Friday, March 20, 2009

အခြားတဖက်ကနေ ရှာကြည့်ပါဦး

တူမောင်ညို

(၂၀၀၉ ခုနှစ်၊ မတ်လ ၁၉ ရက် )


ဘာကြောင့် ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ကိုမှ တဖက်သတ်စွန့်လွှတ်ခိုင်းနေကြရတာလဲ။

လမ်းပြမြေပုံကို စွန့်လွှတ်ပါလို့ပြောကြပါလား။

(NLD) က အလျော့မပေးလို့၊ အလျော့ပေးလိုက်ရင်

ပြဿနာ ပြေလည်သွားလိမ့်မယ်လို့ စဉ်းစားတာဟာ မူမဲ့တဲ့ စဉ်းစားနည်းဖြစ်သည်။ အညံ့ခံအလျော့ပေးခြင်းဖြစ်သည်။


၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ကို (နအဖ) သတင်းစာတွေက “ဒိတ်အောက်သွားပြီ” လို့ ရေးသည်။ ယခု (ကို) အောင်သူငြိမ်းက “ခံစစ်သေ” လို့ ရေးသည်။ မာနယ်ပလောကျဆုံးသွားတာကိုပင် သင်ခန်းစာယူဖို့ ပြောနေသည်။


ရေးတဲ့သူသာကွဲသည်၊ အာဘော်က အတူတူပင်ဖြစ်သည်။ အနှစ်သာရက ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို စွန့်လွှတ်ခိုင်းကြတာဖြစ်သည်။


ဒိတ်အောက်တယ်လို့ပြောပြော၊ ခံစစ်သေလို့ပဲဆိုဆို ယခုလိုပြောနေရေးနေကြရတာကပင် ၁၉၉၀ပြည့် ရွေးကောက်ပွဲရလဒ်၏ အသက်ဓာတ်နဲ့ သန်စွမ်းခိုင်မာမှုကို အသိအမှတ်ပြုနေရတာပဲ မဟုတ်ပါလား။


ပြောနေကြသလိုသာ ၁၉၉၀ပြည့် ရွေးကောက်ပွဲရလဒ်ကို လွယ်လွယ်နဲ့ ဖျက်သိမ်းနိုင်ခဲ့ရင် (နဝတ-နအဖ) စစ်အစိုးရ လက်ခမောင်းခတ်နေခဲ့မှာကြာလှပေါ့။ ၁၉၉၀ ပြည့် မေလ ၂၇ ရက်နောက်ပိုင်းကစပြီး ၁၉၉၀ ပြည့် ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းဖို့ (နဝတ-နအဖ) စစ်အစိုးရက မီးကုန်ယမ်းကုန်ကြိုးပမ်းခဲ့တာပါ။


ဘာဖြစ်ခဲ့ပါသလဲ။ တည်ရှိနေတဲ့ ပြဿနာပြေလည်မသွားတဲ့အပြင် ပြဿနာသစ်တွေသာ တရစ်ရစ်ပြီး ထပ်တက်လာခဲ့တယ် မဟုတ်ပါလား။ နက်ရှိုင်း ကျယ်ပြန့်လာနေခဲ့တယ်မဟုတ်ပါလား။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပြဿနာ အားလုံးကိုကျော်လွှားနိုင်ပါ့မလား။

“၂၀၁၀ ရွေးကောက်ပွဲသည်သာ မြန်မာ့နိုင်ငံရေး၏ ဗဟိုချက်မ၊ မြန်မာနိုင်ငံပြဿနာများ ပြေလည်သွား ဖွယ်ရာလမ်းကြောင်း အဖြစ်မမြင်မိသေးပါ” ဟု အောင်သူငြိမ်းက ဖွင့်ဟဝန်ခံထားသည်။


ဘာကြောင့် ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကိုမှ တဖက်သတ်စွန့်လွှတ်ခိုင်းနေကြရတာလဲ။ လမ်းပြမြေပုံကို စွန့်လွှတ်ပါလို့ပြောကြပါလား။ (NLD) က အလျော့မပေးလို့၊ အလျော့ပေးလိုက်ရင် ပြဿနာ ပြေလည်သွားလိမ့်မယ်လို့ စဉ်းစားတာဟာ မူမဲ့တဲ့ စဉ်းစားနည်းဖြစ်သည်။ အညံ့ခံအလျော့ပေးခြင်းဖြစ်သည်။


ပြဿနာမှန်သမျှ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းပေါ်တွင် တင်ပြီး အပေးအယူအလျော့အတင်းပြုလုပ်ကြ ရမည်သာဖြစ်သည်။ စားပွဲဝိုင်းပေါ်မရောက်ခင် ကြိုတင်အလျော့ပေးခိုင်းနေခြင်း၊ စွန့်လွှတ်ခိုင်းနေခြင်းများမှာ တရားမျှတမှု မရှိပါ။ နည်းလမ်း မကျပါ။


ပိတ် ၄ ပိတ်စွန့်လွှတ်ကြောင်းကြေညာလျှင် တွေ့မည်ဟုပြောခြင်းမှာအကျပ်ကိုင်ခြင်း နှင့် နိုင်ငံတကာကို လှည့်စားခြင်းသာဖြစ်ပါသည်။


မာနယ်ပလောစခန်းနဲ့ ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ဟာ အနှစ်သာရအရ မတူညီတဲ့ ကိစ္စ ၂ ရပ်၊ အခြေအနေ ၂ ရပ်ဖြစ်ပါသည်။


ဒါကိုမျဉ်းပြိုင်ထားပြီးသုံးသပ်လို့မရပါ၊ ကောက်ချက်ဆွဲလို့မရနိုင်ပါ။ မာနယ်ပလောသည် စစ်ရေးအခြေခံ စခန်းတခုသာဖြစ်ပါသည်။ ဆုံးရှုံးသွားတဲ့ မာနယ်ပလော စခန်းပြန်ပေးပါလို့ ဘယ်သူကမှ တောင်းဆိုတာ မကြားမိပါ။


ထို့အတူ နိုင်ငံတကာကလည်း ပြန်ပေးပါလို့ ပြောသံမကြားပါ။ ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ် ဆိုသည်မှာ (နဝတ-နအဖ) စစ်အစိုးရ၏တည်ဆဲဥပဒေများအရ ကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲမှရရှိလာသည့် တရားဝင်ရလဒ်ဖြစ်ပါသည်။


၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ဟာ (NLD) တဖွဲ့ထဲနဲ့ပဲ သက်ဆိုင်နေတဲ့ကိစ္စ မဟုတ်ပါဘူး။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ လူထုဆီက တစုံတရာ မဲအရေအတွက်ရခဲ့တဲ့ ပါတီတွေနဲ့လည်း သက်ဆိုင်ပါသည်။ (NLD) ကို လူထုမဲတွေစုပုံပေးခဲ့တာဘာကြောင့်လဲဆိုတာ မေးစရာလိုသေးလို့လား။


(NLD) ကို အားမလို အားမရဖြစ်ရတာတွေ အများကြီးရှိတယ်ဆိုတာကိုလက်ခံပါသည်။


ဘယ်လိုပဲ အရည်ဆန်ပြီးပြောင်းရွှေ့နေပါစေ နှစ်လ ၂၀ လုံးလုံးနိုင်ငံရေးအာဏာသည် (န၀တ-နအဖ) စစ်အစိုးရလက်ထဲတွင်သာ ရှိနေပါသည်။ ဘယ်ကိုမျှပြောင်းရွှေ့မသွားပါ။ ယင်းအာဏာဖြင့် အတိုက်အခံဟူသမျှ၊ လှုပ်ရှားမှုမှန်သမျှကို ဖိနှိပ်နေခြင်းဖြစ်သည်။ ချေမှုန်းနေခြင်းဖြစ်သည်။


သို့သော်လည်း မြန်မာ့နိုင်ငံရေးတိုက်ပွဲ အဓိကမျက်နှာစာသည် ၁၉၉၀ မတိုင်ခင်က တောတွင်းမှာ (လက်နက်ကိုင်တိုက်ပွဲ) တည်ရှိနေခဲ့သော်လည်း ၁၉၉၀ မေလ ၂၇ ရက်နောက်ပိုင်းမှာ မြို့ပေါ်ရောက်လာပါသည်။


၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်သည် (န၀တ-နအဖ) စစ်အစိုးရအဖို့ အဓိကထားတိုက် ဖျက်ပစ်ရမည့် အချက်အချာကိစ္စဖြစ်လာပါသည်။ သို့အတွက် (န၀တ-နအဖ) စစ်အစိုးရအနေဖြင့် ၁၉၉၀ ပြည့်ရွေးကောက်ပွဲ ရလဒ်တိုက်ဖျက်ရေးကို အဓိကထားလုပ်ဆောင်ခဲ့ပါသည်။ ဒီကနေ့အထိ လုပ်ဆောင်နေဆဲဖြစ်ပါသည်။


သို့ပါ၍ ကျနော်တို့အနေဖြင့် (နအဖ) စစ်အစိုးရနဲ့ နှစ်ကိုယ့်တစ်စိတ်လုပ်ပြီး ၁၉၉၀ ပြည့်ရွေးကောက်ပွဲ ရလဒ်ဖျက်သိမ်းရေးဘက်တွင် ပါဝင်မလား၊ သို့တည်းမဟုတ် (NLD) နှင့် ဒီမိုကရေစီရေးလှုပ်ရှားမှုဘက်မှ တစိတ်တည်း တဝမ်းတည်းနေပြီး ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ကို ခုခံကာကွယ်မလားဆိုတာ ရွေးချယ်ကြရပါလိမ့်မည်။


ယင်းကသာ “ရပ်တည်ချက်ပြဿနာ” ဖြစ်ပါသည်။ ယင်းရပ်တည်ချက်ရှိမှသာ ၂၀၁၀ ကို ရင်ဆိုင်ဖြတ်သန်းနိုင်ပါလိမ့်မည်။


အခုတော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ခံစစ်သေလို့ မြင်နေသည်။ ၂၀၁၀ ရွေးကောက်ပွဲဝင်ပါလားလို့ မတိုက်တွန်းရဲဘူး။ အားလုံးစုဆုံနိုင်မယ့် ဗဟိုချက်ကလည်း ပျောက်နေသည်။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ပြေလည်ရေးလမ်းကြောင်းအဖြစ် မမြင်မိသေးပါဟုဆိုတော့ တော်တော်တော့ခက်နေပြီ။ မိုးမှောင်ကျပြီး ထွက်လမ်းဘယ်မမြင်ဆိုသလို ဖြစ်နေပြီ။


ဘာပဲဖြစ်ဖြစ် ၂၀၁၀ ကိုဖြတ်သန်းနိုင်ဖို့ အောလ်တာနေးတစ်တခုတော့ အခြားတဖက်ကနေ ရှာကြည့်ပါဦး။



Tuesday, March 17, 2009

တပေါင်းကျိန်စာ


အို … လူသတ်သမား

စိတ်ထားရိုးဖြူ တို့ပြည်သူ၏

ရယူပိုင်သင့် လူ့အခွင့်ကို

ကမ်းလင့်ပေးပါ ငြိမ်းချမ်းစွာဖြင့်

ဗလာလက်နက် တို့ချီတက်စဉ်

ရက်စက်ရိုက်ချိုး ကန်ကျောက်ထိုး၍

တိုးဝှေ့လွှားပြေး ကျောင်းသားသွေးဖြင့်

အင်းယားနီနီ စွေးခဲ့သည်။


အို … လူသတ်သမား

တရားဂရု သင်မပြုဘဲ

ပြည်သူ့၏သား တို့ကျောင်းသား၏

ပြည်သားတို့တွက် တောင်းဆိုချက်ကို

လက်နက်ပိုင်သူ အနိုင်ယူဟု

လူသားပေါ်စ ကျောက်ခေတ်မှထုံး

နှလုံးသွင်းလျက် သင်ရက်စက်လည်း

လက်ချင်းယှက်သွယ် စိတ်ချင်းနွယ်လျက်

မကွယ်ရှေ့တိုး တို့အရိုးကို

ကျည်မိုးမဖောက်နိုင်ခဲ့ပြီ။


အို … လူသတ်သမား

အခုများမှ ချောက်ခြားတုန်လှုပ်

စိတ်အယုတ်အား ဖုံးအုပ်ကွယ်ဝှက်

သွေးစွန်းလက်ကို မျက်နှာချိုဖြင့်

မပြိုကမ်းလင့် သင်လှမ်းဝံ့လည်း

တွေးချင့်ပြည်သား ဥပုသ်ကျားကို

အနားအကပ် မခံပြီ။


အို … လူသတ်သမား

သင်ကားမာယာ ကြွယ်ဝပါလည်း

ဘယ်မှာ တရား ညာမှာ ဓား ဟု

စွဲထားမှတ်ယူ တို့ပြည်သူသည်

ဆူသောနှလုံး နီမျက်လုံးဖြင့်

သီကုံးပတ်စီး စိတ်ပုတီးကို

သင့်ကြောင့် မြေမြှုပ်ပြီးခဲ့ပြီ။


အို ... လူသတ်သမား

သင်နားဆင်လော့ ခေတ်တကျော့ဝယ်

မလျော့စိတ်တည် ဒေါင်းသွေးနီတို့

ပီပြင်ကြည်မြ အောင်ပွဲရလိမ့်

ဖိုးခအတွက် တို့အသက်ကို

လက်မတွန့်ဘဲ တို့ပေးရဲလည်း

ခွေးဆွဲသောကျား သေခဲ့ငြားသို့

တို့ကမျက်ရည် ဝေခဲ့ပြီ။


အို … လူသတ်သမား

ရက်ကားလညောင်း နှစ်တို့ပြောင်းလည်း

မဟောင်းပျက်ကျေ တပေါင်းရွက်ကြွေ

ဒေါင်းမျက်ရေကို သက်သေထူကာ

ကျိန်ဆိုပါ၏။


ယုတ်မာပက်စက် သင့်မျိုးဆက်သည်

ကွယ်ဝှက်မျက်နှာ ညှိုးငယ်စွာဖြင့်

သံသရာတလျောက် မြန်ပြည်ပျောက်ထိ

သမိုင်းတစ္ဆေ ခြောက်စေသောဝ် ။ ။



ဒီမိုကရက်တစ်မြန်မာ့အသံမှ ကူးယူဖော်ပြပါသည်။


Sunday, March 15, 2009

စစ်အုပ်စုသက်တမ်းရှည်နေသရွေ့ - ၁၇



သူကတော့ ရဲဘော် ထွန်းဝင်းနဲ့ တပ်ထဲမှာ အတူနေ၊
အတူ ယူဂျီလုပ်ခဲ့တဲ့ နှုတ်ခမ်းမွှေးကားကားနဲ့ ကိုတေဇပါ။
“သက်သာ” ဆိုတဲ့အသံလည်း ပေါ်လာရော
ကျနော်တို့တတွေ ထောင်မှူးကြီးနဲ့အဖွဲ့ကို ဝိုင်းလိုက်ကြတယ်။
သူတို့ကို အတင်းအထိုင်ခိုင်းလိုက်ပြီး
လက်ညှိုးငေါက်ငေါက်ထိုးကာ စွဲချက်တွေ တင်ကြတယ်။

၇။ ရဲဘော် လေးမောင် (တတိယသုတ်)

သူ အခြေခံ ကျန်းမာရေး မကောင်းတာရေးခဲ့ပြီ၊ ဒါပေမယ့် အလုပ်ကြမ်းအလုပ်ဖြစ်တဲ့ ထင်းအဆိုင်းမှာ သူ လိုက်တယ်။ တခါတရံ ဖိုကြီးမှာ တာဝန်ယူပါတယ်။ ဟင်းကတော့ ကောင်းကောင်းမွန်မွန် မချက်တတ်၊ ဒါကြောင့် ထမင်းဖိုဘက်မှာ လှေလှော်တက် (ယောင်းမ)တချောင်းနဲ့ ထမင်း အိုးမွှေနေတာ တွေ့ရပါတယ်။
အညာအခေါ် မိုးဗြဲဒယ်အိုးကြီး ၂ လုံးကို လူ ၂ ယောက် တလှည့်စီ ချွေးတလုံးလုံးနဲ့ အားစိုက်ခွန်စိုက် ချက်ရတာပါ။ ကျန်းမာရေးအတွက်ရယ်၊ အပိုကိစ္စလို့ ယူဆလာတာရယ်ကြောင့် သူအလွန်ကြိုက်တဲ့ ဆေးလိပ်ကို ဖြတ်ပါတယ်။

သူက ကဗျာဆရာ တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်တို့နဲ့ တခေတ်တည်းသမား (၅၆/၅၇ ခုနှစ်) စာအလွန် ဖတ်သူ … သူ့ဆီမှာ အင်္ဂလိပ်စာအုပ်တွေကလည်း တပုံကြီး … အမြဲတမ်း ဆေးလိပ်တတို၊ စာတအုပ်နဲ့ တွေ့ရလေ့ ရှိတယ်။

ကဗျာရေးတော့ (မန်း)တက္ကသိုလ်စာစောင်တွေနဲ့ အထူးသဖြင့် ‘ရှုမဝ’မှာဖြစ်တယ်။ တခါတရံ အဖွင့်ကဗျာအဖြစ် ပါတတ်တယ်။ သူ့ရဲ့ကဗျာတွေ စုစည်းပြီး ‘နွေဦးချောင်းနဲ့ ပန်းလောင်းလှေ’ အမည်နဲ့ စာအုပ်ထုတ်ဖို့ ၆၃ ခုနှစ်မှာ ဝိုင်းပြီးလုံးပမ်းခဲ့ကြဖူးတယ်။ စာစီပြီး ရိုက်နေဆဲတန်းလန်း ပုံနှိပ်စက် မီးလောင်တဲ့အထဲ ပါသွားခဲ့လို့ မထုတ်ဖြစ်လိုက်ပါ။

တခါမှာ ‘အညာမြေ ခေတ်ကဗျာများ’ စုပေါင်းစာအုပ် မန္တလေးမှာ ထုတ်ဖြစ်ခဲ့ကြတယ်။ ဒီအထဲမှာပါတဲ့ သူရဲ့ကဗျာ ၂ ပုဒ်ကို ဆရာ ရန်အောင်က မဂ္ဂဇင်းတစောင်မှာ စာရှည်ရှည်ရေးပြီး ချီးမွမ်းခဲ့ဖူးတယ်။ ထောင်ထဲနဲ့ ကျွန်းမှာ လည်း တောက်လျှောက် ကဗျာတွေစပ်ခဲ့တယ်။

ဒါပေမယ့် တိုက်ပွဲဝင်နေတုန်းကာလမှာတော့ မှတ်တမ်းလည်း မရေး၊ ကဗျာလည်း မစပ်ခဲ့ပါ။ ဒါကလည်း သူ့အယူအဆနဲ့သူပါ။ လုပ်စရာမရှိတော့ ဆေးလိပ်ပြန်သောက်ပါတယ်။ Striker တွေ ဆေးလိပ်ပြတ်သွားတော့ တခြားအဖွဲ့အစည်းတွေက လှူပါတယ်။ နောက်ဆုံးမှာ ပွတ်ချွန်းပဲ သောက်ကြရပါတယ်။

အားလပ်တဲ့အချိန်တွေမှာ သူ့အနားသွားပြီး စကားပြောမိပါတယ်၊ သူ့ထုံးစံအတိုင်း ခပ်အေးအေးပါပဲ။ (မဲကြီး ကျအပြီး) အပြင်က ရဲဘော်ဘော်တွေ ရေဖြတ်ပြီး ဝင်သင့်၊ မဝင်သင့် သူ့ကို ဆွေးနွေးကြည့်လိုက်တော့ နည်းနည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။
နောက်မှ “ပါတီကော်မတီနဲ့ မောင်ရင်တို့ အပြင်ကလူတွေက အခြေအနေ ပိုသိပါတယ်။ သင့်မယ်ထင်သလို လုပ်ကြပါ” … ဒါပဲ ပြောတယ်။

သူ့အနေနဲ့ စာဖတ်တဲ့အခါ ဖတ်၊ ဘေးနားက ရဲဘော်တွေနဲ့ စကားပြောတဲ့အခါပြောရင်း တိုက်ပွဲကာလကို ဖြတ်သန်းနေပါတယ်။
တမြို့တည်းသားလည်း ဖြစ်၊ သူနဲ့ ရေရှည်တလျှောက်လုံးလည်းနေလာသူဖြစ်လို့ သူ့အကြောင်းနဲ့ သူ့စရိုက်ကို အတော်အတန် သိပါတယ်။
စောစောပိုင်း စာပေသမားသက်သက်ဘဝတုန်းက အရက်ကြိုက်သူ။ မမူးလျှင် လူအေး မူးလျှင်‘ဂျီ’ကျပြီး ထိန်းရခက်သူ၊ ခင်သည်ဆိုသူများပင် အဝေးက ရှောင်ကြရသူ။

နောက်ပိုင်း (၆၂/၆၃) နိုင်ငံရေးဘက် စိတ်ညွတ်လာချိန်ကစပြီး မူးတာ နည်းသွားတယ်။ ကျနော်နဲ့ အတူနေစဉ်မှာတော့ အပေါင်းအသင်းတွေ ဆွဲခေါ်သွားလို့၊ တကြိမ် နှစ်ကြိမ် မူးပြန်လာတာ တွေ့ဖူးတယ်။ မရမ်းတော့ပါ။ တဟီးဟီးပဲ ရယ်နေပါတော့တယ်။
တခေတ်က သူတို့စုံတွဲအကြောင်း မန္တလေးတက္ကသိုလ်မှာ ပြောစမှတ်လေးတွေ အတော်အတန်ရှိခဲ့တယ်။ အချစ်သည်းကြတဲ့အကြောင်း၊ ကျီးကန်း ဘဲဥချီလာပြီ အပြောခံရတဲ့ အကြောင်း … စသည်။

၆၃ ခုနှစ်က ဖြစ်ပါတယ်။ ကျောင်းသားသမဂ္ဂလုပ်ငန်းတွေလုပ်ရင်း ဗောဓိကုန်း ‘သပြေ’ ရိပ်သာမှာအတူနေစဉ်က ကြည်အောင်တို့လူစု ရွှေမန်းဆောင်ကပြန်လာပြီး …

“ခင်ဗျားကို မှာလိုက်တယ်။ စောင့်နေကျနေရာက စောင့်ပါတဲ့”

“ဟုတ်မှလည်း လုပ်ပါ၊ ကိုရင်တို့ ချောက်ချတာ များပြီ၊ မယုံဘူး”

“သဘောပဲလေ၊ တာဝန်အရ ပြောတာ”

သူ နာရီဝက်ခန့် ချီတုံချတုံ ဖြစ်နေပါတယ်။ သူ မနေရဲတော့ပါ။ တိုက်ပုံလေး ပခုံးပေါ်ပစ်တင်ပြီး ထွက်သွားပါတယ်။ အိမ်ရှေ့ဆိုင်မှာထိုင်နေတဲ့ မြင်းခြံသားနှစ်ယောက် ထလိုက်သွားပါတယ်။ သူတို့ ပြန်လာတော့ ကြေညာချက်တခု ထုတ်ပြန်လိုက်ကြတယ်။

“ရွှေမန်းဆောင်ရှေ့ တမာပင်ရိပ်မှာ မဟူရာကျောက်တိုင်ကြီး တတိုင်စိုက်ထူပြီးစီးကြောင်း …” တဲ့။

လူအေးဖြစ်ပေမယ့် လူရင်းချင်းဆိုရင် အပေါင်းအသင်းတွေကို စ,တတ် နောက်,တတ်သလို သူများက စ,ရင်လည်း လုံးဝ စိတ်ဆိုးတတ်သူမဟုတ်၊ တဟဲဟဲ … နဲ့ ပါပဲ။ ဒါက သူ့ နောက်ကြောင်း။

ရဲဘော် ထွန်းမြင့်၊ ရဲဘော် စိန်ချင်းတို့အကြောင်း၊ ကိုယ်ရေးရာဇဝင်၊ နိုင်ငံရေး ဖြတ်သန်းမှု … စသည်တွေ ဖတ်ပြပြီးတော့ သူ့အနား တခေါက်ပြန်တယ်။ ရဲဘော် ထွန်းမြင့်က သူနဲ့ တဆောင်တည်းသားမို့ နေ့စဉ်နေထိုင်မှု ဘဝအကြောင်း သူက ပိုသိပါတယ်။
ကျနော်ဖတ်ပြတဲ့အထဲ မပါတာလေးတွေ သူက ဖြည့်စွက်ပြောပြနေပါတယ်။ အချုပ်ကတော့ …

“သူက လူအေးပဲ၊ သူက စကား စပြောခဲတယ်။ တခြားလူက လာပြောရင်တော့ လေးလေးစားစား နားထောင်တယ်။ တက်တက်ကြွကြွ ပြန်ဆွေးနွေးတတ်တယ်။ သူ့မိသားစုအတွက် စိတ်မကောင်းစရာပဲ …”တဲ့။

ပြောနေတာက ပြတ်တောင်းပြတ်တောင်း … သူ့မှာ ခွန်အားသိပ်မကျန်တော့ပါ၊ ဒါကို ရုပ်ရည်နဲ့ အသံက ဖော်ပြနေပါတယ်။
ပွတ်ချွန်းလေးကို တချက်တချက် ရှူနေရတာလည်း ပါ,ပါမယ်။ မန္တလေးမှာ အတူနေစဉ်ကလို အားရပါးရ အခိုးတွေရှိုက်သွင်းနေတာမျိုး မဟုတ်၊ ရှူတယ်ဆိုရုံမျှသာ …

တကြိမ်မှာတော့ ပွတ်ချွန်းတိုလေး ပါးစပ်ကအဖြုတ် ရင်ဘတ်ပေါ် ပြုတ်ကျသွားပါတယ်။ ‘အား’ ခနဲအော်ပေမယ့် သူ့လှုပ်ရှားမှုက နှေးနေပေပြီ။ ခါမထုတ်နိုင်တော့ပါ။ ကြောင်ကြည့်နေရာက ကျနော်ပဲ လက်နဲ့တောက်ထုတ်လိုက် ရပါတယ်။ ဒီအဖြစ်ကြောင့် ကျနော် မျက်ရည်ဝိုင်းမိတယ်။

ကိုလတ်က သူ့ကို အင်မတန် ချစ်တယ်။ အကိုကြီးတယောက်လို တွယ်တာတယ်။ သူ မရှင်းတဲ့ သဘောတရားကိစ္စ၊ စာပေရေးရာတွေကို စိတ်ရှည်လက်ရှည် ရှင်းပြတတ်သူမို့ လေးလည်း လေးစားတယ်။ သူကလည်း လူငယ်ဖြစ်တဲ့ ကိုလတ်ကို သံယောဇဉ်ကြီးတယ်။
ကိုလတ်ကျသွားတာမှာ သူ အတော် စိတ်ထိခိုက်ပုံပေါ်တယ်။

တိုက်ပွဲဝင်ရဲဘော်အားလုံးကို “ဒီနေ့ တိုက်ပွဲပြီးမယ်။ လက်မှတ်သွားယူနေပြီ”လို့ ပြောထားပြီးသားဖြစ်တယ်။ ဒါပေမယ့် ဒါကို သူ မစောင့်နိုင်တော့ပါ။ နေ့လည်ခင်းမှာ သူ ကျဆုံးသွားပါတယ်။

သူ့ ကဗျာစာအုပ် (ပုဒ်ရေ ၃-၄ဝ ခန့်)က ကျနော့်လက်ထဲမှာပါ။ ဒီ အထဲက “ရန်သူ့နှလုံး အိမ်တွင်း၊ စိုက်သွင်းထားတဲ့ ဓားမြှောင်နီ” စာကြောင်းလေး ရွေးထုတ်လိုက်မိတယ်။

နောင်မှာ ရဲဘော် ရန်ရွှေကပဲ ပြောပါတယ်။ သူနဲ့ ကိုသိန်းမြ ခွဲမထွက်ခင်က မလညပ ဆောင် (အခန်း-၅) မှာနေရတော့ ကိုလေးမောင်တို့နဲ့ အခန်းချင်းကပ် ဖြစ်ပါတယ်။ ပိုရင်းနှီး ပိုသိတာလည်း ပါနိုင်ပါတယ်။

“တချို့လူတွေက ပြောတဲ့နေရာမှာ ကောင်းကြတယ်။ တချို့ကြတော့ အလုပ်လုပ်တဲ့နေရာမှာမှ ကောင်းတတ်ကြတယ်။ ကိုလေးမောင်တို့၊ ကိုလတ်တို့ကတော့ ပြောတဲ့အတိုင်း လုပ်တတ်ကြလို့ ကျနော် လေးစားတယ် …” တဲ့။

၈။ ရဲဘော် ထွန်းဝင်း (ဒုတိယသုတ်)

ပုသိမ်နယ်၊ ငပုတောသား ဖြစ်တယ်။ ရန်သူ့ တပ်ထဲဝင် ယူဂျီလုပ်ရာက အဖမ်းခံရသူ၊ စွယ်စုံ ထူးချွန်သူတယောက်ပါ။ အားကစားသမား (အပြေး၊ ဘောလုံး)၊ လက်မှုပညာသည်၊ (ကျွန်းပါတီ ဂီတဝိုင်းအတွက် တယော၊ မယ်ဒိုလင်၊ ဒုံမင်း ... စတာတွေဟာ အဓိက သူလုပ်တာပါ။)

တီးဝိုင်းအတွင်းမှာ တူရိယာတခုခု တီးမယ့်သူလိုနေရင် ဝင်တီးခတ်ပေးတတ်သူ … ဒါတင်လားမဟုတ်သေး။ ဆေးထိုးရာမှာ ဆရာဝန်၊ ဆေးကျောင်းသားတွေထက် ပိုင်နိုင်ကျွမ်းကျင်သူလည်း ဖြစ်တယ်။ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ … ၂ (ကျနော်တို့ရဲ့)အဖွဲ့မှူး ဖြစ်တယ်။

ကြံ့ခိုင်သန်မာသွက်လက်သူဖြစ်ပြီး တောတိုးရာမှာ ကျွမ်းကျင်လှတယ်။ ရခိုင်ကျင်ကိုင်ပွဲ (သူ့အတန်းတွင်) မဲကြီးကိုနိုင်ပြီး တံခွန်စိုက်ခဲ့သူလည်း ဖြစ်တယ်။ အဆင်းရဲ အပင်ပန်းခံနိုင်တဲ့ဘက်မှာ သူနဲ့ မဲကြီးက ဘက်ညီတယ်။ စကားသိပ်မပြောလှ။

ကျနော်ပြောခဲ့တဲ့အတိုင်းပဲ ပုံမှန်အားဖြင့်ဆိုရင် အားကစားသမား၊ အလုပ်ကြမ်းသမားတွေဟာ အစာငတ်ခံတိုက်ပွဲတွေမှာ အကျမြန်တယ်။ မဲကြီး၊ ကိုစိန်ချင်း၊ ကိုထွန်းဝင်းတို့ဟာ ကျစ်လစ်ကြံ့ခိုင်သူတွေ ဖြစ်တယ်။ သူတို့တတွေ ကျန်းမာရေး ကျဆင်းသွားပုံက သိပ်သိသာ၊ သိပ်မြန်ဆန်လွန်းတယ်။

တိုက်ပွဲပြီးမယ့် အဲဒီနေ့မှာပဲ ထောင်အာဏာပိုင်တွေကို စောင့်ရင်း … ကိုလတ်၊ ကိုလေးမောင်တို့ ကျသွားခဲ့ပါပြီ။ အချိန်ကလည်း တရွေ့ရွေ့နဲ့ ညနေစောင်းခဲ့ပြီ၊ ၅ နာရီလောက်ကျမှ စာရွက်ကလေးတရွက်ကိုင်ပြီး သူတို့ ရောက်လာကြပါတယ်။

ဒီ အချိန်မှာပဲ “အားလုံး … သတိ”ဆိုတဲ့ အသံထွက်လာခဲ့တာပါ။ ပွဲပိတ်အနေနဲ့ အင်တာနေရှင်နယ်သီချင်းကို ရင်ပွင့်မတတ် ဟစ်ကြွေးလိုက်ကြပါတယ်။

သီချင်းသံစဲပြီး “သက်သာ”ဆိုတဲ့ အမိန့်ပေးသံ မရောက်ခင် ၉ ဆောင်ဘေးမှာ သတိအနေအထားရပ်နေတဲ့ ရဲဘော်တွေကြားထဲက တယောက်ဟာ ယိမ်းယိုင်သွားလို့ ဘေးနားရှိ ရဲဘော်တယောက်က ဆွဲထိန်းထားလိုက်တာ တွေ့ရတယ်။

သူကတော့ ရဲဘော် ထွန်းဝင်းနဲ့ တပ်ထဲမှာ အတူနေ၊ အတူ ယူဂျီလုပ်ခဲ့တဲ့ နှုတ်ခမ်းမွှေးကားကားနဲ့ ကိုတေဇပါ။ “သက်သာ” ဆိုတဲ့အသံလည်း ပေါ်လာရော ကျနော်တို့တတွေ ထောင်မှူးကြီးနဲ့အဖွဲ့ကို ဝိုင်းလိုက်ကြတယ်။ သူတို့ကို အတင်းအထိုင်ခိုင်းလိုက်ပြီး လက်ညှိုးငေါက်ငေါက်ထိုးကာ စွဲချက်တွေတင်ကြတယ်။

ရဲဘော် ထွန်းဝင်းကို သတ်တာ … (စစ်အစိုးရ၊ စစ်အစိုးရ)
ရဲဘော် ၈ ယောက်ကို သတ်တာ … (စစ်အစိုးရ၊ စစ်အစိုးရ)
ဖိနှိပ်ချုပ်ခြယ်မှု … (အလိုမရှိ၊ အလိုမရှိ)
ကိုယ်ထူကိုယ်ထ … (ဖျက်သိမ်းပစ်၊ ဖျက်သိမ်းပစ်)

သူ့ရဲ့တိုက်ပွဲဝင်မှတ်တမ်းထဲက ရွေးထုတ်ပြီး ကျောက်တိုင်ပေါ်မှာ ကမ္ဗည်းတင်လိုက်ကြတာက …

‘ငါတို့ကွန်မြူနစ်တွေဟာ ကိုယ့်ကိုယ်ကိုယ် လေထီးစစ်သားလို သဘောထားရမယ်။ ပါတီကပေးတဲ့ တာဝန်ကို ကျရာနေရာ ရောက်ရာအရပ်မှာ ထမ်းဆောင်နိုင်ရမယ်’ … တဲ့။
ဆက်လက်ဖော်ပြပါမယ်။

Wednesday, March 11, 2009

သုံးကြောင်း ကဗျာများ

ကိုလိုနီခေတ် ပညာရေး

(ဟင်္သာတ ကောက်သင်း)


မနက်ဖြန်မှ

အလုပ်ရမည်

ညစာ ဘယ်မှာစားမည်နည်း။


(မြို့လုံးကျွတ်စာတတ်မြောက်ရေးအထိမ်းအမှတ်၊ ဟင်္သာတမြို့နယ်မဂ္ဂဇင်း၊ စာမျက်နှာ ၄၇၊ ဖေဖော်ဝါရီ ၁၉၈၃)


ဧည့်သည်ကြီး

(တင်မိုး)


ဆေးလိပ်လည်းတို

နေလည်းညိုပြီ

ငါ့ကို ပြန်ပို့ကြပါလေ။


(ဖန်မီးအိမ်၊ ၁၉၅၉)


တော်လှန်ရေး

(မောင်သာရ)


ဆူးစူး၍ပင်

အပ်နှင့်ထွင်သည်

အသင် ဘာပြောချင်သနည်း။


(စောင်းခတ်သံ ကဗျာများ၊ ပျဉ်းမနား ကဗျာဆရာအသင်း၊ ၁၉၆၁)


Friday, March 6, 2009

စစ်အုပ်စုသက်တမ်းရှည်နေသရွေ့ - ၁၆



“သားကြီး ကိုစိုး ဘယ်လိုဖြစ်သွားတာတုန်း၊
သားဟာ အင်မတန် နူးညံ့သိမ်မွေ့တဲ့ကလေးပါ။
ခုတော့ သိပ်ပြီး ကြမ်းတမ်းခက်ထန်နေရောပါလား သားရယ် …
သားကြီးရဲ့စိတ်တွေ ပြန်ပြီးနူးညံ့သိမ်မွေ့လာအောင်
ညညမှာ ပုတီးစိပ်ပါ၊
ပုတီးနဲ့အတူ သား ပူဇော်ရှိခိုးဖို့ ဆရာတော် (ဝေဘူ)ဘုရားရဲ့
ပုံတော်လည်း ထည့်ပေးလိုက်တယ်”
၅၃ ရက်ပြည့်တဲ့နေ့
ဒုတိယ အသုတ်က ၄၆ ရက်
တတိယ အသုတ်က ၃၉ ရက် ရှိတဲ့နေ့ …

မိုးရာသီတွင်းဆိုတော့ ကားလမ်းကရေကျော်ပြီး ကားသွားလို့ မရ၊ နံက်စောစော ထောင်မှူးကြီးရယ်၊ ထောင်မှူးတယောက်နဲ့ ဝါဒါ ၂ ယောက် ကားလမ်းအတိုင်း နေဗီစခန်းဘက် ထွက်သွားကြကြောင်း ကင်းက သတင်းပို့ပါတယ်။

ညတာရှည်ခဲ့သလို နေ့တာလည်း ရှည်လာပြန်ပါပြီ၊ ဇူလိုင် ၃ဝ ရက်ညနဲ့ ဇူလိုင် ၃၁ ရက်နေ့တာဟာ အရှည်ဆုံးလို့ ကျနော်တို့ မှတ်ယူထားလိုက်ကြပါတယ်။

စိတ်တွေစောနေရတဲ့နေ့ … စိတ်တွေလောနေရတဲ့နေ့။

ရန်သူက တမင်များ လုပ်နေကြရော့သလား။

၆။ ရဲဘော် မောင်မောင်စိုး (ကိုလတ်) ပထမ အသုတ်ဝင်

သူက ကျောက်ဆည်သား၊ ဗိုလ်သိန်းတန်ရဲ့တူဖြစ်တယ်။ ဒီ အချိန်က အသက် ၂၄ နှစ်ပဲ ရှိသေးတယ်။ မျက်လုံးပြူးပြူး၊ ဆံပင် တိုတို ထောင်ထောင်၊ နှုတ်ခမ်းမွှေး ရေးရေး၊ အပြစ်ကင်းစင်တဲ့ မျက်နှာလေးကို စဉ်းစားမိတိုင်း ပြတ်ပြတ်ထင်ထင် မြင်မိတယ်။

သူက ရဲဘော်တိုင်းနဲ့ တည့်တဲ့သူ … အသက်က ငယ်ငယ်၊ ဟန်ဆောင်မှု မရှိ၊ ရိုးကလည်း ရိုးသား၊ အဆင်းရဲအပင်ပန်းခံတဲ့ လုပ်ဟန်ကလည်းရှိလေတော့ သူ့ကို မချစ်သူ၊ မခင်သူ မရှိ … ။

သူ ဆယ်တန်းအောင်တော့ ရန်ကုန်တက် အလုပ်,လုပ်၊ တဖက်မှာ လုပ်သားကောလိပ် ဆက်တက်တယ်။ ရန်ကုန်မှာနေပေမယ့် အပျော်အပါး မရှိ၊ အားချိန်မှာ အပြင်စာကို သဲသဲမဲမဲ ဖတ်နေတတ်တယ်။ နိုင်ငံရေးဘက် စိတ်ဝင်စားလာရာက ငယ်ငယ်ရွယ်ရွယ် ထောင်ထဲရောက်လာသူပါ။

အားကစားလည်း နားမလည် အချိန်မပေးနိုင်ခဲ့ ...။ ကျွန်းမှာပြောစမှတ်ပြုပလောက်တဲ့အဖြစ်တခုက တခါမှာ ဘော်လုံးကစားကြတော့ လူမပြည့်လို့ သူ့ကို ဝင်ကစားခိုင်းတယ်။ တဖက်အသင်းက ဂိုးရှူးမယ်အလုပ် သူက စိုးရိမ်သွားပြီး ဘော်လုံးကို ပြေးကောက်ယူလိုက်တယ်။

“ဘာလုပ်တာလဲ၊ ပင်နယ်လ်တီ … ပင်နယ်လ်တီ” လို့ ဝိုင်းအော်ကြတော့ …

“ကျနော်က ဘက် (Back) လေ … ကိုင်တာပေါ့” လို့ ပြန်ပြောသူ …။

သူက အနုပညာဘက်မှာတော့ အစွမ်းအစပြနိုင်တယ်။ ဝါသနာလည်းပါ၊ အာရုံလည်း စိုက်လေ့ရှိတယ်။ သီချင်းတွေ စပ်ခဲ့တယ်။ (လွတ်မြောက်နယ်မြေအငြိမ့်စင်မှာ ဆိုခဲ့ ကခဲ့ကြတဲ့ “ဟို ရှေ့ဆီ ရိုးမစွန်းဆီ နေဝန်းနီ ပေါ်လာပြီ” ဆိုတဲ့ အငြိမ့်သီချင်းနဲ့ “အနုပညာ သမိုင်းကြောင်း” … ဆိုတဲ့ သီချင်းလေးဟာ သူ စပ်ခဲ့တာပါ။ ကျနော်သယ်လာတဲ့ ဒီသီချင်း ၂ ပုဒ်ကို ပြည်သူ့အသံက လွှင့်ခဲ့တယ်ဆိုတာ သူသိရင် ဘယ်လောက် ပီတိဖြစ်မယ် မသိ)

စာပေဝါသနာပါတော့ (ဗန်းမော်)ဦးတင်အောင်တို့၊ ဦးမြသန်း(တင့်)တို့နားမှာ တွေ့နေရတတ်တယ်။ နေတာက ဦးတင်အောင်တို့ အဆောင် ၄ မှာ။ ပထမ အသုတ်က ဝင်ခွင့်ရခဲ့သူဆိုတော့ အဆောင် ၉ ကို ပြောင်းလာတယ်၊ ရောက်လာတာနဲ့ သူ့ အိပ်ရာခြေရင်း ခါးပန်းမှာ မြေဖြူနဲ့ စာတကြောင်း ကောက်ရေးလိုက်တယ်။

‘ငါ့ ဘဝမှာ တိုက်ပွဲများနဲ့ ပြည့်လျှမ်းနေပါစေ …’ တဲ့။

ဒီလို ကမ္ဗည်းထိုးပြီး တိုက်ပွဲဝင်ခဲ့သူပါ၊ ဒီ စာတန်းဟာ ပြည်သူ့အသံကလွှင့်တဲ့ မာ့က်စ်ရဲ့အတ္ထုပ္ပတ္တိထဲက စာသားဖြစ်ပြီး သူသိပ်ကြိုက်တဲ့ တိုက်ပွဲခေါ်သံ ဖြစ်ပါတယ်။

တိုက်ပွဲရက်အတွင်းမှာ ‘ကိုယ်ထူကိုယ်ထ ရိုက်ချိုးကြ’ ဆိုတဲ့ သီချင်းကို စပ်ဆိုပေးခဲ့တယ်။ ဒီ သီချင်းဟာ (ဗိန်းဗောင်းသံနဲ့) အားမာန်ပါလှတာမို့ တိုက်ပွဲတွင်းမှာ ဂီတဝိုင်းက မကြာခဏ တီးမှုတ် ဖျော်ဖြေပေးခဲ့ရတယ်။

ရဲဘော် ထွန်းမြင့်တို့ကျသွားတော့ မကျဆုံးခင်မှာ ခြေဖျားလက်ဖျားတွေ အေးစက်နေတတ်တယ်ဆိုတာ သူ သိသွားပါတယ်။ ဒီအခါ သူက “ကျနော့် ခြေတွေလက်တွေ အေးလာရင် ကျနော့်ကို သတိပေးပါ” လို့ ပြုစုသူ ရဲဘော်ကို မှာထားတယ်။ သူကိုယ်တိုင်လည်း သတိထားနေဟန် ရှိပါတယ်။ ဘာကြောင့်လဲ … လို့ ရဲဘော်တွေ စဉ်းစားမရ ပဟေဠိ ဖြစ်ခဲ့ကြရတယ်။

ဇူလိုင် ၃၁ ရက်နေ့၊ တိုက်ပွဲဝင်ရက် ၅၃ ရက်ပြည့်ခဲ့ပြီ၊ ရာသီဥတုက ကြည်ကြည်လင်လင် …။

နံက်ပိုင်းမှာပါပဲ။ ကျနော်က တိုက်ပွဲဆောင် ၂ ဘက်ရောက်နေစဉ် ရဲဘော်တယောက် သုတ်သီးသုတ်ပြာ ဝင်လာတယ်။
“ကိုလတ် … ကိုလတ်” လို့ပြောတာနဲ့ တိုက်ပွဲဆောင် ၁ ဘက်ပြေးဝင်လိုက်တော့ ကိုလတ် တယောက်ရယ် … လေ၊ မျက်နှာတချက် တင်းလိုက်တာ တွေ့ရတယ်။ ညာဘက်လက်က တဖြည်းဖြည်းရွေ့လာကာ အလေးနီပြုထားလိုက်ရင်း မျက်နှာဟာ ပြေလျှော့ကျသွားပါတယ်။

အော် … ကိုလတ်ရယ်၊ တကယ့်ကို ကဗျာတပုဒ်ပါလား၊ ကျနော်တို့မှာ ငိုဖို့မျက်ရည်တွေ မကျန်တော့ဘူး … လို့ ထင်ခဲ့တယ်။ ဒါပေမယ့် ဒီအထင် မှားပါတယ်။

ထုံးစံအတိုင်း စွဲချက်တွေတင်၊ ကြွေးကြော်သံတွေတိုင်ပြီးပြန်အလာ လမ်းမှာတင် ဦးမြသန်း(တင့်) က “ကိုလတ်ဟာ ကျနော့် အသဲနှလုံးပါဗျာ”လို့ တုန်တုန်ယင်ယင်ပြောရင်း မျက်ရည်ကျနေတာ တွေ့လိုက်ရတယ်။

မလညပ ရဲဘော် ရခိုင်အမျိုးသား ကိုရန်ရွှေက “ကျသွားတဲ့ ခင်ဗျားတို့ရဲဘော်အားလုံးကို အာဇာနည် သူရဲကောင်းတွေအဖြစ် ကျနော်အလေးပြုပါတယ်။ ဒါပေမယ့် ကိုလတ်ကျတော့ မေ့မရအောင်ကို လုပ်သွားတတ်တယ်။ ကျတာတောင် အလေးနီပြုသွားရှာတယ်” … တဲ့။

(သူဟာ ဒီ ခံစားချက်တွေနဲ့ ထောင်ကလွတ်တော့ ရခိုင်ပြည်ပြန်ပြီးပြည်နယ် ကွန်မြူနစ်ပါတီနဲ့ ဆက်သွယ် တောခိုခဲ့ရာက ကျဆုံးသွားခဲ့တယ်။ သူနဲ့အတူ ကျွန်းပြန် မလညပ ရဲဘော် ရခိုင်အမျိုးသား ကိုသိန်းမြလည်း တခြားတိုက်ပွဲတပွဲမှာ ကျဆုံးသွားရှာတယ်)

ကိုလတ်ကတော့ တိုက်ပွဲအတွင်းမှာ မှတ်တမ်းအများဆုံး ရေးသွားသူပါ။ စာအုပ်ပါးပါး တအုပ်စာလောက် ရှိပါမယ်။ စာဟန်တွေက ရာဘင်ဒြာနတ်တဂိုးရဲ့ရေးဟန်တွေ ထုံမွှမ်းနေတာ တွေ့ရတယ်။ ဆိုပါတော့ … “နီရဲတဲ့ ငါ့ နှလုံးသားကို လက်ဖဝါးမှာတင်ပြီးသကာလ ညင်သာသော ခြေလှမ်းများဖြင့် မိခင်ပါတီထံ ချဉ်းကပ်ကာ ပူဇော်ပါအံ့” … စသည်။

သူဟာ ရက် ၄ဝ တိုက်ပွဲအပြီး အိမ်ကိုစာရေးခွင့်ရတော့ မိဘတွေဆီ စာရေးပါတယ်။ မိဘတွေက သိပ်ပြည့်စုံကြပုံ မရဘူး။ ဒီကြားက မိဘမေတ္တာနဲ့ “ငါ့သား ဘာလိုသလဲ။ ဘာပို့ပေးရမလဲ”လို့ ရေးရှာ မေးရှာပါတယ်။ ဒီတော့ သူက “ကျနော် ဘာမှ မလို၊ လိုတာရှိရင်လည်း သူတို့ဖမ်းထားတာပဲ၊ သူတို့ပဲ ဖြေရှင်းပေးရမယ်။ မပေးရင် တိုက်ပွဲဆင်ပြီး တောင်းရမှာပေါ့ …”လို့ စာပြန်လိုက်တယ်။

သူ့အိမ်က ပို့လိုက်တဲ့ ပစ္စည်းတချို့နဲ့ ရေးလိုက်တဲ့စာတစောင် တိုက်ပွဲကာလမှာ ရောက်လာပါတယ်။ ဒါပေမယ့် တိုက်ပွဲကာလအတွင်းမှာ ရောက်လာတဲ့ စာမှန်သမျှနဲ့ ပစ္စည်းတွေကို ပါတီက လက်မခံပါဘူး။ တိုက်ပွဲပြီးမှ လက်ခံယူလိုက်တော့ …

သူ့အမေက ဒီလိုရေးထားတာ တွေ့ရတယ်။ “သားကြီး ကိုစိုး ဘယ်လိုဖြစ်သွားတာတုန်း၊ သားဟာ အင်မတန် နူးညံ့သိမ်မွေ့တဲ့ကလေးပါ။ ခုတော့ သိပ်ပြီး ကြမ်းတမ်းခက်ထန်နေရောပါလား သားရယ် … သားကြီးရဲ့စိတ်တွေ ပြန်ပြီးနူးညံ့သိမ်မွေ့လာအောင် ညညမှာ ပုတီးစိပ်ပါ၊ ပုတီးနဲ့အတူ သား ပူဇော်ရှိခိုးဖို့ ဆရာတော် (ဝေဘူ)ဘုရားရဲ့ ပုံတော်လည်း ထည့်ပေးလိုက်တယ်” လို့ ရေးပါတယ်။

ဒီ သိမ်မွေ့နူးညံ့တဲ့ ကျောင်းသားလေးကို ဆူးတောင်ကြီးတွေပေါက်လာအောင် စစ်အစိုးရက လုပ်ပေးလိုက်တာပါ … လို့ အမေ့ကို ပြောချင်လိုက်တာ။

ဒီစာနဲ့ ဒီပစ္စည်းလေးတွေအပြင် ကိုလတ် ထောင်မကျမီရိုက်ထားတဲ့ ဓာတ်ပုံလေးတပုံလည်း ပါလာတယ်။ စမတ်ကျကျ ဘလေဇာဝတ်၊ လည်စည်းစီး၊ ဆံပင်ရှည်ရှည် မျက်လုံးမျက်ဖန် ကောင်းကောင်းနဲ့ ကိုယ်တပိုင်း ဓာတ်ပုံလေးကြည့်ပြီး ကျနော်တို့အဆောင်မှ အသက်အငယ်ဆုံး မောင်လှဌေးက “ဟာ … ကိုလတ်က လူချောပဲ” လို့ လွှတ်ခနဲ ပြောထွက်လာပါတယ်။

သူ့နာမည်ရင်းက မောင်မောင်စိုး။ ရဲဘော်တွေက ‘ကိုလတ်’ လို့ပဲခေါ်တဲ့ကိစ္စ တခါမေးကြည့်ဖူးတယ်။
“မသိဘူးဗျ၊ သူငယ်ချင်းတွေကခေါ်၊ ရဲဘော်တွေက ဆက်ခေါ်နဲ့ တွင်သွားတာပဲ … ” လို့ ဖြေတယ်။

ကိုလတ် ခေါ် ရဲဘော်မောင်မောင်စိုးအတွက် သူကြိုက်လှတဲ့ “ငါ့ဘဝမှာ တိုက်ပွဲများနဲ့ ပြည့်လျှမ်းနေပါစေ …” ဆိုတဲ့ ဆန္ဒပြုကြွေးကြော်သံလေးပဲ ရွေးလိုက်ရပါတယ်။
(ဆက်လက်ဖော်ပြပါမယ်)


Wednesday, March 4, 2009

ပန်းတပွင့်ကြွေ


ပန်းတပွင့်ကြွေ

တာဝန်ကျေပေါ့

ဒီနွေဦးနှင့်

ကြေကွဲပွင့်ကို

ကမ်းဆင့်မှတ်တမ်းပြုဦးမည်။


လူ့ဘောင်သစ်ဂျာနယ်

အတွဲ ၂ ၊ အမှတ် ၃

၁၉၉၇ ခုနှစ် ဇွန်လထုတ် မျက်နှာဖုံး - မှ



ရဲဘော်မြင့်ဇော် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့် အမှတ်တရ


ရဲဘော်မြင့်ဇော် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ)

(၁၉၆၄-၁၉၉၇)

ပါတီဝင်အမှတ် (၇၁၁၉၁)


ရဲဘော်မြင့်ဇော်သည် အဘ ဦးကြည်ထွန်း၊ အမိ ဒေါ်ကြည်တို့မှ ၁၉၆၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း ခရမ်းမြို့နယ်၌ မွေးဖွားခဲ့သည်။ မွေးချင်း ၆ ယောက်အနက် ပဉ္စမမြောက်သားဖြစ်သည်။


၁၉၆၉ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ ခရမ်းမြို့ အစိုးရအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၈ဝ ခုနှစ်တွင် အခြေခံပညာအထက်တန်းကျောင်း အောင်မြင်ခဲ့သည်။ မိဘ၏လယ်ယာလုပ်ငန်းတွင် ၂ နှစ် လုပ်ကိုင်ခဲ့ပြီး ခရမ်းမြို့နယ်တွင် အခြေခံပညာမူလတန်းပြဆရာအဖြစ် ၄ နှစ် လုပ်ကိုင်ခဲ့သည်။


၁၉၈၆ ခုနှစ်တွင် တက္ကသိုလ် စာပေးစာယူသင်တန်းဖြင့် သိပ္ပံဘွဲ့ (ရူပဗေဒ) ရရှိခဲ့ပြီးနောက် ခရမ်းမြို့နယ် တိုးကြောင်စုကျေးရွာ အခြေခံပညာမူလတန်း ကျောင်းတွင် မူလတန်းပြ ကျောင်းဆရာအဖြစ် ၂ နှစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။


၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးတွင် ပါဝင်လှုပ်ရှားခဲ့ပြီး ခရမ်းမြို့နယ် အထွေထွေသပိတ်ကော်မတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ မြန်မာပြည်လူငယ်ကျောင်းသားတပ်ဦး (ခရမ်းမြို့နယ်) ၏ နာယက အဖြစ် လည်းကောင်း ပါဝင်လှုပ်ရှားခဲ့သည်။


ထို့နောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသို့ ပါတီဝင်အမှတ် (၇၁၁၉၁) ဖြင့် ဝင်ရောက်ခဲ့သည်။


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတွင် ဟံသာဝတီအရှေ့ခြမ်း (၄) မြို့နယ် တာဝန်ခံအဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖြစ် လည်းကောင်း၊ ပါတီတာဝန်များကို ထမ်းဆောင်ခဲ့သည်။


ထို့နောက် ၁၉၈၉ ခုနှစ်တွင် ရန်ကုန်တိုင်း ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ၁၉၉ဝ နှစ်ဦးတွင် ရန်ကုန်တိုင်း ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။ ၁၉၉ဝ ခုနှစ် ဇူလိုင်လတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ အထူးအစည်းအဝေးမှ ဌာနချုပ်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်းခံရသည်။


၁၉၉၁ ခုနှစ် နိုဝင်ဘာလတွင် လက်နက်ကိုင်တော်လှန်ရေးနယ်မြေသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကူးပြောင်းသည့်အခါတွင် ပါတီဗဟိုကော်မတီ ဥက္ကဋ္ဌတာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။


လက်နက်ကိုင်တော်လှန်ရေးနယ်မြေတွင် မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်များ အဖွဲ့ချုပ် (မဒမခ) တပ်ပေါင်းစု၏ တွဲဘက်အထွေထွေ အတွင်းရေးမှူး တာဝန်ကို ၁၉၉၄ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိလည်းကောင်း၊ မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်များအဖွဲ့ချုပ် (မဒမခ)၏ အထွေထွေအတွင်းရေးမှူး တာဝန်ကို ၁၉၉၅ ခုနှစ်မှ ကျဆုံးချိန်အထိလည်းကောင်း၊ နိုင်ငံရေးအံတုမှုကော်မတီ (PDC)၏ အထွေထွေ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၁၉၉၆ ခုနှစ်မှ ကျဆုံးချိန်အထိ နိုင်ငံရေးအံတုမှုကော်မတီ၏ တာဝန်ခံအဖြစ်လည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB)၏ အတွင်းရေးမှူးအဖွဲ့ဝင် အဖြစ်လည်းကောင်း တာဝန်များကို ကျဆုံးချိန်အထိ ထမ်းဆောင်ခဲ့သည်။


တော်လှန်ရေးတာဝန်များအား ထမ်းဆောင်နေစဉ်အတွင်း ၁၉၉၇ ခုနှစ် မတ်လ ၅ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၅ဝ မိနစ်တွင် ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ငှက်ဖျားရောဂါဖြင့် ကျဆုံးခဲ့ပါသည်။


Saturday, February 28, 2009

အလင်းရနံ့ ဂျာနယ် အမှတ် (၂)


အလင်းရနံ့ ဂျာနယ်

အမှတ် (၂)

ဖေဖော်ဝါရီလ၊ ၂၀၀၉ ခုနှစ်



Wednesday, February 25, 2009

ခင်ဗျားတို့ ပြောပြောနေတဲ့ ဘဝသရုပ်ဖော် ဝတ္ထု


၃၈ လမ်းဈေးက

ပဲပင်ပေါက်ရောင်းတဲ့ ကောင်မလေးရေ

အခွင့်အရေးဆိုတာ

ပထွေးကပေးမယ့် အမွေလိုပဲ

ဘာကြောင့် စောင့်မျှော်နေမှာလဲကွယ်။


တို့နှစ်ယောက် ဆက်ဆံရေးမှာ

ဘယ်သူမှမသိတဲ့ အခြေခံဥပဒေ ရှိပြီးသားပါ

တို့နှစ်ဦးသား နစ်မျောမှုကို

အပြစ်ပြောချင်သူတွေ ပြောပစေပေါ့။


ငါ စိတ်ကူးယဉ်မိတယ်

ပန်းချီကားတွေနဲ့ပဲ နေချင်တယ် လို့

ရွှေငါးလေးတွေ မွေးချင်တယ် လို့

ရေကန်ထဲက ကြာပွင့်တွေလို

လွတ်လပ် ပွင့်လင်းချင်တယ် လို့။


တကယ်တော့ ကမ္ဘာကြီးဟာ

ငါထင်သလောက် မသာယာပါဘူး

တနေရာရာမှာ

စစ်ပွဲတွေက ရှိမြဲ ရှိနေတာပါပဲ။


ဒါပေမယ့် ကောင်မလေးရေ

ဒုက္ခသည်စခန်းဆိုတာ

လူ့ဘဝရဲ့ ပန်းတိုင်လို့တော့ မထင်လိုက်လေနဲ့။


ငါတို့ ဘယ်တော့ သေကြမယ်ဆိုတာ

ခန့်မှန်းခြေအားဖြင့်တောင် မသိနိုင်ပါဘူး

ဒီတော့ ငါတို့ ဘယ်လို နေနေရတယ်ဆိုတာ

ဘယ်သူမှ မသိကြလည်း

ဝမ်းမနည်းပါနဲ့ကွယ်။


လူ့ဘဝဆိုတာ

ဆံပင်ညှပ်ဆိုင်သွားရမှာ ပျင်းသလို

အားကစားသတင်းတွေ ဖတ်ရမှာ ပျင်းသလို

အဲဒီလိုလည်း မဟုတ်ချေဘူး။


တို့လက်ထဲရောက်လာတဲ့ နေ့တွေကလည်း

တို့ကို သိမ်မွေ့အောင်

ဘယ်လိုမှ မစွမ်းဆောင်နိုင်ခဲ့။


၃၈ လမ်းဈေးက

ပဲပင်ပေါက်ရောင်းတဲ့ ကောင်မလေးရေ

တို့တတွေ မရှိတဲ့ဖောင်ကို

ဟန်ဆောင်ပြီး ဖျက်ခဲ့ကြတယ်နော်။


မိန်းမကောင်းက

မိန်းမပျက်ကိုကြည့်တဲ့ အကြည့်မျိုးကိုလည်း

တို့ ခံနိုင်ရည်ရှိခဲ့ပြီပဲ။


ဘယ်လိုမှ

မငြီးငွေ့နိုင်သေးတာကတော့

လူဖြစ်နေရတဲ့ အရသာပါပဲကွယ်။


ဟိုတနေ့က

ရေဒီယိုက ကြားရတယ်

အင်္ဂါဂြိုဟ်ပေါ် လူတယောက်ရောက်ဖို့

အမေရိကန်ဒေါ်လာ ကုဋေ ၅ဝဝဝ လောက်

ကုန်ကျမယ် တဲ့

အဲဒါကိုလည်း လူ ၁ဝဝ မှာ လူ ၄ ယောက်ပဲ

သဘောကျသတဲ့။


ကမ္ဘာပေါ်က

ငတ်မွတ်ခေါင်းပါးနေကြသူတွေခမျာ

ဒုက္ခရောက်နေကြသူတွေခမျာ

အင်္ဂါဂြိုဟ်ကို သတိရပါ့မလား

တခါတခါ ကျတော့လည်း

လောကကြီးကို

ဘာပြောရမှန်းတောင်မသိပါဘူး။


တကယ်ဆို

ခေတ်ကြီးကိုက အ, လွန်းပါတယ်

ခုနှစ်တချို့တလေ အချောင်ရသွားတဲ့ သူတွေကို

မနာလို ဖြစ်မနေပါနဲ့ကွာ။


ဒါပေမယ့်

အမြစ်မရှိတဲ့ သစ်ပင်တွေကိုတော့

မချစ်ခင်နဲ့လေ

အူနေတဲ့ မီးခိုးတွေကိုလည်း

မကိုးကွယ်လေနဲ့

တို့တွေဟာ ခေတ်ရဲ့ ဓားစာခံ ဖြစ်ခဲ့ပြီပဲ။


၃၈ လမ်းဈေးက

ပဲပင်ပေါက်ရောင်းတဲ့ ကောင်မလေးရေ

တို့နှစ်ယောက်ရဲ့ကြားမှာ

ပြဒါးတိုင်တွေ မလိုပါဘူးကွယ်

တကယ်လိုအပ်နေတာက တနိုင်မွေးမြူရေးပါ။


လှသန်း

စာပေဂျာနယ်

၁၉၉၅၊ ဇန်နဝါရီ။



သရုပ်ဖော်ပုံ - အင်တာနက်