Thursday, April 1, 2010

ကျောင်းသား ထောင် တော်လှန်ရေးသမား (၄၃)

နောက်ပြီးတော့မှ ဒီဘက်က ဦးမြသန်းတင့်တို့၊ ကိုအောင်မေသုတို့နဲ့ အဆက်အသွယ် ရတယ်။ အဲဒီနောက် တဖြည်းဖြည်း ဝါဒါအလစ်မှာ စကားပြော ဖြစ်ကြတယ်။ ကျနော်တို့ ထမင်းပို၊ ဟင်းပိုတွေ ရှေ့ကို ပစ်လိုက်လို့ရှိရင် ဆက်ရက်တွေက လာစားတယ်။ ကျနော်တို့ အနားမှာ ဆက်ရက်တွေရှိတဲ့ အခါကျတော့ ကောင်းတယ်။ ဘာကောင်းလည်းဆိုတော့ ဝါဒါလာရင် ဆက်ရက်တွေက ထပြန်တယ်။ ဝါဒါ လာ မလာ ကျနော်တို့ သိနိုင်တယ်။

ဒါပေမယ့် စကားအပြောများတာကတော့ ညပိုင်း ပိုပြောကြတယ်။ ခုနက ကိုထွန်း အောင်ကျော်နဲ့ ကျနော်က ကိုးကိုးကျွန်းပေါ်တုန်းက လေ့လာရေးအတူတူပဲ ဆိုတော့ ပြောစရာတွေက အများကြီး၊ နောက် ဒီဘက်က ဦးမြသန်းတင့်တို့ ကို အောင်မေသုတို့နဲ့ကလည်း စကားကပြောမယ်ဆိုရင် ပြောစရာတွေအများကြီး …။

ကျနော်မှာ မှတ်မှတ်ရရပြောချင်တာတခုက ဦးမြသန်းတင့်က ကျနော့်ကို သူခေါင်းထဲမှာ စဉ်းစားထားတဲ့ သူစာရေးမယ့် အကြောင်းအရာတွေကို ပြောပြတယ်။ ညတိုင်းမှာ တခုချင်း တခုချင်း ပြောပြတယ်။ သိပ်စိတ်ဝင်စားစရာ ကောင်းတယ်။ သူ ထောင်ထွက်လာပြီးတဲ့အခါမှာ သူ ပထမဆုံးရေးတဲ့၊ လူကြိုက်လည်းများတဲ့ ‘ကျနော်ဆက်ရေးချင်သော ဝတ္ထုများ’ အကြောင်းကို သူ အဲဒီမှာ ကျနော့်ကို ပြောပြတာ။ တခြား ဘယ်သူ့ကိုမှ မပြောပြသေးဖူးဘူး။ ဒါ ကျနော် ခုမှ ပြန်ပြောတာ ဂုဏ်လည်းယူတယ်။ သူရေးမယ့်သူတွေရဲ့ တဦးချင်းရဲ့ ဝတ္ထုတွေကို သူက အသေးစိတ်ပြောပြတာ။

နောက်ပြီးတော့ သူ ဘယ်လိုလုပ်မယ်၊ အရင်စာရေးဆရာတွေထဲက ဘယ်အချက်ကို အားမရတာ၊ ဒါကြောင့်မို့လို့ ဒီခေတ်အမြင်နဲ့ ပြန်ရေးမယ်ဆိုရင် ဘယ်လိုရေးမယ်ဆိုတာကို သူက အသေးစိတ်ပြောပြတာ။ ဟာ … ကျနော်လည်း သဘောကျလွန်းလို့ “ ဦးရယ်… ထွက်ရင် ရေးဖြစ်အောင်ရေးပါ” လို့ တိုက်တွန်းတာ။

ဦးလေးဦးမြသန်းရဲ့ ထူးခြားချက်တခုက စာတွေ အများကြီးဖတ်တာတင်မကဘူး။ အများကြီး မှတ်မိတာ။ ခုနက ပြောတဲ့ သူရေးချင်တဲ့ ‘ကျနော်ဆက်၍ရေးချင်သော ဝတ္ထုများ’ ဆိုတာ အရင် အနှစ် ၃၀ ကျော်လောက်က ဟာတွေ၊ စစ်မဖြစ်ခင် ကဟာတွေ။ အဲဒါတွေကို သူက အကုန် အသေးစိတ်မှတ်မိနေတာ။ ဇာတ်ကောင်တွေ နာမည်ကအစ အသေးစိတ်တွေ။ အတော့်ကို အံသြဖို့ ကောင်းတာ။ အဲဒါအပြင် အခြားပြည်တွင်း ပြည်ပက စာပေရေးရာ အကြောင်းတွေလည်း အများကြီး ပြောကြတယ်။ ကျနော်က နားထောင်တာပါ။ ကျနော်က ပြောစရာ သိပ်မရှိပါဘူး။

ကိုအောင်မေသုကတော့ ကျနော့်ကို အင်းစိန်ထောင် ဗဟုသုတပေါ့လေ။ ကျနော်တို့ကို တာဝန်ယူတဲ့ အာဏာပိုင်တွေ၊ ဝါဒါတွေအကြောင်း အကုန်လုံး မိတ်ဆက်ပြတယ်။ အင်းစိန်ထောင်မှာ ဆောင်ရန် ရှောင်ရန်တွေလည်း ပြောတယ်။ သူက ကျနော့်ထက် ၄/၅ နှစ်လောက် ကြီးမလား မသိဘူး။ သူက ရဲဘော်တွေကို ခေါ်ရင် ဘယ်တော့မှ တုံးတိကြီး မခေါ်ဘူး။ နာမည်ရှေ့မှာ ‘ရဲဘော်’ တပ်ပြီး ခေါ်တယ်။ စကားပြောရင်လည်း ဘယ်တော့မဆို ‘ခင်းဗျား … ကျနော်’ ပဲပြောတယ်။ ကျနော်တို့အထဲမှာ အသက်အငယ်ဆုံးဖြစ်တဲ့ ကိုလှဋ္ဌေးကိုတောင်မှ ‘မင်း … ငါ’ မပြောဘူး။

ကျနော်တို့ ရန်ကုန်ထောင်ကိုရောက်တဲ့အခါ ဆောင်းဝင်စပြုနေပြီ။ နောက်ပိုင်း ဆောင်းတွင်းကိုရောက်တဲ့အခါ မနက်ပိုင်းနဲ့ ညပိုင်းမှာ အတော်လေးအေးတယ်။ ရှေ့တံခါးက ပိတ်မထားတော့ အမြဲပဲ လေဝင်တယ်။ ကျနော်တို့ကို ပေးထားတာ ဘာဘူစောင်အစုတ်ကလေး တထည်တည်း။

ညမှာဆိုရင် အောက်က အခင်းမရှိတဲ့၊ ၄ လက်မလောက်မြင့်တဲ့ ပျဉ်ပြား ကွပ်ပျစ်ပေါ်မှာ အဲဒီ ဘာဘူစောင်လေးနဲ့ ကွေးရတာပဲ။ မနက် အိပ်ယာအစောကြီး ထရတယ်။ ထပြီး အဲဒီစောင်ကို ခေါက်၊ အဲဒီကွပ်ပျစ်ပေါ်မှာ ရှေ့ကခင်း၊ အဲဒီစောင်ခေါက်ရဲ့ နောက်မှာ တင်ပလ္လင်ခွေထိုင်ပြီး လာစစ်မယ့် ထောင်မှူးကို စောင့်ရတာ။ သူတို့ ဘယ်အချိန်မှလာမလဲ အတိအကျ မပြောဘူး။ အဲဒီလို တုပ်တုပ်မှမလှုပ်ဘဲနဲ့ ထိုင်ပြီးတော့ စောင့်ရတာ။ အေးကလည်း အေး၊ ချမ်းကလည်း ချမ်း၊ စောင်လည်း ခြုံလို့မရဘူး။ စောင်က ရှေ့မှာ ခေါက်ပြီးတော့ ထားရတာ။ တခါတလေ နာရီဝက်လောက်ကို အကြာကြီး ထိုင်စောင့်ရတာ။

တနေ့တော့ ကျနော်က ထောင်မှူးလည်းမလာသေးတော့ စောင်ကိုယူပြီး ကိုယ်မှာပတ်ထားတယ်။ ဒီလိုအချိန်မှာ ထောင်မှူးဆိုတဲ့ကောင်က ဘာသံမပေး၊ ညာသံမပေးနဲ့ ဗြုန်းဆို ပေါက်ချလာရော။ ရောက်လာတော့ ကျနော်က စောင်ကို ကမန်းကတန်း ပြန်ခေါက်တယ်။

ဒါပေမယ့် မမီတော့ဘူး။ အဲဒီကောင်က တွေ့သွားတယ်။ အဲဒီမှာ ဒီကောင်က ရှူးရှူးရှားရှားနဲ့ ပါလာတဲ့ ဝါဒါ ၂ ယောက်ကို တံခါးဖွင့်ခိုင်း၊ ဝင်လာပြီး ကျနော်ကို လက်ပိုက်ခိုင်းပြီး သူစီးထားတဲ့ ဖိနပ်ကိုချွတ်ပြီး ကျနော့်ပါးကို ရိုက်တာပဲ။ ကျနော့်ပါးကို ရိုက်တာ။ ကျနော့်တသက်မှာ ဒါမျိုး ကျနော် ဘယ်လိုမေ့လို့မလဲ။ အခဲရော ဘယ်ကျေနိုင်မလဲ။ အဲဒီ ထောင်မှူးဆိုတဲ့အကောင်ရဲ့ နာမည်က ‘သောင်းရွှေ’ တဲ့။ အရင်က အင်မတန် ဆိုးတယ်လို့ နာမည်ကြီးတဲ့သူ။ ရုပ်က သွေးမရှိတဲ့ရုပ်မျိုး။ အင်မတန် ရက်စက်တဲ့ရုပ်မျိုး။

အဲဒီလိုနဲ့ တနေ့မှာကျတော့ ကျနော်တို့ကို စာမေးပွဲ ဖြေခိုင်းတယ်။ သူတို့ မေးခွန်းတွေကို ဖြေရတာပေါ့။ အရင်တုန်းက လုပ်နေကျအတိုင်း မေးခွန်းတွေကလည်း အရင်ကအတိုင်းပဲ။ ကျွန်းမပို့ခင် မန္တလေးထောင်မှာ မေးတဲ့အတိုင်း။ နောက် ကျွန်းပို့ခါနီး အင်းစိန် တွဲဖက်ထောင်ထဲမှာ မေးတဲ့အတိုင်း ဘာမှမကွဲဘူး။ ကျနော်ကလည်း ဖြေတော့ အဲဒီအတိုင်းပဲ။ ဘာမှ မကွဲဘူး။ အဲဒီနောက် ကျနော်တို့ကို အခန်းပြောင်းတာတွေ လုပ်တယ်။ ကျနော့်ကို ၄ တိုက်ရဲ့ ဒီဘက်အဆုံးကနေ ဟိုဘက်အဆုံးကို ပို့လိုက်တယ်။

ကျနော်နဲ့အတူနေရတဲ့သူက ကျနော်တို့ ကိုကိုးကျွန်းက ပြန်လာတဲ့ ဦးတင်ညွန့်။ ဗမာပြည်ကွန်မြူနစ်ပါတီကပဲ။ ဝါရင့် တော်လှန်ရေးသမားတယောက်။ ကျနော့်ထက် အသက်အများကြီး ကြီးတယ်။ ကျနော့်အပေါ် အင်မတန်မှ ကြင်နာတယ်။ စိတ်ရင်းစေတနာ သိပ်ကောင်းတယ်။ ပါတီဗဟိုရဲ့ ဆက်သားအဖြစ် သူ့လုပ်ကိုင်ခဲ့ပုံတွေကို ပြောပြောပြတယ်။ အင်မတန် စိတ်ဝင်စရာကောင်းတယ်။

၂ ယောက်သား ကျွန်းအကြောင်းတွေ၊ အာဇာနည်အကြောင်းတွေ ပြောဖြစ် ကြတယ်။ ကျနော်ကတော့ သူ့ဆီကနေ လေ့လာစရာတွေ အများကြီးပေါ့ လေ။ သူပြောသမျှ မှတ်ထားရတာပေါ့။ ကျနော်တို့တိုက်ထဲမှာ နေရတဲ့အခါကျတော့ ဘာမှလုပ်စရာရှိတာ မဟုတ်ဘူး။ ကျန်းမာရေးလေ့ကျင့်ခန်း လုပ်ဖို့ဆိုတာလည်း ၂ ယောက်အတူနေရတဲ့အခါကျတော့ ဘာမှလုပ်လို့မဖြစ်ဘူး။ အခန်းက ကျဉ်းကျဉ်းလေး။

အထူးသဖြင့် ကိုယ့်ထက်အသက်ကြီးတဲ့ လူကြီးတယောက်နဲ့ အတူနေရတာ ဆိုတဲ့အခါကျတော့ လှုပ်ရှားမှုက ပိုပြီးတော့ သတိထားရတယ်။ ဦးတင်ညွန့်ကတော့ လူငယ်လိုပါပဲ။ ကျနော်တို့ကို ဘာမှ အားနာအောင် မလုပ်ပါဘူး။ သူက အင်မတန် နားလည်ခွင့်လွှတ်နိုင်တဲ့လူ။ သဘောထား သိပ်ကြီးတယ်။

ဆက်လက်ဖော်ပြပါမယ်။

1 comment:

victorOway said...

သို့ 
ကိုအောင်သူငြိမ်း ကျနော့်ဘလော့နာမည်က jargyi.blogspot.comဖြစ်ပါတယ်။ ကျနော်ဘလော့ခေါင်းစဉ်က-ကျေးလက်နိုင်ငံတော်ဖြစ်ပါတယ်။ ကျနော်ရေးထားသည့် -နှင်းဆီရောင်တ်ေလှန်ရေး ရုပ်ပုံလွှာအပိုင်း(၇)အထိရှိသွားပါပြီ။ လာရောက်ပြီး ဝေဘန်အကြံပြုပေးသွားပါဦးလို့ လေးစားစွာဖိတ်ခေါ်အပ်ပါသည်။
ကျည်ဝေဖြိုး