးတော့နိုင်ငံရေးလုပ်ဖို့အတွက် အခက်အခဲတွေ တွေ့လာရနိုင်ပါတယ်။ ဒီတော့ NLD ပါတီက ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေ ရှေ့မှာလျှောက်လှမ်းကြမယ့် နိုင်ငံရေးအရ လမ်းကြောင်းက ဘာလဲဆိုတာကို NLD ပါတီက ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးရာမှာတော့ …

ဦးဉာဏ်ဝင်း ။ ။ NLD က လက်ရှိဆောင်ရွက်နေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စကို နဂိုအတိုင်းပဲ ဆက်သွားမယ်၊ ဆက်လုပ်မယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကုန်လုံးတစပ်တဆက်တည်း၊ ဒီလုပ်ငန်းတွေ အားလုံးဟာ နိုင်ငံရေးအလုပ်တွေပဲ။ တခုပဲရှိတယ်၊ အခုနပြောတဲ့ NLD ဆိုတဲ့ အမည်ကိုသုံးစွဲခွင့်မရှိတဲ့ဟာမျိုး ကြုံနိုင်ပါတယ်။ သုံးစွဲခွင့် မရှိရင်လည်း နိုင်ငံရေးလှုပ်ရှားမှုက ဆက်လက်ဆောင်ရွက်သွားမယ်လို့ အကြမ်းဖျဉ်း ပြောလို့ရတယ်။ အသေးစိတ်အားဖြင့် ဘယ်ကိစ္စ ဘယ်လိုလုပ်မယ်ဆိုတာမျိုးနဲ့ ပတ်သက်ရင်တော့ ကျနော်အနေနဲ့ အခုအချိန်မှာ မပြောနိုင်ပါဘူး။ အဖွဲ့ချုပ်က နောက် သုံးသပ် ဆုံးဖြတ်ပြီးတဲ့အခါမှ ပြောလို့ရမယ့်ကိစ္စတွေပါ။

ဘီဘီစီ ။ ။ အဖွဲ့ကြီးတခုအနေနဲ့ပဲ ဆက်သွားမှာလား ဒါမှမဟုတ် အဖွဲ့လေးတွေခွဲပြီးတော့ အခြားပုံစံမျိုးနဲ့ ဆက်သွားမှာလား။

ဦးဉာဏ်ဝင်း ။ ။ အဲဒီလို အခြေအနေမျိုးက ရောက်ချင်လည်း ရောက်လာမှာပေါ့နော်၊ အခုလက်ရှိအားဖြင့် NLD ဟာ အပေါ်မှာ CEC, CC နောက် တိုင်းနဲ့ပြည်နယ်၊ မြို့နယ် ဒီလို အပေါ်အောက်အဆင့် သွားတာကိုး။ အကယ်၍ NLD သာ ဟိုဒင်းဖြစ်ခဲ့မယ်ဆိုရင် ဒီအဆင့်အတိုင်းမဟုတ်တော့ ဆက်ဆံမှု Communication လိုင်းတွေဟာ အသစ် ဖြစ်ပါလိမ့်မယ်။ လောလောဆယ် အသစ်ဖြစ်လာမယ့် Communication လိုင်းတွေနဲ့ပတ်သက်ရင်တော့ အခုအချိန် မပြောနိုင်သေးပါဘူး။

ဘီဘီစီ ။ ။ NLD ပါတီရဲ့ဆုံးဖြတ်ချက်က ပါတီအဖြစ်မှတ်ပုံ မတင်ဘူး၊ ရွေးကောက်ပွဲကို မဝင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် တချို့ဒီမိုကရေစီရေးလိုလားတယ်လို့ပြောတဲ့ ပါတီတွေရှိပါတယ်။ သူတို့က ရွေးကောက်ပွဲနည်းလမ်းပဲရှိတယ်လို့ ပြောပါတယ်။ အဲဒီကနေဆက်ပြီးတော့ ဒီမိုကရေစီကို ချဲ့မယ်လို့ ပြောကြပါတယ်။ ဆိုတော့ အဲဒီလို ပါတီတွေပေါ်မှာကော NLD ရဲ့သဘောထားက ဘယ်လိုရှိသွားပါသလဲခင်ဗျ။

ဦးဉာဏ်ဝင်း ။ ။ NLD က အဲဒီလိုပါတီတွေအတွက် ကျနော်တို့ သူတို့ရဲ့သဘောထားကို မဝေဖန်လိုဘူး။ ဒါ သူတို့မှာ အခွင့်အရေးရှိပါတယ်။ ဒါပေမယ့် တခုတော့ပြောချင်ပါတယ်။ NLD က ဒီလိုဆုံးဖြတ်ရတာဟာ နဝတ၊ နအဖ ကျင်းပတဲ့ ရွေးကောက်ပွဲအနိုင်ရပြီးသား ပါတီတခုအနေနဲ့ ဒါကိုထည့်သွင်းစဉ်းစားပြီး အခုလိုဆုံးဖြတ်တာလို့ ပြောချင်ပါတယ်။ သူတို့ကို ကျနော်တို့ မဝေဖန်ပါဘူး။

ဒါကတော့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းပါ။

မတ်လ ၃၁ ရက်၊ ၂၀၁၀ ပြည့်နှစ် ဘီဘီစီ (ညပိုင်း) အစီအစဉ်မှ ကောက်နုတ်ဖော်ပြပါတယ်။