Wednesday, August 28, 2013

အဘိုင်လေး (ဝါ) ရိုတီဘိုင် - မင်းသိုက်

ဒီဓာတ်ပုံထဲကပုဂ္ဂိုလ်ကို လွန်ခဲ့သောအနှစ် ၂၀ ကျော်ခန့်က ကျွန်တော် “အဘိုင်လေး” လို့ ခေါ်တယ်။ သူ့စတိုင်က ပုံထဲကအတိုင်းပဲ ဦးထုပ်ကို အမြဲ နောက်ပြန် (သို့မဟုတ်) ဘေးတိုက် ဆောင်းထားတယ်။ သူက ကျွန်တော်တို့အပိုင်ထဲက မဟုတ်ဘူး ... သာကေတ သား ... ...။ 

၁၉၉၀ ကာလများအချိန်အထိတော့ ယခု ကမ္ဘာအေး ဂမုန်းပွင့်ကုန်တိုက်ကြီးနေရာမှာ ကမ္ဘာအေးဈေးကြီး ရှိခဲ့ဖူးတယ်။ ဈေးကြီးက ဧရာမအကြီးကြီး၊ စည်လည်းစည်တယ်။

ဈေးထဲမှာ ပလာတာ၊ စမူဆာ၊ အီကြာကွေး၊ ပဲသုပ် ရောင်းတဲ့ “အီစွတ်ဘိုင်” ဆိုတဲ့ ကုလားကြီး တစ်ယောက်ရှိတယ်။ အီစွတ်ဘိုင်က အစ္စလာမ်ဘာသာဝင်၊ သူ့မိန်းမက ဗုဒ္ဓဘာသာ ...။ ကလေးတွေလည်း တစ်ပုံကြီးမွေးပြီး ဈေးထဲက သူ့ ကျူးကျော်တဲလေးမှာပဲ မိသားစုအဆင်ပြေသလိုနေကြတယ်။ တဲအရှေ့ခန်းက သူ့ဆိုင်ပဲ။ သူ့ဆိုင်ထဲမှာလည်း ဗုဒ္ဓဘုရားပုံရှိတယ်၊ သူ့မိန်းမက မနက်မနက်ဆို အမွှေးတိုင်၊ ဖယောင်းတိုင်ပူဇော်တာ တွေ့တာပဲ။ 


၁၉၈၈ အရေးတော်ပုံကြီးပြီးတော့ ကျွန်တော် ရည်းစားတစ်ယောက် အဖတ်တင်တယ်။ (အခု ညားနေတဲ့ အိမ်က ဟာမကြီးပေါ့)၊ သူက ကမ္ဘာအေးဈေးကြီးရှိတဲ့ မရမ်းကုန်း (၉)ရပ်ကွက်သူ၊ ကျွန်တော်က (၈)ရပ်ကွက်သား။ ညည ချိန်းတွေ့တဲ့အခါ ကမ္ဘာအေးဈေးကြီးထဲက အီစွတ်ဘိုင်ဆိုင်မှာ ခိုးတွေ့ကြတယ်။ အီစွတ်ဘိုင်တို့မိသားစုက ဈေးမကြီးထဲ သွားရှောင်နေပေးတယ်:D။ ကျွန်တော့် ကောင်မလေး အချိန်တန်လို့ အိမ်ပြန်ပြီဆိုရင် ဈေးမကြီးထဲသွားထိုင်နေတဲ့ အီစွတ်ဘိုင်တို့မိသားစုကို ကျွန်တော် သွားပြန်ခေါ်၊ ပြီးတော့ အီစွတ်ဘိုင်မိန်းမနဲ့ ကလေးတွေ အိပ်ကြပြီဆို တဲရှေ့အဖီလေးမှာ ကျွန်တော်နဲ့ အီစွတ်ဘိုင် အရက်အတူသောက် ဆေးခြောက် တလှည့်စီဖွာရင်း ဘာတွေ တောင်စဉ်ရေမရ ပြောမိကြမှန်း မမှတ်မိတော့ဘူး...။ ညအတော်များများတွေလည်း ကျွန်တော် အီစွတ်တဲထဲမှာပဲ မိုးလင်းရင် လင်း၊ မလင်းရင် ကောင်မလေးပြန်တာနဲ့ အိပ်ပျော်သွားတာ များတယ်။ 

၁၉၈၉ လောက်မှာ အီစွတ်ဘိုင် စီးပွားရေးအဆင်ပြေလာတယ်။ သူ့ဆိုင် ရောင်းကောင်း၊ အော်ဒါကျတော့ မနိုင်တော့တာနဲ့ သာကေတဘက်က သူ့ဘော်ဒါ “အဘိုင်လေး” ကို ကူဖော်လောင်ဘက်အဖြစ် ခေါ်ထားတယ်။ အဘိုင်လေးက သိပ်စကားမပြောဘူး၊ အလုပ်အတော်လုပ်တယ် ...။ 

ဒီလိုနဲ့ ကျွန်တော်လည်း ၁၉၉၀ မှာ အိမ်ကဟာမကြီးကို ရည်းစားဘဝမှာတင် မတင်းတိမ်တော့လို့ ခိုးပြေး ၆ လလောက်ပဲပေါင်းပြီး ဘဝကိုစတင်ရုန်းဖို့ ထိုင်းမြေပေါ် ပြောင်းရွှေ့နဲ့၊ အီစွတ်ဘိုင်တို့မိသားစုတွေ အဘိုင်လေးတို့တွေနဲ့ ပြတ်သွားခဲ့တာ ၁၉၉၈ - ၉၉ ကာလတွေ ဗမာပြေ ပြန်မလှည့်ဖြစ်တော့။ အီစွတ်ဘိုင်ကြီးတစ်ယောက် အလာ့ဟ် အမိန့်ခံယူသွားရှာပြီ။ သူ့မိသားစုလည်း ကမ္ဘာအေးမှာ မရှိတော့ဘူး၊ ကမ္ဘာအေးဈေးကြီးလည်း ဂမုန်းပွင့်ကုန်တိုက်ဖြစ်လာတော့မယ့် အဆောက်အဦကြီးအဖြစ် ဟီးနေပြီ။ “အဘိုင်လေး” တစ်ယောက်ကတော့ ဘယ်ရောက်သွားသည်မသိ၊ အရပ်ထဲလည်း လာတာမတွေ့တော့ဘူး လို့ ကိုဘခက်တို့အုပ်စုတွေက ပြောသံကြားတာပဲ။ 

၂၀၀၅ နောက်ပိုင်း ကျွန်တော့်ဘဝကြီး ဗမာပြေထဲမယ် ခြောက်ကပ်ကပ်ဖြစ်လာတာကြောင့် ထိုင်းမြေပေါ် တစ်ပတ်ပြန်လည်ထွက်သွားပြန်တယ်။ ကျွန်တော့်မွေးနေ့တွေ နှစ်စဉ်လိုလို အတူရှိခဲ့ဖူးတဲ့ ဘုရားသွား ကျောင်းတက်အတူ နွှဲခဲ့ဖူးတဲ့ ကျွန်တော့်တပ်ချုပ်ကြီး (အိမ်ကဟာမကြီး) နဲ့ ၂၀၀၉ ကျွန်တော့်မွေးနေ့မှာ တကွဲတပြားစီပေါ့၊ သူက ရန်ကုန်မှာ ကျွန်တော်က ဇင်းမယ်မှာ။ သူက ကျွန်တော့်အတွက် မွေးနေ့ကုသိုလ်ကောင်းမှု ရန်ကုန်မှာ ဘုန်းဘုန်း ဆွမ်းကပ်၊ အိမ်နီးပါးချင်းတွေဖိတ်ပြီး ကြက်သားနဲ့ ပလာတာ တည်ခင်းဧည့်ခံ ကျွေးမွေးသတဲ့။ ကြက်သားက အိမ်မှာစိတ်တိုင်းကျချက်ပြီး ပလာတာက အော်ဒါမှာတာတဲ့။ အော်ဒါကလည်း ရိုက်ပြီးသား ပလာတာကို လာပို့တာမဟုတ်ဘဲ အိမ်ရှေ့မှာတင် စားပွဲနဲ့ စားခါနီးမှ ရိုက်ပေးတာတဲ့၊ မလေးရှားကပြန်လာတဲ့ ရိုတီကုလားတယောက်၊ အရပ်ထဲက အလှူတွေဆိုလည်း သူ့ပလာတာပဲ အော်ဒါမှာတာ အလွန်အရသာရှိ ထောပတ်နံ့လေးသင်းဆိုပဲ။ ကျွန်တော့် မျက်လုံးထဲ သူမ ဖုန်းထဲကပြောနေတဲ့ ရိုတီကုလားကို စိတ်ထဲပုံဖော်ကြည့်လိုက်လို့ ရတယ်၊ အတော်သဘောကျသွားတယ်ဗျာ၊ အလှူမှာ ရိုတီကို Live လာရိုက်ပေးတာ .. လုံးဝ ဆန်းတယ်။ 

ဒီနှစ် ဝါဆိုသင်္ဃန်းကပ်တော့ အိမ်ကဟာမကြီးက “ဟိုးအရင် ရှင့်မွေးနေ့တုန်းက ကျွေးတဲ့ ကြက်သားပလာတာမျိုး ကျွေးရအောင် ... ဘုန်းဘုန်းတွေ အာရုံဆိုတော့ ကပ်ရတာလည်း အဆင်ပြေတယ်။ လူတွေလည်း အတော်ကြိုက်ကြတယ်၊ မလေးရှားကပြန်လာတဲ့ ကုလားကြီးဆီကပဲ အော်ဒါမှာမယ် ... ” လို့ တင်ပြလာတော့ ကျွန်တော်လည်း လက်ခံလိုက်တယ်။ သို့သော် ထိုကုလားကြီးက အိမ်မှာတော့ လာမရိုက်ပေးတော့ဘူး မနက်အစောကြီး သူ့အိမ်ကထဲက ရိုက်လာမယ်၊ ၂ ရက်လောက်တောင်အထားခံတဲ့ ပလာတာမျိုးဆိုတော့ အိုကေပေါ့၊ ဆွမ်းကပ်အလှူလုပ်တဲ့နေ့က ဘုန်းဘုန်းတွေလဲ အတော်ဘုန်းပေးကြသလို လူတွေလည်း အပီဆွဲကြတယ်။ တော်တော်ကောင်းတဲ့ တော်တော်နူးညံ့တဲ့ ပလာတာဗျာ။ 

မနေ့က မနက်ပိုင်းတော့ အစောကြီး လင်မယား ၂ ယောက် လမ်းထလျှောက်၊ ကျွန်တော်က ဓာတ်ဖမ်းရင်း ဂမုန်းပွင့်ကုန်တိုက်ကြီး အနောက်၊ ရေကူးရွာမလမ်း၊ မရမ်းကုန်း (၉) ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးရှေ့ ဆိုက်က္ကားဂိတ်နားရောက်တော့ လူတွေအုံနေတဲ့ ရိုတီတွန်း လှည်းသမားတစ်ယောက် တွေ့တယ်။ သူ ပလာတာရိုက်နေတာ “က” နေသလိုပဲ။ ကျွန်တော် ပလာတာစားချင်စိတ်ရော ဓာတ်ပုံရိုက်ချင်စိတ်ပါ ကဲ လာတာနဲ့ မိန်းမဖြစ်သူကို ပဲပလာတာ ဝယ်ခိုင်းတော့ “အဲဒါပေါ့... မလေးရှားက ပြန်လာတဲ့ ကုလားကြီးဆိုတာ... သူ့ပလာတာက မနက် ကိုးနာရီလောက်ဆို ကုန်ပြီ...” တဲ့။ 

ကျွန်တော် ကင်မရာကို အိတ်ထဲပြန်ထည့်လိုက်တယ်။ ဓာတ်ပုံမရိုက်တော့ဘူး ... ဒီကုလားကြီးကို သေချာအနီးကပ်လေ့လာမယ်ဆိုပြီး လူကြားထဲတိုး မသိမသာ ရပ်ကြည့်လိုက်တော့ .… …။ 

ဦးထုပ်နောက်ပြန်ဆောင်းပြီး အပီရိုက်နေတဲ့ ... “အဘိုင်လေး” ကျွန်တော် မှင်သက်သွားတယ်။ နှုတ်လည်းမဆက်မိသလို သူကလည်း ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်ပြီး အေးဆေးပဲ။ ကျွန်တော့်ကို မှတ်မိပုံမရဘူး။ 

ကျွန်တော် ဂနေ့မနက် အစောကြီးထပြီး တစ်ဗွေထဲ အဘိုင်လေးရှိရာ ဒိုးလာခဲ့တယ်။ အဘိုင်လေးဆိုင်ရှေ့ရောက်တော့ ပဲပလာတာ ၂ ချပ် ပါဆယ်မှာတယ်။ ဆိုင်ရှေ့မှာ ကျောင်းသွားခါနီး ပလာတာဆွဲဖို့စောင့်နေကြတဲ့ ကလေး ၄-၅ ယောက်ရယ်၊ အချို့လူကြီး ၃ ဦးလောက်ရယ် တန်းစီ ဝိုင်းနေပြီ။ 

ကျွန်တော့်ကို အဘိုင်လေး လှမ်းကြည့်ပြီး သေချာမှတ်မိပုံမရဘူး။ ကျွန်တော် ဆလံပေးလိုက်တော့မှ သူ အမှတ်ရသွားပုံရတယ်။ အေးဆေးပဲ ပြန်ပြုံးပြတယ်။ သိပ်မကြာဘူး၊ ကားကြီးကားခန့်တစ်စီး သူ့လှည်းဘေးထိုးကပ်လာပြီး ကားထဲက တရုပ်လူမျိုး လူရည်သန့်လင်မယားက အဘိုင်လေးကို မလေးဘာသာ စကားနဲ့ လှမ်းမေးလိုက်တယ်။ 

“ဆူဒ ဟာ့ဘေ့စ်လား” … … တဲ့။ 

အဘိုင်လေးကလည်း ပြန်ပြောတယ် ... “ဗလုံးးးမ် .. အါဒ လာ့ဂီ” တဲ့။ 

ကျွန်တော် သူတို့ချင်းပြောနေတဲ့ မလေးဘာသာစကားတစ်ချို့ကို နားလည်တော့ ပြုံးမိလိုက်ပါတယ်။ သြော် ... ဒီ တရုတ်မလင်မယားလည်း အဘိုင်လေး မနက်ခင်းဖောက်သည်တွေပါပဲလား ...။ 

အီစွတ်ဘိုင်ကြီးဆုံးသွားပြီးတဲ့နောက် အဘိုင်လေး မလေးရှားလစ်သွားတယ်။ မလေးမှာ ရိုတီတွန်းလှည်းနဲ့ ညစဉ်ရောင်း စုဆောင်းရင်း၊ အီစွတ်ဘိုင်ကြီး ကျန်ရစ်မိသားစုကိုလည်း ထောက်၊ သူ့မိသားစုအတွက်လည်း စုဆောင်း၊ ပြည်ပခရီးရှည်ဖြတ်သန်းရင်း ခုတော့ ဗမာပြေပြန်အခြေချပြီး သာကေတမှာ သူ့အိုးသူ့အိမ်နဲ့၊ အီစွတ်ဘိုင်ရဲ့ ကျန်ရစ်မိသားစုကိုလည်း သာကေတဘက်ခေါ်ထားပြီး ငဲ့သတဲ့ ကြည့်သတဲ့။ သူ့ဘော်ဒါ အီစွတ်ဘိုင်ကျေးဇူးကြောင့် ဒီ ရိုတီသမားဘဝရောက် အဆင်ပြေလာတာတဲ့၊ နောက်ပြီး သူဒီဘဝ စခဲ့တာ ဒီကမ္ဘာအေးမြေက စခဲ့လို့ သာကေတမှာတောင် မရောင်းဘူး၊ မနက်အစောကြီး ထလာပြီး ကမ္ဘာအေးမှာပဲ လာလာရောင်းသတဲ့။ သူ့ ကာစတန်မာတွေက ကမ္ဘာအေးက လူတွေချည့်ပဲတဲ့၊ ကမ္ဘာအေးကို ချစ်သတဲ့ သံယောဇဉ်ရှိသတဲ့၊ အလာ့ဟ်နားရောက်သွားတဲ့ သူ့ဘော်ဒါကြီး အီစွတ်ဘိုင်ကိုလည်း သတိရသတဲ့။ 

အဘိုင်လေးပြောချင်တာတွေ နားထောင်မိနေရင်း သူ့စိတ်တွေ တစ်နေရာရောက်နေချိန်မှာ ကျွန်တော် အဘိုင်လေးအမှတ်တရ ပုံတစ်ပုံ ဆွဲဖမ်းလိုက်မိတယ်။ 

ပတ်ဝန်းကျင် အရပ်သတင်းအရတော့ အဘိုင်လေးတစ်ယောက် အခု ဂျပန်ကသွင်းနေတဲ့ မော်တော်ကားသစ် ဝယ်စီးမယ်ဆိုရင်တောင် စီးနိုင်ပြီလို့ပြောနေကြတယ်။ ကျွန်တော် အားတဲ့အခါ၊ ဖီလင်လာတဲ့အခါ အဘိုင်လေးအိမ်အပြန် သာကေတဘက်လိုက်သွားပြီး အဘိုင်လေး ဘဝလေ့လာဦးမယ်။ ကျွန်တော့်ဘော်ဘော်ဟောင်းကြီး အီစွတ်ဘိုင် အလာဟ် အရှင်မြတ်ထံပါးမှာ အေးချမ်းပါစေ။ ပလာတာ ဂုရု ... “အဘိုင်လေး” (ဝါ) “ရိုတီဘိုင်” အပေါ်လည်း အလာဟ်အရှင်မြတ်ရဲ့ ငြိမ်းချမ်းသာယာ အေးမြမှုအပေါင်း ခညောင်းပါစေ။ 

ကျွန်တော့်ဘဝထဲက မနက်ခင်းတစ်ခင်း အတော်အေးချမ်းသွားတယ်။ 

ကမ္ဘာမြေ အေးချမ်းပါစေ။ 

မင်းသိုက် 
သြဂုတ်လ ၂၈ ရက်၊ ၂၀၁၃။ 
ရန်ကုန်။ 

သူ့ရဲ့ဖေ့ဘုတ်က ပြန်လည်ကူးယူ ဖော်ပြပါတယ်။


 

No comments: