Monday, January 21, 2013

အိုဇာတာ (ခင်ငြိမ်းသစ်)

ဗုဒ္ဓရဲ့တရားတော်မှာ အိုခြင်း၊ နာခြင်းနဲ့ သေခြင်းတွေကို ဒုက္ခလို့ ဟောကြားတော်မူခဲ့သော်လည်း ကျွန်မ ငယ်ငယ်ကတော့ ဘာကြောင့် ဒုက္ခလို့သတ်မှတ်ရမှန်း ရေရေရာရာ နားမလည်လှပါ။ ကျွန်မရဲ့မေမေက ကျွန်မတို့ကို သူ အိုဇာတာကောင်းမည်လို့ ဗေဒင်ဆရာတွေကပြောတဲ့အကြောင်းကို အမြဲပြောတာ မှတ်မိနေသည်။ မေမေ ဘာကြောင့် အိုဇာတာကောင်းချင်သည်ဆိုတာကို ကျွန်မတို့ နားမလည်တတ်ခဲ့ပါ။

အိုဇာတာနဲ့ပတ်သက်ပြီး ကျွန်မ သေချာနားလည်လိုက်သော အဖြစ်အပျက်တစ်ခုကို ၁၉၈၅ ခုနှစ်လောက်က ကျမ ကြုံတွေ့ခဲ့တာကို မှတ်မိနေသေးသည်။ ကျွန်မနဲ့ ဖေဖေ ကုန်တိုက်(၂) ကိုရောက်တဲ့ အချိန်မှာပဲ လမ်းဘေးမှာ ဈေးရောင်းနေတဲ့ ဈေးသည်တွေ လှုပ်လှုပ်ရှားရှား ပြေးကြလွှားကြဖြစ်သွားသည်။ အဲဒီ့အချိန်က အကြီးအကျယ်လုပ်နေတဲ့ ဂဠုန်စီမံချက်နဲ့ လမ်းဘေးဈေးသည်တွေကို လိုက်လံဖမ်းဆီးနေသော စည်ပင်သာယာကလူတွေ လာကြခြင်းဖြစ်သည်။

ဈေးသည်တွေအားလုံး ကိုယ့်ပစ္စည်းကိုသယ်ပြီး ပြေးကြသည်။ ဂဠုန်အဖွဲ့က ပစ္စည်းမိလျှင် ပစ္စည်း သိမ်းသည်၊ လူမိလျှင်တော့ လူပါဖမ်းသည်။ ထိုသို့ လူတွေ ရုတ်ရုတ်သဲသဲဖြစ်နေပေမယ့် အသက်အရွယ်ကြီးရင့်နေတဲ့ အဘွားအို တစ်ဦးကတော့ဖြင့် သူများလို မပြေးနိုင်ရှာပါ။


သူ့ဈေးဗန်းကို မ မနိုင်ခင်မှာဘဲ ဂဠုန်အဖွဲ့ဝင်တွေ အဘွားအိုရှေ့ကို ရောက်လာခဲ့သည်။ ဂဠုန်အဖွဲ့ဝင်တွေက အဖွားအို ရောင်းချနေသော သစ်သီးများကို ဖိနပ်နှင့်နင်းခြေလိုက်ပြီး အဖွားကြီးကိုပါ ကားပေါ်သို့ ဆွဲတင်လိုက်သည်ကို ကျွန်မ မြင်တွေ့လိုက်ပါသည်။ ရုတ်တရက် ကျွန်မ ဂဠုန်တွေကို ဒေါသထွက်သည်၊ နောက်ပြီး ဒီအဖွားကြီးရဲ့ သားသမီးတွေကိုလည်း ဒေါသထွက်မိသည်။

ဒီလောက် အသက်ကြီးနေပြီဖြစ်တဲ့ ကိုယ့်ရဲ့မိခင်ကို ဘာကြောင့်များ မစောင့်ရှောက်ရတာလဲဆိုတဲ့ အတွေးကြောင့် ဒေါသထွက်မိခြင်းဖြစ်သည်။ အဖွားကြီးမှာ သားသမီး ရှိ၊ မရှိ ကျွန်မသေချာ မသိပါ။ ကျွန်မရဲ့ မိနစ်ပိုင်းအတွင်းမှာ ဖြစ်ပေါ်လာတဲ့ အတွေးတွေ၊ ခံစားချက်တွေပဲ ဖြစ်ပါသည်။ ကျွန်မရဲ့ဖေဖေကတော့ အိုဇာတာ မကောင်းတဲ့ အဖွားကြီးပဲလို့ မှတ်ချက်ပြုခဲ့သည်။

မဲဆောက်မှာနေခဲ့တုန်းက ဦးလှဘူး လို့ခေါ်သော အသက် ၈၁ နှစ်အရွယ် အဘိုးတစ်ဦးနှင့်ဆုံခဲ့ဖူးသည်။ အဘိုးက စက်ဘီးပြင်သည်။ အရိုးတွေပြိုင်းပြိုင်းထနေတဲ့ လက်ကလေးနဲ့ ပလာယာတွေကို လှည့်နေတာတွေ့တော့ ကျွန်မ စိတ်မကောင်းဖြစ်ရသည်။ အဖိုးနဲ့ ကျွန်မ အလာပ သလာပ ပြောမိတော့ အဖိုးက “သေရင်တောင် မြန်မာပြည်မှာပဲ ပြန်သေချင်ပါတယ်၊ ဒါပေမယ့် မြန်မာပြည်မှာ အဖိုးအတွက် နေစရာမရှိဘူး၊ အလုပ်လုပ်ဖို့လည်း မလွယ်ဘူးထင်တယ်၊ ဒီမှာက စက်ဘီး တစ်ခါပြင်ရင် ၅ ဘတ်၊ ၁၀ ဘတ်နဲ့ စားဖို့တော့ဖြစ်နေသေးတယ်၊ ဒါကြောင့် မပြန်ဖြစ်သေးတာပေါ့” လို့ ကျွန်မကို ပြောပြခဲ့ဖူးသည်။

အဖိုးကို ထိုင်း-ကရင် ကပြားတစ်ဦးကနေဖို့အတွက် ၁၀ ပေပတ်လည် မြေကွက်လေး ပေးထားသည်။ အဖိုးက အိမ်ထောင်မပြုတဲ့ လူပျိုကြီးဆိုတော့ အဖိုးမှာ သားထောက်သမီးခံ မရှိပါ။ အဖိုးကို စောင့်ရှောက်မည့်လူ မရှိပါ။ ဒါပေမယ့် အိမ်နားနီးခြင်း မြန်မာတွေကတော့ အဖိုး နေမကောင်းလျှင် အချင်းချင်း စောင့်ရှောက်ကြသည်။

ကျွန်မတို့ မြန်မာပြည်ကို ပြန်ရောက်ပြီးနောက် ကျွန်မနေထိုင်တဲ့ လမ်းထိပ်မှာ အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ အဖွားကြီးတစ်ဦး ဈေးရောင်းနေသည်။ ရာသီပေါ် သီးနှံလေး တွေရောင်းချစားသောက်ရသည်။ အဘွားမှာ သား ၂ ယောက်ရှိပေမယ့် ၂ ယောက်စလုံး အရက်သမားတွေချည်းပဲဆိုတော့ အဘွားကတောင်မှ သူတို့ကို ကျွေးမွေးနေရသေးသည်။ တစ်ခါတစ်ရံ ကျွန်မဈေးသွားဝယ်တိုင်း အဖွားက သူ့ရဲ့အခြေအနေကို ငြီးတွားနေတတ်သည်။

သားသမီးတွေကို အားကိုးလို့မရတဲ့ အကြောင်းနဲ့ သူ့ရဲ့ဝဋ်ကြွေးကျေအောင် သူ အမြဲဆုတောင်းတဲ့အကြောင်း ကျွန်မကို ရင်ဖွင့်တတ်သည်။ တစ်လအတွက် ဝင်ငွေ ၇ သောင်းပတ်ဝန်းကျင်ပဲရတယ်လို့ အဖွားက ပြောပြခဲ့ပါသည်။ အဲဒီ့ငွေလေးနဲ့ လောက်ငှအောင် ဖန်တီးနေရလို့ ရံဖန်ရံခါ သူစားချင်နေတဲ့ မုန့်ပဲသရေစာတောင်မှ မစားနိုင်တဲ့အကြောင်းကိုလည်း ပြောပြတတ်သည်။

သူ့ကိုယ်သူ သားဆိုးအမေလို့ သတ်မှတ်ပြောဆိုတတ်ပါသေးသည်။ ကျွန်မက ဘိုးဘွားရိပ်သာလိုနေရာမျိုးမှာ နေထိုင်သင့်သည်ဟု အကြံပေးလိုက်တိုင်း ခါးခါးသီးသီးပဲငြင်းဆိုပါသည်။ အဘွားက သူတို့လိုသာမန်လူတွေ ဘိုးဘွားရိပ်သာမှာ နေခွင့်မရှိဟု ထင်နေပါသည်။ သေမှပဲ ဝဋ်ကျွတ်မယ်ဟုလည်း ယူဆထားပုံရသည်။

ကျွန်မရဲ့ဖေ့ဘုတ်က မိတ်ဆွေတစ်ဦးဖြစ်တဲ့ ဒေါက်တာ သူရိန်လှိုင်ဝင်းရဲ့ Facebook မှာရေးထားတဲ့စာကို ဖတ်မိသူတိုင်း စိတ်မကောင်းဖြစ်သွားစေခဲ့သည့် ဇာတ်လမ်းကတော့ ဆရာ့ရဲ့ဆေးခန်းကို အသက် ၈၀ ကျော်လောက်ရှိတဲ့ ဆင်းဆင်းရဲရဲ အဖွားအိုကြီးတစ်ဦး ရောက်လာခဲ့သည်။

အဖွားက တော်တော် အသက်ရှုရခက်ခဲနေသည်။ အက်စမာ လို့ ခေါ်ကြသည့် ပန်းနာရင်ကျပ် ဖြစ်နေသည်။ ဆရာက သူ လုပ်ပေးသင့်သည့် ကုသမှုတွေအားလုံးကို လုပ်ပေးလိုက်တာကြောင့် အဖွားကြီး အသက်ရှုရသက်သာသွားခဲ့သည်။ သက်သာသွားတော့မှ အဖွားက သူ့ရဲ့လုံခြည်ထဲ ထည့်လုံးထားတဲ့ ငွေ ၁၀၀၀ ကျပ်ကို ထုတ်ပေးပါသည်။ ဆရာက မယူတော့ဘဲ ဘာလို့အခုမှ ဆေးခန်းလာတာလဲလို့မေးတော့မှ အဖွားက တောင်းရမ်း စားသောက်နေရတဲ့သူမှန်းသိရသည်လို့ ရေးထားသည်။

ဆရာ့ရဲ့လူနာက ကလေး ၈ ယောက်မွေးထားခဲ့ပေမယ့် အခုအချိန်မှာတော့ တစ်ယောက်မှ အသက်မရှင်တော့လို့ သူ့မှာ အားကိုးစရာမရှိဘူးလို့ ပြောပြထားသည်။

ဆရာ ရေးထားတဲ့အကြောင်းနဲ့ပတ်သက်ပြီး ကျွန်မ ဆရာ့ထံ ဖုန်းဆက်မေးကြည့်ခဲ့ပါသည်။ ဆရာက “ခိုကိုးရာမဲ့နေတဲ့ အဘိုး၊ အဘွားတွေကို ဘိုးဘွားရိပ်သာလိုနေရာမျိုးတွေမှာ စောင့်ရှောက်ထားစေချင်ပါတယ်။ ကျွန်တော်နိုင်ငံမှာ အစိုးရက ထောက်ပံပေးတဲ့ ဘိုးဘွားရိပ်သာဆိုတာ သိပ်မရှိပါဘူး။ အများအားဖြင့်ကတော့ လူမှုကူညီရေးအဖွဲ့အစည်းတွေက ထူထောင်ထားကြတာလေ။ သူတို့ရဲ့ဂေဟာတွေမှာ ကောင်းကောင်း မွန်မွန်ကျွေးပါတယ်၊ ဒါပေမယ့် သူတို့ရဲ့ စည်းမျဉ်း စည်းကမ်းတွေကိုတော့ လိုက်နာကြရပါတယ်၊ သူတို့ရဲ့ဂေဟာတွေမှာ လုပ်ချင်ချင်၊ မလုပ်ချင်ချင် တစ်နေ့လုံး တရားထိုင်ခိုင်းတာမျိုးတွေ ရှိတယ်။ လူတိုင်းကတော့ ဘယ်တရား ထိုင်ချင်ပါ့မလဲ။ ဘိုးဘွားရိပ်သာဆိုတာ သက်တောင့်သက်သာ နေထိုင်နိုင်တဲ့နေရာ ဖြစ်ရပါမယ်။ ဒါမှလည်း အဘိုး၊ အဘွားတွေ ပျော်ကြမှာပါ။ တစ်ချို့ ဂေဟာတွေက သက်ကြီးထောင်တွေနဲ့တောင် တူနေသေးပါတယ်။ အခြားနိုင်ငံတွေမှာက ဘိုးဘွားရိပ်သာဆိုတာ အပန်းဖြေ အနားယူရာ နေရာတွေနဲ့ ပိုတူပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဆီမှာ အဖိုး၊ အဖွားတွေက မနေချင်ကြပါဘူး။ ကျွန်တော့ လူနာတွေထဲက ၂ ယောက်လောက် ရှိတယ်၊ မနေချင်လို့ ပြန်လာတာ။

ကျွန်တော်ဖြစ်စေချင်တာက အစိုးရအနေနဲ့ အဖိုး၊ အဖွားတွေ စိတ်ချမ်းချမ်းသာသာနဲ့ နေထိုင်နိုင်တဲ့ ဘိုးဘွားရိပ်သာတွေ လုပ်ပေးစေချင်ပါတယ်။ အရမ်းတင်းကျပ်တဲ့ စည်းကမ်းတွေနဲ့မဟုတ်ဘဲ သက်တောင့်သက်သာ အနားယူနိုင်တဲ့ နေရာမျိုးပေါ့” ဟု ဆရာ သူရိန်လှိုင်ဝင်းက ပြောပြခဲ့သည်။

ဆရာ ဆက်ပြောပြတာက “အခုတော့ အစိုးရဆီမှာ သက်ကြီးရွယ်အိုတွေကို အခမဲ့ ဆေးကုပေးမည့် အစီအစဉ်တော့ ရှိနေပြီ၊ ဒါပေမယ့် ကျွန်တော်ဆေးရုံမှာ အလုပ်လုပ်နေတုန်းက ဆေးရုံကို အရမ်းအသက်ကြီးတဲ့လူ လာတာသိပ်မတွေ့ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အနေနဲ့ ဆေးရုံကို သွားကိုမသွားနိုင်ကြတော့လို့ပါ။ အကောင်းဆုံးကတော့ ဘိုးဘွားရိပ်သာတွေ တည်ဆောက်ပြီး သူတို့တွေကို ဘိုးဘွားရိပ်သာတွေမှာပဲ ထားသင့်ပါတယ်။ နောက်ပြီး ပြည်သူလူထုကိုလည်း အသက်အရွယ် အိုမင်းနေပြီဖြစ်တဲ့ အဘိုး၊ အဘွားတွေ အလုပ်လုပ်ကိုင်နေကြတာကိုတွေ့တိုင်း ဘိုးဘွားရိပ်သာကို ပို့သင့်တယ်ဆိုတဲ့အကြောင်းကိုလည်း သိထားအောင် လုပ်သင့်တယ်” လို့ သူ့အတွေ့အကြုံကို ပြောပြခဲ့ပါသည်။

ကျွန်မက ဆည်းဆာရိပ် ဘိုးဘွားရိပ်သာကို ဦးစီးတည်ထောင်ခဲ့တဲ့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ကိုလည်း အသက်အရွယ်ကြီးရင့်တဲ့သူတွေ အလုပ်လုပ်ကိုင်နေရတာနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို မေးခဲ့ပါတယ်။

ဆရာမဒေါ်သန်းမြင့်အောင်က “လမ်းဘေးမှာ အလုပ်လုပ်နေတဲ့ အဖိုးကြီး၊ အဖွားကြီးတွေနဲ့ပတ်သက်ပြီး ပြောရရင် တစ်အချက်က သူတို့ဝန်ထမ်းဘဝက လာတာလားပေါ့၊ ဝန်ထမ်းဘဝကလာတာဆိုရင်တော့ သူတို့အတွက် သက်ကြီးရွယ်အိုတွေရဲ့ ခံစားခွင့်ပေါ့၊ မဖြစ်စလောက်မဟုတ်ဘဲနဲ့ လုံလုံလောက်လောက် ခံစားခွင့်ရသင့်တာပေါ့၊ ဒါမှမဟုတ် ဝန်ထမ်းမဟုတ်ဘူးပေါ့၊ သာမန် လက်လုပ်လက်စားတွေဆိုလည်းပဲ ကိုယ့်နိုင်ငံရဲ့ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်မှု ထိုက်သင့်သလောက်တော့ ရသင့်ပါတယ်၊ သက်ကြီးရွယ်အိုတစ်ယောက်ဆိုတာ မပင်မပန်း နေထိုင်စားသောက်နိုင်ခွင့် ရသင့်တယ်၊ အခမဲ့ဆေးဝါးကုသခွင့်လည်း ရသင့်တယ်ပေါ့။ အဟာရပေါ့၊ သက်ကြီးရွယ်အိုတွေအတွက် အာဟာရက အရေးကြီးတယ်။ အာဟာရပြည့်ပြည့်ဝဝ စားသုံးခွင့်ရှိသင့်တယ်” လို့ ပြောပြသွားခဲ့ပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့နိုင်ငံမှာ ပြည်သူလူထုက ဆင်းရဲကြသည်။ ဆင်းရဲမှုကြောင့် အသက်အရွယ် ကြီးရင့်သူတွေလည်း အသက်နဲ့မလိုက်တဲ့ အလုပ်အကိုင်တွေကို မသေမချင်း လုပ်ကိုင်နေကြရတာကိုက အိုဇာတာ မကောင်းကြခြင်းမည်ပါလိမ့်မည်။ သက်ကြီးရွယ်အိုတွေ အိုဇာတာ ကောင်းလာဖို့ လူငယ်လူရွယ်တွေ အနေနဲ့ ကြိုးပမ်းဆောင်ရွက်ဖို့လို အပ်ပါသည်။ အစိုးရအနေနှင့်လည်း သက်ကြီးရွယ်အိုတွေအတွက် အထောက်အပံ့ပြုပေးနိုင်လျှင် လူအိုများလည်း ကျေးဇူးတင်ကြပါလိမ့်မည်။

ခင်ငြိမ်းသစ်


 

No comments: