Tuesday, November 6, 2012

အံ့သြလွန်းလို့ သေတော့မယ် (ကောင်းဆက်နိုင်)

ပထမအတွေးနဲ့ တတိယအတွေး

တွေးခေါ်သုံးသပ်မှု တစ်ခုဟာ စ, တွေးမိစဉ်မှာတော့ မှန်သလိုလိုနဲ့ ဒုတိယအကြိမ် ထပ်တွေးကြည့်တော့ ဇဝေဇဝါ ဖြစ်သွားတတ်တာမျိုး ရှိပါတယ်။ ဒီအတွေးကိုပဲ နောက်ထပ် တတိယအကြိမ်မြောက် ပြန်လှန်သုံးသပ်ကြည့်တဲ့ အခါကျတော့ ရလဒ်က ပထမအကြိမ်ရလဒ်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သွားတတ်တာမျိုးလည်း ကြုံရဖူးပါတယ်။

ဒါကြောင့် လူကြီးသူမ ပညာရှိတွေက ပြဿနာတစ်ခုကို တစ်ကြိမ်တည်း စဉ်းစားဆုံးဖြတ်တာမျိုး မလုပ်သင့်ဘူးလို့ ဆုံးမကြပါတယ်။

ပထမဆုံးတွေးမိတာကတော့ ကျုပ်တို့ ပြည်သူတွေဟာ ၂၀၀၈ အခြေခံဥပဒေကို အသေအချာ မလေ့လာကြဘဲနဲ့ တချို့ဆိုရင် မြင်တောင်မမြင်ဖူးပါဘဲနဲ့ ၉၂.၄၈ ရာခိုင်နှုန်းကြီးများတောင် ထောက်ခံမဲတွေ ထည့်ခဲ့ကြတယ်ဆိုတော့ (တောင်းပန်ပါတယ်) တော်တော် နုံတာပဲလို့ တွေးခဲ့မိပါတယ်။ တော်တော်ကြာလာလို့ နောက်တစ်ကြိမ် သုံးသပ်ကြည့်တော့ ပြည်သူတွေနုံတယ်လို့ တွေးမိတာ ဟုတ်မှဟုတ်ပါ့မလားလို့ ဇဝေဇဝါ ဖြစ်လာပြီဗျာ။


သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီး တစ်နှစ်ကျော်အကြာမှာတော့ တတိယအကြိမ် ပြန်သုံးသပ်မိပြီး ပြည်သူတွေ မနုံဘဲနုံတဲ့သူက ကျုပ်ဖြစ်နေပါတယ်။

ခံရတာများလို့ ထင်ပါတယ်။ အလွန်လည်ဝယ်ပြီး အရမ်းတွက်ချက်တတ်တဲ့ ပြည်သူတွေပဲဗျာ။ အံ့သြရပါတယ်။ ဘယ်လောက်ထိ ခန့်မှန်းတာတော်သလဲဆိုရင် အခြေခံဥပဒေစာအုပ်တောင် လှန်ကြည့်စရာမလိုဘူး။ အခြေခံဥပဒေ (မူကြမ်း) ဖြစ်လာဖို့ ၁၈ နှစ်နီးပါး အချိန်ယူထားတယ်ဆိုတော့ ကန့်ကွက်မဲများသွားလို့ ပြန်ပြင်ရရင်သွားပေဦးတော့ နောက်ထပ် ၁၈ နှစ် နေပေဦးတော့။ စစ်အာဏာရှင်အောက်မှာ နောက်ထပ် ၁၈ နှစ်။ ၁၈ ရက်တောင် မနေချင်ဘူးဆိုတော့ ထည့်တယ်ဗျာ ထောက်ခံမဲ။ တီးတယ်လေ လက်ခုပ်တွေ။

ဒီလိုနဲ့ ကန့်ကွက်မှုတွေ ဝေဖန်မှုတွေ ကြားထဲကနေ ထောက်ခံမဲ ၉၂.၄၈ ရာခိုင်နှုန်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ထွက်လာတယ်။ ၂၀၀၈ ခုနှစ် မေလ ၂၆ ရက်နေ့မှာ ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်တိုးရဲ့လက်မှတ်နဲ့ ဆန္ဒခံယူပွဲ ရလဒ်ကြေညာချက် ထွက်လာပါတယ်။

ဆန္ဒခံယူပွဲ ရလဒ်ကြေညာအပြီး သုံးရက်မြောက်နေ့ ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြု ပြဋ္ဌာန်းလိုက်ကြောင်း ကြေညာချက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လက်မှတ်နဲ့ ထွက်လာပါတယ်။

ဘွာမခတ်ကြေးနော် 

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်လို့ ဘွာအခတ်ခံထားရဖူးတဲ့ ပြည်သူတွေဟာ နောက်တစ်ခါ ဘွာခတ်ဦးမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ ရွေးကောက်ပွဲ ရလဒ်အတည်ဖြစ်မှ အာဏာလွှဲပြောင်းမှု အထမြောက်ပြီး စစ်အုပ်ချုပ်ရေးအောက်က လွတ်မြောက်မယ်ဆိုတာလည်း တွက်တတ်သွားပါပြီ။

စစ်အုပ်ချုပ်ရေးရဲ့အရသာကို ကောင်းကောင်းကြီး မြည်းစမ်းဖူးတဲ့ ပြည်သူတွေဟာ စစ်အုပ်ချုပ်ရေး မဟုတ်ရင်ပြီးရော၊ ဖဲစကားနဲ့ပြောရရင် ဘာလာလာ ဒေါင်းတော့မယ် အခြေအနေ ဖြစ်နေပါပြီ။

စစ်အရာရှိကြီးများ တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီးဟာလည်း အသင်းဝင် ဦးရေ ၂၄ သန်းနဲ့ အံ့သြစရာကောင်းလောက်အောက် တောင့်တင်းခိုင်မာလာရာက နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲခဲ့ပါပြီ။ အဓိက အတိုက်အခံ အင်အားစုဖြစ်တဲ့ NLD ကလည်း ရွေးကောက်ပွဲ ၂၀၁၀ မဝင်ဖြစ်တော့ပါဘူး။ အဘက်ဘက်က အသာစီးရနေတဲ့ စစ်အရာရှိကြီးများက ယူနီဖောင်းချွတ်ပြီး သေနတ်တွေ အပြင်မှာထားခဲ့မယ်။ နိုင်ငံရေး အဆောက်အအုံထဲ ဝင်လာပါရစေဆိုတော့ ပြည်သူတွေက ဝမ်းသာအားရ လက်ကမ်း ကြိုဆိုခဲ့ကြပါတယ်။ (တခြားနည်းလည်း မမြင်ပါ)။

ပြည်သူတွေရဲ့ အဲဒီကာလက ဉာဏ်ရည်ကို ချီးကျူးမိပါတယ်။ ရတဲ့အခွင့်အရေး မှန်သမျှ အကုန်ယူပြီး ပြည်ခိုင်ဖြိုး အမတ်လောင်းတွေကို မဲပေးခဲ့ကြပါတယ်။ ပြည်သူတွေဟာ ဘာအခွင့်အရေးမှ မရရင်တောင် ပြည်ခိုင်ဖြိုးကိုပဲ သေချာပေါက် မဲထည့်ခဲ့ကြမှာ ဖြစ်ပါတယ်။ ပြည်သူတွေတွက်တဲ့အတိုင်း ပြည်ခိုင်ဖြိုးဟာ အာဏာရပါတီ ဖြစ်သွားတော့ န.အ.ဖ အဖွဲ့ ဖျက်သိမ်းပြီး အာဏာလွှဲဖြစ်ခဲ့ပါတယ်။

လိုချင်တာ ရပြီးရင် 

လူတွေဟာ ကိုယ်လိုချင်တာကို မရရအောင် နည်းပေါင်းစုံသုံးပြီး ရယူတတ်ကြပါတယ်။ ပညာရှိတွေက ဒီလိုလူမျိုးကို အကောင်းအဆိုး ခွဲခြားပြီးမှ ချီးကျူးသင့်သူကို ချီးကျူးကြပေမယ့် ဉာဏ်နည်းသူများကတော့ သိမ်းကျုံးပြီး အထင်ကြီး အားကျတတ်ပါတယ်။

လူတွေဟာ ကိုယ်လိုချင်တာရဖို့ဆိုရင် ဘာကိုမှ မမြင်တော့ဘဲ အားထုတ်ခဲ့ရာက လိုချင်တာရပြီး ပြန်တော့ နောက်ထပ် လိုချင်တာတစ်ခု ထပ်ရှိပါတယ်။ အဲဒါက တခြားမဟုတ်ပါဘူး။ သူရရှိခဲ့တာဟာ တရားမျှတတယ်ဆိုတဲ့ အသိအမှတ်ပြုမှု လိုချင်တာပါပဲ။

တရားမျှတပါတယ်ဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ အသိအမှတ်ပြုမှုကို ရဖို့ဆိုတာက ခံစားမှုနဲ့ဆိုင်တဲ့ကိစ္စဆိုတော့ အခက်တကာ့ အခက်ဆုံးပါပဲ။ ငွေတို့ အာဏာတို့နဲ့ ဖန်တီးလို့ မရနိုင်ပါဘူး။ ရတယ်လို့ဆိုတဲ့လူရှိခဲ့ရင် အဲဒါဟာ အပေါ်ယံပါပဲ ရင်ထဲအထိ မရောက်နိုင်ပါဘူး။ နှိမ့်ချမှု၊ သဘောထားကြီးမှုနဲ့ အလိုနည်းမှု စတာတွေကို လက်တွေ့လုပ်ပြဖို့ လိုပါတယ်။ ကိုယ်ပိုင်ဆိုင်ဖို့ ကြိုးစားစဉ်က မရိုးဖြောင့်တာရှိခဲ့ရင် ဖြေဆေးက တော်တော် အစွမ်းထက်ဖို့ လိုပါတယ်။ လူတွေထင် မထားတာကို လျင်လျင်မြန်မြန် လက်တွေ့လုပ်ပြဖို့ လိုလာပါပြီ။

ဦးသိန်းစိန် အစိုးရဟာ NLD ကို လွှတ်တော်ထဲ ဝင်နိုင်ဖို့ ကန့်သတ်မှုတွေ ပယ်ဖျက်ပြီး လမ်းဖွင့်ပေးခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတယ်။ ပြည်ပရောက်နေသူ နိုင်ငံသားတွေကို ပြန်လာဖို့ ဖိတ်ခေါ်တယ်။ စာနယ်ဇင်းလွတ်လပ်ခွင့် ပေးတယ်။ ဖိနှိပ်ကန့်သတ် ချုပ်ချယ်မှု အတော်များများကို ဖြေလျှော့ပေးခဲ့တယ်။

လူ့မလိုင်လွှာတွေ လက်ဝါးကြီးအုပ်ထားတဲ့ ကားဈေးကွက်ကို အများပြည်သူ ဝယ်ယူသုံးစွဲနိုင်အောင် စီစဉ်ပေးနိုင်ခဲ့တယ်။ အားလုံး အံ့အားသင့်စရာတွေချည်းပါ။

သမ္မတကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေ ဖြစ်စေချင်ပေမယ့် ဖြစ်မလာဘဲ မအောင်မြင်တဲ့ကဏ္ဍကတော့ ဆက်သွယ်ရေးကဏ္ဍပါပဲ။ လက်ကိုင်ဖုန်းတွေဟာလည်း တစ်ချိန်က လူ့မလိုင်လွှာတွေ လက်ဝါးကြီးအုပ်ထားတဲ့ ဈေးကွက်တစ်ခုပါပဲ။ သူနဲ့ တိုက်ဆောက် ကားစီးနိုင်ခဲ့သူတွေ ဒီနေ့အထိ အထင်ကရပါပဲ။ သူများနိုင်ငံမှာ အလကားပေးတဲ့ ဆင်းကတ် (SIM) တွေဟာ အဲဒီအချိန်က ပြည်သူတွေ ရွှေနဲ့စက်ဝယ်ခဲ့ကြရပါတယ်။ ကဏ္ဍမျိုးစုံတိုးတက်ဖို့အတွက် ထိပ်ဆုံးကနေ ဦးဆောင် ပြောင်းလဲရမယ့် ဆက်သွယ်ရေးကဏ္ဍဟာ ဆင်းကတ် (SIM)တစ်ကတ် နှစ်သိန်းနဲ့ နောက်ဆုံးမှာ အနှေးကွေးဆုံးနဲ့ ဝန်ဆောင်မှုတွေ ပေးနေတာဟာ ပြည်သူတွေကို စိတ်ပျက်အားလျော့စေခဲ့ပါတယ်။

ဒီဆက်သွယ်ရေးကဏ္ဍနဲ့ ပုဂ္ဂလိက သတင်းစာ မရှိတာကြောင့်သာ မဟုတ်ရင် ပြည်သူတွေဟာ ဦးသိန်းစိန် အစိုးရရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုအပေါ်မှာ အပြည့်အဝ ယုံကြည်အားထားကြမှာ ဖြစ်ပါတယ်။

ငါးကလေး ပုံပြင် 

အလွန်လည်တဲ့ ငါးလေးတစ်ကောင်ဟာ စူးဝင်နေတဲ့ ငါးမျှားချိတ်ကို ရုန်းမနေတော့ဘဲ ဆွဲတဲ့နောက်ကို မျှောပြီး လိုက်သွားပါတယ်။ ပြီးမှ ငါးမျှားတံကိုင်ထားသူကို နိုင်ငံတကာ မြင်ကွင်းအရောက် ခေါ်သွားပါတယ်။

အားလုံးက ဝိုင်းကြည့်နေချိန်မှာ ငါးမျှားတံကိုင်ထားသူက သဘောထားကြီးစွာနဲ့ ငါးလေးကို လွှတ်ပေးလိုက်ရပါတယ်။ ဒီအခါမှာ ငါးလေးဟာ ဘဝတူ ငါးလေးတွေဆီကို ကူးခတ်သွားပြီး ပူးပေါင်းလိုက်ပါတယ်။ ဒီငါးလေးလိုပဲ အလွန်လည်တဲ့ ပြည်သူတွေပါ။

၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာ ရလဒ်ဟာ ဘွာခတ်လို့မရတဲ့ အခြေအနေပါ။ ဒီလို အခြေအနေမှာ NLD ပါတီက ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။

တကယ်တော့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အနိုင်ရပြီး နိုင်ငံရေစီးကြောင်းထဲ ဝင်လာတာဟာ အာဏာရပါတီရဲ့ ခေါင်းကြီးပိုင်းများအတွက် ကံကောင်းတယ်ဆိုရင် မမှားပါဘူး။ ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံတကာ လေ့လာသူများကို ခွင့်ပြုပြီး ကြိုတင်မဲ စတဲ့ ရွေးကောက်ပွဲ မသမာမှုတွေလည်း ကင်းရှင်းတဲ့အတွက် ပိုပြီးတော့ အရောင်တင်ပေးသလို ဖြစ်ခဲ့ပါတယ်။ လွှတ်တော်အသီးသီးနဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုနဲ့ အားပေးမှုကို လျင်လျင်မြန်မြန် ရခဲ့ကြပါတယ်။ အတိုက်အခံအပေါ်မှာ သဘောထားကြီးမှုကို အများက လေးစားပါတယ်။

တကယ်တော့ ပြည်သူတွေဟာ တိုင်းပြည်ကို ချစ်ကြပါတယ်။ ကိုယ်တစ်ယောက်တည်းထူးပြီး တိုင်းပြည်ချစ်တယ် ဆိုလာရင်တော့ အကြွားလွန်တာပဲ ဖြစ်ပါမယ်။ ကုန်ကုန်ပြောရရင် အပြစ်သားတောင်မှ အပြစ်ဟာ အပြစ်ပဲ တိုင်းပြည်အတွက် လိုအပ်လာရင် အကျိုးပြုချင်စိတ် ရှိမှာပါပဲ။ တကယ်ချစ်မချစ်က ဘာကိုကြည့်ပြီး သိနိုင်လဲဆိုတော့ ကိုယ့်အကျိုး၊ ကိုယ့်အာဏာ၊ ကိုယ့်ရာထူး စွန့်သင့်တဲ့အချိန်မှာ စွန့်နိုင်မစွန့်နိုင်ကြည့်ပြီး သိနိုင်ပါတယ်။

ပြည်သူတွေရဲ့ အရည်အချင်းကလည်း မနိမ့်ပါဘူး။ အဖိနှိပ်ခံဘဝမှာ အခွင့်မသာခဲ့လို့သာပါ။ အခုပြောမယ့် စိတ်ဓာတ်တချို့ပြင်လိုက်ရင် ဘယ်သူ့ မျက်နှာမှ မော့ကြည့်စရာ၊ အားကိုးစရာလိုမယ် မထင်ပါဘူး။ ပြင်ရမယ့် စိတ်ဓာတ်တွေက...

နောက်လိုက်တောင် မလုပ်ဖူးဘဲ နေ့ချင်းညချင်း ခေါင်းဆောင်လုပ်ချင်တဲ့ ဘဝင်စိတ်။

Team Work ခေါ် စုပေါင်းစိတ်ဓာတ်နဲ့ မလုပ်ချင်ဘဲ တစ်ကိုယ်တည်း တော်ချင်တဲ့ တစ်ကိုယ်တော်စိတ်၊ ရှေ့မနေ နောက်မလိုက် ဘေးတိုက်လိုက်ချင်တဲ့ ကန့်လန့်စိတ်။

ဒီနေ့မှသိတဲ့အလုပ်ကို အတွေ့အကြုံမယူဘဲ ဒီနေ့မှာပဲ ကုမ္ပဏီထောင်ချင်တဲ့ စိတ်ကူးယဉ်စိတ်။

မေတ္တာဆိုတဲ့ အဓိပ္ပာယ်တောင်မသိဘဲ မေတ္တာမပေးတတ်သူက လူအများရဲ့ လေးစား ကြည်ညို ချစ်ခင်မှုကို ခံချင်တဲ့ ပေါ်ပြူလာစိတ်။

လူတစ်ယောက် သို့မဟုတ် အဖွဲ့တစ်ဖွဲ့ နည်းနည်းအောင်မြင်တာနဲ့ အများကြီး ဝိုင်းအုံ အထင်ကြီးပြီး၊ အခိုက်အတန့်လေး မအောင်မြင်ရုံနဲ့ မတန်တဆ နှိမ့်ချဝိုင်းပယ်တတ်တဲ့ ကလေးကလားစိတ်။

ကိုယ့်ပတ်ဝန်းကျင် ကိုယ့်လူမျိုးနဲ့ ကိုယ့်တိုင်းပြည် ကောင်းစားမှကိုယ်လည်း ကောင်းစားမယ်ဆိုတာ မမြင်တတ်တဲ့ မောဟစိတ်။

နိုင်ငံရေးကို နိုင်ငံကြီးပွား တိုးတက်ရေးလို့မခံယူဘဲ ကိုယ့်မိသားစု ကြီးပွားတိုးတက်ရေးအတွက် စားကျက်တစ်ခုလိုထင်တဲ့ သိုက်သမားစိတ်တွေပါပဲ။ ။

(ပြည်သူ့ခေတ် အတွဲ ၃၊ အမှတ် ၁၁၇) 


 

No comments: