Tuesday, August 20, 2013

ဆရာမင်းလူနှင့် ကျွန်တော် (ကျော်သူ)

စာရေးဆရာ၊ ကဗျာဆရာ ဦးဉာဏ်ပေါ် (ခ) မင်းလူ (၆ဝ)နှစ်ဟာ ရန်ကုန်မြို့ ဝိတိုရိယဆေးရုံကြီးမှာ ကင်ဆာရောဂါနဲ့ သြဂုတ်လ၊ ၁၄ ရက်နေ့ ညသန်းခေါင်ချိန်က ကွယ်လွန်အနိစ္စရောက်သွားခဲ့သညဆိုသော သတင်းအားကြားခဲ့ပြီးနောက် ကျွန်တော် စိတ်မကောင်းကြီးစွာဖြစ်ခဲ့ရသည်။ ဆရာ့အား လွန်စွာနှမြောမိသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော် နယ်မြို့သို့ ခရီးထွက်နေပါသဖြင့် ဆရာ့၏ဈာပနအား ကိုယ်တိုင်လိုက်ပါပို့ဆောင်ခွင့် မရရှိခဲ့၍ဖြစ်သည်။

အတိတ်တစ်ချိန်က ဆရာမင်းလူနှင့်ကျွန်တော် ပထမအကြိမ်ဆုံတွေ့ခဲ့စဉ်က မင်းသားကျော်သူဘဝမှာပင် ရှိပါသေးသည်။ ထိုအချိန်က ဆရာမင်းလူ ထောင်ကထွက်လာပြီးနောက်တွင်ဖြစ်သည်။ ဆရာမင်းလူ၏ အစ်ကိုကြီး ဒါရိုက်တာ မောင်ဝဏ္ဏရိုက်ကူးတဲ့ “ပန်းတွေနဲ့ဝေ” ဗွီဒီယိုဇာတ်ကားကို ရိုက်ကူးနေစဉ် ဆရာမင်းလူ ရိုက်ကွင်းကို လာရောက်ကြည့်ရှု့စဉ်က တစ်ကြိမ်ဆုံတွေ့ခဲ့ဖူးပါသည်။

ဒုတိယအကြိမ် ရင်းနှီးဆုံတွေ့ခဲ့တာကတော့ (၂ဝဝဝ ခုနှစ်)က ဆရာရေးသားခဲ့သော “ရေတမာ” ဝတ္ထုတိုကို ဗွီဒီယို ဇာတ်ကားရိုက်ကူးရာတွင် ကျွန်တော်နဲ့ မေသန်းနု ပါဝင်သရုပ်ဆောင်စဉ်ကတစ်ကြိမ် ရင်းနှီးခဲ့ပါသည်။


တတိယတစ်ကြိမ်မှာတော့ ကျွန်တော် မင်းသားဘဝမှ သုဘရာဇာဘဝသို့ ရောက်ရှိစဉ် ကျွန်တော်၏ဇနီး မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက် သူမ၏ မွေးနေ့ဖြစ်သော ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ၊ ၁ ရက်နေ့တွင် ကျွန်တော်ရေးဆွဲခဲ့သော ပန်းချီကားချပ်များ၊ ရိုက်ကူးထားသော ဓာတ်ပုံများ၊ Performance များပါဝင်သည့် Kyaw Thu’s Art Zone Vol-2 အဖြစ် ပန်းချီပြပွဲပြုလုပ်ခဲ့ရာ ရင်းနှီးသော ပန်းချီအနုပညာရှင်များ၊ စာပေအနုပညာရှင်များ၊ ဂီတအနုပညာရှင်များ၊ ရုပ်ရှင်အနုပညာရှင်များ၊ နိုင်ငံရေးသမားများနှင့် ဧည့်ပရိသတ်များ လာရောက်အားပေး ချီးမြှင့်ခဲ့ကြရာတွင် ဆရာမင်းလူမှ ထိုနေ့ရက်တုန်းက တစ်ကြိမ် ဆရာမင်းလူနှင့် ဆုံတွေ့ခဲ့ပါသည်။

စတုတ္ထအကြိမ်တွေ့ဆုံခဲ့တာကတော့ ဆရာသည် ကျွန်တော်နှင့် ကျွန်တော်၏ဇနီးတို့၏ ပုလဲရတုနေ့မြတ်နှစ်ပတ်လည် အခမ်းအနားကို နာရေးကူညီမှုအသင်း (ရန်ကုန်)၌ ကျင်းပရာ ယင်းပွဲသို့ ဖိတ်ကြားထားသူများ လာရောက်အားပေးခဲ့ရာတွင် ဆရာမင်းလူနှင့် တဖန်ပြန်လည်တွေ့ဆုံခဲ့ကြသည်။ ထိုနေ့တွင် ဆရာသည် ကျွန်တော်နှင့် ကျွန်တော့်၏ဇနီးရွှေဇီးကွက်တို့ကို မင်္ဂလာစကားတို့ဖြင့် ဂုဏ်ပြုသွားခဲ့သည်။ ထို့နောက်တွင်တော့ ဆရာ့အား ဈာပန အခမ်းအနားများတွင်သာ တွေ့ရပါတော့သည်။

ပဉ္စမအကြိမ်တွေ့ဆုံခဲ့ခြင်းမှာ ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ၌ ဆရာမင်းလူ၏အစ်ကို စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏ၏ဈာပနသို့ ဆရာမင်းလူ လိုက်ပါပို့ဆောင်ခဲ့စဉ်က တစ်ကြိမ်။

ဆဌမအကြိမ် ၂ဝ၁၁ ခုနှစ်၊ မေလ၌ ကွယ်လွန်သွားသော စာရေးဆရာကြီး နတ်နွယ်(ခ) ဦးလှမြင့်၏ ဈာပနသို့ လိုက်ပါပို့ဆောင်စဉ်က တစ်ကြိမ်။

သတ္တမအကြိမ်တွေ့ဆုံခဲ့ခြင်းမှာတော့ ၂ဝ၁၁ ခုနှစ် သြဂုတ်လတွင် ပန်းချီဆရာ မောင်မောင်သိုက်၏ဈာပန၊ ထိုနေ့ရက်တွင်လည်း ပန်းချီဆရာ မောင်မောင်သိုက်ဈာပနသို့ ဆရာမင်းလူ လာရောက် နှုတ်ဆက်ခဲ့ချိန်က တွေ့ဆုံခဲ့ပါသည်။ ထို့နောက်တွင်တော့ ဆရာ့အားမတွေ့ဖြစ်ခဲ့။ တွေ့ခွင့်ရလိုက်ရမည့် ဆရာ့၏နောက်ဆုံးအချိန်ကိုလည်း ကျွန်တော်မရှိသဖြင့် ကျွန်တော် တွေ့ခွင့်မရခဲ့ပါ။ ဆရာ၏ချီးမြှောက်မှုများစွာကို ကျွန်တော်ခံစားရရှိခဲ့ပေမယ့် ဆရာ၏ နောက်ဆုံးအချိန်မှာ ကျွန်တော်မရှိခဲ့ပါ။

သို့ပါသော်လည်း ဆရာမင်းလူ၏ ရုပ်အလောင်းကို ဝိတိုရိယဆေးရုံကြီးကနေပြီးတော့ ရေဝေးအအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ (၁၅.၈.၂ဝ၁၃)ရက်နေ့တွင် နိဗ္ဗာန်ယာဉ် အမှတ်(၁ဝ၈)ဖြင့်ပို့ဆောင်ကူညီပေးနိုင်ခဲ့ပြီး (၁၈.၈.၂ဝ၁၃)ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဒုဥက္ကဋ္ဌ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်နှင့် အသင်းသူ/သားများတို့မှ ဆရာမင်းလူ၏ နောက်ဆုံးခရီးအား လိုက်ပါပို့ဆောင်ပေးခဲ့ကြပါသည်။ ထို့နောက် (၁၈.၈.၂၁၃)ရက်နေ့၊ နေ့လည်(ဝ၁းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်ခန်းမဆောင်၌ အသင်းသူ/သားများတို့မှ ဆရာမင်းလူ၏ ရုပ်ကလာပ်အား ကြည်ရှု့ရာလမ်းတစ်လျှောက်တွင် စီတန်းလျှက်ရှိနေပေးပြီး ဆရာ၏ နောက်ဆုံးခရီးအား နှုတ်ဆက်ရန်လာရောက်ကြသော ဆရာ့၏ မိသားစုဝင်များ၊ ညီအစ်ကိုမောင်နှမများ၊ ဆွေမျိုးများ၊ စာပေပညာရှင်များ၊ ပန်းချီပညာရှင်များ၊ နိုင်ငံရေးအသိုင်းအဝိုင်းမှပုဂ္ဂိုလ်များနှင့် ဆရာမင်းလူအား လေးစားချစ်ခင် ကြည်ညိုကြသည့် ဧည့်ပရိသတ်များဖြင့် စည်ကားသွားခဲ့ကြောင်း ကြားသိခဲ့ရပါသည်။

ပန်းချီဆရာ မောင်မောင်သိုက်သည်လည်း သြဂုတ်လ၊ ဆရာမောင်ဝံသသည်လည်း သြဂုတ်လ၊ ထူးအိမ်သင်သည်လည်း သြဂုတ်လ၊ မင်းသုဝဏ်သည်လည်း သြဂုတ်လ၊ တာရာမင်းဝေသည်လည်း သြဂုတ်လ၊ နန္ဒာသိန်းဇံသည်လည်း သြဂုတ်လ၊ လူရွှင်တော် ပါပါလေးသည်လည်း သြဂုတ်လ၊ ဆရာကြီး မင်းသိင်္ခသည်လည်း သြဂုတ်လ၊ မဟာဆွေသည်လည်း သြဂုတ်လ၊ လူထု ဦးလှသည်လည်း သြဂုတ်လ၊ ရွှေဥဒေါင်းသည်လည်း သြဂုတ်လ၊ ကံချွန်(ကာတွန်း)သည်လည်း သြဂုတ်လ၊ ဆရာမင်းလူ သည်လည်း သြဂုတ်လ။

ထိုထိုသော အနုပညာရှင်များ ဆုံးပါးသွားသူများတို့ကို ဆရာမင်းလူ လိုက်ပါပို့ဆောင်ပေးခဲ့စဉ်က ဆရာမင်းလူအတွက် ကဗျာများစာများဖြစ်တည်ခဲ့ပေလိမ့်မည်။ ဆရာမင်းလူ ထွက်ခွာသွားခဲ့သောအခါ ကျန်ရှိနေသေးသော အနုပညာရှင်များ၊ စာပေပညာရှင်များ၊ ရုပ်ရှင်လောကသားများမှလည်း ဆရာ့အတွက်ကဗျာများ စာများကျန်ရစ်ခဲ့တော့သည်။

ဆရာမင်းလူ၏ ဈာပနအားကိုယ်တိုင်လိုက်ပါပို့ဆောင်ခွင့်မရသော်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဒုဥက္ကဋ္ဌ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဆောင်ဦးလှိုင်(အဆိုတော်)၊ ကိုမျိုး(မြန်မာစာ)နှင့် အသင်းသူ/သားများ၊ ဝန်ထမ်းများတို့မှ ဆရာမင်းလူ၏ နောက်ဆုံးခရီးအား လိုက်ပါပို့ဆောင်ပေးခဲ့ကြပြီး အဆင်ပြေချောမွေ့စွာ ဆရာ့၏ နောက်ဆုံးခရီးအား ပို့ဆောင်ခွင့်ရရှိခဲ့သဖြင့် ကျွန်တော် ကျေနပ်နှစ်သိမ့် ခဲ့ရပါတော့သည်။ ဆရာမင်းလူနှင့်ကျွန်တော် သက်ရှိဘဝမှာ အကြိမ်ကြိမ်အခါခါ တွေ့ခဲ့ရသော်လည်း ဆရာမင်းလူရဲ့နောက်ဆုံး လူ့လောကကြီးမှ ထွက်ခွာသွားချိန်တွင် ကျွန်တော် ဆရာနှင့် ပြန်လည်ဆုံဆည်းခွင့် မရခဲ့တော့ချေ။ ကျွန်တော်သည်လည်း ဆရာတို့နည်းတူ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာတွင် ဆရာတို့နောက်သို့ လိုက်ပါရမည်ကိုတော့ ကျွန်တော်လည်း မသိရချေ။ ထို့ကြောင့် အဝေးတစ်နေရာသို့ ဗြဟ္မစိုရ်ခြေလှမ်းများဖြင့် ခရီးနှင်နေသော ကျွန်တော်နှင့် အသင်းသားအချို့မှ ဆရာ့အား ကောင်းရာသုဂတိလားစေကြောင်းနှင့် ကျွန်တော်တို့ အနယ်နယ်အရပ်ရပ်တွင် ထမ်းရွက်နေသော ကောင်းမှုကုသိုလ်များအား ဆရာမင်းလူအား အမျှ … အမျှ … အမျှ ဟု ပေးဝေငှလိုက်ပါတော့သည်။

(ကျော်သူ) 
(၂.၁၁.၁၉၅၉ မှ ၂ဝ ? ?)


 

No comments: