Wednesday, January 9, 2013

အာဏာ ဘယ်သူ့လက်ထဲ ရောက်မလဲ (မောင်ဝံသ)

ရခိုင်ပြည်နယ်ကပဋိပက္ခများ စုံစမ်းစစ်ဆေးရေး၊ လက်ပံတောင်းတောင်အရေး၊ မိုးထိမိုးမိနဲ့ ရွှေတော်ဝင် အလုပ်သမားဆန္ဒပြမှုကိစ္စတို့လို လတ်တလော မြန်မာနိုင်ငံရေးမှာ ထိပ်ဆုံးတန်းက နေရာယူထားတဲ့ အရေးကိစ္စတစ်ချို့ (နှိုင်းယှဉ်ချက်အရ) နည်းနည်းလေး အသံတိုးတိမ်သွားချိန်မှာ နှစ်ဟောင်းကတည်းက အရှိန်မြင့်တက်လာနေခဲ့ပြီး နှစ်သစ်ရဲ့နိဒါန်းမှာ အထွတ်အထိပ်ကို ရောက်လာပြီလားလို့ လူအများ တွေးတော စိုးရိမ်ပူပန်နေကြတဲ့ကိစ္စတစ်ခုကတော့ ကချင်ပြည်နယ်မှာ သေနတ်သံတွေ မစဲသေးတဲ့အခြေအနေဖြစ်ပြီး အဲဒီကိစ္စနဲ့အတူ အခုတလောလေးမှာ ပြည်သူ့အလွှာမျိုးစုံအကြား ဆွေးနွေးလာကြတဲ့ အကြောင်းအရာတစ်ခုကတော့ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ မြန်မာနိုင်ငံရဲ့သမ္မတ ဘယ်သူဖြစ်လာနိုင်သလဲဆိုတဲ့ ခေါင်းစဉ်ဖြစ်တယ်ဗျ။

ကချင်ပြဿနာ ဆင်ခြေရာ မရှာချင်တော့

နှစ်သစ်မှာ အရေးတကြီးဖြစ်လာတဲ့ အဲဒီကိစ္စနှစ်ခုမှာ ကချင်ပြည်နယ်က စစ်ပွဲတွေကိစ္စကတော့ ‘ရှေ့နေသားအဖ ပုံပြင်’ အပါအဝင် ဆောင်းပါးပေါင်းများစွာတို့နဲ့ ဂျာနယ်တချို့မှာ ကျွန်တော် တင်ပြဆွေးနွေးခဲ့ပြီးဖြစ်တာကြောင့် အပ်ကြောင်းထပ်နေပြီဖြစ်ပြီး (အနည်းဆုံးတော့ အခုလောလောဆယ်မှာ) ဆင်ကောင်ကြီး တွေ့နေပါလျက် ဆင် ဟုတ် မဟုတ် သေချာအောင် ဆင်ခြေရာရှာတဲ့အလုပ်ကို ထပ်လုပ်ဖို့ ကျွန်တော့်အနေနဲ့ စိတ်မပါ့တပါဖြစ်နေတဲ့အတွက် လက်ရှောင်ထားပြီး ကျန်တဲ့ကိစ္စတစ်ခုအကြောင်းကိုပဲ ဆွေးနွေးချင်တယ်ဗျာ။


ဘယ်သူ့လက်ထဲ အာဏာရောက်မလဲ

၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ကျွန်တော်တို့နိုင်ငံရဲ့သမ္မတ ဘယ်သူဖြစ်လာမှာလဲ။ ဟုတ်ပါတယ်။ ဒီမေးခွန်းဟာ ကျွန်တော် အင်မတန် စိတ်ဝင်စားနေတဲ့မေးခွန်းဖြစ်သလို မြန်မာပြည်သူအားလုံးလည်း အထူးစိတ်ဝင်စားတဲ့ မေးခွန်းဖြစ်လိမ့်မယ်လို့ ယူဆမိတယ်ဗျ။

သမ္မတက အုပ်ချုပ်ရေးယန္တရားတစ်ခုလုံးရဲ့ ထိပ်ဆုံးမှာရှိတဲ့စနစ်ကို ကျင့်သုံးတဲ့နိုင်ငံတွေမှာ ‘သမ္မတ ဘယ်သူဖြစ်လာမလဲ’ ဆိုတဲ့မေးခွန်းရဲ့အဓိပ္ပာယ်က ‘နိုင်ငံတော်အာဏာကို ဘယ်သူရမလဲ’ ဆိုတာပဲ ဖြစ်တယ်ဗျ။ အဲဒီတော့ အဲဒီစနစ်ကျင့်သုံးတဲ့ ကျွန်တော်တို့နိုင်ငံမှာ ‘၂၀၁၅ ရွေးကောက်ပွဲအပြီး သမ္မတ ဘယ်သူဖြစ်လာမလဲ’ ဆိုတဲ့ မေးခွန်းရဲ့အဓိပ္ပာယ်က ‘၂၀၁၅ ရွေးကောက်ပွဲအပြီး နိုင်ငံတော်အာဏာ ဘယ်သူ့လက်ထဲ ရောက်မလဲ’ ဆိုတာ ဖြစ်တယ်ဗျ။

ဒီချုပ် ပါဝင်လာချိန်ကစလို့ 

တကယ်တော့ အဲဒီကိစ္စကို ပြည်သူတွေ စိတ်ဝင်တစားဖြစ်လာကြတာ အခုမှ မဟုတ်ဘူးဗျ။ ၂၀၁၀ ရွေးကောက်ပွဲက တစ်ဆင့်တက်လာတဲ့ ‘အမည်ခံ’ ပဲ ပြောပြော၊ လိုရင် လိုသလို မလိုရင် မလိုသလို အမည်ပေးကင်ပွန်းတပ်ခံခဲ့ရတဲ့ အရပ်သားအစိုးရ တက်လာခဲ့ပြီးတဲ့နောက်မှာတောင် တရားမဝင် အဖွဲ့အစည်းသဖွယ်ရှိနေခဲ့ဆဲဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ် ပြန်လည်မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်လို့ ကြေညာလိုက်တဲ့ အချိန်ကတည်းက ဖြစ်တယ်ဗျ။ ဒါပေမယ့် အဲဒီအကြောင်းအရာဟာ အကြောင်းကြောင်းတွေကြောင့် ငုပ်လျှိုးနေခဲ့ရာက ဒေါ်အောင်ဆန်းစုကြည် အမေရိကခရီးစဉ်အတွင်း စကားတစ်ခွန်းပြောလိုက်ပြီးတဲ့နောက်မှာမှ နောက်တစ်ကြိမ်ပြန်ပြီး ‘ဟော့’ (hot)လာတာ ဖြစ်တယ်ဗျ။ မကြာမတင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ မြိတ်၊ ကော့သောင်းခရီးစဉ်တွေမှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ပြောလိုက်တဲ့အခါမှာတော့ အဲဒီအကြောင်းအရာဟာ ပြည်သူ့ရှေ့ဆောင်ဂျာနယ်တွေနဲ့ အသံလွှင့်မီဒီယာတွေကတဆင့် ပြည်သူတွေကြား ပျံ့နှံ့ရောက်ရှိသွားပြီး စိတ်ဝင်တစား ဆွေးနွေးစရာကိစ္စတစ်ခု ဖြစ်လာခဲ့တာဖြစ်တယ်ဗျာ။

ဓား ဘယ်သူ့လက်ထဲမှာ ရှိသလဲ 

၂၀၁၅ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံရဲ့သမ္မတ ဘယ်သူဖြစ်လာမလဲ သို့မဟုတ် နိုင်ငံတော်အာဏာ ဘယ်သူ့လက်ထဲ ရောက်မလဲ။ အဲဒီကိစ္စဟာ ပြည်သူတွေအတွက် အရေးကြီးသလားလို့မေးလာရင် အသက်လောက် အရေးကြီးတယ်လို့ ကျွန်တော် ယူဆတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ နှစ်ပေါင်းငါးဆယ်လုံးလုံး နိုင်ငံတော်အာဏာဟာ ပြည်သူလူထုရဲ့ ကိုယ်စားလှယ်အစစ်အမှန်များ လက်ထဲမရှိခဲ့ဘဲ အာဏာလက်ထဲရှိနေတဲ့သူတွေကလည်း အရာကိစ္စတွေကို လွဲလွဲမှားမှား စီမံခန့်ခွဲခဲ့ကြတဲ့အတွက် ကျွန်တော်တို့နိုင်ငံ ကမ္ဘာ့အလယ်မှာသာမက ဒေသတွင်းမှာတောင် ‘ဓားမ နောက်ပိတ်ခွေး’ ဘဝ ရောက်သွားခဲ့ရတာကို ကျွန်တော်တို့ရဲ့ သက်တမ်းအတွင်း မျက်ဝါးထင်ထင် တွေ့မြင်ခံစားခဲ့ရလို့ပဲ ဖြစ်တယ်ဗျ။ နိုင်ငံရေးပါတီတစ်ခုရဲ့ စာစောင်တစ်ခုထဲ မကြာသေးခင်က ဖတ်ခဲ့ရတဲ့ ဆောင်းပါးတစ်ပုဒ်ထဲကလိုပဲ ဓားက သံချောင်းလက်ထဲမှာ ရှိသလား၊ ဦးဘရန် လက်ထဲမှာ ရှိသလား (ဆရာမြသန်းတင့်ရဲ့ ဓားတောင်ကိုကျော်ရွေ့ မီးပင်လယ်ကိုဖြတ်မည် ဝတ္ထုကြီးထဲက ဇာတ်ကောင်များကို တင်စားချက်) ဆိုတဲ့အချက်က အရာရာကို အဆုံးအဖြတ်ပေးမှာဖြစ်ကြောင်း ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းက သက်သေ အထင်အရှားပြသခဲ့ပြီး ဖြစ်တယ်ဗျ။

အာဏာနဲ့ သြဇာ 

အာဏာနိုင်ငံရေးအကြောင်းပြောတဲ့အခါ စကားမကျန်အောင် အာဏာနဲ့ဆက်စပ်ခြင်းမရှိတဲ့ နိုင်ငံရေးအကြောင်းလည်း ပြောကြရမှာ ဖြစ်တယ်ဗျ။ တချို့ကတော့ အဲဒီနှစ်မျိုးကို အာဏာနိုင်ငံရေး သို့မဟုတ် ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေး ဆိုပြီး ခွဲပြောချင်တတ်ကြတယ်ဗျ။ အာဏာကိုမျှော်မှန်းတဲ့ နိုင်ငံရေးနဲ့ အာဏာကိုမမျှော်မှန်းတဲ့ နိုင်ငံရေးပေါ့ဗျာ။ စာရေးဆရာကြီး ဦးအောင်သင်းကတော့ အဲဒီ နှစ်မျိုးကို ‘အာဏာ’ နဲ့ ‘သြဇာ’ ဆိုပြီး ခွဲခြားဖွင့်ဆိုရေးသားခဲ့တာ ကျွန်တော် ဖတ်ခဲ့ဖူးတယ်ဗျာ။ သိုးဆောင်းဘာသာနဲ့ (material authority)နဲ့ (moral authority)ရယ်လို့ ခွဲခြားနိုင်မယ် ထင်တယ်ဗျ။

ထိရောက်ထက်မြက်တဲ့ စွမ်းအင်

နိုင်ငံတစ်ခုရဲ့ အရေးအရာကိစ္စမှန်သမျှမှာ အဲဒီအရာနှစ်ခုဟာ ညီတူမျှတူ အရေးပါတဲ့ ထောက်တိုင်ကြီးနှစ်ခု ဖြစ်တယ်ဗျ။ နိုင်ငံတော်အာဏာဟာ အင်မတန်မှ ထိရောက်ထက်မြက်တဲ့စွမ်းအင်တစ်ခုဖြစ်တဲ့အတွက် နိုင်ငံတော်ကို တည်ဆောက် ထူထောင်လိုတဲ့ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးခေါင်းဆောင်များဟာ နိုင်ငံတော်အာဏာကို မဖြစ်မနေ မျှော်မှန်းကြရမှာ ဖြစ်သလို နိုင်ငံရေးအာဏာကို မျှော်မှန်းခြင်းမရှိတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေဟာလည်း မိမိတို့ရဲ့ ဖြူစင်တဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုများကိုအရင်းပြုပြီး နိုင်ငံတည်ဆောက်ရေးမှာ မရှိမဖြစ်လိုအပ်တဲ့ သြဇာအရှိန်အဝါ (moral authority) ကို ထူထောင်ကြရမှာပဲ ဖြစ်တယ်ဗျ။ တကယ်တော့ အဲဒီသြဇာအရှိန်အဝါဆိုတာဟာ တမင် ထူထောင်စရာတောင်မလိုဘဲ မှန်မှန်ကန်ကန် ဖြူဖြူစင်စင်လုပ်တဲ့သူဆီ အလိုအလျောက် ရောက်ရှိလာတာမျိုးပဲ ဖြစ်တယ်ဗျ။

သြဇာ အရှိန်အဝါဆိုတာ 

မဟတ္တမဂန္ဒီတို့၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့စတဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ အဲသလိုမျိုး သူတို့ပြည်သူတွေအပေါ် အင်မတန်မှ သြဇာအရှိန်အဝါကြီးသူတွေ ဖြစ်တယ်ဗျ။ သူတို့ဟာ လက်ထဲမှာ သံချောင်းရဲ့ဓားလည်း မရှိ၊ ဦးဘရန်ရဲ့ ဓားလည်း မရှိ၊ ကြက်သွန်လှီးတဲ့ ဓားမပြောနဲ့ အဈတ်ချုပ်တဲ့ အပ်ကလေးတစ်ချောင်းတောင် မရှိပေမယ့် သူတို့စကားတစ်ခွန်းက ပြည်သူ အထောင်အသောင်း အသိန်းအသန်းကို ညွတ်နူးစွာ ရွေ့လျားနိုင်စေခဲ့တယ်ဗျာ။ လက်ရှိ အိန္ဒိယနိုင်ငံမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးစစ်ပွဲကို နောက်မဆုတ်တမ်း ဆင်နွှဲနေတဲ့ အင်နာဟာဇဲဆိုတဲ့ ပုဂ္ဂိုလ်ကြီးဟာလည်း သြဇာအရှိန်အဝါဆိုတဲ့စကားလုံးရဲ့ အင်မတန်ကောင်းတဲ့ သက်ရှိဥပမာတစ်ခု ဖြစ်တယ်ဗျ။

အာဏာနဲ့ သြဇာ တစ်ထပ်တည်းကျသွားရင် 

အာဏာနဲ့ သြဇာတစ်ထပ်တည်းကျသွားပြီဆိုရင်တော့ အဲဒီနိုင်ငံဟာ ရှေ့ကို တစ်ဟုန်ထိုး တိုးတက်သွားတတ်တာ အမှန်ပဲဗျ။ တောင်အာဖရိကနိုင်ငံမှာ ပြည်သူတွေ အင်မတန်မှ လေးစားချစ်ခင်မြတ်နိုးတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် နယ်လ်ဆင်မင်ဒဲလား သမ္မတဖြစ်သွားတဲ့အခါ ဘယ်တော့မှ ကျက်မှာမဟုတ်ဘူးလို့ တစ်ချိန်က ထင်မြင်ယူဆခဲ့ကြတဲ့ သမိုင်းဒဏ်ရာတွေ ကျက်သွားခဲ့ပြီး တိုင်းပြည်လည်း အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်သွားခဲ့တာ အားလုံးအမြင်ပဲ ဖြစ်တယ်ဗျာ။

အီရန်သင်ခန်းစာ တစ်ခု 

တစ်ခုတော့ သတိထားရမှာ ရှိတယ်ဗျ။ အီရန်အဖြစ်မျိုး မဖြစ်စေဖို့ပါ။ ၁၉၇၉ ခုနှစ်က အီရန်နိုင်ငံမှာ ပဒေသရာဇ် ရှားဘုရင်ကိုဖြုတ်ချတဲ့ တော်လှန်ရေးကြီးဖြစ်ခဲ့၊ အောင်ပွဲခံခဲ့တယ်။ သို့ပေမယ့် ပြည်သူ့အစိုးရစစ်စစ် မပေါ်ပေါက်လာဘဲ အားလုံးရဲ့အထက်မှာ အယာတိုလာခိုမေနီဆိုတဲ့ ပုဂ္ဂိုလ်ကြီးက ရှိနေပါရောလား။ သူ မရှိပြန်တော့လည်း နောက်ထပ် အယာတိုလာကြီးတွေက သမ္မတရဲ့အထက်မှာရှိနေဆဲ ဖြစ်တယ်ဗျာ။ ဘယ်ကိစ္စမဆို နောက်ဆုံး အဆုံးအဖြတ်က အယာတိုလာကြီးပြီးမှ ပြီးရတယ်ဆိုတာ ဘယ်လို ဒီမိုကရေစီမျိုး ဖြစ်မလဲပေါ့ဗျာ။ ရှားဘုရင်လက်ထက်က ခေတ်မီတိုးတက်ခဲ့တဲ့ အီရန်ဟာ အခု ဘယ်အခြေအနေ ဖြစ်နေသလဲဆိုတာတော့ မျက်မှောက်ကာလ ကမ္ဘာ့သတင်းတွေမှာ ကြားရ မြင်ရတဲ့အတိုင်းပါပဲဗျာ။

ပြည်သူ့အစိုးရစစ်စစ်ပဲ လိုချင်ပါတယ် 

သို့မို့ကြောင့် ကျွန်တော်တို့ကတော့ ၂၀၁၅ မှာ မည်သူပဲ သမ္မတဖြစ်ဖြစ်၊ ပြည်သူ့ခေတ်ဂျာနယ်ရဲ့ မျက်နှာဖုံး ထိပ်ဆုံးမှာ တင်ထားထားတဲ့ မျှော်မှန်းချက်အတိုင်း ပြည်သူများအတွက် အလုပ်အကျွေးပြုမယ့်၊ ပြည်သူများကိုယ်တိုင်က ရွေးကောက်တင်မြှောက်သော၊ ပြည်သူများရဲ့အစိုးရစစ်စစ် (of the people, for the people, by the people) ကိုသာ လိုချင်ကြောင်းပါဗျာ။

၆၊ ၁၊ ၂၀၁၃
maungwuntha@gmail.com

ပြည်သူ့ခေတ် ဂျာနယ် မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။


 


 

No comments: