Wednesday, August 18, 2010

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

၂၀၁၀ ရွေးကောက်ပွဲဝင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာ ပါဝင်ဖို့အတွက် လက်ရှိ စစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအဝင် ကက်ဘိနက်ဝန်ကြီး အဖွဲ့ဝင်အတော်များများ စစ်ယူနီဖောင်းကနေ အရပ်ဝတ်လဲသွားတာ တွေ့ရပါတယ်။

စစ်အစိုးရသတင်းစာတွေမှာ ဖော်ပြချက်အရ စစ်ယူနီဖောင်းဝတ်တွေကနေ အရပ်ဝတ်တဖြစ်လဲသွားတဲ့အထဲမှာ ခေါင်းဆောင်ဖြစ်သူ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ဝန်ကြီးချုပ် ဦးသိန်းစိန်ဖြစ်သွားသလို တခြားဝန်ကြီး အဆင့်ယူထားသူ ၂၂ ဦးနဲ့ ဒုတိယဝန်ကြီး ၁၉ ဦးပါသွားတာ တွေ့ရပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရာထူးယူထားတဲ့ ဗိုလ်ချုပ်အေးမြင့်ကိုပါ ဦးအေးမြင့်အဖြစ်နဲ့ အရပ်သား အဖြစ်နဲ့ ပြောင်းလဲခဲ့တာ တွေ့ရပါတယ်။ လက်ရှိစစ်အစိုးရရဲ့ ကက်ဘိနက်ဝန်ကြီးအဖွဲ့ဝင်တွေထဲမှာ ကာကွယ်ရေးဝန်ကြီး ရာထူးကိုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကပဲ ယူထားပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲမတိုင်ခင် စစ်အစိုးရဝန်ကြီးအဖွဲ့တဖွဲ့လုံးကို ခြုံကြည့်ရင် ထူးခြားချက်က အသက် ၇၀ ကျော်နေပြီ ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တဦးတည်းသာ ဝန်ကြီးအဖွဲ့ထဲမှာ ယူနီဖောင်းဝတ်နဲ့ကျန်နေပြီး ကျန်ဝန်ကြီး အဖွဲ့ဝင်တွေအားလုံး အရပ်သားဖြစ်သွားပြီ ဖြစ်ပါတယ်။

နိုင်ငံရေးဘက်ပြောင်းမယ့် ဝန်ကြီးတွေထဲမှာ မကြာခင်ကမှ ယူနီဖောင်းကနေ အရပ်ဝတ်လဲသွားတဲ့ ဝန်ကြီး ၂၂ ဦးအပြင် အစောပိုင်းကတည်းက အရပ်ဝတ် လဲပြီးသား ဦးအောင်သောင်းတို့လို ဝန်ကြီးတွေလည်း ပါဝင်နေတာမို့ လက်ရှိ အစိုးရအဖွဲ့ဝင်ဝန်ကြီးအားလုံးနီးပါးကို အရပ်ဝတ်နဲ့ ရွေးကောက်ပွဲဝင်ဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမိန့်ပေးထားတဲ့သဘော ဖြစ်နေပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသာ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရမယ်ဆိုရင် နိုင်ငံရေးဘက်ပြောင်းတဲ့ လက်ရှိစစ်အစိုးရ ဝန်ကြီးအဖွဲ့ဝင်တွေအားလုံးနီးပါး အစိုးရသစ်အဖွဲ့ထဲမှာ နေရာရဖို့အလားအလာရှိသလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုလည်း သမ္မတအဖြစ် ခန့်ခွင့်ရှိနေတယ်လို့ ရန်ကုန်မြို့က ရှေ့နေ ဦးအောင်သိန်းက ယူဆပါတယ်။

“ကျန်တဲ့သူတွေက ရွေးကောက်ပွဲကို ဝင်ကြပြုကြနိုင်ပြီ၊ သမ္မတရွေးဖို့ တောင်းဆို မယ်ဆိုရင် အဲဒီကနေ ထွက်ပြီးတော့ သူ သမ္မတအဖြစ် လုပ်မှာပေါ့၊ ဒီသဘောပဲ ရှိတယ်။ ဒီအချိန်မှတော့ ရွေးကောက်ပွဲနဲ့ သူ ဝင်မရွေးဘူးလေ။ သိက္ခာအကျခံ ပြီးတော့၊ ကျန်တဲ့ လွှတ်တော်ဥက္ကဋ္ဌတွေကနေပြီးတော့ တောင်းဆိုလို့ ရှိရင် သမ္မတ ၃ ယောက်ရွေးတဲ့အထဲမှာ သူတယောက် ပါဝင်လာ မှာပေါ့။ ဒုသမ္မတ ၃ ယောက်အဖြစ်နဲ့ ပါဝင်လာပြီးတော့ သူက နောက် ပ သမ္မတ လုပ်မှာပေါ့။ အဲဒီသဘောမျိုးလည်း ဖြစ်နိုင်ပါတယ်”

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသာ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရမယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သမ္မတဖြစ်ဖို့ အလားအလာရှိတယ်လို့ ဒီမိုကရက်ပါတီ (မြန်မာပြည်) ခေါင်းဆောင် ဦးသုဝေကလည်း ပြောပြပါတယ်။

စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ကြည့်မယ်ဆိုရင်လည်း နိုင်ငံတော် သမ္မဟာ မည်သည့် လွှတ်တော်ကိုယ်စားလှယ်မှ မဖြစ်စေရလို့ ဆိုထားတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ လွှတ်တော် ကိုယ်စားလှယ် မလုပ်လည်းပဲ သမ္မတဖြစ်ဖို့ အခွင့်အရေးရှိနေတယ် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

တနည်းပြောရရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပြတ်အသတ်နိုင်မှ သမ္မတဖြစ်နိုင်မှာမို့ စစ်အစိုးရဝန်ကြီးအဖွဲ့ တဖွဲ့လုံးနီးပါးကို အရပ်ဝတ်လဲပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တွဲချည်ပေးလိုက်တာများလားလို့ ပြည်တွင်း အကဲခတ်တချို့က တွက်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ ကာကွယ်ရေး ဦးစီးချုပ်လည်းဖြစ်နေပါတယ်။ တနည်းပြောရရင် ၂၀၁၀ ရွေးကောက်ပွဲ ပြီးလို့ နောက်အစိုးရသစ်မဖွဲ့ခင်အထိ ကြားကာလ သမ္မတ မဖြစ်ခင် ဒီကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ယူထားမှာမို့ စစ်တပ်တခုလုံးကိုပါ ထိန်းထားပြီး ဖြစ်မယ်လို့ အကဲခတ်တွေက မြင်ပါတယ်။

သဘောကတော့ ရွေးကောက်ပွဲပြီးလို့ အောက်လွှတ်တော် ခေါ် ပြည်သူ့လွှတ်တော် နဲ့ အထက်လွှတ်တော် ခေါ် အမျိုးသားလွှတ်တော် ၂ ရပ်လုံးအတွက် ခန့်ဖို့လိုအပ်တဲ့ စစ်ဗိုလ်အမတ် ၁၆၆ ဦးကို ဗိုလ်ချုပ်မှူကြီး သန်းရွှေကပဲ ခေါင်းခေါက်ရွေးပေးရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေအတွက် လိုအပ်တဲ့ စစ်ဗိုလ်အမတ်တွေကိုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကပဲ ရွေးပေးရမှာ ဖြစ်ပါတယ်။ စိတ်ချရတဲ့ စစ်ဗိုလ်အမတ်တွေကို ရွေးပေးမှသာ ပြည်ထောင်စု လွှတ်တော်ကနေ သမ္မတရွေးချယ်တဲ့အချိန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအတွက် သမ္မတဖြစ်ဖို့အရေး လက်မလွတ်တမ်း ဆုပ်ကိုင်နိုင်မှာဖြစ်တယ် လို့ နေပြည်တော်စစ်ရုံးချုပ်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်ကလည်း ပြောပြပါတယ်။

ပြည်ထောင်စုလွှတ်တော်ကနေ သမ္မတလောင်းရွေးချယ်ဖို့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့နဲ့ အဆိုပါ လွှတ်တော် ၂ ရပ်လုံးအတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းခေါက်ရွေးထားတဲ့ စစ်ဗိုလ်အမတ်အစုအဖွဲ့ ၃ ဖွဲ့ ကနေ သမ္မတလောင်းတဦးစီ ရွေးချယ်တင်မြှောက်ရမှာ ဖြစ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသာ အပြတ်အနိုင်ရရင် စောစောက သမ္မတလောင်း ၃ ဦး ထဲက ကိုယ်ကြိုက်တဲ့သူကို သမ္မတခန့်ခွင့်ရှိနေတာမို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပြတ်အနိုင်ရရေးဟာ စစ်အစိုးရအတွက်ရော၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အတွက်ပါ သေရေး ရှင်ရေး ဖြစ်နေပါတယ်။

ဒါကြောင့်လည်း ရွေးကောက်ပွဲ ဘယ်နေ့လုပ်မယ်၊ ဘယ်သူတွေ ရွေးကောက်ပွဲမှာ ဘာတာဝန်နဲ့ပါရမယ် စတဲ့ အချက်တွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလွဲပြီး ဘယ်သူမှတိတိကျကျ မသိသေးတာ မဆန်းဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲတို့၊ အခြေခံဥပဒေတို့ကို မဝေဖန်နိုင်လောက်အောင် အကြောက်တရား ကြီးစိုးနေချိန်မှာ လူညံ့တွေကြီးစိုးတဲ့ပါတီကို မဲမပေးကြဖို့နဲ့ လူတော်လူကောင်းတွေများတဲ့ ပါတီကိုသာ ရွေးချယ်မဲပေးကြဖို့ ဇူလိုင်လ ၁၃ ရက်ထုတ် Truth News Journal မှာ ရန်ကုန်မြို့က စာရေးဆရာ မောင်ဝံသက ပြည်သူတွေကို ဆောင်းပါးနဲ့ နိုးဆော်ထားတာလည်း အံသြစရာတွေ့ရကြောင်းပါ။

၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၁၁ ရက်နေ့ လွတ်လပ်တဲ့အာရှအသံမှ ထုတ်လွှင့်သွားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုအသုံးချပြီး အနာဂတ်နိုင်ငံတော်ရဲ့သမ္မတဖြစ်အောင် ဘယ်လိုစီစဉ်နေသလဲ ဆိုတဲ့ ဦးစိန်ကျော်လှိုင်ရဲ့ သုံးသပ်ချက်ကို ကောက်နုတ်ဖော်ပြပါတယ်။

Photo : AFP


No comments: