Thursday, November 19, 2009

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၅)

၈ ပေပတ်လည် ရင်ခွဲအချုပ်ခန်းတွင် ၂ လနီးပါးခန့်နေရပြီးနောက် တခုသောနေ့လည်တွင် ခြွင်ခြွင်ဂလောက်သံ ဆက်တိုက်ကြားရပြီး ခဏအကြာ ကျနော့်အခန်းကို လာဖွင့်ပါသည်။ မျက်နှာကိုအဝတ်စည်းပြီး စစ်သား တယောက်က လက်ကိုကိုင်၍ တွဲခေါ်သွားပါသည်။ လက်တလျှောက်တွင် ငုံ့၊ ကျော်၊ ရပ်၊ သွား၊ ဘယ်ကွေ့၊ ညာကွေ့ စသည့်အမိန့်မှာ ဘဝပေးအသိကြောင့် ကျနော်လည်း အတော်လေး ကျွမ်းကျင်ပါးနပ်လာပါသည်။ နဖူးလည်း မဆောင့်မိ၊ ခလုတ်လည်း မတိုက်မိတော့ပါ။

တနေရာသို့အရောက်တွင် ရပ်လိုက်ပြီး ကျနော့်မျက်နှာတွင် စည်းထားသော အဝတ်ကိုဖြေလိုက်ပါသည်။ အိမ်ပုလေးတလုံး၏ တံစက်မြိတ်အောက်တွင် ရောက်နေပါသည်။ အိမ်ထဲသို့ကြည့်လိုက်ရာ လူ ၆ ယောက်ကို လှမ်းမြင်ရပါသည်။ ဤသူများသည် လုံးဝ မမြင်ဖူးသူများဖြစ်ပါသည်။ မြင်ခါစ တွေ့ခါစတွင် တယောက်ကို တယောက် ခပ်စိမ်းစိမ်းသတိနှင့် ခေါ်ပြောဆက်ဆံကြပါသည်။ ဘဝတူများဖြစ်ကြသည့်အတွက်ကြောင့်လည်း တဦးကိုတဦး မိတ်ဆက်ကြပါသည်။

ဤအိမ်ပုလေးထဲသို့ လာရောက်ဆုံစည်းကြရသော ပုဂ္ဂိုလ်များမှာ အရပ်ပုပု ထိပ်ပြောင်ပြောင် အသက် ၅၀ ခန့် အပေါ်သွား ၂ ချောင်းမှာ ထူးထူးခြားခြားပေါ်လွင်သည့် “ဟီဟိ”ဟု ရီလိုက်တိုင်း ချစ်စဖွယ်ရုပ် ပေါက်သူ အလုပ်သမားလူတန်းစားလောကတွင် ဘဝမျိုးစုံ ကျင်လည်လာခဲ့သူ ဒလ သင်္ဘောကျင်းမှ ဦးလေးထွန်း၊ ဒုတိယံမ္ပိ ပုဂ္ဂိုလ်မှာ ဦးဘိုနီ၊ အသားဖြူဆွတ်ပြီး နီစပ်စပ်အရောင်နှင့် ဗိုလ်ကြက်ချေးရုပ် ပေါက်သူ။ နိုင်ငံတော် သစ်ထုတ်လုပ်ရေးမှ မန်နေဂျာ ဖြစ်သည်။ တတိယံမ္ပိပုဂ္ဂိုလ်မှာ ထောင်ထောင်မောင်းမောင်း နဖူးအနည်းငယ်ပြောင်ပြီး ဖော်ရွေရင်းနှီးလွယ်သူ ရုံးဝန်ထမ်း၊ သူ၏ရုံးကို ကျနော် မေ့နေပါသည်။ ကျောက်မြောင်း ဓမ္မဝိဟာရလမ်းမှ ကိုအောင်မြင့်၊ သူ့ကို ကျနော်တို့က ကိုကြီးအောင်ဟု ချစ်စနိုးခေါ်ပါသည်။

စတုတ္ထမြောက်ပုဂ္ဂိုလ်မှာ လူငယ်ဖြစ်ပြီး အလွန်တက်ကြွသူ၊ နာမည်က ဗန်ဝ။ ကျနော်က သူ့ကိုချစ်စနိုး ထရန်ဗန်ဝမ်း ဟု ဗီယက်နမ်နာမည် ပေးထားသည်။ ဤကာလများတွင် တောင်ဗီယက်နမ် အမျိုးသား လွတ်မြောက်ရေးတပ်ဦး၏ အမေရိကန် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲမှာ တိုက်ပွဲအလွန်ပြင်းထန်နေ သည့်အချိန် ဖြစ်သည်။ ငုယင်ဗန်ထရွိုင်း ကဲ့သို့သော ဗီယက်နမ်လူငယ် သူရဲကောင်းများသည် ကျနော်တို့၏ နှလုံးအိမ်တွင် စိုးမိုးနေရာယူ နေသည့်အချိန် ဖြစ်ပါသည်။

ပဉ္စမမြောက်ပုဂ္ဂိုလ်မှာ အရပ်ပူပူ လူငယ်ခြေသွက်၊ နေရာတကာတွင် သူက ဆရာတဆူလုပ်လိုစိတ်ပေါက်နေသူ ရွှေမန်းဟု ကျနော်တို့က ခေါ်ပါသည်။ ဆဋ္ဌမမြောက်ပုဂ္ဂိုလ်မှာ သစ်ထုတ်လုပ်ရေးမှ ကျနော် နာမည်မေ့နေပါသည်။ ဘာသာရေး ကိုင်းရှိုင်းသူ၊ ယဉ်ကျေးသူ၊ ခေတ်ပညာတတ်တဦးဖြစ်သူ သူ့ကိုယ်သူ ကျောက်ဘီလူးဟု နာမည်ပေး ထားပါသည်။ တနေ့တော့ သူဟာ ပပဝင်းနဲ့ ပြန်တွေ့ရမှာဟု အမြဲ ပြောပါသည်။ သတ္တမမြောက်လူမှာ ကျနော်ဖြစ်ပါသည်။

ကျနော်တို့ တွေ့ခါစမြင်ခါစ သူ့အတွေ့အကြုံ၊ ကိုယ့်အတွေ့အကြုံ ပြောကြ ဖလှယ်ကြ စကားဝိုင်းမှာ ဖောင်နေပါသည်။ အတွေ့အကြုံ ပြောကြ ဖလှယ်ကြ ဆိုပေမယ့် ကောင်းသည့်အတွေ့အကြုံတခုမှမဟုတ်။ မကောင်းသည့် အနိဋ္ဌာရုံများသာ ဖြစ်ပါသည်။ ဘယ်သူ ဘယ်လို ထောက်လှမ်းရေး နှိပ်စက်တာခံရတယ် စသည်ဖြင့် အချင်းချင်း မကောင်းသည့် အတွေ့အကြုံပြောကာ ဖလှယ်ကြချင်းသာဖြစ်ပါသည်။

မကောင်းသည့်သတင်းကို ဖလှယ်ကြရင်းမှ အတွေ့အကြုံတခုကို ရလိုက်ပါသည်။ စစ်ဆေးသူ ထောက်လှမ်းရေး ပုံပန်းသဏ္ဍာန်ကိုပြောပြီး အဲဒီထောက်လှမ်းရေးက သူ့အပေါ် ဘယ်ကဲ့သို့ ဖော်ရွေကြောင်း၊ ယဉ်ယဉ် ကျေးကျေး ဆက်ဆံကြောင်း၊ ကောင်းကောင်းမွန်မွန် ပြုစုကြောင်း၊ ဘယ်လိုပုံပန်းသဏ္ဍာန်ရှိသူကတော့ အင်မတန် ရိုင်းစိုင်း ရက်စက်ကြောင်း၊ နှိပ်စက်ရာမှာ ဆိုးရွားလှကြောင်း ပြောပြသည်။

ဘဝတူနောက်တယောက်က “ခင်ဗျားပြောတဲ့ အင်မတန် ဖော်ရွေယဉ်ကျေးတယ် ဆိုတဲ့ငတိက ငါ့ကို လက်ကုန် ဆော်လွှတ်လိုက်တာ မောင်၊ အေး ခင်ဗျားပြောတဲ့ အင်မတန် ရိုင်းစိုင်း ရက်စက်တဲ့ငတိဟာ ငါ့အပေါ်မှာကျတော့ အင်မတန် ကောင်းတာ၊ အတော့်ကို စာနာသက်ညှာတာ”

ကျနော်တို့ဘဝတူတွေဟာ ကိုယ့်အတွေ့အကြုံ သူ့အတွေ့အကြုံတွေကို ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ဖလှယ်လိုက် ကြတော့ စစ်ထောက်လှမ်းရေးရဲ့ ဇာတိရုပ်ဟာ ဘွားဘွားကြီးပေါ်လာပါတော့တယ်။ အခြားတယောက်အပေါ် မှာ လူယဉ်ကျေးအဖြစ် သရုပ်ဆောင်ခဲ့သော ငတိသည် နောက်တယောက်အပေါ်မှာ ပုဏ္ဏကဇာတ် ခင်းခဲ့သော ငတိ ဖြစ်နေသည်။ ဒုတိယ နောက်ထပ်လူ အပေါ်တွင် လူယဉ်ကျေးအဖြစ် သရုပ်ဆောင်သူဖြစ်နေပြန်သည်။ အဆုံးတွင် ဇာတ်ပေါင်းလိုက်သော်ကား ဤစစ်ထောက်လှမ်းရေးများသည် ရက်စက်ခြင်း၊ ယုတ်မာခြင်း၊ ရိုင်းစိုင်းခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်းများတွင် ယှဉ်တု နှိုင်းပြိုင်သူမရှိ တထေရာ တထပ်တည်းသာဖြစ်ကြ၍ အတူတူနှင့် အနူနူသာဖြစ်ကြလျက် အော့နှလုံးနာ ရွံရှာစက်ဆုပ်ဖွယ်ရာအတိသာ ဖြစ်ပါလေတော့သတည်း။

ကျနော်တို့ တအိမ်တည်းနေ တရေတည်းသောက် တအိုးတည်းစား ဘဝတူများသည်ကား တွေ့စမြင်စ သိခါစမို့ စကားလက်ဆုံ အနိဋ္ဌာရုံ ပြောမကုန်ပါ။ ညနေစောင်းတော့ စစ်သား သုံးလေးယောက်သည် ဂျိုင့်ကြီးဂျိုင့်ငယ် အသွယ်သွယ်ကို မ၍တမျိုး၊ တုတ်လျှိုး၍တဖုံ၊ ကျနော်တို့ဂေဟာ အိမ်ပုလေးများဆီသို့ သယ်ပိုး၍လာပါတော့ သည်။ ကျနော်တို့အိမ်ပုလေးကဲ့သို့ အိမ်မျိုးမှာ တပြေးတည်း ၅ လုံးတွဲ တတန်း ရှိပါသည်။ အိမ်တလုံးစီ တလုံးစီ တွင် ၆ x ၅ မူး ပျဉ်ပြားနှင့် ဝင်းခြား၍ကာထားပါသည်။ အဆိုပါ ထမင်းချိုင့်များကို တအိမ်ပြီးတအိမ် တံခါးသော့ဖွင့်၍ လာသွင်းပေးပါသည်။ ဤကဲ့သို့ ၅ လုံးတွဲ အိမ်တန်း၊ ၄ လုံးတွဲအိမ်တန်း စသည်ဖြင့် အနေအထားမျိုးစုံဖြင့် တည်ဆောက် ထားပါသည်။

ကျနော်တို့ကိုပေးလာသော ထမင်းချိုင့်မှာ ၄ ဆင့်ချိုင့်မျိုး ၃ ချိုင့်ဖြစ်ပါ သည်။ အသားအနည်းငယ်ကို အသီးအနှံတခုခုနှင့် ရောချက်ထားပါသည်။ ထမင်းကတော့ ပြောရင်ယုံမည်မထင်ပါ။ အနံ့လေးက တကြိုင်ကြိုင် တသင်းသင်းနှင့် ပုသိမ် ငကျွဲဆန် ထမင်းဖြစ်နေပါသည်။ ကျနော်တို့အချုပ်သားတွေအပေါ်မှာ စေတနာ သဒ္ဒါတရား ဖောင်းကားလွန်း၍ ပြုစုကျွေး မွေးသည်တော့ မဟုတ်တန်ရာ။ တခုခုတော့ တခုခုဖြစ်နေပါသည်။ ဤပုသိမ်ငကျွဲပြဿနာကို ကြောင်းကျိုးဆက်စပ် နှိုင်းယှဉ်၍ အဖြေထုတ်ပြလိုက်သူကတော့ ကိုကြီးအောင် ဖြစ်ပါသည်။

ကိုကြီးအောင်က “ဇွန်လကစပြီး ဆန်ပြတ်သွားတယ်မဟုတ်လား၊ ဆန်ပြဿနာပေါ်နေတော့ အခု ကျနော်တို့ကို ကျွေးဖို့ ဆန်မရှိတော့ ရရာဆန်ကို အရေးပေါ်ဆွဲဝယ်ပြီး ကျွေးတာ။ ဒါကြောင့် ဒီ ပုသိမ်ငကျွဲဆန် ကို ကျနော်တို့ စားရတာဖြစ်တယ်”

ကိုကြီးအောင်၏ဒဿနကို အတည်ပြုထောက်ခံမှုပြုသူကတော့ ဗိုလ်ကြက်ချေးရုပ်ပေါက်နေသော ဦးဘိုနီနှင့် ကျောက်ဘီလူးတို့ ဖြစ်ပါသည်။ ကိုကြီးအောင်၏ အကဲဖြတ်မှု မှန်ကန်ကြောင်း နောက်ပိုင်းရက်များတွင် သက်သေပြလာပါ တော့သည်။ ပို့လာသည့်ထမင်းမှာ တခါတရံ မီးဒုံးဆန်၊ တခါတရံ ရာကျော်ဆန် စသည်ဖြင့် ဗျောက်သောက်ဖြစ်နေပါသည်။

စစ်သားတွေ ချွေးတလုံးလုံးနှင့်ပို့လာသော မသထာရေစာထမင်းကို ကျနော်တို့ဘဝတူ အချုပ်သားတသင်းမှာ လက်ရည်တပြင်တည်း ဝိုင်းပြီးတော့ တီးလိုက်ကြသည်မှာ အနှီညနေစာအဖို့ မည်သူကမျှ ထမင်းမဝကြ။ ဆန့်ငင်ဆန်ဖတ်နှင့်ဖြစ်ကြပါတော့သည်။ ထမင်း ဟင်း ပြောင်သလင်းခါသွားတော့မှ ခေါင်းမော့ပြီး တယောက်မျက်နှာ တယောက်ကြည့်ကြပါတော့သည်။ ပထမဆုံး ပဋိသသန္ဓာရစကား ဦးပြုလိုက်သူကတော့ ထရန်ဗန်ဝန်း ပါ။ သူက …

“ဒီ မအေပေးတွေ လူကိုချုပ်ထားပြီး ထမင်းတော့ ဝအောင်မကျွေးဘူး”

မကျေမချမ်းနှင့် စပြီးရမ်းလိုက်ပါသည်။ ကိုကြီးအောင်က ထိန်းထိန်း သိမ်းသိမ်း ဖျောင်းဖျလိုက်ပါသည်။ စစ်သားတွေလာရင် သူပြောပေး မည်ဟု အားလုံးကို သူ့မျက်လုံးပြူးကြီးနှင့် ဝေ့ကြည့်လိုက်ပြီး နှစ်သိမ့် စကားပြောကြားလိုက်ပါသည်။

ဆရာ ဗန်းမော့်စာချိုးနှင့် မှတ်ချက်ပြုလိုက်ရရင် “တကယ်ကတော့ ထမင်းမဝတော့ကော ကျနော်တို့အားလုံးက ဘာတွေများတတ်နိုင်ကြ ပါဦးမည်နည်း”

ဆက်လက်ဖော်ပြပါမယ်။

No comments: