Sunday, June 22, 2014

အရှုံးထွက်နေတဲ့ ထွက်ပေါက် (ကိုညို)

မွန်းကြပ်မှုရဲ့ ထွက်ပေါက် 

ဖေ့စ်ဘွတ်စာမျက်နှာမှာ သတင်းတွေတက်ကြည့်ရင် အများဆုံးလိုလို မြင်ရတတ်တာက အစိုးရနဲ့ အာဏာရှိ အကြီးအကဲတွေ ဝန်ကြီးတွေကိုဝေဖန်တဲ့ သတင်းအတိုအထွာတွေနဲ့ မကြေမနပ် ရင်ဖွင့်ချက်တွေပါ။ ဒါ့အပြင် ဖိုတိုရှော့ပ်နဲ့ ဖန်တီးပြုပြင်ထားတဲ့ တိုင်းပြည်ခေါင်းဆောင်တွေရဲ့ ဟာသ သရုပ်ဖော်ဓာတ်ပုံတွေ၊ ကာတွန်းနဲ့ ဂရပ်ဖစ်ဒီဇိုင်းပုံတွေ ဖြစ်တယ်။ ဒါတွေဟာ သောကစိတ်နဲ့ မွန်းကြပ်နေသူတွေ၊ မကျေမနပ်ဖြစ်နေသူတွေ၊ အုပ်ချုပ်သူတွေအပေါ် အလိုမကျဖြစ်နေသူတွေရဲ့ တဒင်္ဂစိတ်ထွက်ပေါက်တွေလည်း ဖြစ်တယ်။ 

လူထု အဆုံးအမ

နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်ရောက်ခဲ့ရရှာတဲ့ အဖိနှိပ်ခံ ပြည်သူတွေဟာ လွတ်လပ်ပြီး မိမိတို့ စိတ်ကြိုက် လိုရာဘဝဖြစ်မလာတဲ့အခါ အုပ်ချုပ်မင်းလုပ်သူ တာဝန်ရှိသူတွေအပေါ် ငြိုငြင်မုန်းတီးတတ်တာ သဘာဝပါ။ 


မခံမရပ်နိုင်တဲ့အဆုံး အာဏာပိုင်တွေအပေါ် တီးတိုးလှောင်ပြောင် သရော်တဲ့ ဟာသပျက်လုံး၊ စကားပုံနဲ့ အတိတ်တွေ၊ တဘောင်တွေ လှောင်ပြောင်သရော်တဲ့ ပုံပြင်၊ ရုပ်ပြောင်၊ ကာတွန်း၊ ဟာသသီချင်း၊ ဖိုတိုရှော့ဓာတ်ပုံ၊ ဂရပ်ဖစ်ဒီဇိုင်းတွေဟာ စိတ်ထွက်ပေါက် အဖြစ်ပေါ်လာတတ်ပါတယ်။ ဒါတွေဟာ အဖိနှိပ်ခံပြည်သူတွေရဲ့ စိတ်ဓာတ်စစ်ဆင်ရေးလက်နက်၊ တန်ပြန်ထိုးနှက်တဲ့ ခုခံရေးလက်နက်တွေလို့ဆိုရင် မမှားပါဘူး။ ပြည်လူထုက သူတို့ဆန္ဒနဲ့ မကိုက်ညီတဲ့ ခေါင်းဆောင်တွေ၊ အစိုးရဝန်ကြီးတွေကို နိုင်ရာနိုင်ရာနဲ့ ဆုံးမ ပညာပေးတတ်ပါတယ်။

ကောလဟလ နဲ့ အကြောက်တရား 

ဒီလို သရော် ဟာသထုတ်ပြီး ပြည်သူတွေ ထွက်ပေါက်ရှာတတ်တာကို အာဏာရှင်တွေကြီးစိုးတဲ့နိုင်ငံတွေမှာ အများအားဖြင့် တွေ့ရတတ်တယ်။ အာဏာရှင်မိန့်ခွန်းတွေကို ပျက်လုံးထုတ် သရော်တာမျိုးကို အနုပညာရှင်တွေကလည်း နောက်မတွန့်တတ်ဘူး။ ဒုတိယကမ္ဘာစစ်ကာလ ဘုန်းမီးနေလတောက်နေတဲ့ နာဇီ ဂျာမဏီခေါင်းဆောင် ဟစ်တလာကို ကမ္ဘာကျော် ဟာသသရုပ်ဆောင် ချာလီချက်ပလင်က ဟစ်တလာ ဟန်အမူအရာအတိုင်း သရော်လှောင်ပြောင်ပြီး သရုပ်ဆောင်တဲ့ အာဏာရှင်ဆိုတဲ့ ရုပ်ရှင်ကားတောင် ပေါ်ထွက်ခဲ့ဖူးတယ်။ 

မိမိတို့နိုင်ငံမှာလည်း အာဏာရှင် ဦးနေဝင်းလက်ထက်က လူရွှင်တော် ဇာဂနာနဲ့အဖွဲ့က “သူတောင်းစား ညီလာခံ”၊ “နေကောင်းသွားမှာပါ” စတဲ့ သရုပ်ဖော်ပြဇာတ်တွေနဲ့ ထိကပါးရိကပါးလုပ်ပြီး လူထုကို ထွက်ပေါက်ပေးခဲ့တယ်။ အများဆုံးကြားရတဲ့ ကောလဟလကတော့ နိုင်ငံခေါင်းဆောင်ကြီးတွေ ရုတ်တရက် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းမျိုး၊ အစိုးရအဖွဲ့ထဲ အကွဲအပြဲဖြစ်နေပြီ၊ ဖြုတ်ထုတ်သတ်တွေ ဖြစ်ကုန်ပြီဆိုတဲ့ သတင်းမှားမျိုးတွေပါ။ မိမိတို့ပြည်သူတွေက စစ်ထောက်လှမ်းရေးတွေဘက်က ဝါဒဖြန့်မှုတွေ မကြာခဏ ကြုံနေကျပါ။ တခါတရံ စစ်အာဏာရှင်တွေဟာ မိမိတို့ သြဇာနဲ့ ဝါဒဖြန့်မှု ပြည်သူတွေအပေါ် ဘယ်လောက်လွှမ်းမိုးသလဲ သုံးသပ်လိုတဲ့အခါလည်း ထင်ယောင်ထင်မှား ကောလဟလ သတင်းမျိုးတွေနဲ့ အာရုံပြောင်း နိုင်ငံရေးလှည့်ကွက်ထွင်တာမျိုးလည်း ရှိတတ်ပါတယ်။ 

လဇ္စဝီလူမျိုးတွေရဲ့ ညီညွတ်မှုနဲ့တည်ဆောက်ခဲ့တဲ့ ဝေသာလီပြည်ဖျက်ဖို့ ဝဿကာရ အမတ်ကြီးဟာ ကောလဟလမျိုးစုံလွှင့်ပြီး ပြည်သူတွေအကြား သံသယနဲ့ ဒွိဟတွေပေါ်လာအောင် အားထုတ်ရပါတယ်။ ကြောက်စိတ်တွေ၊ စိုးရိမ်မကင်းစိတ်တွေ၊ သံသယတွေဟာ လူ့အဖွဲ့အစည်းရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ခြိမ်းခြောက်တတ်တယ်။ 

စေတနာမှန်တဲ့ ဝါဒဖြန့်ချိမှု 

ကျနော် အိန္ဒိယနိုင်ငံမှာ နေထိုင်ခဲ့စဉ် Mass Comunication လို့ခေါ်တဲ့ လူထုဆက်ဆံရေးဆိုင်ရာ မီဒီယာသင်တန်းတခု သီတင်းပတ်အတန်ကြာ တက်ရောက်လေ့လာခွင့်ရခဲ့ဖူးတယ်။ အဲဒီမှာ လူထုအခြေပြု ဝါဒဖြန့်ချိရေးဆိုင်ရာ သင်ခန်းစာတွေလည်း ဆွေးနွေးသင်ကြားရပါတယ်။ အစောပိုင်းကာလတွေက ကျနော်တို့တတွေဟာ ဝါဒဖြန့်ချိရေးဆိုတာ မဟုတ်မမှန်တဲ့သတင်းတွေ အခြေခံထုတ်လွှင့်တာ၊ မိမိတို့အတွေးအခေါ် အယူအဆကို တဖက်သတ် ထုတ်လွှင့်တာလို့ပဲ အကြမ်းဖျင်း သဘောပေါက်ထားတာပါ။ မဟုတ်ပါ။ ကျနော်တို့ လေ့လာရတဲ့ ဝါဒဖြန့်ချိရေးက မိမိတို့လူ့အဖွဲ့အစည်းရဲ့ အတွေးအခေါ်နဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးရေး၊ အသိပညာရရှိရေး၊ ဆက်စပ် ဆင်ခြင်တွေးခေါ်နိုင်ရေးအတွက် လူထုကြားခံ မီဒီယာတွေကို အသုံးပြုဖော်ဆောင်ရေးပါ။ 

ဒီအတွက် အစိုးရ၊ လူထုနဲ့ လူမှုကွန်ယက်အဖွဲ့အစည်းတွေကို ချည်းကပ်သုံးသပ်ပြီး လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့ အသိပညာပေးမှုတွေကို မီဒီယာကတဆင့် ဝါဒဖြန့် လှုံ့ဆော်ပေးရတာပါ။ အာဏာရှင်တွေ မိမိတို့ကိုယ်ကျိုးအတွက် လွဲမှားစွာ ကျင့်သုံးနေတဲ့ အမြင်ကျဉ်းမြောင်းမှု အခြေခံဝါဒဖြန့်ချိမှုနဲ့ အတော်ကွာခြားပါတယ်။ ကျနော်တို့လေ့လာခဲ့ရတဲ့ ဝါဒဖြန့်ချိမှုဟာ ပြည်သူ့အကျိုးပြု အသိပညာပေး ဝါဒဖြန့်ချိမှုတွေ ဖြစ်တယ်။ မွန်မြတ်တဲ့ ဝါဒဖြန့်ချိမှုတွေ ကျနော်တို့တိုင်းပြည်မှာ လိုအပ်နေတယ်။ ဒါမှ အသိပညာနဲ့ စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးမှုကို အထောက်အပံ့ပြုလိမ့်မယ်။ 

ဝေမျှခံစားစိတ် 

လူတချို့က ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်အပေါ် အဆိုးမြင်တတ်ကြတယ်။ ဆိုးတာ ကောင်းတာက တွဲဘက်ပါနေစမြဲမို့ မိမိကိုယ်တိုင်က အကျိုးများရာကို မြင်တတ် ရှာတတ်၊ လက်ခံတတ်ဖို့သာ လိုအပ်ပါတယ်။ ကျနော်သတိထားမိတာက ဖေ့စ်ဘွတ်ကို စိတ်ထွက်ပေါက်တခုအနေနဲ့သာမက ဝေမျှအသိပေးလိုမှုအတွက်ပါ အသုံးများနေကြတာပါ။ မိမိတို့ ပတ်သက်ရာပတ်သက်ကြောင်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနယ်ပယ်ထဲက အကောင်းအဆိုးတွေကို ပုံစံအမျိုးမျိုးနဲ့ ဖွင့်အံချတတ်တာကိုလည်း သတိပြုမိတယ်။ 

အစိုးရအပေါ် မကျေနပ်စိတ်၊ အလိုမကျစိတ်တွေကို ရင့်ရင့်သီးသီးစကားတွေ၊ အဆဲအဆိုတွေနဲ့ ဖော်ထုတ်တတ်သူတွေရှိသလို အပြုသဘောနဲ့ ဝေဖန်တတ်သူတွေလည်း ရှိပါတယ်။ အဲဒီထဲမှာ စိတ်ဝင်စားဖို့ကောင်းတာက မိမိတို့မွန်းကြပ်မှုတွေကို ဟာသ ဗွီဒီယိုလေးတွေ၊ ကာတွန်း၊ ရုပ်ပြောင်၊ ဖိုတိုရှော့ပ်ဓာတ်ပုံ၊ ဂရပ်ဖစ်ဒီဇိုင်းဓာတ်ပုံ ဖန်တီးပြီး ရွှင်မြူးစရာနဲ့ စိတ်ထွက်ပေါက်ပေးတတ်တာမျိုးဖြစ်တယ်။ ဒီမိုကရေစီစိတ်ဓာတ်ကျင့်စဉ်မှာ တဖက်သားအတွက် မျှဝေခံစားပေးမှု၊ အကြံပေး အဖြေရှာပေးပြီး အကူအညီပေးတတ်ဖို့က အခြေခံကျပါတယ်။ 

တဒေါင့် တနေရာ 

လွန်ခဲ့တဲ့ စစ်အာဏာရှင် အစိုးရခေတ်က Mr Creature (မစ္စတာ ဖန်တီးရှင်)ဆိုတဲ့နာမည်နဲ့ ဗိုလ်ချုပ်မှူးကြီးနဲ့ သူ့ဇနီးအပြင် စစ်ခေါင်းဆောင်တွေရဲ့ မျက်နှာသွင်ပြင်အမျိုးမျိုးကို စိတ်ကြိုက် လိုရာဖန်တီးပြီး ကွန်ပြူတာဒီဇိုင်းနဲ့ ဓာတ်ပုံတွေဖန်တီးပြီး အင်တာနက် အီးမေးလ်တွေကတဆင့် ထိုးနှက်တိုက်ခိုက်ခဲ့ဖူးတာကို မှတ်မိနေပါတယ်။ 

အာဏာရှင် စစ်ဗိုလ်ချုပ်တွေရဲ့ ဓာတ်ပုံတွေကို မျက်နှာအမူအရာအမျိုးမျိုး၊ အဝတ်အစားအမျိုးမျိုး၊ မိတ်ကပ်ဆံပင်တွေ ပြုပြင်ပေးပြီး ကိုယ်နေဟန်အမျိုးမျိုးနဲ့ ရေးဆွဲခဲ့တဲ့ပုံတွေဟာ ကွန်ပြူတာ အင်တာနက်ကတဆင့် နိုင်ငံတကာပျံ့နှံ့ခဲ့တယ်။ စစ်အာဏာရှင်စနစ် မလိုလားသူတွေအတွက် အဆိုပါ ဂရပ်ဖစ်ဓာတ်ပုံတွေက စိတ်ထွက်ပေါက်ပေးခဲ့တယ်။ ရယ်မောရွှင်ပျစေခဲ့တယ်။ သူ့ပုံတွေ နေပြည်တော်အထိ ပျံ့နှံ့ခဲ့တယ်လို့ မိတ်ဆွေတွေက ပြောဖူးတယ်။ ပြားပြားမှောက်ခံနေရတဲ့ အကာအကွယ်မဲ့သူတွေကို မစ္စတာ ခရီရေတာရဲ့လက်ရာတွေက အားဖြစ်စေတယ်။ သူကိုယ်တိုင် လူရွှင်တော်လည်းဖြစ် အနုပညာရှင်တယောက်လည်းဖြစ်တော့ လူပရိဿတ်မနောကို စောကြောမိဟန်တူပါတယ်။ 

“ကျနော်လုပ်နေတာတွေဟာ သူတို့ပြုတ်ကျတာ မကျတာထက်၊ လူတွေ စိတ်ထွက်ပေါက်ရမယ်၊ ပြီးတော့ ကာယကံရှင်တွေ စိတ်ကသိကအောက် တစိုးတစိလေးဖြစ်သွားမယ်ဆိုရင်ကို လုပ်ရကျိုးနပ်တယ်ဆိုပြီး လုပ်ခဲ့တာပါ၊ လူအများက ကိုယ့်ပုံကိုသဘောကျ လက်ခံတော့ ပိုပြီး အချိန်ပေးလုပ်ဖြစ်သွားတယ်” လို့ Mr Creature က အင်တာဗျူးတခုမှာ ကျနော့်ကိုပြောခဲ့ဖူးတယ်။ မိမိနဲ့ အနေသာချည်းပဲလို့ ဘေးထွက်မထိုင်ဘဲ သူများ ဒုက္ခဝေဒနာကို ကိုယ်နိုင်တဲ့ဘက်က ဖေးကူထမ်းပေးတတ်တာတွေရှိရင် ကျနော်တို့ လူ့အဖွဲ့အစည်းမှာ အထီးကျန်ဆန်တာတွေ နည်းသွားမယ်။ 

ငရဲ မကျသူတွေ

ဖေ့စ်ဘွတ်လူမှုကွန်ယက်မှာ ကြက်ဖကြီးဆိုသူရဲ့ ဂရပ်ဖစ်တွေ၊ ကာတွန်းဆရာတွေရဲ့ ထိထိမိမိ သရော်ချက်တွေ၊ The Villager MusicGroup (တောသားကြီး တေးဂီတအဖွဲ့)တို့ဟာ လက်စောင်းထက်နေတာ တွေ့ရတယ်။ ပြည်သူတွေရဲ့ ခံစားချက်အမှန်ကို ပုံဖော်ပြီး ထွက်ပေါက်ပေးနိုင်ကြတယ်။ နေ့စဉ်ပေါ်ထွက်နေတဲ့ သတင်းတွေ၊ အစိုးရဝန်ကြီးတွေ လွှတ်တော်အမတ်တွေရဲ့ ဟာသမြောက်တဲ့ ပြောကြားချက်တွေကို အချိန်တိုတိုအတွင်း ကာတွန်းဆွဲ၊ ဓာတ်ပုံ ဖိုတိုရှော့ပ်၊ ဂရပ်ဖစ်လုပ်၊ သီချင်းစပ်ပြီး လူမှုကွန်ယက်မှာဖြန့်လိုက်ရင် နာရီပိုင်းအတွင်း တကမ္ဘာလုံး ပြန့်သွားတယ်။ ဒီလို လူအများခံစားချက်ကို ရောင်ပြန်ဟတ်ဖို့ သူတို့ရဲ့အချိန်တွေကို ရင်းနှီးမြှုတ်နှံရတယ်။ ကာတွန်းဆရာတယောက်က “ရေးကွက် အိုင်ဒီယာရဖို့ သတင်းတွေဖတ်၊ အချင်းချင်းစကားပြော၊ လက်ဖက်ရည်ဆိုင်ထိုင် ဟာသတွေထုတ်ရတယ်၊ နေ့စဉ် ကိုယ်ပိုင်အလုပ်တခုလို စဉ်းစားအာရုံသွင်းလုပ်ကြတာဖြစ်တယ်” လို့ ပြောပြတယ်။ 

တချို့ဟာ ဘာသာရေးနယ်က ရဟန်းတွေကိုတောင် လှောင်ပြောင်သရော်တာ ရှိတယ်၊ “တရားဓမ္မနဲ့မလျှော်မညီ နေထိုင် ပြောဆို လုပ်ကိုင်သူတွေ၊ အကုသိုလ်ကြီးမားသူတွေ၊ အများပြည်သူအကျိုး လျစ်လျူရှုသူတွေကို ပြန်လည် တုံ့ပြန် ဝေဖန်တာ တရားမျှတပါတယ်။ ငရဲမရောက်ပါဘူး” လို့ ဂရပ်ဖစ်ဓာတ်ပုံသမားတယောက်က ကျနော့်ကိုပြောပြတယ်။ 

အမြတ်မထွက်တဲ့ ထွက်ပေါက် 

သမ္မတ ဦးသိန်းစိန် အစိုးရ အာဏာရယူခဲ့တာ ၂ နှစ်ခွဲရှိပေမယ့် သူ သမ္မတရာထူး ရယူစဉ်ကပြောခဲ့တဲ့ ကတိစကားတွေအတိုင်း အကောင်အထည်မဖော်နိုင်တာတွေ အများအပြားတွေ့ရတယ်။ ပြည်သူတွေရဲ့ အခြေခံ စားဝတ်နေရေး၊ လူမှုရေး နဲ့ မီးပြဿနာ၊ ရေပြဿနာလေးကအစ လွန်ခဲ့တဲ့ကာလတွေအတိုင်း လျစ်လျူရှုခံနေဆဲပါ။ အိုးအိမ်မဲ့၊ လယ်ယာမဲ့၊ စီးပွားပျက်သူတွေဟာ စောင့်ရှောက် အကာအကွယ်မရဘဲ အာဏာရှင်ခေတ်ကတည်းက မတရားချမ်းသာသူတွေ၊ ကျင့်ဝတ်ပျက်စီးပွားရေးသမားတွေရဲ့ အကျိုးစီးပွားက ပိုနေမြဲ ကျားနေမြဲမို့ ပြည်သူတွေ မကျေမနပ်ဖြစ်လာတယ်။ “ဒီအစိုးရလည်း ယူနီဖောင်း မဝတ်တာကလွဲလို့ မထူးပါဘူး၊ အတူတူပါပဲ” မြင်သွားကြတယ်။ 

ဒီကြားထဲ မဟာသန္တိသုခကျောင်းကို ချိတ်ပိတ်ပြီး ရဟန်းတွေကို လူဝတ်လဲပေးလိုက်တဲ့ကိစ္စက ဘာသာ၊ သာသနာအပေါ် လက်လွတ်စပယ် စော်ကားမှုလို့ မြင်နေကြတယ်။ အမျက်ဒေါသတွေ ထွက်နေကြတယ်။ တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး ပွင့်လင်းမြင်သာမှုရှိနေမယ်ဆိုရင် ကောလဟလတွေ၊ ဒေါသအမျက်သင့်တဲ့စာတွေ ဆောင်းပါးတွေ၊ ရုပ်ပြောင်တွေ ကျဲသွားကောင်း ကျဲပါးသွားမှာပါ။ 

ဆန္ဒရဲ့ သင်္ကေတ

နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုဘဝတွေ တိုးတက်ပြောင်းလဲမလာတဲ့အခါ ပြည်သူတွေရဲ့ တင်းကျပ်နေတဲ့ စိတ်ထွက်ပေါက်ကို ကာတွန်း၊ ဓာတ်ပုံ၊ ကဗျာ၊ ဒေါသပေါက်ကွဲတဲ့ စာတွေ၊ ဆဲဆိုသံတွေနဲ့ ဟာသသီချင်းတွေက ပုံစံတမျိုးနဲ့ ထွက်ပေါက်ပေးနေလိမ့်မယ်။ ယခင်စစ်အစိုးရခေတ်အတိုင်း အခြေအနေတွေ ထူးမခြားနားသေးသရွေ့ အစိုးရကို သရော်တဲ့စာ၊ သတင်းမှားနဲ့ ကောလဟလ၊ လှောင်ပြောင်တဲ့ ကာတွန်း၊ အပြင်းအထန်ဝေဖန်တဲ့ အရေးအသားတွေကတော့ ဆက်လက် တည်မြဲနေအုံးမှာပါ။ တနည်းပြောရရင် ဒါတွေဟာ တိုင်းပြည် နိုင်ငံရေး၊ စီးပွားရေး တည်ငြိမ်အေးချမ်းမှုမရှိတာကို ပြသနေတဲ့ သင်္ကေတတွေဖြစ်ပါတယ်။ ။ 

ကိုညို (အော်စလို) 
၂၀ ဇွန်၊ ၂၀၁၄ 

 

No comments: