Thursday, November 19, 2009

ထာဝရ ခရီးသည် ရဲ့ အန္တိမ ဆုတောင်းခန်း (ဒေါင်းနီ)


ခရီးသည်

မြို့ပျောက်
တောမှောက်
နောက်ကျသော အိပ်မက်လမ်း
ဇရာလမ်းမှာ ကျန်နေ …၊

ကြက် မမော
ယာ မညက်
အပြန်ခက်သော အိမ်လွမ်းခန်း
လက်ကျန်ရက်တွေ နည်းနေ …၊

ဆေး မပေး
မီး မယူ
ဖော်မဲ့ အပူ ကျွမ်းလောင်စမ်း
ပျံသန်း ထိုးဖောက် ရင့်မာနေ။ ။

ဒေါင်းနီ
ဝ၉-ဝ၁-ဝ၉


ထာဝရ

ငါ တော်လှန်လမ်းကို အလျားလိုက်ကူး
နိုင်ငံကိုလည်း ရင်ထဲဆွဲသွင်းချင်
နောင်တမဲ့ တောင်ပံဖွင့်လွင့်လို့ 
အမနာပလေထန်လည်း
အညံခံပြန်လှည့်ရိုး မရှိ …၊

ငါ့ရဲ့ပြာမှုန် လေဟုန်ထိုးဖောက်
အာကာယံထက် ကပ်ငြိတွဲ
ကြိုပြီးလမ်းခွဲ လွင့်ခဲ့လည်း
ဖြစ်တည်ရာ နေရာတိုင်း
သမိုင်းကြွေးကို မှတ်ထားမိ …၊

ငါ့ တိုက်ပွဲဖော် အမှောင်ရိုက်ချိုး
နံရံတွေတောင် ရိုကျိုးဝပ်တွား
သွေးအောင်လံ တလွင့်လွင့်တိုး
ကမ္ဘာတရိုး မျိုးဆက်စိုက်ကာ
ဝိညာဉ်ရှိသရွေ့ အာခံနေပါ၏။

ဒေါင်းနီ
ဝ၉-ဝ၉-ဝ၉

အန္တိမ ဆုတောင်းခန်း

ဘဝ ဆက်တိုင်း
လွတ်လပ်ခြင်း
တရားမျှတခြင်း
တန်းတူညီမျှခြင်း
ငါ့မြေ ငါ့ရွာ
ငါ့တိုင်းပြည်မှာ
နှစ်ခြိုက်ပီတိဖြစ်စွာ ရလို၏၊

လူပြန်ဖြစ်တိုင်း
တာဝန်ကျေခြင်း
သစ္စာတည်ခြင်း
သိက္ခာမြဲခြင်း
ငါ့သွေးသောက်များ
အမိနိုင်ငံတော်မှာ
နှစ်ထောင်းအားရ ပိုင်လို၏၊

ခန္ဓာရှိတိုင်း
စွန့်လွှတ်ခြင်း
ပေးဆပ်ခြင်း
ပံ့ပိုးခြင်းများ
တမြေတည်းဖွား
တရေတည်သောက်
တမိုးအောက်ထဲ
နွေးထွေး ဝေမျှ ပေးလို၏၊

သွေးလည်ပတ်တိုင်း
ကျေးဇူးသိတတ်ခြင်း
ဦးညွတ် ဂါရဝပြုခြင်း
စောင့်ရှောက် ကူညီခြင်း
ဒို့မိ ဒို့ဖ
ဒို့ဆရာတို့အား
ကြည်နူး ဝမ်းမြောက် အပ်လို၏၊

အတွေးဝေတိုင်း
တွဲလက်ခိုင်ခြင်း
ဖေးမစာနာခြင်း
ပြန်လှန် ပေးဆက်
ငါ့သက်ထား
ငါ့ရောင်းရင်း
ငါ့မိတ်ဆွေတို့အား
ယုံကြည် လေးစား သွားချင်ပါ၏။

ဒေါင်းနီ
ဝ၉-၁၉-ဝ၉

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၅)

၈ ပေပတ်လည် ရင်ခွဲအချုပ်ခန်းတွင် ၂ လနီးပါးခန့်နေရပြီးနောက် တခုသောနေ့လည်တွင် ခြွင်ခြွင်ဂလောက်သံ ဆက်တိုက်ကြားရပြီး ခဏအကြာ ကျနော့်အခန်းကို လာဖွင့်ပါသည်။ မျက်နှာကိုအဝတ်စည်းပြီး စစ်သား တယောက်က လက်ကိုကိုင်၍ တွဲခေါ်သွားပါသည်။ လက်တလျှောက်တွင် ငုံ့၊ ကျော်၊ ရပ်၊ သွား၊ ဘယ်ကွေ့၊ ညာကွေ့ စသည့်အမိန့်မှာ ဘဝပေးအသိကြောင့် ကျနော်လည်း အတော်လေး ကျွမ်းကျင်ပါးနပ်လာပါသည်။ နဖူးလည်း မဆောင့်မိ၊ ခလုတ်လည်း မတိုက်မိတော့ပါ။

တနေရာသို့အရောက်တွင် ရပ်လိုက်ပြီး ကျနော့်မျက်နှာတွင် စည်းထားသော အဝတ်ကိုဖြေလိုက်ပါသည်။ အိမ်ပုလေးတလုံး၏ တံစက်မြိတ်အောက်တွင် ရောက်နေပါသည်။ အိမ်ထဲသို့ကြည့်လိုက်ရာ လူ ၆ ယောက်ကို လှမ်းမြင်ရပါသည်။ ဤသူများသည် လုံးဝ မမြင်ဖူးသူများဖြစ်ပါသည်။ မြင်ခါစ တွေ့ခါစတွင် တယောက်ကို တယောက် ခပ်စိမ်းစိမ်းသတိနှင့် ခေါ်ပြောဆက်ဆံကြပါသည်။ ဘဝတူများဖြစ်ကြသည့်အတွက်ကြောင့်လည်း တဦးကိုတဦး မိတ်ဆက်ကြပါသည်။

ဤအိမ်ပုလေးထဲသို့ လာရောက်ဆုံစည်းကြရသော ပုဂ္ဂိုလ်များမှာ အရပ်ပုပု ထိပ်ပြောင်ပြောင် အသက် ၅၀ ခန့် အပေါ်သွား ၂ ချောင်းမှာ ထူးထူးခြားခြားပေါ်လွင်သည့် “ဟီဟိ”ဟု ရီလိုက်တိုင်း ချစ်စဖွယ်ရုပ် ပေါက်သူ အလုပ်သမားလူတန်းစားလောကတွင် ဘဝမျိုးစုံ ကျင်လည်လာခဲ့သူ ဒလ သင်္ဘောကျင်းမှ ဦးလေးထွန်း၊ ဒုတိယံမ္ပိ ပုဂ္ဂိုလ်မှာ ဦးဘိုနီ၊ အသားဖြူဆွတ်ပြီး နီစပ်စပ်အရောင်နှင့် ဗိုလ်ကြက်ချေးရုပ် ပေါက်သူ။ နိုင်ငံတော် သစ်ထုတ်လုပ်ရေးမှ မန်နေဂျာ ဖြစ်သည်။ တတိယံမ္ပိပုဂ္ဂိုလ်မှာ ထောင်ထောင်မောင်းမောင်း နဖူးအနည်းငယ်ပြောင်ပြီး ဖော်ရွေရင်းနှီးလွယ်သူ ရုံးဝန်ထမ်း၊ သူ၏ရုံးကို ကျနော် မေ့နေပါသည်။ ကျောက်မြောင်း ဓမ္မဝိဟာရလမ်းမှ ကိုအောင်မြင့်၊ သူ့ကို ကျနော်တို့က ကိုကြီးအောင်ဟု ချစ်စနိုးခေါ်ပါသည်။

စတုတ္ထမြောက်ပုဂ္ဂိုလ်မှာ လူငယ်ဖြစ်ပြီး အလွန်တက်ကြွသူ၊ နာမည်က ဗန်ဝ။ ကျနော်က သူ့ကိုချစ်စနိုး ထရန်ဗန်ဝမ်း ဟု ဗီယက်နမ်နာမည် ပေးထားသည်။ ဤကာလများတွင် တောင်ဗီယက်နမ် အမျိုးသား လွတ်မြောက်ရေးတပ်ဦး၏ အမေရိကန် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲမှာ တိုက်ပွဲအလွန်ပြင်းထန်နေ သည့်အချိန် ဖြစ်သည်။ ငုယင်ဗန်ထရွိုင်း ကဲ့သို့သော ဗီယက်နမ်လူငယ် သူရဲကောင်းများသည် ကျနော်တို့၏ နှလုံးအိမ်တွင် စိုးမိုးနေရာယူ နေသည့်အချိန် ဖြစ်ပါသည်။

ပဉ္စမမြောက်ပုဂ္ဂိုလ်မှာ အရပ်ပူပူ လူငယ်ခြေသွက်၊ နေရာတကာတွင် သူက ဆရာတဆူလုပ်လိုစိတ်ပေါက်နေသူ ရွှေမန်းဟု ကျနော်တို့က ခေါ်ပါသည်။ ဆဋ္ဌမမြောက်ပုဂ္ဂိုလ်မှာ သစ်ထုတ်လုပ်ရေးမှ ကျနော် နာမည်မေ့နေပါသည်။ ဘာသာရေး ကိုင်းရှိုင်းသူ၊ ယဉ်ကျေးသူ၊ ခေတ်ပညာတတ်တဦးဖြစ်သူ သူ့ကိုယ်သူ ကျောက်ဘီလူးဟု နာမည်ပေး ထားပါသည်။ တနေ့တော့ သူဟာ ပပဝင်းနဲ့ ပြန်တွေ့ရမှာဟု အမြဲ ပြောပါသည်။ သတ္တမမြောက်လူမှာ ကျနော်ဖြစ်ပါသည်။

ကျနော်တို့ တွေ့ခါစမြင်ခါစ သူ့အတွေ့အကြုံ၊ ကိုယ့်အတွေ့အကြုံ ပြောကြ ဖလှယ်ကြ စကားဝိုင်းမှာ ဖောင်နေပါသည်။ အတွေ့အကြုံ ပြောကြ ဖလှယ်ကြ ဆိုပေမယ့် ကောင်းသည့်အတွေ့အကြုံတခုမှမဟုတ်။ မကောင်းသည့် အနိဋ္ဌာရုံများသာ ဖြစ်ပါသည်။ ဘယ်သူ ဘယ်လို ထောက်လှမ်းရေး နှိပ်စက်တာခံရတယ် စသည်ဖြင့် အချင်းချင်း မကောင်းသည့် အတွေ့အကြုံပြောကာ ဖလှယ်ကြချင်းသာဖြစ်ပါသည်။

မကောင်းသည့်သတင်းကို ဖလှယ်ကြရင်းမှ အတွေ့အကြုံတခုကို ရလိုက်ပါသည်။ စစ်ဆေးသူ ထောက်လှမ်းရေး ပုံပန်းသဏ္ဍာန်ကိုပြောပြီး အဲဒီထောက်လှမ်းရေးက သူ့အပေါ် ဘယ်ကဲ့သို့ ဖော်ရွေကြောင်း၊ ယဉ်ယဉ် ကျေးကျေး ဆက်ဆံကြောင်း၊ ကောင်းကောင်းမွန်မွန် ပြုစုကြောင်း၊ ဘယ်လိုပုံပန်းသဏ္ဍာန်ရှိသူကတော့ အင်မတန် ရိုင်းစိုင်း ရက်စက်ကြောင်း၊ နှိပ်စက်ရာမှာ ဆိုးရွားလှကြောင်း ပြောပြသည်။

ဘဝတူနောက်တယောက်က “ခင်ဗျားပြောတဲ့ အင်မတန် ဖော်ရွေယဉ်ကျေးတယ် ဆိုတဲ့ငတိက ငါ့ကို လက်ကုန် ဆော်လွှတ်လိုက်တာ မောင်၊ အေး ခင်ဗျားပြောတဲ့ အင်မတန် ရိုင်းစိုင်း ရက်စက်တဲ့ငတိဟာ ငါ့အပေါ်မှာကျတော့ အင်မတန် ကောင်းတာ၊ အတော့်ကို စာနာသက်ညှာတာ”

ကျနော်တို့ဘဝတူတွေဟာ ကိုယ့်အတွေ့အကြုံ သူ့အတွေ့အကြုံတွေကို ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ဖလှယ်လိုက် ကြတော့ စစ်ထောက်လှမ်းရေးရဲ့ ဇာတိရုပ်ဟာ ဘွားဘွားကြီးပေါ်လာပါတော့တယ်။ အခြားတယောက်အပေါ် မှာ လူယဉ်ကျေးအဖြစ် သရုပ်ဆောင်ခဲ့သော ငတိသည် နောက်တယောက်အပေါ်မှာ ပုဏ္ဏကဇာတ် ခင်းခဲ့သော ငတိ ဖြစ်နေသည်။ ဒုတိယ နောက်ထပ်လူ အပေါ်တွင် လူယဉ်ကျေးအဖြစ် သရုပ်ဆောင်သူဖြစ်နေပြန်သည်။ အဆုံးတွင် ဇာတ်ပေါင်းလိုက်သော်ကား ဤစစ်ထောက်လှမ်းရေးများသည် ရက်စက်ခြင်း၊ ယုတ်မာခြင်း၊ ရိုင်းစိုင်းခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်းများတွင် ယှဉ်တု နှိုင်းပြိုင်သူမရှိ တထေရာ တထပ်တည်းသာဖြစ်ကြ၍ အတူတူနှင့် အနူနူသာဖြစ်ကြလျက် အော့နှလုံးနာ ရွံရှာစက်ဆုပ်ဖွယ်ရာအတိသာ ဖြစ်ပါလေတော့သတည်း။

ကျနော်တို့ တအိမ်တည်းနေ တရေတည်းသောက် တအိုးတည်းစား ဘဝတူများသည်ကား တွေ့စမြင်စ သိခါစမို့ စကားလက်ဆုံ အနိဋ္ဌာရုံ ပြောမကုန်ပါ။ ညနေစောင်းတော့ စစ်သား သုံးလေးယောက်သည် ဂျိုင့်ကြီးဂျိုင့်ငယ် အသွယ်သွယ်ကို မ၍တမျိုး၊ တုတ်လျှိုး၍တဖုံ၊ ကျနော်တို့ဂေဟာ အိမ်ပုလေးများဆီသို့ သယ်ပိုး၍လာပါတော့ သည်။ ကျနော်တို့အိမ်ပုလေးကဲ့သို့ အိမ်မျိုးမှာ တပြေးတည်း ၅ လုံးတွဲ တတန်း ရှိပါသည်။ အိမ်တလုံးစီ တလုံးစီ တွင် ၆ x ၅ မူး ပျဉ်ပြားနှင့် ဝင်းခြား၍ကာထားပါသည်။ အဆိုပါ ထမင်းချိုင့်များကို တအိမ်ပြီးတအိမ် တံခါးသော့ဖွင့်၍ လာသွင်းပေးပါသည်။ ဤကဲ့သို့ ၅ လုံးတွဲ အိမ်တန်း၊ ၄ လုံးတွဲအိမ်တန်း စသည်ဖြင့် အနေအထားမျိုးစုံဖြင့် တည်ဆောက် ထားပါသည်။

ကျနော်တို့ကိုပေးလာသော ထမင်းချိုင့်မှာ ၄ ဆင့်ချိုင့်မျိုး ၃ ချိုင့်ဖြစ်ပါ သည်။ အသားအနည်းငယ်ကို အသီးအနှံတခုခုနှင့် ရောချက်ထားပါသည်။ ထမင်းကတော့ ပြောရင်ယုံမည်မထင်ပါ။ အနံ့လေးက တကြိုင်ကြိုင် တသင်းသင်းနှင့် ပုသိမ် ငကျွဲဆန် ထမင်းဖြစ်နေပါသည်။ ကျနော်တို့အချုပ်သားတွေအပေါ်မှာ စေတနာ သဒ္ဒါတရား ဖောင်းကားလွန်း၍ ပြုစုကျွေး မွေးသည်တော့ မဟုတ်တန်ရာ။ တခုခုတော့ တခုခုဖြစ်နေပါသည်။ ဤပုသိမ်ငကျွဲပြဿနာကို ကြောင်းကျိုးဆက်စပ် နှိုင်းယှဉ်၍ အဖြေထုတ်ပြလိုက်သူကတော့ ကိုကြီးအောင် ဖြစ်ပါသည်။

ကိုကြီးအောင်က “ဇွန်လကစပြီး ဆန်ပြတ်သွားတယ်မဟုတ်လား၊ ဆန်ပြဿနာပေါ်နေတော့ အခု ကျနော်တို့ကို ကျွေးဖို့ ဆန်မရှိတော့ ရရာဆန်ကို အရေးပေါ်ဆွဲဝယ်ပြီး ကျွေးတာ။ ဒါကြောင့် ဒီ ပုသိမ်ငကျွဲဆန် ကို ကျနော်တို့ စားရတာဖြစ်တယ်”

ကိုကြီးအောင်၏ဒဿနကို အတည်ပြုထောက်ခံမှုပြုသူကတော့ ဗိုလ်ကြက်ချေးရုပ်ပေါက်နေသော ဦးဘိုနီနှင့် ကျောက်ဘီလူးတို့ ဖြစ်ပါသည်။ ကိုကြီးအောင်၏ အကဲဖြတ်မှု မှန်ကန်ကြောင်း နောက်ပိုင်းရက်များတွင် သက်သေပြလာပါ တော့သည်။ ပို့လာသည့်ထမင်းမှာ တခါတရံ မီးဒုံးဆန်၊ တခါတရံ ရာကျော်ဆန် စသည်ဖြင့် ဗျောက်သောက်ဖြစ်နေပါသည်။

စစ်သားတွေ ချွေးတလုံးလုံးနှင့်ပို့လာသော မသထာရေစာထမင်းကို ကျနော်တို့ဘဝတူ အချုပ်သားတသင်းမှာ လက်ရည်တပြင်တည်း ဝိုင်းပြီးတော့ တီးလိုက်ကြသည်မှာ အနှီညနေစာအဖို့ မည်သူကမျှ ထမင်းမဝကြ။ ဆန့်ငင်ဆန်ဖတ်နှင့်ဖြစ်ကြပါတော့သည်။ ထမင်း ဟင်း ပြောင်သလင်းခါသွားတော့မှ ခေါင်းမော့ပြီး တယောက်မျက်နှာ တယောက်ကြည့်ကြပါတော့သည်။ ပထမဆုံး ပဋိသသန္ဓာရစကား ဦးပြုလိုက်သူကတော့ ထရန်ဗန်ဝန်း ပါ။ သူက …

“ဒီ မအေပေးတွေ လူကိုချုပ်ထားပြီး ထမင်းတော့ ဝအောင်မကျွေးဘူး”

မကျေမချမ်းနှင့် စပြီးရမ်းလိုက်ပါသည်။ ကိုကြီးအောင်က ထိန်းထိန်း သိမ်းသိမ်း ဖျောင်းဖျလိုက်ပါသည်။ စစ်သားတွေလာရင် သူပြောပေး မည်ဟု အားလုံးကို သူ့မျက်လုံးပြူးကြီးနှင့် ဝေ့ကြည့်လိုက်ပြီး နှစ်သိမ့် စကားပြောကြားလိုက်ပါသည်။

ဆရာ ဗန်းမော့်စာချိုးနှင့် မှတ်ချက်ပြုလိုက်ရရင် “တကယ်ကတော့ ထမင်းမဝတော့ကော ကျနော်တို့အားလုံးက ဘာတွေများတတ်နိုင်ကြ ပါဦးမည်နည်း”

ဆက်လက်ဖော်ပြပါမယ်။

ဆန္ဒနှင့် ဖြစ်တည်မှု (ဒေါင်းနီ)


သမိုင်း ...

ထပ်တူ ပြုစရာ ဘာဆိုဘာမှမရှိ

အကြိမ်ကြိမ်သာ တသဂုဏ်ပြုရ

ဘဝက တခါသာ ကခွင့်ပေးပေမယ့်

မျက်ရည်မခန်း လွမ်းခဲ့နှစ်တာရှည်ခဲ့၊


ပြကွက် …

အတ္တပြည့်လျှံ မိစ္ဆာလမ်းမရိုင်းတွေ

ပြည်တော်သာအလင်း မှိန်ဖျော့မှုန်ဝါး

ဓားသွားထက်ပျားရည် ခိုးလုလျှက်လျှာများ

စည်းတား ယုံကြည်ချက် ဖိသွေးလက်များရှိနေ၊


နမိတ် …

ကျေးလက်ရင်ဘတ်က ရုန်းကန်နိုးထ

ဖြတ်ကနဲ ကြွေခတဲ့ နောင်ရိုးရဲဘော်တွေ

သံလွင် ဒေါနရင်ငွေ့နဲ့ ရှင်ပြန်တောက်ခေါက်

ကျည်သစ်ပေါက်သံ ကမ်းဆင့်ဆက်ဝေ၊


မှတ်တမ်း …

ရဲဘော်တို့ရဲ့ ကျေးဇူးတော်နေ့ 

တမြေ့မြေ့ ကြေကွဲစွာလာခဲ့

နိုင်ငံတော် ဂုဏ်သိက္ခာ စည်းကမ်း

စို့နင့်ကြိတ်ရှိုက် ပုံရိပ်တွေတွဲအိပြိုလာ

သစ္စာဆို အလေးပြု အမျှဝေရင်းကြွေ၊


မှတ်ချက် …

သောကဒဏ်ရာစုံနဲ့ လက်ကျန် အာခံငှက်များ

မျိုးဆက်တောင်ပံ မိုးလုံးသိမ့်သိမ့်ခတ်

မပြီးပြတ်ကြွေးဟောင်း တိုးရင်းပေါင်းတောင်း

နှောင်ကြိုးမဲ့ စွန့်လွတ်ခြင်းတွေ လင်းလက်နေ။


ဒေါင်းနီ

၁၁-၁၅-ဝ၉

(မ က ဒ တ တပ်ရင်း ၂၁ဝ-၂၁၄ (စောထစခန်း) မှ စွန့်လွှတ်အနစ်နာခံ ကျဆုံးသွားသော သူရဲကောင်းရဲဘော်များနှင့် ဒီမိုကရေစီတော်လှန်ရေးတွင် ကြွေလွင့်သွားကြသော အာဇာနည်ရဲဘော်အပေါင်းတို့အား ရည်စူးပါ၏၊)

သရုပ်ဖော်-ကာတွန်းစောငို

Wednesday, November 18, 2009

သမိုင်းသင်ကြားချက်တွေထဲက သတိပြုစရာတခု (ရဲဘော် ဖိုးသံချောင်း)

တလောလေးကပဲ ပထမကမ္ဘာစစ်ပြီးဆုံးတာ အနှစ် ၉ဝ မြောက်တဲ့ အခမ်းအနားများကို ဥရောပအနှံ့အပြားမှာ ခမ်းခမ်းနားနား ကျင်းပခဲ့ကြတာတွေ့ရပါတယ်။ ဗြိတိသျှဘုရင်မကြီး အပါအဝင် နိုင်ငံအများအပြားက ထိပ်သီးတွေ တက်ရောက်ကြ ပါတယ်။ ဒါပေမယ့် လူ့အသက်ပေါင်း ၈၇ သိန်းကျော် ချုပ်ငြိမ်းစေခဲ့တဲ့ ဒီစစ်ပွဲကြီးပြီးသွားတာ ကြာပြီဖြစ်လို့လားမသိ၊ ဒီ အခမ်းအနားမှာရော၊ ဒီကာလအတွင်း မီဒီယာတွေမှာရော ဒီစစ်ကြီးပေါက်ဖွားလာပုံ၊ အဆုံးသတ်သွားပုံတွေနဲ့ပတ်သက်လို့ သိပ်မပြောကြတော့ပါဘူး။ ပြောရတာများလို့ မောသွားကြတာလား၊ သဗ္ဗေသတ္တာ အဝေရာဟောန္တုပဲ လုပ်လိုက်ကြတာလား မပြောတတ်ပါ။ ဒီနေရာမှာတော့ အဲဒီအထဲက မမေ့သင့်တဲ့ သင်ခန်းစာတခုကို ပြန်ထောက်ပြချင်ပါတယ်။

ဒုတိယကမ္ဘာစစ်နဲ့ ပထမကမ္ဘာစစ်တို့ဆက်နေပုံကို မှတ်မိကြလိမ့်ဦးမယ်လို့ ထင်ပါတယ်။ ကမ္ဘာစစ်ကြီးတခုပြီးလို့ အနှစ်၂ဝ မရှိခင်မှာပဲ နောက်ကမ္ဘာစစ်ကြီးတခုအတွက် ပြင်ဆင်ကြတာ၊ ခြေပုန်းခုတ်ကြတာ၊ တကယ်လည်းပေါက်ကွဲထွက်လာတာ စတဲ့ကိစ္စတွေဟာ မတော်တဆ တိုက်ဆိုင်မှုတွေ မဟုတ်ပါဘူး။ အထူးသဖြင့် ဒုတိယကမ္ဘာစစ်ကြီးမှာ စတင်စစ်ခင်းသူဟာ ပထမ ကမ္ဘာစစ်ကြီးတုန်းက စစ်ရှုံးခဲ့သူဖြစ်တယ်ဆိုတဲ့အချက်ဟာ သတိမပြုဘဲမနေသင့်ပါဘူး။

ပထမကမ္ဘာစစ် ဘယ်လိုအဆုံးသတ်ခဲ့တယ်ဆိုတာကို ပြန်စဉ်းစားကြည့်ပါ။ စစ်ရှုံးသူ ဂျာမဏီအပေါ်မှာ ဗာဆိုင်းစာချုပ် The Treaty of Versailles (၂၈-၆-၁၉)၊ လော်ဇန်းစာချုပ် The Treaty of Lausanne (၂၄-၇-၂၃)၊ စိန့်ဂျာမိန်းစာချုပ် The Treaty of St. Germain (၁ဝ-၉-၁၉) စတဲ့ စာချုပ်တွေ အများကြီးချုပ်ဆိုပြီး စစ်ရှုံးနိုင်ငံတွေကို ဖိထားခဲ့တာဖြစ်ပါတယ်။ ဗာဆိုင်းစာချုပ်ကိုဆိုရင် ဗြိတိန်နိုင်ငံကတောင်မှ ဂျာမဏီအပေါ်မှာတောင်းဆိုတာ သိပ်ပြင်းထန်လွန်းတယ်လို့ ပြောခဲ့ပါ တယ်။

ဒီစာချုပ်ကြောင့်မို့ ဂျာမဏီနိုင်ငံဟာ စစ်မဖြစ်မီကရှိခဲ့တဲ့ သူ့နယ်မြေဧရိယာရဲ့ ၁၃.၅% (လူဦးရေ ၇ သန်း) ကို ဆုံးရှုံး သွားခဲ့ပါတယ်။ နောက်ပြီး ပြည်ပမှာရှိတဲ့ သူတို့ ကိုလိုနီတွေအားလုံးကိုလည်း လက်လွှတ်လိုက်ရပါတယ်။ တခါ တူရီကီဟာ ဆိုရင်လည်း လော်ဇန်းစာချုပ်ကြောင့် သူ့ရဲ့ အော်တိုမန် အင်ပါယာ ဆိုတာကို လုံးဝ လက်လွှတ်လိုက်ရပြီး နယ်မြေတွေ အများကြီး ဆုံးရှုံးသွားပါတယ်။ ဟက်ဘ်စဘဂ်အင်ပါယာ (Habsburg empire) ကို ဆုံးရှုံးလက်လွှတ်လိုက်ရတဲ့ သြစထရီးယားနိုင်ငံဟာလည်း သူ့နဂိုဒေသတွေ ခွဲထုတ်ပေးပစ်ရ၊ သူ့တပ်ကို ၃ သောင်းအထိ လျှော့ချရ စသဖြင့် တသက် အခဲမကြေစရာတွေ ခံစားခဲ့ရပါတယ်။

ဒီလို မတရား တဖက်သတ်ကျတဲ့ စစ်ပြေငြိမ်းစာချုပ်တွေကြောင့်မို့ ဒုတိယကမ္ဘာစစ်ကြီး ပေါ်ပေါက်တယ်ဆိုတာကို ကမ္ဘာ့ သမိုင်းပညာရှင်တွေနဲ့ စွယ်စုံကျမ်းအတော်များများကပဲ အသိအမှတ်ပြုကြပါတယ်။ မတရား အချုပ်ချယ်ခံခဲ့ရတဲ့ နိုင်ငံတွေ မှာ အမျိုးသားရေးစိတ်ဓာတ်နဲ့ လူထုကိုစည်းရုံးလို့ အကောင်းဆုံးလည်း ဖြစ်ခဲ့ပါတယ်။ စစ်ပွဲကြီးတပွဲပြီးတယ်ဆိုတိုင်း ငြိမ်းချမ်းရေးအတွက် အာမခံချက်ရတာမဟုတ်ကြောင်း ဒီခေတ်လူသားတွေကို ဒီသမိုင်းက ဖော်ပြနေပါတယ်။ နောက်ပြီး ပဋိပက္ခတွေကို တဖက်သတ်ဖြေရှင်းတဲ့နည်းနဲ့ ဖြေရှင်းလို့မရကြောင်းလည်း သင်ခန်းစာယူသင့်ပါတယ်။

ဒါနဲ့တဆက်တည်း မကြာသေးမီကမှ ပြီးဆုံးသွားတဲ့ စစ်အေးစစ်ပွဲကိစ္စကိုလည်း ပြန်စဉ်းစားစရာသင့်ပါတယ်။ စစ်အေးစစ်ပွဲ ဆိုတာကြီးဟာ သေနတ်သံတချက်မကြားရဘဲ ပြီးသွားတယ်လို့ ပြောရင်ရပါတယ်။ ဘယ်လို စစ်ပြေငြိမ်းစာချုပ်၊ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးတာတွေမရှိဘဲ သိန်းနဲ့ချီတဲ့ ဝါဆောစာချုပ်တပ်ဖွဲ့ဆိုတဲ့ ဧရာမ စစ်တပ်တွေလည်း ပျောက်ကွယ်သွားပါတယ်။

ဒါပေမယ့် အဲဒီလိုဖြစ်သွားတဲ့အတွက် အဲဒီဒေသတွေမှာ တကယ်တမ်း ငြိမ်းချမ်းရေးရခဲ့ပါသလား။ မနည်းလှတဲ့နိုင်ငံတွေမှာ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် အကြီးမားဆုံးပြိုကွဲမှုတွေနဲ့ ပထမဆုံး သေနတ်သံတွေ ပြန်ကြားလာရတယ် မဟုတ်ပါလား။ ပြောရရင် ဝါဆော စစ်အုပ်စုမရှိတော့တဲ့အတွက် နေတိုးစစ်အုပ်ရဲ့တည်ရှိမှုဟာလည်း အဓိပ္ပာယ် မရှိတော့ပါဘူး။ တရားအရဆိုရင် သူလည်း တဖြည်းဖြည်း ပျောက်ကွယ်ရတော့မှာပါ။

ဒါပေမယ့် အခုတော့ အဲဒီလိုမဟုတ်ဘဲ နေတိုးကို တိုးချဲ့လာလိုက်တာ ရုရှားနဲ့ နယ်စပ်ချင်းကပ်နေတဲ့နိုင်ငံတွေကိုတောင် ရောက်လာပါပြီ။ ဒီလိုနဲ့ ပူတင်တို့ဘက်ကလည်း အခုအခါ အမျိုးသားရေး ကြွေးကြော်သံတွေကိုတင်ပြီး စစ်အင်အား တိုးချဲ့တာ၊ ဖြည့်ဆည်းတာ တွေလုပ်လာလို့ ဒုတိယစစ်အေးစစ်ပွဲကို ပြန်ရောက်လာဦးမှာလားလို့ တွေးစရာ၊ မေးစရာဖြစ်လာနေပါတယ်။ တပါတည်း ဗမာပြည်နိုင်ငံရေးရဲ့ အခုနောက်ဆုံးဖြစ်ပေါ်မှုတွေဟာ အဲဒီမပေါ်ပေါက်သေးတဲ့ ဒုတိယစစ်အေးစစ်ပွဲနဲ့များ ဆက်နေ သလားလို့တောင် တွေးစရာဖြစ်လာနေတယ် မဟုတ်ပါလား။

ကမ္ဘာစစ်တခုပြီးတော့ နောက်ကမ္ဘာစစ်တခု။ စစ်အေးစစ်ပွဲတခုပြီးတော့ နောက် စစ်အေးစစ်ပွဲတခု။

ဒီလိုပါပဲ။ သမိုင်းမှာ တဖက်စီးနင်း ဆုံးဖြတ်ခဲ့၊ လုပ်ကိုင်ခဲ့တာတွေဟာ တကယ်တမ်းပြီးပြတ်သွားတာ မဟုတ်ပါဘူး။ တန်ပြန်တဲ့ အကျိုးဆက်တွေနဲ့ ကြုံရတတ်ပါတယ်။ ဒီကနေ့ ဗမာနိုင်ငံမှာ ဒီနေ့ဖြစ်ပျက်နေတာတွေကိုကြည့်ပြီး အရာရာကို နအဖ စစ်အုပ်စုက ထင်သလို ချယ်လှယ်လုပ်ကိုင်နိုင်နေပြီ၊ နအဖစစ်အစိုးရဟာ သင်္ခါရတရားနဲ့ ကင်းလွတ်နေသူတွေ ဖြစ်တယ်၊ ကျန်တဲ့တနိုင်ငံလုံး၊ ပြည်သူတရပ်လုံးဟာ သူတို့ပေးသနားတဲ့ စပေ့စ်လေးထဲမှာပဲ လှုပ်ရှားကြပေတော့လို့ ဆိုပြီး၂ဝ၁ဝ ရွေးကောက်ပွဲကို တခုတည်းသော တလမ်းသွားလမ်းကြောင်းလို ပြောသူတွေက ပြောနေကြပါတယ်။ ဒီလိုအနေအထားအောက်မှာ နအဖ ဗိုလ်ချုပ်တွေဟာလည်း နေမြင့်လေ အရူးရင့်လေဆိုသလို အဲဒီလို မြှောက်ပြောတာ တွေကို နားထောင်ရင်း စိတ်ကြီးဝင်သထက်ဝင်၊ အတိုက်အခံတွေကို ရှိတယ်လို့တောင်မှသဘောမထားဘဲ လုပ်ချင်တာ လုပ်နေကြပါတယ်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူတွေက တခဲနက်မဲပေးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရန်ကုန်မှာသာ တမြို့ထဲမှာသာ ဆိုင်းဘုတ်တင်ခွင့် ပေး၊ သူတို့ကိုဖားနေတဲ့ “ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်” ဆိုတဲ့ အဖွဲ့လိုဟာတွေကိုတော့ တိတ်တိတ်ထောက်ပံ့ကြေးတွေပေးပြီး တပြည်လုံးမှာ လှုပ်ရှားခိုင်းထားပါတယ်။ ဒီလိုပဲ ဗမာပြည် နိုင်ငံရေးမှာ ဘုရားကားအောက် မျောက်ကားအထက် ဖြစ်နေတာကြာပါပြီ။

စစ်အာဏာရှင်တွေရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ နီးလာလေလေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲ မဝင်ရင် ဖျက်သိမ်းပစ်မယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်ကျပြီးပြီ စတဲ့ ကောလာဟလတွေ အကျယ်အပြန့် ကြားလာရပါတယ်။ ဘယ်သူကလွှင့်တယ်ဆိုတာတော့ မသိရပါဘူး။

ဒါပေမယ့် ကြက်တူရွေးထက်ကဲနေတဲ့ မယ်ဘော်တွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းပစ်ခံချင် သလားလို့တောင် မောက်မောက်မာမာ၊ မိုက်မိုက်ရိုင်းရိုင်းတွေ ရေးနေကြပါတယ်။ သူတို့အနေနဲ့ ဒီလိုရေးလိုက်ခြင်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း မခြောက်လှန့်နိုင်ဘူး၊ ပြည်သူလူထုကိုလည်း မျက်စိလည်အောင် မလုပ်နိုင်ဘူး ဆိုတာ သူတို့သိပါတယ်။ တကယ်က ဆရာ လုပ်တာ အကျင့်ပါနေတဲ့သူတို့ဟာ နအဖ စစ်ဗိုလ်ချုပ်တွေကို “ချလိုက်ပါတော့လား” ဆိုတာမျိုး အကြံပေး တိုက်တွန်း နေတာသာ ဖြစ်ပါတယ်။

အထက်မှာရေးခဲ့သလိုပဲ သမိုင်းဆိုတာ အသာစီးရနေတုန်း တဖက်သတ်လုပ်ခဲ့တာတွေနဲ့ချည်း ပြီးသွားတာ မဟုတ်ပါဘူး။ တန်ပြန်ကိစ္စတွေ ပေါ်ထွက်လာနိုင်ပါတယ်။ တန်ပြန်တယ်ဆိုရင် ပိုတောင်ပြင်းထန်၊ ပိုတောင် သဲသန်တတ်တယ်ဆိုတာ ကိုလည်း မမေ့သင့်ပါဘူး။ ။

ကျောင်းသား ထောင် တော်လှန်ရေးသမား (၁၅)

ဒါပေမယ့် ကျနော်တို့လျှောက်သွားရမယ့် ဗူးအထိ လျှောက်သွားရမယ့် လမ်းတဖက်တချက်မှာ အကုန်လုံး ဝါဒါ တွေ၊ ဝါးရင်းတုတ်တွေနဲ့ တန်းစီပြီး စောင့်နေတာ အပြည့်ပဲ။ ထောင် ၂ ထောင်စလုံးက ဝါဒါတွေကို ဟို … တွဲဖက်ထောင်ကရော၊ ထောင်မကြီးကရော ဝါဒါတွေ ကြက်တူရွေးခန်း၊ ရှစ်ယောက်ဗူးမှာ မရပ်ရဘူး။ ဒါတွေ လုံးလုံးမရှိဘူး။ တံခါးတွေ အားလုံးက တိုးလျှိုပေါက် ဖွင့်ထားပြီးသား၊ ကျနော်တို့ တောက်လျှောက် လျှောက်ပြီးထွက်သွားတာ။

အဲ … ထောင်အပြင်ရောက်တယ်ဆိုတာနဲ့တပြိုင်နက်တည်း အပြင်မှာ ဟီးနိုးကားကြီးတွေ ရပ်နေတာ တွေ့ရတယ်။ ကျနော်တို့ကို ဟီးနိုးကားကြီးတွေပေါ် တက်ခိုင်းတယ်။ ဟီးနိုးဘတ်စ်ကားကြီးတွေ၊ အဲ တက်လိုက်တဲ့အခါ ကျတော့ ပြတင်းပေါက်တွေအားလုံးက စက္ကူတွေကပ်ပြီး ပိတ်ထားတယ်။ ဒရိုင်ဘာရှေ့က မှန်တခုပဲ မြင်ရတာ။ အဲဒီ ကျနော် ထင်တယ်။ ကား ၃ စင်းထက်တော့ မနည်းဘူး။ ဘယ်နှစင်းလည်းတော့ ကျနော်လည်း မရေနိုင်ဘူး။

အဲဒီ ခပ်လှမ်းလှမ်းမှာ စစ်သားတွေစောင့်နေတယ်လို့ ကျနော် လှမ်းတော့မြင်ရတယ်။ ဒါပေမယ့် နည်းနည်းလည်း လှမ်းတယ်။ သိပ်လည်း အချိန်မရတော့ “တက် တက်” ဆိုတော့ တက်လိုက်ရတယ်ဆိုတော့ ဟိုဒီလည်း ကြည့်မနေနိုင်ဘူး။ အသေးစိပ်တော့ မမြင်ရဘူး။ ဘယ်နှစ်ယောက်ပဲ ဘာညာဆိုတာ မှန်းလို့မရဘူး။

နောက် … ကားတွေမောင်းလာတာ မောင်းလာတော့ သတိထားမိတာ လမ်းမှာ ရှင်းပေးတဲ့ဟာတွေ ရှိတယ်။ ဘယ်နေရာမှာမှ ရပ်ဖို့မလိုဘူး။ ဘေးက ကားတွေဘာတွေ အကုန်လုံးလည်း သူတို့ ရပ်ခိုင်းထားတာရှိတယ်။ ဟို … ဘေးကပ်ခိုင်းထားတာတွေ ရှိတယ်။ ကြည့်ရတာ ကျနော်တို့ရှေ့မှာ မော်တော်ပီကယ်လိုဟာမျိုး လမ်းရှင်းတဲ့ဟာ ပါတယ် ထင်တယ်။ ဒါမှမဟုတ် ကြိုပြီးတော့ကိုပဲ မော်တော်ပီကယ်တွေ လမ်းဘေးတွေမှာ ချထားလား မသိဘူး။ အကုန်လုံးကို လျှောလျှောရှူရှူပဲ ခေါ်သွားလိုက်တာ။

ဗိုလ်တထောင် ကျန်းမာရေးဆိပ်ကမ်းကို ရောက်သွားတာ ညကြီး။ ဗိုလ်တထောင် ကျန်းမာရေးဆိပ်ကမ်းဆိုတာ ကျနော်က တခါမှ မရောက်ဖူးဘူး။ အညာသားများ တော်တော်များများလည်း ဘယ်သူမှ မရောက်ဖူးကြဘူး။ ပင်လယ် မမြင်ဘူးတဲ့လူတွေ၊ ပင်လယ်ကူးသင်္ဘော မမြင်ဖူးတဲ့သူတွေက အများကြီး။

လှမ်းကြည့်လိုက်တဲ့အခါကျတော့ဗျာ … အဲဒီမှာ ဆလိုက်မီးကြီးတွေက ထိန်နေတာပဲ ထွန်းထားတာ။ အဲဒီထဲမှာ ‘ပြည်တော်ညွန့်’ သင်္ဘောကြီးကလည်း ဖြူဖြူဝင်းလို့။ အဲဒီအောက်မှာမှ သံခမောက်တွေကလည်း တဝင်းဝင်းနဲ့။ အို … လှံစွပ်တွေကလည်း တဖွေးဖွေးနဲ့။ ဟာ … မြင်ကွင်းက ဟစ်တလာခေတ်က မြင်ကွင်းတခုကို ကြည့်နေရသလိုပဲ။ ချောက်ချားစရာ အင်မတန် ကောင်းတာ။ ဒီ ဝင်းထိန်နေပုံကိုက သဘာဝမကျတဲ့ ဝင်းထိန်နေပုံကြီးဆိုတော့ စိတ်ကို သိပ်ချောက်ချားစရာကောင်းတာ။

အဲဒီမှာတော့ ကျနော်တို့အားလုံးလည်း အော် ကိုကိုးကျွန်းပို့ပြီဆိုတာ စိတ်ဒုံးဒုံးချပစ်လိုက်ရတာ။ နဂိုကတော့ တချို့လူတွေက ပြည်ထောင်စုနေ့နား နီးနေပြီ၊ လွှတ်တာတွေဖြစ်မှာဆိုပြီးကြံကြံဖန်ဖန်တွေးတဲ့လူ ရှိသေးတယ်။ ကျနော်တို့ကတော့ အဲဒီလို တွေးစရာ မလိုဘူးလေ။ ကိုယ့်လွှတ်ချင်ရင် မန္တလေးထောင်ကနေပြီးတော့ အင်းစိန်ထောင်ထိတော့ ဘယ်သူမှ ခေါ်မလာဘူး။ မန္တလေးထဲက လွှတ်မှာပဲ။

အဲ တချို့ အဲလိုစိတ်ကူးယဉ်တဲ့လူတွေ ရှိတော့ရှိတာပေါ့ဗျာ။ ဒါတော့ သူတို့လည်း အပြစ်မပြောပါဘူး။ အဲလို အချိန်မှာတော့ ဒီလိုပဲစဉ်းစားတတ်ကြတာပေါ့။ အခု မျက်စိထဲမှာ သင်္ဘောကြီးတစင်း မားမားကြီးတွေ့နေရတာ။ အဲဒီကို ကျနော်တို့ခေါ်သွား၊ မရပ်နဲ့။ ဘာမှ စောင့်နေရတာရပ်နေရတာ မရှိဘူး၊ အကုန်လုံးက စီစဉ်ထားပြီးသား အတိအကျတွေ၊ အပေါ်မှာ တက် တက် တက်တက်လှေကားပေါ်တက်သွား၊ သင်္ဘောဝမ်းပေါ်ကျတော့ ဆင်း ဆင်း ဆင်းဆင်း ဆိုပြီးတော့ တခါတည်း ဝမ်းဗိုက်အောက်ထဲကို ဆင်းသွားရတာ။

ဝမ်းဗိုက် (၂)ခန်းထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ထည့်ထားတာ။ ကျနော်တို့က ရှေ့ကအခန်းထဲက။ ကျနော်တို့အရင် ရောက်နေတဲ့လူတွေလည်း ရောက်နေကြပြီ။ ကျနော်တို့အခန်းထဲမှာ အားလုံးပေါင်း လူ ကျနော်ထင်တယ် (၁ဝဝ) (၁ဝဝ)ကျော်လောက်ရှိမယ်လို့ ထင်တယ်။

ဆက်လက်ဖော်ပြပါမယ်။

ကမ္ဘာကြီးရဲ့ လားရာ (အုပ်စိုးနိုင်)

၂၁ ရာစုကို ဝင်လာကတည်းက ပညာရှင်အသီးသီးက မေးခွန်းတွေ၊ ထင်မြင်ချက်တွေ အမျိုးမျိုးထုတ်လာခဲ့ကြတယ်။ ဒီနေ့ကမ္ဘာကြီးဟာ ဘယ်လမ်းကို သွားနေကြသလဲလို့ပေါ့။ ကမ္ဘာကြီးဆိုတာထက် ဒီနေ့လူ့အဖွဲ့အစည်းတွေက ဘယ်လမ်းသွားနေကြသလဲလို့ ဆိုလိုတာပါ။ အကောင်းမြင်သူတွေရော၊ အဆိုးမြင်သူတွေရော နှစ်ဖက်စလုံးက ကိုယ့်အမြင်အမျိုးမျိုးကို တင်ပြလာကြတယ်။

အချို့ကလည်း ကမ္ဘာကြီးဟာ အပေါ်ယံအားဖြင့် ဖွံ့ဖြိုးတိုးတက်နေတယ်၊ အတွင်းအနှစ်သာရအားဖြင့် အပြင်ထန်ဆုံး ဖောက်လွဲဖောက်ပြန်ဖြစ် နေပြီး အဆုံးစွန်ပျက်သုဉ်းခြင်းတခုဆီကို ရှေ့ရှုနေတယ်လို့ ဆိုကြတယ်။ ရုပ်ဝတ္ထုတွေ ဖွံ့ဖြိုးတိုးတက်နေတာ လျှင်မြန်လာတာနဲ့အမျှ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာမှာ ပိုပြီး နိမ့်ကျလာနေတယ်လို့ ဆိုကြတယ်။ ပညာရှင်တယောက်က သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြတယ်။

“ကမ္ဘာကြီး ဘယ်ကိုသွားနေတယ်ဆိုတာ ကျနော် သေသေချာချာ မသိပါဘူး။ ဒါပေမယ့် ဘယ်လိုသွားနေတာလဲဆိုရင်တော့ အနီးစပ်ဆုံး မှန်ကန်အောင် ကျနော် ပြောပြနိုင်ပါတယ်။ ကမ္ဘာကြီးဟာ ကိုယ်ကျိုးစီးပွားကာကွယ်ရေး အခြေခံအောက်မှာသာ နာမည်အမျိုးမျိုး ပြောင်းပြီး နှစ်ရှည်ကာလများစွာ သွားနေခဲ့တာပါ” တဲ့။

လူတိုင်းက ယဉ်ကျေးမှုတွေ မြင့်လာတယ်လို့ အစဉ်တစိုက် သုံးစွဲခဲ့ကြ ပါတယ်။ ဒါဟာ လှပတဲ့တင်စားမှုတခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သဘောမတူသူတွေကတော့ ယဉ်ကျေးမှုမြင့်လာတယ်ဆိုတာထက် ဟန်ဆောင်မှုတွေ ပိုပြီးမြင့်လာတယ်လို့ ဆိုကြပါတယ်။ သမိုင်းဦးဘုံမြေ ခေတ်ကနေ မြေခေတ်၊ စက်ခေတ်၊ နည်းပညာခေတ်၊ ဘယ်လိုပင် ပြောင်းခဲ့စေကာမူ လူဟာ သူ့ရဲ့မူလသဘာဝ ဖြစ်ကောင်းဖြစ်နိုင်တဲ့ ရိုးသားမှုမှန်သမျှကိုတော့ ဆုံးရှုံးခဲ့ပုံရတယ်လို့ ဆိုကြပါတယ်။

ခေတ်မီဖို့၊ ဖွံ့ဖြိုးဖို့ တိုးတက်ဖို့ အပြိုင်အဆိုင် ကြိုးစားကြရင်းနဲ့ လူဟာ အခြားတဖက်က အပြိုင်ဖြစ်လာတဲ့ ဆိုးကျိုးတွေကို ဟန်ဆောင် ဖုံးကွယ်ပြီး ရှင်သန်နေခဲ့ကြပါတယ်။ လူဟာ အံ့မခန်းမျှော်လင့်ချက်တွေ အပေါ် ရင်ခုန်နေရင်းနဲ့ပဲ အံ့မခန်း ဘေးဒုက္ခတွင်းတွေထဲကို ဆင်းမှန်းမသိ ဆင်းနေခဲ့ကြပါတယ်။ အစိုးရအသီးသီးက တဖွဖွရေရွတ်နေကြတဲ့ စကားတွေကို ကြည့်လိုက်ပါ။ ‘လတ်တလော အကျိုးစီးပွား’ ဆိုတဲ့ စကားလုံးကို အတွင်ကျယ်ဆုံး ကြားရနိုင်ပါတယ်။ ဒီစကားလုံးရဲ့တန်ဖိုးက သူ့တာဝန်ကို သူကျေပွန်လေလေ၊ ကမ္ဘာကြီးရဲ့အနာဂတ်ဟာ မရေမရာ ဖြစ်လာလေလေပါပဲ။

ကမ္ဘာကြီးဟာ ကမ္ဘာစစ်ကြီး ၂ ခုကိုကြုံပြီး ဆိတ်ငြိမ်စစ်ကာလကြီး တခုကိုလည်း တိုးတိုးတိတ်တိတ်နဲ့ လူသိရှင်ကြား ဖြတ်သန်းခဲ့ပြီးပါပြီ။ လူတွေဟာ ကျွန်တွေ အများကြီးပိုင်ဖို့ ကြိုးစားကြရင်း၊ မြေတွေ အများကြီး ပိုင်ဆိုင်ဖို့ ကြိုးစားကြရင်း၊ ဈေးကွက်တွေ အများကြီး ပိုင်ဆိုင်ဖို့ ကြိုးစားကြရင်း၊ လက်နက်တွေအများကြီးပိုင်ဖို့ ကြိုးစားကြရင်း၊ နည်းပညာတွေ အများကြီးပိုင်ဆိုင်ဖို့ ကြိုးစားကြရင်း ကမ္ဘာကြီးဟာ ကိုယ့်ထောင်ချောက်နဲ့ကိုယ် ပိတ်မှန်းမသိ ပိတ်မိနေခဲ့ပါတယ်။

ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒကို နာမည်အမျိုးမျိုးပြောင်းကာ ရေလောင်းပေါင်းသင်ကြရင်းနဲ့ပဲ ရောဂါဘယအသစ်အဆန်းပေါင်းစုံနဲ့ သဘာဝပတ်ဝန်းကျင်အချို့ ယွင်းပျက်သုဉ်းမှုကြီးဟာ ကမ္ဘာကြီးရဲ့ နောက်ကျောမှာ ဓားတချောင်းနဲ့ အသင့်ဖြစ်နေခဲ့ပါပြီ။

ရုရှား မဟာအောက်တိုဘာ တော်လှန်ရေးပြီးစမှာ လူတွေဟာ လိုချင်တာတွေရတော့မယ် ထင်ခဲ့ကြပါတယ်။ ဂျာမဏီ ဘာလင်တံတိုင်း ကြီးပြိုပြီးတဲ့အခါမှာတော့ လူတွေဟာ လိုချင်တာကို အခုမှရတော့မယ်လို့ ထင်လာကြပြန်ပါတယ်။ ဒါပေမယ့် အမေရိကန်က တိုက်အမြင့်ကြီး ၂ လုံး ပြိုသွားပြီးတဲ့အခါမှာတော့ လူတွေဟာ ကမ္ဘာကြီးရဲ့ လားရာအပေါ် ဘယ်လိုထင်မြင်ချက်မျိုး ပေးရမှန်းမသိ ဖြစ်ခဲ့ကြပါတယ်။ အဲလ်ဖရက်နိုဗယ်လ်ကတော့ သူမသေခင်မှာဘဲ တဖက်မှာ ကမ်းပြိုရင် တဖက်မှာ သောင်းထွန်းတတ်တယ်ဆိုတာကို နားလည်သွားခဲ့ပါပြီ။

ကမ္ဘာကြီးဟာ ငွေများ တရားနိုင်တာထက် ပိုပြီးယဉ်ကျေးတယ်လို့ ယူဆနိုင်တဲ့ လူများတရားနိုင်တဲ့ ပါလီမန်ဒီမိုကရေစီစနစ်ကို ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။ အာဏာရှင်စနစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒါဟာ ကျေနပ်စရာပါ။ ဟားမား[စ်]အဖွဲ့ပဲဖြစ်ဖြစ်၊ တက်ဆင်ရှီနာဝပ်ပဲဖြစ်ဖြစ် လူများတော့ တရားနိုင်ခဲ့ကြပါပြီ။

ကိုယ်စားပြုဒီမိုကရေစီစနစ်ဟာ အကန့်အသတ်နဲ့သာ မှန်ကန်ခွင့် ရှိနေဆဲပါ။ ပါလီမန်ရွေးကောက်ပွဲစနစ်အောက်မှာ နိုင်ငံအစိုးရတိုင်း ခေါင်းဆောင်တိုင်း သူတို့ကိုယ်စားပြုထားတဲ့ ကျောထောက်နောက်ခံ အဖွဲ့အစည်းတိုင်းက လတ်တလော အကျိုးစီးပွားတိုင်းကို ဦးစားပေး မဟာဗျူဟာအဖြစ် သတ်မှတ်ခဲ့ကြတာ မဆန်းလှပါဘူး။

ဒီကနေ့ ကိုယ့်လူထုကျေနပ်ဖို့၊ ဒီကနေ့ စီးပွားရေးဘဝ ပြေလည်ဖို့က အဓိကပါ။ ဒီကနေ့ ဒါမလုပ်နိုင်တဲ့ ဘယ်အစိုးရမဆို မနက်ဖြန်မှာ အချိန်မရွေး ပြုတ်ကျသွားနိုင်တာမို့ ရေရှည်အကျိုးထက် ရေတိုအကျိုး ကြည့်မှုတွေက ရှေ့တန်းရောက်လာတာ တကယ်တော့ မဆန်းလှပါဘူး။ နောင်တချိန်မှာ ကမ္ဘာကြီးဘာပဲဖြစ်ဖြစ် လေးနှစ် တကြိမ် ရွေးကောက်ပွဲ နိုင်ဖို့ လူထုကို လတ်တလော အကျိုးစီးပွားအမျိုးမျိုးနဲ့ ဖြားယောင်း နိုင်ဖို့ကိုပဲ နိုင်ငံရေးပါတီတွေက ပိုပြီးအာရုံစိုက်တတ်ကြပါတယ်။

အမေရိကန်တွေဆိုရင် သူတို့ရဲ့ လတ်တလောအကျိုးစီးပွားအတွက် သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ အချို့စာချုပ်စာတမ်းတွေကို လက်မှတ်ထိုးဖို့ ငြင်းဆန်နေဆဲပါ။ လူတွေရဲ့ အရမ်းကာရော တီထွင် ဖန်တီးမှုတွေ၊ ဇွတ်တရွတ် ကိုယ်ကျိုးစီးပွားဖက်တွယ်မှုတွေကြောင့် ကမ္ဘာကြီးဟာ ကိုယ့်ထောင်ချောက်နဲ့ကိုယ် ပိတ်မိနေရတဲ့ အဖြစ်မျိုးနဲ့ တိုးနေရတာဆိုရင် မမှားပါ။

ကမ္ဘာကြီးရဲ့ကျန်းမာရေးဆိုပြီး အစိုးရတိုင်းနီးပါးက ဟန်ဆောင်ကြွေးကြော် တတ်ကြပါတယ်။ လူ့အခွင့်အရေး၊ ဖူလုံရေး၊ မျှတရေး၊ သဘာဝပတ်ဝန်း ကျင်ထိမ်းသိမ်းရေး စသဖြင့် ဖြစ်ပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ချမ်းသာတဲ့နိုင်ငံကြီးတွေရဲ့ကြားက ကွာခြားချက်ကတော့ ကြီးနေတုန်းပါပဲ။

ကမ္ဘာလက်နက်ပြိုင်ဆိုင်မှုအတွက် သုံးစွဲနေတဲ့ ငွေကြေးပမာဏဟာ အေအိုင်ဒီအက်(စ်)လို ကပ်ရောဂါမျိုးအတွက် သုတေသနလုပ်တဲ့ လုပ်ငန်းသုံးငွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အဆမတန် နည်းနေတာကို တွေ့ကြရ မှာပါ။ ကမ္ဘာကြီးမှာ သန်းနဲ့ချီတဲ့ ကလေးသူငယ်တွေ အဟာရ ချို့တဲ့မှုရဲ့ အကျိုးဆက်အဖြစ် နှစ်စဉ်သေဆုံးနေကြရပေမယ့် ဒါတွေကို စိတ်လှုပ်ရှားစွာနဲ့ အပူတပြင်းဆောင်ရွက်နေကြတဲ့ အစီအစဉ်တွေ ကတော့ မရှိသလောက် နည်းပါးလွန်းတာကို တွေ့ကြရမှာပါ။

မျှော်စင်အမွှာညီနောင်ကြောင့် လူငါးထောင်ကျော်သေသွားတဲ့အခါမှာ ဒေါ်လာဘီလီယံနဲ့ချီပြီး ကုန်ကျနိုင်တဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ရေး စီမံချက်ကြီးတွေက ပြူးတူးပြဲတဲနဲ့ ရှေ့တန်းကိုရောက်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာကြီးဟာ ပိုပြီးယဉ်ကျေးလာတယ်ဆိုတာထက် ပိုပြီး ဟန်ဆောင်တတ်လာတယ်လို့ သုံးသပ်ကြတာ ဖြစ်ကောင်းဖြစ်မှာပါ။

ကျေးပိုင်ကျွန်ပိုင်စနစ်က အသွင်သစ်ပြောင်းပြီး ဖြစ်ထွန်းလာတာ သွေးစုပ်တဲ့စနစ်က ပုံစံပြောင်းပြီး နှိပ်စက်လာတာ ဒါကိုပဲ အမြင့်ဆုံး ဖြစ်ထွန်းမှုတွေထဲမှာ နေပျော်နေပြီလို့ဆိုသူတွေကလည်း ဆိုနေကြ ပါတယ်။ ကရင်မလင်နန်းတော်ကြီးက ပွင့်လင်းရမယ်လို့ မျက်စပစ် လိုက်ပြီး ချမ်းသာတာကောင်းတယ်လို့ ခေါင်းဆောင်ကြီး တဦးက ကြွေးကြော်ပြီးတဲ့နောက်မှာ အချို့ကလည်း သမိုင်းနိဂုံးချုပ်ပြီ ဆိုပြီး အလန့်တကြား ထ အော်လာကြပါတယ်။

ကျေးလက်က လူအများစုကြီးက မွဲမြဲမွဲနေကြပြီးတော့ မြို့ပြက လူစု လူဝေးကြီးဆီမှာလည်း ကုလို့မရနိုင်တဲ့ ရောဂါအသစ်အဆန်း ပေါင်းစုံကို ခေတ်သစ်ကြီးရဲ့လက်ဆောင်အဖြစ် ရနေကြပါပြီ။ ကမ္ဘာကြီးပူနွေးလာတယ်ပဲ ပြောပြော၊ ဖန်လုံအိမ် အာနိသင်အကြောင်းပဲ ငြင်းခုံ ငြင်းခုံ၊ အဆိပ်လို လေထုညစ်ညမ်းစေတဲ့ ဓာတ်ငွေ့မျိုးတွေကို နေ့စဉ်ရှူရှိုက်ရင်း ကြီးပြင်းနေကြတဲ့ ကမ္ဘာလူထုကြီးဟာ လတ်တလော အကျိုးစီးပွားတွေကိုသာ တွင်တွင်မျက်မှောက်ပြုနေကြရင်းနဲ့ အသေအပျောက်တွေ တစထက်တစ ပိုများလာနေတဲ့၊ ကမ္ဘာရာသီဥတု အပြောင်းအလဲတွေအကြောင်းကို ကြိုးစားပြီး မေ့ထားနေကြပုံရပါတယ်။

လူ့သမိုင်းမှာ မကြုံဖူးလောက်အောင် လိုအပ်သမျှတွေကိုရနိုင်တဲ့ ခေတ်ကြီးလို့ အကောင်းမြင်သူတွေကဆိုကြပေမယ့် ကွန်ပြူတာ၊ မိုဘိုင်းဖုန်းနဲ့ တယ်လီဗီးရှင်းနား မကပ်နိုင်သူတွေက ဒုနဲ့ ဒေးပါ။ ယဉ်ကျေးချင်ဟန်ဆောင်ထားတဲ့ ပေးစာကမ်းစာ အကူအညီလောက်နဲ့ တော့ ကမ္ဘာ့လူမွဲတွေ နာလန်ထလာဖို့ဆိုတာလည်း မလွယ်လှပါဘူး။

လူဟာ လူအချင်းချင်းကိုရော သဘာဝတရားကြီးကိုပါ အစဉ်တစိုက် အံတုဖို့ကြိုးစားရင်း ခေတ်သမိုင်းအဆက်ဆက်ကို ချီတက်လာခဲ့ကြပါ တယ်။ အဲဒီလူကိုပဲ လူအချင်းချင်းကရော၊ သဘာဝတရားကြီးကပါ ဒဏ်ခတ်ဖို့ကာလတခုဟာ ရှေးမဝေးလှတဲ့ အနာဂတ်တခုမှာ စောင့်ကြို နေပါတယ်လို့ ဆိုကြပါတယ်။ ကမ္ဘာကြီး ဘယ်ကိုသွားနေတယ်ဆိုတာ အပျင်းပြေလောက်ပဲဖြစ်ဖြစ်၊ စဉ်းစားကြည့်ကြရအောင်ပါ။ ။

Monday, November 16, 2009

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၄)

ကျနော့်ကျောပြင်မှဒဏ်ရာသည် သွေးစီးနှင့် အင်္ကျီတွင် ကပ်နေသည်။ နာကျင်ခံခက်လှပါသည်။ ကျနော့် ပုဆိုးနွမ်းလေးနှင့် အသာလေးခွေပြီး ပုဆိုးခြုံနှင့် ကွေးနေသည်။ ကျနော်မျက်လုံးမှိတ်ပြီး အိပ်ပျော်ရန် ကြိုးစား သည်။ အိပ်၍မပျော်ပါ။ အသာလေး မှေးနေပါသည်။ မည်သည့် အချိန်က အိပ်ပျော်သွားသည်မသိပါ။ ကျနော့်ခြေရင်း “ချွင်ချွင် ခြွမ်ခြွမ်” “ဂလောက် ဂလောက်” အသံကြား၍ လန့်နိုးလာသည်။

ကျပ်နေသောတံခါးကို ဆွဲဖွင့်သည်။ တံခါးပွင်သွားသောအခါ ကုလားကြီး တယောက် အခန်းထဲဝင်လာသည်။ အခန်းခြေရင်းတွင် အညစ်အကြေးစွန့်သော မိလ္လာပုံးကို ကုလားကြီးက ယူထုတ်ပြီးတော့ မိလ္လာပုံးကို ပြန်လာ သွင်းသည်။ အခြားဆီများမှ “ချွင်ချွင် ခြွမ်ခြွမ်” “ဂလောက် ဂလောက်”အသံများ အကြိမ် ၂၀ ခန့်ကြားရသည်။ ကျနော်တွေးကြည့်သည်။ ဧကန္တတော့ ငါ့လိုပဲ အချုပ်ခံနေရတဲ့လူ အခန်းပေါင်း ၂၀ လောက်ရှိမယ်ထင်တယ်။

နာရီဝက်ကျော်ကျော်အကြာတွင် အခန်းတံခါး ထပ်ဖွင့်သံကြားရပြီး ရေအိုးငယ်တလုံးကို အစောပိုင်းက မိလ္လာစွန့်ပေးသော ကုလားကြီးက ယူသွင်းလာပြီး ခေါင်းရင်းဘက်တွင် လာချသွားသည်။ ပြီးနောက် တံခါး ပြန်ပိတ်သွားသည်။ ရေအိုးမြင်မှ တညလုံး ရေငတ်သည့်ဝေဒနာ ပြန်ပေါ်လာသည်။ ရေအိုးကိုကြည့်လိုက်သည်၊ ခွက်မရှိပါ။ ရေအိုးရှိသည့် ခေါင်းရင်းဘက် ကျနော် သွားပြီးထိုင်လိုက်သည်။ အိုးနှုတ်ခမ်းကိုကိုင်၍ ခေါင်းငုံ့ကာ အိုးကိုစောင်း၍ ရေကိုတဝသောက် လိုက်ပါသည်။

အခန်းခေါင်းရင်ဘက် သံတိုင်တံခါးအပေါက်ဝရှိရာ ကုတင်တွင် ကျနော် ထိုင်ပြီး အခန်း၏အခြေအနေကို လေ့လာမိသည်။ ၈ ပေ၊ ၄ ပေ အင်ကညင် အထပ်သား ၂ ချပ်ကိုယှဉ်ပြီး ဆက်ရက်ကပ်ရိုက်ထားသည်။ ၎င်းအထပ်သားအတွင်းဘက်တွင် ၄x၂ သစ်သားတန်းများကို ထောင်လျက် သစ်သားတန်း တချောင်းနှင့် တချောင်း ၄ လက်မခန့် ခြားထားသည်။ ဤသစ်သားတန်းများအား အခန်းပတ်လည် ဖွဲ့၍ရိုက် ထားပြီး ၎င်းသစ်သားတန်းအပြင်ဘက်တွင် ၈ ပေ၊ ၄ ပေ အထပ်သား ဖြင့် ကပ်ရိုက်ထားခြင်းဖြစ်သည်။

အခန်းအပေါက်ဝ၏အပြင်ဘက် ၁၅ ပေအကွာလောက်တွင် ၁၀ ခန့် မြင့်သည့် သွပ်ပြားဖြင့်ကာထားသည်။ သွပ်ပြားအပေါ်မှ လှမ်းမျှော်ကြည့် လိုက်ရာ သွပ်ခေါင်မိုးသာ လှမ်းမြင်ရသည့် ပေ ၁၀၀ ခန့်ရှည် တန်းလျားတခုကို လှမ်း၍မြင်နေရသည်။ ကျနော်ရောက်နေသော အချုပ်ခန်းမှာလည်း ခေါင်မိုးကိုလှမ်းမြင်ရသည် တန်းလျားမျိုး ဖြစ်မည်ဟု ခန့်မှန်းမိသည်။

နံနက် ၉ နာရီလောက်တွင် သွပ်ပြားတံခါးဆွဲဖွင့်သံ ကြားရသည်။ စစ်ဖိနပ်သံ သုံးလေးခုကြားသည်။ “ချွင်ချွင် ခြွမ်ခြွမ်” အသံကတော့ မပါမပြီးပါ။ တခန်းပြီးတခန်း ဖွင့်သံကြားရသည်။ ခဏအကြာတွင် ကျနော့်အခန်းကို ဆွဲဖွင့်သည်။ စစ်သားတယောက်က ဝက်သား၊ အမဲသားစားလား မေးသည်။ ကျနော်က စားပါသည်ဟု ပြန်ဖြေသည်။ စစ်သားက ပြန်လှည့်သွားပြီး ထမင်း တပန်းကန်၊ မတ်ခွက်နှင့် ပဲဟင်း တခွက် ယူလာသည်။ ကျနော် လှမ်းယူလိုက်ပြီး အခန်းတွင်းသို့ ပြန်ဝင်သည်။ ကုတင်ခြေရင်းတွင် ထမင်းပန်းကန်နှင့် မတ်ခွက်ကို ချထားလိုက်သည်။ ထမင်း၊ ဟင်းကိုကြည့်ပြီး ကျနော့်ခေါင်းထဲ အသိတခု ဝင်လာသည်။

အချုပ်အနှောင်ဘဝနှင့် စားရ သောက်ရတော့မှာပါလား၊ လွတ်လပ်သည့် ဘဝမဟုတ်ပါလား ဆိုပြီး ကျနော် စိတ်ထိခိုက်မိသည်။ ချက်ချင်း ကျနော်ကိုယ် ကျနော် ပြန်အားပေးသည်။

ငါအခုစားရတဲ့ အချုပ်အနှောင်ထမင်းဟာ ဒါဟာ ငါ့ဘဝမှာ ပထမဦးဆုံး ထမင်းတနပ်ပဲ။ တော်လှန်ရေးလုပ်ရင် ထောင်ကျမယ်၊ အဖမ်းခံရမယ်၊ နှိပ်စက်ညှဉ်းဆဲခံရမယ်၊ သတ်ပစ်တာလည်း ခံရနိုင်တယ်။ ငါ အင်မတန် လေးစားကြည်ညိုတဲ့ ဆရာ ဗန်းမော်တင်အောင်ဆိုရင် ဘဝတလျှောက် လုံး ထောင်ထဲမှာပဲ အနေများခဲ့ရတယ်။ ငါက အခုမှ ထောင်ထဲရောက် လာတဲ့လူပဲ။ ငါဟာ ဆရာဗန်းမော်တင်အောင်ရဲ့ စာပေနဲ့ ကြီးပြင်းလာတဲ့သူပဲ၊ ငါဟာ ဆရာ့စာပေ ဆရာ့အတွေးအခေါ်ရဲ့ ပညာပေးမှုကြောင့် ဒီတော်လှန်ရေးလမ်းကြောင်းပေါ်ကို ရောက်လာတာ ပဲ။ ဒီဘဝကို ဂုဏ်ယူရမှာဖြစ်တယ်။ မြတ်နိုးရမှာ ဖြစ်တယ်။ ဒီလိုပျော့ညံ့တဲ့စိတ်မျိုး ငါ့ခေါင်းထဲက ဘယ်တော့မှ လက်မခံဘူး။

အဲဒီနေ့ကစပြီး နောက်နေ့၊ နောက်ရက်၊ နောက်လ အကုန်ပြောလိုက် ရင်တော့ ထောင်ထဲမှာနေခဲ့ရတဲ့ နှစ်တွေကာလပတ်လုံး ကျနော် ဘယ်တော့မှ စိတ်ဓာတ်မကျတော့ပါ။ လွတ်မြောက်ရာလမ်း ကိုသာ အမြဲတမ်း ကြံစည်နေပါတော့တယ်။

နောက်ရက်များမှာ ထမင်းကျွေးဖို့ စစ်သားတွေက တံခါးဖွင့်ပြီး မေးပါသည်။

“ဘာစားသလဲ”

ကျနော်က “အကုန်စားတယ်၊ များများထည့်”

အစောင့်စစ်သားတွေထည့်ပေးသမျှ ကျနော် အကုန်စားပစ်ပါသည်။

သုံးလေးရက်ကြာသော် နည်းနည်းနေသားကျလာပါသည်။ ညနေပိုင်း ထမင်းလာကျွေးချိန်ပြီးလျှင် တညနေခင်းလုံးနှင့် ညဦးအထိ အားနေပါ သည်။ ကျနော်လည်း ပတ်ဝန်းကျင်းကို စူးစမ်းလေ့လာခြင်းအမှု ပြုပါတော့သည်။ ကျနော်တို့နေတဲ့ အဆောင်က ဘယ်လိုပုဂ္ဂိုလ်တွေလဲ ဆိုတာ သိချင်သည်။ ကျနော် လေ့လာစူးစမ်းမှုအရ ကျနော်ညာဘက် ကပ်ရပ်အခန်းက ဒေါက်တာမင်းသိန်း၊ ဒေါက်တာမင်းသိန်းနဲ့ကပ်ရပ် အခန်းက ကိုအောင်မြင့်၊ ကျနော့်ကပ်ရပ် ဘယ်ဘက်အခန်းက တကသ ကိုရဲမြင့်တို့ ဖြစ်ပါသည်။

တပတ်ခန့်အကြာတွင် မနက်တိုင်း မိလ္လာချခြင်းကိစ္စနှင့်အတူ စစ်သား တွေက ကျနော့်ကို ရေချိုးထုတ်ပါသည်။ အဆောင် အပြင်ဘက်တွင် ကပ်လျက်ရှိသည့် သွပ်ပြားနှင့်ကာထားသော အခန်းဖြစ်သည်။ လေးငါးနှစ်သား ရေချိုးသလို ချိုးပါသည်။ ရေချိုးထွက်တော့မှ ကျနော်တို့နေသည့် အချုပ်ဆောင်အနေအထားကို လေ့လာမိပါ တော့သည်။ အဆောင်အလယ်မှ ၅ ပေ ခန့်အကျယ် စင်္ကြံလမ်း တဖက်တချက်တွင် ၁၀ ခန်းစီရှိ အချုပ်ခန်းအခန်း တခုနှင့်တခု အကြားတွင် ၂ ပေခန့်ရှိသော သော့ခလောက်တခု ခတ်ထားသည့် ဘာမှန်းမသိသောအခန်းတခု ကိုရဲမြင့်နှင့် ကျနော့်အခန်း ကြားတွင် ဤကဲ့သို့ ဘာမှန်းမသိရသည့် သော့ခလောက်နှင့် တခန်း၊ ဒေါက်တာ မင်းသိန်းနှင့် ကျနော့်အကြားတွင် အလားတူ ဘာမှန်းမသိရသည့် သော့ခလောက်နှင့်တခန်း၊ ရင်ကွဲ အချုပ်ဆောင်တခုလုံးတွင် အချုပ်ခန်း ၂၀ ရှိရာ ဘာမှန်းမသိရသော သော့ခလောက်နှင့် ၂ ပေခန်းသည်လည်း ၂၀ ပင်ရှိပါသည်။

နောင်သော် ဤကြီးမားရှုတ်ထွေးလှသော ခြောက်ခြားကြောက်မက် ဖွယ်ရာအတိပြီးသည့် ဤအချုပ်ဝင်းကြီးအတွင်း ဟိုရောက်ဒီရောက်၊ ဟို့ရွှေ့ဒီရွှေ့ ဟိုလူနှင့်ခဏနေရ ခဏတွေ့ရ၊ ဒီလူနှင့် ခဏနေရ တွေ့ရသောကြောင့် ဘာမှန်းမသိရသည့် သော့ခလောက်နှင့် ၂ ပေခန်းမှာ “မတ်တပ်ခေါင်း” ဟု သိလာရပါတော့သည်။

မတ်တပ်ခေါင်းမှာ တင်စားခေါ်ဝေါ်မှု ဖြစ်ပါသည်။ အမှန်က ၂ ပေပတ် လည်သာရှိသည့် မတ်တပ်အချုပ်ခန်း ဖြစ်ပါသည်။ ဤ ၂ ပေပတ်လည် မတ်တပ်အချုပ်ခန်းထဲသို့ လူတယောက်ကိုထည့်ပြီး ချုပ်ထားလျှင် ထိုင်လို့ လည်းမရ၊ လှဲနေဖို့ကတော့ လုံးဝမဖြစ်နိုင်။ ဤပုံစံနှင့်ထည့်ပြီးချုပ်ထားလျှင် ၅ နာရီ ၆ နာရီကြာ ထည့်ချုပ်ထား ပါက မတ်တပ်အချုပ်ခန်းကို ပြန်ဖွင့်ပေးလိုက်သည်နှင့် အချုပ်ခံရသူမှာ သွေးလေတောင့်ပြီး မဟန်နိုင်တော့ဘဲ ဘိုင်းခနဲ ပစ်လဲပါတော့သည်။

ဤအချုပ်ဝင်းကြီးထဲတွင် ကြုံခဲ့ကြားခဲ့ရသူများ၏ပြောပြချက်အရ အခန်း ထဲတွင် ရေဒူးခေါင်းလောက်အနက်ရှိ အချုပ်ခန်းမျိုး၊ အခန်းထဲတွင် ရေထည့်ထားပြီး အုတ်ခဲသုံးလေးခဲကို ရေနှင့်လွတ်ရုံထားသည့် အချုပ်ခန်း မျိုး၊ အလင်းနှင့် နှိပ်စက်သည့်အခန်း၊ စိတ်ကူးရလျှင်ရသလို နှိပ်စက်သည့် နှိပ်စက်နည်းမျိုးစုံတို့ဖြင့် စုံလှပါသည်။

မြန်မာပြည်သူတို့ ဤအချုပ်ဝင်းကြီး၏နာမည်ကိုကြားရုံနှင့် ကျောချမ်း အောင်ကြောက်သွားရသော အချုပ်ထောင်ကြီးမှာ အခြား မဟုတ်ပါ။ နာမည်ဆိုးနှင့်ကျော်ကြားလှသော ရေကြည်အိုင် ဗဟိုထောက်လှမ်းရေး အချုပ်ထောင်ပင်ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမယ်။

Friday, November 13, 2009

ပြင်မပေးနိုင်ဘူး၊ ပြန်မပြောနဲ့၊ ပြည်သူ့လွှတ်တော်အမတ် ဖြစ်စေရမယ် (ကာတွန်း စောငို)


ကျောင်းသား ထောင် တော်လှန်ရေးသမား (၁၄)

ကျနော်တို့ကတော့ တိုက်ကထွက်သွားတာ။ အဲဒီတော့ ထောင်ထဲမှာဖြတ်သွားတော့ ထောင်ကျတွေက ငေးနေတာပေါ့။ ငေးနေတော့ ကျနော်တို့ကို လွှတ်ပြီ လွတ်ပြီမှတ်လို့ သူတို့က ဝမ်းသာလို့၊ ပြုံးလို့ နှုတ်ဆက်နေကြတာ။ “ကျွတ်ပြီ … လွတ်ပြီ” လို့ တချို့လည်း တိုးတိုးလေး လှမ်းပြောတယ်။ ကျနော်တို့ကတော့ ကိုယ့်အကြောင်းကိုယ်သိနေတော့ လွှတ်တာတော့ မဖြစ်နိုင်ဘူး၊ ဘာဖြစ်မလဲ စောင့်ကြည့်ရဦးမယ်ဆိုတာတော့ အောင့်မေ့တယ်။

အဲလိုနဲ့ ထောင်ထဲက ဒီလိုထွက်လိုက်တော့ ကျနော်တို့ ဘယ်ပို့လိုက်လဲဆိုတော့ မန္တလေး နန်းတွင်းထဲမှာရှိတဲ့ စစ်ထောင်ထဲကို ပို့လိုက်တယ်။ နဂိုကတည်းကလည်း စစ်ထောင်မှာ ရှိနေပြီးသား။ ဘယ်သူတွေရှိလဲဆိုတော့ စောစောက ပြောတဲ့ ၆၇ ခုနှစ် ဒုတိယသပိတ် ဆန္ဒပြပွဲ ဖြစ်ပြီးတဲ့အခါကျတော့ အဲဒီမှာ တက်ကြွတဲ့လူတွေကို စစ်ထောင်ကို ပို့ပစ်လိုက်တယ်။ အဆောင်ပေါ်က လူတွေကို။ တိုက်ထဲကလူတွေကတော့ ပို့ဖို့ မလိုဘူး၊ နဂိုကတည်းကတိုက်ထဲကမို့လို့။ စစ်ထောင် ခွဲပို့လိုက်တယ်။ အဲဒီမှာလည်း အများစုက ကျောင်းသားတွေပဲ။ အဲဒီတော့ စစ်ထောင်မှာ ကျနော်တို့အားလုံး သွားပြီး ဆုံနေကြတယ်။ အားလုံးပေါင်း လူ ၃ဝ ကျော်လောက် ရှိမယ်ထင်တယ်။

အဲဒီလိုနဲ့ စစ်ထောင်မှာ ကျနော်တို့ တညအိပ်တယ်။ ဒါပေမယ့်အိပ်လို့မှ ဘာမှမကြာသေးဘူး “ထ … ထ … ထ … ထ” ဆိုပြီးခေါ်တာကို မနက်အစောကြီး ၄ နာရီလောက် ဖြစ်မယ်ထင်တယ်။ အဲဒီတော့ ကျနော်တို့ ထလိုက်သွားတော့ လက်ထိပ်တွေ ခတ်၊ ကိုယ့်ပစ္စည်းကိုယ်ဆွဲ ကားပေါ်တင်ခေါ်သွားတော့ ခဏလေးပဲ ရောက်သွားတယ်။ မန္တလေးသားပဲ မန္တလေးနန်းတွင်းအကြောင်းတော့ သိနေတာပေါ့။ အဲဒီ မန္တလေးနန်းတွင်းထဲက မတ္တရာ မီးရထား လမ်းဘေးမှာ ကားတွေကို ရပ်လိုက်တယ်။ အဲဒီမှာက မီးရထားတွဲလေးတတွဲ ငုတ်တုတ်ကလေး၊ အမှောင်လေး ထဲမှာ ရှိနေတယ်။ “ရထားပေါ်တက်၊ ရထားပေါ်တက်” ဆိုတော့ အားလုံး ရထားပေါ်တက်လိုက်ကြတာ။

အဲဒီတော့ အဲဒီ အမှောင်ထဲမှာပဲ တွဲလေးငုတ်တုတ်နဲ့ ကျနော်တို့တတွေ ငုတ်တုတ်ကလေးထိုင်ပြီး စောင့်နေကြ တာ။ ခဏနေတော့မှ ခေါင်းတွဲတတွဲလာပြီး ‘ဂျိမ်း’ ဆိုပြီး ကျနော်တို့တွဲကို ဆက်တယ်။ ဆက်ပြီးတော့ ခုတ်ပြီး ခေါ်သွားတာ။ ခေါ်သွားပြီးတော့ ကျနော်တို့ကို မန္တလေးဘူတာကြီးထဲဖြတ်၊ ဖြတ်ပြီးတော့ ဟိုဘက် ဘူတာကြီး ဟို နံပါတ် ၁ ပလက်ဖောင်းကျော်ပြီးတော့ ဟိုဘက်တနေရာမှာသွားပြီး ရပ်ထားတာ။ အကုန်လုံး ပြတင်းပေါက်တွေ ရော၊ တံခါးတွေရော အကုန်လုံး ပိတ်ထားတာ။ ကျနော်တို့အတွဲထဲမှာတော့ တံခါးပေါက် ၂ ပေါက်နေရာမှာရော၊ အထဲမှာရော (SB ကလူတွေလို့ ထင်ရတယ်) အကုန်လုံး စောင့်နေတာ ပါလာတယ်။ သူတို့ကလည်း ခြောက်လုံးပြူး အတိုလေးတွေ ပါကြတယ်။

အဲ …သူတို့က ဒီမှာစောင့်နေတယ်။ ခဏနေတော့ ကျနော်တို့တွဲကို နောက်ကကျန်တဲ့ ခရီးသည်တွဲတွေနဲ့ ဆက်လိုက် တယ်။ ဆက်လိုက်ပြီးတော့ မနက်အစောကြီးမှာ မန္တလေးကထွက်လာတာ။ မန္တလေး-ရန်ကုန် ‘ရွှေဂုံမေ’ နေ့ချင်းပေါက် ရထားကြီးနဲ့ ကျနော်တို့ကို ခေါ်သွားတာ။ အဲဒါ လမ်းမှာကျတော့ သူတို့ မီးရထားရပ်မယ့် ဘူတာရောက်လို့ရှိရင် ပြတင်းပေါက်တွေ ပိတ်တယ်၊ တံခါးတွေပိတ်တယ်။ နို့မို့လို့ရှိရင်တော့ ဖွင့်ထားတာ၊ လက်ထိပ်ကတော့ ဖြုတ်မပေးဘူး။ ထမင်းစားရင်တောင် ဖြုတ်မပေးဘူး။


အဲဒါနဲ့ ရန်ကုန်ဘူတာကြီးကျတော့ မှောင်နေပြီ။ ဝင်သွားတော့ ကျနော်တို့လာတုန်းက အမြန်ပဲ။ ဘူတာကြီး ဝင်တုန်းရှိသေး၊ ရပ်ခါစရှိသေး၊ အမြန် နောက်တွဲတွေနဲ့ ကျနော်တို့ကိုဖြုတ်ပြီး ခေါင်းတွဲက ကျနော်တို့ကို မောင်းခေါ်သွားတာ။ မောင်းခေါ်သွားတာ ဟိုး … ချောင်ထဲမှာ သွားရပ်ထားတာ။ သမ္မတရုံတောင် လှမ်းမြင်နေရ တယ်။ သမ္မတရုံနဲ့ မဝေးတော့ဘူး။ အဲဒီမှာ ဘယ်သူမှလည်း မရှိဘူး။ အဲဒီ ကျနော်တို့နဲ့ အတူပါလာတဲ့ အဲဒီ SB ကလူတွေ သူတို့လောက်ပဲ ရှိတယ်။ သူတို့ စောင့်နေကြတယ်။ အဲဒီမှာ တနာရီကျော်လောက် ကြာမယ် ထင်တယ်။

ခဏနေတော့မှ ကျနော်တို့အားလုံးကို ဆင်းခိုင်းတယ်၊ ထောင်ကားတစင်းပေါ် တက်ခိုင်းတယ်။ ထောင်ကားက တစင်းတည်းရယ်၊ အဲ လူက ၃ဝ ကျော်။ အို … မွန်းသိပ်နေတာ။ ဗိုက်ကလည်းဆာပြီ။ အဲဒီကားနဲ့ ခေါ်သွားတဲ့ အခါမှာ ဖြစ်ချင်တော့ ခုနက လူငယ့်တပ်ဦးက ရဲနီဝင်းမြင့် (မန္တလေးက ဒုတိယနှစ်၊ စန္ဒယားသင်တန်း၊ ပန်တျာ ကျောင်းသား) ကိုဝင်းမြင့်က ‘တက်’ ပါလေရောဗျာ။ ဟာ … တက်တဲ့အခါကျတော့ ကျနော်တို့လည်း ဘာလုပ်ရ မှန်း မသိဘူး။ ဂစ် ဂစ် … ဂစ် ဂစ်နဲ့ တက်တာ။ သူက ခရီးပင်ပန်းတာလည်းပါ သူ့နဂိုကလည်း ကျန်းမာရေးက မကောင်းရှာဘူး။ အဲဒီမှာ ဒီ မွန်းကြပ်နေတဲ့အချိန် တက်တဲ့အခါကျတော့ အားလုံး အော်ကြတာပေါ့။

“ကားရပ်ပေးစမ်း” ဆိုတော့ ဒီကောင်တွေ ရပ်မပေးဘူး။ တခါတည်း အတင်းမောင်းခေါ်သွားတာ။ ကျနော်တို့နဲ့ အတူတူ ပါလာတဲ့အထဲမှာက ဟို ဒေါက်တာကူးမားဆိုတာ ရှိတယ်။ မန္တလေးက ဆရာဝန်။ သူက ဟိန္ဒူ ထင်ပါ တယ်။ ဆရာ ကူးမားကတော့ သူက ဆရာဝန်ဆိုတော့ ကုပေးချင်တယ်။ ဒါပေမယ့် ဆရာဝန်ဟာ ဆေးမရှိရင် အလကားပဲလေ။ နောက် သူက “ခင်ဗျားတို့ ဇွန်း မရှိကြဘူးလား၊ ခင်ဗျားတို့ ဇွန်းမပါကြဘူးလား။ အဲဒီ ဇွန်းတချောင်းနဲ့ ပါးစပ်ကို ကန့်လန့်ထား။ ဟို … သူ့ရဲ့သလိပ်က ပြန်ပြီးတော့ သူ့ရဲ့အသက်ရှူတဲ့လမ်းကြောင်းမှာ မပိတ်မိအောင် ကန့်လန့်ထား။ ခေါင်းကို စောင်းထား” အဲဒီလောက်ပဲ သူ ပြောနိုင်တာ။ ဟာ … အဲဒါနဲ့ ကျနော်တို့ တထိတ်ထိတ်နဲ့ ကိုဝင်းမြင့် အဲဒီ တက်လျှက်တန်းလန်းကြီးနဲ့ ခေါ်လာတာ၊ အဲဒီ အင်းစိန်တွဲဖက်ထောင်အထိပဲ။

အဲဒါနဲ့ အင်းစိန်တွဲဖက်ထောင်ကို ကျနော်တို့ရောက်လာရော။ အဲဒီ တွဲဖက်ထောင်ထဲကို သူတို့ ထည့်လိုက်တယ်။ ၂ ဆောင်။ ညကြီး ရောက်တာ၊ ဗူးဝမှာတင် နာမည်တွေ ဘာတွေမေး၊ နည်းနည်းပါးပါး ဆူဆဲဟိန်းဟောက်၊ တချို့ကျလည်း နည်းနည်းပါးပါး ရိုက်လိုက် ကန်လိုက်ဆိုတာလေး ပြုထင်ပါရဲ့။ တွဲဖက်ထောင်ထဲ ရောက်သွား တော့ ကျနော်တို့အရင် ရောက်နေကြတဲ့လူတွေ ရှိတယ်။ အားလုံးဟာ အထက်ဘက်ကလာတဲ့ ထောင်အသီးသီး လာတဲ့လူတွေချည်းပဲ။ မှတ်မိသလောက်ဆို … ကသာထောင်က ပါတယ်ဗျာ၊ သရက်ထောင်က ပါတယ်၊ မြင်းခြံထောင်က ပါတယ်။ တခြားလည်း ပါသေးတယ်ထင်တယ်။ အားလုံးပေါင်း ၁ဝဝ နီးပါးလောက်ရှိမယ် ထင်တယ်။

အဲဒီတော့ အဲဒီထောင်ထဲမှာ နေရတဲ့အခါကျတော့ သူတို့ဘက်က အပြတ်ဆုံးဖြတ်ချက် ချပြီးသားဖြစ်နေပြီ။ အဲဒီကျတော့ နည်းနည်းလေးမှကို လူလိုမဆက်ဆံတော့ဘူး။ အမြဲတမ်း ဟိန်းဟောက် ငေါက်ငမ်း။ နာမည် ခေါ်တာကအစ စော်ကား မော်ကားခေါ်။ နောက် ကျနော်တို့ကို အမျိုးမျိုးသရော်၊ နှိမ်။ အဲလိုပဲ ပြောဆို ဆက်ဆံ ပြီးတော့ အဲဒီထဲမှာ ကျနော်တို့ တပတ်ကျော်လောက်နေရတယ် ထင်တယ်။

အဲ … အင်းစိန်ထောင်ထဲမှာပဲ ကျနော်တို့ကို နောက်တခါ ထပ်ပြီးတော့ စာမေးပွဲစစ်ပါလေရော။ စာမေးပွဲ စစ်တယ် ဆိုတာ စောစောကပြောသလိုပဲ သူတို့ မေးခွန်းပုံစံတွေပေးပြီး ဖြေခိုင်းတာ။ ဖြေခိုင်းတာ အရင်ဟာနဲ့ တထပ်တည်းပဲ။ အဲဒါတွေ ကျနော်တို့ ရေးပေးရတယ်။ ရေးပေးပြီးတော့ ဘာမှမကြာပါဘူး၊ နောက်ထပ် ၂ ရက် လောက်ကြာတယ် ထင်တယ်။ အဲဒီညကြီးမှာ သူက ည ၁၁ နာရီလောက် ထင်တယ်။ ဖေဖော်ဝါရီ ၁ဝ ရက်လား၊ ၁၁ ရက်လား မသိဘူး။ ညကြီးမှာ လာခေါ်တာပဲ။ အဲ … ထောင်ရဲ့ဥပဒေဆိုတာက ညနေ ၆ နာရီ လူစစ်၊ ထောင်ပိတ်ပြီးရင် လူအထုတ်အသွင်း လုံးလုံး မလုပ်ရတော့ဘူး။ ဘာမှမလုပ်ရဘူး။ အပြင်အချုပ်တွေမှာပဲ ထားပဲ။ ဒါတလျှောက်လုံးလိုက်နာတဲ့ ဥပဒေ။

ဒါပေမယ့်ဗျို့ … အဲဒီညကတော့ ပြောမနေနဲ့။ ည ၁၁ နာရီ ၁၂ နာရီလောက် ကျနော်တို့အားလုံးကို ခေါ်ထုတ်တာ။ အဲဒီတော့ ကျနော်တို့က ၂ ဆောင်။ ၁ ဆောင်က လူတွေလည်း ပါတယ်ဗျို့။ နောင်မှ ပြန်ပြီးတော့ ကျနော်တို့ သိရတာ။ အဲဒီတော့ ကျနော်တို့ အဆောင်ကထွက်လာတယ်ဆိုတာ ည။ ကြယ်တွေကတဖွေးဖွေးနဲ့။ အဲ … ညရဲ့ လေလေးက အင်မတန်မှကို သာယာတာကိုးဗျ။ ကျနော်တို့က တလျှောက်လုံး တိုက်ခန်းကြီးပဲနေလာတဲ့ အခါကျတော့ ဒီလို လေပြည်လေညင်းရတော့ အမယ် … လန်းဆန်းလိုက်တာ အောက်မေ့တယ်။

ဆက်လက်ဖော်ပြပါမယ်။

Thursday, November 12, 2009

အိုဘယ့် တို့မီဒီယာ (နိဂုံးပိုင်း)


အခြားခေါင်းဆောင်ကြီးတဦးက ကျနော့်ကို ပြောပြဖူးပါသည်။ သူ့ကို နယ်မြေခံသတင်းထောက်တဦးက အင်တာဗျူး လုပ်သည့်အကြောင်း၊ သူ့ကို မလေးမစား အလုပ်ခံရသည်ဟု ခံစားလိုက်ရသည့်အကြောင်း ရင်ဖွင့်ပါသည်။ ထိုသတင်းထောက်က သူ သတင်းပို့ရန် အချိန်ကပ် နေသဖြင့်၊ ပြောချင်တာတခုခု မြန်မြန် ပြောပေးရန် တောင်းဆိုသည်ဟု ဆိုပါသည်။

ခေါင်းဆောင်ကြီးက “ခင်ဗျား တခုခုတော့မေးလေ … ကျနော်က ဘာပြောရမှန်း မသိဘူးဗျ” ဟု ပြန်ပြောပါသည်။ “ရပါတယ် ကိစ္စမရှိဘူး … ဆရာ့အသံပါရင်ပြီးရော၊ ဘာပဲဖြစ်ဖြစ် ပြောသာပြောချလိုက်၊ သင့်တော်တဲ့အပိုင်းကို ကျနော်ကြည့်ပြီး ထည့်လိုက်မယ်”ဟု ပြောကြောင်း ဆိုပါသည်။ “အတော်ခွကျတဲ့လူဗျာ အသံပါရင်ပြီးရော ဆိုတော့ ကျနော် လက်ခေါက်မှုတ်ပြီး ထည့်ပေးလိုက်ရင် ကောင်းမလား ဆိုပြီး စဉ်းစားမိသေးတယ်” ဟု ကျနော့်ကို ရယ်ရယ်မောမော ပြောပြခဲ့ဖူးပါသည်။

ဒီပဲယင်းကိစ္စဖြစ်သောအခါ သတင်းတွေက အမျိုးမျိုးထွက်လာခဲ့ပါသည်။ ဖြစ်ရပ်ကြီးကျယ်ခဲ့တာကိုတော့ အားလုံး သိပြီးဖြစ်၍ အကျယ် မရေးလိုပါ၊ ကျနော်တို့ကလည်း ကျနော်တို့ ပူပန်စိတ်နှင့်မို့ အဖြစ်မှန်တွေလူထုသိဖို့ Media တွေကို အားကိုးတကြီး ချဉ်းကပ်ရပါသည်။ သတင်းအများစု မှန်ကန်ကြောင်း နောက်ပိုင်းတွင် အတည်ပြု၍ ရသော်လည်း၊ အချို့သတင်းများမှာ ခုထိအတည်မပြုနိုင်သေးပါ၊ အချို့မှာ မှားယွင်းပါသည်။

ကျနော်တို့တင်ပြသည့် သတင်းအချို့ မှားယွင်းသောအခါ အတိုက်အခံ တွေဟာ ဒီလိုပဲဆိုပြီး အပြစ်ပုံချပါသည်။ နအဖ က မဟုတ်ပါ၊ ကျနော်တို့၏ ကြားလူများက အပြစ်တင်တာ ဖြစ်ပါသည်။ ကျနော်တို့ ကလည်း အခြေအနေကို ရှင်းပြရပါသည်။ “မြန်မာပြည်မှာ စစ်အုပ်စုတက်လာကတည်းက ဘယ်သူကများ ရာနှုန်းပြည့် အမှန်အတိုင်း သိခွင့်ရလို့လဲ၊ ဘာမှအတည်ပြုလို့ မရတာ၊ အတည်ပြုဖို့ ခက်ခဲတာကိုက မြန်မာပြည်ရဲ့အခြေအနေမှန်ပဲ။ အမှန်အတိုင်း သိခွင့်မရလို့ မှားတာဟာ အပြစ်မဟုတ်ဘူး”လို့ ပြန်ပြော ခဲ့ရပါသည်။ မီဒီယာသမားအချို့က ကျနော်တို့ကို မျက်မာန်တော် ရှသွားခဲ့ပါသည်။

အတိုက်အခံ (အဖိနှိပ်ခံ) ဘက်က ရပ်တည်သည်ဟုအထင်ခံရသဖြင့် နဝတ နိုင်ငံခြားရေးဝန်ကြီးကို အင်တာဗျူး တောင်းလို့မရဘူးဆိုကာ ဝမ်းနည်းပက်လက်ဖြစ်နေပုံရသော ကျနော်တို့လူများကို မြင်ခဲ့ရ ဖူးပါသည်။ ပြည်သူ့ သစ္စာဖောက်တွေက ရန်သူလို့ သတ်မှတ်ခံ ရတာကို ဂုဏ်ယူပုံမရသည့်အပြင် ကိုယ့်ကိုယ်ကိုယ် အားငယ်နေပုံပင် ပေါက်နေပါသည်။

ကျနော်တို့ အင်အားစုတွေအနေနှင့် တလျှောက်လုံးတွင် တတ်နိုင်သမျှ လူထုဘက်ကရပ်တည်ပြီး စွမ်းသလောက် ဆောင်ရွက်ခဲ့ကြပါသည်။ ဒီကနေ့ မီဒီယာရဲ့အရေးပါမှုကိုလည်း ကျနော်တို့က အလေးထား ပါသည်။ သတိပြုမိကြပါသည်။ Media Ethic အရ ဆောင်ရွက်ကြရတာတွေ ကိုလည်း နားလည်မှုရှိပါသည်။ Media သမားတွေထဲမှာ၊ ကိုယ်ယုံတဲ့အတိုင်း မှန်မှန်ကန်ကန် ရပ်တည် လုပ်ကိုင်နေကြသူအချို့ ကိုလည်း ကျနော်တို့တွေ့ပါသည်၊၊ အချို့ဆိုလျှင် ကျနော် တလေးတစား ရှိပါသည်။ သို့သော် ကျနော် ယခု တင်ပြခဲ့သည် များမှာ ဝါးလုံးရှည်နှင့် ရမ်းလို၍မဟုတ်ပါ၊ အချို့သော ငါးခုံးမများကြောင့် တလှေလုံး မပုပ်စေလို၍ ဖြစ်ပါသည်။

ကျနော်ကတော့ ကျနော်တို့တပ်မှူးတွေကို ဒိုင်လူကြီး မဖြစ်စေချင်ပါ၊ အဖိနှိပ်ခံဘက်က ရပ်ရတာကို၊ ဂုဏ်ငယ် တယ်လို့ မခံစားစေလိုပါ။ လူထု ဦးစိန်ဝင်းတို့၊ အိုးဝေ ဦးညိုမြတို့၊ ဂျာနယ်ကျော် ဦးချစ်မောင်တို့၊ အမေ ဒေါ်အမာ တို့လို လူထုဘက်က ပြတ်ပြတ်ရပ်ခဲ့တဲ့၊ မီဒီယာသမားတွေ ဖြစ်စေချင်ခဲ့သူဖြစ်ပါသည်။ ဦးချစ်မောင်ဆိုလျှင် ဘယ် နိုင်ငံရေး ပါတီအဖွဲ့အစည်းကိုမှ တရားဝင်မဝင်ခဲ့ပေမင့် လူထုဘက်ကရပ်ခဲ့သော သတင်းစာဆရာ တယောက် ဆိုသည့်ဂုဏ်ကိုမူ တောင့်တခဲ့တဲ့သူ ဖြစ်ပါသည်။

မြန်မာပြည် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ ဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် နိုင်ငံအချို့က ငွေကြေး အရ၊ ရုပ်ဝထ္တုအရ အကူအညီအချို့ပေးပါသည်။ ထိုခေါင်းစဉ်အောက် ထိုရည်ရွယ်ချက် အောက်တွင်ရှိနေသူများမှာ ကျနော်တို့နှင့် တလှေထဲစီး တခရီးထဲသွားကြသူများဟု ကျနော်တို့က ရိုးရိုးသားသား ယုံကြည်ပါ သည်။ ကျနော်တို့ ရဲဘော်ရဲဘက်များဟုလည်း သုံးစွဲလိုပါသည်။

ထို့ကြောင့်ပင် အချို့အင်အားစုများကို ကျနော်တို့ မီဒီယာဟု ဆိုလိုရခြင်း ဖြစ်ပါသည်။ သည်အဆိုကို သီအိုရီအရ သုံးစွဲတင်ပြခြင်းမဟုတ်ပါ။ လတ်တလော အခြေအနေအောက်မှ ကျနော်တို့ ပြည်သူလူထု အကျိုးစီးပွားကို ချဉ်းကပ်သုံးစွဲခြင်းသာ ဖြစ်ပါသည်။ အားလုံးကိုယ်စီမှာ မိမိနှစ်သက်ရာ သင့်တော်သော နည်းလမ်းပေါင်းစုံ၊ နည်းနာပေါင်းစုံကို ကျင့်သုံးနိုင်ခွင့်ရှိကြပါသည်။ သို့သော် မည်သည့်နည်းနာကမျှ သေနင်္ဂဗျူဟာကို သစ္စာ မဖောက်သင့်ပါ။

တတ်နိုင်သလောက် ချုပ်၍ဖော်ပြပါမည်။ ရန်သူက မီဒီယာတင်းပုတ်ကြီး နှင့် လူထုကို မညှာမတာ ထုပါသည်။ ကျနော်တို့က မဆိုစလောက်သော မီဒီယာသွားကြားထိုးတံကလေးဖြင့် ပြန်တွန်းလှန် နေရသော အခြေအနေ ဖြစ်ပါသည်။ သွားကြားထိုးတံလေးမှာမှ ယိုင်နဲ့နဲ့ဖြစ်နေရလျှင် ကျနော်တို့ ဘယ်တော့မှ နာလံထူကြတော့မှာ မဟုတ်ပါ။ ကျနော့်အနေဖြင့် ဘယ်သူဘယ်ဝါ ပုဂ္ဂိုလ်ရေးရာပြောဆိုရန် ဆန္ဒလုံးဝမရှိပါ။ မူသဘောများကိုသာ အဓိက ပြောလိုပါသည်။

ကျနော်တို့ အယူအဆက ဒီမိုကရေစီတော်လှန်ရေး ခရီးစဉ်အောက်မှာ မီဒီယာသမားတိုင်းက အဖိနှိပ်ခံ လူထု ဘက်ကသာ ပြတ်ပြတ်သားသား ရပ်စေချင်ပါသည်။ ဒီမိုကရေစီဆန့်ကျင်သူနှင့် ဒီမိုကရေစီလိုလားသူတို့၏ ပဋိပက္ခ ပိုများလာလေလေ မီဒီယာ၏ အရေးပါမှုက ပိုလာလေလေဖြစ်မှာ သေချာပါသည်။

သည်ဆောင်းပါးကို ရေးသားရသည်မှာလည်း ကျနော်တို့လူတွေကို ပိုမိုဦးတည်၍ မေတ္တာရပ်ခံသည့်သဘော ဖြစ်ပါသည်။ မကသော အရုပ်များ ကြိုးရှုပ်နေသည်ကိုတော့ ကျနော်တို့ တားနိုင်မည်မဟုတ်ပါ၊ မီဒီယာသည် ပြည်သူ့အတွက် ဖြစ်စေလိုသော စေတနာဖြင့် ဤစာကို ရေးပါသည်။ ။

လူ့ဘောင်သစ် ဂျာနယ်

အတွဲ ၈ အမှတ် ၁

အောက်တိုဘာလ ၂၀၀၃ ခုနှစ်