Monday, November 12, 2012

ငလျင် ... ... ဂီတ (ကမာပုလဲ)

အမေဟာ
သေခါနီးမှာ အသက်ကယ်ဆေး ထိုးပြီး ကျနော်ပြန်အလာကို စောင့်မျှော်နေမယ်လား ...
အဖေ ... အဲဒီဆေးဖိုးလေးတောင် တတ်နိုင်လိမ့်မယ် မထင်ပါဘူးလေ...။

နာဂစ်ဆိုတဲ့ မီးလျှံမုန်တိုင်း ကျနော့်ဇာတိကို ချေတော့
ကျနော့်ကို ချက်မြုပ်ခဲ့တဲ့ အိမ်ကလေး ပြားကျသွားခဲ့တယ် ... တစစီ။

အီရန် ငလျင်တုန်းကလည်း
ကျနော်တို့ရဲ့ ခံစစ်ကုန်းကလေးဟာ ရန်သူရဲ့ ယမ်းခိုးယမ်းငွေ့တွေ ဝေလို့ ...။


ပြည်သူအများအတွက် ကျန်းမာရေးအာမခံ (မောင်ဝံသ)

ယခင်အပတ် ပြည်သူ့ခေတ်ဂျာနယ်ပါ ကျွန်တော့်ရဲ့ ‘ပြည်ထောင်စုစစ်စစ်မူကို လက်ခံကြပြီဆိုလျှင် ရွှေပြည်တော် မျှော်တိုင်း မဝေးတော့ပါပြီ’ ဆောင်းပါးကိုဖတ်ပြီး သဘောတူသူအတော်များများက စာတတန် ဖုန်းတထောက် ဆက်သွယ် ပြောဆိုကြပါတယ်။ အဲဒီပုဂ္ဂိုလ်များထဲမှာ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းတစ်ဦးအမည်နဲ့ ပြည်သူ့ခေတ်မှာ ဆောင်းပါးတွေ ရေးနေတဲ့ ကျွန်တော့်မိတ်ဆွေရင်း အန်ကယ်ကြီးက ရှေ့ဆုံးက ပါပါတယ်။

အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးကော်မတီ 

အန်ကယ်ကြီးက ကျွန်တော်ရေးတဲ့ အကြောင်းအရာနဲ့ တိုက်ရိုက်သက်ဆိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်လောက်က ဝန်ကြီးချုပ် ဦးနုလက်ထက် ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးကော်မတီမှာ ထိုစဉ်က တရားရေးဌာနရဲ့ အတွင်းဝန်ကလေးဘဝနဲ့ အတွင်းရေးမှူး အဖြစ်တာဝန်ယူခဲ့သူ ဖြစ်လို့ပါ။ ဥက္ကဋ္ဌက ထိုစဉ်က တရားရေးဝန်ကြီး ဒေါက်တာ အေးမောင် ဖြစ်ပါတယ်။ အန်ကယ်ကြီးက ခုဆို အဲဒီကော်မတီမှာ ပါဝင်ခဲ့တဲ့ ၃၃ ဦးအနက် သူတစ်ယောက်ပဲ ကျန်စစ်သားဖြစ်နေပြီထင်တယ်လို့ ပြောပါတယ်။


Wednesday, November 7, 2012

လက်ပန်းတောင်းတောင် သင်ခန်းစာ - ဖိုးသံ (လူထု)

လက်ပန်းတောင်းတောင်အရပ်ဆီက
လက်ခမောင်း ဖောင်ဖောင်ခတ်သံကြားတော့
ပြေကောင်းအောင် ကြံမယ့်သားတွေလာပဟ
ရွှေဒေါင်းမောင် ပျံနိုင်ပါပေါ့လားလို့
အမေ ခေါင်းထောင် လည်တံဆန့်ကြည့်ပြီး
ကြက်သီးများတောင် ဖြန်းဖြန်းထမိတယ်။

သလ္လာမြေတောင်ခြေဘက်မှာက
ဆရာစံတွေ ထောင်ချီထွက်လာကြသမို့
ဗမာနိုင်ငံ ရောင်နီပြက်ပြီကွလို့
အောင်စည်နှက်သံကို ကြားယောင်မိတဲ့ကာ
သားမောင် အမိမေပျိုတို့ဟာ
သပြေညို ရွှေဘိုပန်းကို ကြိုရှာခူးပြီး
ပိုစတာ နဖူးစည်းတွေကို ပြင်ကြသကွယ်
(အို) ဆိုစရာ အထူးစာလုံးကြီးတွေနဲ့ တင်ပြမဟယ်။


Tuesday, November 6, 2012

အိမ်ငတ်သူ (ကမာပုလဲ)

ကျနော်ဟာ ခုဆို ငယ်စာရင်းမဝင်တော့တဲ့လူ
ကျနော်ဟာ အသက်ကြီးကာမှ စာအုပ်တွေကြားထဲမှာ
ကျနော်ဟာ အဲဒီစာအုပ်တွေကြားထဲက ခရေပန်းခြောက်တွေ ကောက်လို့မွှေးနေခဲ့
ကျနော်ဟာ …။

ကျနော်ဟာ ဒီအရွယ်ကြီးထိ မိခင် မကြိုက်တာတွေနဲ့ ပျော်မွေ့ခဲ့
ကျနော်ဟာ ခုတိုင် တမှိုင်မှိုင်တတွေတွေနဲ့ နေ့နဲ့ညကို မှားယွင်းခံစား
ကျနော်ဟာ ခုလဲ အိမ်ပြန်နောက်ကျနေဆဲ လမ်းပေါ်မှာ
ကျနော်ဟာ ဘယ်တော့မှ ခေါက်ရိုးမကျိုးနိုင်တဲ့ ခေါင်းမာမာ လူစား
ကျနော်ဟာ …….။


မေတ္တာရှင် စာရေးဆရာမ သန်းမြင့်အောင်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ ဘဝသရုပ်ဖော် စာပေတွေရေးသားပြီး စာပေလောကကို ခြေချခဲ့တဲ့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ဟာ ခိုကိုးရာမဲ့တဲ့ အဖိုးအဖွားတွေအတွက် ဆည်းဆာရိပ်ဘိုးဘွားရိပ်သာကို ကမ္မကထလုပ်ပြီးတော့ ရန်ကုန်မြို့မှာ ဖွင့်လှစ်ပေးထားပါတယ်။ ရန်ကုန်မြို့ နာရေးကူညီမှုအသင်း ဒု-ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဆရာမ သန်းမြင့်အောင် က အခု အမေရိကန်ပြည်ထောင်စုကို လေ့လာရေးခရီး ရောက်ရှိနေပါတယ်။ အမေရိကန်ခရီးစဉ်မှာလည်း အမေရိကရောက် မြန်မာမိသားစုတွေနဲ့အတူ ရခိုင်နဲ့ ကချင်ပြည်နယ် ဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာဖွေရေးမှာလည်း အကူအညီပေးခဲ့ပါတယ်။ ဗွီအိုအေမြန်မာအသံကို လာရောက်လေ့လာခဲ့တဲ့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ကို ဗွီအိုအေဝိုင်းတော်သူ မမေငြိမ်း က တွေ့ဆုံမေးမြန်းထားပါတယ်။

 ဒေါ်မေငြိမ်း ။ ။ အမ ကျမတို့ အတူတူစာရေးခဲ့ကြတာ၊ အမရဲ့ ဝတ္ထုတိုတွေကို စောင့်ဖတ်ခဲ့ကြရတာ၊ နောက်ပြီးတော့ ကျမ ဒီလိုထွက်လာအခါကြတော့လည်း အမ ပရဟိတတွေ အများကြီးဆက်လုပ်နေတယ်။ ကျမ ဗမာပြည်မှာကတည်းက အမ လုပ်နေတယ်ဆိုတော့ အဲဒါတွေကို သိချင်လို့ရှိရင် ကျမတို့ကတော့ အမ ရန်ကုန်မှာ ပြောနေတဲ့ စာပေဟောပြောပွဲတွေ နားမထောင်ရဘူး။ နားမထောင်ရတဲ့အခါကြတော့ အမ ဝထ္တုထဲက အမပြောပြတဲ့ ပရဟိတလုပ်ငန်းလေးတွေကို ကျမ ဖတ်ရတယ်။ ဖတ်တဲ့အခါကြရင် ကျမကိုယ်တိုင် စာရေးတဲ့သူဖြစ်ပေမဲ့ ဖတ်ရင်းနဲ့ ကျမမှာ မျက်ရည်တွေဘာတွေ လည်ရတယ်။


အံ့သြလွန်းလို့ သေတော့မယ် (ကောင်းဆက်နိုင်)

ပထမအတွေးနဲ့ တတိယအတွေး

တွေးခေါ်သုံးသပ်မှု တစ်ခုဟာ စ, တွေးမိစဉ်မှာတော့ မှန်သလိုလိုနဲ့ ဒုတိယအကြိမ် ထပ်တွေးကြည့်တော့ ဇဝေဇဝါ ဖြစ်သွားတတ်တာမျိုး ရှိပါတယ်။ ဒီအတွေးကိုပဲ နောက်ထပ် တတိယအကြိမ်မြောက် ပြန်လှန်သုံးသပ်ကြည့်တဲ့ အခါကျတော့ ရလဒ်က ပထမအကြိမ်ရလဒ်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သွားတတ်တာမျိုးလည်း ကြုံရဖူးပါတယ်။

ဒါကြောင့် လူကြီးသူမ ပညာရှိတွေက ပြဿနာတစ်ခုကို တစ်ကြိမ်တည်း စဉ်းစားဆုံးဖြတ်တာမျိုး မလုပ်သင့်ဘူးလို့ ဆုံးမကြပါတယ်။

ပထမဆုံးတွေးမိတာကတော့ ကျုပ်တို့ ပြည်သူတွေဟာ ၂၀၀၈ အခြေခံဥပဒေကို အသေအချာ မလေ့လာကြဘဲနဲ့ တချို့ဆိုရင် မြင်တောင်မမြင်ဖူးပါဘဲနဲ့ ၉၂.၄၈ ရာခိုင်နှုန်းကြီးများတောင် ထောက်ခံမဲတွေ ထည့်ခဲ့ကြတယ်ဆိုတော့ (တောင်းပန်ပါတယ်) တော်တော် နုံတာပဲလို့ တွေးခဲ့မိပါတယ်။ တော်တော်ကြာလာလို့ နောက်တစ်ကြိမ် သုံးသပ်ကြည့်တော့ ပြည်သူတွေနုံတယ်လို့ တွေးမိတာ ဟုတ်မှဟုတ်ပါ့မလားလို့ ဇဝေဇဝါ ဖြစ်လာပြီဗျာ။


ခွင့်ပြုမိန့် (ကာတွန်း အောင်မော်)

Monday, November 5, 2012

ပြည်ထောင်စုစစ်စစ်မူကို လက်ခံကြပြီဆိုရင် ရွှေပြည်တော် မျှော်တိုင်းမဝေးတော့ပါပြီ (မောင်ဝံသ)

အခုလောလောဆယ်မှာ ‘အဆိုးထဲက အကောင်း’ ဆိုသလို တစ်ဖက်မှာ သေမိန့်ကျရောဂါတစ်ခုအဖြစ် အများနားလည်ထားကြတဲ့ ကင်ဆာရောဂါနဲ့ စစ်ပွဲဆင်နွှဲနေရပေမယ့် အခြားတစ်ဖက်မှာတော့ အရင်ကနဲ့စာရင် အချိန်ပိုရသလို ဖြစ်နေတာကြောင့် စာတွေ ပိုပြီး ဖတ်ဖြစ်နေတယ်ဗျ။ အထူးသဖြင့် ဒီကနေ့ စာဖတ်သူအများစုကို သူ့ထက်ငါကောင်း အပြိုင်အဆိုင် စည်းရုံးဆွဲဆောင်နေကြတဲ့ ဂျာနယ်တွေကို ပိုပြီးတော့လည်း များများ၊ ပိုပြီးတော့လည်း စူးစူးနစ်နစ် ဖတ်ဖြစ်နေမိတယ်ဗျာ။

ဦးခွန်ထွန်းဦးရဲ့စကား 

အခုရက်ပိုင်းအတွင်း ဖတ်ဖြစ်ခဲ့တဲ့ ဂျာနယ်ပါ သတင်းဆောင်းပါး တွေ့ဆုံမေးမြန်းခန်းတွေထဲက ကျွန်တော့်အာရုံမှာ လာငြိတာတွေထဲက တစ်ခုကတော့ The Voice ဂျာနယ်ထဲက ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးရဲ့ စကားတစ်ခွန်း ဖြစ်တယ်ဗျ။ ဂျာနယ်ထဲမှာပါတဲ့ သူ့စကားက ဒီလိုဗျာ။


Friday, November 2, 2012

ဦးခင်မောင်မြင့် သို့မဟုတ် ရှားရှားပါးပါး သံမဏိ နိုင်ငံရေးသမား (ဝင်းထွဋ်ဇော်)

ကမ္ဘာကျော် ပန်းချီဆရာကြီး လီယိုနာဒို ဒါဗင်ချီက သူ့ရဲ့အနုပညာ အောင်မြင်မှုအဖြစ် ‘မိုနာလီဇာ အပြုံး’ လို့ လူတွေခေါ်ကြတဲ့ ပန်းချီကားကို ဖော်ပြနိုင်ပါတယ်။ ကမ္ဘာကျော် ရုရှားစာရေးဆရာကြီး လီယိုတော်လ်စတွိုင်း က သူရေးသားခဲ့တဲ့ စစ်နဲ့ငြိမ်းချမ်းရေး ဝတ္ထုကြီးကို လက်ညှိုးထိုးပြပြီး “ဟောဒါက ငါ့ရဲ့အနုပညာ အောင်မြင်မှုကွ” လို့ ရဲရဲတင်းတင်း ပြောနိုင်တဲ့ အခြေအနေမှာ ရှိခဲ့တယ်။

သိပ္ပံပညာကျော် အိုင်းစတိုင်းက ရီလေတီဗီတီ သီအိုရီ စာအုပ်ကြီးကို ထောင်ပြပြီး “ဟောဒါကတော့ ငါ့ရဲ့အောင်မြင်မှုပဲကွ” လို့ လက်မထောင်ပြီး ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်။

သို့ပေမဲ့ ခေတ်ပြောင်းတော်လှန်ရေးတစ်ရပ်ကို ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ ဆင်နွှဲနေတဲ့ တော်လှန်ရေးသမား တစ်ယောက်အဖို့ကတော့ တော်လှန်ရေးကြီးတစ်ခု အောင်မြင်ခဲ့သည့်တိုင်အောင် “ဒါဟာ ငါ့ရဲ့စွမ်းဆောင်မှုကြောင့် ဖြစ်တာကွ” လို့ မပြောနိုင်ပါဘူး။ တော်လှန်ရေးကြီးတစ်ရပ် အောင်မြင်ခြင်းဟာ ထိုနိုင်ငံရှိ ပြည်သူတွေရဲ့ အောင်မြင်မှုသာ ဖြစ်ပါတယ်။

တကယ်လို့သာ မိမိ ပါဝင်ဆင်နွှဲနေတဲ့ တော်လှန်ရေးကြီး ကျရှုံးသွားခဲ့မယ်ဆိုရင်တော့ ထိုတော်လှန်ရေးသမားအတွက် ပြစရာအောင်မြင်မှုဆိုလို့ သူ့ရဲ့နှလုံးသားနဲ့ သူ့ရဲ့ဘဝမှာ ထင်ကျန်ခဲ့တဲ့ သေရာပါ ဒဏ်ရာဒဏ်ချက်တွေသာ ဖြစ်မှာပါ။

ကျွန်တော်သိကျွမ်းခဲ့တဲ့ ထိုသူမျိုးတွေထဲက တစ်ဦးကတော့ ပြည်သူ့တိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌဖြစ်ခဲ့သူ ဦးခင်မောင်မြင့် ပါပဲ။


လ (ကမာပုလဲ)

ကျနော် အကြိမ်ကြိမ်မက်ခဲ့တဲ့ … အချစ်ပဲ ။

သူ့ကြောင့်ပဲ ကျနော် အိမ်ကို ချစ်တတ်ခဲ့
သူ့ကြောင့်ပဲ အိမ်နဲ့ ခွဲခွာခဲ့
သူ့ကြောင့်ပဲ …. ။

ကျနော်ဟာ ဘယ်လို သတ္တဝါလေးလဲ
ကျနော် ခုထိ ကိုယ့်ကိုယ်ကို မသိသေးပါဘူး … မေမေ …။