Wednesday, January 16, 2013

သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား (အပိုင်း-၆)

ဒီဆောင်းပါးရေးဖို့ပြင်ဆင်နေတဲ့အချိန်မှာ အိန္ဒိယမြန်မာနယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့မှာ ကိုမင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ စာပေဟောပြောပွဲလုပ်တဲ့သတင်း ကြားတယ်။ တချိန်က ဒီမြို့လေးကိုရောက်လာတဲ့ တခြားနယ်ကကျောင်းသားမှန်သမျှကို ဖမ်းဆီးစစ်ဆေးပြီး ထောင်ထဲပို့တာ၊ မိဘရပ်ဆီလွှဲပြောင်းတာတွေ ခံခဲ့ရပြီး၊ အခု နှစ်အစိတ်လောက်ကြာတဲ့အခါမှာတော့ ကျောင်းသားခေါင်းဆောင်တွေကိုယ်တိုင် အဲဒီမြို့မှာ ထင်ထင်ပေါ်ပေါ်နဲ့ ဟောပြောမှုတွေ လုပ်နေပြီဆိုတော့ ... ကျနော်ဟာ ကံကြမ္မာရဲ့လှည့်ဖျားမှုတွေကို သွားဆင်ခြင်မိတယ်။ ၁၉၈၈ အာဏာသိမ်းပြီးစ နယ်စပ်မြို့တွေဖြတ်ပြီး တဖက်နိုင်ငံ အစွန်အဖျားတွေကို (ထိုင်း၊ အိန္ဒိယ၊ တရုတ်) ကျနော်တို့ ကျောင်းသားတွေ ... တော်လှန်ရေးလုပ်ဖို့ ထွက်ခဲ့ကြတယ်။ အဲဒီတုန်းက ဓားကိုဓားချင်း၊ လှံကိုလှံချင်းဆိုတဲ့ စိတ်ဓာတ်တွေနဲ့ပေါ့။


အဲဒီတုန်းက ဒီလိုနယ်စပ်မြို့ပေါ်မှာ ကျောင်းသားအရွယ်လူငယ်မျက်နှာစိမ်းတွေဆို ခိုးကြောင်ခိုးဝှက် သွားလာရတာ။ အကြောက်အလန့်ကြီးတဲ့ အဲဒီတုန်းက စစ်အာဏာပိုင်တွေဟာ နိုင်ငံချစ်စိတ်ရှိသူ လူငယ်တွေကို သူခိုးဂျပိုးလို ဆက်ဆံခဲ့ကြတယ်။ ကျောင်းသားလူငယ်တွေကိုလက်ခံမိရင် အိမ်ရှင်တွေကို ဖမ်းချုပ်တယ်။ ခုခေတ်လိုသာဆို လူကုန်ကူးတဲ့အမှုနဲ့တရားစွဲမှာ သေချာတယ်။

အခု ကွယ်လွန်သွားပြီဖြစ်တဲ့ တမူးမြို့သား ကိုတင်ဝင်း (လူ့ဘောင်သစ်) ဆို အဲဒီတုန်းက တမူးမြို့ပေါ်ရောက်လာတဲ့ ကျောင်းသားလူငယ်မှန်သမျှကို ကုန်သိုလှောင်တဲ့ ဂိုဒေါင်တွေမှာပုန်းခိုစေပြီး မိုးရေးဘက် တသုတ်ပြီးတသုတ် ပို့နေတာ။ နောက်ပိုင်း အိန္ဒိယဘက် တောခိုဖို့လာသူမှန်သမျှကို တင်ဝင်း ဂိုဒေါင်နဲ့မကင်းဘူး။ ကြာတော့ ကိုတင်ဝင်း ကိုယ်တိုင်လည်း မခံနိုင်တော့ဘူး၊ ပြေးရတော့တာပဲ။ နောက်ဆုံး ဒုက္ခသည်စခန်းမှာပဲ ခေါင်းချသွားလေရဲ့။ စခန်းနောက်ဘက်မှာ သူ့အုတ်ဂူလေး ရှိနေတယ်။

တကယ်တော့ စာသင်သားဘဝကျဉ်းကျဉ်းမှာ အတွေ့အကြုံနုနုသာရှိသူတွေဟာ အင်မတန်မှ ကြမ်းတမ်းခက်ထန်လှတဲ့ တော်လှန်ရေးလမ်းပေါ်ရောက်တဲ့အခါ စိတ်ကူးနဲ့လက်တွေ့ လုံးဝ လွဲမှားနေမှန်း နောက်မှသိရတယ်။

… … … … … 

အိန္ဒိယနယ်စပ်ရောက် ကျနော်တို့အယောက် ၄၀ လောက်ကို မဏိပူရပြည်နယ် လုံခြုံရေးတပ် (ချန်ဒယ်ခရိုင်အမှတ် ၈ ရိုင်ဖယ် တပ်ရင်း) က မိုးရေးမှတဆင့် နည်းနည်းအတွင်းပိုင်းကျတဲ့ (ချန်ဒယ်ခရိုင်) ထဲ စစ်ထရပ်ကား ၃ စီးနဲ့ ခေါ်သွားကြတယ်။ ညမိုးချုပ်ကြီးဆိုတော့ ဘယ်ခေါ်သွားမှန်းလည်း မသိဘူး။ ဘယ်ဆီဘယ်ဝယ်သွားပြီး ဘာမှန်းညာမှန်း မသိရပေမယ့် ကျနော်တို့ ပျော်နေတယ်၊ တက်ကြွနေတယ်။ စိတ်အထင် ၁ နာရီခွဲလောက် မောင်းရမယ်ထင်တယ်၊ လမ်းပိတ်ထားတဲ့ လုံခြုံရေးဂိတ်တချို့ကိုလည်း ဖြတ်ရတယ်။

ကျနော်တို့ ရှမ်းပြည်ကလမ်းတွေအတိုင်းပဲ အကွေ့အကောက်၊ တဖက် ချောက်၊ တဖက် တောင်နံရံနဲ့ တောင်ပေါ်လမ်း ဖြစ်တယ်။ မိုးရေးကနေ ‘ပါလဲ’ ဆိုတဲ့မြို့ (ဒုတိယကမ္ဘာစစ်က ဂျပန်တပ်တွေအခြေစိုက်ခဲ့သလို ဗြိတိသျှတပ်တွေ ထိုးစစ်ဆင်ခဲ့တဲ့ သမိုင်းဝင်မြို့) အထိ တောက်လျှောက် တောင်တက်လမ်း ဖြစ်တယ်။

‘ပါလဲ’ ရောက်တော့ လမ်းခွဲ ၂ခု ရှိတယ်။ တခုက လွင်ပြင်ကြီးဖြစ်နေတဲ့ မဏိပူရမြို့တော် အင်ဖားဘက်သွားတဲ့ လမ်းခွဲ၊ နောက်တခုက တောင်ပေါ်လမ်းဖြစ်တဲ့ ချန်ဒယ်ခရိုင်ကိုသွားတဲ့ လမ်းခွဲပါ။ ကျနော်တို့ကို ချန်ဒယ်ဘက်ခေါ်သွားတာ ဖြစ်တယ်။ တိတိကျကျပြောရင် ချန်ဒယ်ခရိုင်မြို့လေး မရောက်ခင် ၃ မိုင်လောက်မှာရှိတဲ့ အမှတ် ၈ မဏိပူရ ရိုင်ဖယ်တပ်စခန်းရှိရာ လိုင်ခွန်း (Leikun) စစ်စခန်းဆီကို ဖြစ်တယ်။

အဲဒီစစ်စခန်းရဲ့အထက် တောင်ကုန်းမြင့်ကြီးတခုမှာရှိတဲ့ ဆောက်ပြီးစ တပ်ဆေးရုံလေးမှာ ကျနော်တို့ကို ယာယီ နေထိုင်ခွင့်ပေးထားတာ ဖြစ်တယ်။ တောင်ကုန်းထိပ်မှာရှိတဲ့ ဆေးရုံဆောင်က သိပ်ကြီးတာတော့ မဟုတ်ဘူး။ ကုတင်ထားမယ်ဆိုရင် အလွန်ဆုံး ကုတင် ၃၀ ပဲဆန့်နိုင်တဲ့ ဘာမှမရှိတဲ့ ခမ်းမဆောင်ကြီးတခုရယ်၊ ညာဘက် ဘေးကပ်ရက်မှာ ၆ ပေ x ၁၀ ပေလောက်ရှိတဲ့ ရှည်မျောမျော အခန်းတခုရယ်၊ ဘယ်ဘက်ဘေးမှာ အိမ်သာ ၂ လုံးရယ် ... ဒါပဲ။ တောင်ကုန်းပေါ်မှာ သွပ်မိုး အုတ်တိုက်နီကျံကျံ ဆေးရုံအသစ်စက်စက်က ထီးထီးကြီးတခုထဲ။

ညကြီးမင်းကြီး ကျနော်တို့ ကားပေါ်ကဆင်း တန်းစီနေရာယူတော့ မဏိပူရ တပ်ရင်းမှူးအရာရှိက ကြိုဆိုတဲ့အကြောင်း နှုတ်ခွန်းဆက်တယ်။ ပြီးတော့ ဒီအဆောက်အဦမှာ ယာယီတည်းခိုဖို့ စီစဉ်ထားတဲ့အကြောင်း၊ နောက်တနေ့မှ အောက်ခံ တမံသလင်းပေါ် ကောက်ရိုးတွေခင်းပြီး နွေးထွေးအောင်စီစဉ်ပေးမယ့်အကြောင်း၊ အစားအသောက်ကို သူတို့က ချက်ပြုတ်စီမံပေးရမလား၊ ကိုယ့်ဖာသာ ချက်ပြုတ်စီစဉ်မလား မေးတယ်။ ကျနော်တို့ဘက်က မိမိဖာသာ စီစဉ်မယ့်အကြောင်းပြောတော့ သူတို့က နောက်တနေ့မှာ အိုးခွက်ပန်းကန်တွေနဲ့ ရိက္ခာတွေပေးပို့မယ့်အကြောင်း ပြောတယ်။

ပြီးတော့ ဒီညတော့ သူတို့ချက်ပြုတ်ထားတဲ့ အစီအစဉ်အတိုင်း စားသောက်ဖို့နဲ့ အဆောက်အဦက အသစ်စက်စက်ဖြစ်လို့ သောက်သုံး ရေလှောင်ကန်မရှိသေးတဲ့အကြောင်း လောလောဆယ် အိမ်သာ ၂ လုံးကို လုံးဝအသုံးမပြုဘဲ ယာယီကျင်းတူးအိမ်သာပဲ အသုံးပြုစေချင်ကြောင်း၊ ဘာဖြစ်လို့လဲဆို အဆောက်အဦဘယ်ဘက် မလှမ်းမကမ်းမှာ ကွန်ကရစ်မြေအောက်မိလ္လာကန် ၂ လုံးကို ယာယီသောက်သုံးရေလှောင်ကန်အဖြစ် သုံးထားတဲ့အကြောင်း အသိပေးပါတယ်။

အရေးကြီးတာတခုက အဆောက်အဦပရဝုဏ် သံဆူးကြိုးပတ်ပတ်လည်ကာရံထားပြီး ဝန်းအပြင်မထွက်ဖို့၊ လက်နက်ကိုင် လုံခြုံရေးအစောင့်အကြပ်တွေရှိနေတဲ့အကြောင်း၊ သူတို့ခွင့်ပြုချက်နဲ့သာ အပြင်ထွက်ဖို့ဆိုပြီး မှာပါတယ်။

အဲဒီညက ကျနော်တို့တတွေ မိုးရေးမြို့ ကုန်သည်ကြီးများအသင်းကပေးလိုက်တဲ့ ၂ ထပ် ဘာဘူစောင်ကို တထည် အောက်ခံ၊ တထည်ခြုံပြီး မဏိပူဆောင်းညကို အံတုကွေးခဲ့ရတယ်။ စည်းကမ်းထိမ်းသိမ်းရေးမှူး ကိုဂြိုလ်တု (ကွယ်လွန်)ရဲ့ တရွှီရွှီဝီဇီမှုတ်သံနဲ့ ထကြထကြဆိုတဲ့အသံကြောင့် ကျနော်တို့ ကမန်းကတန်းထကြတယ်။ တပ်စု ၄ စု ခွဲပြီး ကိုယ့်အစုနဲ့ကိုယ် တန်းစီဖို့ အသင့်ပြင်တယ်။ ကျနော်တို့ကို စောင်ခေါက်နည်း၊ အိပ်ရာသိမ်းနည်းတွေကို ကိုယ့်လူတွေကပဲ စနစ်ကျအောင် သင်ပေးထားတယ်။ ဖိနပ်တွေကို ကိုယ့်တပ်စုနဲ့ကို ညီညီညာညာ ချွတ်ခိုင်းတယ်။ မညီသူကို အပြစ်ပေး ဒိုက်ထိုးခိုင်းတယ်။

လူကလည်း နည်း၊ စိတ်ဓာတ်တွေကလည်း တက်ကြွနေတော့ သိပ်ညီတယ်။ စည်းကမ်းအတိအကျ လိုက်နာတယ်။ မနက် အပြင်ထွက်တန်းစီတော့ မြူတွေပိတ်နေတယ်။ ရာသီက အေးစိမ့်နေတယ်။ ရေခဲမှတ်နီးနီးပဲ။ တခါတလေ ရေခဲအောက် ထိအေးတယ်၊ အပြင်မှာ အင်္ကျီလှမ်းထားရင် ရေခဲမှုန်တွေတက်ပြီး အင်္ကျီက ချပ်ပြားကြီးလို တောင့်တောင့်ကြီးဖြစ်နေတယ်။ နေထွက်လာမှ ပြန်ခြောက်တာ။ ယာယီအိမ်သာကလည်း ကျင်းတူးပြီး ဝါးကပ်ထရံ လေးပတ်လည်ဝိုင်းပြီး ကာထားတာ။ ယောက်ျား တလုံး၊ မိန်းကလေး တလုံး။ မိန်းကလေးက ၂ ယောက်ထဲ၊ ယောက်ျားက ၃၀ ကျော်။ အိမ်သာမလောက်လို့ သံဆူးကြိုးလေးအသာမပြီး စကပ်ပင်တောထဲ စခန်းသွားကြသူ များတယ်။ စကပ်တောကြီးကလည်း ထူထူထပ်ထပ်၊ နောက်တော့လည်း အဲဒီစကပ်ပင်တွေ ဒုက္ခသည်တွေရဲ့ထင်းဖြစ်ကုန်တာပဲ။

အိမ်သာမလောက်လို့ တောထဲဖြစ်သလို သွားကြတော့ နောက်ပိုင်း ရက်အတော်ကြာတဲ့အခါ အံ့သြစရာကောင်းလောက်အောင် ယင်ကောင်တွေ၊ ယင်ကောင်တွေ အရမ်းပေါလာတယ်။ ထမင်းချက်တဲ့နေရာနဲ့ အိမ်သာထဲတင် ယင်တွေလုံးခဲနေတာ မဟုတ်ဘူး၊ ညအိပ်ရင်တောင် ယင်ကောင်တွေက အနားမယူဘဲ အွန်ဂျူတီဆင်းပြီး မျက်နှာနဲ့ ကိုယ်ပေါ်နားပြီး နှိပ်စက်တာခံရတယ်။ နောက်ပိုင်း စည်းကမ်းထိန်းသိမ်းရေးမှူး ကိုဂြိုလ်တုက ယင်ကောင် ၁၀၀ ကို ဘီဒီဆေးလိပ် (ကုလားတွေသောက်လေ့ရှိတဲ့ ပွတ်ချွန်း ဆေးလိပ်သေးသေး) တလိပ်နဲ့ နှိမ်နင်းတာတောင် မကုန်ဘူး။ သိပ်မကြာဘူး၊ ဝမ်းရောဂါတွေဖြစ်ကုန်တယ်။ ကျန်းမာရေး ထိခိုက်တော့ စိတ်ဓာတ် အကြီးအကျယ်ကျကုန်တယ်။ အဲဒါ နောက်ပိုင်းကျဖြစ်လာတာတွေပေါ့။

တကယ်တော့ အိန္ဒိယအစိုးရက မြန်မာဒုက္ခသည်တွေကို လက်ခံနေပါပြီလို့ ကမ္ဘာသိ ကျယ်ကျယ်လောင်လောင် ကြေငြာခဲ့ပေမယ့် ဒုက္ခသည်တွေအတွက် ဘာတခုမှ ကြိုတင်မစီစဉ်ထားပါဘူးဆိုတာ ထင်ရှားပါတယ်။ ကျနော်တို့ ဒုက္ခသည်တွေဟာ နောက်ပိုင်းမှာ လူဦးရေအရ ၂၀၀ ဝန်းကျင်ပဲ ရှိခဲ့တာပါ။ ကျနော်တို့တတွေကို အစာလုံလောက်အောင် မကျွေးမွေးဘူး၊ စောင် မလုံလောက်ဘူး။ အိပ်စရာ၊ ကျောခင်းစရာတောင် မလုံလောက်ခဲ့ဘူး။ ဆေးဝါးဆိုလည်း ဝေလာဝေးပါ။ ဒီကိစ္စတွေ နောက်ပိုင်းမှာ ရေးပါအုံးမယ်။

ကျနော်တို့ဒုက္ခသည်စခန်းရဲ့ တောင်ကုန်းပတ်ပတ်လည် သံဆူးကြိုးနဲ့ကာထားပြီး အနောက်ဘက်ထွက်ပေါက်မှာ ရွက်ဖျင်တဲ ၂ လုံးနဲ့ လက်နက်ကိုင် မဏိပူရစစ်သားတွေ စောင့်နေတယ်။ သတိထားမိတာတခုက အိန္ဒိယနယ်ခြားစောင့် လက်နက်ကိုင်စစ်သားတွေရော၊ အခု ကင်းစောင့် မဏိပူရရဲဘော်တွေရော သူတို့သေနတ်ကို သံကြိုးနဲ့တုတ်ပြီး ကိုယ့်ခါးနဲ့ တွဲချည်ထားတာပဲ ဖြစ်တယ်။ ခပ်နောက်နောက် တမူးနယ်သားတယောက်ကတော့ ဗမာတွေ သေနတ်လုပြေးတတ်လို့ပါလို့ ပြောတယ်။ တိုက်ပွဲမှာကျရင် ကိုယ့်လက်နက်ကို ရန်သူက အလွယ်တကူ ကောက်ယူပြေးလို့ မရအောင်လို့ ဖြစ်မှာပါ။

ကျနော်တို့အားလုံး ကျန်းမာရေးလေ့ကျင့်ခန်းတွေ တန်းစီလုပ်ကြတယ်။ တောင်ကုန်းလေးပေါ်မှာပဲ ပတ်ပြေးကြတာ တပ်မတော်က စစ်သားသစ်လေ့ကျင့်ရေးစခန်းမှာ အော်ဟစ်ပြေးသလိုပေါ့ ... “ဘာလုပ်နေလဲ … လေ့ကျင့်နေတယ်၊ ဘာစိတ်ဓာတ်လဲ ခွတ်ဒေါင်းစိတ်ဓာတ်၊ ဘယ်သူ့အတွက်လဲ ပြည်သူ့အတွက်”။

ဗိုက်ဟောင်းလောင်းနဲ့ လေ့ကျင့်ခန်းလုပ်ပြီး မောမောပမ်းပမ်းဖြစ်နေပေမယ့် ကသဲစစ်သားတွေက ထမင်းလာမပို့သေး။ ဗမာတွေက မွန်းမတည့်မီ နေ့လည်စာစားတတ်ပေမယ့် သူတို့က မွန်းလွဲ ၁ နာရီလောက်မှ ထမင်းစားတတ်တာ။ ကျနော်တို့ရောက်ပြီး နောက်တရက်ထိ သူတို့ချက်ပြုတ်တာပဲ စားရတယ်။ အိုးခွက်၊ ပန်းကန်နဲ့ ရိက္ခာကိစ္စ စီစဉ်လို့ မပြီးတာမို့ပါ။

မှတ်မှတ်ရရ ရှိနေတာတခု ပြောရအုံးမယ်။ ညကျတော့ လူကြီးတွေက ထမင်းအရင်စားတယ်။ ကျနော်တို့က ဆရာဦးရွှေထူး (မန္တလေး) ဒေါက်တာအောင်ကျော်ဦး (ယခု မဏိပူရ၊ သင်္ကြန်သံချပ်ရေးတဲ့ ကဗျာဆရာမြတ်ထက်) ပန်းချီစစ်ငြိမ်းအေး (ယခု အမေရိကား) စာရေးဆရာ ကောလ်ထန်မောရိယယ်လ် (ကွယ်လွန်) နဲ့ မန်းဆေးတက္ကသိုလ်က ကိုဘရန် (ကိုသိန်းဌေး-အမေရိကား) ကျော်ကျော်ထွဋ် (အမေရိကား) တို့ကို ဦးစီးအဖွဲ့ခေါင်းဆောင်တင်ထားတာ သူတို့က အရင်စားတယ်။ ကျနော်နဲ့ ရဲဘော်တချို့ အပြင်မှာမီးလှုံနေရင်း ဆရာထူးက “မောင်ညိုရေ ... သောက်ရေပြတ်နေတယ်၊ သွားခပ်လိုက်ပါအုံးကွာ” လို့ခိုင်းလို့ ရေပုံး ၂ ပုံးဆွဲပြီး အိမ်သာနောက်ဘက် ကွန်ကရစ်ရေလှောင်ကန်လေးထဲက ရေသွားဆွဲတယ်။

ကျနော်က မျက်မှန်သမား၊ ညကြီးဆိုတော့ သိပ်လည်း မမြင်ရဘူး။ ရေပေါ်ပေါလောပေါ်နေတဲ့ အမှိုက်သရိုက်တွေရှင်းပြီး သောက်ရေ ဆွဲလာတယ်။ ဦးစီးအဖွဲ့ထမင်းစားပြီး ရေသောက်တယ်။ ကသဲတွေကလည်း သောက်ကြတယ်။ ရေပြတ်သွားလို့ နောက်ထပ်ရေသွားဆွဲဖို့ အိမ်သာနောက်သွားတော့ ဆရာထူးက “မောင်ညို ... မင်း ဘယ်ကရေ သွားခပ်မှာတုန်း” လို့ မေးတယ်။

“အိမ်သာနောက်က ရေလှောင်ကန်လေ” လို့ ဖြေတော့ “အာ ... လခွီးမှပဲ ... သွားပါပြီကွာ” လို့ပြောပြီး ထွီထွမ်နဲ့ တံတွေးထွေး ပါတော့တယ်။ ကျနော်လည်း ကြောင်သွားတယ်။ အားလုံးက “ချီးရေတွေ ... ချီးရေတွေ” နဲ့ တဝါးဝါးဟားပြီး ဝိုင်းအော်တယ်။ ဆရာထူးက “သွား သွား ပုံးထဲကရေတွေ မြန်မြန်သွန် သေချာသွားဆေး၊ ဝမ်းရောဂါတွေဖြစ်ကုန်တော့မှာပဲ ဒုက္ခပဲကွာ” လို့ ညည်းတယ်။

မတတ်နိုင်ဘူး လက်လွန်သွားပြီ။ အမှန်က ညနေပိုင်းမှာ ရေတိုင်ကီတွေရောက်လာလို့ သောက်ရေ သုံးရေကို နဂိုကသုံးတဲ့ အိမ်သာမိလ္လာ ရေလှောင်ကန်အသစ်ကို မသုံးတော့ဘဲ အသစ်ရောက်တဲ့ ရေတိုင်ကီကြီးတွေပဲ သုံးတာဖြစ်တယ်။ တံခါးပိတ်ထားတဲ့ အိမ်သာအသစ်ကြီးကိုလည်း အသုံးပြုနိုင်ပြီလို့ ညနေကပဲ ဖွင့်ပေးလိုက်တာကြောင့် အမျိုးသမီး နှစ်ယောက်နဲ့ ကျောင်းသားတချို့ ဈေးဦးပေါက်ဆိုပြီး အခင်းကြီးအခင်းလေးတွေ သွားပြီးကြပြီ။ နောင်အခါ သတင်းထောက်ဖြစ်မယ့် ကျနော်က အဲဒီ အင်ဖော်မေးရှင်းကို မရလိုက်ဘူး။

ဒါနဲ့ မိလ္လာကန်ထဲကရေခပ်ပြီး ဦးစီးအဖွဲ့ကို သွားတိုက်မိတာ။ အဲဒီနောက်ပိုင်း ကျနော့်နာမည်လည်း လအတန်ကြာထိ ကိုညိုကနေ “အီးညို” လို့ ပြောင်းသွားတယ်။ တခါတလေ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောတိုင်း ကျနော့်ကို ရေခပ်ကူပေးတဲ့ ကိုအောင်ဆန်းလင်း (ကလေးမြို့၊ယခု သြစတေးလျ) က “ကိုညိုရေ ... အဲဒီတုန်းက ခင်ဗျား ခေါင်းဆောင်တွေကို ချီးရေတိုက်ပြီး နာမ်နှိမ်လိုက်လို့ဖြစ်မယ်၊ နောက်ပိုင်း ခေါင်းဆောင်ချင်းလည်း မတည့်၊ အဖွဲ့လည်း ကွဲတော့တာပဲလေ” လို့ ပြောတယ်။ ဒေါက်တာဘရမ်ဆိုရင် ... နှစ်အတန်ကြာထိ ကျနော့်ကို “ချီးညို ... ချီးညို” နဲ့ နောက်ပြောင်ပြီး ခေါ်တုန်း ...။

ကိုညို (အော်စလို) 


 

No comments: