Monday, December 7, 2009

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၁၃)

တန်းလျားမှာ သမံတလင်းခင်း ပျဉ်ကာ သွပ်မိုး မျက်နှာကျက်နှင့် သစ်သားအိပ်စင် တဖက်တချက်တွင်ရှိပြီး အလယ်မှ စင်္ကြံလမ်းနှင့်ဖြစ်ပါသည်။ စခန်းဝင်းတည်ဆောက်ထားပုံမှာ သွပ်ဆူးကြိုးဝင်း ၂ ထပ်ခတ်ထားပြီး တဖက်ကို တန်းလျား ၆ လုံးစီဆောက်ထားသည်။ ၁၂ လုံးတွဲဖြစ်ပါသည်။

ကိုကိုးကျွန်း၏တောင်ဘက်စွန်း၊ ကျွန်း၏အရှေ့ဘက်ကမ်းခြေတွင် တည်ဆောက်ထားပြီး တန်းလျား ၂ တန်း၏ထိပ် ကမ်းခြေဘက်တွင် ပေ ၁၀၀ ခန့်ရှည်မည့် စုပေါင်းရိပ်သာ (မက်) ကို တည်ဆောက်ထားပါသည်။ သွပ်မိုး၊ ပျဉ်ကာ၊ မှန်ပြူတင်းနှင့် မျက်နှာကျက်၊ စင်္ကြံလမ်း စသည်ဖြင့် အတော်လေး သပ်ရပ်ပါသည်။

စားရိပ်သာ၏ ထိပ်တဖက်တချက်တွင် ချက်ပြုတ်သည့် မီးဖိုခန်းနေရာ တခုစီနှင့် စတိုခန်း တခုစီပါသည်။ ဝင်းကြီးမှာ ၁၂ ပေခန့်မြင့်၍ သွပ်ဆူးကြိုးဝင်း ၂ ထပ်ခတ်ထားသည်။ တဖက် ၆ ဆောင်စီ၏ ၂ ခုကြားတွင် တဖန် သွပ်ဆူးကြိုးတန်း ၂ ထပ် ခတ်ထားပြန်ပါသည်။ ကျနော်နေရာယူသော အဆောင်မှာ အဆောင်အမှတ် ၈ ဖြစ်ပါသည်။

ကိုးကိုးကျွန်းမှာ အလျား ၇ မိုင်၊ အနံ ၃ မိုင် ရှိပြီး ကျွန်း၏မြောက်ဘက်တွင် ကျယ်ဝန်းပြီး ရေတပ်စခန်းရှိသည်။ အမြင့်ဆုံး တောင်ထိပ်တွင် ရေဒါစခန်းရှိပါသည်။ (ယခု အဆင့်မြင့်ရေဒါစခန်းအဖြစ် ပြန်လည်တည်ဆောက်ပြီး တရုတ်ပြည်အား အသုံးပြုခွင့်ပေးထားသည်မှာ ၎င်းတောင်ထိပ် ရေဒါစခန်းဖြစ်ပါသည်) လေယာဉ်ပျံကွင်းအဟောင်းလည်း ရှိပါသည်။

ကျနော်တို့နေသော အကျဉ်းစခန်းမှာ ကျွန်း၏တောင်ဘက်စွန်း၊ အရှေ့ဘက်ကမ်းခြေတွင် တည်ဆောက်ထားပါသည်။ ကျွန်း၏မြောက်ဘက်တွင် ကျယ်ဝန်းပြီး တောင်ဘက်သို့ အဖျားရှူးသွားပါသည်။ ကိုကိုးကျွန်းစု၏ဖွဲ့စည်းပုံမှာ အနောက်ဘက်တွင် ကိုကိုးလေးကျွန်းတည်ရှိပြီး အလျား ၃ မိုင်၊ အနံ တမိုင်ခန့်ရှိပြီး လူမနေပါ။ ကိုကိုးကြီးကျွန်းနှင့် ကိုကိုးလေးကျွန်းမှာ ၁၃ မိုင်ကွာ ရေလက်ကြားတခု ခြားပါသည်။

ကိုကိုးကြီးကျွန်းမကြီး၏ မြောက်ဘက်တွင် စားပွဲကျွန်း ရှိသည်။ ၎င်းကျွန်းတွင် မီးပြတိုက်ရှိသည်။ ကိုကိုးကျွန်းနှင့်ကပ်လျက်နီးပါး အနောက်ဘက်တွင် ကြွက်ကျွန်းရှိသည်။ သေးငယ်ပါသည်။ ၎င်းအပြင် ကိုကိုးကြီးကျွန်း၏ တောင်ဘက်အဆုံးတွင် ကိုက် ၃၀၀ ခန့် သောင်ခုံတခု ဆက်လျက်ရှိပြီး အဆုံးတွင် ကိုက် ၅၀ ခန့်ကျယ်သည့် ရေလက်ကြားလေးတခု ခံနေကာ ကျွန်းလေးတခု တည်ရှိနေပြန်သည်။ ကျွန်းလေးမှာ အလျား မိုင်ဝက် အနံ ကိုက် ၁၅၀ ခန့်ကျယ်ပါသည်။ ၎င်းကျွန်းကို ဂျယ်ရီကျွန်း ဟု အမည်တွင်ပါသည်။

ကျနော်တို့နေထိုင်သော ဝင်းကဲ့သို့ ၁၂ လုံးတွဲဝင်း ၃ ခုရှိပါသည်။ ထောင်မှူး၊ ထောင်ပိုင်၊ ဝါဒါများနေသော အဆောက်အဦမှာ သီးသန့်ရှိပါသည်။ ၎င်းအပြင် ၁၉၅၈ ခုနှစ် နေဝင်း အိမ်စောင့်အစိုးရလက်ထက်တွင် ကျွန်းသို့ ပထမဆုံးအကြိမ်ပို့ခဲ့သေးရာ ၁၀ နှစ်ကျော်ကြာပြီဖြစ်သော လူမနေတော့သည့် အဆောက်အဦဟောင်းများ ရှိပါသည်။

ကျနော်တို့ရောက်စညနေတွင် ကျနော်မှတ်မိသလောက် ချက်ပြုတ်ကျွေးမွေးသူများကတော့ တောင်တွင်းကြီးမှ ဦးမှတ်ကြီး၊ မုံးမှ ဆရာဦးအောင်ငွေတို့ဦးဆောင်ချက်ပြုတ်ကျွေးပါသည်။ အချိန်လုပြီး ချက်ပြုတ်ရခြင်း၊ အတွေ့အကြုံ မရှိခြင်းတို့ကြောင့် ထမင်းရော ပဲဟင်းပါ မနူးမနပ် ဇိမ်းဇတ်ဇတ်နှင့် ကျနော်တို့အားလုံးမှာ သည်းခံပြီး စားလိုက်ကြပါသည်။

ကျနော်တို့နေသည့် အကျဉ်းစခန်းဝင်းနှင့်ကပ်လျက် အရှေ့ကမ်းခြေသောင်ခုံတွင် မီးလောင်ပြီး ထိုးဆိုက်ထားသည့် တန်ချိန် ၃ သောင်းခန့်ရှိမည့် ပင်လယ်ကူးသင်္ဘောပျက်ကြီးတစီး တင်ရှိနေသည်။ ရေငံငွေ့ရိုက်ထားပြီး နီကျင့်ကျင့်အသွင်ဖြင့် ဇရာရုပ်ကို သရုပ်ဆောင်ကာ ကမ်းခြေကို ထိုးဆိုက်ထားပါသည်။ ပေ ၆၀ ခန့်အမြင့်ရှိပြီး ဓာတ်ခဲကြီးအရွယ်ခန့်ရှိမည့် သံမဏိကြိုးကြီးများ လေးငါးချောင်းသည် တွဲလောင်းအောက်သို့ ကျနေပါသည်။

ဤသင်္ဘောပျက်ကြီးအကြောင်း နောက်မှ လေ့လာသိရှိရသမျှ ၁၉၆၇ ခုနှစ်၊ ဇွန်လ ဆန်ပြတ်လပ် ရှားပါးသည့် အခါက စစ်အစိုးရသည် သီဟို (သီရိင်္ကာ) သို့ ဆန်ခိုး ရောင်းခဲ့သည်။ ဆိပ်ကမ်းအလုပ်သမားကြီးများက တိုင်းပြည်မှာ ဆန်ပြတ်၊ လူထုမှာတော့ ထမင်းငတ်၊ အစိုးရကျတော့ ဆန်ခိုးရောင်းကြသည့်အတွက် အလုပ်သမားလူတန်းစား၏ ဒေါသကို ထုတ်ပြလိုက်ပါတော့သည်။ သင်္ဘောဝမ်းခေါင်းထဲသို့ ဆေးလိပ်မီးညှိသည့် အုန်းဆံကြိုးခွေကို မီးနှင့်တို့၍ ထည့်ပေးလိုက်ရာ သင်္ဘောကြီး ပင်လယ်ပြင်အရောက်တွင် မီးတွေ ထတောက် ပါတော့သည်။ ကတိုက်ကရိုက်နှင့် ကျွန်းပေါ်သို့ ထိုးဆိုက်ခဲ့ရပါသည်။ သင်္ဘောပိုင်ရှင်မှာ ဂရိသင်္ဘောသူဌေးကြီး အိုနာဆစ် ဖြစ်ပါသည်။ သင်္ဘောအမည်မှာ (အိုကီရာနိုပိုရို) ဖြစ်ပါသည်။

ဤသင်္ဘောပျက်ကြီးမှာ ကျနော်တို့ အကျဉ်းသားများကို များစွာကျေးဇူးပြုခဲ့ပါသည်။ သင်္ဘောမှ သံတိုသံစ မျိုးစုံဖြင့် ကျနော်တို့မှာ ဓား၊ လှံ၊ မှိန်း၊ စူးဆောက် တန်ဆာပလာ ကရိယာများ၊ တယောကြိုး ဒုံမင်းကြိုး၊ မယ်ဒလင်ကြိုး စသည် စသည်ဖြင့် များစွာ ဖန်တီးယူ၍ ရခဲ့ပါသည်။

ဘဝေဘဝက မသွေအတူတကွ ပြုခဲ့ကြရသော ပဌာန်းဆက် ကုသိုလ်ထူးကြောင့်လို့ပဲ ထင်ပါသည်။ ကိုကိုးကျွန်း အကျဉ်း စခန်းသို့ ပေါင်းစည်းဆုံတွေ့ မပျော်ဘဲမွေ့ကြရတော့မည့် နိုင်ငံရေးအကျဉ်းသမားများမှာ အရပ်က လည်းစုံ၊ လူ့အလွှာကလည်း စုံ၊ နိုင်ငံရေးအရောင်အသွေးကလည်း စုံလိုက်ကြပါဘိ။ ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီ၊ ပြည်သူ့ရဲဘော်၊ ပမညတ၊ လူငယ့်တပ်ဦး၊ လူမျိုးစု အခြားခြားသော ပုဂ္ဂိုလ်များ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ ဗကသ၊ တကသ၊ ရကသ ကျောင်းသားခေါင်းဆောင်များ၊ အမှုထမ်း၊ အလုပ်သမား၊ စစ်သား စသည်ဖြင့် များပြားလှပါသည်။ လူမျိုးစုများတွင် ရခိုင်အမျိုးသားများကတော့ အများစုဖြစ်ပါသည်။

ဗမာပြည်ကွန်မြူနစ်ပါတီထဲမှာလည်း ရခိုင်ရှိ၊ အလံနီထဲမှာလည်း ရခိုင်ရှိ၊ ကျော်ဇံရှီး အလံနီထဲမှာလည်း ရခိုင်ရှိ၊ အခြားအခြားထဲမှာလည်း ရခိုင်ရှိ၊ ရခိုင်ကတော့ လူတတ်တွေများသည့်အတွက် အဖွဲ့ အစည်းစုံတွင် ဖြန့်ကျက်ပြီး နေရာယူတာက လွန်စွာပင် သဘာဝကျသည်လို့ ဆိုရမလိုဖြစ်နေပါသည်။ ထိုစဉ်အခါက ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ ALP မှာ သန္ဓေတည်ကာစ အမြုတေဘဝပင်ရှိသေးသည့်အတွက် ALP ရခိုင်ရဲဘော်များ လည်း ပါရှိပါသည်။

ကရင်ထဲက ရှားရှားပါးပါး ၄ ယောက်သာရှိပါသည်။ ABKO မြန်မာနိုင်ငံလုံးဆိုင်ရာ ကရင်အမျိုးသားအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး မန်းအောင်ကြည်၊ ABKO ဗဟိုကော်မတီဝင် စောမောင်မောင်၊ လေတပ် ထောက်လှမ်းရေးမှ တပ်ကြပ်ကြီး မန်းဝင်းမြင့်၊ ပြီးတော့ ကျနော် ဖြစ်ပါသည်။

ရိက္ခာမှာ အမဲသားဗူး တပတ် ၂ ကြိမ်၊ တဗူးကို ၄ ယောက်နှုန်း၊ ပင်လယ်ရေကတော့ တပါတ်ကို ၂ ကြိမ်ချိုး၊ အိုနာဆစ် သင်္ဘောကြီးဘေးတဝိုက် ကန့်သတ်ပြီး စည်းကမ်းထားလိုက်သည်။ ညနေ ၅ နာရီ ဝင်းတံခါးပိတ်၊ ကိုယ့်အိပ်ရာမှာ ပုံစံထိုင်ပေး လူစစ်ခံရ၊ မနက် ၅ နာရီ အိပ်ရာမှာ ထိုင်ပေး၊ လူစစ်ခံရ။

ဆက်လက်ဖော်ပြပါမည်။

ကျောင်းသား ထောင် တော်လှန်ရေးသမား (၂၃)

ရက် ၄၀ တိုက်ပွဲ

အဲဒီလို အခြေအနေ ကောင်းနေတဲ့အခါမှာပဲ မမျှော်လင့်တာတခု ပေါ်လာတယ်။ အဲဒါ ဘာလဲဆိုတော့ အလံနီပါတီနဲ့ အလံနီပါတီနွယ်တဲ့သူတွေက ဖိုတွေ ခွဲပစ်တယ်။ နဂိုက လူတွေအားလုံးက ဖိုတဖိုထဲမှာ စားကြတာ။ အခုကျတော့ အလံနီ ပါတီကလူတွေက သူတို့ရဲ့ မူဝါဒအတိုင်း သူတို့ခေါင်းဆောင် သခင်စိုး ပြောထားတဲ့အတိုင်း ‘ကွဲအက်ရေးမှ ခွဲထွက်ရေးသို့’ ဆိုတဲ့ မူပေါ်လစီအတိုင်း “အချောင်သမားတွေနဲ့ အတူမနေနိုင်ဘူး။ အချောင်သမားတွေနဲ့ အတူတိုက်ပွဲမဝင်နိုင်ဘူး” ဆိုပြီးတော့ ခွဲထွက်တယ်။ ကျနော်တို့ အတန်တန်တားပါတယ်။ “မလုပ်ပါနဲ့။ ရန်သူ အားရပါလိမ့်မယ်” ပြောလို့မရဘူး။

သူတို့ အဆိုမှာသူတို့ ပါတီကလွဲပြီး ကျန်တဲ့လူတွေအားလုံးက အချောင်သမားတွေချည်းပဲ။ အဲလိုမူအရ သူတို့ခွဲထွက်တာ။ တော်တော် ဝမ်းနည်းစရာကောင်းတယ်။ သူတို့ခွဲထွက်တော့ မလညပ၊ ပြည်သူ့ရဲဘော် သူတို့ကလည်း သူတို့လည်းပဲ ပါတီကြီးတခုကိုး။ အဲဒီတော့ သူတို့က ကျန်တဲ့လူတွေနဲ့ တွဲနေလို့ရှိရင် မဖြစ်ဘူး။ သူတို့ပါတီကြီးတခုဖြစ်တဲ့ဟာကို ဖော်ပြဖို့လိုတယ်ဆိုပြီးတော့ သူတို့လည်း ခွဲထွက်တယ်။ အဲဒီလိုနဲ့ ရိက္ခာရုံဟာ အကုန်ကို ကွဲထွက်ကုန်တယ်။

ကျနော်တို့ကို အချောင်သမားလို့ စွပ်စွဲတဲ့သူတွေ အဲဒီကျွန်းပေါ်မှာ ကျနော်တို့နေတုန်းပဲ သူတို့ရဲ့ ခေါင်းဆောင်ကြီး သခင်စိုးဟာ လက်နက်ချလာတယ်။ အဲဒီနောက် အားလုံးသိကြတဲ့အတိုင်း ဗိုလ်နေဝင်းက အရေခွာ အပြတ် သူ့ကို အရှက်ခွဲပစ် တယ်။ တရားရုံးမှာ။ အဲဒီနောက် သူက မဆလကို သဘောတရား အမျိုးမျိုးနဲ့ ထောက်ခံအလုပ်ကျွေးပြုရတယ်။ အဲဒီလိုနဲ့အင်မတန် နာမည်ဆိုးနဲ့ပဲ ဇာတ်သိမ်းသွားရတယ်။

ကျနော့်အနေနဲ့ဆိုရင် အလံနီထဲမှာရော အနွယ်တွေထဲမှာရော ပုဂ္ဂိုလ်ရေး အင်မတန်ရင်းနှီးတဲ့ လူတွေရှိတယ်။ အတူတူ တိုက်ပွဲဝင်ခဲ့တဲ့လူတွေလည်း ရှိတယ်။ ကျနော့်ကိုကူညီခဲ့တဲ့လူတွေလည်း အများကြီးရှိတယ်။ ကျွန်းပေါ်ပါလာသူရော၊ ပါမလာသူရော ထောင်အပြင်မှာ ဆက်ဆံဖူးတဲ့လူတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒါနဲ့ပတ်သက်ပြီး ကျနော် သိပ်အကျယ်ကြီး မပြောချင်ဘူး။

အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်ပြောချင်တာက ကျနော်တို့ထဲမှာတော့ အတော်အားနည်းသွားတယ်။ မတတ်နိုင်ဘူး။ ရှိတဲ့အတိုင်းပဲကျနော်တို့ ဆက်သွားတယ်။ ကျွန်းပေါ်က ဆက်လုပ်စရာရှိတဲ့ဟာတွေကို ဒီအကွဲက ဘယ်လိုမှ ဂယက်မရိုက်အောင် ကျနော်တို့ အစွမ်းကုန်ကြိုးစားခဲ့ကြတယ်။

အဲဒီလိုနဲ့ ဘာဖြစ်သလဲဆိုတော့ ၁၉၇ဝ ခုနှစ် နွေဦးပိုင်းမှာ ကျွန်းရောက်ပြီး တနှစ်လောက်မှာ တနေ့ကျတော့ အလံနီထဲ ကပဲ ရဲနီတင်ငြိမ်း (ကိုတင်ငြိမ်းက နဂိုက အစိုးရဆီက ရဲ။ အိမ်ထောင်သည်ပါ။ အဲဒီတုန်းက သူ့အသက်က ၃ဝ နားနီးပါပြီ)။ သူဟာ အသားဝါရောဂါနဲ့ ကွယ်လွန်သွားတယ်။ ကိုတင်ငြိမ်းနေတဲ့အဆောင်က ကျနော်နေတဲ့ အဆောင်နဲ့ဆိုရင် တဆောင်ခြား။ သူက အဆောင်နံပါတ် ၇။ ကျနော်က အဆောင်နံပါတ် ၉။ အဲဒါ …

တညကျတော့ ညကြီးသန်းခေါင် ကျနော်တို့ အိပ်ပျော်နေပြီ။ အဲဒီမှာ အသံနက်ကြီးနဲ့ ဆိုးဆိုးဝါးဝါးကြီး အော်တဲ့ အသံတွေ ကြားရတယ်။ “သမီးရေ …” ဆိုပြီးတော့။ အို … ချောက်ချားစရာ တကယ်ကောင်းတယ်။ ထောင်ကလည်း ထောင်ဗျာ၊ ကျွန်းကလည်းကျွန်း၊ သန်းခေါင်ကလည်း သန်းခေါင်။ အဲလိုအခါမှာ ဒီလိုအသံကြီးကြားရတာ။ တခါတည်း မကဘူး။ ကျနော်မှတ်မိသလောက်ဆိုရင် ၃-၄ ခါ ထင်တယ်။ ကျနော်တို့ ကြားရတယ်။ ကျနော်နိုးပြီးနောက် ကြားရတဲ့ဟာပေါ့လေ။

ဒါနဲ့ ကျနော်တို့အားလုံး လှုပ်လှုပ်ရွရွဖြစ်ပြီးတော့ စနည်းနာ။ အဲဒီတော့ သူများအိပ်ချိန်ကြီး သူများအဆောင်မှာ ဖြစ်တာ အတင်းဝင်သွားမေးလို့လည်း ရိုင်းရာကြမယ်လေ။ မသိတတ်ရာကြမယ်။ ဒါမို့ သူတို့အကြောင်း စနည်းနာပြီးတော့မှ ကိုယ်စားလှယ်လွှတ်ပြီး သွားစုံစမ်းကြည့်တော့ … ကိုတင်ငြိမ်း အခြေအနေ မကောင်းဘူးဆိုပြီးပြော၊ နောက် ‘ကိုတင်ငြိမ်း ဆုံးသွားပြီ’ ဆိုတဲ့သတင်း ချက်ချင်းကြားတာ။

ကျနော်တို့အားလုံး ဆက်အိပ်လို့မရကြတော့ဘူး။ ဒီကိစ္စ သိပ်ကြီးကျယ်သွားပြီ။ ပထမဆုံး ကိုကိုးကျွန်းမှာ လူတယောက် ထောင်ကပေးတဲ့ရောဂါနဲ့ သေဆုံးရတာဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ခေါင်းဆောင်တွေက ဒီကိစ္စ ဘာလုပ်ကြမလဲလို့ အစည်းအဝေးထိုင်တယ်။ တိုင်ပင်ကြတယ်။ တိုင်ပင်တော့ ဒီကိစ္စဟာ ကြည့်နေလို့ မရဘူး။ တခုခုတော့ လုပ်မှဖြစ်မယ်လို့ ကျနော်တို့သဘောရတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ ကာယကံရှင်က ကျနော်တို့ မဟုတ်ဘူး။ ကာယကံရှင်က အလံနီပါတီနဲ့ ဆိုင်နေတယ်။

အဲဒီတော့ ကျနော်တို့က ကိုယ်စားလှယ်လွှတ်ပြီးသွားဆွေးနွေးတယ်။ ဒီကိစ္စဟာ သာမန်ကိစ္စမဟုတ်ဘူး။ နောင်လည်း အစဉ်လာဖြစ်မယ့် ကိစ္စဖြစ်တယ်။ အဲဒီတော့ ပထမဆုံး ရဲနီတင်ငြိမ်းရဲ့အလောင်းကိုပြည်မ ပြန်ပို့ပေးရေး၊ သူ့မိသားစုဆီ ပြန်ပို့ပေးရေး။ ဒါ သိပ်အရေးကြီးတယ်။ အဲဒီအတွက် ကျနော်တို့တိုက်ပွဲဝင်ရမယ်၊ တောင်းဆိုရမယ်လို့ပြောတော့ အလံနီကလည်း သဘောတူတယ်။

အဲဒီတော့ သဘောတူတာနဲ့ ကျနော်တို့ နောက်နေ့မှာ အားလုံး ကိုယ်စားလှယ်တွေ ရွေးပြီးတော့ ထောင်အာဏာပိုင်တွေကို တွေ့တယ်။ တွေ့ပြီးတော့ ကိုတင်ငြိမ်း ကွယ်လွန်တဲ့အကြောင်း၊ ကိုတင်ငြိမ်းရဲ့ အလောင်းကို ပြည်မပြန်ပို့ပေးဖို့ သူ့မိသားစု လက် ပြန်အပ်ပေးဖို့ ပြောတယ်။ အဲဒီတော့ ထောင်အာဏာပိုင်တွေ က အထက်ကိုမေးပြီး ပြန်ပြောတာက “မဖြစ်နိုင်ဘူး။ ကျွန်းပေါ်မှာပဲ သင်္ဂြိုလ်ရမယ်” လို့ ပြန်ပြောတယ်။ အဲဒီတော့ ကျနော်တို့နဲ့က ထိပ်တိုက်ရင်ဆိုင်ရတဲ့ပြဿနာ ဖြစ်လာတယ်။ ကျနော်တို့ကလည်း ဒီလိုဆို ကျွန်းမှာသင်္ဂြိုလ်ဖို့ဆိုရင် ကျနော်တို့ ဒီအလောင်း မပေးနိုင်ဘူး။ ပြည်မ ပြန်ပို့မယ်ဆိုရင်ပေးမယ်ဆိုပြီးတော့ အလောင်းမပေးဘဲ ထားတယ်။

အလောင်းမပေးဘဲထားတယ်ဆိုတာက ဒီလို …။ အလောင်းကို ကျနော်တို့ ခေါင်းသွင်းတယ်။ ခေါင်းသွင်းတယ် ဆိုတာ သွပ်ပြားတွေနဲ့ ခေါင်းလုပ်တာပေါ့။ အပြင်ကတော့ သစ်သားအခေါင်းပေါ့။ သစ်သားခေါင်းအတွင်းမှာ သွပ်ပြားခံတယ်။ အဲတော့ အခြားဆောင်တွေမှာရှိတဲ့ အဆောင်တွေက ခေါင်မိုးသွပ်ပြားတွေကို ဆွဲချလာတာပဲ။ ခေါင်းရိုက်ပြီးတော့ ခေါင်းထဲမှာထားတယ်။ ထားပြီးတော့ ဒီကျနော်တို့စခန်းရဲ့ အရှေ့တောင်ထောင့်မှာ ကုလားဖျဉ်းလေးလိုထိုးပြီးတော့ ကျနော်တို့ အဲဒီမှာထားတယ်။

အဲဒီတော့ အဲဒီနောက်မှာကလည်း ထောင့်ဆိုတော့။ စခန်းထောင့်မှာ ဝါဒါတွေရဲ့ ကင်းစခန်းလေးရှိတယ်။ အမြင့်လေးနဲ့သူက။ အပေါ်မှာ ဆလိုက်မီးလည်း ရှိတယ်။ အဲဒီတော့ ကျနော်တို့ အောက်မှာက အောက်လင်းဓာတ်မီးတွေ ထွန်းပြီးတော့ စောစောက ကိုတင်ငြိမ်းအလောင်းထားတယ်။ ဟိုအပေါ်မှာက ဝါဒါအစောင့်။ ဝါဒါက တယောက်ပဲစောင့်တာ။ ဟိုဘက်က လှိုင်းတွေက တဝေါဝေါနဲ့ ညဆိုရင် မှန်မှန်ကြီး လှိမ့်တက်နေတာ။ အသံမြည်နေတာ။ ၂ ရက် ၃ ရက်နေတော့ အဲဒီ ဝါဒါဟာ မနေရဲလို့ ဆင်းပြေးရော။ ဝါဒါ အစောင့် မရှိတော့ဘူး။

ဒီအချိန်မှာ ကျနော်တို့ဘက်က စဉ်းစားတယ်။ “ဟ ! ငါတို့တတွေ ဒီအလောင်းကြီးပိုက်ပြီး ငုတ်တုတ်ထိုင်နေလို့ မပြီးဘူး။ ကိုယ့်ဘက်က သိပ်ပြီးတော့ ခံစစ်ကြီးလို ဖြစ်နေလို့ရှိရင် လက်ဦးမှုဆုံးပြီးတော့ ကိုယ်ပဲခံရလိမ့်မယ်” ဆိုပြီးတော့ စဉ်းစား တယ်။ ဒါ့အပြင် ကျနော်တို့မှာ စောစောက ပြောခဲ့တဲ့ ငါးပိတိုက်ပွဲအရှိန်ကလည်း ရှိနေတာ။ အောင်ပွဲရဲ့ အရှိန်ကလည်း ရထားတော့ ကိုယ်ကထိုင်ပြီး ခံစစ်လိုစောင့်နေတာထက် ထိုးစစ်ကို လုပ်ဖို့ စဉ်းစားကြတယ်။ လုပ်ရမယ်လို့လည်း မြင်ကြ တယ်။ အဲဒီမှာ ကျနော်တို့ညှိတယ်။ ဘယ်တောင်းဆိုချက်တွေနဲ့ တိုက်ပွဲဝင်မလဲလို့ ညှိကြတဲ့အခါကျတော့ ကျနော်တို့ တောင်းဆိုချက် ၅ ခု တင်လိုက်တယ်။

ဆက်လက်ဖော်ပြပါမယ်။

Sunday, December 6, 2009

ဈေးပြန်ကဗျာ

အိမ်သူဈေးပြန်
မချိဟန်နဲ့
တန်ရဲ့မတန်ရဲ့ မေးတဲ့ခါ
ဒါ ဘယ်ဈေးရှိမယ် ထင်လဲတဲ့။

ရင်ထဲရှိတာထက်ကို
ပိုပိုမိုမိုကြော
ကျနော် ပြော
ဟော … ကျနော်အပြောထက်
ဝယ်ရင်းဈေးသက်သာ
မနက်ခါ
ကျန်းမာစွာနဲ့ ဈေးသွားနိုင်ဦးမယ်။

နောက်ဆုံးပေါ်ဧည့်ခန်း
တယ်ဆန်းပြားပါလားနော်
သို့သော်
စာအုပ်စင်မရှိတဲ့အိမ်
နောက်တကြိမ် မရောက်ချင်ဘူးလေ။

အာဟာရယူနစ်က
လူဖြစ်စကလေး
သွေးဖြူဖျော့
သူတော့
ဟေမိုဂလိုဗင်ဆေး
များများကျွေးရလိမ့်မယ်။

ငှက်ရဲ့တောင်ပံ
ဘယ်သန်သန်
ညာသန်သန်
ဘယ်ပျံသလဲ
ဒါပဲ အရေးကြီးလိမ့်မယ်။

ကြောင်ဟာ
ကြွက်ခုတ်နေသမျှ
ဖြူသလား မည်းသလား
မေးစရာလား
နော … ဗျား … ကိုသင်းခိုင်။

တင်းနိုင်သမျှ
တင်းထားရမှာပဲ
အခက်အခဲဟာ
ကျော်လွှားရဲသူတို့အတွက်ပဲလေ။ ။

မောင်အောင်ပွင့်
(ချယ်ရီမဂ္ဂဇင်း၊ ၃/၈၈)

သရုပ်ဖော် - မင်းကျော်ခိုင်


Thursday, December 3, 2009

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၁၂)

ဖထီး မန်းအောင်ကြည်မှာ ကျနော်နှင့် တခန်းတည်း အတူကြပါသည်။ သူက စကားထွေထွေထူးထူး သိပ်မပြောပါ။ ဖထီး မန်းအောင်ကြည်မှာ အရပ်ပုပု၊ မေးရိုးခိုင်ခိုင် မျက်နှာလေးထောင့်စပ်စပ် အသက် ၄၀ နီးပါးခန့် ရှိသည်။

စိတ်နောက်ကျိဖွယ်ရာ ဤတညကိုလွန်မြောက်၍ နံနက်မိုးသောက်သို့ ရောက်ရှိလာပါသည်။ မနက်အလင်းတွင် ပင်လယ်ပြင်မြင်ကွင်းကြောင့် ကျနော်တို့အားလုံးမှာ စိတ်လက်ပေါ့ပါးသလို ရှိလာပါသည်။ ပင်လယ်လေ တဖြူးဖြူးတွင် လှိုင်းရိပ်လေးများ ဖြစ်ပေါ်နေသည်။ ကိုက် ၅၀ ခန့်ပျံနိုင်သည့် ငါးပျံများ၊ တလံလောက်ရှိသည့် ငါးမန်းများ။ အဝေးဆီသို့ လှမ်းမျှော်ကြည့်လိုက်ရာ ကမ်းမမြင်၊ လမ်းမမြင်သည့် မြင်ကွင်းနှင့်အတူ ကျနော်တို့ ရှေ့လျှောက်ရင်ဆိုင်ကြရဦးမည့် အခက်အခဲများကို မှန်းဆ၍ မရနိုင်ပါ။

နံနက်စာကို သင်္ဘောကုန်းပတ်ပေါ်တွင် တက်စားရပါသည်။ အမဲသားကို မဆလာနံ့သင်းသင်းနှင့် ပုံစံထမင်း ဖြစ်ပါသည်။ နေ့လည်တွင် လက်ဘက်ရည်နှင့် ဘီစကွတ် ၄ ချပ် တိုက်ပါသည်။ ထမင်းစားနှင့် လက်ဘက်ရည် တက်သောက်တိုင်း စစ်ယူနီဖောင်းနှင့် နှစ်ရစ်သမားက ဓာတ်ပုံကို ဘေးဘယ်ညာ တဖြတ်ဖြတ် ရိုက်ပါသည်။

သင်္ဘောသည် ဖေဖော်ဝါရီ ၁၂ ရက်နေ့ည တညလုံး၊ ၁၃ ရက် တနေ့လုံး တညလုံးမောင်းပြီးနောက် ၁၄ ရက် အကူး မနက် ၃ နာရီခန့်တွင် သင်္ဘောစက်ရှိန်လျော့၍ ရပ်လိုက်ပါသည်။ မနက်လင်းချိန်တွင် ကျွန်းကြီးတခုကို လှမ်းမြင်ရပါသည်။ မနက် စာထမင်းစားပြီးနောက် သင်္ဘောစက်ရှိန်ပြန်မြှင့်ပြီး ကျွန်းဘက်ဆီသို့ တရွေ့ရွေ့ မောင်းလာပါသည်။ ကျွန်းနှင့်ကိုက် ၁၀၀ နီးပါးလောက်အကွာတွင် သင်္ဘောစက်ရှိန်လျော့ပြီး စက်သံမြှင်းမြှင်းနှင့် ရပ်နေပါသည်။

ထိုအချိန်တွင် ကမ်းတက်ယာဉ်တစင်း ပြည်တော်ညွန့်သင်္ဘောနံဘေးသို့ ယှဉ်ပြီးကပ်လာပါသည်။ သင်္ဘောချင်း ကပ်မိပြီး ကြိုးချင်းချိတ်မိသောအခါ ကုန်းဘောင်ပျဉ်ချပ် ၂ ချပ်ကို ကမ်းတက်ယာဉ်ပေါ်သို့ ဆက်ပေးလိုက်ပါ သည်။ ကမ်းတက်ယာဉ်မှာ သင်္ဘောကြီးနှင့် ယှဉ်လိုက်လျှင် အတော်ကြီး နိမ့်နေသည့်အတွက် အထက်အောက် အတော်စောင်းနေပါသည်။ သင်္ဘောနှင့်ကမ်းတက်ယာဉ်ကို ထိုးပေးထားသည့် ကုန်ဘောင်ပျဉ် ၂ ချပ်မှာ အထက်အောက် အနိမ့်အမြင့် ဖြစ်နေပါသည်။ ကျနော်တို့ကို ဆင်းခိုင်းပါသည်။

ကမ်းတက်ယာဉ်ပေါ်သို့ဆင်းရာတွင် လှိုင်းအသင့်အတင့်ရှိသည့်အတွက် ကမ်းတက်ယာဉ်မှာ လှိုင်းဒဏ်ကြောင့် နိမ့်လိုက် မြင့်လိုက်ဖြစ်နေပါသည်။ ကျနော်တို့ ကမ်းတက်ယာဉ်သို့ဆင်းရာတွင် အတော်ခက်ခဲပြီး ရင်တုန်စရာ ဖြစ်နေပါသည်။ လူစုံသည်နှင့် ကမ်းတက်ယာဉ်သည် သင်္ဘောကြီးမှ ခွာခဲ့ပြီး ကမ်းခြေဘက်သို့ ရှေ့ရှုမောင်းလာပါသည်။ ကမ်းတက်ယာဉ်ပေါ်တွင် ပွိုင့် 5 စက်သေနတ်ကြီးတလက် တပ်ဆင်ထားသည်ကို တွေ့ရှိရသည်။ ကမ်းခြေသို့ ခဏလေး ရောက်ပါသည်။

ကမ်းသို့ တရွေ့ရွေ့ စက်ရှိန်လျှော့မောင်းလိုက်ပြီး ရေတပ်သားတယောက်က “ပေ ၂၀ ပါ ဗိုလ်မှူး၊ ၁၅ ပေ ပါ ဗိုလ်မှူး၊ ၁၃ ပေပါ ဗိုလ်မှူး” စသည်ဖြင့် ရေအတိမ်အနက်ကို သတင်းပို့နေသည်။ ပြီးနောက် ကမ်းတက်ယာဉ် ရပ်သွားသည်။ ကမ်းတက်ယာဉ် အဖုံးဖွင့်ချလိုက်ပြီး ကျနော်တို့ကို ဆင်းခိုင်းပါသည်။ ကျနော်တို့လည်း ရေထဲသို့ ဆင်းလိုက်ရာ ပေါင်ရင်းလောက် နက်ပါသည်။ ဘေးမှ ဖထီး မန်းအောင်ကြည်လက်တွဲပြီး ကမ်းပေါ်သို့ တက်လာကြသည်။ ကမ်းပေါ်တက်လာရင် မဆီမဆိုင် ကျနော့်ခေါင်းထဲသို့ အတွေးတခု ဝင်လာပါသည်။ Longestday ဇာတ်ကားထဲမှ နော်မန်ဒီကမ်းခြေသို့ မဟာမိတ်ရဲဘော်များ ကမ်းခြေတိုက်ပွဲကို မြင်ယောင်မိပါသည်။

ဒါပေမယ့် ကွာခြားလွန်းလှပါသည်။ အခု ကျနော်တို့ ကမ်းခြေတက်လာသည်မှာ ကျွန်းသိမ်းတိုက်ပွဲ မဟုတ်ပါ။ ကျွန်းပေါ်သို့ အကျဉ်းသားဘဝနှင့် တက်ရောက်လာခြင်းဖြစ်ပါသည်။ နော်မန်ဒီကမ်းတက်တိုက်ပွဲသည် ဂျာမန် ဖက်ဆစ်အာဏာရှင်တို့ လက်အောက်မှ လွတ်မြောက်ရေးအတွက် ကမ်းတက်ခြင်းဖြစ်ပြီး ယခု ကျနော်တို့ ကမ်းတက်လာခြင်းမှာ မဆလ စစ်အာဏာရှင်တို့၏ ဖိနှိပ်ညှဉ်းပန်းမှုအောက်မှ မလွတ်လပ်သည့်ဘဝနှင့် တက်ရောက်လာမှု ခြားနားခြင်းမက ခြားနားလွန်းလှပါသည်။

ကမ်းခြေပေါ်သို့ အကုန်ရောက်ပြီးနောက် သောင်ခံတခုပေါ်တွင် တန်းစီခိုင်းပြီး အရပ်မြင့်မြင့်နှင့် ဒုဗိုလ်မှူး အဆင့်တဦးက ဟိုဘက်လှည့်ခိုင်း၊ ဒီဘက်လှည့်ခိုင်း စိတ်ကူးတွေ့ရာ လျှောက်ပြောနေပါသည်။ အနှီ ဒု ဗိုလ်မှူးကြီးအဆင့်ရှိသူမှာ မဆလ တခေတ်တွင် ရှမ်းပြည်နယ် ကောင်စီဥက္ကဋ္ဌ လုပ်စားသွားသော ထွန်းရင်လော ဆိုသည့် ပုဂ္ဂိုလ်ဖြစ်ပါသည်။ ပြီးတော့မှ သူ့ပါးစပ်က ကပေါက်တိ ကပေါက်ချာနှင့် စကား စပြောပါသည်။

“ဗန်းမော်တင်အောင်ဆိုတာ ကျနော် နာမည်ပဲ ကြားဖူးပါတယ်။ လူမမြင်ဘူးလို့ ခဏရပ်ပြပါ”

ဆရာဗန်းမော်တင်အောင်က ရပ်ပြီး ပြန်ထိုင်လိုက်ပါသည်။ အနှီပုဂ္ဂိုလ်ကြီးက ဆက်ပြောပြန်ပါသည်။

“ဒီကျွန်းက ကိုကိုးကျွန်းလို့ ခေါ်ပါတယ်၊ ဗမာပြည်ပိုင်ပါတယ်။ ခင်ဗျားတို့လည်း ပိုင်ပါတယ်၊ ဒီမှာ ခင်ဗျားတို့ကို ကိုယ်ထူ ကိုယ်ထစနစ်နဲ့ထားမယ်၊ ဒီကျွန်းဖွံ့ဖြိုးရေးအတွက် ခင်ဗျားတို့လည်း တာဝန်ရှိတာပေါ့၊ ခင်ဗျားတို့ကို ရိက္ခာထုတ်ပေးမယ်၊ ကိုယ့်ဟာကိုယ်ချက်စားရမယ်။ ခင်ဗျားတို့ကို လွတ်လွတ်လပ်လပ် ထားမယ်၊ အစောင့်တွေ မရှိပါဘူး။ ခင်ဗျားတို့ပြေးမယ်ဆိုလည်း ပြေးနိုင်ပါတယ်၊ အေး … ဒါပေမယ့် ကျွန်းပတ်ပတ်လည်မှာတော့ ငမန်းတွေပဲ အစောင့်ရှိပါတယ်”

သူ့စကားကို ခနဲ့တဲ့တဲ့ ခပ်လှောင်လှောင်နှင့် အဆုံးသတ်လိုက်ပါသည်။

ပတ်ဝန်းကျင်မြင်ကွင်းတခုလုံးမှာ အဆန်းတကြယ်ကြီးသာ ဖြစ်နေပါသည်။ ဟိုအနောက်ဘက်ဆီတွင် ဆုံးစမထင်သော ပင်လယ်ပြာကြီး၊ ပြီးတော့ မိုးကောင်းကင်ပြာကြီးက ပင်လယ်ပြာကြီးနှင့် အနားသတ်ပြီး ပေါင်းစပ်နေသည်။ ပင်လယ်ကမ်းစပ် ဖြူဖွေးဖွေး သဲသောင်ပြင်သည် ခပ်ယောင်ယောင် ကွေးနေလျက် အုန်းပင်တို့သည် ပင်လယ်ဘက်သို့ ကိုင်းညွတ်နေကြသည့် အုန်းသီး၊ အုန်းခိုင်များကလည်း အနု အရင့် အခြောက် ပြွတ်ခဲနေပါသည်။

လေအနော့တွင် အုန်းခက်၊ အုန်းလက်များမှာ ဟန်ပန်မျိုးစုံဖြင့် ကနေကြသလို ဖြစ်နေသည်။ လေတဖြူးဖြူးတွင် လှိုင်းလေးများကလည်း မြူးလျက် ကမ်းခြေသို့ မရပ်မနား ပြေးဆော့ရိုက်ပုတ် ကစားနေကြသည်။ သဘာဝ၏ မြင်ကွင်းကတော့ လှချင်တိုင်းလှနေပါသည်။ ဒါပေမယ့် ကျနော်တို့၏ဘဝများကတော့ မလွတ်လပ်သည့် ဘဝ၊ ဤမျှ သာယာရှုမောဖွယ်ရာသော ဘသာဝအလှကို စိုးစိမျှ မခံစားနိုင်ပါ။

ကျနော်တို့တက်ရောက်ခဲ့သော ကမ်းခြေမှာ ကိုကိုးကျွန်း၏ အနောက်ဘက်ကမ်းခြေဖြစ်ပါသည်။ သောင်ပြင်ပေါ် ရောက်ခါစ လူစစ်ပြီး ရေတွက်သည့်အခါ တကျွန်းတွင် မပျော်ဘဲစံကြရတော့မည့် အကျဉ်းသားများမှာ ၂၃၃ ဦးဖြစ်ပါသည်။ မြန်မာပြည် အနယ်နယ် အရပ်ရပ်ရှိ မန္တလေး၊ မြင်းခြံ၊ ရွှေဘို၊ ပုသိမ်၊ မော်လမြိုင် နှင့် အင်းစိန်ထောင်များမှ ဖြစ်ကြပါသည်။

ကျနော်တို့ကို ၂ ယောက်တတွဲ ကျွန်းအတွင်းပိုင်းသို့ သွားခိုင်းပါသည်။ လမ်းတွင် တကသ ကိုသိန်းဆွေ (ဗိုလ်ကလေး) သည် လမ်းလျှောက်နေရင်းမှ တက်ပါသည်။ သူသည် ၁၉၆၈ ဧပြီလ အထွေထွေ ဖိနှိပ်မှုခံခဲ့ရ ကတည်းက တိုက်ထဲတွင် ၁၀ ကျော်နေခဲ့ရ၍ ကျန်းမာရေးအတော်ချို့ယွင်းနေပါသည်။

ကျနော်တို့နှင့်အတူပါလာသော ထောင်ဆရာဝန်မှာ ဒေါက်တာ ဖေစိန်ဖြစ်ပါသည်။ ဆရာဝန်က အပြေးကလေး လာပြီး ပြုစုပါသည်။ စိုးရိမ်စရာမရှိကြောင်း ပြောပါသည်။ ခဏအကြာ ကိုသိန်းဆွေ ပုံမှန်ပြန်ဖြစ်လာပြီး ဆက်လက်သွားလာနိုင်ပါသည်။ လယ်ထွန်စက်နောက်တွဲပေါ် တင်ပေးလိုက်ရသည်။

ရေစက်ကတော့ အတော့်ကို ဆုံတတ်ပါသည်။ ထောင်ဆရာဝန်အဖြစ် ကျနော်တို့ကို စောင့်ရှောက်ကုသပေးရ မည့်သူက တချိန်က တကသ တွင် ပါဝင်လှုပ်ရှားခဲ့သူ၊ ကျနော်တို့အထဲတွင် သူ့ရဲဘော်၊ သူ့မိတ်ဆွေ၊ တကသ ဗကသ ရဲဘော်တွေက တပုံတပင်။

ဒါပေမယ့် သူက သူ့အိနြေ္ဒနှင့်သူ နေနေရပါသည်။ ကျနော်တို့ကလည်း နားလည်ပါသည်။ သို့သော် သူ တတ်နိုင်သည့်ဘောင်ထဲကတော့ သူ့စေတနာကို အကောင်းဆုံးဖော်ပြသွားပါသည်။ တနှစ်ခွဲစာ ဆေးကို ကျနော်တို့ ဆရာ ကုသပေးလိုက်လိုက်တာ ၆ လတည်းနှင့် ကိစ္စပြတ်သွားပါသည်။ သူ့စေတနာသည်လည်း ချက်ချင်း အကျိုးပေးသွားပါသည်။ ၆ လခန့်သာကြာပြီး ပြည်မကြီးကို ပြန်ကြွသွားရပါသည်။

တကျွန်းတွင် မပျော်ဘဲစံကြရတော့မည့် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်မှာ မစို့မပို့ ကိုယ်ပိုင် အဝတ်အစားများကို လွယ်လျက် ဘယ်ဆီဘယ်ဝယ်မသိသော အရပ်ဒေသဆီသို့ တရွေ့ရွေ့ချီတက်လာရာ မိနစ် ၂၀ လောက်လျှောက်မိလျှင် သွပ်ဆူးကြိုး ၂ ထပ်ခတ်ထားပြီး စစ်သားတန်းလျားပုံစံ အဆောက်အဦ ၁၀ လုံးကျော်ကို လှမ်းမြင်ရပါသည်။ ထို စစ်တန်းလျားပုံစံ ဝင်းကြီးထဲသို့ဝင်လာခဲ့ရပြီး ထောင်မှူး၊ ထောင်ပိုင်များက တန်းလျားတခုချင်းစီတွင် နေရာချထားပါသည်။

ဆက်လက်ဖော်ပြပါမည်။

ကျောင်းသား ထောင် တော်လှန်ရေးသမား (၂၂)

နောက်တခုက ရေဒီယို။ ကျနော်တို့ကို ထောင်အာဏာပိုင်တွေက အဲဒီတုန်းက ခေတ်စားတဲ့ ‘ကြံ့ခိုင်ရေး’ ရေဒီယို လိုဟာမျိုး ဆိုနီရေဒီယိုတလုံး ပေးထားတယ်။ ဓာတ်ခဲသုံး ရေဒီယို။ ဒါပေမယ့် အဲဒီရေဒီယိုကို သူတို့က ဗမာ့အသံပဲ ဖမ်းပေးလိုက်တယ်။ ဖမ်းပေးပြီး ကျန်တဲ့ဟာတွေကို မဖမ်းနိုင်အောင်လို့ ရေဒီယိုကို သုံးထပ်သား သေတ္တာနဲ့ ရိုက်ပြီးတော့ ကျနော်တို့ဆီ ပို့ပေးတယ်။ ရေဒီယိုပါ ထောင်ချထားတာ။ လူတွေတင်မကဘူး ရေဒီယိုပါထောင်ချပြီး ကျနော်တို့ကို ပေးတယ်။

ပေးတဲ့အခါကျတော့ ဝါဒါက ညမှာလာပို့တယ်။ သူတို့ ဗမာ့အသံပြီးချိန် ည ၉ နာရီခွဲမှာ ပြန်ပြီးလာယူတယ်။ အဲဒီတော့ ကျနော်တို့က ကိုယ့်ဆီရောက်လာပြီဆိုလို့ရှိရင် ရေဒီယိုကို သံချောင်းတချောင်းမှာ ပလာစတာတွေ ကပ်ပြီးတော့ အဲဒီရေဒီယိုကို ကြားကနေ ထိုးတယ်။ ပလာစတာကပ်ထားတာကတော့ မနာအောင်လို့။ မနာအောင်လို့ဆိုတာထက် လက်သည် မပေါ်အောင်လို့ပါ။ အဲလိုနည်းနဲ့ ရေဒီယိုမျိုးစုံကို ကျနော်တို့ နားထောင်နေရတာ။ နောက်ပိုင်းကျတော့ ထောင်အာဏာပိုင်တွေလည်း ဘာမှမတတ်နိုင်တော့တဲ့အခါကျတော့ ရေဒီယိုကို သုံးထပ်သားသေတ္တာနဲ့ သော့ခတ်တာတောင် မလုပ်တော့ပါဘူး။ ရေဒီယိုဟာ ပြောင်ပဲ၊ ကျနော်တို့ကြိုက်တာ ဖွင့်နေကြတော့တာပဲ။

အဲဒီလိုနဲ့ တနေ့ကျတော့ ကျနော်တို့ အဲဒါ ကျွန်းပေါ်ရောက်ပြီးတော့ လပိုင်းပဲရှိသေးတယ်။ ပထမဆုံးတိုက်ပွဲ တခုဖော်ဖို့ အခြေအနေကြုံလာတယ်။ အဲဒါက ဘာဖြစ်တာလဲဆိုတော့ … ဒီ ကိုကိုးကျွန်းနဲ့ ရန်ကုန်က မိုးတွင်းဆိုလို့ရှိရင် ဆက်သွယ်ရေး သိပ်ခက်တယ်။ အထူးသဖြင့် ဆက်သွယ်ရေးတာဝန်ယူတဲ့ ရေတပ်ကဖြစ်စေ၊ သင်္ဘောလိုင်းတွေကပဲဖြစ်စေ မုန်တိုင်းများတဲ့ကာလမှာ ဖြစ်နိုင်ရင်မသွားချင် မလာချင်။ နောက်ပြီးတော့ ကိုကိုးကျွန်းကို ကပ်ရတာလည်း နည်းနည်းခက်တယ်။ အဲဒါ သူတို့က အဲဒီအချိန်ကျရင် အဆက်အသွယ်ကို လုံးဝ မရှိသလောက်ပဲ။ အဲဒီတော့ မိုးတွင်းမရောက်ခင် ပို့စရာရှိတာတွေ အကုန်လုံး ကျွန်းကိုပို့ထားတယ်။ မိုးတွင်းကျရင် ရပ်။ မိုးကုန်မှ တခါပြန်ပြီးတော့ ဟိုက သင်္ဘောတွေလာတယ်။ အဲလို လုပ်တာ။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ကိုပေးတဲ့ ငါးပိဟာ တနေ့ကျတော့ ကြည့်လိုက်တော့ ငါးပိက ချိုးတွေနဲ့ အပုပ်တွေ အနံ့တွေသိပ်ဆိုးတာ အဲဒါတွေ ဖြစ်နေတာ။

အဲဒါ ကျနော်တို့က ထောင်အာဏာပိုင်ကို သွားပြောတယ်။ “ဟာ … ဒါတွေတော့ ကျနော်တို့ ကျွေးလို့ ဘယ်ဖြစ်မလဲ။ ဒါတွေ ကျနော်တို့စားရင် ကျနော်တို့အကုန်လုံး ကျန်းမာရေးထိခိုက်မှာပေါ့” ဆိုတော့ ထောင်အာဏာပိုင်က “တခြားမရှိဘူး၊ ဒါပဲရှိတယ် ယူ” ဆိုပြီးပြောတော့ ပြတ်ပြတ်ပဲပြောတယ်။

အဲဒီတော့ ကျနော်တို့အားလုံး တိုင်ပင်ကြတယ်။ တိုင်ပင်ကြပြီးတော့ “ဒါဟာ ပထမဆုံး ငါတို့ကိုအညွှန့်ချိုးဖို့ သူတို့ပြောလေ့ရှိတဲ့ ပေးတာယူ ကျွေးတာစား စကားမများနဲ့ဆိုတဲ့မူကို စ စမ်းကြည့်တာပဲ ဖြစ်တယ်။ တို့ ဒါကိုသာ လက်ခံလိုက်လို့ရှိရင် ဦးကျိုးသွားမှာ။ နောင် ဘယ်တော့မှ သူတို့ကို ပြန်ပြောလို့ရမှာ မဟုတ်တော့ဘူး။ ဒါကို လက်ခံလို့မဖြစ်ဘူး” ဆုံးဖြတ်ကြတယ်။

အဲလို ဆုံးဖြတ်ကြပြီးတော့ ထောင်အာဏာပိုင်တွေကို ပြောတယ်။ “ကျနော်တို့ကို ငါးပိအကောင်းပေး။ မပေးရင် ကျနော်တို့ အစာငတ်ခံ တိုက်ပွဲဝင်မယ်” လို့ ပြောတယ်။ ဒီတော့ ထောင်အာဏာပိုင်ကလည်း “တိုက်” ဒီတခွန်းပဲ။ အဲဒါ ကျနော်တို့ ပထမဆုံးတိုက်ပွဲ စတိုက်ကြတယ်။ ငါးပိတိုက်ပွဲ။

အဲဒီတော့ ဒါဟာ တောင်းဆိုတဲ့ကိစ္စဟာ ဘာမှ ကြီးကြီးမားမားမဟုတ်ဘူး။ ဒါပေမယ့် ဒါဟာ ကိုကိုးကျွန်းမှာ ပထမဆုံး တိုက်ရတဲ့တိုက်ပွဲဖြစ်တော့ တဖက်နဲ့တဖက်လည်း အခြေအနေ ကောင်းကောင်း မသိကြသေးဘူး။ အတော်ကို စမ်းတဝါးဝါးနဲ့ တိုက်ရတာဖြစ်တဲ့အတွက် အင်မတန်ခက်ခဲမယ်လို့ ကျနော် တွက်ထားတယ်။ ခက်ခဲမယ်ဆိုတာ အောင်ပွဲရဖို့ ခက်ခဲတယ်ဆိုတာထက် ကျနော်တို့အတွက် အတွေ့အကြုံစုဆောင်းရတာ၊ နောက်ပြီးကျတော့ အချင်းချင်းညှိနှိုင်းရတာ အဲဒါတွေအတွက် အခက်အခဲရှိနိုင်တယ်လို့ ကျနော်တို့ တွက်ထားတာ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတိုက်ပွဲကို ပေါ့လို့မရဘူးဆိုပြီး ကျနော်တို့ အဲဒီလိုတွက်ပြီးတော့ တိုက်တယ်။

အစာငတ်ခံတိုက်ပွဲတိုက်တော့ ကျနော်တို့ခေါင်းဆောင်တွေက “ရဲဘော်တို့ ရှေ့ကတက်ကြ” ဆိုပြီးတော့ သူတို့က နောက်ကနေခဲ့တာ မဟုတ်ဘူး။ သူတို့ကိုယ်တိုင် ရှေ့ဆုံးတိုက်တာ။ ဆရာ ရာဂျန် ပါတယ် ပထမ။ ဒါပေမယ့် ဆရာ့ခမျာမှာ ၂ ရက်လောက် ၃ ရက်လောက်ရှိသေး နားကိုထိုင်းသွားရှာတာ။ သူ့ကျန်းမာရေးက မကောင်းဘူး။ အသက်ကလည်း ကြီးပြီ။ ဒါပေမယ့် အဲဒီ နားမကောင်းရက်နဲ့ဘဲ ဒီတိုက်ပွဲကို အစအဆုံး သူ ပါဝင်တိုက်သွားတာ။ နောက် … ကျနော် မှတ်မိနေသလောက်ဆိုရင် တခြား ပြည်သူ့တိုးတက်ရေးပါတီက ဦးလေး ဦးခင်မောင်မြင့်လည်း ပါတယ်။ ပြည်သူ့ရဲဘော်ထဲက ဗိုလ်မျိုးချစ်တို့လည်း ပါတယ်။ လူအတော်များများ ပါတယ်ခင်ဗျ။

အဲဒီတော့ ဒီတိုက်ပွဲဟာ ကျနော်တို့ဘက်က အချက်အလက်အရ အင်မတန် ပိုင်နိုင်နေတယ်ဆိုတော့ တိုက်လို့တော့ ကောင်းတယ်။ ရန်သူ့ဘက်က အမှားချည်းပဲ။ အာဏာပိုင်တွေဘက်က အမှားချည်းပဲ။ အဲဒီလိုဖြစ်တော့ ကျနော်တို့က ပြောလို့လည်း ကောင်းတယ်။ တိုက်လို့လည်း ကောင်းတယ်။ ကိုယ့်အထဲထဲကိုလည်း စည်းရုံးလို့ ကောင်းတယ်။

နောက် … ကျနော်တို့ဆီမှာက အဲဒီလို တိုက်ပွဲတခုလုပ်ပြီ၊ အစာငတ်ခံပြီဆိုလို့ရှိရင် ကျန်တဲ့သူတွေ အားလုံးက တိုက်ပွဲမှာ မပါတဲ့လူတွေ၊ မပါကြပေမယ့် ဒီတိုက်ပွဲကို ထောက်ခံတဲ့အနေနဲ့ ဒီအဆောင်ထဲကနေပြီးတော့ အပြင်ကို မထွက်ကြတော့ဘူး။ ဒီဝင်းကြီးထဲကနေ အပြင်ကို မထွက်ကြတော့ဘူး။ ဝင်းကြီးထဲမှာပဲ နေတယ်။ အပြင်ထွက်ပြီး ရေခတ်၊ ထင်းခုတ်တောင် မလုပ်ကြတော့ဘူး။ ကျနော်တို့ အဲဒီကျတော့ ရေတွင်းတွေ ကိုယ့်အဆောင်ထဲမှာ တူးပြီးနေပြီ။ အဲဒီတော့ အပြင်ထွက် ရေလည်း မခတ်ကြတော့ဘူး။ တောင်ယာလည်း မလုပ်ဘူး။ တောင်ယာလည်း အဆုံးခံတယ်။ သစ်သီးတွေဘာတွေ စိုက်ထားတာရှိရင် ငှက် အထိုးခံတယ်။ ကျနော်တို့သွားပြီး မယူတော့ဘူး။

အဲလိုနဲ့ တိုက်ပွဲဝင်လို့ ၅ ရက်လောက်ရှိတဲ့အခါကျတော့ ထောင်အာဏာပိုင်တွေက ပြောတယ်။ “ဆရာဝန်ကို မေးမယ်” ကျနော်တို့က သဘောတူလိုက်တယ်။ အဲဒါနဲ့ ထောင်ဆရာဝန်ကို အဆုံးအဖြတ်ပေးစေတယ်။ ထောင်ဆရာဝန်က အဲဒီတုန်းက ဦးဖေစိန်။ ထောင်ဆရာဝန်ကိုယ်တိုင်က ကြည့်ပြီးတော့ ပြောတယ်။ “ဒီ ငါးပိမျိုး စားလို့မဖြစ်ဘူး” လို့ပြောတာနဲ့ အာဏာပိုင်တွေ ကွဲထွက်သွားတယ်။

အဲဒီတိုက်ပွဲ ကျနော်တို့ နိုင်လိုက်တယ်။ နိုင်လိုက်တယ်ဆိုတာကသူတို့ ငါးပိ ပေးစရာ မရှိဘူး။ ဒါကို ကျနော်တို့ မယူဘူး။ အကြွေးထားပြီး နောင် သင်္ဘောလာတဲ့အခါမှာ ကျနော်တို့ကို အကြွေးပြန်ဆပ်ပေးရတယ်။ အဲဒီတော့ ဒီတိုက်ပွဲ နိုင်လိုက်တာဟာ ကျနော်တို့ထဲမှာ အကုန်လုံး အကြီးအကျယ် အားတက်သွားတယ်။

နောက်ပြီးကျတော့ ထောင်အာဏာပိုင်တွေလည်းနည်းနည်းလေးတော့ ရိုကျိုးသွားတာပေါ့။ ဒါပေမယ့် ဒါဟာ အသေးလေးတခုပဲ ရှိသေးတယ်ဆိုတာ အားလုံးသိတယ်။ ဒါ နောင်လာမယ့်ဟာတွေအတွက် ဇာတ်တိုက်တာ သာသာတာ ရှိသေးတယ်ဆိုတာ ဒါ အားလုံး သဘောပေါက်ကြတယ်။

ဆက်လက်ဖော်ပြပါမယ်။

Wednesday, December 2, 2009

သခင်မျိုးဟေ့ တို့ မပါ

ရန်ကုန်မြို့လယ်လမ်းများအတွင်းရှိ မွတ်ဆလင်ဘာသာဝင်တို့၏ အစ် နေ့တွင် စွန့်ပစ်သော အမဲရိုးများအား ရန်ကုန်မြို့ အနီးအနားရှိ ဒလ၊ ဆိပ်ကြီး ခနောင်တို၊ ရွှေပြည်သာ အစရှိသည့် မြို့နယ်များမှ မရှိဆင်းရဲသားများမှာ အလုအယက် လာရောက်တောင်းယူနေကြပြီး ရရှိလာသော အမဲရိုးများ၊ ခေါင်းခွံများတွင် ကပ်လျှက်ကျန်ရစ်နေသော အသား အနည်းငယ်အား ခြစ်ယူနေကြသည်ကို ယနေ့ တွေ့မြင်ကြရပါသည်။

အချို့မှာ မိသားစုလိုက် လာရောက်ကြသည်။ ထိုသို့လာရောက်ကြသ
ူများတွင် မြန်မာ အများစုပါဝင်ကြပြီး ကျောင်းနေအရွယ် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ ပါဝင်ကြသည်ကို မြင်တွေ့ကြရပါသည်။ ယခုနှစ်တွင် လာရောက်ယူငင်သူများမှာ ယခင်နှစ်များထက် ပိုမိုများပြားလာသည်ကို ကြည့်ခြင်းအားဖြင့် အောက်ခြေလူတန်းစား ပြည်သူများမှာ ပိုမိုငတ်မွတ်ခေါင်းပါး လာသည်ကို မြင်တွေ့နိုင်ပါသည်။

ရန်ကုန်မြို့တွင်း နေရာစုံမှ ပုံများ


ရဲဘော်တယောက် အီးမေးလ်က မျှဝေပေးတာကို ပြန်လည်ဖော်ပြပါတယ်။

မေတ္တာ တပဲ၊ စစ်ပွဲ တရာ (မောင်တောက်)

သလိုနှင့် ဝေဟင်မှ လေယာဉ်တို့ဖြင့် ဗုံးကြဲ၏။ ဝန်းရံထားသော စစ်သင်္ဘောများပေါ်မှ အဝေးထိန်းကိရိယာများဖြင့် ဒုံးကျည်တွေကို ပတ်မှတ်အသီးသီးသို့ တရကြမ်း မောင်းလွှတ်သည်။ သည့်နောက် မြေပြင်တိုက်ပွဲ ဆင်နွှဲကြပြန်၏။

ယခုနောက်ဆုံး အာဖဂန်နစ္စတန်နိုင်ငံ၊ ကန်ဒါဟာမြို့အနီးရှိ တို
ရာဘိုရာ လှိုဏ်ဂူများအတွင်း တိုက်ခိုက်ဖြိုခွင်းမှု မျိုးစုံဖြင့် အိုစမာဘင်လာဒင်နှင့် အယ်လ်ကေးဒါး အဖွဲ့သားတွေကို ရှာဖွေနေကြပြန်သည်။

သလိုအချိန်၌ …


“ကျနော့်စိတ်က ရေဝေးပန်းနှယ် … အမေနဲ့ ရွာကို လွမ်း … တယ် …” ဆိုသည့် သီချင်းတစက လွင့်ပျံ့လာလေ၏။

အာဖဂန်နစ္စတန်နိုင်ငံထဲမှတော့ မဟုတ်ပါ။


ထိုင်း-မြန်မာ နှစ်နိုင်ငံအကြားရှိ နယ်စပ်မြို့ကလေး … အတိအကျဆိုရလျှင် ထိုင်းနိုင်ငံ၏ နယ်စပ်မြို့ဖြစ်သော မဲဆောက်အတွင်းရှိ ကာရာအိုကေခန်းမထဲမှ လွင့်ပျံ့လာသော အဆိုတော် ဟင်္သာတထွန်းရင်၏ ‘အမေနဲ့ ရွာကို လွမ်းတယ်’ သီချင်း …။

သို့ပေမင့် …

ဟင်္သာတထွန်းရင်ကိုယ်တိုင် သီဆိုနေခြင်းတော့ မဟုတ်ပါ ။

ကမ္ဘာဦးကတည်းမှ ယနေ့ထိ ပြုပြင်ပြောင်းလဲနိုင်ခြင်းမရှိသေးေ
သာ ရေကြည်ရာ မျက်နုရာ ရှာဖွေနေထိုင်ရသည့်စနစ်ထဲမှ ဇာတ်ကောင်များ သို့တည်းမဟုတ် ပြည်သူလူထု၏ လိုအပ်ချက်ထက် အာဏာရှင်၏ လိုအပ်ချက်ကိုသာ ပြည်သူလူထုက ဖြည့်ဆည်းပေးနေရသောနိုင်ငံမှ … တဖန် အတိအကျဆိုလျှင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတို့၏ ရင်ဖွင့်သံ …။

လွတ်လပ်ပွင့်လင်းမှုကင်းမဲ့သော နိုင်ငံရေးစနစ်နှင့် အာဏာရှင်တို့၏ဖိနှိပ်မှုကြား လူမှုဘဝ အသက်ရှုသံတို့ မွန်းကျပ်ပိတ်လှောင်နေသဖြင့် ရေခြားမြေခြား အရပ်ဒေသကို
ရွှေ့ပြောင်းလာကြရသည်။

ဆိုသဖြင့်လည်း …

အသက်ရှုသံတို့ ပေါ့ပါးသွားကြသည်တော့မဟုတ် ငွေကြေးတန်ဖိုး ထက်ဝက်မက ကွာခြားလွန်းသော အချက်ကလေး တချက်ကြောင့် တပါးနိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများ၊ နှိမ်ချမှုများ၊ အလုပ်ရှင်၊ အာဏာပိုင်နှင့် ဒေသခံတို့၏ မျက်နှာကိုကြည့်ပြီး အညီးအငြူတွေနှင့် အခက်အခဲများကို ကျော်ဖြတ်နေကြရသည်သာ။


“ကျနော့်စိတ်က ရေဝေးပန်းနှယ် … အမေနဲ့ ရွာကို လွမ်း … တယ် …”


သီချင်းသံက လွင့်ပျံ့လာပြန်သည်။ သည်တကြိမ်မှာတော့ စိတ်ခံစားမှုမျိုးစုံကို ရုပ်ပုံကားချပ်များအဖြစ် ပြောင်းလဲပြစ်နိုင်သော ဂီတကို တွေ့မြင်လိုက်ရ၏။

ဒေါသနှင့် နာကျည်းမှုများ၊ ကြပ်ခဲစေးပျစ်နေသော စိတ်သေ
ာကများ၊ မျက်ရည်စက်များ၊ လှိုက်ဖိုနေသော ရင်အစုံနှင့် တုန်ရင်နေသော နှုတ်ခမ်းများကို လိုအပ်သည့်ဆန္ဒများအတိုင်း ငြိမ်းအေးမှုဆီ တာဝန်ယူ ပို့ဆောင်ပေးနေသော ဂီတ၏ကျေးဇူးကား ကြီးမားလှပါပေ၏။

နည်းပညာခေတ်၏လက်ဆောင် ကာရာအိုကေဆိုသော တကိုယ်တော် အိမ်မက်စတူဒီယိုခန်းမကလေး၏ အရေးပါ အရာရောက်မှုသည်လည်း မြို့ပြသာမက၊ ကျေးလက်နှင့် စက်ရုံရပ်ကွက်များအတွင်း သတင်းကြီးလှ ပေသည်။

မွန်းကြပ်မှုတို့ကြားမှ အလွန်ဆုံး ၈ မိနစ်ခန့် ပြေးထွက်လိုက်
ဖို့ ဝေဒနာအစိုင်အခဲကို ထုခွဲသွန်ချပစ်ဖို့ လတ်လတ်လောလော ခံစားချက်တို့အား မချဲ့မထွင် အတိုဆုံးပြောပြနိုင်ဖို့ မကျေနပ်ချက်တို့ကို နူးနူးညံ့ညံ့ စောဒကတက်ပြနိုင်ဖို့ ဇာတိမြေနှင့် မွေးမေမေကို ရေခြားမြေခြားမှ အလွမ်းချွေဖို့ တကိုယ်တော်အိမ်မက် စတူဒီယိုခန်းမလေးက လိုသမျှ ဖြည့်ဆည်းပေးနေသည်။ ကိုယ့်ကိစ္စနှင့် စည်းချက်မှန်သော ဂီတသံဖွဲ့စည်းမှု စကားလုံး အဖွဲ့အနွဲ့တွေထဲ လွပ်လပ်စွာ ပျော်ဝင်ခြင်းလေ။ လှလိုက်ပါဘိ။

မလှသည်က အမိန့်အာဏာသံများ၊ ယမ်းဘီလူးတို့၏ အော်ဟစ်သံ
များ၊ စကားလုံးခပ်ကြမ်းကြမ်းတွေ တတွတ်တွတ် ပြောဆိုနေသော လက်နက်ငယ်များသာ ဖြစ်သည်။

မလှသည်က အိုး ပျောက်၊ အိမ် ပျောက်၊ စာသင်ကျောင်း ပျောက်၊ အမေ ပျောက်၊ အဖေ ပျောက်၊ ရင်သွေး ပျောက်၊ ခြေတဖက်၊ မျက်လုံးတလုံး၊ လက်တဖက်၊ နောက်ဆုံး အပြစ်မဲ့အသက်ပေါင်းများစွာတို့၏ အနိဌာရုံ မြင်ကွင်းများ ဖြစ်သည်။

မလှသည်က ရေခြားမြေခြားတွင် ကိုယ့်အသွေးအသားကို ဈေးကစားရင်း၊ သက်ပြင်းအထပ်ထပ်ကြား ကျွံကျနေရသူများ လုပ်အားခနှင့် အလုပ်ချိန် မမျှတမှုကြား အသက်ရှုမှားနေသည့် နှောင်ကြိုးမလွတ် အလုပ်သမားများ ဖြစ်သည်။


ဖြစ်ခဲ့ရပုံက …

ဉာဏ်နီဉာဏ်နက်များသော အကြမ်းဖက်သမားတို့၏ လျှပ်တပြက်လုပ်ရပ်ကြောင့် ဒီမိုကရေစီ၊ ငွေကြေး၊ နိုင်ငံတကာ ချုပ်ကိုင်သူများနှင့် လူတွင်ကျယ် စကားလုံးတို့ ခေတ္တမျှ မှင်သက်တွေဝေသွားကြသည်။
တကယ့်ကို ခေတ္တမျှပါပဲ။

သည့်နောက်တော့ … အိုစမာဘင်လာဒင်၏နာမည်ကို တကြော်ကြော်ဟစ်ခေါ်ရင်း လေယာဉ်ပေါ်မှ ခုန်ဆင်းသွားကြသော ဗုံးများ၊ ကျည်ဆံများ …။

ခရီးသည်တင်လေကြောင်းလိုင်းတို့၏ အန္တရာယ်ကို ကာကွယ်ရေးအတွက် ပညာရှင်တို့ခေါင်းကုတ်နေချိန် စက္ကန့်၊ မိနစ်အတွင်း ရန်သူကိုရှာဖွေနိုင်သော ပစ်မှတ်ဆီသို့ အပူလှိုင်း၊ အအေးလှိုင်းများဖြင့်ရှာဖွေနိုင်သော လက်နက်နှင့် ဗုံးကြဲ တိုက်လေယာဉ်တွေ ထပ်မံထုပ်လုပ်ရန် စတင်ကြတော့သည်။ သဲကန္တာရထဲက ရန်သူဆိုလျှင် အပူလှိုင်း၊ အအေးလှိုင်းသာမက ဖုန်လှိုင်းတွေဖြင့် ရှာဖွေသတ်ဖြတ်နိုင်သော ကိရိယာတွေ ပေါ်လာနိုင်သေး၏။

ဟော … လေယာဉ်တွေ တက်လာပြန်ပြီ။ ဝမ်းဗိုက်အောက်မှ ခုန်ပျံထွက်လာသော အရာများကို မော့မကြည့်အား၊ ကံကောင်းလျှင် ရိက္ခာထုပ် ဖြစ်မည်။ ကံမကောင်းလျှင်တော့ သံချောင်းပင် အရည်ပျော်သွားနိုင်သော ယမ်းထုပ်များ ဖြစ်နေတတ်၏။

နည်းပညာခေတ်၏ လက်ဆောင်ဖြစ်သော ကာရာအိုကေစက်ကြောင့် ရေခြားမြေခြားရောက် မြန်မာအလုပ်သမားတို့ ရင်ဖွင့်သံသည် စည်းချက်မှန်မှန် တွန်းကန်ပျံသန်းနေသည်။

သလိုပင် …

နည်းပညာခေတ်၏ လက်ဆောင်ဖြစ်သော ကလပ်စကာဗုံးကြောင့် အပြစ်မဲ့ အာဖဂန်ပြည်သူတို့ ရင်ကွဲပက်လက်ဖြစ်ရပြန်၏။ တကယ်ဆိုလျှင် ရိက္ခာထုပ်များအား လေယာဉ်ဝမ်းဗိုက်ဖွင့်ပြီး ရိုးစင်းစွာ လွှတ်ချနိုင်သည့် လေယာဉ်ထက်၊ နှစ်ဖက်တိုက်ခိုက်မှုကြားမှ လွတ်ကင်းသော ဗုံးခိုကျင်းများထဲအရောက် ရှာဖွေလွှတ်ချနိုင်သော အဆင့်မြင့်ရေဒါ တပ်ဆင်ထားသည့် လေယာဉ်မျိုး တီထွင်သင့်သည်။

ခုတော့ဖြင့် နည်းပညာခေတ်ကြီးက ‘မေတ္တာတပဲ စစ်ပွဲတရာ’ ဇာတ်လမ်းကို ရုံတင်နေပြန်တော့သည်။ ။


ရေစီးသံဂျာနယ်
အတွဲ ၅ အမှတ် ၁

ဇန်နဝါရီ ၁ ရက်၊ ၂ဝဝ၂ ခုနှစ်

ဓာတ်ပုံ - ရေစီးသံဂျာနယ်

Tuesday, December 1, 2009

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၁၁)

ကိုကိုးကျွန်းသို့ တိတ်တဆိတ် လျှို့ဝှက်ပို့ဆောင်ခြင်း

၁၉၆၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ညနေစာ ထမင်းစားပြီးနောက် ညနေ ၅ နာရီလောက်တွင် ကျနော့်နှင့် ကိုတင်ဝင်းကို အဆောင်မှ လာခေါ်ထုတ်သွားသည်။ မှောင်ရီပျိုးစအချိန်တွင် ပေါင်မုန့်ကားလေးနှင့် ခေါ်ထုတ်သွားပြီး အင်းစိန် ထောင်မကြီးဗူးဝမှ အပြင်သို့ ကားနှင့်ခေါ်ထုတ်လာပါသည်။

ထောင်မကြီးနှင့်ကပ်ရက် အင်းစိန် တွဲဖက်အကျဉ်းထောင်သို့ ပို့ပါသည်။ အဆောင်မှာ နှစ်ထပ်ဖြစ်သည်။ သိသူရော၊ မသိသူတွေပါ ၁၀၀ နီးပါးလောက်ရှိမည် ထင်သည်။ အောက်ထပ်တွင်လည်း ကျနော်တို့ကဲ့သို့ ဘဝတူအကျဉ်းသားများစွာ ရောက်ရှိနေသည်။ ကျနော်ပြန်တွေ့သူများထဲတွင် ကိုထင်ရှိန်၊ ကိုကံကြီး၊ ကိုရဲမြင့်၊ လူထုသတင်းစာတိုက် အယ်ဒီတာ ကိုစိန်ဝင်း (ဗကသ ကိုစိန်ဝင်း) ဆရာကြီး ဗန်းမော်တင်အောင် ပြန်ပြီးတွေ့ကြ ဆုံကြပါသည်။ ဝမ်းသာ နှုတ်ဆက်ကြသည်။ အကိုကြီး ကိုထင်ရှိန်က ပြောပါသည်။

“လာတွေလုပ်ဦးမယ် မသိဘူး၊ အခြေအနေ ကြည့်ရအုံးမယ်” ဟု ပြောပါသည်။ ည ၉ နာရီလောက်တွင် ကျနော်တို့ကို အဆောင်ထဲမှ ခေါ်ထုတ်ပါသည်။ နှစ်ယောက်တတွဲ လက်တွဲခိုင်းပြီး အဆောင်အပြင်သို့ ထုတ်လာသည်။ အင်းစိန်ထောင်မကြီး၏ အုတ်ရိုးအပြင်ဘက်တွင် မီးတွေ ထိန်ထိန်လင်းအောင် ထွန်းထားသည်ကို တွေ့ရသည်။ ကျနော်တို့နှင့် မလှမ်းမကမ်းတွင် ဟီးနိုး ဘတ်စ်ကားကြီး ၉ စီးက တန်းစီထားသည်ကို တွေ့ရသည်။

ကျနော်တို့နှစ်ယောက်တတွဲ ထွက်လာသည့် လမ်း ၏ဘေးတဖက်တချက်တွင် ဝါဒါနှင့် စစ်သားများက တန်းစီးပြီး ကာထားပါသည်။ အနီးအပါးတွင် စစ်ခွေးများ လွှတ်ထားသည်ကိုလည်း တွေ့ရသည်။ ကျနော်တို့ကို ဟီးနိုး ကားကြီးများပေါ်သို့ တက်ခိုင်းပါသည်။ ကျနော်နှင့် လက်ချင်းတွဲ၍ ကားပေါ်တက်လာသူမှာ ကိုကံမြင့် သူက လူကောင်ညှက်ညှက် ရခိုင်အမျိုးသား ရမ်းဗြဲကျွန်းဇာတိ၊ နောင်သော် သူ့ကို ကျနော်တို့က ချစ်စနိုး ရမ်းဗြီး ဟု ခေါ်ကြပါသည်။

ကားပေါ်ရောက်သောအခါ လမ်းမတော်အလယ်ပိုင်း၊ ရကသမှ ဂျင်းနာ တရုတ်အမျိုးသား ကျောင်းသားလေး ကိုချစ်အောင် စသည့် ရကသမှ ရဲဘော်များနှင့် တွေ့ရသည်။ ကားပေါ်တွင် ထောက်လှမ်းရေး ၂ ယောက်က အရပ်ဝတ်နှင့် အတက်အဆင်း အပေါက်ဝတွင် စောင့်ပါသည်။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများကို တင်ဆောင်ထားသော ဘတ်စ်ကားကြီး ၉ စီးသည် ၉ နာရီခွဲအချိန်လောက်တွင် စတင်ထွက်ခွာပါတော့သည်။

ကားထွက်လာတော့မှ ကားထဲတွင်ကြည့်လိုက်ရာ ကားမှန်များကိုချထားပြီး ကားမှန်များကို ထုံးသုတ်ထားသည်ကို တွေ့ရသည်။ ကျနော့်စိတ်ထဲကတော့ ဒီစစ်တပ်ဟာ မကောင်းတာလုပ်တာ လူသိမှာ အတော်စိုးတဲ့ကောင်တွေပဲ ဟု မှတ်လိုက်ပါသည်။

ကျနော်တို့ကို တင်ဆောင်လာသော ကားတန်းကြီးရှေ့ဆုံးမှ မော်တော်ပီကယ် ယာဉ်ထိန်း၊ ပြီးတော့ ဝါယာလက်ကား၊ ကားတန်းကြီးအလယ်တွင် စစ်သားတင်ကား၊ နောက်ဆုံးတွင်လည်း စစ်သားတင်ကား ၃၊ ၄ စီးနှင့် အစောင့်အကြပ် ထူထပ်လှပါသည်။ ဖြတ်လာသည့် လမ်းဆုံလမ်းခွတိုင်းတွင် တပ်ထိန်းများ၊ အရပ်ဝတ်နှင့် စစ်ထောက်လှမ်းရေးများ၊ သေနတ်ကိုင် စစ်သားများချထားသည်ကို ကားထဲမှ ရိပ်ခနဲ၊ ရိပ်ခနဲ လှမ်းမြင်လိုက်ရသည်။

ကျနော်တို့ကိုတင်ဆောင်လာသည့် ကားတန်းကြီးသည် ပြည်လမ်း အသံလွှင့်ရုံကို ဖြတ်ကျော်လာစဉ် အပြင်လောကကြီး၏ အလှအပနှင့် ပတ်ဝန်းကျင်ကို ရင်ထဲမှ နိုးနိုးနင့်နင့် ခံစားလိုက်ရပါသည်။ ကားတန်းကြီးသည် မြို့တော်ခန်းမနှင့် ဆူးလေစေတီတော်ကြီးကို ဖြတ်ကျော်လာသည်။ ဆူးလေစေတီတော်ကြီးမှာ မီးတွေ ထိန်ထိန်ညီးအောင် ပူဇော်ထားသည်မှာ ကြည်ညိုသပ္ပာယ်ဖွယ်ရာအတိ ဖြစ်ပါသည်။ ကားထဲမှပင် အာရုံဦးခိုက် ပူဇော်လိုက်ရပါသည်။

မလွတ်လပ်ခြင်း၏ ခါးသီးဖွယ်ရာကို တနုံနုံ တနင့်နင့် ခံစားလိုက်ရပါသည်။ စေတီတော်ကြီးဘေးနှင့်ကပ်ရက် လွတ်လပ်ရေးပန်းခြံထဲရှိ လွတ်လပ်ရေးကျောက်တိုင်ကြီးသည် ခံညားထည်ဝါစွာနှင့် ရပ်တည်နေပေသည်။
ကျနော့်ခေါင်းထဲတွင် အတိတ်၏အရိပ်တို့သည် ဖြတ်ခနဲ ဝင်လာကြသည်။

လွန်ခဲ့သည့် ၁၀ နှစ်နီးပါးခန့်က ဘားလမ်းထဲရှိ ပြည်သူ့ခေတ်မီ တက္ကသိုလ်တွင် ညကျောင်းတက်ရင် ည ၉ နာရီကျော် ကျောင်းဆင်းချိန်တွင် ၃၃ လမ်းထဲမှ ကျနော်နှင့် အတန်းတူ သူငယ်ချင်း မြင့်အောင်နှင့် ညကျောင်း လွှတ်ချိန်များတွင် ကျနော်တို့သူငယ်ချင်း ၂ ယောက် ဤလွတ်လပ်ရေး ပန်းခြံသို့ လာကြ၊ မြက်ခင်းပြင်ပေါ်တွင် လဲလျောင်းရင်း ဉာဥ့်ဦးလေပြေ၏ တညင်းညင်းတိုက်ခတ်သော လေကောင်း လေသန့်ကို အရသာခံကြ၊ ပန်းခြံထဲမှ နှင်းဆီပန်းလှလှလေးများကို ပန်းခြံစောင့်တွေအလစ် အမှတ်တမဲ့ခူးရသည်မှာ ပျော်ခဲ့ကြသည်။ နေ့လည်နေ့ခင်းများတွင် ကျနော်တို့ ၂ ယောက် စာပေဗိမာန် စာကြည့်တိုက်အသင်းဝင်ကဒ်နှင့် အမေရိကန် ပြန်ကြားရေး အသင်းဝင်ကဒ်ရှိသဖြင့် ကျနော်တို့ ၂ ယောက် အမြဲတမ်းစာအုပ်ငှားခဲ့ကြသည်ကို အမှတ်ရမိပါသည်။

ကျနော့်အတွေးကို လှန့်နှိုးလိုက်ပါသည်။ ကျနော်တို့ကိုတင်လာသည့် ကားတန်းကြီးသည် ကျန်းမာရေး ပန်းဆိုးတန်း ဆိပ်ကမ်းတွင် ရပ်လိုက်ပါသည်။ ကျနော်တို့ကို ကားပေါ်မှ တစီးပြီးတစီး ဆင်းခိုင်းပါသည်။ G-3 မောင်းပြန်သေနတ်တွင် လှံစွပ်တပ်လျက်သား လမ်းပေါ်မှ ဆိပ်ခံဘောအထိ ဘေးတဖက်တချက်တွင် စစ်သားများသည် လှံစွပ်ထိုးတော့မည့် အသင့်အနေအထားနှင့် ရပ်နေကြပါသည်။ ကျနော်တို့မှာ စစ်သား ၂ တန်း၏အကြား လှံစွပ်သွား ၂ ခု၏အဖျားမှ ဆိပ်ကမ်းသို့ ဆင်းခိုင်းပါသည်။ ဆိပ်ခံဘောတံတားနှင့်ကပ်ပြီး သင်္ဘောကြီးတစီး ဆိုက်ကပ်ထားသည်။ ကျနော်မော့ကြည့်လိုက်ရာ ‘ပြည်တော်ညွန့်’ စာလုံးကို လှမ်းမြင်ရသည်။

ကျနော်တို့ကို သင်္ဘောပေါ်သို့ တက်ခိုင်းပါသည်။ သင်္ဘောပေါ်ရောက်တော့ ထောင်ဝါဒါတွေရော၊ ရေတပ်က စစ်သား စစ်ဗိုလ်တွေ၊ ကြည်းတပ်က စစ်သားစစ်ဗိုလ်တွေကို တွေ့ရပါသည်။ သင်္ဘော ဝမ်းခေါင်းထဲသို့ ရောက်သည်နှင့် ပူလောင်အိုက်စပ်ပြီး လေရှုလို့ မကောင်းပါ။ ခဏအကြာတွင် စက်သေနတ်ဆွဲသည့်အသံ နှင့်ခပ်ဆင်ဆင်တူပြီး သင်္ဘောကျောက်ကြိုးကို ဆွဲတင်သံနှင့် မရှေးမနှောင်း သင်္ဘောဥသြဆွဲကာ သင်္ဘောကြီးသည် ဆိပ်ကမ်းမှ တရွေ့ရွေ့ ခွာလာပါတော့သည်။

ကျနော်တို့ရောက်နေသည့် သင်္ဘောဝမ်းခေါင်းမှာ မန္တလေးအကျဉ်းထောင်မှ ရဲဘော်များ အများစုဖြစ်ပါသည်။ ရန်ကုန်မြစ်ထဲမှ သင်္ဘောကြီး တရွေ့ရွေ့ထွက်ခွာလာသည်။ ရန်ကုန်ဆိပ်ကမ်းနှင့် မြို့တော်ကြီးမှ မီးများ ဝေး၍ဝေး၍ ကျန်ခဲ့ပါသည်။ တနာရီခန့်အကြာတွင် ကျောင်းသားရုပ် မပျောက်သေးသော အသားဖြူဖြူ လူငယ်တယောက် ရုပ်ရည်သန့်ပြန့်ပြီး အလွန်တက်ကြွသူ၊ သူ၏ ဟန်ပန်အမူအရာသည် အခြားသူများအား လှုပ်နိုးကူးစက်နိုင်သူ၊ အဆိုပါလူငယ်က အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။ “တော်လှန်ရေးလမ်းအတိုင်း ရှေ့သို့ချီ” သူ ကြွေးကြော်လိုက်သံအဆုံးတွင် လူငယ် ၁၀ ယောက်ကျော်က အလွန်တတ်ကြွ အားရှိဖွယ် သံပြိုင် သီချင်းတပုဒ်ကို သီဆိုလိုက်သည်။

“ညီညီညာညာ ရင်ကော့ချီ၊ ဇာနည် ရဲစိတ်ရဲမာန်ကြွချီ၊ တော်လှန်တပ်ကြီး ဥက္ကဋ္ဌ မော် ဦးစီးသည်၊ ဘေးရန်အလီလီ နှိမ်နင်း ရှေ့သို့ချီ - ချီ - ချီ - ချီ၊ ရှေ့သို့ချီ၊ အဆုံးတိုင်အောင်နန်း တို့ဦးတည်၊ ငါတို့မိတ်ဆွေ၊ ကမ္ဘာနှင့် ငါ့တို့တေးသံပဲ့တင် ထပ်ပြီ ကမ္ဘာနှင့်အဝှမ်း မုန်တိုင်းထန်၊ ထစ်ချုန်းပြီ၊ မိစ္ဆာကောင်များ ကြောက်ဒူးတုန်ပြီ၊ ချီ - ချီ - ချီ၊ ရှေ့သို့ ချီ၊ အဆုံးတိုင်အောင် နန်း တို့ ဦးတည်”

သီချင်းသံအဆုံးတွင် လက်ခုပ်သံ တဖြောင်းဖြောင်းပေါ်လာသည်။ (တော်လှန်ရေးလမ်းအတိုင်း ရှေ့သို့ချီ) သီချင်းအား ဦးဆောင်လှုံ့ဆော်သူမှာ တက်ကြွဖြတ်လတ်ပြီး အားမာန်ရှိသူ၊ ဆွဲဆောင်နိုင်သူမှာ မကြာမီ သူ့ကို သိလိုက်ရပါသည်။ တိုးတက်သော မိဘမျိုးရိုးစဉ်ဆက်မှပေါက်ဖွားလာသည့် လူထုဦးလှ၊ ဒေါ်အမာ တို့၏သား ရဲဘော်ဖိုးသံချောင်း ဖြစ်ပါသည်။ ခဏအကြာတွင် ဤလူငယ်များသည် သီချင်းတပုဒ်ကို ထပ်မံ သီဆိုကြပြန်သည်။

“တို့ရဲဘော်များဟာ အခက်အခဲတွေ့ရင် အောင်မြင်မှုကို ကြည်ရမယ်၊ နေရောင်ခြည်ကို မြင်ရမယ်၊ တို့ရဲ့စိတ် ထက်သန်စေ ရမယ်၊ တို့ရဲစိတ် ထက်သန်စေရမယ်”

မွန်းကြပ်လှောင်ပိတ် ပူလောင်အိုက်စပ်သော ဤသင်္ဘောဝမ်းခေါင်းထဲတွင် ရဲဘော်ဖိုးသံချောင်းတို့၏ မန္တလေး လူငယ်ရဲဘော်တသိုက်မှာ မကြာမကြာ ဖျော်ဖြေခြင်းအမှုကို ပြုကြပါသည်။ ရဲဘော်ဖိုးသံချောင်းတို့ သီဆိုလိုက်သော သီချင်းသံများမှာ ကျနော်တို့ တခါမှ မကြားဖူးပါ။ သီချင်းအဓိပ္ပာယ်ရော သံစဉ်နှင့် ဆိုဟန်မှာ အသစ်အဆန်းဖြစ်နေသည်။

သင်္ဘောဝမ်းခေါင်းထဲတွင် မှန်ထူထူ အဝိုင်း ၃၊ ၄ ပေါက် ရှိပါသည်။ လူကြီးပိုင်းမှာ ဆိတ်ငြိတ်စွာထိုင်ပြီး မှိန်းလာပါသည်။ ကျနော်တို့ လူငယ်အများစုမှာ ဘာမှ အပူအပင် အကြောင့်အကြမထားပါ။ ကျနော်တို့ကဲ့သို့ပင် သင်္ဘောဝမ်းခေါင်း၏အခြားအခန်းတွင် ဘဝတူများရှိနေသည်။

ပြည်တော်ညွန့် သင်္ဘောကြီးသည် ဤမျှမှောင်ပိန်းနေသော ပင်လယ်ပြင်ကြီးတွင် မည်သည့်အရပ်သို့ ရှေ့ရှုခုတ်မောင်းနေပါသနည်း။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများအား လူမသိ သူမသိ ပုန်လျှိုးကွယ်လျှိုး တိတ်တဆိတ်ဖြင့် အစောင့်အကြပ်ထူထပ်စွာ မည်သည့်အရပ်သို့ ပို့ဆောင်မည်နည်း။

ဆက်လက်ဖော်ပြပါမယ်။

ကျောင်းသား ထောင် တော်လှန်ရေးသမား (၂၁)

ငါးပိတိုက်ပွဲ

အဲဒီလို သူတို့စီမံကိန်းကြီးလည်း တဖြည်းဖြည်း ရုပ်လုံးပေါ်လာသလို ကျနော်တို့ဒီဘက်ကလူတွေရဲ့ ပိုင်းဖြတ်ချက်ဟာလည်း တဖြည်းဖြည်း ပိုပြီးပြတ်သားလာတယ်။ နောက်ဆုံး ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့တဲ့အချိန် ရောက်လာပြီလို့ ကျနော်တို့အကျဉ်းသားတွေဘက်က ဆုံးဖြတ်တဲ့အခြေအနေကို ရောက်လာရတာပဲ။ ဒါလောက်တောင် ရင်းနှီးမြှုပ်နှံပြီးတော့ ဒါလောက်ကြီးမားတဲ့ စီမံကိန်းကြီးတခုကို တည်ဆောက်ထားတာကိုကြည့်လိုက်ရင် ကျနော်တို့ကိုတော့ လွယ်လွယ်နဲ့ လွှတ်မှာမဟုတ်ဘူးဆိုတာ ရှင်းနေတယ်။ ဒါကို ကျနော်တို့အထဲမှာ ဘယ်သူမှ ဝိဝါဒ မကွဲဘူး။

စဉ်းစားကြည့်ပါဗျာ။ ကျနော်တို့ကို ၂ နှစ် ၃ နှစ် ထားဖို့လောက်နဲ့တော့ ဒါမျိုး မလုပ်တာအမှန်ပဲ။ ၂ နှစ် ၃ နှစ် ဆိုတော့ သူတို့ ပို့ရကြိုရတဲ့စရိတ်နဲ့တောင် မကာမိဘူး။ အဲဒီတော့ ဒါလောက် ထောင်ကြီး ၃ ခု၊ စခန်းကြီး ၃ ခု အဲဒီအတွက် အစောင့်တွေ၊ နေစရာထိုင်စရာ၊ နောက်ပြီးကျတော့ သယ်ယူပို့ဆောင်ရေး၊ နည်းတဲ့စရိတ်တွေ မဟုတ်ဘူး။ အဲဒီလောက် အရင်းအနှီး အကြီးကြီး လုပ်ထားတာဆိုလို့ရှိရင် ကျနော်တို့အတွက် ရှေ့မှာ တိုက်ပွဲမှတပါး ဘာမှအားကိုးစရာ မရှိဘူးဆိုတာ ရှင်းနေတယ်။ ကျနော်တို့အားလုံးခေါင်းထဲမှာ ဒီကိစ္စ ရှင်းနေတယ်။

ဒါပေမယ့် မတူကြတာက ဘယ်လိုအတိုင်းအတာအထိ တိုက်မလဲ။ ဘယ်လိုပုံစံနဲ့ တိုက်မလဲ။ ဒီဟာပဲ ကွာကြတာ။ အဓိကကျတဲ့ တိုက်ရမယ်ဆိုတဲ့ဟာကျတော့ ဘယ်သူမှမကွာဘူး။ ဒါ ကျနော်တို့အထဲမှာ အကျဉ်းသားအားလုံးလိုလို တူညီကြတယ်လို့ ပြောနိုင်တယ်။ တချို့စိတ်ဓာတ်တစုံတရာ ပျော့တဲ့သူတွေ ဟာလည်း ဒါကိုတော့ မငြင်းဘူး။ သူတို့ကိုယ်တိုင် မပါရဲတာရှိမယ်။ မပါဝံ့တာရှိမယ်၊ မပါချင်ဘူးပြောတာ ရှိချင်ရှိမယ်။ ဒါပေမယ့် တိုက်သင့်တယ်၊ တိုက်ရမယ်ဆိုတာတော့ အားလုံးက သဘောတူကြတယ်။

အဲဒီတော့ ရန်သူကိုတိုက်မယ်ဆိုရင် ဘာအရေးအကြီးဆုံးလဲ။ ကျနော်ဆိုလိုတာက ထောင်ထဲလိုနေရာမှာ။ ကျနော်တို့ အတွေ့အကြုံအရဆိုလို့ရှိရင် တခုကတော့ ကိုယ့်ထက် အင်မတန်အားကြီးတဲ့ ရန်သူကို ရင်ဆိုင်ရတော့မှာမို့ ကျနော်တို့ စည်းလုံးညီညွတ်ရမယ်။ ဒါ အထူးပြောစရာမရှိဘူး။ အကျဉ်းသားအားလုံး စည်းလုံးညီညွတ်ရမယ်၊ အပြန်အလှန် အကူအညီပေးရမယ်၊ ထောက်ထားရမယ်။ နောက်တခုက အကျဉ်းသားတွေအားလုံးဟာ နိုင်ငံရေး ရှင်သန်နေရမယ်။ ကျနော်တို့ဘဝမှာ သာမန်စားဝတ်နေရေးနဲ့ ပိနေလို့၊ အိမ်လွမ်းလို့၊ ဟိုဟာမျှော် ဒီဟာမျှော် မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေထားနေလို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။

နောက်ကိုယ့်ခေါင်းထဲမှာ၊ ကိုယ့်ပတ်ဝန်းကျင်မှာ၊ ကိုယ်ဘဝမှာ နိုင်ငံရေးရှင်သန်အောင် ဘယ်လိုလုပ်မလဲဆိုတာ အမြဲ စဉ်းစားရတယ်။ အမြဲ အချက်အလက်တွေ ဖန်တီးနေရတယ်။ စိတ်ဓာတ်ကျနေလို့ရှိရင် ကျနော်တို့ ဘာကိုမှ မရင်ဆိုင်နိုင်ဘူး။ နောက်တခုက ကာလံဒေသံ တွက်တတ်ရမယ်၊ ဘယ်လိုအချိန်မှာ၊ ဘယ်လို အနေအထားမှာ၊ ဘယ်လို တိုက်ပွဲမျိုး၊ ဘယ်လောက်အတိုင်းအတာအထိ တိုက်မယ်။ အဲဒါမျိုး တွက်တတ်ဖို့ သိပ်လိုတယ်။ အဲဒါဟာ အတွေ့အကြုံ အများကြီးလိုတယ်။

အဲဒီတော့ ကျနော်တို့အတွက် ကံကောင်းတာက ကိုကိုးကျွန်းမှာ ကျွန်းကို ၂ ခေါက်ရောက်ဖူးတဲ့လူတွေ ပါတယ်။ နောက်ပြီးကျတော့ ဗိုလ်အုန်းမောင်၊ ဆရာ ရာဂျန်တို့လို ထောင်ထဲမှာ အတွေ့အကြုံအများကြီးရှိတဲ့၊ တိုက်ပွဲတွေ အများကြီး တိုက်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ကြီးတွေ ပါတယ်။ ဗန်းမော်ဦးတင်အောင်တို့လို ထောင်ထဲ အကြာကြီး နေဖူးတဲ့သူတွေ ပါတယ်။ စာရေးဆရာ ဦးလေးကြီး မြသန်းတင့်ဆိုရင်လည်း ကျွန်း ၂ ခေါက်ပြန်ပဲလေ။

အဲဒါအပြင် ကျနော်တို့ကို ထောင်တကာကနေပြီးတော့ ပိုလိုက်တာဆိုတော့ ထောင်တကာ တိုက်ပွဲအတွေ့အကြုံတွေ အားလုံးမှာ ပါလာကြတယ်။ ထောင်တကာက နာကျည်းချက်တွေ ပေါင်းမိပြီးတော့ နာကျည်းဒေါသဖြစ်ကြတာရှိသလို၊ ထောင်တကာက အတွေ့အကြုံတွေပါလာတဲ့ ကျနော်တို့မှာ တိုက်ပွဲဝင်ဖို့ အတွက် နည်းနာတွေ ပိုကြွယ်ဝလာတာလည်း ရှိတယ်။

ကျနော်တို့ ဘာလုပ်ကြလဲဆိုတော့ အဲဒီ နိုင်ငံရေး အမြဲရှင်သန်နေအောင်ဆိုတဲ့ဟာကို ဦးတည်ပြီးတော့ စာကြည့်တိုက်ထားတယ်။ ကျနော်တို့ ပါလာသမျှ စာအုပ်တွေကိုစုပြီးတော့ စာကြည့်တိုက်ထားတယ်။ စာကြည့်တိုက်ကို မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ အဲဒါမျိုးတွေငှားတဲ့ သာမန် စာကြည့်တိုက်လည်း ရှိတယ်။ နောက်… သဘောတရားဆန်တဲ့ စာအုပ်တွေထားတဲ့ စာကြည့်တိုက်လည်း ရှိတယ်။ နောက်တခါ အခါအားလျော်စွာ အခမ်းအနားတွေ လုပ်တယ်။ ကွန်မြူနစ်ပါတီဆိုလို့ရှိရင် ကွန်မြူနစ်ပါတီ တည်ထောင်တဲ့နေ့၊ လက်နက်ကိုင် တော်လှန်ရေး စတင်တဲ့နေ့၊ နိုင်ငံတကာ အလုပ်သမားနေ့၊ အောက်တိုဘာ တော်လှန်ရေးနေ့ စတဲ့ နေ့ကြီးရက်ကြီးတွေ ကျနော်တို့ အခမ်းအနားတွေလုပ်ကြတယ်။

အခမ်းအနားတွေမှာ အလံတွေတလူလူနဲ့ မိန့်ခွန်းတွေ ပြောကြတယ်။ သီချင်းတွေဆိုကြတယ်။ ကျနော်တို့မှာ တီးဝိုင်းတွေ ရှိလာတယ်။ တီးဝိုင်းတွေအတွက် တူရိယာပစ္စည်းက စောစောကပြောခဲ့တဲ့ အိုနာဆစ် သင်္ဘောကြီး ပေါ်ကရတာ။ အဲဒီပေါ်ကရတဲ့ပစ္စည်းတွေနဲ့ ဖန်တီးထားတာ။

နောက်ပြီးကျတော့ နေ့ကြီးရက်ကြီးတွေမှာ အားကစားပွဲတွေ ကျနော်တို့ လုပ်တယ်။ အဓိကကတော့ ဘောလီဘောပွဲ၊ ဘောလုံးပွဲ၊ စစ်တုရင်ထိုးပွဲ၊ ကျားထိုးပွဲ။ အဲဒါအပြင် ကပွဲ ဆိုပွဲတွေလည်း ရှိတယ်။

ဆက်လက်ဖော်ပြပါမယ်။